Switch Mode

အခန်း ( ၂၃၂ )

အတော်လေး မောက်မာတဲ့ကောင်ပါလားကွ

ထိုခိုက်ရန်ဖြစ်ပွားနေသည့် အသံများမှာ ရင်ပြင်ထဲရှိ ကျိုးရိဖန် ရှိနေသောနေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

လင်းယုံနှင့် အဘိုးကြီးတို့အပြင် ရင်ပြင်ပေါ်မှ အခြားလူများစွာမှာလည်း ထိုဆူညံသံများကို သတိထားမိလိုက်ကြသည်။ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာလည်း သတိထားမိလိုက်ကြ၏။ သူတို့မှာ အခြားသူများနှင့် ရယ်မောကာ စကားစမြည်များ ပြောနေကြသည့်ပုံ ပေါ်ပါသော်လည်း အမှန်တွင်မူ ထောင်ချောက်အဆောင်မှ ဟွမ်ရှန်းအား တိတ်တိတ်ကလေး အကဲခတ်နေခြင်းဖြစ်သည်။

ယခုတွင်မူ သူတို့မှာ ကျိုးရိဖန် ပြဿနာအချို့နှင့် ကြုံနေသည်ကို သိလိုက်ရသဖြင့် သူတို့နှစ်ယောက်စလုံးမှာ ချက်ချင်းပင် လက်၍ကြည့်လိုက်ကြသည်။ ထိုအခါ ကျိုးရိရှန်မှာ ကျိုးရိဖန်၏ ရှေ့တွင်ရပ်ကာ သူ၏ညာလက်ကို မြှောက်၍ ကျိုးရိဖန်အား လက်ညှိုးထိုးထားသည်ကို မြင်လိုက်ရသည်။ သူ၏မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းရောင်တစ်ခု ရှိနေပြီး သူသည် စကားပြောနေသည့်ပုံပင်။

ကျိုးရိဖန်၏ မျက်နှာပေါ်တွင်မူ ခံစားချက်မျိုးစုံ ထင်ဟပ်နေ၏။ သူသည် သူ့ကိုယ်သူ ချုပ်တည်းထားနိုင်ရန် မနည်းကြိုးစားနေရသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြီးတစ်ခုလုံးကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ရှေ့သို့လှမ်းလာပြီး ကျိုးရိဖန်ဆီသို့ ပြေးသွားလိုက်တော့သည်။

ကျောက်ယမုန့်မှာလည်း တွေဝေတုံ့ဆိုင်းနေခြင်းမရှိပေ။ သူမမှာ ကောင်းကင်တာအိုကျောင်းထဲ၌ မိတ်ဆွေ များများစားစား မရှိပါသော်လည်း ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့အား သူမ၏ ရဲဘော်ရဲဘက် အစစ်အမှန်များအဖြစ် သတ်မှတ်နိုင်ပေသည်။

ဝမ်ပေါင်လဲ့ ပြောခဲ့သည့်အတိုင်းပင်။ သူတို့သုံးယောက်မှာ အသက်အန္တရာယ်များကို အတူတကွ ကျော်ဖြတ်လာခဲ့သည်မဟုတ်ပါလော။ ထိုကဲ့သို့သော သံယောဇဉ်အနှောင်အဖွဲ့ကြောင့် သူမမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့နောက်မှလိုက်၍ ကျိုးရိဖန်ဆီသို့ ပြေးသွားလိုက်ခြင်းပင်ဖြစ်သည်။

သူတို့နှစ်ယောက်မှာ အနားသို့ရောက်လာသောအခါ ကျိုးရိရှန်၏ အေးစက်စက်နှင့် ခနဲ့တဲ့တဲ့ စကားများကို ကြားလိုက်ရ၏။

