အပိုင်း(၃၅) ဒေါသမီးတောက်များ
အပေါ်ပိုင်းဗလာကျင်း လူတစ်ယောက် တောင်ခြေတွင် မတ်တပ်ရပ်နေသည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သော မီးပွားများက အသက်ဝင်နေသည့်အလား လှုပ်ရမ်းနေသည်။
သူ့အနက်ရောင်ဆံပင်က အနောက်ဘက်သို့ တလူလူ လွင့်လျက်ရှိသည်။ သူ့ဆံပင်မှာ နက်မှောင်လွန်းလှသဖြင့် အဝေးမှ ကြည့်လျှင် တဟုန်းဟုန်းတောက်နေသော မီးတောက်ဖြင့် ဆင်တူလေသည်။
ထိုပုဂ္ဂိုလ်၏ မျက်နှာတွင် မီး အစအနများ ကပ်တွယ်နေသည်။ မျက်လုံးထဲတွင်လည်း ရဲရဲတောက်နေသော မီးအလင်းက လှုပ်ရှားလျက် ရှိသည်။
သို့သော် အနီးတွင် ရှိသော လန်ဝမ်ရန်က သူ့ရှေ့မှ အတော်ထူးခြားသော ပုံပန်းသွင်ပြင်ရှိသည့် လူငယ်သည် နဂါးချုပ်လှောင်ခြင်းချောက်နက်ထဲတွင် ပျောက်ဆုံးသွားသော ရီကျင်း ဖြစ်ကြောင်း မှတ်မိသေးသည်။
သူ့မျက်နှာပေါ်တွင် မီးတောက်နှင့်ဆင်တူသော အရေးအကြောင်းများ ဖုံးလွှမ်းနေသော်လည်း သူ့မျက်နှာသွင်ပြင်ကို ပုံဖမ်းနိုင်သေးသည်။
အနည်းငယ် ဇဝေဇဝါဖြင့် လန်ဝမ်ရန် တီးခေါက်ကြည့်သည်။ “ဂျူနီယာညီလေး ရီကျင်းလား”
တစ်ဖက်လူက သူ့ခေါင်းကို ချာကနဲ လှည့်လိုက်သည်။ သူ့အကြည့်က တပါးသူ၏ဝိဉာဉ်ကို တုန်ခါစေနိုင်လောက်အောင် မီးရဲရဲတောက်နေသည်။
သို့သော်လည်း သူ ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်၊ ကျွန်တော်ပဲ”
လန်ဝမ်ရန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ “နဂါးချုပ်လှောင်ခြင်းချောက်နက်မှာတုန်းက မင်း…….”
နဂါးချုပ်လှောင်ခြင်းချောက်နက် နာမည် ကြားသောအခါ ရီကျင်း၏မျက်လုံးများထဲတွင် ဒေါသအရိပ်အရောင်များ ပြန်ပေါ်လာသလို သူ့အမူအရာက အေးစက်စက်နိုင်သွားသည်။ “ကျွန်တော်က လွယ်လွယ်နဲ့ သေမယ် ထင်လား”
“မင်း ဘယ်လိုပြောပြောပေါ့၊ မင်း အဆင်ပြေရင် ဝမ်းသာပါတယ်” လန်ဝမ်ရန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ “လူတိုင်းက မင်းကို စိုးရိမ်နေကြတာ၊ စီနီယာအကိုကြီးရန်ကတောင် ပြောတယ်၊ မင်းက နတ်ဘုရားတွေရဲ့ ကြည့်ရှု့စောင်မမှုကို ရရှိပြီး ကြမ္မာဆိုးကို ကံကောင်းမှုအဖြစ် ပြောင်းလဲနိုင်လိမ့်မယ်တဲ့၊ အခု မင်း ကြည့်ရတာ အကိုကြီးရန် ခန့်မှန်းတာ မှန်နေတဲ့ ပုံ”
