ထေ့ကျူးက ယိုင်နဲ့နဲ့ဖြင့် ထရပ်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သောအခါ ဂူတစ်ခုအတွင်း ရောက်ရှိနေမှန်း သိလိုက်ရ၏။ ဂူထဲသို့ နေရောင်ခြည်က ဖြာကျနေပီး ကြမ်းပြင်ပေါ်တွင် ငှက်နှင့် တောကောင်အရိုးများ ပြန့်ကျဲနေသည်။
သူ့နောက်မှ ဂူနံရံပေါ်တွင် လက်သီးဆုပ် အရွယ် အပေါက်တစ်ခု ရှိနေသည်။ ထိုအပေါက်မည်မျှ နက်ရှိုင်းသည်ကို သူ မပြောနိုင်သော်လည်း အနီးကပ် လေ့လာကြည့် သောအခါ လျှို့ဝှက်ချက် တစ်ခုအား သိလိုက်ရ၏။ အစောပိုင်းက သူ့အား ဂူထဲရောက်အောင် စုပ်ယူခဲ့သော ဆွဲငင်အားက ထိုအပေါက်မှလာခြင်း ဖြစ်သည်။ သူကဲ့သို့ပင် စုပ်ယူခံခဲ့ရသည့် တိရစ္ဆာန်များ၏ အရိုးများလည်း ပြန့်ကျဲနေသည်။
ရုတ်တရက် ဖြစ်ပေါ်လာသည့် လေဟာနယ်ကြောင့် ဆွဲငင်အားပေါ်လာခြင်း ဖြစ်၏။ ဂူဝရှေ့မှ သူပြုတ်ကျစဉ် ဆန်းကြယ်သည့် ဆွဲငင်အား စုပ်ယူခြင်းဖြစ်ရပ်က သူ့အသက်အား ကယ်တင်ခဲ့ခြင်းလည်း ဖြစ်သည်။ ဂူထဲရှိ အရိုးများကို ထိုအပေါက်ဆီသို့ ဆွဲငင်ယူနေစဉ်တွင် ထေ့ကျူးက သူ၏ ညာလက်မောင်း နာကျင်လျက်နှင့်ပင် ဂူအပြင်သို့ထွက်ရန် ကြိုးစားလိုက်သည်။ ထိုစဉ် နောက်မှ လေတိုက်သကဲ့သို့ ခံစားလိုက်ရကာ ဂူ၏ထောင့် တစ်နေရာသို့ လွင့်စဉ်သွား၏။
မမြင်နိုင်သည့် ဆွဲငင်အားကား ရုတ်တရတ် ထိုအပေါက်ငယ်မှပင် ဖြစ်ပေါ်လာပြန်ကာ ပြန့်ကျဲနေသော အရိုးများအား ဆွဲယူလေတော့သည်။ ကြီးမားသော အရိုးတချို့က တွင်းပေါက်ဝတွင် တစ်ဆို့ နေကြ၏။
ထိုအခိုက်အတန့်တွင် ငှက်တစ်ကောင်ကား ဂူပေါက်ဝနား ပျံသန်းနေစဉ် စုပ်ယူခံ လိုက်ရကာ ဂူနံရုံနှင့် ဆောင့်မိပြီး တစ်စစီ ဖြစ်သွားသည်။
တစ်နာရီခန့် ကြာသောအခါ ဆွဲငင်အား ရပ်တန့် သွားတော့သည်။ ဝမ်လင်းက ထိတ်လန့် တုန်လှုပ်စွာဖြင့် ငှက်သေအား ကြည့်လိုက်မိ၏။ ဝမ်လင်းက ထိုနေရာမှ မရွေ့လျှားဘဲ အချိန်ကို တွက်ချက်ကာ ထိုင်နေမိသည်။
နာရီဝက်ခန့် ကြာသောအခါ လေဟာနယ် ဆွဲငင်အားဖြစ်စဉ် ပြန်စလာပြန်သည်။ အကြိမ်များစွာ ဖြစ်ပျက်ပြီးနောက် ဝမ်လင်းက ထိုထူးခြားသည့် ဆွဲငင်အားသည် နာရီဝက်ခန့် တစ်ကြိမ်ဖြစ်ကာ ကြာမြင့်ချိန် တစ်နာရီနီးပါး ရှိသည်ကို ခန့်မှန်းလိုက်နိုင်၏။
