Switch Mode

အခန်း ( ၂၃၀ )

ထောင်ချောက်အဆောင်မှ ဟွမ်ရှန်း

ထိုကဲ့သို့ ခေါင်းမော့ရင်ကော့ထားပါသော်လည်း ဗိုက်ထွက်‌နေဆဲဖြစ်သည့် လူတစ်ယောက် သူ၏ဗိုက်ကို ပုတ်ပြနေသည့် မြင်ကွင်းအား အတိအကျ ဖော်ပြနိုင်ရန်မှာ ခဲယဉ်းလွန်းလှပေသည်။ သူ့ဆီမှ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်နေသော အငွေ့အသက်ကို ဖော်ပြနိုင်ရန်မှာလည်း ခဲယဉ်းလွန်းလှပေသည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ထောင်ထောင်မောင်းမောင်း အရပ်နှင့် သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အားကောင်းသော အငွေ့အသက်များကြောင့် သူ၏ရှေ့မှ လူအားလုံးမှာ ဆွံ့အနေကြခြင်း ဖြစ်သည်ဟု မှတ်ယူထား၏။ သူသည် သူတို့၏ မျက်လုံးပြူးကြီးများနှင့် ပါးစပ်အဟောင်းသားဖြစ်နေသော မျက်နှာများကိုကြည့်ကာ အလွန်အင်မတန်မှ စိတ်ကျေနပ်သွားတော့သည်။

ထိုဖက်တီးလေးမှာ သူ၏နောက်တွင် ပြုံးဖြဲဖြဲနှင့် ရပ်နေသည့် စိန်လူဝံကြီးက ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ထုတ်လွှတ်နေသည်ကို မေ့နေသည့်ပုံပင်။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် ခေါင်းမော့လိုက်ပြီး ချောင်းဟန့်လိုက်၏။

” ဒါ သင်္ဘောပျံတွေ ရပ်တဲ့နေရာလား ”
ဝမ်ပေါင်လဲ့မှာ ထောင့်တစ်ခုတွင် ရပ်နေသော မြို့စားအိမ်ရာ အစောင့်တစ်ယောက်အား လှမ်းကြည့်၍ မေးလိုက်သည်။

ဘေးပတ်ပတ်လည်မှ အစောင့်အားလုံးမှာ ရင်တထိတ်ထိတ်နှင့် အသက်ရှူနေကြရ၏။ သူတို့အားလုံးမှာ စိန်လူဝံကြီးဆီမှ ထွက်ပေါ်နေသော အားကောင်းသည့် အငွေ့အသက်များကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြသည်။ ထို့ကြောင့် သူတို့မှာ အလိုအလျောက် ခေါင်းညိတ်မိလိုက်ကြသဖြင့် ဝမ်ပေါင်လဲ့မှာ ကြွားလုံးထုတ်နိုင်ပြီး နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ရသွားတော့သည်။

” ကျင့်လေး။ ငါတို့ကိုဒီမှာစောင့်နေ ”
ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကာ စိန်လူဝံကြီးအား လက်ဖြင့်ပုတ်လိုက်၏။

ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ စိန်လူဝံကြီးမှာ အော်ဟစ်ညည်းတွားလိုက်ပြီး ၎င်း၏ ရင်ဘတ်အား အားပါပါ ထုနှက်ပြလိုက်၏။ ထို့နောက် ၎င်း၏ တင်ပါးကို လှုပ်ယမ်းကာ အသက်အောင့်ချင်ယောင် ဆောင်လိုက်ပြီး ဝမ်ပေါင်လဲ့အား မျက်လုံးတစ်ဖက် မှိတ်ပြလိုက်၏။

” ငါ နားလည်ပါတယ်။ တခြားရွေးချယ်စရာမရှိတော့တဲ့ အချိန်မှ နောက်ဆုံးတိုက်ကွက်ကို သုံးကြတာပေါ့ ”
စိန်လူဝံကြီးမှာ ဇာတ်ကို ပိုင်ပိုင်နိုင်နိုင်ကနေကြောင်း ဝမ်ပေါင်လဲ့က မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် သူ၏ သိုလှောင်လက်ကောက်ထဲမှ စိန်လူဝံ ရုပ်သေးရုပ်တစ်ရုပ်ကို ဝမ်းပန်းတသာနှင့် ထုတ်ယူလိုက်ပြီး စိန်လူဝံကြီးဆီသို့ လှမ်း၍ပစ်ပေးလိုက်သည်။

