Switch Mode

အခန်း ( ၂၂၉ )

စိန်လူဝံကြီး ရောက်ရှိလာခြင်း

ထိုအချိန်တွင် ကောင်းကင်မြို့စား အိမ်ရာထဲရှိ အမိုးပွင့် ရင်ပြင်ကြီးထဲတွင် ရောက်ရှိနေကြသော ဧည့်သည်များမှာ သုံးယောက်မှ ငါးယောက်အထိပါသော အဖွဲ့ငယ်လေးများအဖြစ် စုဝေးနေကြပြီး စကားစမြည်များပြောဆိုကာ ရယ်မောနေကြ၏။ သူတို့စကားဝိုင်းများ၏ အကြောင်းအရာများမှာ အမျိုးမျိုးကွဲပြားနေပြီး သင်္ဘောပျံကြီးများနှင့် ဇိမ်ခံပစ္စည်းများမှ ကျင့်ကြံခြင်းနှင့်ပတ်သက်သော ကိစ္စရပ်များအပြင် သိပ်မကြာခင် သွားရောက်နိုင်တော့မည့် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာအထိ ပါဝင်နေကြသည်။

စကားဝိုင်းမျိုးစုံ ရှိနေကြပြီး လေထုထဲတွင် ရယ်မောသံများဖြင့် အဆက်မပြတ် ပြည့်နှက်နေကျတော့သည်။ အိမ်ယာကြီးထဲမှ အစေခံများမှာ ဝိုင်အရက်များကို သယ်ဆောင်၍ ထိုအဖွဲ့များကြားထဲတွင် ကူးလူးသွားလာနေကြပြီး ဂုဏ်ကျက်သရေရှိ ဧည့်သည်များအား ဧည့်ခံနေကြသည်။

လင်းတျန်ဟောက်မှာ အစီအစဉ်မှူး ဖြစ်သောကြောင့် မိတ်ဆွေများစွာ၏ အလယ်သို့ ရောက်နေ၏။ သူတို့မှာ စကားစမြည်များပြောဆိုကာ ရယ်မောနေကြစဉ်တွင် သူ၏ နှစ်လိုဖွယ်ကောင်းသော အမူအရာများနှင့် စွဲမက်ဖွယ် ရုပ်ရည်များမှာ အခြား တာအိုကျောင်းများမှ အမျိုးသမီးကျင့်ကြံသူများ၏ အာရုံများကို ဖမ်းစားထားတော့သည်။

သူတို့ထဲတွင် လီယီမှာလည်း အပါအဝင်ဖြစ်သည်။ သူမသည် ဝိုင်ခွက်တစ်ခွက်ကို ကိုင်ထားပြီး ပြုံးကာ လင်းတျန်ဟောက်အား စိုက်ကြည့်နေ၏။ သူ ဟာသတစ်ခုခု ပြောလိုက်တိုင်း သူမ၏ နှုတ်ခမ်းလေးများမှာ ရှက်ပြုံးပြုံးသွားကြသည်။ ထို့ကြောင့် သူမမှာ လင်းတျန်ဟောက်အား ဝမ်ပေါင်လဲ့နှင့် နှိုင်းယှဥ်နေမိတော့သည်။ လင်းတျန်ဟောက်နှင့် ယှဉ်လိုက်ပါက ဝမ်ပေါင်လဲ့မှာ မစင်ပုံကြီး တစ်ပုံကဲ့သို့ပင်…

လင်းတျန်ဟောက်၏ဘေးတွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုထဲရှိ ကျိုးမိသားစု၏ သခင်လေးနှင့် အမွေဆက်ခံသူရာထူးကို ပိုင်ဆိုင်ထားသော ကျိုးရိရှန် ရှိနေ၏။ သူ၏ ပတ်ပတ်လည်တွင်လည်း သူနှင့် ခင်မင်ရင်းနှီးလိုသော လူငယ်များနှင့် မိန်မငယ်လေးများစွာ ရှိနေကြသည်။ သူသည် သူတို့နှင့်အတူ ဝမ်းမြောက်ဝမ်းသာ စကားပြောနေ၏။

