ကောင်းကင်သစ်သီးမှာ ပြည်ထောင်စုကြီးထဲ၌ နာမည်ကျော်ကြား၏။ ၎င်းမှာ ထူးဆန်းသောသစ်သီးတစ်မျိုးဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ် ကောင်းကင်ဘုံမက်မွန်သီးများနှင့် မယှဉ်နိုင်ပါသော်လည်း ကျင့်ကြံသူတစ်ယောက်အတွက် အလွန်အင်မတန်မှ အာဟာရဖြစ်စေ၏။ ထိုသစ်သီးကိုစားသုံးလိုက်သော သာမန်လူတစ်ယောက်မှာ ကျန်းမာရေးအထူးကောင်းမွန်သွားပြီဖြစ်ပြီး ကိုယ်ခံအားများ တိုးပွားလာမည်ဖြစ်သလို အသက်လည်း ရှည်သွားမည်ဖြစ်သည်။
ထို့အပြင် သစ်သီး၏ အကျိုးသက်ရောက်မှုများမှာ ပြင်းထန်မှုလုံးဝမရှိသောကြောင့် ကလေးငယ်များပင် ၎င်းတို့ကို စားသုံးနိုင်သည်။
ထိုသစ်သီး၏ တစ်ခုတည်းသော အားနည်းချက်မှာ ကြာကြာအထားမခံခြင်းဖြစ်ပြီး ခူးဆွတ်ပြီးသွားသည်နှင့် တစ်ပြိုင်နက် သုံးရက်အတွင်းစားသုံးရန် လိုအပ်သည့်အချက်ပင်ဖြစ်သည်။
ကောင်းကင်သစ်သီးများမှာ ကောင်းကင်သစ်ပင်ပေါ်တွင် ပေါက်ကြ၏။ ထိုသစ်ပင်အား … မဟာ မဟော်ဂနီပင်ဟုလည်း ခေါ်ကြ၏။
သို့သော် ထိုသစ်ပင်များနှင့် နွေဦးရာသီတွင် နှစ်ပေါင်းရှစ်ထောင်တိတိ အသီးသီးပြီးနောက် ဆောင်းဦးရာသီတွင် နောက်ထပ် နှစ်ပေါင်းရှစ်ထောင်တိတိ ထပ်၍ အသီးသီးသော ဒဏ္ဍာရီများထဲမှ မဟာ မဟော်ဂနီပင်များ၏ ကြားထဲတွင် ခြားနားချက်များရှိပေသည်။ ကောင်းကင်သစ်ပင်မှာ သက်တမ်းရှည်ကြာသော ဝိသေသလက္ခဏာတစ်ခုကိုသာ ပိုင်ဆိုင်ထားသည်။
ကောင်းကင်သစ်ပင်ကြီးမှာ ရှေးယခင်တုန်းက မြို့စားကြီး ခရီးလှည့်လည်သွားလာနေရင်း ကံအားလျော်စွာ ကြုံတွေ့ခဲ့ရသည့် အရာတစ်ခုဖြစ်သည်။ သူသည် အေးခဲနေပြီဖြစ်သော မီးခဲများ၏ ကြားထဲတွင် သေဆုံးခြင်းမရှိသေးသော သစ်ကိုင်းခြောက်တစ်ကိုင်းကို ရှာတွေ့ခဲ့ပြီး ၎င်းအား ကောင်းကင်မြို့တော်ဆီသို့ ပြန်လည်ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ ဂရုတစိုက် ပြစုပျိုးထောင်မှု အောက်တွင် ထိုသစ်ကိုင်းခြောက်လေးမှာ ကြီးထွားလာခဲ့ပြီးနောက် လွန်ခဲ့သောဆယ်နှစ်ခန့်က ယခုလို အစမှအဆုံးအထိ ပေတစ်ထောင်ခန့် ကြီးမားသော အရွယ်အစားအထိ ပြောင်းလဲလာခဲ့ပြီး ၎င်း၏ ပထမဆုံး ကောင်းကင်သစ်သီးများ သီးပွင့်လာခဲ့၏။
