ထိုတိုက်သင်္ဘောကြီးမှာ ပေတစ်သောင်းခန့် ဗြက်ကျယ်၏။ ၎င်းမှာ ဖြည်းညင်းစွာ ပျံသန်းနေပြီး ကြောက်မက်ဖွယ်ကောင်းကာ ခံ့ညားထည်ဝါနေသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ ၎င်းကို ပြုပြင်မွမ်းမံထားပြီး ဝိညာဉ်ကျောက်တုံးများအား အသုံးပြု၍ မောင်းနှင်နေခြင်းဖြစ်ကြောင်း အထင်အရှား သိမြင်နိုင်ပေသည်။ ၎င်း၏ ကိုယ်ထည်ကို အနက်ရောင်သုတ်ထားပြီး ၎င်းကို မြင်လိုက်ရသူတိုင်း ကြောက်ရွံ့တုန်လှုပ်သွားကြမည်သာ ဖြစ်သည်။
ထိုတိုက်သင်္ဘောကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် လွှတ်တော်အမတ်များ၏ သားသမီးများမှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားကြတော့သည်။ ဘေးပတ်ပတ်လည်မှ ကြည့်နေကြသည့် လူများနှင့် ကောင်းကင်မြို့တော်ထဲမှ မြို့သူမြို့သားများမှာလည်း ထိုသင်္ဘောပျံကြီးကို မြင်လိုက်ရသောအခါ အံ့ဩမှင်တက်ကာ ပင့်သက်ရှိုက်မိသွားကြတော့သည်။
” ဘုရားရေ။ အသေးစား တိုက်သင်္ဘောတစ်စင်းကို သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေတာပါလား… ”
” အထဲမှာ ဘယ်သူတွေများ ရှိနေပါလိမ့် ”
ဆွေးနွေးငြင်းခုံသံများဖြင့် ဆူညံပွက်လောရိုက်နေကြစဉ် ထိုတိုက်သင်္ဘောကြီးမှာ တဖြည်းဖြည်းချင်း ရပ်တန့်သွား၏။ ထို့နောက် ၎င်းထဲမှ အဖြူရောင်ဝတ်ရုံများ ဆင်မြန်းထားပြီး ကြော့ရှင်းမှုအပြည့်ရှိကာ နှစ်လိုဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည့် ကျိုးရိရှန်မှာ ပြုံး၍ ထွက်လာ၏။ ထို့အပြင် သူတစ်ယောက်တည်း မဟုတ်ပေ။ သူ၏နောက်တွင် သမင်ဖြူတာအိုကျောင်းမှ အခြားကျောင်းသားများလည်း လိုက်လာကြသည်။ လီယီမှာလည်း သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။
သူတို့ အပြင်သို့ထွက်လာသောအခါ လင်းတျန်ဟောက်မှာ ပြုံးသွား၏။ ထို့နောက် သူသည် ရှေ့သို့ချက်ချင်းပင်သွားလိုက်ပြီး သူတို့အား ကြိုဆိုလိုက်သည်။ သူသည် ကျိုးရိရှန်နှင့် ဝမ်းပန်းတသာ စကားစမြည်များ ပြောဆိုရင်း သူတို့အား အိမ်ယာထဲသို့ ဦးဆောင်ခေါ်သွားလိုက်၏။
သူတို့မှာ အချင်းချင်းမိတ်ဆက်နေစရာ မလိုပေ။ ကျိုးရိရှန်မှာ သူတို့၏ လူမှုရေးအသိုင်းအဝိုင်းထဲတွင် နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်သည်။ ခဏအကြာတွင် လွှတ်တော်အမတ်များ၏ သားသမီးများလည်း ရွှင်ပြုံးစွာဖြင့် ရောက်ရှိလာကြပြီး တစ်ယောက်အကြောင်းတစ်ယောက် ပြောပြနေကြတော့သည်။
ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာ ရွေးချယ်ပွဲကြောင့် လီယီနှင့် အပေါင်းအပါများ၏ အမည်များကို လူအများက သိရှိနေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့ အိမ်ယာထဲသို့ ရောက်လာကြသည်နှင့် တစ်ပြိုင်နက် လူများစွာမှာ သူတို့နှင့် ပိုမိုရင်းနှီးအောင်လုပ်ရန် ရှေ့သို့လှမ်းလာကြ၏။ ထိုသို့ဖြင့် လေထဲတွင် ရယ်မောသံများနှင့် အပြန်အလှန် စကားပြောသံများဖြင့် ပြည့်နှက်နေတော့သည်။
မြို့စား၏ အိမ်ရာမှာ အလွန်အမတန်မှ စည်ကားသိုက်မြိုက်နေ၏။ မဟာမြစ်တာအိုကျောင်းနှင့် သမင်ဖြူတာအိုကျောင်းခွဲမှ အဖွဲ့ဝင်များမှာလည်း တဖြည်းဖြည်းနှင့် ရောက်ရှိလာကြ၏။ သူတို့မှာလည်း သူတို့၏ သင်္ဘောပျံများကို သေသေချာချာ ရွေးချယ်ခဲ့ကြ၏။ မဟာမြစ်တာအိုကျောင်းမှ ကျောင်းသားများမှာဆိုလျှင် သလင်းကျောက်နှင့် တည်ဆောက်ထားသည့်ပုံပေါ်သော သင်္ဘောပျံကြီးတစ်စင်းကို စီးနင်း၍ ရောက်ရှိလာကြ၏။
သမင်ဖြူတာအိုကျောင်းခွဲ၏ ရောက်ရှိလာမှုမှာ ပို၍ပင် ကဗျာဆန်နေ၏။ သူတို့၏ သင်္ဘောပျံကြီးမှာ သတ္တုမြင်းလှည်းကြီးတစ်စင်းဖြစ်ပြီး ထစ်ချုန်းသံများနှင့်အတူ စားပွဲကျင်းပရာနေရာသို့ ရောက်ရှိလာခဲ့၏။
စားပွဲကြီး တရားဝင် မစတင်ရသေးခင်မှာပင် ၎င်းအား ကျင်းပရသည့်ရည်ရွယ်ချက်မှာ ပြောင်းလဲသွားသည့်ပုံ ပေါက်နေ၏။ သူတို့မှာ ထိုသင်္ဘောပျံကြီးများကို သိမ်းဆည်းထားခြင်းမရှိဘဲ လူအများမြင်နိုင်အောင် ထုတ်ပြထား၏။ ထို့ကြောင့် လူတိုင်းနီးပါး၏ အာရုံမှာ ၎င်းတို့ပေါ်သို့ ရောက်နေကြသည်။ လူအများမှာ ၎င်းတို့အား ဓာတ်ပုံများရိုက်၍ ဝိညာဉ်ကွန်ရက်ပေါ်တွင် တင်လိုက်ကြသောကြောင့် ကွန်ရက်ကြီးပေါ်တွင် ပို၍ပင် ရုန်းရင်းဆန်ခတ် ဖြစ်သွားရတော့သည်။
ကောင်းကင်တာအိုကျောင်းမှာ ကောင်းကင်မြို့တော်နှင့် ကပ်လျက်တည်ရှိနေသောကြောင့် ကျောင်းသားအများစုမှာ သူတို့၏ ကိုယ်ပိုင် သင်္ဘောပျံများဖြင့် ရောက်ရှိလာကြသည်။ သူတို့မှာ လုံးဝ မပြင်ဆင်ထားခဲ့သောကြောင့် သူတို့၏ သင်္ဘောပျံများမှာ အခြားသင်္ဘောပျံများနှင့် ယှဉ်လိုက်ပါက အလွန်အင်မတန်မှ နိမ့်ကျနေ၏။ သူတို့မှာ ထိုသင်္ဘောပျံများ၏ ဘေး၌ ဆင်းသက်ရန်ကိုပင် ရှက်ရွံ့နေကြတော့သည်။