လွှတ်တော်အမတ်များ၏ သားသမီးများ အားလုံးမှာ အဆင့်မြင့်သော ပတ်ဝန်းကျင်များတွင် ကြီးပြင်းလာကြသူများဖြစ်သည်။ ထို့ကြောင့် သူတို့မှာ သူတို့၏ ကြွယ်ဝချမ်းသာမှုများကို ကြွားဝါလိုစိတ် ရှိကြ၏။ သို့သော် သူတို့ မိသားစုမျိုးနွယ်စုများ၏ သင်ကြားပြသပေးမှုများကြောင့် သူတို့မှာ အရည်အသွေးကောင်းများစွာကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ ပြောဆိုပြုမူပုံများဖြစ်စေ၊ ကျင့်ကြံခြင်းအဆင့်များဖြစ်စေ ၎င်းတို့အားလုံးမှာ သာမန်လူတစ်ယောက်နှင့် ယှဉ်လိုက်ပါက ဖွဲနှင့်ဆန်ကွဲကဲ့သို့ပင်။

သူတို့ထဲမှအများစုမှာ လင်းတျန်ဟောက်ကဲ့သို့ တစ်ဦးတည်းသောသားများ မဟုတ်ကြဘဲ အစ်ကို၊ အစ်မများ ရှိကြသည်။ သူတို့ အစ်ကိုအစ်မများ၏ အဆင့်မြင့်သော ကျင့်ကြံခြင်းအဆင့်များနှင့် ယှဉ်လိုက်မည်ဆိုပါက သူတို့မှာ အခြေတည်အဆင့်သို့ မရောက်သေးပါသော်လည်း သူတို့၏ဘဝများမှာ ကြွယ်ဝချမ်းသာပြီး စိတ်လှုပ်ရှားစရာကောင်းနေမည်မှာ အသေအချာပင်။

စံထားလောက်စရာ သွန်သင်ဆုံးမမှုများနှင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းတို့ကြောင့် သူတို့မှာ တာအိုကျောင်းကြီးလေးကျောင်းမှ အခြားပါရမီရှင်များနှင့် ပြောဆိုဆက်ဆံရာတွင် သူတို့၏ မောက်မာကြွားဝါမှုများကို နှိမ့်ချနိုင်စွမ်းရှိကြ၏။ ထိုအဖွဲ့နှစ်ဖွဲ့စလုံးမှာ တစ်ဖက်နှင့်တစ်ဖက် မိတ်ဆွေများဖွဲ့နေကြပြီး ကိုယ်ပိုင် အချိတ်အဆက်များကို စတင်တည်ဆောက်နေကြတော့သည်။

ဤနေရာတွင် စုဝေးနေကြသည့် လူများမှာ အနာဂတ်တွင် ပြည်ထောင်စုကြီးထဲ၌ ပေါ်ထွက်လာမည့် လူငယ်လူရွယ် သူရဲကောင်းမျိုးဆက်၏ တစ်စိတ်တစ်ပိုင်းကို ကိုယ်စားပြုနေသည်ဟုပင် ဆိုနိုင်သည်။ အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ လူများစွာမှာ သူရဲကောင်းဆိုသော ရာထူးများကို စွန့်လွှတ်လိုက်ရမည် ဖြစ်ပါသော်လည်း သူတို့ထဲမှနေ၍ အနာဂတ်အတွက် အရေးပါသော လူပုဂ္ဂိုလ်များစွာ ထွက်ပေါ်လာကြမည်မှာ မလွဲမသွေပင်။

ဥပမာပြရမည်ဆိုလျှင် လီရှို့မှာ ထိုကဲ့သို့လူများထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏ အမည်ထဲရှိ ‘ ရှို့ ‘ ဟူသော စာလုံးမှာ သူ၏ လိင်ကို ဖော်ပြခြင်းမဟုတ်ဘဲ ထူးချွန်မှုကို ကိုယ်စားပြုသည်။ လီရှို့မှာ အမျိုးသမီး ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ အရပ်ရှည်ရှည်နှင့် လူငယ်လေးတစ်ယောက်ဖြစ်သည်။

