Switch Mode

အခန်း (၁၁)

မင်းရဲ့အနီရောင်ဘူးသီးခြောက် ကျုပ်ကိုငှားပါလား

အခန်း (၁၁) မင်းရဲ့အနီရောင်ဘူးသီးခြောက် ကျုပ်ကိုငှားပါလား

မော့ကျန်းသုန့်က ခေါင်းတစ်ချက်ခါရမ်းလိုက်ရင်း…

“မင်းရဲ့ ကျင့်ကြံခြင်းအဆင့် အတိုင်းအတာတစ်ခုထိ မြင့်မားလာတဲ့အခါ ဒီအကြောင်းတွေကို အလိုလို နားလည်လာပါလိမ့်မယ်…”

ကျန်းလန် ခေါင်းညိတ်ပြလိုက်လေသည်။

အများအမြင်တွင် သူ့အဆင့်က ချီစွမ်းအားသန့်စင်ခြင်းအဆင့်မျှသာ ရှိသေးသည် မဟုတ်ပါလား။ ခွန်လွန်တောင်၏ လျှို့ဝှက်ချက်များကို အဘယ်မှာ သိရှိနိုင်ပါဦးမည်နည်း။

ခွန်လွန်တောင်၏ လျှို့ဝှက်ချက်များကို ပါရမီရှင်များပင် လွယ်လွယ်နှင့် မသိရှိနိုင်ကြပေ။ ထို့ပြင်… ကျန်းလန်၏ ပုံစံကလည်း ပါရမီရှင်တစ်ယောက်နှင့် လားလားမျှ မတူပေ။

နောက်တော့ တဖြည်းဖြည်းနှင့် လျှို့ဝှက်ချက်များကိုသိရှိလာမည်ဟုသာ ကျန်းလန် သဘောထားလိုက်သည်။

မော့ကျန်းသုန့်က တည်ကြည်လေးနက်သည့် မျက်နှာထားဖြင့်…

“ကဲ… အခုပဲ တတိယတောင်ထွတ်ကို ခရီးထွက်ဖို့ အသင့်ပြင်တော့…”

ဟု ပြောလိုက်၏။

ပြီးမှ မော့ကျန်းသုန့်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

“ဒီတစ်ခေါက် မှော်ရုံနယ်မြေကိုသွားကြတဲ့ အုပ်စုထဲမှာ မင်းကတော့ ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံး ဖြစ်မယ်ထင်တယ်… ၊ ဒါပေမဲ့… မှော်ရုံနယ်မြေထဲမှာ မင်းရဲ့တန်ခိုးစွမ်းအား ဘယ်လောက်မြင့်မားလာသလဲဆိုတာ စမ်းသပ်ကြည့်ခွင့် ရနိုင်လိမ့်မယ် ၊ အင်း… မလိုအပ်ဘဲနဲ့တော့ မင်းရဲ့ တန်ခိုးစွမ်းအားတွေကို ထုတ်မသုံးပါနဲ့…”

မှော်ရုံနယ်မြေထဲသို့ ဝင်ရောက်ခြင်းက အကျိုးရှိသလို အန္တရယ်လည်း များသည်။

တစ်ချက်မျှ သတိလွတ်သည်နှင့် ထာဝရပျက်စီးခြင်းသို့ ဦးတည်သွားစေနိုင်သည်။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

“တပည့်… ဆရာ့စကားအတိုင်း လိုက်နာပါ့မယ်…”

ပုံမှန်ဆိုလျှင် ကျန်းလန်က အမြဲတမ်း သတိရှိနေတတ်သူ ဖြစ်သည်။

သို့သော်… ယခု မှော်ရုံနယ်မြေသို့ သွားရောက်မည့်ခရီးစဉ်ကတော့ အများနှင့်လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်။ ထို့ကြောင့်… ကျန်းလန်အနေဖြင့် ပိုပြီး သတိထားရမည် ဖြစ်သည်။

သူ့မှာကလည်း လျှို့ဝှက်ချက်က ခပ်များများ မဟုတ်ပါလား။

သူ၏ လျှို့ဝှက်ချက်များပေါ်သွားသည်နှင့် ပြဿနာများစွာ ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် ကျန်းလန် အမြဲတမ်း သိုသိုသိပ်သိပ်နေခဲ့ခြင်း ဖြစ်လေ၏။