ထိုအခါ စိန်လူဝံကြီး၏ မျက်လုံးများမှာ ထိုရုပ်သေးရုပ်ပေါ်သို့ ချက်ချင်းပင်ကျရောက်သွား၏။ ထို့နောက် ၎င်းမှာ ဟိန်းဟောက်ကာ ထိုရုပ်သေးရုပ်အား သူ၏ ရင်ခွင်ထဲတွင် ထွေးပွေ့လိုက်ပြီး ရင်ပြင်ထဲတွင် သူ၏ အရုပ်နှင့် ဆော့ကစားနေတော့သည်။

ထိုမြင်ကွင်းကြောင့် လူအုပ်ကြီးတစ်ခုလုံးမှာ အံ့ဩတုန်လှုပ်သွားရတော့သည်။ လွှတ်တော်အမတ်များ၏ သားသမီးများဖြစ်စေ၊ အခြား တာအိုကျောင်းများမှ ပါရမီရှင်ကျောင်းသားများဖြစ်စေ၊ သူတို့၏ သင်္ဘောပျံများကို မသိမသာ ကြွားဝါနေကြသော လူငယ်များဖြစ်စေ သူတို့အားလုံးမှာ ဆွံ့အသွားကြ၏။ ထို့နောက် သူတို့မှာ ခံစားချက်မျိုးစုံဖြင့် ယောက်ယက်ခတ်နေကြပြီး အသက်ပြင်းပြင်း ရှူလိုက်ကြတော့သည်။

ထိုဖြစ်ရပ်များကြောင့် ဆွံ့အမှင်တက်သွားခြင်း မရှိဘဲ စိတ်တည်တည်ငြိမ်ငြိမ်နှင့် ရှိနေနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သူတို့မှာ သင်္ဘောပျံအဆင့်တွင် ယှဉ်ပြိုင်နေကြစဉ် ဝမ်ပေါင်လဲ့နှင့် သူ၏အပေါင်းအပါများမှာ သားရဲကြီးတစ်ကောင်ကို စီး၍ အပျော်တန်း ကစားပွဲအဆင့်မှ ခုန်ထွက်သွားသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ ခိုကိုးရာမဲ့သွားကြပြီး စိတ်ထဲတွင်ကျိတ်၍ နာကျည်းစွာ ရယ်မောနေရတော့သည်။ ထို သားရဲကြီးအား ယှဉ်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

သူတို့တွင် သင်္ဘောပျံများသာ ရှိပါသော်လည်း သူတို့၏ပြိုင်ဘက်မှာ တိုက်ပွဲသုံး သားရဲကြီးတစ်ကောင်ကို ခေါ်လာသည်မဟုတ်ပါလော။ ၎င်းတို့နှစ်ခုမှာ လုံးဝ အဆင့်အတန်း မတူညီကြပေ။ သင်္ဘောပျံများမှာ ရိုးရှင်းသော သယ်ယူပို့ဆောင်ရေးယာဉ်များသာ ဖြစ်ကြပါသော်လည်း တိုက်ပွဲသုံးသားရဲကြီးတစ်ကောင်အား ယဉ်ပါးအောင်လုပ်ပြီး ၎င်းအား တက်စီးရန်မှာ အလွန်အင်မတန်မှ ခက်ခဲပေသည်။

ထို့အပြင် ၎င်းမှာ အခြေတည်အဆင့် တိုက်ပွဲသုံး သားရဲကြီးတစ်ကောင် ဖြစ်နေသေးသည်။

မိမိတို့မှာ ပြိုင်ကားများစီးနေရသဖြင့် ကျေနပ်အားရနေစဉ်တွင် ပြိုင်ဘက်မှာ တိုက်လေယာဉ်ကြီးတစ်စင်း မောင်းနှင်လာသကဲ့သို့ပင်။

လင်းတျန်ဟောက်မှာ ထိုမြင်ကွင်းကိုကြည့်၍ မျက်နှာရှုံ့မဲ့သွားရ၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ စွမ်းဆောင်မှုများနှင့် ပတ်သက်လာလျှင် အံ့အားသင့်နေခြင်းမရှိတော့ပေ။ သူ၏ နှလုံးသားထဲတွင် ယုံကြည်ချက်တစ်ခုမှာ ထာဝရ စွဲထင်နေတော့မည်ဖြစ်သည်။

