နောက်ထပ်ရက် အနည်းအတွင်း ဝမ်လင်းက ဂူထဲသို့ စုပ်ယူခံရသော ငှက်များကိုသာ အစာအဖြစ် စားနေရသည်။
သူ၏အချိန်အများစုကို မှော်ကျောက်တုံးအား လေ့လာရင်းဖြင့် ကုန်ဆုံးနေသည်။ မှော်ကျောက်တုံးမှ ရေငွေ့ရည်များ စိမ့်ထွက်လာသည့် အချိန်တိုင်း သူက လက်မောင်းကို ဒဏ်ရာများ သက်သာ လာသည်အထိ လိမ်းသည်။ ထိုရေငွေ့ရည်များက အလွန်တန်ဖိုးရှိရာ ဝမ်လင်းက အချို့ကို ငှက်ဦးခေါင်းခွံများထဲတွင် သိမ်းထားလိုက်၏။
တစ်နေ့တွင် ဝမ်လင်းက ယခင်ရက်များ၌ တောက်လျှောက် သိမ်းဆည်းလာခဲ့သော ရေငွေ့ရည်များကို အဝတ်စတစ်ခုပေါ်သို့ ဖြန်းလိုက်ပြီး မှော်ကျောက်တုံးကို ထိုအဝတ်စထဲသို့ သေချာထည့်ကာ တခြားသူများ သတိမထားမိအောင် ပုံဖျက်ထားလိုက်သည်။ ဂူထဲမှ စုပ်ယူအား ရပ်တန့်ချိန်၌ ဝမ်လင်းက ဂူပေါက်သို့ သွားလိုက်၏။ သူက အဝတ်အစားကို သွားဖြင့် ဆုတ်ဖြဲပြီး တစ်ခုနှင့်တစ်ခု ဆက်လိုက်သည်။ အစွန်းတစ်ဖက်ကို ကျောက်တုံးတစ်ခုမှာ ချည်လိုက်ပြီး တစ်ဖက်ကို ခါးတွင် ချည်လိုက်ကာ အောက်သို့ ဂရုတစိုက် ဆင်းလိုက်၏။
ဝမ်လင်းက ငါးမီတာ ၊ ခြောက်မီတာခန့် ဆင်းပြီးသည့် အချိန်၌ ရုတ်တရက် လက်ချော်၍ ပြုတ်ကျ၏။ သို့သော်လည်း သူ၏ခါးတွင် ချည်ထားသော အဝတ်ကြိုး မပြတ်မီ ချောက်ကမ်းပါးမှ သစ်ကိုင်းတစ်ခုကို ဖမ်းဆွဲရန် အချိန်ရလိုက်၏။
ဝမ်လင်း အလွန် ထိတ်လန့်သွားသည်။ အောက်ကို ငုံကြည့်လိုက်ရာ မြေပြင်နှင့် နှစ်၀မီတာခန့် ကွာနေသေးသည်။ လက်တစ်ဖက်က သစ်ကိုင်းကို ကိုင်ထားပြီး တစ်ဖက်က အဝတ်ကြိုးကို ကိုင်ထားကာ သစ်ကိုင်းတွင် ချည်လိုက်၏။ ချည်ပြီးသည့် အခါမှ သူက စိတ်သက်သာရာ ရသွားသည်။
ဝမ်လင်း အောက်သို့ ဂရုတစိုက်ဖြင့် ဆက်ပြီး ဆင်းလိုက်သည်။ မြေပြင်မှ ၁၀မီတာခန့် အကွာအဝေးသို့ ရောက်သောအခါ အဝတ်ကြိုးက တောင့်တင်း သွားသည်။ ဝမ်လင်းကလည်း တစ်စက္ကန့်မျှပင် မစဉ်းစားဘဲ အောက်ကို ခုန်ချလိုက်၏။