မော့ကျန်းသုန့်က တတိယတောင်ထွတ်သို့ သွားရမည့် ခရီးစဉ်အကြောင်း ကျန်းလန်အား အသေးစိတ်ရှင်းပြသည်။

ထို့နောက်… ကျန်းလန် သူနေထိုင်ရာ အဆောက်အဦဆီသို့ ပြန်လာပြီး ခရီးထွက်ရန် ပြင်ဆင်မှု အနည်းငယ် ပြုလုပ်လိုက်သည်။

ပြင်ဆင်မှုများ ပြီးဆုံးသည့်အခါ… ကျန်းလန်တစ်ယောက် ပစ္စည်းသိုလှောင်သည့်မှော်ဝင်ပစ္စည်းဖြစ်သော အနီရောင်ဘူးသီးခြောက်လေးကိုလွယ်ကာ နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့လေတော့သည်။

အနီရောင်ဘူးသီးခြောက်ထဲတွင် သူ… ရရှိထားသမျှ မှော်ဝင်ပစ္စည်းများအားလုံးကို သိမ်းဆည်းထားလေသည်။ ထို့ကြောင့်… ကိုယ်နှင့်မကွာ ယူဆောင်လာရခြင်း ဖြစ်၏။

ထို့ပြင်… မှော်ရုံနယ်မြေတွင် မှတ်ပုံတင်ရင်း မှော်ဝင်ပစ္စည်းများ ထပ်မံရရှိလာပါက ဘူးသီးခြောက်ထဲ ထည့်သွင်း သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။

တတိယတောင်ထွတ်က နဝမတောင်ထွတ်နှင့် မနီးလှပေ။

သို့သော်… ကျန်းလန်ကတော့ ခပ်မြန်မြန်ပင် တတိယတောင်ထွတ်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် အချိန်အကြာကြီး ခရီးနှင်ရန် မလိုပေ။

တတိယတောင်ထွတ်…

ကျန်းလန် တတိယတောင်ထွတ်၏ တောင်ခြေသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာတွင် မိန်းကလေး ကျင့်ကြံသူ များစွာရှိနေကြောင်း ကျန်းလန် သတိပြုလိုက်မိသည်။

သူနေထိုင်ရာ နဝမတောင်ထွတ်မှလွဲပြီး ခွန်လွန်တောင်၏ အခြားတောင်ထွတ်များအကြောင်းကို ကျန်းလန် သိပ်ပြီး သိရှိခြင်းမရှိပေ။

ပထမတောင်ထွတ်က စွမ်းအားအကြီးမားဆုံးနှင့် အင်အားအကောင်းဆုံး တောင်ထွတ်ဖြစ်သည်ဆိုသည့် အချက်ကိုသာ ကျန်းလန် သိရှိထားသည်။

ခွန်လွန်တောင်၏ အဓိကထောင်ထွတ်ကြီး တစ်ခုစီတိုင်းတွင် တောင်သခင်တစ်ပါးစီရှိပြီး ထိုတောင်သခင်များတွင် ထမ်းဆောင်ရသည့် တာဝန်အသီးသီး ရှိကြသည်။

ကျန်းလန်၏ ဆရာဖြစ်သူ မော့ကျန်းသုန့်၏ တာဝန်ကတော့ ငရဲတံခါးကို စောင့်ရှောက်ရသည့် တာဝန်ဖြစ်၏။ အနာဂတ်တွင် ထိုတာဝန်ကို ကျန်းလန်က ပခုံးပြောင်း ထမ်းဆောင်ရနိုင်ဖွယ် ရှိသည်။

တတိယတောင်ထွတ် တောင်ခြေသို့ရောက်သည်နှင့် ကျန်းလန်က တောင်တံခါးမှ ဝင်ရောက်ရန် ဟန်ပြင်လိုက်သည်။

ထိုအချိန်မှာပင်… ချောမောလှပသည့် မိန်းမပျိုလေး (၂)ယောက်က ကျန်းလန်ကို တားဆီးလိုက်ကြသည်။