ထိုသစ်သီးများထဲတွင် တမူထူးခြားသောဂုဏ်သတ္တိများ ပါဝင်ပါသော်လည်း ၎င်းတို့၏ ရင့်မှည့်ချိန်များမှာ အတည်တကျမရှိပေ။ သူ ထိုသစ်ပင်အား သေလုဆဲဆဲဖြစ်နေသည့် အနေအထားမှ ပြန်လည်ယူဆောင်လာခဲ့သည့် အချိန်မှစ၍ ယခုအချိန်အထိ ၎င်းမှာ သုံးကြိမ်တိုင်တိုင် သီးပွင့်ခဲ့ပြီးဖြစ်သည်။ ယခုမှာ စတုတ္ထအကြိမ်မြောက် ဖြစ်သည်။
မြို့စား လင်းယုံအတွက်မူ ထိုကောင်းကင်သစ်သီးများမှာ အဖိုးတန်ပါသော်လည်း ၎င်းတို့မှာ ရုပ်ပစ္စည်းတစ်ခုမျှသာ ဖြစ်သည်။ ၎င်း၏ တန်ဖိုးကို ကောင်းမွန်သော လူမှုရေးအချိတ်အဆက်များနှင့် ယှဉ်၍ မဖြစ်နိုင်ပေ။ ထို့ကြောင့် ကောင်းကင်သစ်သီးများ သီးပွင့်လာခဲ့သည့် ယခင်အခေါက်များတုန်းကလည်း သူသည် ပြည်ထောင်စုကြီး၏ အငယ်ပိုင်းမျိုးဆက်မှ သူရဲကောင်းများအား သူ၏စားပွဲကို တက်ရောက်ပြီး ထိုသစ်သီးများကို မျှဝေစားသုံးရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဖိတ်ကြားလိုက်ခြင်းအားဖြင့် တစ်ဖက်တွင် ထို လူငယ်လူရွယ် သူရဲကောင်းများ၏ မိဘဖြစ်သူများနှင့် သူ၏ကြားရှိ ဆက်ဆံရေးများမှာ တိုးတက်ကောင်းမွန်လာမည်ဖြစ်ပြီး အခြားတစ်ဖက်တွင်လည်း ထိုလူငယ်လေးများနှင့် ဆက်ဆံရေးအသစ်များ တည်ဆောက်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။
ထိုကဲ့သို့ နည်းဗျူဟာမှာ အလွန်အင်မတန်မှ ရိုးရှင်းသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ ၎င်းကို အမှန်တကယ် အသုံးပြုနိုင်သူမှာ အလွန်အင်မတန်မှ နည်းပါး၏။ ထိုသစ်သီးများမှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် အထောက်အကူပြုနိုင်သည့် သစ်သီးများ ဖြစ်ပါသော်လည်း သူသည် ၎င်းတို့ကို အလကား ပေးပစ်နေသည် မဟုတ်ပါလော။
လင်းယုံ၏ လုပ်ရပ်များကိုကြည့်၍ သူ၏ ရည်မှန်းချက်ပန်းတိုင်များကို သိမြင်နိုင်ပေသည်။ ပြည်ထောင်စုလွှတ်တော်ထဲရှိ လွှတ်တော်အမတ်တစ်ယောက်နှင့် မြို့စားတစ်ယောက် ဖြစ်လာနိုင်ရန်အတွက်ဆိုလျှင် အခြားသူများကို ဆက်ဆံသည့်နေရာနှင့် ကိစ္စအဝဝကို စီမံခန့်ခွဲသည့် နေရာများတွင် တမူထူးခြားသော အရည်အချင်းများကို ပိုင်ဆိုင်ထားရန် လိုအပ်သည်မဟုတ်ပါလော။
သူနှင့် ယှဉ်လိုက်မည်ဆိုပါက သူ၏သားဖြစ်သူ လင်းတျန်ဟောက်မှာ လေ့လာသင်ယူရန် အများကြီးလိုအပ်နေဆဲပင်….