ထိုအချိန်ကို အသုံးချကာ ဝမ်လင်းက နာကျင်စွာဖြင့် ဂူဝဆီသို့ လျှောက်လှမ်း လိုက်သည်။ သူက အောက်သို့ ငုံ့ကြည့် လိုက်ပြီးနောက် ခါးခါးသီးသီး ပြုံးလိုက်မိသည်။ သူ့အောက်တွင်ကား တောအုပ် တစ်ခုရှိနေပြီး အနီးပတ်ဝန်းကျင် မြေပြင်က ခဲများဖြင့် ဖုံးလွှမ်းနေသည်။ တောင်အဆင်းက ချောမွေ့နေသောကြောင့် သူ၏ကျိုးနေသော လက်ဖြင့် အောက်သို့ဆင်းရန် အဆင်မပြေပေ။ မြေပြင်ပေါ် ခုန်ချရန် ကြိုးစားပါကလည်း သတ်သေခြင်းသာ ဖြစ်ပေလိမ့်မည်။
ရိက္ခာအိတ်ကလည်း တောင်ထိပ်ပေါ်တွင် ကျန်ခဲ့သောကြောင့် ပြန်ရယူရန် မဖြစ်နိုင်တော့ချေ။ ယခု အချိန်တွင် ဗိုက်ဆာ နေသည်ကို ဖြေရှင်းရန်သာ အရေးကြီးနေသည်။ ထိုစဉ် ဆွဲငင်အား ကြာမြင့်ချိန်ကို သတိရ လိုက်မိသောကြောင့် ဂူထောင့် ထဲသို့သာ ပြန်သွားလိုက်ရ၏။
အချိန်များစွာ ကုန်ဆုံးသွားပြီးနောက် ဝမ်လင်း တဖြည်းဖြည်း အားနည်း လာတော့သည်။ ခါးသက်သက် ပြုံးရင်း သူ့ကိုယ်သူ ပြောလိုက်မိသည်… “ဒီနေရာမှာဆက်ပိတ်မိရင် တဖြည်းဖြည်းသေမှာပဲ…ခုန်ချလိုက်ရင်တော့ ချက်ချင်းသေမယ်…”
သွေးစွန်းနေသည့် ငှက်သေကိုကြည့်၍ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် လျှောက်သွားကာ ကောက်ယူပြီး တကိုက် ကိုက်လိုက်သည်။ အရသာကား အင်မတန်ဆိုးဝါးလှ၏။ ပျို့အန်ချင်သော ခံစားချက်နှင့်အတူ ထွေးထုတ် ပစ်ချင်သော်လည်း ဆက်လက်၍ စားလိုက်သည်။
ထေ့ကျူးက ငှက်သားကို အငမ်းမရ ဝါးမျိုချ လိုက်ပီးနောက် ဝမ်းဗိုက်တစ်ခုလုံး နွေးထွေးသယောင် ခံစားလိုက်ရသည်။ လျင်လျင်မြန်မြန်ပင် ထပ်မံ၍ စားသောက်ပြီးနောက် မတ်တတ် ထရပ်ကာ လေကိုတစ်ဝကြီး ရှူ သွင်းလိုက်မိ၏။
သူက ကျန်ရှိနေသော ငှက်သားကို ဘေးကို ပစ်လိုက်ပြီးနောက် ဂူနံရံကို မှီလျက် ထိုင်ချလိုက်သည်။ သူ့စိတ်ထဲတွင် ရှုပ်ထွေးနေကာ သူ့မိဘ အကြောင်းများ၊ ဦးလေးလေး၏ အကြောင်းများ၊ ဆွေမျိုးများ၏ သရော်မျက်လုံးများနှင့် ဟုန်ယွီဂိုဏ်းမှ အနက်ဝတ် သက်လတ်ပိုင်း အရွယ်လူကြီး၏ အေးစက်စက် အကြည့်များအား တွေးမိနေသည်။