မိန်းမပျိုတစ်ယောက်က…

“သာမန်တပည့်တွေအနေနဲ့ တတိယတောင်ထွတ်ကို ဝင်ခွင့်မရှိပါဘူး…”

ကျန်းလန်က…

“ကျုပ်က နဝမတောင်ထွတ်က တပည့် ကျန်းလန်ပါ… ၊ ဆရာ့အမိန့်နဲ့ မှော်ရုံနယ်မြေကိုသွားဖို့ တတိယတောင်ထွတ်ကို ရောက်လာရခြင်း ဖြစ်ပါတယ်…”

ကျန်းလန်က ပြောပြီးသည်နှင့် ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်ပြလိုက်သည်။

“ဒါက ကျုပ်ရဲ့ ကိုယ်ပိုင်အမှတ် ကျောက်စိမ်းပြားပါ…”

ထိုကျောက်စိမ်းပြားလေးက ကျန်းလန်မှာ နဝမတောင်ထွတ်မှ တပည့်ဖြစ်ကြောင်း သက်သေပြနေလေသည်။

မိန်းမပျို (၂)ယောက် အနည်းငယ် အံ့အာသင့်သွားဟန်ဖြင့်…

“သူက တကယ်ပဲ နဝမတောင်ထွတ်ကပဲ…”

“ကောင်းပြီ… ဒါဖြင့် တောင်ပေါ်ကို သွားနိုင်ပါတယ်…”

မိန်းကလေးများ ကျန်းလန်ကို မတားဆီးတော့ဘဲ တောင်ပေါ်သို့ သွားခွင့်ပြုလိုက်ကြသည်။

ကျန်းလန် တောင်ပေါ်သို့ တက်သွားချိန်တွင် မိန်းကလေး (၂)ယောက်က သူ့ကို ကွက်ကြည့်ကွက်ကြည့်ဖြင့် တိးတိုးအတင်းတုပ်ရင်း ကျန်ရစ်ခဲ့ကြသည်။

“နဝမတောင်ထွတ်မှာ တပည့်တစ်ယောက်မှ မရှိဘူးဆို…”

“အမှန်ပဲ… ငါကြားတာတော့ နဝမတောင်ထွတ်မှာ ဘယ်သူမှ ကြာကြာမနေနိုင်ဘူးတဲ့… ၊ လွန်ခဲ့တဲ့နှစ်တွေအတွင်း အဲဒီမှာ တပည့်တစ်ယောက်မှ မရှိဘူးလို့တော့ ပြောတာပဲ…”

“အေးလေ… ငါလည်း သေချာတော့ မသိပါဘူး ၊ ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေက အဲဒီလိုပဲပြောတာ ကြားဖူးတယ်…”

ကျန်းလန် တောင်ပေါ်ဆက်တက်သွားသည်။

မိန်းကလေးများပြောနေသည်မှာ အမှန်ပင် ဖြစ်သည်။ နှစ်ပေါင်းများစွာကြာအောင် နဝမတောင်ထွတ်တွင် တပည့်တစ်ယောက်မှ မရှိခဲ့ပေ။

ဤသည်မှာလည်း ကောင်းသည့်အချက်ပင် ဖြစ်၏။

ကျန်းလန်က တစ်ယောက်တည်းနေရသည်ကို သဘောကျလေသည်။ အခြားတပည့်အသစ်များသာ ထပ်မံရောက်ရှိလာလျှင် ဆရာဖြစ်သူ၏ အကြီးဆုံးတပည့်တစ်ယောက်အနေဖြင့် ဂိုဏ်းတူညီ ၊ ညီမများကို သင်ပြပေးနေရဦးမည် ဖြစ်သည်။

သို့သော်… အစကတည်းက နဝမတောင်ထွတ်တွင် မည်သူမှ ကြာကြာမနေနိုင်ကြပေ။

ကျန်းလန်တစ်ယောက်မှလွဲပြီး မည်သူမှ မရဏအငွေ့အသက်များ၏ ဒဏ်ကို ခံနိုင်ရည် မရှိကြပေ။

ကျန်းလန်ကတော့ မရဏအငွေ့အသက်များဖြင့် အသားကျနေပြီ ဖြစ်သည်။ တစ်ခါတစ်ရံ မရဏအငွေ့အသက်များထဲမှ ထူးဆန်းသည့် တစ်စုံတစ်ရာကိုပင် ကျန်လန် အာရုံခံစားမိလေ့ရှိသည်။