အဝတ်ကြိုးက ဝမ်လင်း၏ ခန္ဓာကိုယ် အလေးချိန်ကို မခံနိုင်သော်လည်း အောက်ကိုကျသည့် အရှိန်ကို အနည်းငယ် လျော့ပါးသွားစေသည်။ ဝမ်လင်းက ခြေထောက်ကို မြေပြင်သို့ အရင်ကျစေပြီး ဒူးကို ကွေးညွှတ်ကာ လိမ့်ချလိုက်သည်။
မြေပြင်ပေါ်တွင် ဓားကဲ့သို့ ချွန်ထက်နေသော ကျောက်တုံး၊ကျောက်ခဲများကြောင့် ဝမ်လင်း၏ ခန္ဓာကိုယ်တွင် ပြတ်ရာ၊ ရှရာများ ဖြစ်ပေါ်လာသည်။ အထူးသဖြင့် ခြေထောက်မှ ဒဏ်ရာက အရိုးကို မြင်ရသည်အထိ ကွဲပြဲသွားလေသည်။
ဝမ်လင်း၏ အမြင်များ မှုန်ဝါးနေကာ အသက်ပြင်းပြင်း ရှူနေရ၏။ သူက မှော်ကျောက်တုံး ထည့်ထားသော အဝတ်ကို ပါးစပ်တွင်တေ့ပြီး ရေငွေ့ရည်များကို စုပ်ယူလိုက်သည်။ ထို့နောက် ကြိုးစားပန်းစား ထိုင်လိုက်ပြီး ခြေထောက်မှ ဒဏ်ရာပေါ်ကို မှော်ကျောက်တုံး ထည့်ထားသော အဝတ်မှ ရေငွေ့ရည်များအား ညှစ်ချလိုက်သည်။
ထို့နောက် ဒဏ်ရာမှ အေးမြသော ခံစားမှုကို အချို့ကို ရလိုက်၏။ ဝမ်လင်းက သူ့ဒဏ်ရာများ ပြန်မကောင်းမီ အချိန်အထိ မည်သည့်သားရဲမှ သူ့ကို မတိုက်ခိုက်စေရန် ဆုတောင်းနေမိသည်။
ထိုအချိန်၌ အဝေးမှ အသံတစ်ခုကို ကြားလိုက်ရသည် … “ထေ့ကျူး … မင်းဘယ်မှာလဲ … ”
ဝမ်လင်း မှင်တက်သွားသည်။ ဤအသံက သူ့အဖေ၏အသံ ဖြစ်သည်။ ချက်ချင်းပင် ရှိသမျှအား အကုန်သုံးပြီး အော်ပြောလိုက်သည်။
“အဖေ … သား ဒီမှာ … ”
ဝမ်လင်း ခုန်ချလာသည့် နေရာမှပင် သူ၏အဖေကို လက်တစ်ဖက်ဖြင့် သယ်လာယူ၍ ပျံသန်း ဆင်းသက်လာသည့် ဟုန်ယွီဂိုဏ်း၏ တပည့်တစ်ယောက်က ဝမ်လင်းကို မနှစ်သက်သည့် အမူအရာဖြင့် ကြည့်နေသည်။
ထေ့ကျူး၏ အဖေက သူ့သားကို မြင်သောအခါ မျက်ရည်များ စီးကျလာပြီး သူ့သားထံကို ပြေးသွားကာ ပွေ့ဖက်လိုက်သည်။
ထေ့ကျူး၏အဖေက မျက်ရည်စက်လက်ဖြင့် ပြောလိုက်၏ … “ထေ့ကျူး … သားဘာလို့ ဒီလိုလုပ်ရတာလဲ … သားသာ သေသွားရင် အဖေနဲ့အမေ ဘယ်လို အသက်ဆက်ရှင်ရမှာလဲ … ”
ဝမ်လင်း သူ့အဖေ၏ စကားကို ကြားပြီး နားလည်လိုက်၏။ သူ့အဖေက သူ့ကို သတ်သေရန် ကြိုးစားနေသည်ဟု ထင်နေခြင်း ဖြစ်သည်။ ဝမ်လင်းက ဒဏ်ရာ ဗရပွ ရနေသော သူ၏ခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်ပြီး ခါးခါးသီးသီး ရယ်လိုက်မိသည်။