” ပြည်ထောင်စုကြီးမှာ ရှိတဲ့ အရာအားလုံးက ပြီးပြည့်စုံပြီးသားပဲ။ အချက်တစ်ချက်က လွဲလို့ပေါ့။ ဘာအချက်လဲဆိုတော့ ဘယ်သူမဆို ဒီ တူညီဝတ်စုံကို ဝတ်လိုက်ရင် လူရိုသေရှင်ရိုသေ ဖြစ်သွားတဲ့အချက်ပဲ။ ဪဒါနဲ့ ရိဖန် … မင်း အိမ်ပြန်မလာတာတောင် တော်တော်ကြာသွားပြီနော်။ ငါ မင်းကို ပြောပြဖို့မေ့နေတာ။ ဟိုတလောတုန်းက ငါ့ အ‌စေခံတစ်ယောက်ရဲ့ ခွေးတွေကြောင့် မင်းအမေရဲ့ အုတ်ဂူကျောက်တိုင် ပျက်စီးသွားသေးတယ်။ တောင်းပန်ပါတယ် ”

ထိုစကားလုံးများမှာ မျက်လုံးဖြင့် မမြင်နိုင်သော ဓားတစ်လက်ကဲ့သို့ ကျိုးရိဖန်၏ နှလုံးသားထဲသို့ ထိုးဖောက်သွားပြီး သူ၏ မျက်လုံးများမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။ ထို့နောက် သူ၏နှုတ်မှ သားရဲတစ်ကောင်၏ ညည်းတွားသံနှင့်တူသော အသံတစ်သံ ပေါ်ထွက်လာပြီး သူ၏ မျက်နှာမှာလည်း ရှုံ့မဲ့ကာ စူပုပ်သွား၏။

ထို့နောက် သူသည် သူ၏ ဆင်ခြင်တုံတရားအားလုံးကို မေ့ပျောက်လိုက်တော့သည်။ သူသည် သူ့ကိုယ်သူ မချုပ်တည်းနိုင်တော့ဘဲ ဆည်ကျိုးသွားသဖြင့် ရေများ ဒလဟော စီးကျလာသကဲ့သို့ ဖြစ်သွားတော့သည်။ ထို့ကြောင့် သူသည် လက်သီးများဆုပ်လိုက်ပြီး ‌ဒေါသစိတ်များကြောင့် ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း တဆတ်ဆတ် တုန်ရီနေတော့သည်။ သူသည် ရှေ့သို့ပြေးထွက်ခါနီးဆဲဆဲ ဖြစ်နေပြီ ဖြစ်သည်။

ထိုအချိန်တွင် ကျိုးရိရှန်မှာ မျက်လုံးများ အရောင်လက်သွားပြီး အေးစက်စက် ပြုံးလိုက်၏။ သူသည် ယခုလို သူ၏ ညီဖြစ်သူက သူ့အား စတင်တိုက်ခိုက်သည့် အခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သို့သော် ကျိုးရိရှန် ထိုကဲ့သို့ပြုံးလိုက်ပြီး ကျိုးရိဖန် ဒေါသတကြီးနှင့် ရှေ့သို့ပြေးထွက်လာစဉ်မှာပင်….

ခပ်လှမ်းလှမ်းမှနေ၍ ဝကစ်ကစ်နှင့် လုံးဝန်းသော ခန္ဓာကိုယ်ကြီးတစ်ခုမှာ ရုတ်တရက်ဆိုသလို ရှေ့သို့ ပြေးထွက်လာ၏။ ၎င်း၏ အမြန်နှုန်းမှာ အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် လူတိုင်းထင်ထားသည်ထက်ပင် ပို၍ မြန်ဆန်လွန်းနေ၏။ ရင်ပြင်ထဲမှ ကျင့်ကြံသူများမှာ သူတို့၏မျက်လုံးများထဲတွင် မှုန်ဝါးဝါး အရာတစ်ခုကိုသာ မြင်လိုက်ရသည်။ မြင်ကွင်းတစ်ခုလုံးကို ရှင်းရှင်းလင်းလင်း ပြန်မြင်ရလိုက်သောအချိန်တွင် ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်နှင့် ကျိုးရိရှန်တို့၏ ကြားတွင် မတ်တတ်ရပ်နေပြီဖြစ်သည်။