ယှဉ်လိုက်မည်ဆိုပါက သူတို့မှာ အောက်ဆုံးအဆင့်၌ ရှိနေမည်မှာ အထင်အရှားပင်။ ထိုသို့ယှဉ်ပြိုင်မှုမှာ ကစားပွဲတစ်ခုသာသာ အဆင့်တွင် ရှိပါသော်လည်း ထို သူရဲကောင်းများအားလုံးမှာ လူငယ်များ ဖြစ်နေဆဲပင် မဟုတ်ပါလော။ ထို့ကြောင့် အချို့မှာ ကျေနပ်နေကြပြီး အချို့မှာ ရှက်ရွံ့နေကြမည်မှာ မထူးဆန်းပေ။
ထိုကိစ္စရပ်ကြီး တစ်ခုလုံးမှာ ဝိညာဉ်ကွန်ရက်ပေါ်၌ ချက်ချင်းပင် ပျံ့နှံ့သွား၏။ စားပွဲသို့ ရောက်နှင့်နေပြီးဖြစ်သော ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများစွာမှာ ကျောင်းမှ မထွက်ခွာရသေးသည့်လူများ ရှိ၊ မရှိ သိရှိနိုင်ရန် ကျောင်းအား လှမ်း၍ ဆက်သွယ်လိုက်၏။ အချို့မှာဆိုလျှင် ဝမ်ပေါင်လဲ့ဆီသို့ တိုက်ရိုက်အကြောင်းကြားကာ ဖြစ်ပျက်နေသည့်အကြောင်းအရာများကို သတင်းပို့လိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုသတင်းများကို လက်ခံရရှိလိုက်စဉ် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ဆီသို့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့မှာ သူတို့၏ ကိုယ်ပိုင်သင်္ဘောပျံများနှင့် ထွက်ခွာရန် ပြင်နေကြစဉ် သူတို့၏ အသံလွှင့် လက်စွပ်များမှာ လျင်မြန်စွာ တုန်ရီလာကြ၏။ ကျောက်ယမုန့်ပင်လျှင် အခြားတစ်ယောက်ထံမှ ထိုသတင်းများကို လက်ခံရရှိလိုက်သည်။
သူတို့သုံးယောက်မှာ ထိုအကြောင်းကြားစာများကို ဖတ်ကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာမူ မျက်ခုံးတစ်ဖက် ပင့်လိုက်၏။
” ကြွားလုံးထုတ်တဲ့ ပြိုင်ပွဲတစ်ခုဆိုပါလား ”
ကျိုးရိဖန်မှာမူ မျက်မှောင်ကြုတ်သွား၏။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျိုးရိရှန်မှာလည်း ထိုစားပွဲအား တက်ရောက်မည်ဖြစ်ကြောင်း သူက သတင်းရရှိလိုက်၏။ သူသည် ထိုသတင်းကို ဖတ်ရှုလိုက်ရသောအခါ သူ၏မျက်လုံးများမှာ အေးစက်စွာ တောက်ပသွား၏။
ကျောက်ယမုန့်မှာမူ ထိုကဲ့သို့ ကြွယ်ဝချမ်းသာမှုများအား ထုတ်ကြွားရသည်ကို ဂရုမစိုက်သလို လုံးဝလည်း စိတ်မဝင်စားပေ။ သူမ၏ ဘဝတစ်လျှောက် သူမနှင့် သက်တူရွယ်တူများ အားလုံးထဲတွင် တစ်ယောက်သောသူမှလွဲ၍ အခြားလူများမှာ သူမလောက် ချမ်းသာကြွယ်ဝမှု မရှိကြချေ။ ထို့ကြောင့် သူမမှာ ထိုကဲ့သို့သော ကိစ္စများကို ရိုးနေပြီဖြစ်သည်။