သူသာ စိတ်စွမ်းအား ကောင်းမွန်ခြင်းမရှိလျှင် အောက်ခြေကြမ်းခင်းမရှိသည့် အသူရာတွင်းနက်ကြီးအတွင်းသို့ ကျရောက်သွားတော့မည့်အလား ခံစားရခြင်း ဖြစ်လေသည်။

သိပ်မကြာမီ…  တောင်ပေါ်လမ်းတစ်ဝက်သို့ ကျန်းလန် ရောက်ရှိလာလေသည်။

ထိုနေရာတွင်… အဆောက်အဦတစ်ခုရှိနေပြီး ကျင့်ကြံသူတပည့်အချို့ ရှိနေကြသည်။ ကျင့်ကြံသူအုပ်စု၏ ခေါင်းဆောင်ဖြစ်ဟန်တူသော တပည့် (၇)ယောက်ခန့်က ရှေ့ဘက်နားတွင် ဦးဆောင်ကာ မတ်တတ်ရပ်နေကြသည်။

ကျင့်ကြံသူအုပ်စုတွင် ယောကျ်ားလေးများရော မိန်းကလေးများပါ ပါဝင်ပြီး ကျင့်ကြံခြင်းအဆင့်များကလည်း မြင့်မားကြသည်။

ကျင့်ကြံခြင်းအဆင့် အနိမ့်ဆုံးတပည့်ပင်လျှင် အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ပြီးသူ ဖြစ်လေသည်။ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးကတော့ ရွှေပြဒါးအမြုတေအဆင့် တပည့်များ ဖြစ်၏။

ထိုနေရာသို့ ရောက်သည်နှင့် ကျန်းလန် ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ ဆရာဖြစ်သူ သေသေချာချာ လမ်းညွှန်လိုက်သည့် နေရာသို့ ရောက်လာခဲ့ပြီ မဟုတ်ပါလား။

ကျန်းလန်က ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီး အဆောက်အဦ ရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။

“နောက်တစ်ယောက် ထပ်ရောက်လာတာလား…. ၊ ကျုပ်က လူစုံပြီထင်နေတာ…”

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က ကျန်းလန်ကို ကြည့်ပြီး အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။

ထိုအဖြူရောင်ဝတ် လူငယ်၏ အမည်က ယန်လီ ဖြစ်၏။

ယန်လီက…

“ဂိုဏ်းတူညီလေး… မင်းက ဘယ် တောင်ထွတ်ကလဲ…”

သက်ဆိုင်ရာတောင်ထွတ်များမှ တောင်သခင်များ၏ ညွှန်ကြားမှုဖြင့်သာ ဤနေရာသို့ ရောက်လာနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ယန်လီက ကျန်းလန်ကို မေးခွန်းထုတ်လိုက်ခြင်း ဖြစ်၏။

ထို့ပြင်… ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကလည်း နိမ့်ပါးလွန်းလှသည်။ ချီစွမ်းအားသန့်စင်ခြင်းအဆင့် အောင်မြင်ထားရုံမျှသာ ရှိသေးသည် မဟုတ်ပါလား။

ကျန်းလန်က ထိုသူကို လက်နှစ်ဖက်ဆုပ် အရိုအသေပေးလိုက်ရင်း…

“ကျုပ်က ကျန်းလန်ပါ… ၊ နဝမတောင်ထွတ်က တပည့်ပါ … ဂိုဏ်းတူအစ်ကို…”

ကျန်းလန်၏ စကားပြောဟန်က မောက်မာခြင်းလည်းမရှိသလို နှိမ့်ချခြင်းလည်းမရှိ ၊ ပုံမှန်ပင် ဖြစ်၏။

ယန်လီက အံ့အားသင့်သွားဟန်ဖြင့်…

“သြော်… ဂိုဏ်းတူညီလေးက နဝမတောင်ထွတ်ကကိုး… ၊ ကျင့်ကြံခြင်းအဆင့်နိမ့်တာ မအံ့သြတော့ပါဘူး…”

