ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ ဝမ်းတွင်းအသိစိတ်များကို အပြည့်အဝယုံကြည်ထားသည်။ သူမသည် မွေးရာပါဝိညာဉ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ အချိန်အများစုတွင် သူမ၏ စိတ်အာရုံခံနိုင်စွမ်းများမှာ သာမန်လူများထက် ပို၍ သာလွန်နေသည် မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထားကာ ဟွမ်ရှန်း၏ အဝေးသို့ တဖြည်းဖြည်းနှင့် မသိမသာ ထွက်ခွာသွားလိုက်၏။
ကံကောင်းသည်မှာ လူအုပ်ကြီးမှာ အလွန်အင်မတန်မှ ကြီးမားနေခြင်းပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ လှုပ်ရှားမှုများမှာ သိသာထင်ရှားနေခြင်းမရှိပေ။ အချိန်အနည်းငယ်ခန့် ကြာပြီးနောက် တေးသံများမှာ တဖြည်းဖြည်းနှင့် ရပ်တန့်သွားကြပြီး လူအုပ်ကြီး၏ ရှေ့ပိုင်းမှ ရယ်မောသံများ ထွက်ပေါ်လာတော့သည်။
ထိုရယ်မောသံများမှာ ကျယ်လောင်ကာ ရှင်းလင်းပြတ်သားနေပြီး လေထဲတွင် ပဲ့တင်ထပ်သွား၏။ ထို့နောက် ဖိနှိပ်အားပြင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသဖြင့် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြပြီး ရှေ့ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
သူတို့အားလုံးမှာ အိမ်ရာအတွင်းပိုင်းထဲရှိ အခန်းများထဲမှ လူတစ်ယောက် ထွက်ပေါ်လာသည်ကို ကြည့်နေကြသည်။ ထိုပုဂ္ဂိုလ်မှာ အရပ်မြင့်မားကာ ဆွဲဆောင်မှုရှိသော ရုပ်ရည်တစ်ခုကိုပိုင်ဆိုင်ထားပြီး လင်းတျန်ဟောက်နှင့် ဆင်တူသော သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်။ သူသည် ခပ်ပွပွ ဝတ်ရုံရှည်ကြီးတစ်ခုကို ဆင်မြန်းထားပြီး သူ၏ဆံပင်ရှည်များမှာ နောက်ကျောအထိ ကျနေ၏။ သူ၏ မျက်ဝန်းများမှာလည်း ကြယ်များကဲ့သို့ ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ တမူထူးခြားသော ညှို့ဓာတ်တစ်ခုကို ပိုင်ဆိုင်ထားသည်။
သူ ရှေ့သို့ထွက်လာသောအခါ သူ၏ရယ်မောသံကြီးမှာ ကောင်းကင်ယံထဲ၌ မြည်ဟည်းသွား၏။ သူသည် သူ၏ ကျင့်ကြံခြင်းကို ချုပ်တည်းထားသည့်ပုံ ပေါ်ပါသော်လည်း သူ့ဆီမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင်များမှာ ဖိအားများ ပြင်းထန်နေဆဲဖြစ်ပင်။