ဝမ်လင်းကို စူးစိုက်ကြည့်နေသည့် ဟုန်ယွီဂိုဏ်းက တပည့်၏ မျိုးရိုးအမည်မှာ ကျန်း ဖြစ်သည်။ သူက ကျောက်ကမ်းပါး နံရံကြီးကို မော့ကြည့်လိုက်ပြီး ပြဲနေသော အဝတ်စများကို မြင်တွေ့လိုက်ရသည်။ သူ အနည်းငယ် ခုန်လိုက်သည်နှင့် ဝမ်လင်း ရောက်ခဲ့သည့် ဂူပေါက်ဆီသို့ ရောက်ရှိသွားသည်။ ဂူပေါက်သို့ ရောက်သည်နှင့် အထဲမှ စုပ်အားတစ်ခုကို ခံစားလိုက်ရပြီး အံ့အားသင့်သွား၏။ သို့သော်လည်း သူ့ကိုယ်သူ ပြန်ထိန်းလိုက်ကာ အောက်သို့ ခုန်ဆင်းလိုက်သည်။
သူက ထူးမခြားနားဟန်ဖြင့် ပြောလိုက်၏။
“မင်းရဲ့ကလေးက သတ်သေဖို့ ကြိုးစားခဲ့တယ် … ဒါပေမဲ့ ဟိုဂူထဲက သဘာဝစုပ်အားက သူ့ကို ကယ်လိုက်တာပဲ … အခု သူ့ကို ပြန်တွေ့ပြီဆိုတော့ … ပြန်ကြရအောင် .. ဟိုရောက်မှ အကြီးအကဲက ဆုံးဖြတ်ပေးလိမ့်မယ် … ”
ထိုတပည့်က သားအဖ နှစ်ယောက်လုံးကို ခေါ်ပြီး ပျံတက်သွားသည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူတို့သုံးယောက် ဟုန်ယွီဂိုဏ်း၏ တောင်ခြေသို့ ရောက်ရှိလာကြသည်။ ထို့နောက် တောင်ထိပ်သို့ ရောက်ရန် လှေကားမှ တစ်ဆင့် တက်သွားကြ၏။
ဤနေရာသို့ ပြန်ခေါ်လာသည့် အတွက် ဝမ်လင်း၏စိတ်များ ရှုပ်ထွေးနေသည်။ တောင်ထိပ်ပေါ်တွင် စိတ်ဆိုးဒေါသ ထွက်နေသည့် အမူအရာနှင့် လူအများအပြား ရှိသည်။ တပည့်ကျန်းက ထိုလူများထဲမှ တစ်ယောက်၏ အနီးကိုကပ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ ထိုလူကြီး၏ နဖူးက တွန့်ကွေးသွားပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည် … “လူကိုလည်း ပြန်တွေ့ပြီဆိုတော့ သူ့ကို သူ့အမေနဲ့ တွေ့ရအောင် ဧည့်သည် အဆောင်ကို ခေါ်သွားပေးလိုက်ပါ … ”
အခန်းထဲတွင် ဝမ်လင်း၏ အမေက သူမ၏သားကို ပြန်တွေ့လိုက် ရသောအခါ မျက်ရည်များ စီးကျလာပြီး ပြေးဖက်လိုက်၏။ ဝမ်လင်းက သူ၏မိဘများထံမှ အလုံးစုံကို ကြားသိရပြီးနောက် အရာခပ်သိမ်းကို နားလည် သွားသည်။