ထို့နောက် ယန်လီက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို လှမ်းကြည့်လိုက်ပြီး…

“ဂိုဏ်းတူညီမလေး’လုန်’… ၊ ဒီ နဝမတောင်ထွတ်က တပည့်နဲ့ဆိုရင် လူပြည့်သွားပြီ… ၊ ဒီ ညီလေးကို မင်းအဖွဲ့ထဲပဲ ထည့်လိုက်ပါ…”

လုန်ယွိက ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီလေ…”

ထို့နောက် ယန်လီက လုန်ယွိရှိရာနေရာသို့ လက်ညှိုးညွှန်ပြလိုက်ရင်း…

“ဂိုဏ်းတူညီလေး… မင်း ဒီအဖွဲ့ထဲကို သွားပါ…”

ကျန်းလန်က ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး လုန်ယွိရှိရာနေရာသို့ လျှောက်သွားလိုက်သည်။

ထို့နောက်… အနောက်ဘက်နားတွင် တိတ်တဆိတ် မတ်တတ်ရပ်နေလိုက်သည်။

ယန်လီက ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…

“မှော်ရုံနယ်မြေကိုဝင်မယ့်အဖွဲ့တိုင်းမှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်စီရှိတယ် ၊ အဖွဲ့ခေါင်းဆောင်တိုင်းက တောင်ထွတ်အသီးသီးက ရွှေပြဒါးအမြုတေအဆင့်ရှိတဲ့ တပည့်တွေပဲ ၊ သူတို့က မင်းကို သိပ်ပြီး စည်းကမ်းတင်းကျပ်မှာတော့ မဟုတ်ဘူး ၊ ဒါပေမဲ့ အဖွဲ့နဲ့ ဝေးဝေး မသွားတာတော့ အကောင်းဆုံးပဲ ၊ မဟုတ်ရင် အန္တရယ်ကျရောက်နိုင်တယ်…”

“ဟုတ်ကဲ့… နားလည်ပါပြီ… ၊ ကျေးဇူးတင်ပါတယ်… ဂိုဏ်းတူအစ်ကို…”

ကျန်းလန်က ခပ်အေးအေးပင် ကျေးဇူးတင်စကားပြောလိုက်သည်။

ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများက အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြ၏။ ထိုသို့ဆိုလျှင်… ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားသည့် ကျန်းလန်အနေဖြင့် မှော်ရုံနယ်မြေထဲတွင် အန္တရယ်ကျရောက်မည်ကို စိတ်ပူပန်စရာ မလိုပေ။

သို့သော်…  ထိုအတွေးကို ကျန်းလန် ချက်ချင်း ဖျောက်ဖျက်ပစ်လိုက်သည်။

သူ့အနေဖြင့် တစ်ခါမှ မတွေ့ဆုံဖူး ၊ မသိကျွမ်းဖူးသူများဖြင့် ခရီးသွားရမည်ဖြစ်လေရာ အစစအရာ သတိထားရန် လိုအပ်သည်။

ကျန်းလန် လုန်ယွိအဖွဲ့ထဲ ရောက်သွားပြီးသည်နှင့် လုန်ယွိက အဖွဲ့ဝင်များအားလုံးကို သတိပေးစကားပြောလိုက်သည်။

“မှော်ရုံနယ်မြေထဲရောက်ပြီဆိုတာနဲ့… အထဲမှာနေရမယ့် အချိန်က (၁)ပတ်ကနေ (၁)လအထိ ကြာနိုင်တယ် ၊ ဒါကြောင့် အားလုံးပဲ လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားကြဖို့ လိုအပ်တယ်…”

ကျန်းလန် လုန်ယွိကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။

လုန်ယွိက အလွန်မှ ချောမောလှပသည့် မိန်းမပျိုတစ်ယောက် ဖြစ်၏။

သူမ၏ အလှတရားက သဘာဝဆန်လွန်းလှသည်။ ဆန့်ကျင်ဘက်လိင် ပုရိသ ယောက်ျားလေးတိုင်း လည်ပြန်ငေးကြည့်ရလောက်သည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။