” ဝမ်ပေါင်လဲ့က သူ့ရဲ့ ဘဝကြီးတစ်ခုလုံးကို ကလိမ်ကကျစ်ကျထားတာပဲ ဖြစ်ရမယ်။ သူ့အဖေက တော်တော်လေးကို အစွမ်းထက်ရင်ထက်၊ ဒါမှမဟုတ် သူ့အဖေထက် ပိုစွမ်းတဲ့ သူ့ရဲ့ခေါင်းကိုင်အဖေက သူ့ဘဝကြီးကို ပန်းခင်းလမ်းလိုဖြစ်အောင် လုပ်ပေးထားတာပဲဖြစ်ရမယ် ”
လင်းတျန်ဟောက်၏ နှလုံးသားထဲ၌ မနာလိုစိတ်များ ထွက်ပေါ်လာတော့သည်။ သူသည် ခိုကိုးရာမဲ့ဖြစ်နေပြီး ဝမ်ပေါင်လဲ့နှင့် ခပ်ကင်းကင်းနေရန် ထပ်၍ ဆုံးဖြတ်လိုက်ပြန်သည်။

လီယီမှာမူ အမျက်ချောင်းချောင်းထွက်ကာ အံကြိတ်နေရ၏။ သူမမှာ အသက်ရှူသံများ လေးလံနေပြီး သူမ၏ ရင်ဘတ်မှာလည်း မြင့်ချည်နိမ့်ချည် ဖြစ်နေရတော့သည်။ ထို့နောက် ဝမ်ပေါင်လဲ့အား မျက်မုန်းကျိုးနေသည့် ခံစားချက်များကြောင့် ထွက်ပေါ်လာသော သူမ၏ ဒေါသများကို ကြိုးစား၍ မျိုသိပ်နေရ၏။

” စိတ်ဝင်စားစရာပဲ ”
အခြားလွှတ်တော်အမတ်များ၏ သားသမီးများ ပတ်ပတ်လည်ဝိုင်းနေသော လူအုပ်ကြီးထဲတွင် လီရှို့မှာ မျက်လုံးများအရောင်လက်သွားပြီး ဝမ်ပေါင်လဲ့အား စိတ်ဝင်တစားနှင့် လှမ်းကြည့်လိုက်၏။

ထိုကဲ့သို့ ဝိုင်းကြည့်နေကြသော လူအုပ်ကြီး၏ရှေ့တွင် ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့နှင့်အတူ လူအုပ်ကြီးဆီသို့ ချဉ်းကပ်လာ၏။ လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့နှင့် ပတ်သက်ချင်စိတ် မရှိပါသော်လည်း သူသည် စားပွဲ၏ အစီအစဉ်မှူး ဖြစ်နေသောကြောင့် သူတို့အဖွဲ့ဆီသို့ စိတ်မပါလက်မပါနှင့် ချဉ်းကပ်သွားလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ တရိုတသေနှင့် ကြိုဆိုလိုက်ရ၏။

ဝမ်ပေါင်လဲ့မှာ လင်းတျန်ဟောက်နှင့် မတည့်ပါသော်လည်း လင်းတျန်ဟောက်၏ သူ့အပေါ် ဆက်ဆံပုံများမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်၏။ ထို့ကြောင့် သူသည် မျက်တောင်တဖျတ်ဖျတ်ခပ်ကာ လင်းတျန်ဟောက်အား ပြန်၍ပြုံးပြလိုက်သည်။ သို့သော် သူသည် စိတ်ထဲတွင်မူ သတိကြီးကြီးထားနေဆဲပင်။

” ဒီကောင်က စိတ်သစ်လူသစ်များ ဖြစ်သွားတာလား။ ဒါမှမဟုတ် တစ်ခုခုကိုများ ထပ်ပြီးတော့ကြံစည်နေတာလား ”
ဝမ်ပေါင်လဲ့မှာ သူ၏ အံ့အားသင့်နေသော စိတ်များကို ချုပ်တည်းလိုက်ပြီး လင်းတျန်ဟောက်အား ညီအစ်ကိုအရင်းအချာ တစ်ယောက်ကဲ့သို့ ဖော်ရွေစွာ နှုတ်ဆက်လိုက်၏။ လင်းတျန်ဟောက်ကလည်း သူ့အား အခြားလူများနှင့် ချက်ချင်းပင် မိတ်ဆက်ပေးလိုက်သည်။