သူသည် ချက်ချင်းရောက်ရှိလာပြီး ကျိုးရိဖန်၏ ရှေ့တွင် ဝင်ရပ်ကာ ကျိုးရိရှန်၏ အမြင်အာရုံအား ပိတ်ဆို့လိုက်၏။ သူသည် မြင့်မားသောတောင်ကြီးတစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်နေပြီး အံ့ဩမှင်တက်ဖွယ်ရာကောင်းသည့် အငွေ့အသက်တစ်မျိုး သူ၏ ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲထွက်ပေါ်လာသောကြောင့် လူတိုင်း အံ့ဩတုန်လှုပ်သွားရတော့သည်။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင်မူ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထင်ဟပ်လာ၏။

” မင်းက တော်တော်လေးကို မောက်မာနေတာပဲကွ ”

ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်အား ရှေ့သို့ ဆက်၍ ပြေးမလာနိုင်အောင် တားဆီးလိုက်ပြီး ကျိုးရိရှန်အား စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်၏။

” ရိဖန်က ငါ့ရဲ့ ညီအစ်ကိုကွ။ မင်း သူနဲ့ စာရင်းရှင်းစရာရှိရင် ငါ့ဆီကို လာခဲ့။ ငါ အရင်တစ်ခေါက်တုန်းက မင်းကို ရိုက်နှက်ခဲ့ရတာ မဝသေးဘူး ”

ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာဆိုလိုက်၏။ ထို့နောက် သူသည် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးအား မျက်နှာအမူအရာ ပြောင်းလဲသွားပြီဖြစ်သော ကျိုးရိရှန်ဘက်သို့ လှည့်ကာ သူ့အား အထင်သေးသည့်အကြည့်ဖြင့် စိုက်ကြည့်နေလိုက်တော့သည်။

ကျိုးရိရှန်၏ မျက်နှာအမူအရာမှာမူ ရှုံ့မဲ့နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့ ရောက်ရှိလာမှုနှင့် သူ၏စကားများကြောင့် အစတုန်းက အသားများ တဆတ်ဆတ် တုန်ရီနေခဲ့သော ကျိုးရိဖန်မှာ တဖြည်းဖြည်းနှင့် ပြန်၍ တည်ငြိမ်လာ၏။ ထို့နောက် သူ၏ ဒေါသစိတ်များမှာလည်း သူ၏နှလုံးသားထဲ၌ ပျောက်ကွယ်သွားတော့သည်။ ဝမ်ပေါင်လဲ့ ရောက်ရှိလာမှုကြောင့် သူသည် ပို၍ စိတ်တည်ငြိမ်လာသလို ခံစားလိုက်ရ၏။

ကျိုးရိဖန်မှာ သူ၏ရှေ့ရှိ တောင်ကြီးတစ်လုံးနှင့်တူနေသော ခန္ဓာကိုယ်အား ငေးကြည့်ရင်း ဝိညာဉ်အမြစ်ရွာနှင့် ကူးလောင်ချိုင့်ဝှမ်းများထဲတွင် ဖြစ်ပျက်ခဲ့သည့် အရာများနှင့် အလားတူ မြင်ကွင်းများကို ပြန်၍အမှတ်ရသွားတော့သည်။

ဝမ်ပေါင်လဲ့သာ ရှိနေပါက အရာအားလုံး အဆင်ပြေသွားမည့် အတိုင်းပင်။

ဝမ်ပေါင်လဲ့နှင့် ကျိုးရိရှန်တို့ မျက်နှာချင်းဆိုင်နေချိန်တွင် ကျောက်ယမုန့်မှာ ခံစားချက်မရှိသော မျက်နှာအမူအရာဖြင့် ရှေ့သို့လျှောက်လှမ်းလာပြီး ဝမ်ပေါင်လဲ့၏ဘေး၌ ဝင်ရပ်လိုက်၏။ သူမမှာ စကားတစ်ခွန်းမှ မပြောသည့်တိုင်အောင် မည်သည့်ဘက်တွင် ရပ်တည်နေမှန်း သိသာထင်ရှားပေသည်။

သူမ၏ ရောက်ရှိလာမှုကြောင့် ဖိအားများ ခံစားနေရပြီဖြစ်သော ကျိုးရိရှန်မှာ ပို၍ပင် စိတ်ဖိစီးသွားရ၏။