သူသည် လွှတ်တော်အမတ်ခေါင်းဆောင်၏ သားဖြစ်ပြီး အမြုတေအဆင့်နားသို့ ရောက်နေပြီဖြစ်သော အစ်မတစ်ယောက် ရှိပါသော်လည်း သူ၏ မိသားစုမျိုးနွယ်စုထဲရှိ သူ၏မျိုးဆက်ထဲတွင် တစ်ဦးတည်းသော သားယောက်ျာလေးဖြစ်သည်။ သူ့အပေါ်ထားရှိသော အာရုံစူးစိုက်မှုများနှင့် မျှော်လင့်ချက်များမှာ သာမန်လူတစ်ယောက်ထက် အများကြီးပိုများ၏။

သူသည် ဝိုင်ခွက်တစ်ခွက်ကို ကိုင်ကာ ထောင့်တစ်ထောင့်တွင် ပျင်းရိပျင်းတွဲနှင့် ထိုင်နေ၏။ သူ၏ ပတ်ပတ်လည်တွင်မူ အခြားလွှတ်တော်အမတ်များ၏ သားသမီးများစွာ ရှိနေကြသည်။ သူသည် ထိုအဖွဲ့ထဲတွင် ဧကရာဇ်တစ်ပါးကဲ့သို့ ဆက်ဆံခံနေရသည်ကို အထင်အရှား သိမြင်နိုင်ပေသည်။ သူ၏ နောက်လိုက်တစ်ယောက်ကဲ့သို့ သူ၏နောက်မှ ထက်ကြပ်မကွာအောင် လိုက်နေခြင်းမရှိသော လင်းတျန်ဟောက်ပင်လျှင် သူ့အား ရိုသေလေးစားမှုအပြည့်ဖြင့် ဆက်ဆံနေ၏။

” ကောင်းကင်တာအိုကျောင်းမှာ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင် တစ်ကောင်ရှိတယ်လို့ ငါကြားထားတယ်။ လင်းတျန်ဟောက် မင်းကလည်း ကောင်းကင်တာအိုကျောင်းကပဲဆိုတော့ အဲ့ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်နဲ့ ရင်းနှီးလား ”
လီရှို့မှာ လီယီအား စကားပြောနေသည့် လင်းတျန်ဟောက်အား လှမ်းကြည့်ကာ သာမန်ကာလျှံကာ မေးလိုက်၏။

” ဝမ်ပေါင်လဲ့…. ”
လီရှို့မှာ ဝမ်ပေါင်လဲ့အကြောင်းကို စိတ်ဝင်စားနေကြောင်း လင်းတျန်ဟောက်က သိလိုက်ပေသည်။ ထို့ကြောင့် သူသည် တစ်ခဏမျှ တွေးတောသုံးသပ်လိုက်၏။ အရင်တုန်းကသာဆိုလျှင် သူသည် ထိုအခွင့်အရေးကို အသုံးချ၍ လီရှို့နှင့် ဝမ်ပေါင်လဲ့တို့ တစ်ယောက်နှင့်တစ်ယောက် မဆုံတွေ့ရသေးခင် သူတို့နှစ်ယောက်ကြား၌ ပဋိပက္ခများ ထွက်ပေါ်လာအောင် လျှို့ဝှက်ကြံစည်လိုက်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ လင်းတျန်ဟောက်မှာ အနည်းငယ်ခန့် ချင့်ချိန်တွေးတောလိုက်ပြီးနောက် အသာအယာ ခေါင်းယမ်းလိုက်၏။

” သူနဲ့က မရင်းနှီးဘူး။ သူ့အကြောင်းကို သိပ်မသိဘူးကွ ”

” အို ”
လီရှို့မှာ လင်းတျန်ဟောက်၏ အဖြေကို ကြားလိုက်ရသောအခါ မျက်လုံးများ အရောင်လက်သွားပြီး ပြုံးမိသွား၏။ သူသည် လင်းတျန်ဟောက်၏ အကျင့်စရိုက်ကို သိထားသောကြောင့် သူ၏ ရိုးရှင်းသည်ဟု ထင်ရသော အဖြေထဲတွင် ပိုမိုလေးနက်သော အဓိပ္ပါယ်တစ်ခု ရှိနေကြောင်း ချက်ချင်းပင် ရိပ်မိလိုက်၏။