ကျောက်ယမုန့်မှာ ချောမောလှပသည့်အပြင် လွှတ်တော်အမတ်များ၏ သမီးအချို့နှင့် ခင်မင်ရင်းနှီးပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ကျောက်ယမုန့်ဆီသို့ ချက်ချင်းပင်ရောက်လာကြပြီး အဖော်ပြုပေးလိုက်ကြ၏။ ကျိုးရိဖန်မှာလည်း ထိုနည်းတူပင်။ သူ၏ မိသားစုမှလွဲ၍ အခြားမည်သူကမှ သူသည် သွေးစစ်သည်တော်တစ်ယောက်ဖြစ်ကြောင်း မသိထားကြပေ။ သူ၏ စံထားလောက်စရာ အောင်မြင်မှုများကြောင့်ဖြစ်စေ၊ သူ၏ အင်အားကြီးမားသော မိသားစုနောက်ခံအင်အားကြောင့်ဖြစ်စေ အခြားလူများစွာမှာ သူနှင့် မိတ်ဆွေဖွဲ့ရန် ဆန္ဒပြင်းပြနေကြ၏။

သူတို့သုံးယောက်မှာ လူစုခွဲသွားကြပြီး စားပွဲထဲရှိ လူများကြားသို့ ရောက်ရှိသွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော စားပွဲများကို မတက်ရောက်ဖူးပါသော်လည်း ငယ်စဉ်ကတည်းက အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များကို လေ့လာထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် ယခုလို ရာထူးအကြီးပိုင်းများ စုဝေးကြသည့် ပွဲတော်များနှင့် ကြုံရသောအခါ ကြောက်ရွံ့နေခြင်း မရှိသည့်အပြင် အေးအေးလူလူ ဖြစ်နေ၏။ သူသည် မကြခဏဆိုသလို ရယ်မောကာ သူစိမ်းများနှင့် ဝမ်းပန်းတသာ စကားစမြည်များ ပြောနေပြီး သူတို့နှင့် အလွန်အင်မတန်မှ ရင်းနှီးနေသကဲ့သို့ သူတို့၏ ပခုံးများပေါ် လက်တင်လိုက်၊ သူတို့အား ပွေ့ဖက်ကာနှုတ်ဆက်လိုက် လုပ်နေတော့သည်။

ဝမ်ပေါင်လဲ့အကြောင်း သိချင်နေသည့် လီရှို့မှာ သူ၏ ပွေ့ဖက်ခြင်းကို ခံလိုက်ရသောအခါ ပြန်၍ ပွေ့ဖက်လိုက်၏။ ထို့နောက် သူသည် ဝမ်းသာအားရပြုံးကာ မေးလိုက်၏။
” ညီလေးပေါင်လဲ့က မကြာခင် ဘွဲ့ရတော့မှာ မဟုတ်လား။ ညီလေး လျှို့ဝှက်ဆန်းကြယ်လကမ္ဘာကို သွားပြီးတော့ လေ့ကျင့်မှာလား။ ပြီးရင် အစ်ကို့ရဲ့ မိသားစုလုပ်ငန်းထဲမှာ ပူးပေါင်းဖို့ကိုရော စိတ်ဝင်စားလား ”

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော တောင်းဆိုမှုများကို ကြားလိုက်ရသောအခါ အော်ဟစ်ရယ်မောလိုက်၏။ သူသည် ထိုကမ်းလှမ်းချက်များကို ငြင်းပယ်ခြင်းမရှိသလို အဖြေလည်း ပြန်မပေးပေ။ လီရှို့မှာလည်း ထိုကိစ္စနှင့်ပတ်သက်၍ စိတ်ကွက်သွားခြင်း မရှိပေ။ ၎င်းမှာ ကြီးမားသော ကိစ္စရပ်ကြီးတစ်ခုဖြစ်ရာ ချက်ချင်းလက်ငင်း ဆုံးဖြတ်ရန်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့အား သူတို့၏ မိသားစုအဖွဲ့စည်းထဲသို့ ဝင်ရောက်ဖို့ စည်းရုံးရန်ကို ယခုမှသာ တွေးမိခြင်းဖြစ်သည်။