လူအုပ်ထဲမှ လူများစွာမှာ ကျောက်ယမုန့်၏ နောက်ခံအင်အားအကြောင်းကို မသိကြပါသော်လည်း သူသည် သူမနှင့်ပတ်သက်သည့် အကြောင်းအရာအချို့ကို ကြားသိထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် ဝိညာဉ်အမြစ်ရွာထဲတွင် ရှိခဲ့စဉ်တုန်းက ကျောက်ယမုန့်နှင့် ခပ်ကင်းကင်း နေခဲ့ခြင်းဖြစ်သည်။

သူ၏ မူလအကြံအစည်မှာ ကျိုးရိဖန်အား ရန်စကာ သူ့အား တိုက်ခိုက်လာအောင် ရန်ဆွပေးရန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျိုးရိဖန်၏ တိုးတက်မှုများကြောင့် သူသည် ဖိအားများနှင့် ရင်ဆိုင်နေရပြီး အလွန် အန္တရာယ်ရှိနေပြီဟု ခံစားနေရသောကြောင့်ဖြစ်သည်။

သူသည် မိသားစုမျိုးနွယ်စု၏ လျှို့ဝှက်ဆန်းကြယ် စာလိပ်များထဲတွင် တိုက်ပွဲဝင်စစ်သည်တစ်ယောက်၏ စွမ်းအားမှာ သခင်ဖြစ်သူထက် ပို၍သာလွန်သွားမည်ဆိုပါက ထိုသခင်ဖြစ်သူမှာ တိုက်ပွဲဝင်စစ်သည်၏ အနိုင်ယူခြင်းကိုခံရပြီး ဝါးမျိုခြင်းကို ခံလိုက်ရမည်ဟု မှတ်တမ်းတင်ထားသည်ကို ဖတ်ရှုထားပြီးသားဖြစ်သည်။

သူသည် ထိုကဲ့သို့ လုံးဝဖြစ်မခံနိုင်ပေ။ သူသည် ကျိုးရိဖန်အား အစွမ်းထက်လာခွင့် ပေးနိုင်ပါသော်လည်း သူထိန်းချုပ်နိုင်သည့် အတိုင်းအတာထဲတွင် ရှိနေရပေမည်။ အစပိုင်းတွင် သူသည် ဝိညာဉ်အမြစ်ရွာထဲ၌ အစီအစဉ်တစ်ခု ရေးဆွဲထားခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုအစီအစဉ်ကို ဖျက်ဆီးသွားခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျိုးရိဖန်မှာ ရှစ်လက်မ ဝိညာဉ်အမြစ်တစ်ခုကို ရသွားခဲ့ရခြင်းဖြစ်သည်။

ထို့အပြင် သူတို့ မိသားစုမျိုးနွယ်စု၏ တိုက်ပွဲဝင်စစ်သည်လျှို့ဝှက်ဆန်းကြယ် ပညာရပ်နှင့် ပတ်သတ်၍လည်း စည်းမျဉ်းစည်းကမ်းများစွာ ရှိနေသေးသည်။ ထိုစည်းမျဉ်းများထဲတွင် ကံ၊ကံ၏အကျိုး အစရှိသည့် အရာများ ပါဝင်နေပြီး အလွန်အင်မတန်မှ ရှုပ်ထွေးလွန်းနေ၏။ ရိုးရိုးရှင်းရှင်းဆိုရမည်ဆိုလျှင် အမုန်းတရားမှာ သူတို့နှစ်ယောက်အား တစ်သားတည်းဖြစ်အောင် ပေါင်းစည်းပေးထားသည့် သစ်စေ့တစ်စေ့ ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲဝင်စစ်သည်မှာ သူ့အား ပိုမုန်းလေလေ ၎င်း၏ အမြစ်များမှာ ပို၍ ကြီးထွားလာလေလေဖြစ်သည်။ ထို သစ်စေ့ထဲမှ အသီးထွက်လာမည့် နေ့တွင် သခင်ဖြစ်သူမှာ တိုက်ပွဲဝင်စစ်သည်အား လက်ခုပ်ထဲမှ ရေကဲ့သို့ အလုံးစုံ ထိန်းချုပ်သွားနိုင်မည်ဖြစ်သည်။

ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အလွန်အင်မတန်မှ ရှုပ်ထွေးလွန်းပေသည်။ အမုန်းတရားသစ်စေ့အား စိုက်ပျိုးရန် လိုအပ်သလို တိုက်ပွဲဝင်စစ်သည်ကိုလည်း သားရဲတစ်ကောင်ကဲ့သို့ ယဉ်ပါးအောင်လုပ်ကာ ၎င်း၏ ဖီဆန်လိုသောစိတ်များကို ထပ်ခါတလဲလဲ နှိုးဆွပေးပြီး နောက်ဆုံးတွင် အတင်းအဓမ္မ ချေမှုန်းပစ်ရန်လည်း လိုအပ်ပေသည်။ ထိုအခါ တိုက်ပွဲဝင်စစ်သည်၏ အသိစိတ်ထဲတွင် ပြန်လည်ခုခံတွန်းလှန်လိုစိတ် မရှိသော အတွေးအခေါ်တစ်ခု စွဲထင်သွားမည် ဖြစ်သည်။

ထို့ကြောင့် သူသည် ကျိုးရိဖန်နှင့် ဆုံတွေ့လိုက်ရသည့် အချိန်တွင် ကျိုးရိဖန်၏ အမုန်းတရားများ ကြီးထွားလာစေရန်အတွက် သူလုပ်နေကျအတိုင်း ကျိုးရိဖန်အား ရန်စလိုက်ခြင်းဖြစ်သည်။ သူသည် မိသားစုမျိုးနွယ်စု၏ မျိုးရိုးစဉ်ဆက် လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကိုအသုံးပြု၍ ကျိုးရိဖန်အား ဖိနှိပ်ချုပ်ချယ်ကာ သံသရာစက်ဝန်းထဲတွင် သူတို့နှစ်ယောက်အား ပိုမိုခိုင်မြဲလာအောင် ချည်နှောင်ရန် ကြံရွယ်နေခြင်းဖြစ်သည်။

သို့သော် ယခုအကြိမ်တွင်လည်း ဝမ်ပေါင်လဲ့မှာ သူ၏အစီအစဉ်များကို ရပ်တန့်လိုက်ပြန်ပြီ ဖြစ်သည်။

ကျိုးရိရှန်မှာ မျက်နှာမဲ့နေရတော့သည်။ သို့သော် သူသည် ဝမ်ပေါင်လဲ့အပေါ် သူ၏ဒေါသများကို ပုံချ၍မဖြစ်ပေ။ ဝမ်ပေါင်လဲ့ တစ်ယောက်တည်းကြောင့်ပင် သူသည် သတိကြီးကြီး ထားနေရသည်ဖြစ်ပြီး ယခုအကြိမ်တွင် ကျောက်ယမုန့်ကိုပါ ထည့်တွက်ထားရမည် မဟုတ်ပါလော။

သူတို့၏ ပတ်ပတ်လည်မှ လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ ထိုကိစ္စမှာ သူတို့နှင့် လုံးဝမဆိုင်ပါသော်လည်း သူတို့မှာ စပ်စုချင်ကြပေသည်။ ထို့ကြောင့် ထိုလူအုပ်ကြီးမှာ ချင်ချင်းပင် ဘေးသို့ ဖယ်ပေးလိုက်ကြသဖြင့် ဝမ်ပေါင်လဲ့နှင့် အပေါင်းပါများအတွက် နေရာတစ်ခုပေါ်လာ၏။

ကျိုးရိရှန်မှာ အချိန်အတော်အတန်ကြာအောင် ဆိတ်ငြိမ်နေပြီးနောက် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့အား အဓိပ္ပါယ်ပါပါ ကြည့်ကာ ရက်ရက်စက်စက် ပြုံးလိုက်၏။