သူ ပြောလို့ မပြီးသေးခင် အာခေါင်ခြစ် အော်သံတစ်ခုကြောင့် သူ စကားစ ပြတ်သွားသည်။
“ရန်ကျောက်ကဲ!!!!!!” ရီကျင်း၏မျက်လုံးများက ဒေါသကြောင့် ဆူပွက်နေပြီး မီးပွင့်တော့မတတ် ဖြစ်နေသည်။ “သူ့ကြောင့်သာ မဟုတ်ရင် ငါ ဒီလို ကံကြမ္မာဆိုးနဲ့ ဘယ်လိုလုပ် ကြုံတွေ့ရမှာလဲ”
“အစထဲက သူ ငါ့ကို မုန်းတီးနေတာ၊ ငါသေတာ မြင်ချင်နေတာ”
“ငါ မသေဘဲ အသက်ရှင်ပြီး ငါ့ကျင့်ကြံမှု တိုးတက်နေတာ မြင်ရရင် သူ စိတ်ပျက်သွားလောက်တယ်”
ရီကျင်းက သူ့အံကို တင်းတင်းကြိတ်ထားသည်။ “လက်စားမခြေရရင် ယောကျ်ားမဟုတ်ဘူး၊ ဒီအကြွေးကို အနှေးနဲ့ အမြန် ပြန်ဆပ်မယ်”
သူ့စကားမျာကို ကြားပြီး လန်ဝမ်ရန် မျက်မှောင်ကြုံ့သွားသည်။ “ဂျူနီယာညီလေးရီ၊ စိတ်လျော့ပါကွာ၊ အဲ့နေ့ဖြစ်ရပ်ကို ငါလည်း ကြားတာပဲ၊ စီနီယာအကိုကြီးရန်ရဲ့ မီးပြင်းဖို ချောက်ထဲကျပြီး ပေါက်ကွဲသွားလို့ မင်း ဒဏ်ရာရသွားတာပဲ၊ ဒါက မတော်တဆသက်သက်လေကွာ”
ရီကျင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “သူ့ဗိုက်ထဲမှာ သန်ကောင် ဘယ်နှကောင်ရှိလဲ မင်း မြင်နိုင်လား၊ သူ့ဝမ်းထဲမှာ ဘယ်လိုတွေးနေလဲ မင်းသိလား၊ သူ ပြောတာနဲ့ ယုံလိုက်တာပဲလား”
“အဲ့ဒီ့ သိုင်းဆရာသခင်၊ ဝိဉာဉ်အလံငါးပါးဂိုဏ်းချုပ်က သူ့ကို ဒုက္ခပေးဖို့ လာတာပဲ၊ ဒါပေမယ့် သူ ကစားတာ ခံလိုက်ကတယ်၊ မီးစေ့ကိုသုံးပြီး ငါက အဲ့လူရဲ့ အခန့်သင့် ပစ်မှတ် ဖြစ်သွားတာပဲ၊ ဒါတွေအကုန်လုံးကို သူ ကြိုတွက်ထားတာပဲ”
“သာမာန် အဆင့်နိမ့်ဝိဉာဉ်လက်နက်လေးက မင်းရဲ့စဉ်းစားဆင်ခြင်နိုင်တဲ့ ဉာဏ်ကို ဖုံးလွှမ်းသွားတာလား၊ အဲ့တာကြောင့် မင်းက သူ့ဘက်က ပါနေတာလား”
ထိုစကားများကို ကြားလျှင် လန်ဝမ်ရန် အနည်းငယ် ဒေါသထွက်သွားသည်။ “မင်းက အရင် လောဘကြီးတာလေ၊ မင်းဘာနေမင်း စီနီယာအကိုကြီးရန်ရဲ့ မီးစေ့ကို သွားယူတာလေ၊ အဲ့လိုမှ မဟုတ်ရင် သိုင်းဆရာသခင်က ဘာလို့ မင်းကို ပစ်မှတ်ထားမလဲ၊ မင်းကိုယ်မင်း ဆရာကြီးများ မှတ်နေလား”