ဝမ်ပေါင်လဲ့မှာ အသက်ပင် မရှူနိုင်တော့ဘဲ ရပ်တန့်သွားရ၏။ လူတိုင်း၏ ကျင့်ကြံခြင်းများမှာလည်း ဖိနှိပ်ခံလိုက်ရပြီး မတည်မငြိမ်ဖြစ်သွားကြတော့သည်။ ထိုလူကြီး တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့၏ ကျင့်ကြံခြင်းများမှာ ရုတ်ခြည်းဆိုသလို ပေါက်ကွဲသွားတော့မည့်ပုံပင်။
” အမြုတေအဆင့်ပဲ ”
သူ မည်သူမည်ဝါဖြစ်ကြောင်း ဆက်၍ ခန့်မှန်းနေရန် မလိုတော့ပေ။ ဝမ်ပေါင်လဲ့သည် ထိုလူကြီးမှာ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူ၏ ကျင့်ကြံခြင်းအဆင့်တို့ကို ချက်ချင်းပင် သိရှိသွားတော့သည်။ ကောင်းကင်မြို့စား၏ အိမ်ရာထဲတွင် ယခုကဲ့သို့ ကျင့်ကြံခြင်းအဆင့်မျိုးနှင့် ခံ့ညားထည်ဝါသော အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားသည့်လူမှာ တစ်ယောက်တည်းသာ ရှိပေသည်။
ထိုသူမှာ ကောင်းကင်မြို့စား တဖြစ်လဲ ပြည်ထောင်စုကြီး၏ လွှတ်တော်အမတ် ဆယ့်ခုနစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သော လင်းယုံ ဖြစ်သည်။
” မင်္ဂလာပါ လွှတ်တော်အမတ်လင်း ”
” မင်္ဂလာပါ မြို့စားလင်း ”
လင်းယုံ ရှေ့သို့လှမ်းလာချိန်တွင် လူတိုင်း ငြိမ်ကျသွားကြပြီး သူ့အား တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် လင်းယုံ၏ ကျင့်ကြံခြင်းအဆင့်နှင့် ရာထူးအဆင့်အတန်း နှစ်ခုစလုံးမှာ သူတို့ လိုက်မမီနိုင်လောက်အောင် မြင့်မားနေပြီဖြစ်သည်။ သူသည် ပြည်ထောင်စုကြီး၏ ဩဇာအာဏာကြီးမားသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသော သူတို့ ဖခင်ဖြစ်သူများနှင့် အဆင့်အတန်း အတူတူပင် ဖြစ်သည်။
ထိုကဲ့သို့ ဩဇာအာဏာကြီးမားသော လူများမှာ ခြေတစ်ချက် ဆောင့်လိုက်ရုံဖြင့် ပြည်ထောင်စုကြီးတစ်ခုလုံးကို တုန်ရီသွားစေနိုင်ပေသည်။
သူ့အား သခင်တစ်ပါးဟု ခေါ်ဆိုခြင်းမှာ ပုံကြီးချဲ့ရာ ကျမည်မဟုတ်ပေ။ သူသည် ကောင်းကင်မြို့တော်ထဲရှိ အရာအားလုံးကို ချုပ်ကိုင်ထားသော ဩဇာအာဏာကြီးမားသည့် သခင်တစ်ပါး ဖြစ်သည်။
သူ ရှေ့သို့လျှောက်လှမ်းလာသည်နှင့်အမျှ သူ၏ အငွေ့အသက်များမှာ ပျံ့လွင့်ထွက်ပေါ်လာ၏။ လူတိုင်းမှာ လင်းယုံအား စိုက်ကြည့်နေကြပြီး သူ့အား နှုတ်ဆက်ကာ ကြိုဆိုလိုက်ကြ၏။
နေမင်းကြီးကဲ့သို့ ထွန်းလင်းတောက်ပနေသည့် လင်းယုံ၏နောက်တွင် အခြားလူနှစ်ယောက် ရပ်နေ၏။ တစ်ယောက်မှာ လင်းတျန်ဟောက်ဖြစ်ပြီး အခြားတစ်ယောက်မှာ အဘိုးကြီးတစ်ယောက်ဖြစ်သည်။ ထိုအဘိုးကြီးမှာ ပါးရေနားရေများ တွန့်နေပြီဖြစ်သည်။ သူသည် အစေခံအိုကြီးတစ်ယောက်နှင့် တူပြီး သူ၏လက်များကို အင်္ကျီလက်ထဲ၌ ထိုးထည့်ထား၏။ ထို့နောက် သူသည် အနည်းငယ်ခန့် ခါးကုန်းကာ ခေါင်းငုံ့၍ ရှေ့သို့လျှောက်လှမ်းလာ၏။ သူ၏ ပုံစံမှာ အမြဲတမ်း ရွှင်ပြုံးနေသည့် ပုံစံပင်။