” ဘယ်လောက်တောင် အဓိပ္ပာယ်မရှိတဲ့ ဟာတွေလဲကွ။ ငါတို့တွေက သစ်သီးတွေပဲ သွားစားကြမှာ မဟုတ်ဘူးလား။ ဘယ်တုန်းကများ ကြွားလုံးထုတ်တဲ့ ပြိုင်ပွဲကြီး ဖြစ်သွားရတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းကာ ပြုံးလိုက်၏။ သူ၏ အမူအရာမှာ ကလေးငယ်များက မည်သူ၏ အရုပ်မှာ အကောင်းဆုံးဖြစ်ကြောင်း ငြင်းခုံနေကြသည့် ရန်ပွဲကြီးကို ကြည့်နေသည့် အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက်၏ အထင်သေးသည့် အမူအရာကဲ့သို့ပင် ဖြစ်နေတော့သည်။
” ဒီကောင်တွေက တော်တော်ကို ကလေးကလားဆန်တဲ့ ကောင်တွေပဲ။ ပါတီပွဲလေး တစ်ခုပဲကို ဘာကိစ္စနဲ့ သင်္ဘောပျံတွေ ထုတ်ကြွားနေကြတာလဲကွ။ အနက်ရောင်ရွှေနဲ့ တည်ဆောက်ထားတော့ရော ဘာလုပ်ရမှာလဲ။ အကန့်အသတ်နဲ့ထုတ်ထားတဲ့ သင်္ဘောပျံဆိုတော့ရော ဘာဖြစ်လဲ… ဘာတွေလဲကွာ။ ကြောင်တောင်တောင်နဲ့ အပေါ်ယံဆန်လိုက်တာ ”
ဝမ်ပေါင်လဲ့မှာ ထိုသတင်းများကို ဖတ်ရှုကာ သက်ပြင်းချလိုက်တော့သည်။
” ငါတို့လိုကျင့်ကြံသူတွေက မဟာတာအိုကိုပဲ စိတ်ထဲမှာစွဲနေအောင် မှတ်သားထားရမှာ။ အတိတ်ကလူတွေ ငါတို့ကို လက်ဆင့်ကမ်းပေးခဲ့တဲ့ ဉာဏ်ပညာမီးတုတ်ကို အနာဂတ်အထိရောက်အောင် သယ်ဆောင်သွားပေးရမှာ။ ငါတို့တွေက စကြဝဠာကြီးကို ကောင်းကျိုးပြုနိုင်ဖို့အတွက် အမြဲမပြတ် ကြိုးစားနေရမှာကွ။ ဘယ်လိုလုပ်ပြီးတော့ အခုလို အဓိပ္ပါယ်မရှိတဲ့ ယှဉ်ပြိုင်မှုတွေနဲ့ ငါတို့ရဲ့ ဘဝတွေကို ဖြုန်းတီးနေရမှာလဲ ”
ဝမ်ပေါင်လဲ့မှာ ခံယူချက်အပြည့်၊ အားမာန်အပြည့်ဖြင့် ဆိုလိုက်၏။
” ဒီနေ့ ငါတို့သုံးယောက်စလုံး အရိုးရှင်းဆုံး နည်းလမ်းနဲ့ အဲဒီကို သွားကြတာပေါ့။ ကိုယ့်ရဲ့ ကြွယ်ဝချမ်းသာမှုတွေကို ထုတ်ကြွားတာက ရာဇဝတ်မှု တစ်ခုပဲဆိုတာကို ဒီလူငယ်လေးတွေ သိသွားအောင် ပြမှရမယ်။ ရိုးရှင်းမှုကသာ အစစ်မှန်ဆုံးနဲ့ အမှန်ကန်ဆုံး သန့်စင်မှုပဲ။ အကြီးမားဆုံး အမှန်တရားတွေက အရိုးရှင်းဆုံးပဲကွ ”
ကျိုးရိဖန်မှာ ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ အနည်းငယ်ခန့် စိတ်နှလုံး လှုပ်ရှားသွားရ၏။ ကျောက်ယမုန့်ပင်လျှင် ဝမ်ပေါင်လဲ့အား တအံ့တဩနှင့် ကြည့်နေမိတော့သည်။ သို့သော် သူတို့နှစ်ယောက် သဘောတူကြောင်း မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ မောက်မာဝံ့ကြွားမှု အပြည့်ဖြင့် ခေါင်းမော့လိုက်ပြီး လက်မြောက်ကာ သူ၏လက်ချောင်းများကို ပါးစပ်ထဲသို့ထည့်၍ အားပါပါ မှုတ်လိုက်တော့သည်။
ထိုအခါ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့၏ ပါးစပ်ထဲမှ စူးရှကျယ်လောင်သော လေချွန်သံကြီးတစ်သံ ထွက်ပေါ်လာပြီး လေထုကြီးကို ထိုးခွင်းကာ အဝေးကြီးအထိ ပျံ့နှံ့သွား၏။