လီရှို့မှာ ထိုကဲ့သို့ တွေးတောသုံးသပ်နေစဉ် လီယီမှာ အထင်သေးသည့်အမူအရာဖြင့် နှာမှုတ်လိုက်၏။ သူတို့နှစ်ယောက်စလုံးမှာ မျိုးရိုးနာမည် တူနေသည့်တိုင်အောင် မိသားစုမျိုးနွယ်စုတစ်ခုထဲမှ ဆင်းသက်လာခြင်း မဟုတ်ပေ။ သူမမှာ မထီမဲ့မြင်အမူအရာနှင့် ဆိုလိုက်၏။

” ငါ အဲဒီ ဝမ်ပေါင်လဲ့‌ဆိုတဲ့ကောင်နဲ့ တော်တော်လေးကို ရင်းနှီးတယ်။ သူက ရွံ့ဖို့ကောင်းပြီးတော့ အရှက်လုံးဝမရှိတဲ့ နှာဗူးတစ်ယောက်ပဲ။ သူ့ရဲ့ ခေါင်းထဲမှာ ယုတ်မာပက်စက်တဲ့ အတွေးတွေနဲ့ပဲ ပြည့်နေတာ။ သူ့လိုလူမျိုးက အနှေးနဲ့အမြန် နှုတ်နှုတ်စင်းခံရမှာ အသေအချာပဲ ”

လီယီ၏ စကားများကို သူမ၏ ပတ်ပတ်လည်မှ လူများစွာ ကြားလိုက်ရသဖြင့် သူတို့မှာ နောက်သို့လှည့်လာကြပြီး သူမအား ဝိုင်းကြည့်လိုက်ကြ၏။ လီရှို့၏ မျက်နှာအမူအရာမှာလည်း အထူးတဆန်းဖြစ်သွားသည်။ သူသည် သူမအား မေးခွန်းထပ်မေးရန် ပြင်လိုက်စဉ်မှာပင် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲမှ မိုးချိန်းသံကြီးနှင့်တူသော ဟိန်းဟောက်သံကြီးတစ်သံ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာတော့သည်။

ထိုအသံကြီးမှာ နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် ကျယ်လောင်နေပြီး လေထုကြီးအား တုန်ခါသွားစေသောကြောင့် လေပြင်းကြီးများ စတင်တိုက်ခတ်လာတော့သည်။ ထိုလေပြင်းကြီးများကြောင့် ပတ်ပတ်လည်ရှိ သစ်ပင်များမှာ ယိမ်းထိုးသွားပြီး ဖုန်များထလာ၏။ ရင်ပြင်ထဲရှိ လူတိုင်းမှာလည်း အထိတ်တလန့်နှင့် လှမ်း၍ကြည့်လိုက်ကြတော့သည်။

လင်းတျန်ဟောက်၊ ကျိုးရိရှန်၊ လီယီ၊ လီရှို့နှင့် အခြား လူငယ်လူရွယ် သူရဲကောင်းများမှာလည်း ထိုနည်းတူပင်။ သူတို့မှာ ထိုဟိန်းဟောက်သံကြီး ပေါ်ထွက်လာသည့်ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။ ထိုအခါ လူတိုင်း ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားသွားရပြီး မျက်လုံးများပြူးသွားကြတော့သည်။ တချို့မှာဆိုလျှင် မထိန်းနိုင်တော့ဘဲ ပင့်သက်များ ရှိုက်မိသွားကြ၏။

” ဘာကြီးလဲဟ ”

ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံ၌ တလိပ်လိပ်ထနေသော တိမ်တိုက်များနှင့် အရှိန်အဟုန်ဖြင့် တိုက်ခတ်နေသော လေပြင်းများ၏ကြားထဲတွင် အမည်းစက်တစ်စက် ပေါ်ပေါက်လာ၏။ ၎င်းမှာ သေးငယ်သော အစက်အပြောက်လေးတစ်ခုသာ ဖြစ်ပါသော်လည်း မျက်စိတစ်မှိတ်အတွင်း အရွယ်အစား ကြီးမားလာ၏။ ၎င်းမှာ အသက်ရှူကြိမ် အနည်းငယ်တွင်း လူတိုင်း၏ မျက်လုံးများထဲ၌ ချပ်ဝတ်တန်ဆာများ တပ်ဆင်ထားသော တောင်ငယ်လေးတစ်လုံးနှင့်တူသည့် ဧရာမ အရိပ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