သူ့ဆီမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင် အငွေ့အသက်များမှာ လင်းယုံထက် အနည်းငယ်မျှသာ အားပျော့နေ၏။
” မင်းက ရှို့လေးမလား။ မင်း အဖေနဲ့ နောက်ဆုံးဆုံခဲ့တုန်းက သူက မင်းအကြောင်းတွေ ပြောပြခဲ့သေးတယ် ”
လင်းယုံမှာ ရွှင်ပျစွာပြုံးကာ ရှေ့သို့လျှောက်လှမ်းလာရင်း လူအုပ်ကြီးအား ဝေ့ဝိုက်ကြည့်လိုက်၏။ သူသည် သူတို့အား ခေါင်းညိတ်ပြကာ ပြုံးပြလိုက်ပြီး သူတို့နှင့်အတူ အာလာပသလ္လာပ စကားအချို့ ပြောဆိုနေ၏။
” တူလေးခွင်း။ မင်းအဖေရဲ့ ဒဏ်ရာတွေရော သက်သာသွားပြီလား။ ငါ သူနဲ့ မတွေ့ရတာတောင် နှစ်နဲ့ချီနေပြီ။ သူက ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးပွဲတချို့ကို မတက်ခဲ့ဘူးလေ။
” တာအိုကျောင်းလေးကျောင်းက ထွက်တဲ့ ကျောင်းသားတွေက တစ်နှစ်ထက်တစ်နှစ် ပိုပြီးတော့ကို ထူးချွန်ထက်မြက်လာတာပဲ။ မင်းတို့တွေအားလုံးက လူတော်တွေချည်းပါပဲ။ မင်းတို့တွေ ပြည်ထောင်စုထဲမှာရှိ နေမှတော့ ငါတို့လို အဘိုးကြီးတွေ စိတ်ချလက်ချနဲ့ နေလို့ရပါပြီ။ မင်းတို့ထဲက တချို့က ဒီနှစ်မှာကျင်းပမယ့် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာပြိုင်ပွဲထဲမှာ ဝင်ပြိုင်ကြမှာမလား။ မင်းတို့တွေအကုန်လုံး အခြေတည်အဆင့်ကို ချောချောမွေ့မွေ့နဲ့ ရောက်ရှိနိုင်ဖို့ ငါ ဆုတောင်းပေးပါတယ် ”
လင်းယုံမှာ ရယ်မောကာ ဆိုလိုက်ပြီး ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများအား ဖျတ်ခနဲကြည့်ရှုလိုက်၏။ ထို့နောက် သူသည် အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ အနည်းမျှသာ ခေါင်းညိတ်လိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ တစ်ခဏမျှ ရပ်တန့်သွားရ၏။ လင်းယုံ၏ ရာထူးအာဏာနှင့် လုပ်ပိုင်ခွင့်ကို အထင်သေး၍မရပေ။ သူသည် ထိုလူကြီး၏ သားဖြစ်သူနှင့် သူ၏ကြားတွင် ရှိနေသော တင်းမာမှုများကို တွေးမိလိုက်၏။ သို့သော် ထိုလူကြီး၏ပုံမှာ သဘောထားသေးသိမ်သည့်ပုံတော့ မပေါ်ပေ။