“ဒီလို အခက်အခဲမျိုး ကြုံတွေ့ခဲ့ရတော့ မင်းရဲ့စိတ်ထဲမှာ နည်းနည်း ဒေါသထွက်ပြီး ရန်လိုချင်နေတာ ငါ နားလည်ပါတယ်၊ ငါ မင်းကို အပြစ်မပြောပါဘူး၊ ဒါပေမယ့် မင်းပါးစပ်ထဲက ဒီလို မဟုတ်တရားတွေနဲ့ စွပ်စွဲလို့ရမယ်လို့တော့ မဆိုလိုဘူး”
သူ ရီကျင်းကို အကဲခတ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။ “စီနီယာအကိုကြီးရန် ပြောတာ ငါယုံတယ်၊ ဘာလို့လဲဆိုတော့ အဲ့အချိန်က မင်း ဒဏ်ရာ အပြင်းအထန်ရပြီး ချောက်ထဲ ကျသွားတော့ မင်း သေပြီလို့တောင် ယူဆလို့ရပြီ၊ ဘာလို့ စီနီယာအကိုကြီးရန်က သူ့အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို အောက်ပစ်ချရမှာလဲ”
“ပြီးတော့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုက ဘယ်လောက် အဖိုးတန်လိုက်လဲ၊ မင်းကို သတ်ဖို့ အကိုကြီးရန်က သူ့မီးပြင်းဖိုကို ဖောက်ခွဲပစ်ကမှာလား၊ ဒဏ္ဏာရီထဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုနဲ့ သိုင်းပညာရှင် အဆင့်တောင် ရောက်မနေတဲ့ မင်း၊ ဘယ်ဟာကပို တန်ဖိုးရှိလဲ စဉ်းစားလေ”
“မင်းပဲဖြစ်ဖြစ် ငါပဲဖြစ်ဖြစ် ချောက်နက်ထဲသွားတဲ့ အဖွဲ့ထဲက ဘယ်သူဖြစ်ဖြစ် စီနီယာအကိုကြီးရန်က ငါတို့လို အဆင့်မျိုးကိုသာ သတ်ချင်ရင် လက်ဝါးချက်မပြောနဲ့၊ သူ အသက်ရှုထုတ်လိုက်တာကိုတောင် ငါတို့ ခံနိုင်မှာ မဟုတ်ဘူး၊ ပြီးတော့ သူက သူ့ရဲ့ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို တမင်သက်သက် ဖျက်စီးပစ်တယ်လို့ မင်း ပြောချင်တာလား”
တစ်ဖက်လူဧစကားများကြောင့် သူ့အပေါ် ရန်ကျောက်ကဲ၏ဂရုမစိုက်၊ အလေးမထားသော အပြူအမူများကို ပြန်လည် အမှတ်ရသွားသည်။
ချောက်နက်ထဲ ကျသွားစဉ် သူ ခံစားရသော အားငယ်မှု၊ ဒေါသထွက်မှု၊ မုန်းတီးမှုတို့က တဖန်ပြန် ထကြွလာပြီး သူ့အသိစိတ်ကိုပင် ဝါးမျိုမတတ်ဖြစ်နေသည်။
ရီကျင်း၏ သူငယ်အိမ်နှစ်ခုက မီးခဲအလား နီနီရဲနေသည်။ “အဆင့်နိမ့်ဝိဉာဉ်လက်နက်တစ်ခုနဲ့ ရန်ကျောက်ကဲရဲ့နောက်လိုက်ခွေး ဖြစ်သွားပြီလား”
“ဒီလိုမှတော့ သခင်ကို မသတ်ခင် ခွေးကို အရင်သတ်မယ်”
“ယား…….”