ရုတ်တရတ် တစ်စုံတစ်ခုကို သံသယ ဝင်သွားသောကြောင့် ဝမ်လင်းက စားလက်စ ငှက်သေတစ်ခြမ်းကို ကောက်ယူ စူးစမ်းလိုက်၏။
‘ဒီငှက်ရဲ့ ခန္ဓာကိုယ်ထဲ ဒီကျောက်တုံးက ဘယ်လို ရောက်နေတာလဲ’ ဝမ်လင်းက ရွာမှ သူ့ဆရာ တစ်ခါပြဖူးသည့် စာအုပ်အကြောင်း စဉ်းစားမိကာ စိတ်လှုပ်ရှား လာသည်။
တစ်စုံတစ်ယောက်က ဒန်တျန်ကို စားမိပါက အသက်ပိုရှည်လာပြီး ခွန်အားလည်း တိုးလာမည် ဖြစ်၏။ ခြေပြတ်၊ လက်ပြတ်များပင် ပြန်လည် ကောင်းမွန် လာနိုင်သေးသည်။
ထိုဖော်ပြချက်ကို သူဖတ်မိခဲ့စဉ်က မယုံကြည်ခဲ့ပေ။ အင်မော်တယ်များနှင့် တွေ့ဆုံပြီးမှသာ ဒဏ္ဍာရီပုံပြင်များအား ယုံစားမိလာတော့သည်။
ဝမ်လင်းက အလွန်အမင်း စိတ်လှုပ်ရှားလာ၏။ သည်ကျောက်တုံးက စာအုပ်ထဲတွင် ဖော်ပြထားသည့် ဒန်တျန်သာ ဖြစ်မည်ဆိုလျှင် ဤနေရာမှ ထွက်ရန် အလွန်လွယ်ကူ သွားလိမ့်မည်။ အနည်းဆုံး ဟုန်ယွီဂိုဏ်းဝင်ခွင့် စာမေးပွဲပင် အောင်မြင်နိုင်သေးသည်။
ကျောက်တုံးက အလွန် မာကျောကာ စားရန် အဆင်မပြေချေ။ သူ့ကိုယ်ပေါ်က အင်္ကျီအပြဲနှင့် ကျောက်တုံးအား မူလအရောင် ပေါ်လာစေရန် ပွတ်တိုက်လိုက်သည်။
မီးခိုးရောင် ကျောက်တုံးပေါ်တွင် ရှေးဆန်သော သက်တံအစင်းများ ထွင်းထားဟန်ရှိသည်။ ဝမ်လင်းက အလွန် စိတ်ပျက် သွားသော်လည်း အားမလျော့ဘဲ ကျောက်တုံးကို တစ်ချက်ကိုက်ကာ ကိုယ့်ကိုယ်ကိုယ် ရယ်သွေး သွမ်းလိုက်သည်… “ထေ့ကျူး …မင်းက ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ … ကြုံရာကျပန်း ငှက်က ဒန်တျန် ဘယ်လိုလုပ်ရှိမလဲ…”
ဝမ်လင်းက သက်ပြင်းချ လိုက်သည်။ အပြင်ဖက်တွင် မှောင်နေလေပြီ။ သူက စိတ်အားငယ်စွာဖြင့် ကျောက်တုံးကို ဘေးမှာထားပြီး တိရစ္ဆာန်အရိုးများ ပြန့်ကျဲနေသည့် ကြမ်းပြင်ပေါ်တွင် လှဲအိပ်လိုက်သည်။
ဆောင်းရာသီ ဖြစ်သောကြောင့် အထူးသဖြင့် တောင်ကုန်း တစ်ဝိုက်တွင် အပူချိန် လျင်မြန်စွာ ကျဆင်းလာပြီး ဆောင်းလေက တိုက်ခတ်နေသောကြောင့် ဝမ်လင်းက စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် တစ်ညတာကို ဖြတ်သန်း လိုက်ရ၏။