” ကလေးတွေကြားက ပြဿနာထဲမှာတော့ ဒီ လွှတ်တော်အမတ်လင်းက ဝင်မပါလောက်ပါဘူး။ တကယ်လို့ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကိုသုံးပြီးတော့ အနိုင်ကျင့်ရဲမယ်ဆိုရင် ငါကလည်း တာအိုကျောင်းကို ငါ့ဘက်ကနေပါပေးဖို့ တောင်းဆိုလိုက်ရုံပဲ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် သူနှင့် စစ်တပ်ကြားရှိ ဆက်ဆံရေးကိုလည်း ပြန်၍သတိရသွားသဖြင့် ယုံကြည်မှုအပြည့် ရှိသွားတော့သည်။
” ဒီ တွေ့ဆုံပွဲက မင်းတို့လူငယ်တွေ အတွက်ပါပဲ။ ငါ ကြာကြာကြီး မနေတော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးတော့ မိတ်ဆွေတွေဖွဲ့ကြပေါ့။ ဟောက်အာ။ မင်းရဲ့မိတ်ဆွေတွေကို လိုလေသေးမရှိအောင် ဧည့်ခံနော် ”
လင်းယုံမှာ စကားများများစားစား ပြောမနေတော့ပေ။ သူသည် တစ်ခဏမျှ လူလုံးထွက်ပြရန်သာ ကြံရွယ်ထား၏။ ထို့ကြောင့် သူသည် လင်းတျန်ဟောက်အား လိုအပ်သည်များကို မှာကြားလိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။
သူထွက်ခွာသွားသောအခါ လေထုထဲတွင် ရှိနေသော ဖိအားများမှာ ပျောက်ကွယ်သွားပြီး လင်းတျန်ဟောက်မှာလည်း စိတ်သက်သာရာ ရသွားသည့်ပုံစံဖြင့် သက်ပြင်းချလိုက်၏။ သူသည် ရုတ်တရက်ဆိုသလို သူ့ကိုယ်သူ ဂုဏ်ယူမိသွားတော့သည်။ ထို့နောက် သူ လက်ခုပ်တီးလိုက်သောအခါ အစေခံများမှာ ကျောက်စိမ်းသေတ္တာများ သယ်ဆောင်၍ ထွက်လာကြတော့သည်။
ထိုကျောက်စိမ်းသေတ္တာများ ပေါ်လာသောအခါ လူအုပ်ကြီးမှာ မျှော်လင့်တကြီးနှင့် စိုက်ကြည့်နေကြ၏။ သူတို့ ထိုနေရာသို့ ရောက်ရှိနေရသည့် အဓိကရည်ရွယ်ချက်မှာ ကောင်းကင်သစ်သီးကြောင့် ဖြစ်သည်။ လင်းတျန်ဟောက်မှာ လူအုပ်ကြီး၏ မျက်နှာအမူအရာများကို မြင်လိုက်ရသောအခါ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်တော့သည်။
” မိတ်ဆွေတို့ … ဒီနေ့ ငါက ငါ့မိသားစုရဲ့ အသုံးဖြုန်းကြီးတဲ့ သားတစ်ယောက်အနေနဲ့ ဒီမှာရှိတဲ့ လူတွေအားလုံးကို ကောင်းကင်သစ်သီးတွေ လက်ဆောင်ပေးမယ်ကွာ။ မင်းတို့တွေအားလုံးရဲ့ ကျင့်ကြံခြင်းခရီးစဉ်တွေကို ရှေ့ကိုဆက်လျှောက်နိုင်ဖို့ ငါ ဆုတောင်းပေးပါတယ် ”
လင်းတျန်ဟောက်မှာ ရုပ်ရည်ချောမောပြီး အသံအောင်သလို သူ၏စကားလုံး အသုံးအနှုန်းများမှာလည်း နားဝင်ချိုလွန်းနေ၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ သူ၏မိန့်ခွန်းအား အဆုံးသတ်လိုက်တော့သည်။