စိန်လူဝံကြီး ရောက်ရှိလာပြီဖြစ်သည်။

စိန်လူဝံကြီး၏ ပေါ်ပေါက်လာမှု၊ ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်၊ ချပ်ဝတ်တန်ဆာ အပြင်ဘက်သို့ ထိုးထွက်နေသော အနက်ရောင်အမွေးများ၊ ၎င်း၏ ရဲရဲနီနေသော မျက်လုံးများနှင့် တဖျတ်ဖျတ် ခပ်လိုက်တိုင်း လေပြင်းများတိုက်ခတ်သွားစေသော ၎င်း၏ တောင်ပံများကြောင့် လူတိုင်းမှာ ချက်ချင်းဆိုသလိုပင် ကြောက်ဒူးတုန်သွားကြတော့သည်။

” သားရဲကြီး တစ်ကောင်ပါလား ”

” အခြေတည်…အခြေတည်အဆင့် သားရဲကြီးတစ်ကောင်ပဲဟ ”

တအံ့တဩ ပင့်သက်ရှိုက်သံများ အဆက်မပြတ်ပေါ်ထွက်လာ၏။ လူငယ်လူရွယ် သူရဲကောင်းများသာ ဆွံ့အမှင်တက်နေရခြင်း မဟုတ်ပေ။ မြို့တော်ထဲရှိ မြို့သူမြို့သားများစွာမှာလည်း စိန်လူဝံကြီး၏ ရှင်းရှင်းလင်းလင်း လှမ်းမြင်လိုက်ရသဖြင့် မျက်နှာအမူအရာများ ပြောင်းလဲသွားကြတော့သည်။ သူတို့မှာ ကြောက်လန့်တကြား အော်ဟစ်မြည်တမ်းရင်း နောက်သို့ဆုတ်ခွာသွားကြ၏။

စိန်လူဝံကြီး၏ မီတာတစ်ရာကျော် မြင့်မားသော ခန္ဓာကိုယ်ကြီးအား ချပ်ဝတ်တန်ဆာ အပြည့်အစုံ ဆင်မြန်းလိုက်သဖြင့် သားရဲနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားသည်ကို စိတ်ကူးထဲတွင် မြင်ယောင်ကြည့်နိုင်ပေသည်။ ၎င်း၏ အခြေတည်အဆင့် ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းနှင့်ပင် ၎င်းမှာ ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။ ၎င်း၏ ခံ့ညားထည်ဝါပြီး အံ့ဩမှင်တက်ဖွယ်ရာကောင်းသည့် အငွေ့အသက်များကြောင့်လည်း ၎င်းအား ကြည့်မိလိုက်သည့် လူတိုင်း ကြောက်ဒူးတုန်သွားရမည်သာ ဖြစ်သည်။

၎င်း၏ အလွန်အင်မတန်မှကြီးမားသော အပြင်ခန္ဓာကိုယ်ကြီးမှာလည်း အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေပြီး ၎င်း၏ စွမ်းအားများကို မြှင့်တင်ပေးထားသကဲ့သို့ ဖြစ်နေ၏။

ထိုလူဝံကြီး အနားသို့ရောက်လာသောအခါ ၎င်း၏အငွေ့အသက်များ ပျံ့နှံ့လာပြီး ကောင်းကင်မြို့စား အိမ်ယာ၏ အမိုးပွင့် ရင်ပြင်ထဲရှိ လူတိုင်းမှာ အသက်ပြင်းပြင်းရှူသွင်းလိုက်ကြပြီး နောက်သို့ အ‌လိုအလျောက် ဆုတ်သွားကြတော့သည်။ အိမ်ယာကြီး၏ အစောင့်များပင်လျှင် အထိတ်တလန့်ဖြစ်သွားကြပြီး ကတုန်ကယင်နှင့် ကြက်သေသေနေကြတော့သည်။