သူ အိမ်မှ ထွက်သွားပြီးနောက် သူ၏မိဘများက ဦးလေးလေးကို သွားရှာခဲ့ကြသည်။ သုံးယောက်လုံးက ဝမ်လင်းအား ဘေးအန္တရာယ်နှင့် ကြုံမည်ကို စိုးရိမ်ကြသဖြင့် သူ့ကိုရှာပေးရန် ဝမ်ကျောက်၏ အဖေကို ဦးလေးလေးက ဖိအားပေးခဲ့သည်။ ဦလေးလေးကြောင့် ဝမ်ကျောက်၏ အဖေက မတတ်သာဘဲ ဟုန်ယွီဂိုဏ်းကို အကူအညီ တောင်းရတော့၏။
ထို့ကြောင့်လည်း ဟုန်ယွီဂိုဏ်းက ဝမ်လင်းကို ပထမဆုံး အကြိမ်အဖြစ် ခြွင်းချက် ထားရှာပေးရန် ဆုံးဖြတ် လိုက်ကြသည်။ အကြောင်းပြချက်က ဝမ်လင်းအိမ်မှ ထွက်သွားရခြင်းမှာ ဟုန်ယွီဂိုဏ်းက လက်မခံခဲ့သောကြောင့် ဖြစ်သည်။ ဟုန်ယွီဂိုဏ်းက သာမန်လူတစ်ယောက်၏ သေခြင်း၊ ရှင်ခြင်းကို ဂရုမစိုက်သော်လည်း ဝမ်လင်းသာ တကယ် သေသွားခဲ့လျှင် ထိုသတင်းက အနီးအနားက ရွာများဆီသို့ ပျံ့နှံ့သွားပေလိမ့်မည်။ ထိုအခါ မိဘများက သူတို့၏ ကလေးများကို ဂိုဏ်းသို့ဝင်ရန် တားဆီးကြမည် သေချာ၏။ နောင်တွင် ဤအဖြစ်အပျက်ကြောင့် ဂိုဏ်းကို ပြောစရာ ဖြစ်လာမည်ကို စိုးရိမ်သော အကြီးအကဲများက တပည့် အနည်းငယ်ကို ဝမ်လင်းအား ရှာဖွေရန် စေလွှတ် လိုက်ကြ၏၊ ဝမ်လင်း၏ အဖေက အလွန်အမင်း စိုးရိမ်နေရာ သူကိုယ်တိုင် ရှာဖွေနေသူများနှင့် လိုက်ပါခဲ့၏။
ဤအကြောင်းအရာများသည် သူပြန်မရောက်မီ အဖြစ်အပျက်များ ဖြစ်သည်။
အတန်ကြာလျင် တစ်စုံတစ်ယောက်က ဆေးအနည်းငယ် လာပို့ပေးလေသည်။ ထေ့ကျူး၏ အမေက လာပို့ပေးသည့် လူကို အလျင်အမြန် ကျေးဇူးတင်လိုက်ပြီး သူမ၏သားကို ဂရုတစိုက်ဖြင့် ဆေး တိုက်ကျွေးလိုက်သည်။ အင်မော်တယ်ဂိုဏ်းမှ ပြုလုပ်ထားသည့် ဆေးဖြစ်သည့် အတွက် ဆေးစွမ်းက အလွန် ကောင်းမွန်ပေသည်။ ဆေးသောက်ပြီးနောက် ဝမ်လင်း အားအနည်းငယ် ပြန်ပြည့်လာသည်။ ခြေထောက်မှ ဒဏ်ရာကလည်း နာကျင်ကိုက်ခဲခြင်းမှ အနည်းငယ် သက်သာလာသည်။
ဝမ်လင်း၏ မိဘနှစ်ပါးက ဝမ်လင်း စိတ်သက်သာစေမည့် စကားများကို ပြောပေးနေကြသည်။ ဝမ်လင်းကလည်း မိဘနှစ်ပါးကို ပြန်ရှင်းပြချင်သည်။ သို့သော်လည်း သူ့ကို ယုံကြည်မည်ဟု မသေချာပေ။