ထိုစားပွဲကြီးအား ဆက်လက်ကျင်းပနေရင်း ရင်ပြင်ထဲ၌ တေးဂီတသံများ စတင်ပေါ်ထွက်လာ၏။ ကောင်းကင် မြို့စားအိမ်ရာထဲရှိ လက်ရှိမျိုးဆက်ထဲမှ လူငယ်လူရွယ် သူရဲကောင်းအချို့မှာ တစ်ယောက်နှင့် တစ်ယောက် ဝမ်းမြောက်ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြ၏။ စားပွဲထဲတွင် သူတို့ လုံးဝမနှစ်သက်သော လူတစ်ယောက် ရှိနေလျှင်တောင် သူတို့၏ ခံစားချက်များကို ထုတ်ပြခြင်းမရှိပေ။ တာအိုကျောင်းကြီး လေးကျောင်းနှင့် လွှတ်တော်အမတ်များ၏ သားသမီးများမှာ တစ်ယောက်နှင့်တစ်ယောက် ပိုမိုရင်းနှီးလာကြသောကြောင့် စားပွဲကြီးမှာ ပို၍ စည်ကားသိုက်မြိုက်လာတော့သည်။

အနည်းငယ်ခန့်ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ အာလာပသလ္လာပ စကားဝိုင်းများထဲမှ ရုန်းထွက်လာနိုင်ခဲ့၏။ ထို့နောက် သူသည် စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ဘေးမှ ဖြတ်သွားသည့် ချောမောလှပသော အစေခံမလေး တစ်ယောက်ဆီမှ ဝိုင်ခွက်တစ်ခွက်ကို လှမ်း၍ယူလိုက်သည်။ ထို့နောက် သူသည် သူကိုယ်သူ ကျေနပ်နေသည့် အမူအရာဖြင့် လူအုပ်ကြီးကို အကဲခတ်ရင်း ဝိုင်တစ်ငုံခန့် သောက်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွား၏။

” မိန်းမလှလေး။ ဒီမှာ ဝိညာဉ်ရေခဲရေ ရှိလား။ ရေခဲပါ ထည့်ပေးနော်။ သံပရာသီးစိတ်လေးတွေပါ ပါရင် ပိုကောင်းမယ်။ ဪ ဒါနဲ့။ စားစရာတွေက ဘယ်နားမှာလဲ။ ပဲငံပြာရည်စိမ် ကြက်ဥတွေရှိလား။ မုန့်တွေရော။ အာလူးကြော်တို့ အမဲသားခြောက်တို့လို ဟာတွေရော ရှိလား ”
ဝမ်ပေါင်လဲ့မှာ ထိုဝိုင်ခွက်ကိုကိုင်ရင်း ထို အစေခံမလေးအား မျှော်လင့်တကြီးဖြင့် ကြည့်ကာ မေးလိုက်သည်။

ထိုအခါ ထိုအစေခံမလေးမှာ ကြက်သေသေသွား၏။ သူမမှာ ယခုမှ ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို ကြုံဖူးခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူမမှာ အလောတကောနှင့် ခေါင်းညိတ်လိုက်ပြီး ဝမ်ပေါင်လဲ့ တောင်းဆိုထားသော ဝိညာဉ်ရေခဲရေနှင့် ပဲငံပြာရည်စိမ်ကြက်ဥတို့ကို ရှာရန် ထွက်ခွာသွားတော့သည်။

” မိသားစုမျိုးနွယ်စုကြီး‌တွေက တခြား ဘာနဲ့မှကို မတူတာပဲကွ။ သူတို့ဆီမှာ အကုန်ရှိတာပဲ ”
ဝမ်ပေါင်လဲ့မှာ အင်မတန်မှ ကျေနပ်သွား၏။ သူသည် ဝိုင်ခွက်ကို ကိုင်ထားဆဲပင်။ ၎င်းမှာ သူ့အတွက် အရသာမရှိပါသော်လည်း အခြားသူများမှာ သူတို့၏ ဝိုင်ခွက်များကို ကိုင်ထားကြဆဲပင် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုဝိုင်ခွက်အား သူ၏နှုတ်ခမ်းပေါ်တင်၍ တစ်ငုံလောက် ဟန်ဆောင်သောက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏နောက်ဘက်ရှိ လူအုပ်ထဲမှ ကျောက်ယမုန့်မှာ နှစ်လိုဖွယ်ကောင်းစွာပြုံး၍ ထွက်ပေါ်လာ၏။ သူမမှာ ဝမ်ပေါင်လဲ့၏ ဘေးတွင်ရပ်ကာ လေသံတိုးတိုးဖြင့် ရယ်မောနေရင်း စကားတစ်ခွန်း ပြောနေသည့်ပုံပင်။