ကံကောင်းသည်မှာ ထိုလူအုပ်ကြီးထဲတွင် စိန်လူဝံကြီးအား မှတ်မိနေသော ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများရှိနေခြင်းပင်။ အခြား တာအိုကျောင်းမှ ကျောင်းသားများမှာလည်း စိန်လူဝံကြီးအကြောင်းကို ကြားသိထားကြဟန်တူသည်။ ထို့ကြောင့် သူတို့မှာ တအံ့တဩနှင့် စတင်အော်ဟစ်လိုက်ကြတော့သည်။

” အဲဒါ သားရဲမွေးမြူရေးအဆောင်က စိန်လူဝံကြီးပဲ ”

” ဘုရားရေ။ သူက ဘာလို့ ဒီကိုရောက်လာတာလဲဟ ”

” အဲ …. အဲဒါ ကောင်းကင်တာအိုကျောင်းက စိန်လူဝံကြီးပဲ ”

ထိုကဲ့သို့ တအံတဩ အော်ဟစ်သံများ အဆက်မပြတ် ပေါ်ထွက်လာကြသောကြောင့် လူအုပ်ကြီးမှာ အနည်းငယ်ခန့် ငြိမ်ကျသွား၏။ သူတို့မှာ သူတို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော စိန်လူဝံကြီးအား ကြောက်ရွံ့နေဆဲပင်။ သို့သော် ထိုစိန်လူဝံကြီး ရှေ့သို့ ရောက်လာပြီး လူတိုင်း၏ မြင်ကွင်းထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်လာသောအခါ လူအချို့မှာ ဝမ်ပေါင်လဲ့ အပါအဝင် ၎င်း၏ ပခုံးပေါ်တွင် ထိုင်နေသည့် လူသုံးယောက်၏ အရိပ်ကို လှမ်းမြင်လိုက်ရ၏။

” လူပါတယ်ဟ။ အဲဒီ သားရဲကြီးရဲ့ ပခုံးပေါ်မှာ လူတွေ ပါလာတယ် ”

” ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်ရတာလဲ။ ကောင်းကင်တာအိုကျောင်းရဲ့ တိုက်ပွဲသုံး သားရဲကြီးက…. တက်စီးစရာ တိရိစ္ဆာန်တစ်ကောင်သာသာ ဖြစ်သွားတာလား ”

လူအုပ်ကြီးမှာ သေသေချာချာ ကြည့်ချိန်ပင်မရလိုက်ပေ။ သူတို့ဆီသို့ တဟုန်ထိုး ပျံသန်းလာနေသော စိန်လူဝံကြီးမှာ အော်ဟစ်ဟိန်းဟောက်ရင်း ကောင်းကင်ယံထဲမှ ဆင်းသက်လာ၏။ ထို့နောက် တောင်ငယ်လေးတစ်လုံးပုံစံ ဖြစ်နေသော စိန်လူဝံကြီးမှာ ကောင်းကင်မြို့စား အိမ်ရာထဲရှိ ရင်ပြင်ထဲသို့ တိုက်ရိုက် ဆင်းသက်လာသဖြင့် မြေပြင်ကြီးမှာ တုန်ရီသွားစေနိုင်သည့် အသံကျယ်ကြီးတစ်သံ မြည်ဟည်းထွက်ပေါ်လာသည်။