” ဟောက်အာ။ လာမယ့် ကောင်းကင်သစ်သီးစားပွဲမှာ မင်း အစီအစဉ်မှူးလုပ်ရမယ် ”
ကောင်းကင်မြို့စား၏ အိမ်ရာထဲရှိ ကောင်းကင်သစ်ပင်ကြီးအောက်တွင် လင်းယုံမှာ နောက်သို့လှည့်လာပြီး သူ၏သားဖြစ်သူကိုကြည့်ကာ တည်ကြည်စွာဆိုလိုက်၏။
လင်းတျန်ဟောက်မှာ သူ၏ဖခင်ဖြစ်သူကို အမြဲတမ်း ကြောက်ရွံ့ရိုသေလေးစား၏။ သူသည် ကောင်းကင်သစ်သီးများကို အလကားပေးပစ်ရန် တွန့်တိုနေပါသော်လည်း တည်ကြည်စွာ ခေါင်းညိတ်လိုက်ပြီး သူ့ဖခင်၏ ညွှန်ကြားချက်များကို လိုက်နာလိုက်သည်။
ထိုအခါ လင်းယုံ၏ မျက်နှာမှာ တဖြည်းဖြည်းနှင့် ပြုံးသွားပြီး လင်းတျန်ဟောက်အား စိုက်ကြည့်နေလိုက်၏။ သူသည် သူ့သား၏ အကျင့်စရိုက်ကို ကောင်းကောင်းကြီးသိပေသည်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား အတိုင်းအတာတစ်ခုအထိပင် ကျေးဇူးတင်နေမိတော့သည်။
လင်းတျန်ဟောက်မှာ အဆင့်မြင့်ကျွန်းသို့ ဝင်ခွင့်ရရှိခဲ့ပြီးနောက် အတားအဆီးအခက်အခဲအချို့နှင့် ကြုံခဲ့ရသည် မဟုတ်ပါလော။ ၎င်းတို့ကြောင့် သူသည် ရင့်ကျက်သွားခဲ့သဖြင့် လင်းယုံမှာ စိတ်အေးသွားရ၏။
” အလကား ဖြုန်းတီးပစ်လိုက်တယ်လို့ စိတ်ထဲမှာမှတ်မထားနဲ့။ ဒီ လူမှုအဖွဲ့စည်းကြီးက အပြန်အလှန် ကူညီမှုတွေအပေါ်မှာ မှီခိုနေတာ။ လူမှုဆက်ဆံရေးရဲ့ တန်ဖိုးက မင်းထင်ထားတာထက်ကို ပိုပြီးတော့ကြီးတယ်။ ငါက ဘယ်သူ့ကိုမှ မျက်နှာလိုမျက်နှာရ လုပ်နေစရာ မလိုတော့ဘူး။ ဒီတစ်ခေါက်မှာ မင်းပဲ မျက်နှာရအောင် လိုက်လုပ်ပြီးတော့ ဆက်ဆံရေးအသစ်တွေ တည်ဆောက်ရမှာ ”
” ကျနော်နားလည်ပါတယ် အဖေ ” လင်းတျန်ဟောက်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
” ငါ တခြားလွှတ်တော်အမတ်တွေနဲ့ မြို့စားတွေရဲ့ ကလေးတွေ အပါအဝင် တာအိုကျောင်းက လူငယ်လူရွယ် သူရဲကောင်းတွေကိုပါ ဖိတ်ထားတယ်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုက လူတချို့လည်း ရောက်လာလိမ့်မယ်။ ငါတို့နဲ့ တခြားဂိုဏ်းနှစ်ဂိုဏ်းနဲ့ လသုံးစင်း မဟာမိတ်အဖွဲ့ရဲ့ ကြားမှာက အပြန်အလှန်ဆက်ဆံရေးတွေ သိပ်မရှိတော့ သူတို့တွေ ရောက်မလာလည်း ကိစ္စတော့မရှိပါဘူး။ ဒါပေမဲ့ သူတို့ရောက်လာမယ်ဆိုရင် မင်း သူတို့ကို သေချာလေးဧည့်ခံရမယ် ”
လင်းယုံမှာ အကြံပြုချက်အချို့နှင့် သတိပေးချက်အချို့ကို ပြောကြားလိုက်၏။ ထို့နောက် သူ၏ခေါင်းကိုမော့ကာ ကောင်းကင်သစ်ပင်ကြီးနှင့် ၎င်း၏ ရင့်မှည့်နေသောသစ်သီးများကို ကြည့်လိုက်ရင်း ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို သတိရသွားသည်ပုံစံဖြင့် သာမန်ကာလျှံကာ ဆိုလိုက်၏။
” ငါ ကောင်းကင်တာအိုကျောင်းက လူငယ်လူရွယ်သူရဲကောင်း တချို့ကိုလည်း ဖိတ်ထားသေးတယ်နော်။ သူတို့ထဲမှာ ဝမ်ပေါင်လဲ့လည်း ပါတယ် ”