ထို လေချွန်သံကြီး ပျံ့နှံ့သွားပြီး ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ အံ့ဩတုန်လှုပ်နေစဉ်မှာပင် သားရဲမွေးမြူရေးအဆောင်ရှိရာဘက်မှ မိုးခြိမ်းသံနှင့်တူသော ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ ထို့နောက် ထိုအဆောင်ထဲမှ ဧရာမ သတ္တဝါကြီးတစ်ကောင် ပြေးထွက်လာပြီး ကောင်းကင်ယံထဲတွင် အံ့ဩဖွယ်ကောင်းသော အရိပ်ကြီးတစ်ခုမှာ ချက်ချင်းပင်ပေါ်လာတော့သည်။
၎င်းမှာ… စိန်လူဝံကြီးဖြစ်သည်။
မီတာတစ်ရာကျော် မြင့်မားပြီး အနက်ရောင်အမွေးများနှင့် နောက်ကျောတွင် တောင်ပံတစ်စုံပေါက်နေသော စိန်လူဝံကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။ ၎င်း၏ လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိသော ကျင့်ကြံခြင်းအဆင့်မှာလည်း အာနာပါနအဆင့်ထက် သာလွန်နေပြီး အခြေတည်အဆင့်တွင် ရှိနေ၏။
၎င်းမှာ သူတို့၏အနားသို့ ချဉ်းကပ်လာသောအခါ သွေးညှီနံ့များဖြင့် ပြည့်နှက်နေသော လေးပြင်းကြီးတစ်ချက်က လေဆင်နှာမောင်းတစ်ခုကဲ့သို့ ဝမ်ပေါင်လဲ့နှင့် သူ၏မိတ်ဆွေများဆီသို့ တိုက်ခတ်လာ၏။ ထို့နောက် ၎င်းမှာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာတော့သည်။ စိန်လူဝံကြီးမှာ လေထဲတွင် ရစ်ဝဲနေပြီး ၎င်း၏ တောင်ပံများမှာလည်း တဖျတ်ဖျတ် ခပ်နေသောကြောင့် လေပြင်းကြီးများ အဆက်မပြတ် တိုက်ခတ်နေကြ၏။ ၎င်းမှာ ပျော်ရွှင်နေသည့်ပုံပင်။ ထို့နောက် ၎င်းမှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ အရိုအသေပေးလိုက်ပြီးနောက် ၎င်း၏ ရင်ဘတ်အား အဆက်မပြတ် ထုနှက်နေသောကြောင့် လေထဲတွင် ထစ်ချုန်းသံကြီးများဖြင့် ဆူညံနေတော့သည်။ ၎င်း၏ ကိုယ်ဟန်အမူအရာများကြောင့် ၎င်း၏ ပုံစံမှာ ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းနေ၏။
ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ စိန်လူဝံကြီးနှင့် မျက်နှာချင်းဆိုင်လိုက်ရသောအခါ အသက်ရှူသံများ ရပ်တန့်သွားကြပြီး မသိစိတ်မှနေ၍ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်မိသွားကြ၏။ စိန်လူဝံကြီး၏ အင်မတန်မှကြီးမားလှသော အပြင်ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။
၎င်းမှာ ကူးလောင်ချိုင့်ဝှမ်းထဲရှိ အခြေတည်အဆင့် ဧရာမသစ်ပင်ကြီးနှင့် ရင်ဆိုင်ရလျှင်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိလောက်ပေသည်။
ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ ဆွံ့အမှင်တက်နေကြစဉ် ဝမ်ပေါင်လဲ့မှာ အေးဆေးတည်ငြိမ်စွာဖြင့် ခေါင်းမော့လာပြီး စိန်လူဝံကြီးအား နှုတ်ဆက်လိုက်၏။ ထိုအခါ စိန်လူဝံကြီးမှာ အပျော်လွန်သွားတော့သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့နှင့် သူ၏ကြားရှိ ပဋိပက္ခများကို မေ့ပစ်လိုက်ပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ကျောင်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ရုပ်သေးရုပ်အချို့အား ၎င်းဆီသို့ မမေ့မလျော့ ပေးပို့ပေးခဲ့သဖြင့် သူတို့၏ ခင်မင်ရင်းနှီးမှုမှာ ပိုမိုတိုးတက်လာခဲ့၏။
စိန်လူဝံကြီးသည် ဝမ်ပေါင်လဲ့မှာ သူ့အား အရေးတယူ ဆက်ဆံပေးနေသည်ဟု ခံစားနေရပြီး ဝမ်ပေါင်လဲ့အား ပို၍ပင် ခင်မင်ရင်းနှီးလာတော့သည်။ ထို့ကြောင့် ၎င်းမှာ ပြုံးဖြဲဖြဲ လုပ်ပြလိုက်ပြီး အော်ဟစ်ဟိန်းဟောက်လိုက်၏။
” ကျင့်လေး။ ငါ့ကို လူတချို့က အနိုင်ကျင့်ဖို့ကြိုးစားနေတာ။ ငါတို့တွေ မင်းကိုပါ ခေါ်သွားမယ်။ ငါ အချက်ပြတာကိုစောင့်။ ငါတို့ကို ရန်စတဲ့လူရှိရင် ပိတ်ရိုက်ပစ်ကွာ ”
ဝမ်ပေါင်လဲ့မှာ မောက်မာဝံ့ကြွားမှုအပြည့်ဖြင့် ဆိုလိုက်သည်။
စိန်လူဝံကြီးမှာ အသိဉာဏ်ရှိသော သတ္တဝါကြီးတစ်ကောင်ဖြစ်သည်။ ၎င်းမှာ အထူးတလည် ဉာဏ်ကောင်းနေခြင်း မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့ စကားလုံးများ၏ အဓိပ္ပါယ်ကို အကြမ်းဖျင်းခန့် နားလည်ပေသည်။ သူ့အား တိုက်ခိုက်ရန်အတွက် ဆင့်ခေါ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ စိန်လူဝံကြီးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွား၏။ ထို့နောက် ၎င်းမှာ ကောင်းကင်ကြီးပေါ်သို့ မော့ကြည့်ကာ ဟိန်းဟောက်လိုက်ပြီး နောက်သို့လှည့်၍ သားရဲမွေးမြူရေးအဆောင်ထဲရှိ ၎င်း၏ ဂူကြီးဆီသို့ ပြေးသွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ ကြက်သေသေရင်း ကျန်ရစ်ခဲ့၏။ သို့သော် ၎င်းမှာ ချက်ချင်းပင် ပြန်လည်ရောက်ရှိလာပြီး ၎င်း၏ ပုံပန်းသွင်ပြင်မှာ လုံးဝ ပြောင်းလဲသွားပြီဖြစ်သည်။