နောက်နေ့ မနက်တွင် နေရောင်ခြည်က ဂူထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။ ဖြူဆွတ်နေသည့် နှင်းစက် တချို့က ဝမ်လင်းဘေးရှိ ကျောက်တုံး အောက်တွင် ရှိနေ၏။ နှင်းစက်များက အနီးရှိ အရိုးများထဲသို့ပင် စိမ့်ဝင်နေ၏။
များမကြာမီ ဝမ်လင်း နိုးလာသည်။ သူ့လက်မောင်းက ဖူးရောင် နေရုံသာမက ဒဏ်ရာ အခြေအနေက ပိုဆိုးလာဟန် ရှိသည်။ စိတ်ဓာတ်ကျစွာဖြင့် ဝမ်လင်း ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်၏။
သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည် … “ငါဒီနေရာမှာ တသက်လုံး အရိုးထုတ် ရတော့မှာလား…”
ခေါင်းကို ဖြည်းညင်းစွာ လှည့်ကြည့်မိစဉ် အရိုးများပေါ်ရှိ နှင်းစက်တွေကို သတိပြု မိလိုက်သည်။ သူက ရေဆာနေသဖြင့် အရိုးကို တချို့ကို ဂရုတစိုက် မယူကာ နှင်းစက်များအား လျှာဖြင့် လျက်လိုက်သည်။
နှင်းစက် ချိုချိုများက သူ၏လျှာထဲတွင် ပျော်ဝင်သွားကာ သူ၏ဗိုက်ထဲကို စီးဆင်းသွား၏။ သူက ထိုခံစားချက်ကို မပြောပြတတ် သော်လည်း တချို့တစ်ဝက် သောက်ပြီးသောအခါ ခန္ဓာကိုယ် တစ်ခုလုံး သက်သောင့်သက်သာဖြင့် နွေးထွေးသွားသည်။
အထူးသဖြင့် သူ့လက်မောင်းပေါ်ရှိ ဒဏ်ရာက နာကျင်မှု လျော့နည်းလာပြီး ယားယံကာ သက်သောင့်သက်သာ ဖြစ်လာသည်။ ဝမ်လင်းက သူ့မျက်လုံးကို သူပွတ်ကာ လက်မောင်းကို အနီးကပ် ကြည့်လိုက်သည်။ ဒဏ်ရာက နာကျင်မှု သိပ်မရှိတော့ပေ။ သူ့ဘေးနားရှိ အရိုးတွေကို ကြည့်လိုက်သော်လည်း နောက်ထပ် နှင်းစက်များ မရှိတော့ချေ။
ထိုအခိုက်အတန့်တွင် သူက ရုတ်တရတ် နှင်းစက်တချို့ ရှိနေသည့် ကျောက်တုံးကို သတိပြုမိလိုက်သည်။ ကျောက်တုံးရှေ့ရှိ အရိုးများတွင် နှင်းစက်များ ကပ်နေကြောင်းကိုလည်း သတိထားမိ၏။
လက်မောင်းက ပိုမို၍ သက်သောင့်သက်သာ ဖြစ်လာနေ၏။ ဝမ်လင်းက သူ၏လက်မောင်းကို စိုက်ကြည့်နေလိုက်ရာ အတန်ကြာလျှင် လက်မောင်းက ရောင်ရမ်းမှုများ ပျောက်ကွယ် သွားသည်။ သူက လက်ကို လှုပ်ရှားကြည့်ရာ အနည်းငယ်သာ နာကျင်တော့သည်ကို သိလိုက်ရ၏။
“ဒီကျောက်တုံးက မှော်ကျောက်တုံးပဲ ဖြစ်ရမယ် … ” ဝမ်လင်း ဝမ်းသာအားရ ရေရွက်လိုက်သည်။
***
Good