ထို့ကြောင့် လူများစွာ သူ့အား ချက်ချင်းဆိုသလိုပင် နှစ်သက်သဘောကျသွားကြ၏။ ဝမ်ပေါင်လဲ့ပင်လျှင် သဘောကျထောက်ခံသည့် အမူအရာဖြင့် သက်ပြင်းချမိလိုက်၏။ ထို့နောက် အစေခံများ ရောက်ရှိလာကြပြီး ခဏအကြာတွင် လူတိုင်း၏ရှေ့၌ ကျောက်စိမ်းသေတ္တာတစ်လုံးစီ ရှိနေကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုသေတ္တာအား လှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်၏။ ထို့နောက် အလွန်အင်မတန်မှ မွှေးပျံ့သောရနံ့တစ်ခုကို ထုတ်လွှတ်နေသည့် ရဲရဲနီနေသော သစ်သီးကိုစိုက်ကြည့်ရင်း စားချင်စိတ်များ ပေါ်လာတော့သည်။
” တာအိုရောင်းရင်းတို့။ ဒီ ကောင်းကင်သစ်သီးက သုံးရက်ပဲ အထားခံတာမလို့ အတတ်နိုင်ဆုံး မြန်မြန်လေး စားပစ်ဖို့ အကြံပေးချင်ပါတယ် ”
လင်းတျန်ဟောက်မှာ ရယ်မောကာ ပြောဆိုလိုက်လိုက်၏။ လူအုပ်ကြီးမှာလည်း သူ့အား ကျေးဇူးတင်စကားများ ဆိုလိုက်ကြပြီးနောက် စားပွဲကြီးမှာ အစည်ကားအသိုက်မြိုက်ဆုံး အခိုက်အတန့်သို့ ရောက်ရှိလာတော့သည်။
ရယ်မောသံများနှင့် အပြန်အလှန် စကားပြောသံများမှာ ကျယ်လောင်လာကြပြီး တေးဂီတသံများ ပြန်လည်ထွက်ပေါ်လာသဖြင့် ရင်ပြင်ကြီးမှာ ကျက်သရေအပေါင်းနှင့် တင့်တယ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုသစ်သီးအား သူ၏ သိုလှောင်လက်ကောက်ထဲသို့ ထည့်ပစ်ချင်စိတ်များကို ချုပ်တည်းထားရ၏။ သူသည် ထိုသစ်သီးအား မစားဘဲ သူ၏မိဘများကို ပေးချင်ပါသော်လည်း အခြားလူတစ်ယောက်ကိုယ်တိုင် သူ့အား ပေးထားသည် မဟုတ်ပါလော။ ထို့အပြင် လင်းယုံ၏ အငွေ့အသက်နှင့် သူ၏ကျင့်ကြံခြင်းတို့မှာ ဝမ်ပေါင်လဲ့အပေါ် အများကြီးသက်ရောက်မှုရှိခဲ့၏။ ထို့ကြောင့် သူသည် သူနှင့် လင်းတျန်ဟောက်ကြားရှိ တင်းမာမှုများကို ဖြေရှင်းရန် ကြိုးစားသင့်၊ မသင့် ချင့်ချိန်တွေးတောနေစဉ် သူ၏နောက်မှ သက်ကြီးပိုင်း လူတစ်ယောက်၏ စကားသံတစ်သံ ထွက်ပေါ်လာသည်။
” အဆောင်မှူးဝမ်။ စကားလေး ပြောလို့ရမလား ”
ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကြည့်လိုက်သောအခါ စောစောတုန်းက လင်းယုံ၏ နောက်သို့ လိုက်နေသော အဘိုးကြီးမှာ သူ၏ရှေ့တွင်ရပ်၍ သူ့အား ပြုံးပြနေသည်ကို မြင်လိုက်ရသည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ကို ခါးခါးသီးသီး မဆက်ဆံရဲသောကြောင့် ထိုအဘိုးကြီးအား ချက်ချင်းပင် နှုတ်ဆက်လိုက်၏။ သူတို့၏ ပတ်ပတ်လည်မှ လူများမှာ ထိုအဘိုးကြီးရောက်လာသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူသည် ဝမ်ပေါင်လဲ့နှင့် နှစ်ယောက်တည်း စကားပြောချင်နေကြောင်း ရိပ်မိလိုက်ကြ၏။ ထို့ကြောင့် သူတို့မှာ အချင်းချင်း စကားစမြည်များပြောဆိုရင် အဝေးသို့ ထွက်ခွာသွားကြတော့သည်။