” မင်းတို့နှစ်ယောက်က ကလေးထိန်း လုပ်ပြီးတော့ ငါ့ရဲ့ သုံးစားမရတဲ့ ညီလေးကို ကာကွယ်ချင်နေမှတော့ ငါ ဘာစကားမှ ပြောနေစရာ မလိုပါဘူး။ ဒါပေမဲ့…. သူက ကျိုးမိသားစုကနော်။ ဒီတစ်ခေါက်တော့ ငါတို့တွေ ခွင့်လွှတ်ပေးလိုက်မယ်။ နောက်တခါကျရင်တော့ သေချာမှတ်ထား။ ကျိုးမိသားစုက မိသားစုကိစ္စတွေထဲ အပြင်လူတွေဝင်ရှုပ်တာကို မကြိုက်ဘူးကွ ”

ကျိုးရိရှန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် အင်္ကျီလက်ကို ဘေးဘက်သို့ ဝှေ့ယမ်းလိုက်ပြီး ခပ်လှမ်းလှမ်းတွင် ရပ်နေသော လင်းတျန်ဟောက်အား ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် မျက်နှာထားတင်းတင်းဖြင့် နှုတ်ဆက်စကားဆိုလိုက်ပြီး နောက်သို့လှည့်ကာ မြို့စားအိမ်ရာထဲမှ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။

ထို့ကြောင့် ဆူပူလှုပ်ရှားမှုများမှာ ငြိမ်ကျသွား၏။ လင်းတျန်ဟောက်မှာလည်း စိတ်အေးသွားရပြီး စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်၏။ အကယ်၍ ဧည့်သည်များသာ ခိုက်ရန်ဖြစ်ပွားနေမည်ဆိုပါက သူသည် အကြပ်ရိုက်သွားရမည်ဖြစ်သည်။ သူတို့မှာ ဂုဏ်ကျက်သရေရှိ ဧည့်သည်များ မဟုတ်ပါလော။ တစ်ယောက်မှာ သူ၏မိသားစုမျိုးနွယ်စုနှင့် ရင်းနှီးမှုရှိသော ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အဖွဲ့ဝင်တယောက်ဖြစ်ပြီး အခြားသူများမှာ သူနှင့် ကျောင်းတူတူ တက်ရောက်နေသည့် ကျောင်းသားများ ဖြစ်ပေသည်။

ထို့ကြောင့် သူသည် မည်သည့်ဘက်ကို ကူညီရမှန်းမသိ ဖြစ်နေချိန်တွင် ရွေးချယ်စရာမလိုတော့သဖြင့် ကံကောင်းသွား၏။ ထို့ကြောင့် သူသည် ပြုံးလိုက်ပြီး တင်းမာမှုများကို လျှော့ချရန် ကြိုးစားလိုက်၏။

သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ဖျတ်ခနဲလက်သွား၏။ ပြဿနာစရှာခဲ့သူမှာ ကျိုးရိရှန် မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်အား သူလုပ်ချင်တိုင်း လုပ်ပြီးမှ အသာတကြည် ထွက်ခွာသွားခွင့် ပေးနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလို ရှေ့သို့လာပြီး သူ၏ညာလက်သီးကို ဆုပ်ကာ မြှောက်လိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ ‌အငွေ့အသက်များ ထွက်ပေါ်လာပြီး သူ၏နှုတ်မှ မိုးခြိမ်းသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာတော့သည်။

” လူတစ်ယောက်ကို စော်ကားပြီးမှ ထွက်သွားဖို့ ကြံနေတာလား ”

” မင်း တောင်းပန်ပြီးရင်တော့ ထွက်သွားလို့ရမယ် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီး ကျိုးရိရှန်ဆီသို့ ချဉ်းကပ်လာ၏။ ထို့နောက် သူ၏ မြှောက်ထားသော လက်သီးမှာ လေဆင်နှာမောင်းတစ်ခုကို ဖန်းတီးလိုက်သဖြင့် ထစ်ချန်းသံများထွက်ပေါ်လာပြီး ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးမှာ အံ့အားသင့်သွားကာ အထူးတဆန်းနှင့် ကြည့်နေကြတော့သည်။ လီရှို့မှာ မျက်လုံးများမှေးသွားပြီး သူ၏ မျက်ဝန်းများထဲ၌ အံ့အားသင့်နေသည့် အရိပ်အယောင်များ ထင်ဟပ်လာ၏။