ဒေါသတကြီး အော်ဟစ်သံနှင့်အတူ သူ လေထဲသို့ ပျံသန်းသွားပြီး လန်ဝမ်ရန်ဆီသို့ ပစ်ဝင်လိုက်သည်။
အငိုက်မိသွားသော လန်ဝမ်ရန်သည် အလွန်ပြင်းထန်လွန်းသော အပူလှိုင်းက သူ့ထံသို့ ချည်းကပ်လာသည်ကို ခံစားရပြီး အသက်ရှုကြပ်မတတ် ဖြစ်နေသည်။
ထိုမျှလောက် အန္တရာယ်နှင့် ကြုံတွေ့ပြီးသည့်တိုင် ရီကျင်းက မသေသည့်အပြင် ကျင့်ကြံမှုပါ အကြီးအကျယ် တိုးတက်လာပါလား။
ပေါ့ပေါ့တန်တန် သဘောမထားရဲဘဲ လန်ဝမ်ရန်သည် ဒိုင်းကာကို ထုတ်၍ ကာကွယ်လိုက်သည်။ ထိုဒိုင်းကာသည် ဝါဒတောင်ဂိုဏ်း၊တာဝန်ခန်းမ၌ရှိနေစဉ် ရန်ကျောက်ကဲထံမှ လက်ဆောင်ရရှိသော အဆင့်နိမ့်ဝိဉာဉ်လက်နက်ပင်ဖြစ်သည်။
ရီကျင်းသည် ထိုဒိုင်းကာကို မြင်ရသောအခါ အလွန်မုန်းတီးသော ကမ္ဘာ့ရန်ကို သူ့မျက်စိရှေ့တွင် တွေ့လိုက်ရသကဲ့သို့ သူ့လက်သီးများက မြည်ဟီးနေသော လေမုန်တိုင်းသဖွယ် ခက်ထန်နေသော လေဆင်နှာမောင်းအလား လန်ဝမ်ရန်အပေါ်သို့ အဆက်မပြတ် ကျရောက်သွားသည်။
သူ မောပန်းရကောင်းမှန်း မသိတော့။ သံမဏိလို လက်သီးများဖြင့် အဆက်မပြတ် ထိုးနှက်နေသည်။ ကမ်းပါးပြိုကျသည်အထိ အဆက်မပြတ် တိုက်စားနေသော မမောနိုင် မပန်းနိုင်သည့် လှိုင်းလုံးကြီးများ သဖွယ် သူ့လက်သီးများက တစ်လုံးပြီး တစ်လုံး ဝင်ရောက်နေသည်။
အဆင့်နိမ့်ဝိဉာဉ်လက်နက်အား ကောင်းမွန်စွာ အသုံးမချနိုင်သေးသဖြင့် လန်ဝမ်ရန်သည် ရီကျင်း၏ လက်ဗလာ လက်သီးများကို မတောင့်ခံနိုင်တော့ပေ။
နောက်ဆုံးတွင် ဝိဉာဉ်လက်နက်က လန်ဝမ်ရန်၏လက်ထဲမှ လွင့်ထွက်သွားသည်။ ရီကျင်း၏ လက်သီးချက်များက မရပ်တန့်သေးပေ။ လန်ဝမ်ရန်သည်လည်း နောက်သို့ လွင့်ထွက်သွားသည်။
မြေကြီးပေါ်တွင် ပုံရက်သားကျလျက် ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် အန်ထွက်နေသော သူ့ပြိုင်ဘက်ကို ကြည့်ပြီး ရီကျင်း၏မျက်လုံးထဲတွင် အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာသည်။ ခဏကြာပြီးနောက် သူ အကြည့်လွှဲလိုက်သည်။
သူ့မျက်လုံးက ဘေးတစ်နေရာတွင် ငြိမ်သက်နေသော ဒိုင်းကာပေါ်သို့ ကျရောက်သွားသောအခါ နောက်တစ်ကြိမ် ဒေါသထွက်လာပြန်သည်။ သူက ၎င်းဆီသို့ ပြေးသွားပြီး ကန်ထုတ်လိုက်သည်။ ဒိုင်းကာက အဝေးသို့ လွင့်စင်သွားပြီး အမည်းစက်လေးတစ်စက်အဖြစ် တောင်တန်းများထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ရီကျင်းက သေလုမျောပါးဖြစ်နေသော လန်ဝမ်ရန်ကို မုန်းတီးစွာ ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။