၎င်း၏ ခန္ဒာကိုယ်ပေါ်တွင် ရွှေဖြင့်သွန်းလုပ်ထားသော ချပ်ဝတ်တန်ဆာတစ်စုံကို ဆင်မြန်းထားသောကြောင့် ၎င်း၏ နဂိုတုန်းက မီတာတစ်ရာကျော် မြင့်မားသော ခန္ဓာကိုယ်ကြီးမှာ ချက်ချင်းဆိုသလိုပင် ရွှေတောင်လေးတစ်လုံးကဲ့သို့ ပြောင်းလဲသွား၏။ ၎င်း၏ ပုံစံမှာ ယခင်ကထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာ ကောင်းလာသလို အံ့ဩမှင်တက်ဖွယ်ရာလည်း ကောင်းနေပြီဖြစ်သည်။
ထိုချပ်ဝတ်တန်ဆာအား ဓမ္မလက်နက်အဆောင်က အဖိုးတန်ကုန်ကြမ်းပစ္စည်းများနှင့် ရှုပ်ထွေးသော ကမ္ဗည်းစာလုံးများကို အသုံးပြု၍ ပင်ပန်းဆင်းရဲကြီးစွာ ဖန်တီးသွန်းလုပ်ထားခြင်း ဖြစ်ရပေမည်။ ထို ချပ်ဝတ်တန်ဆာတစ်စုံလုံးမှာ ဆဋ္ဌမအဆင့် နတ်ဘုရားရတနာတစ်ခု ဖြစ်သောကြောင့် ၎င်းအား ဝတ်ဆင်ထားသည့် စိန်လူဝံကြီး၏ တိုက်ရည်ခိုက်ရည်များမှာ နဂိုမူလတုန်းကထက် အဆပေါင်းများစွာပို၍ မြင့်မားနေမည်မှာ အသေအချာပင်။ စိန်လူဝံကြီးဆီမှ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေပြီး ၎င်းမှာ လေထဲတွင်ရစ်ဝဲကာ ၎င်း၏ ပတ်ပတ်လည်ရှိ ဝိညာဉ်စွမ်းအင်များမှာလည်း ရေဝဲလေးများကဲ့သို့ ဖြစ်နေ၏။
ထိုလူဝံကြီးမှာ ဧရာမ ခေါင်းဆောင်ကြီးတစ်ခုကို ဆောင်းထားပြီး သတ္တုလက်အိတ်များလည်း စွပ်ထား၏။ ထိုအသုံးအဆောင်များနှင့် ချပ်ဝတ်တန်ဆာများကြောင့် စိန်လူဝံကြီးမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းနေတော့သည်။
ဝမ်ပေါင်လဲ့မှာ စိန်လူဝံကြီးအား ယခုလိုအဝတ်အစားများဖြင့် ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ဆွံ့အမှင်တက်ကာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရတော့သည်။ ထို့နောက် သူသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး လေပေါ်သို့ခုန်တက်ကာ စိန်လူဝံကြီး၏ ပခုံးပေါ်၌ ဆင်းသက်လိုက်၏။ ထို့နောက် သူသည် ထိုင်ချလိုက်ပြီး ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့အား လက်ဟန်ခြေဟန်ပြ၍ လှမ်းခေါ်လိုက်သည်။
” ရိဖန်၊ ယမုန့်။ လာလေကွာ။ ငါတို့တွေ စားပွဲသွားရဦးမှာကို။ ငါတို့တွေ ဒီလိုလေးပဲ ရိုးရိုးရှင်းရှင်းသွားပြီးတော့ စည်းစိမ်ဥစ္စာတွေနဲ့ ကြွားလုံးထုတ်နေကြတဲ့ လူတွေကို သွားတွေ့ကြတာပေါ့။ မကြောက်ပါနဲ့။ ငါတို့ရဲ့ နှလုံးသားတွေထဲမှာ ငါတို့ရဲ့ အိပ်မက်တွေနဲ့ တာအိုတွေ ရှိနေတာပဲ ”
ဝမ်ပေါင်လဲ့၏ သူ၏စကားများကြောင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားရ၏။ သူသည် အလွန်အင်မတန်မှ ရိုးရှင်းကာ ဖြူစင်လွန်းနေသည်ဟု သူ့ကိုယ်သူ မှတ်ယူလိုက်တော့သည်။