သူမပြောနေသည့်စကားများကို အခြားသူများမှာ မကြားနိုင်ပါသော်လည်း သူမ၏မျက်နှာအမူအရာကို ကြည့်လျှင် သူမပြောနေသည့်အကြောင်းအရာမှာ စိတ်ဝင်စားစရာကောင်းသည့်ပုံ ပေါက်နေ၏။

ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့ဆီသို့ လျှောက်လှမ်းလာပြီးနောက် သူ၏ဘေးတွင်ရပ်လိုက်၏။ သူမ၏မျက်နှာမှာ ပြုံးရွှင်နေသည့်ပုံ ပေါက်နေပါသော်လည်း သူမ၏နှုတ်မှထွက်လာသော စကားလုံးများမှာမူ တည်ကြည်လေးနက်မှုအပြည့် ရှိနေ၏။

” ပေါင်လဲ့။ နောက်မလှည့်လိုက်နဲ့။ နင့်ရဲ့ ဘယ်ဘက်နောက်ဘက်မှာ ငါတို့ရဲ့ ကျောင်းဝတ်စုံဝတ်ထားတဲ့ ဆံပင်ရှည်ရှည်နဲ့ လူငယ်တစ်ယောက်ရှိတယ် ”

” သူ့ပုံစံက သာမန်လို့ပဲ ထင်ရပေမဲ့ ငါ စောစောက သူ့ဘေးနားကနေ ဖြတ်လျှောက်သွားတုန်းက သူ့ကို သိလည်းသိသလို တစ်ခါမှလည်း မမြင်ဖူးသလိုမျိုး ခံစားလိုက်ရတာ။ အဲ့ခံစားချက်ကြီးကို အတည်အကျဖော်ပြဖို့က ခက်တယ်။ ပြီးတော့ သူက ငါတို့ကို စောင့်ကြည့်နေတယ်လို့ ငါက ခံစားနေရတာ…. အထူးသဖြင့် နင့်ကိုပေါ့ ”

” ငါ့ရဲ့ ဝမ်းတွင်းအသိစိတ်တွေအရ ဆိုရင်တော့ သူက တော်တော်လေးကို အန္တရာယ်များတယ်။ သူက ငါတို့ကို ရန်ပြုချင်တဲ့ပုံပဲ…. ”

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရပါသော်လည်း အမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ ထို့အပြင် ဟာသတစ်ခုခုကို ကြားလိုက်ရသလဲသို့ အော်ဟစ်ရယ်မောလိုက်သေးသည်။ ထိုအချိန်တွင် အစေခံမလေးမှာ သူ၏ ဝိညာဉ်ရေခဲရေနှင့် မုန့်များကို ယူဆောင်၍ ပြန်ရောက်လာ၏။

ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်၍ ထိုအစေခံမလေး၏ လင်ဗန်းထဲမှ ဝိညာဉ်ရေခဲရေအား လှမ်းယူလိုက်၏။ ထို့နောက် မည်သူ့ကိုမှ စိုက်ကြည့်နေခြင်းမရှိဘဲ ခပ်လှမ်းလှမ်းသို့ ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထိုအခါ သူသည် ကျောက်ယမုန့် သူ့အား ပြောပြခဲ့သည့် လူအား ချက်ချင်းပင် လှမ်းမြင်လိုက်ရ၏။

သူ၏အကြည့်မှာ ရပ်တန့်သွားခြင်းမရှိပေ။ ထို့နောက် သူသည် သူ၏ လက်ထဲမှ ဝိညာဉ်ရေခဲရေအား တစ်ကျိုက်မော့သောက်လိုက်ပြီး ပြုံးကာ လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