” အဆောင်မှူးဝမ်က အသက်ငယ်ပြီး လုပ်ရည်ကိုင်ရည် ရှိတဲ့အပြင် တမူထူးခြားတဲ့ ပါရမီတွေကိုပါ ပိုင်ဆိုင်ထားတာပါ။ အဲဒီတော့ လူလေးရဲ့ အနာဂတ်က ထွန်းတောက်နေမှာ အသေအချာပါပဲ။ ဒါပေမဲ့ အဘိုးက အသက်ကြီးနေပြီဆိုတော့ အဆောင်မှူးလေးရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ ပြည့်ဝလာတဲ့နေ့ကို မြင်ခွင့်ရနိုင်လိမ့်မယ်လို့ မထင်ပါဘူး ”
အဘိုးကြီးမှာ ဝမ်ပေါင်လဲ့အား သဘောကျနှစ်သက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။ သူသည် ထိုသို့သက်ပြင်းချလိုက်ပြီး သူ၏ညာလက်အား အင်္ကျီလက်ထဲမှ ဆန့်ထုတ်ကာ ကျောက်စိမ်းသေတ္တာတစ်ခုကို လှမ်းပေးလိုက်သည်။
” ဒါက အဘိုးရဲ့ သခင်ဖြစ်တဲ့ မြို့စားကြီးရဲ့ အထိမ်းအမှတ် လက်ဆောင်လေးတစ်ခုပါ။ အဆောင်မှူးဝမ်။ အတိတ်တွေကို အတိတ်မှာပဲ ထားခဲ့ရအောင်လား ”
အဘိုးကြီးက ထိုကျောက်စိမ်းသေတ္တာအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပေးရင်း ဆိုလိုက်၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ သူသည် ထိုကျောက်စိမ်းသေတ္တာကို ယူလိုက်ပြီး အဘိုးကြီး၏ရှေ့တွင် ကောက်ဖွင့်လိုက်၏။ အဘိုးကြီးမှာ ဝမ်ပေါင်လဲ့၏ ရဲတင်းမှုကြောင့် ဆွံ့အသွားရပြီးနောက် ပြုံးပြလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ အဖြေအား စောင့်ဆိုင်းနေလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုသေတ္တာအား ဖွင့်ကြည့်လိုက်ပြီးနောက် မျက်လုံးများပြူးသွားရ၏။ ထိုသေတ္တာထဲတွင် ကောင်းကင်သစ်သီး နှစ်လုံး ရှိနေ၏။ ၎င်းတို့မှာ အရွယ်အစား ပိုကြီးနေပြီး ပို၍ ချိုမွှေးမည့်ပုံလည်း ပေါက်နေ၏။
ဝမ်ပေါင်လဲ့မှာ ထိုကောင်းကင်သစ်သီးများကို စိုက်ကြည့်ရင်း စောစောတုန်းက ချမှတ်ခဲ့သည့် သူ၏ ဆုံးဖြတ်ချက်အား ပြန်လည်တွေးတောလိုက်၏။ သူသည် အနည်းငယ်ခန့် ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် တည်ကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။ သူသည် “ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ “ ဟူသော စကားကို လက်ခံကျင့်သုံးသူတစ်ယောက် ဖြစ်သည်။ အခြားတစ်ဖက်မှ လူများမှာ သူတို့၏ ချစ်ကြည်ရင်းနှီးမှုများကို ထုတ်ပြနေပြီဖြစ်ရာ သူသည်လည်း အငြှိုးအတေး ဆက်ထားနေစရာ အကြောင်းမရှိတော့ပေ။ လင်းတျန်ဟောက်နှင့် သူ၏မိသားစုမှာ သူ့အား ထပ်၍ ပြဿနာရှာကြတော့မည် မဟုတ်ပေ။