“လက်စွပ်ရဲ့အကူအညီနဲ့ ငါ့ရဲ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်နိုင်ခဲ့တယ်၊ လက်စွပ်ထဲမှာ ကျင့်ခဲ့တဲ့ သိုင်းပညာကြောင့် ငါက ပိုစိတ်ဆတ်လာပြီး ဒေါသထွက်လွယ်လာတယ်”
အချိန်အနည်းငယ်မျှ လျှောက်ပြီးနောက် ရီကျင်း ဖြည်းဖြည်းချင်း စိတ်ငြိမ်သွားသည်။ နောင်တ အနည်းငယ်ပါ သူ့နှလုံးသားထဲတွင် ပေါ်ပေါက်လာသည်။ “ဒီလန်ဝမ်ရန်က ရန်ကျောက်ကဲဘက်က ဘက်လိုက်ပေမယ့်၊ သူ ရန်ကျောက်ကဲကို ကူပြီး ငါ့ ဒုက္ခမပေးခဲ့ဖူးဘူး၊ ငါ သူ့ကို သတ်မိတော့မလို့ပဲ၊ ငါ ကမူးရှူးထိုးနိုင်သွားတယ်”
သို့သော် ဤအခြေအနေပြန်ရောက်နိုင်ရန် သူ ကြုံတွေ့ခံစားခဲ့ရသည်များကို ပြန်တွေးကြည့်လျှင် သူ့စိတ်ထဲတွင် ဒေါသက ဆူပွတ်လာပြန်သည်။
“ရန်ကျောက်ကဲ”
“ဟမ့်၊ လန်ဝမ်ရန်ရဲ့ဒီနေ့ အပြုအမူကို ကြည့်ရင် ဂိုဏ်းက အခြားသူတွေလည်း ရန်ကျောက်ကဲရဲ့ နောက်လိုက်ခွေးတွေ ဖြစ်နေမှာ သေချာတယ်”
“သူ့အဖေက ဂိုဏ်းက အကြီးအကဲပဲ၊ သူ့ကို သေချာပေါက် ကာကွယ်ပေးမှာပဲ၊ ငါသာ တရားမျှတမှုကို ရှာဖွေချင်ရင် အများကြီး ပို ခက်ခဲလောက်တယ်”
“ဒါပေမယ့် ဘာဖြစ်လဲ၊ ငါက ရန်ကျာက်ကဲရဲ့ယုတ်ညံ့တဲ့ ဘက်ခြမ်းကို မဖော်ထုတ်ဘဲ ငါ ရသင့်တဲ့ တရားမျှတမှုကို မရှာဖွေရင် ငါခံစားခဲ့ရတဲ့ နာကျင်မှုတွေ အကုန်လုံးက အချည်းနှီး မဖြစ်ကုန်ဘူးလား”
“ခွန်အားပဲ၊ ငါ တရားမျှတမှုကို ရှာဖွေချင်ရင် လုံလောက်တဲ့ ခွန်အားရှိဖို့ လိုတယ်၊ ငါသာ ရန်ကျောက်ကဲထက် သန်မာရင်၊ သူ့အဖေထက် သန်မာရင်၊ ဘယ်လိုလုပ် သူတို့က ငါ့ကို ဒုက္ခပေးရဲမလဲ၊ အဖြစ်အပျက်တွေကို လီဆယ်ပြီး သူတို့အမှားမရှိသလို လုပ်ရဲမှာ မဟုတ်ဘူး”
ရီကျင်း ခေါင်းမော့လိုက်သည်။ တောင်ထွတ်များကို ကြည့်နေသော သူ့အကြည့်များက သံမဏိကဲ့သို့ အေးစက်မာကျောပြီး ပူလောင်သော မီးတောက်တစ်ခုပမာ ပြင်းပြနေသည်။ “ငါ့အတွက် တရားမျှတမှုကို ရှာဖွေဖို့ အစွမ်းထက်ဆုံး ခွန်အားကို ဆုပ်ကိုင်နိုင်ရမယ်၊ ငါတစ်ယောက်ထဲရဲ့ ခွန်အားက ရန်ကျောက်ကဲတို့ သားအဖနှစ်ယောက်ပေါင်းထက် သာလွန်စေရမယ်”
“ရန်ကျောက်ကဲ၊ မင်း စောင့်နေလိုက်၊ မင်းရဲ့အကြွေးကို ငါ အပြည့်အဝ ပြန်ဆပ်ပြမယ်”
……………..