သို့သော်… ချေမောလှပလွန်းသည့်တိုင် သူမ၏ မျက်လုံးများက ခံစားချက်ကင်းမဲ့လွန်းလှသည်။ သူမ၏ မျက်ဝန်းများထဲတွင် မာနတရားနှင့် အေးစက်ခြင်းများကိုသာ တွေ့မြင်ရလေသည်။

“သူ့မျိုးနွယ်က ‘လုန်’ ဆိုတော့ နဂါးမျိုးနွယ်တွေနဲ့များ ဆက်စပ်နေသလားပဲ…”

ကျန်းလန်စိတ်မှ တွေးလိုက်မိသည်။

သို့သော်… ဤသည်က ကျန်းလန်၏ ခန့်မှန်းချက် သက်သက်သာ ဖြစ်သည်။ မည်သည့်သက်သေမှ မရှိသလို မေးမြန်းကြည့်၍လည်း မသင့်တော်ပေ။

ထိုအချိန် … လူငယ်တစ်ယောက်က ကျန်းလန်ကို ပြုံးပြရင်း စကားလှမ်းပြောလိုက်သည်။

“ဂိုဏ်းတူညီလေး… မင်းက လွန်ခဲ့တဲ့ (၃)နှစ်လောက်က ခွန်လွန်တောင် အဓိကခန်းမဆောင်မှာ မှော်ဝင်ပစ္စည်း (၅)မျိုးလုံး ရယူသွားတဲ့တစ်ယောက် မဟုတ်လား… ၊ မင်းလွယ်ထားတဲ့ အနီရောင်ဘူးသီးခြောက်က အဲဒီ မှော်ဝင်ပစ္စည်းတွေထဲက တစ်ခုပဲ မဟုတ်လား ၊ တကယ်ကောင်းတဲ့ ပစ္စည်းသိုလှောင်မှော်ဝင်ပစ္စည်းလေးပဲနော်…”

လူငယ်က ခဏနားပြီး စကားဆက်ပြော၏။

“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းတယ် ၊ တော်ကြာ… မှော်ရုံနယ်မြေထဲ အန္တရယ်နဲ့တွေ့ပြီး အဲဒီဘူးသီးချောက် ပျောက်သွားလိမ့်မယ် ၊ ဒီတော့ ကျုပ်ကို ခဏငှားသုံးပါလား…”

ကျန်းလန် ထိုလူငယ်ကို လှမ်းကြည့်လိုက်သည်။

ထိုလူငယ်က ဆံပင်တိုတိုနှင့်ဖြစ်ပြီး မျက်နှာပုံပန်း အနည်းငယ် ခပ်ကြမ်းကြမ်းဖြစ်သည်။ မျက်လုံးအကြည့်များကလည်း ရိုင်းစိုင်းလေသည်။

ကျန်းလန် ထိုသူကို တစ်ချက်အကဲခတ်လိုက်ရင်း…

“အခြေခံတည်ဆောက်ခြင်းအဆင့် အောင်မြင်ထားတဲ့ကျင့်ကြံသူတစ်ယောက်ပဲ ၊ သူ့ရဲ့စွမ်းအားက နွားရိုင်းတစ်ကောင်လောက် စွမ်းအားကြီးမားတယ်…”

ဟု စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။

သို့သော်… သူက ထိုလူငယ်ကို အဖက်လုပ်ကာ စကားတစ်ခွန်းမှ ပြန်မပြောဘဲ ခပ်မဆိတ်နေလိုက်သည်။

ထိုအချိန်မှာပင်… အေးစက်သည့်အလင်းရောင်တစ်ချက် လက်ခနဲတောက်ပသွားသည်ကို ကျန်းလန် တွေ့မြင်လိုက်ရသည်။

“ချွင်…”

ရုတ်တရက်…

ဓားရှည်တစ်လက် ထွက်ပေါ်လာလေသည်။ ဓားရောင်က ကြည်ပြာရောင် တောက်ပလျှက် ရှိ၏။

ထိုဓားက ကျန်းလန်ကို မထီမဲ့မြင်စကားပြောသည့် ဆံပင်တိုတိုနှင့် ကျင့်ကြံသူ၏ လည်ပင်းကို ထိုးချိန်ထားသည်။