ထို့အပြင် ဝမ်ပေါင်လဲ့၏ အကျင့်စရိုက်နှင့်ဆိုလျှင် သူသည် ဤလက်ဆောင်များကို လက်ခံရယူထားလျှင်တောင် လိုအပ်လာပါက ကတိဖောက်ဖျက်ရန် ဝန်လေးနေမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့၏ အဖြေအား ကြားလိုက်ရသောအခါ အဘိုးကြီးမှာ ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး ထွက်ခွာသွားတော့သည်။ သူ အိမ်ရာထဲသို့ ပြန်ရောက်သွားချိန်တွင် လင်းယုံမှာ ပြတင်းပေါက်တွင်ရပ်ကာ အောက်ဘက်ရှိ လူအုပ်ကြီးအား လှမ်း၍ကြည့်နေ၏။ သူသည် လင်းတျန်ဟောက်၏ ပြောဆိုပြုမှုနေပုံများကို အကဲခတ်နေခြင်းဖြစ်သည်။ ထို့နောက် သူသည် သဘောကျကျေနပ်သွားပြီး စိတ်အေးသွားရသဖြင့် ပြုံးလိုက်တော့သည်။
” သခင်။ ဝမ်ပေါင်လဲ့က ကျေအေးပေးဖို့ သဘောတူလိုက်ပြီ ”
ထိုအဘိုးကြီးမှာ လင်းယုံ၏ ဘေးတွင်ရပ်၍ တရိုတသေ လျှောက်တင်လိုက်၏။
” ငါ့ရဲ့ လုပ်ရပ်တွေကို ဟောက်အာ နားလည်နိုင်ဖို့ မျှော်လင့်ပါတယ် ”
လင်းယုံမှာ လူအုပ်ထဲတွင် ရပ်နေသော လင်းတျန်ဟောက်အား ငေးကြည့်ကာ သက်ပြင်းချလိုက်တော့သည်။
” သခင်လေးက ဒီ စမ်းသပ်မှု ပြီးသွားတဲ့ နောက်ပိုင်းမှာ ပိုပြီးတော့ အမြော်အမြင်ရှိလာတာ သိသာပါတယ်။ ဒါတွေအားလုံးက ဝမ်ပေါင်လဲ့ကျေးဇူးကြောင့်ပါပဲ ”
အဘိုးကြီးမှာ ပြုံး၍ ဆိုလိုက်၏။
ထိုကဲ့သို့ အဘိုးကြီးက ဝမ်ပေါင်လဲ့အကြောင်း ပြောမိလိုက်သောအခါ လင်းယုံ၏ အကြည့်မှာ လင်းတျန်ဟောက်ပေါ်မှနေ၍ ဝမ်ပေါင်လဲ့ပေါ်သို့ ရောက်သွား၏။ သူသည် ဝမ်ပေါင်လဲ့အား အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်နေလိုက်ပြီးနောက် ပြုံးကာဆိုလိုက်၏။
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ ကောင်လေးက သာမန်ကျောင်းသားအဆင့်ကနေ ဓမ္မလက်နက်အဆောင်ရဲ့ လက်ထောက်အဆောင်မှူးဆိုတဲ့ အဆင့်အထိကို ရောက်လာတာ။ သူက ကောင်းကင်တာအိုကျောင်းထဲမှာ နာမည်ကြီးပဲ။ သူ့အကြောင်းမသိတဲ့လူ တစ်ယောက်မှမရှိဘူး။ စစ်တပ်ကလည်း သူ့ကို ပေါ်ပေါ်ထင်ထင် မြှောက်စားထားတာ။ ပြည်ထောင်စုဥက္ကဋ္ဌကြီးကတောင် သူ့ရဲ့နာမည်ကိုသိတယ်။ ပြီးတော့ သူက ပျိုးပင်တစ်ရာထဲမှာ သီးသန့်နေရာတစ်ခုကိုပါ ရခဲ့သေးတာ ”