လင်းတျန်ဟောက်မှာ ဝမ်ပေါင်လဲ့၏နာမည်ကို ကြားလိုက်ရသောအခါ ငြိမ်ကျသွား၏။ ယခင်ကအတိုင်းသာဆိုပါက သူသည် ထိုဖိတ်ကြားမှုကို လုံးဝ သဘောတူမည် မဟုတ်ပေ။ သူသည် စောဒကမတက်ခဲ့လျှင်တောင် စိတ်ထဲတွင် မကျေမချမ်း ဖြစ်နေမည်သာဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့နှင့် အကြိမ်အနည်းငယ်ခန့် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်ပြီးနောက် သူသည် သူ၏ ကံကြမ္မာကို လက်ခံလိုက်ပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် သူသည် တစ်ခဏမျှ ဆိတ်ငြိမ်နေလိုက်ပြီးမှ ခေါင်းညိတ်ကာ သဘောတူလိုက်၏။
” သူနဲ့ သားရဲ့ကြားက ပဋိပက္ခတွေက သားရဲ့ မရင့်ကျက်မှုနဲ့ တဇွတ်ထိုးတဇောက်ကန်း လုပ်ရပ်တွေကြောင့် ဖြစ်လာရတာပါ။ အဖေ့ကို စိုးရိမ်အောင်လုပ်မိခဲ့တဲ့အတွက် သား တောင်ပန်ပါတယ် ”
လင်းယုံမှာ ထိုစကားကိုကြားလိုက်ရသောအခါ ချက်ချင်းပင် နောက်သို့ ချာခနဲလှည့်လာပြီး လင်းတျန်ဟောက်အား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်တော့သည်။ ထို့နောက် သူသည် တဖြည်းဖြည်းနှင့် ပြုံးလာပြီး နောက်ဆုံးတွင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။
သူ၏အပြုံးထဲတွင် လွတ်လပ်မှုများနှင့် ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေ၏။ လင်းတျန်ဟောက် မှတ်မိသလောက်ဆိုလျှင် သူ၏ ဖခင်ဖြစ်သူ သူ၏ရှေ့၌ ယခုလို ပျော်ရွှင်နေသည်ကို မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
” တော်တယ် ဟောက်အာ။ မင်း ရင့်ကျက်လာပြီပဲ ”
လင်းယုံမှာ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသည့်အလား အော်ဟစ်ရယ်မောလိုက်၏။ ထို့နောက် သူသည် ရှေ့သို့လျှောက်လှမ်းသွားပြီး လင်းတျန်ဟောက်၏ ပခုံးအား ပုတ်လိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ စိတ်အေးချမ်းမှုအပြည့်ဖြင့် ပျော်ရွှင်စွာ ထွက်ခွာသွားတော့သည်။
လင်းတျန်ဟောက်မှာမူ ထိုနေရာ၌သာရပ်ရင်း ထွက်ခွာသွားသော သူ၏ဖခင်အား လှမ်းကြည့်နေလိုက်တော့သည်။ အချိန်အတော်အတန် ကြာပြီးမှသာ သူသည် ခေါင်းယမ်းကာ နာကျည်းစွာပြုံး၍ ရေရွတ်လိုက်၏။
” သား ရင့်ကျက်လာတာ မဟုတ်ပါဘူး။ ဝမ်ပေါင်လဲ့က သား အပြစ်လုပ်မိလို့ မဖြစ်တဲ့ လူတယောက်ဖြစ်နေတာပါ… ”
ကောင်းကင်သစ်သီးစားပွဲအား နောက်သုံးရက်အကြာတွင် ကောင်းကင်မြို့စား၏ အိမ်ယာထဲ၌ ကျင်းပမည် ဖြစ်သည်။
ဖိတ်စာများကို ပေးပို့လိုက်ပြီးနောက် သိပ်မကြာခင် ပြည်ထောင်စုထဲရှိ နိုင်ငံရေးအင်အားစုအားလုံးမှာ ၎င်းတို့အား လက်ခံရရှိလိုက်ကြ၏။ လင်းယုံ တွေးထားခဲ့သည့်အတိုင်းပင်။ အဓိက ဂိုဏ်းကြီးနှစ်ခုမှ မည်သူမှ တက်ရောက်ကြမည်မဟုတ်ပေ။ လသုံးစင်းမဟာမိတ်အဖွဲ့မှာလည်း တက်ရောက်မည်မဟုတ်ဟု ပြန်လည်အကြောင်းပြန်ခဲ့၏။ လင်းယုံနှင့် သီးသန့်ဆက်ဆံရေးတစ်ခုရှိသော ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုသာလျှင် ထိုဖိတ်ကြားမှုကို ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်သည်။