၎င်း ဆင်းသက်လာသည်နှင့် တစ်ပြိုင်နက် မြေပြင်ကြီးတစ်ခုလုံး တုန်ရီသွား၏။ စိန်လူဝံကြီးမှာ ကျေနပ်အားရနေသည့်ပုံပင်။ ၎င်းမှာ သူ၏အမြင်တွင် လူပေါက်စလေးများနှင့် တူနေသော အရာများကို လျစ်လျူရှုလိုက်ပြီး ကောင်းကင်ပေါ်သို့ ခေါင်းမော့ကြည့်ကာ မာန်ပါပါ ဟိန်းဟောက်လိုက်၏။ ထို့နောက် လက်သီးနှစ်ဖက်စလုံးဖြင့် ၎င်း၏ရင်ဘတ်ကို ထုနှက်လိုက်သောကြောင့် လေထဲတွင် တဒုန်းဒုန်းမြည်သံများဖြင့် ပဲ့တင်ထပ်သွားတော့သည်။ လူအုပ်ကြီးမှာ ကြောက်လန့်တကြားနှင့် ကြည့်နေကြစဉ် ၎င်းမှာ ဒူးထောက်ချလိုက်၏။ ထို့ကြောင့် ကြောက်လန့်လွန်းလှသဖြင့် ဦးရေခွံများ ထုံကျဥ်နေသကဲ့သို့ ခံစားနေရသော လူအုပ်ကြီး တစ်ခုလုံးမှာ ၎င်း၏ ပခုံးပေါ်တွင် ထိုင်နေသည့် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများကို မြင်လိုက်ရတော့သည်။

ထိုသုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် စိန်လူဝံကြီး၏ ပခုံးပေါ်မှ ခုန်ဆင်းလာကြ၏။ စစချင်းတွင် လူတိုင်းမှာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ကို ကြည့်မိလိုက်ကြသည်။ အဖြူရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် ကျောက်ယမုန့်မှာ သူတို့၏ ကမ္ဘာမှမဟုတ်သော နတ်သမီးတစ်ပါးနှင့် တူနေပြီး ဟန်အမူအရာ ကြော့ရှင်းနေ၏။ သူမ၏ အငွေ့အသက်များမှာ သန့်ရှင်းစင်ကြယ်ပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံနေသလို သူမ၏ တမူထူးခြားသော အလှတရားနှင့် တည်ကြည်မှု အပြည့်ရှိသော အကြည့်များကြောင့် သူမမှာ ညှို့ဓာတ်အပြည့် ရှိနေ၏။

သူမ၏ဘေးတွင် ကျိုးရိဖန်မှာ ဣန္ဒြေအပြည့်ဖြင့် မားမားမတ်မတ်ရပ်နေပြီး ဆွဲဆောင်မှုအပြည့်ရှိသော ရုပ်ရည်သွင်ပြင်နှင့် ခန္ဓာကိုယ်အချိုးအစားများကို ပိုင်ဆိုင်ထားသလို သူ၏ မျက်လုံးများမှာလည်း ကြည်လင်ရှင်းသန့်လွန်းနေသည်။ သူသည် နေမင်းကြီးကဲ့သို့ပင်။ သူ့အား ကြည့်မိလိုက်သည့် လူတိုင်း သူ့ဆီမှ ထွက်ပေါ်နေသည့် မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသော အလင်းရောင်တစ်ခုကို ခံစားနိုင်ပေသည်။

သူတို့အတွဲမှာ တစ်ယောက်က ခံ့ညားမှု အပြည့်ရှိပြီး အခြားတစ်ယောက်မှာ ချောမောလှပနေ၏။ သူတို့မှာ အရပ်အမောင်းအပိုင်းတွင်ဖြစ်စေ၊ ခန္ဓာကိုယ်အချိုးအစားအပိုင်းတွင်ဖြစ်စေ၊ အငွေ့အသက်အပိုင်းတွင်ဖြစ်စေ ဤကမ္ဘာထဲ၌ ပြီးပြည့်စုံသောအဆင့်တွင် ရှိနေကြပြီဖြစ်သည်။ မိမိကိုယ်ကို ယုံကြည်မှု အနည်းငယ်လေးခန့်ပင် လျော့နည်းနေသည့် လူများပင်လျှင် သူတို့၏ရှေ့တွင် ရပ်လိုက်ပါက အရှက်ရသွားကြမည်သာဖြစ်သည်။ ထို့အပြင် မည်သူကမှ သူတို့ကို အနည်းငယ်လေးပင် အာရုံစိုက်ကြမည်မဟုတ်သဖြင့် သူတို့မှာ ထိုနှစ်ယောက်၏ဘေးမှ မှေးမှိန်ပျောက်ကွယ်သွားကြမည်သာ ဖြစ်သည်။