“ရီကျင်းက ဂိုဏ်းသားအချင်းချင်းကို ဒဏ်ရာ အကြီးအကျယ်ရအောင် လုပ်တာလား” ရန်ကျောက်ကဲက သူ့ရှေ့မှ အားဟူကို ကြည့်ပြီး အံ့ဩနေပုံရသည်။
ထိုရီကျင်း အသက်ရှင်နေခြင်းက သူ့အတွက် အထူးအဆန်း မဟုတ်ချေ။
ရီကျင်း ပြန်ပေါ်လာသော သတင်းကို ဂိုဏ်းထံ သတင်းပို့ပြီး ဖြစ်သည်။ ဤအရာက ရန်ကျောက်ကဲအတွက် ကောင်းသော အရာပင်။ ၎င်းသည် သူ့အား စစ်ဆေးသူများ မေးမြန်းခဲ့စဉ်က သူဖြေကြားခဲ့သော အချက်များ မှန်ကန်ကြောင်း သက်သေပြနိုင်သည့် အခွင့်အရေးဖြစ်ပေသည်။
ရန်ကျောက်ကဲက ရီကျင်း၏ စွပ်စွဲမှုများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ခြင်း မရှိချေ။ ထိုအချိန်က အဖြစ်အပျက်များကို သွေးဝိဉာဉ်အမှတ်ရခြင်း နည်းစနစ်ဖြင့် ပြန်လည်ပြသနိုင်ပါက အားလုံးမှာ အမှန်အတိုင်း ပေါ်ပေါက်လာနိုင်သည်။
သို့သော် ရီကျင်း ပြန်ပေါ်လာပြီးနောက် လန်ဝမ်ရန်အား သေလုမျောပါးဖြစ်အောင် ထိုးကြိတ်ခဲ့သည်က ရန်ကျောက်ကဲ နားမလည်နိုင်သောအရာဖြစ်သည်။ သူ့ခေါင်းကို ကုတ်မိသည်။
“ဒီကောင် ချောက်ထဲ ကျသွားတုန်းက ခေါင်းထိခိုက်သွားတာများလား” ရန်ကျောက်ကဲ လုံးဝ စိတ်ရှုပ်ထွေးနေသည်။ “ဘယ်လိုလုပ် သူက ကြမ်းကြုပ်တဲ့ အရူးတစ်ကောင်လို ပြောင်းလဲသွားတာလဲ”
အားဟူက တခွိခွိ ရယ်လိုက်သည်။ “အဲ့ ရီမျိုးရိုးကောင်က အရှင်မင်းသားကို အလွန် မုန်းတီးတယ်၊ အဲ့လန်ဝေရန်က အရှင့်ဘက်ကနေ ပြောပေးတော့၊ သူနဲ့ နည်းနည်းစကားများပြီး သူ ဒေါသထွက်လာတာပဲ”