လူတိုင်း ထိုကဲ့သို့ ဆွံ့အမှင်တက်နေကြစဉ် ထွက်ခွာသွားရန်ပြင်နေသည့် ကျိုးရိရှန်မှာ သူ၏နောက်ဘက်မှနေ၍ ကြောက်မက်ဖွယ်အငွေ့အသက်ကြီးတစ်ခု တရိပ်ရိပ် မြင့်တက်လာသည်ကို ရုတ်တရက်ဆိုသလို ခံစားမိလိုက်၏။ ထို့ကြောင့် သူ၏မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။

” ဝမ်ပေါင်လဲ့။ တရားမလွန်နဲ့နော်။ ငါ မင်းကို ကြောက်တယ်လို့များ ထင်နေလား ”

ကျိုးရိရှန်မှာ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် နောက်သို့ ချာခနဲလှည့်လာ၏။ ထို့နောက် သူ၏ လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီး သူ့ဆီသို့ ချဉ်းကပ်လာနေသော ဝမ်ပေါင်လဲ့ဆီသို့ ဆန့်ထုတ်လိုက်၏။

ထိုအခါ ချက်ချင်းဆိုသလိုပင် သူနောက်၌ အရိပ်တစ်ခု ပေါ်လာ၏။ ၎င်းမှာ မိမိ၏ အတိတ်ဘဝမှ ပုံရိပ်ကို ဆင့်ခေါ်နိုင်သည့် သူတို့ မိသားစုမျိုးနွယ်စု၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ပင်ဖြစ်သည်။ ထိုအရိပ်ကြီး ထွက်ပေါ်လာပြီးနောက် ထိုပညာရပ်မှာ ရပ်တန့်သွားခြင်းမရှိဘဲ ဒုတိယမြောက် အရိပ်တစ်ခု ထွက်ပေါ်လာပြန်သည်။

ထိုသို့ အရိပ်နှစ်ခု ဆင့်ခေါ်နိုင်ရန်မှာ အာနာပါနအဆင့်အတွက် အလွန်အင်မတန်မှ ခဲယဥ်း၏။ ထိုအကြောင်းအရင်းကြောင့်လည်း ကျိုးရိရှန်မှာ ကြောက်ရွံ့နေသည့် မပေါ်ခြင်းဖြစ်ပေသည်။ ထိုအတိတ်ဘဝနှစ်ခု၏ ပုံရိပ်များမှာ သူနှင့် လျင်မြန်စွာ ပေါင်းစည်းသွားသောအခါ သူ၏ အငွေ့အသက်များမှာ ချက်ချင်းပင် ထိုးတက်သွားပြီး သူ၏တိုက်ကွက်မှာ ဝမ်ပေါင်လဲ့၏ လက်သီးနှင့် ထိသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ မျက်ခုံးပင့်လိုက်၏။ သူသည် ထိုတိုက်ကွက်အား ရှောင်တိမ်းနေခြင်းမရှိဘဲ သူ၏ အပြင်ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသော စွမ်းအားများကို သုံးကာ ဆွေ့ရှင်းပေါင်ကို ထုတ်လွှတ်လိုက်တော့သည်။

ထိုအခါ ထစ်ချုန်းသံတစ်သံ ကောင်းကင်ယံ၌ ချက်ချင်းပင် ပဲ့တင်ထပ်သွားပြီး မိုးကောင်းကင်ကြီးတစ်ခုလုံး တုန်ရီသွားကာ လေပြင်းများ တိုက်ခတ်လာတော့သည်။ ကျိုးရိရှန်မှာလည်း မယုံကြည်နိုင်လောက်အောင်ဖြစ်သွားကာ မျက်လုံးများပြူးသွားရပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ရီသွားတော့သည်။။

Comment

Leave a Reply

Options

not work with dark mode
Reset