သို့သော် သူတို့နှစ်ယောက်၏ကြားတွင် ဝမ်ပေါင်လဲ့ ရပ်နေ၏။ သူ၏ ရုပ်ရည်သွင်ပြင်မှာ ထိုနှစ်ယောက်နှင့် လုံးဝမယှဉ်နိုင်ပေ။ အရပ်အမောင်းအပိုင်းတွင်ဖြစ်စေ၊ ခန္ဓာကိုယ်အချိုးအစားအပိုင်းတွင်ဖြစ်စေ သူသည် လုံးဝ ပြီးပြည့်စုံနေခြင်း မရှိပေ။ သို့သော် သူသည် လူအများ၏ အဓိက အာရုံစိုက်ခြင်းကို ခံနေရ၏။

သူသည် သူတို့နှစ်ယောက်ကြားတွင်ရပ်ကာ စကားလုံးများနှင့် ရှင်းပြ၍မရနိုင်လောက်အောင် ထူးဆန်းသော အ‌ငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသဖြင့် သူ၏ပုံစံမှာ ထိုသုံးယောက်အဖွဲ့၏ ခေါင်းဆောင်နှင့်ပင် တူနေတော့သည်။

သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံးမှာ မသိစိတ်မှနေ၍ ဝမ်ပေါင်လဲ့၏နောက် ခြေလှမ်းတစ်ဝက်အကွာတွင် ရပ်နေကြသည်ကို မြင်နိုင်ပေသည်။

လူအုပ်ထဲမှ အခြားသူများမှာမူ ထိုအကြောင်းအရင်းကို မသိကြပေ။ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ပင်လျှင် သူတို့၏ စိတ်နေစိတ်ထားများ ပြောင်းလဲသွားကြသည်ကို သတိမထားမိကြချေ။ ကူးလောင်ချိုင့်ဝှမ်းထဲတွင် ရှိခဲ့စဉ်တုန်းက ဝမ်ပေါင်လဲ့တစ်ယောက် သူတို့၏ရှေ့တွင် တောင်ကြီးတစ်လုံးကဲ့သို့ မားမားမတ်မတ် ရပ်နေခဲ့သည့် မြင်ကွင်းကြီးမှာ သူတို့နှစ်‌ယောက်၏ မှတ်ဉာဏ်များထဲတွင် စွဲထင်နေပြီဖြစ်သည်။

ထိုတိုက်ပွဲကြီးမှာ သူတို့အား အများကြီး ပြောင်းလဲသွားစေခဲ့၏။ သာမန်အချိန်များတွင်ဆိုလျှင် သူတို့မှာ ထုတ်ပြလေ့ မရှိကြပါသော်လည်း သူတို့၏ နှလုံးသားများထဲတွင်မူ သူတို့မှာ ဝမ်ပေါင်လဲ့၏ အဆင့်အတန်းကို အသိအမှတ် ပြုထားကြပြီးဖြစ်သည်

ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့၏ စိတ်နေစိတ်ထား ပြောင်းလဲသွားမှုများကြောင့် သူတို့နှစ်ယောက်၏ အငွေ့အသက်များမှာလည်း လိုက်၍ ပြောင်းလဲသွား၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ သူ၏ဘဝတလျှောက်လုံးတွင် သူ့ကိုယ်သူ လုံးဝ သံသယမဝင်ဖူးခဲ့ပေ။ ထို ‘ သံသယ ‘ ဆိုသော စကားလုံးမှာ သူ၏ အဘိဓာန်ထဲ၌ မရှိပေ။ ထို့နောက် ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်ကြားတွင် ခေါင်းမော့ရင်ကော့ကာ ရပ်ရင်း အားအကုန်သုံး၍ ချပ်ထားရသော သူ၏ဗိုက်ကိုပုတ်ပြလိုက်သဖြင့် လူအုပ်ကြီးတစ်ခုလုံး ကြောက်ရွံ့တုန်လှုပ်သွားကြတော့သည်။

” နောက်ကျမှ ရောက်လာလို့ တောင်းပန်ပါတယ် “

Comment

Leave a Reply

Options

not work with dark mode
Reset