” ငါတောင်မှ အစတုန်းက သူ့ရဲ့ အရည်အချင်းတွေကို လျှော့တွက်မိခဲ့တယ်။ ဟောက်အာ သူ့လိုလူမျိုးကို ရန်စမိခဲ့တာ ကောင်းတော့လည်းကောင်းပါတယ်။ အနည်းဆုံးတော့ ဝမ်ပေါင်လဲ့ သူ့ရဲ့ အစွမ်းထက်ဆုံးအချိန် မရောက်ခင်မှာ ငါ ဒီပြဿနာတွေကို ဖြေရှင်းနိုင်သွားတာပေါ့။ နည်းနည်းလောက်သာ နောက်ကျသွားလို့ ငါ ဖြေရှင်းနိုင်တဲ့အဆင့်မှာ မရှိတော့ရင် တကယ်ကို မိုးမီးလောင်မှာ ”
လင်းယုံ၏ တလေးတစား ချီးကျူးစကားများကို ကြားလိုက်ရသောအခါ အဘိုးကြီးမှာ သက်ပြင်းချမိလိုက်၏။
” သူက ထွန်းတောက်လာမယ့် ကြယ်ပွင့်အသစ်ပဲ။ သူ မတော်တဆ တစ်ခုခု ဖြစ်ပြီး အသက်ဆုံးရှုံးသွားရတာတို့၊ လမ်းမှားရောက်သွားရတာတို့ မရှိဘူးဆိုရင် သူ့ရဲ့အနာဂတ်က ထွန်းတောက်နေမှာ အသေအချာပဲ ”
” သူ့လိုလူမျိုးကို လုံးဝထိလို့မရတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ပေးဆပ်ရမယ့် တန်ဖိုးက ကြီးလွန်းနေမှာ။ တာအိုကျောင်းကြီးလေးကျောင်းစလုံးက အကန်းတွေ မဟုတ်ပါဘူး။ ဆရာ့ရဲ့ ရာထူးဂုဏ်ရှိန်တွေကို ဘေးဖယ်ထားပြီးတော့ ကျေအေးဖို့တောင်းဆိုလိုက်တာက အရမ်းကောင်းတဲ့ ရွှေ့ကွက်တစ်ခုလို့ သတ်မှတ်လို့ရပါတယ် ”
” ကိုယ်က ရာထူးကြီးလေလေ ကိုယ့်ကို လူတွေက ပိုပြီးတော့ ကြောက်ရွံ့လေးစားကြလေလေပဲ။ တန်ခိုးအာဏာဆိုတဲ့ အရာကိုက နှစ်ဦးနှစ်ဖက်စလုံး အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ အပေးအယူတွေ လုပ်ရတဲ့ အနုပညာတစ်ခုပဲ။ ပြီးတော့ ဒီတစ်ခေါက်မှာ ဝမ်ပေါင်လဲ့က ငါ့ဘက်ကနေ အတိုင်းအတာတစ်ခုထိ လျှော့ပေးရလောက်အောင်ကို အရည်အချင်းပြည့်မီနေတာလေ ”
လင်းယုံက လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
လင်းယုံမှာ ထိုသို့ဆိုလိုက်စဉ်မှာပင် အမူအရာ ပြောင်းလဲသွား၏။ ထို့နောက် ခေါင်းမော့ကာ လူအုပ်ကြီးရှိရာသို့ လှမ်း၍ကြည့်လိုက်သည်။ သူ၏နောက်မှအဘိုးကြီးမှာလည်း တစ်စုံတစ်ခုကို သတိထားမိသွားသည့်ပုံပင်။ ထို့ကြောင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ မကြာသေးမီတုန်းက စည်ကားသိုက်မြိုက်နေခဲ့သော ရင်ပြင်ကြီးထဲမှ ခိုက်ရန်ဖြစ်ပွားနေသည့် အသံများ ရုတ်တရက် ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။
👍👍