ထိုအချိန်၌ ဟုန်ယွီဂိုဏ်း ခန်းမထဲတွင် ကျန်းမျိုးနွယ် တပည့်က ဝမ်လင်းကို မည်သို့မည်ပုံ ရှာဖွေတွေ့ရှိခဲ့ကြောင်း အကြီးအကဲများအား တင်ပြနေသည်။ စားပွဲရှည်၏ ထိပ်ဆုံး၌ ထိုင်နေသော အနီရောင် မျက်နှာနှင့် လူကြီးက မကျေမနပ်ဖြင့် ပြောလိုက်၏ … ”
သာမန်သေမျိုး တစ်ယောက်ရဲ့ သေခြင်း ၊ရှင်ခြင်းက ငါတို့လို အင်မော်တယ်တွေနဲ့ ဘာဆိုင်လို့လဲ … အခြားအင်မော်တယ် ကျောင်းတွေကို ကြည့်လိုက် … အရွေးမခံရလို့ သတ်သေဖို့ လုပ်တဲ့ ကျောင်းသားကို ငါတို့လိုမျိုး ဘယ်ကျောင်းက ရှာပေးဖူးလို့လဲ … ရှက်စရာ ကောင်းလိုက်တာ … ”
သက်လတ်ပိုင်း လူကြီးတစ်ယောက်ကလည်း အေးစက်သော အမူအရာဖြင့် ပြောလိုက်သည် …
“အကြီးအကဲမာ ပြောတာမှန်တယ် … ကျောင်းပြည်နယ် တစ်ခုလုံးက ဂိုဏ်းတွေ အကုန်လုံးမှာ ငါတို့ဂိုဏ်း တစ်ခုပဲ ဒီလိုဖြစ်တာ … ဒါပေမဲ့ အဲ့ကလေးသာ ငါတို့ဂိုဏ်းရဲ့ အနီးအနားမှာ သေခဲ့မယ်ဆိုရင် မိဘတွေက အရွေးမခံရတဲ့ သူတို့သားတွေ သတ်သေကြမှာကို ကြောက်ရွံ့လာကြလိမ့်မယ် … ဒါဆိုရင် ဘယ်မိဘက သူတို့သားသမီးတွေကို ငါတို့ဆီကို လွှတ်ရဲပါတော့မလဲ … ”
ဝတ်ရုံဝတ် ထားသည့် အဘိုးကြီး တစ်ယောက်ကလည်း လက်ဖက်ရည် တစ်ငုံခန့် သောက်လိုက်ပြီး ပြောလိုက်၏။
“အမှန်တော့ ဒီကိစ္စက ငါတို့နဲ့ မဆိုင်ဘူး … ငါတို့ဂိုဏ်းက သာမန်သေမျိုးတွေ ဆီကနေ ကျင့်စဉ် ကျင့်ဖို့သင့်တော်တဲ့ လူတွေကိုပဲ ရွေးရမယ်လေ … နှစ် ၅၀၀ လောက် ကြာသွားရင် ဒီကိစ္စကို ဘယ်သူက ပြောတော့မှာလဲ … ”
နောက်ဆုံးတွင် ပါးရေနားရေများ တွန့်နေသည့် အဘိုးကြီး တစ်ယောက်က သက်ပြင်းချကာ ပြောလိုက်သည် …
“ဒီကောင်လေးက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တစ်ကြိမ် ကြိုးစားပြီးပြီ … နောက်တစ်ကြိမ်လည်း ထပ်ကြံနိုင်သေးတယ် … ဒါကြောင့် ဒီလိုထပ် မဖြစ်အောင် သူ့ကို တပည့်အဖြစ် လက်ခံမှပဲ ရလိမ့်မယ် … ”
အဘိုးကြီးက ပြောပြီးသည်နှင့် သက်လတ်ပိုင်း လူကြီးထံသို့ ဝေ့ကြည့်လိုက်သည်။
***
Wow