” ထူးဆန်းတယ်။ ငါလည်း သူ့ကို သိလည်းသိသလို မသိလည်းမသိဘူးလို့ ခံစားနေရတာ…. ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ကျောက်ယမုန့်အား ပြန်၍ စိုက်ကြည့်လိုက်၏။ ထို့နောက် သူတို့နှစ်ယောက်မှာ စကားတစ်ခွန်းမှ ဆက်မပြောတော့ဘဲ လူစုခွဲ၍ လူအုပ်ကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားကြတော့သည်။ သို့သော် သူတို့နှစ်ယောက်စလုံးမှာ သတိကြီးကြီး ထားနေကြပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်အဆောင်အား တိတ်တိတ်ကလေး လှမ်း၍ဆက်သွယ်လိုက်ပြီး ကောင်းကင်မြို့စားအိမ်ရာသို့ ဖိတ်ကြားခြင်းခံခဲ့ရသော အမည်စာရင်းကို ရှာဖွေရန် သူ၏လက်အောက်ငယ်သားများအား ညွှန်ကြားလိုက်၏။ ထိုစာရင်းထဲတွင် ဖိတ်ကြားခံခဲ့ရသူများ၏ ရုပ်ပုံများကိုပါ ယှဉ်တွဲဖေါ်ပြရန် အမိန့်ပေးလိုက်သည်။

ဓမ္မလက်နက်စစ်သည်တစ်ယောက်ဆိုလျှင် ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန် အခက်တွေ့နေရမည်ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ လက်ထောက်အဆောင်မှူးတစ်ယောက် မဟုတ်ပါလော။ ထို့အပြင် သူနှင့် ချန်းယွီထုံတို့အား ဓမ္မလက်နက်အဆောင်၏ အချုပ်ခြာအာဏာပိုင်များဟုပင် အတိုင်းအတာတစ်ခုအထိ ခေါ်ဆိုနိုင်၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့ ထိုသို့အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဓမ္မလက်နက်အဆောင်ထဲမှ လူများစွာမှာ ချက်ချင်းပင် ကြိုးစားပမ်းစား ရှာဖွေလိုက်ကြတော့သည်။

ထို့နောက် ထို အမည်စာရင်းအား ချက်ချင်းပင်စုစည်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ ပေးပို့လိုက်၏။ သူသည် ဝိညာဉ်ရေခဲရေအား တစ်ငုံချင်းစီသောက်ကာ ထိုအမည်စာရင်းအား လှန်လှောဖတ်ရှုလိုက်ပြီးနောက် ခဏအကြာတွင် သူရှာနေသည့်လူအား ရှာတွေ့သွားတော့သည်။

ထိုသူမှာ ထောင်ချောက်အဆောင်မှ ဟွမ်ရှန်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရ၏။ သူနှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံး ရင်းနှီးနေသည်ဟု ခံစားနေရပြီး သူ့အား စောင့်ကြည့်နေခဲ့သည့် ဟွမ်ရှန်းဆိုသူမှာ လွန်ခဲ့သောလေးနှစ်ခန့်က အဆင့်မြင့်ကျွန်းသို့ တက်လှမ်းနိုင်ခဲ့သော ကျောင်းသားဟောင်းတစ်ယောက်ဖြစ်သည်။ ထောင်ချောက်များနှင့် ပတ်သတ်လာလျှင် ပါရမီပါသော ဟွမ်ရှန်းမှာ အတော်အသင့် အံ့သြဖွယ်ရာကောင်းသော မိသားစုတစ်ခုကို ပိုင်ဆိုင်ထားသလို ထောင်ချောက်အဆောင်၏ အကြီးအကဲကြီးမှာလည်း သူ၏ စီနီယာတစ်ယောက် ဖြစ်သည်။ သူသည် လွန်ခဲ့သောနှစ်က ထောင်ချောက်အဆောင်၏ လက်ထောက်အဆောင်မှူးနေရာသို့ ရာထူးတိုးလာခဲ့၏။

” ထောင်ချောင်အဆောင်ဆိုပါလား…. ငါတို့တွေ ကျောင်းမှာတုန်းက ဆုံများဆုံဖူးလား။ ဒါပေမဲ့ ဘာလို့ သူက ငါ့ကို စောင့်ကြည့်နေရတာလဲ။ ပြီးတော့ ဘာလို့ ကျောက်ယမုန့်ကရော သူက အန္တရာယ်ရှိတယ်လို့ ခံစားနေရတာလဲ “

Comment

Leave a Reply

Options

not work with dark mode
Reset