ကျိုးရိဖန်မှာ သူ၏နဖူးကိုသာ သူ့ကိုယ်သူ ပြန်ရိုက်မိလိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ ကြီးကျယ်ခမ်းနားသော အမှန်တရားများနှင့် စစ်မှန်သောရိုးရှင်းမှုများနှင့် ပတ်သက်သည့် မိန့်ခွန်းအား စိတ်အပင်ပန်းခံ၍ နိုးကြားတက်ကြွစွာနှင့် နားမယောင်ခဲ့သင့်ကြောင်း ရိပ်မိသွားတော့သည်။ ကျောက်ယမုန့်မှာလည်း ဆွံ့အနေရ၏။ သူတို့နှစ်ယောက်မှာ စကားတစ်ခွန်းမှမပြောဘဲ လေပေါ်သို့ ခုန်တက်ကာ စိန်လူဝံကြီး၏ ပခုံးပေါ်၌ ဆင်းသက်လိုက်ကြပြီး ဝမ်ပေါင်လဲ့၏နောက်၌ ထိုင်လိုက်ကြသည်။ ထို့နောက် ကျောက်ယမုန့်မှာ တစ်စုံတစ်ခုအား ရုတ်တရက်ဆိုသလို နားလည်သွားသည့် အမူအရာဖြင့် ခပ်ရေးရေးခန့်ပြုံးကာ ဆိုလိုက်တော့သည်။
” ဝမ်ပေါင်လဲ့ပြောတာ မှန်တယ်။ ငါတို့က ဆင်းရဲပေမဲ့ ငါတို့မှာ အိပ်မက်တွေ ရှိသေးတယ် ”
ကျိုးရိဖန်မှာမူ နှုတ်ခမ်းများ တဆတ်ဆတ် တုန်ရီလာပြီး ကျောက်ယမုန့်အား စိုက်ကြည့်ရင်း သူမမှာ ဝမ်ပေါင်လဲ့နှင့် ဆင်တူနေသည်ဟုပင် ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် တိတ်တိတ်ကလေး ရေရွတ်မိလိုက်တော့သည်။
” နင်သာ ဆင်းရဲတယ်ဆိုရင် ဒီကမ္ဘာကြီးထဲမှာ ချမ်းသာတဲ့လူဆိုတာ ရှိမှာမဟုတ်တော့ဘူး ”
ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ ထောက်ခံစကားကို ကြားလိုက်ရသဖြင့် သူမအား ထွေးပွေ့ကာ နမ်းရှုံ့ပစ်ချင်စိတ်များ တဖွားဖွား ပေါ်လာတော့သည်။ ကံကောင်းသည်မှာ သူ၏ ဆင်ခြင်တုံတရားမှာ အကောင်းအတိုင်း ရှိနေဆဲပင်။ ထို့ကြောင့် သူသည် သူ၏ဆန္ဒများကိုချုပ်တည်းလိုက်ပြီး စိတ်ဓာတ်တက်ကြွမှုအပြည့်ဖြင့် စိန်လူဝံကြီးအား လက်ဖြင့်ပုတ်ကာ အမိန့်ပေးလိုက်တော့သည်။
” ကျင့်လေး သွားကြစို့။ ငါတို့ရဲ့ ပန်းတိုင်က ကောင်းကင်မြို့စားရဲ့ အိမ်ရာပဲ ”
ထိုအခါ စိန်လူဝံကြီးမှာ ချက်ချင်းပင် ခေါင်းမော့လာပြီး ကမ္ဘာမြေကြီးကိုပင် ကွဲအက်သွားစေနိုင်သော အသံတစ်သံဖြင့် ဟိန်းဟောက်လိုက်တော့သည်။ ထိုအသံကြီးမှာ ကောင်းကင်ယံတစ်ခွင်တွင် ပျံ့နှံ့သွားသဖြင့် အဆင့်မြင့်ကျွန်းပေါ်မှ လူများမှာ အထိတ်တလန့် ဖြစ်သွားကြတော့သည်။ ထို့နောက် ၎င်းမှာ လေပေါ်သို့ ခုန်တက်သွားပြီး ၎င်း၏နောက်ကျောပေါ်မှ တောင်ပံများမှာ တဖျတ်ဖျတ် ခပ်လာတော့သည်။ နောက်ဆုံးတွင် ၎င်းမှာ ခံ့ညားထည်ဝါမှု အပြည့်ဖြင့် ကောင်းကင်မြို့တော်ဆီသို့ တည့်မတ်စွာ ဦးတည်ပျံသန်းသွားတော့သည်။