ဓားသွားမှ ကြည်ပြာရောင်အလင်းတန်းများက ပိုမိုတောက်ပလာပြီး တန်ခိုးစွမ်းအားများလည်း ပိုမိုမြင့်မားလာသည်။ ကျန်းလန်သည်ပင် ဓားမှထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများကို ခံစားလိုက်ရသည်။

“ဂိုဏ်းတူမောင်လေး ရှင်းကျောက်… ၊ စကားပြောတာ ဆင်ခြင်ပါ ၊ ဒီ ဂိုဏ်းတူမောင်လေးရဲ့ ဘူးသီးခြောက် မှော်ရုံနယ်မြေထဲ ပျောက်သွားလည်း မင်းအပူမပါဘူး ၊ ဒီမောင်လေးက ငါ့အဖွဲ့ထဲကဖြစ်လို့ ငါကပဲ တာဝန်ယူမယ်… ၊ နားလည်သလား…”

ထိုစကားကို ပြောလိုက်သူက လုန်ယွိ ဖြစ်လေ၏။

သူမ၏ အသံလေးက ဆည်းလည်းသံတမျှ သာယာလှသော်လည်း ခက်ထန်မှုအပြည့်နှင့် ဖြစ်သည်။

သူမ၏ ကြည်ပြာရောင်ဓားက ရှင်းကျောက်ဆိုသူကို ထိုးချိန်ထားဆဲ ဖြစ်လေသည်။

ရှင်းကျောက်က ဟွန့်ခနဲ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး မည်သည့်စကားမှ မပြောတော့ပေ။

အဖွဲ့ခေါင်းဆောင်က သူ့ကို ကာကွယ်ပေးနေသည်ပဲဆိုသည့်အတွေးဖြင့် ကျန်းလန်က လုန်ယွိကို တအံ့တသြ လှမ်းကြည့်လိုက်မိသည်။

သို့သော်… ကျန်းလန် လှမ်းကြည့်လိုက်သည့်အချိန်တွင် လုန်ယွိက ဓားကို ဓားအိမ်အတွင်း ပြန်သွင်းလိုက်ပြီး ရှေ့ဆုံးမှ ဦးဆောင်ကာ ထွက်ခွာသွားပြီ ဖြစ်လေသည်။

အဖွဲ့ဝင်တစ်ယောက်က…

“ဘာမှ အံ့သြမနေကြနဲ့ ၊ ဂိုဏ်းတူအစ်မ’လုန်’ ရဲ့ ပုံစံက ဒီအတိုင်းပဲ…”

ဟု ပြောလိုက်၏။

နောက်ထပ်အဖွဲ့ဝင်တစ်ယောက်က…

“အမှန်ပဲ… ၊ လာ … ဂိုဏ်းတူအစ်မ’လုန်’ နောက် လိုက်သွားကြရအောင်…”

ထို့နောက်… အဖွဲ့ဝင်များအားလုံး လုန်ယွိနောက်သို့ လိုက်ပါသွားကြသည်။

ကျန်းလန်လည်း ထိုသူများနှင့်အတူ လိုက်ပါသွားလေသည်။

သူတို့အားလုံး မှော်ရုံနယ်မြေထဲသို့ ဝင်ရန် အဆင်သင့် ဖြစ်နေကြပေပြီ။ သို့သော်… ကျန်းလန် စိတ်မအေးနိုင်သေးပေ…။

လွန်ခဲ့သည့် (၃)နှစ်က…

သူနှင့်တိုက်ခိုက်ခဲ့ကြသည့် ကျင့်ကြံသူ ညီနောင် (၂)ယောက်အကြောင်းကို ကျန်းလန် စဉ်းစားလိုက်မိသည်။

ထိုအဖြစ်အပျက်ကြောင့်… ခွန်လွန်တောင်မှ တပည့်များကြားတွင် စည်းလုံးခြင်းမရှိဘဲ သွေးကွဲနေကြောင်း ကျန်းလန်ကို သဘောပေါက်ခဲ့ရသည် မဟုတ်ပါလား။


Comment

Leave a Reply

Options

not work with dark mode
Reset