လင်းယုံမှာ ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု တွေးထားပြီးသားဖြစ်သည်။ သူ၏ ဆက်ဆံရေးများမှာ လွှတ်တော်နှင့် တာအိုကျောင်းကြီး လေးကျောင်းထဲ၌ အဓိက ရှိကြသည်။ လွှတ်တော်အမတ် ဆယ့်ခြောက်ယောက်၏ ကလေးများမှာ သူ၏ဖိတ်ကြားမှုကို လက်ခံလိုက်ကြပြီး သူတို့အားလုံးမှာ တက်ရောက်ကြမည်ဖြစ်သည်။ တာအိုကျောင်းလေးကျောင်းမှာလည်း ထိုနည်းတူပင်။ ထိုကျောင်းမှ လူငယ်အသီးသီးမှာ သူတို့၏ သင်္ဘောပျံများကို စီးနင်း၍ ကောင်းကင်မြို့တော်ဆီသို့ ရောက်လာကြမည်ဖြစ်သည်။
ကျိုးရိဖန်၊ဝမ်ပေါင်လဲ့၊ ကျောက်ယမုန့်နှင့် အခြားပြည်ထောင်စုပျိုးပင်အချို့အပြင် အဆင့်မြင့်ကျွန်းမှ ဂုဏ်ကျက်သရေရှိ ကျောင်းသားများမှာလည်း ဖိတ်ကြားခံရသည့် စာရင်းထဲတွင် ပါဝင်ကြသည်။
ဝမ်ပေါင်လဲ့မှာ ထိုဖိတ်ကြားမှုကို ငြင်းဆန်ရန် စိတ်ပင်မကူးမိသည့်အပြင် ထိုသို့ဖိတ်ကြားခံရသည့်အတွက် အလွန်အင်မတန်မှ ကျေနပ်နေ၏။
” လွှတ်တော်အမတ်လင်းက တကယ့်ကို အံ့ဩဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ။ သူက ငါ့ရဲ့ ထူးချွန်မှုတွေကို ကောင်းကောင်းကြီးနားလည်တယ်။ သူ့ရဲ့ သားက သူ့လောက်မတော်တာကတော့ နှမြောစရာပဲ ”
ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်ကို ဝမ်းသာအားရနှင့် ပုတ်လိုက်၏။ ထိုကဲ့သို့ ထမင်းအလကားစားရမည်မှာ ကောင်းမွန်ကြောင်း သူက မှတ်ယူထား၏။ အထူးသဖြင့် ကောင်းကင်သစ်သီးမှာ တမူထူးခြားသော သစ်သီးတစ်လုံး ဖြစ်နေသည်မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် လေ့လာလိုက်ပြီးနောက် ထိုသစ်သီးမှာ သူ၏ မိဘများအတွက် ပို၍အကျိုးရှိလိမ့်မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။
ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့အား လှမ်း၍ဆက်သွယ်လိုက်၏။ သူတို့မှာ ကောင်းကင်သစ်သီးစားပွဲသို့ အတူတူသွားရန် ဆုံးဖြတ်လိုက်ကြသည်။
သုံးရက်ဆိုသောအချိန်မှာ လျင်မြန်စွာကုန်ဆုံးသွားပြီး ကောင်းကင်သစ်သီးစားပွဲ ကျင်းပမည့်နေရက်သို့ ရောက်ရှိလာသဖြင့် ကောင်းကင်မြို့တော်ကြီးမှာ ဆူညံပွက်လောရိုက်နေတော့သည်။ ကောင်းကင်မြို့တော်ထဲရှိ လူတိုင်းမှာ ကောင်းကင်သစ်သီးစားပွဲအကြောင်းကို သိထားကြသည်။ သူတို့မှာ ဇိမ်ခံ သင်္ဘောပျံကြီးများ တစ်စင်းပြီးတစ်စင်း ကောင်ကင်ယံထဲ၌ ပျံသန်းကာ မြို့စား၏ အိမ်ရာဆီသို့ ဦးတည်သွားကြသည်ကို ငေးကြည့်နေလိုက်ကြတော့သည်။
ထို ဇိမ်ခံသင်္ဘောပျံကြီးများမှာ အလွန်အင်မတန်မှ ခမ်းနားထည်ဝါလွန်းနေ၏။
သင်္ဘောပျံ တစ်စင်းဆိုလျှင် အနက်ရောင်ရွှေများဖြင့် တည်ဆောက်ထားပြီး ဓားမောက်ရှည်တစ်ချောင်းပုံစံ ရှိနေ၏။ ၎င်းဆီမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ အသက်အန္တရာယ်ပြုနိုင်စွမ်း ရှိနေသည့်အပြင် မျက်မှောက်ခေတ်မှ မဟုတ်ဘဲ ခေတ်ရှေ့ပြေးနေ၏။ ၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်နေရုံသာမက ၎င်းအား မြင်လိုက်ရသူတိုင်း ထိတ်လန့်ကြောက်ရွံ့သွားကြရသည်။
ထိုကဲ့သို့ သင်္ဘောပျံမျိုးမှာ အမြောက်အမြား ထုတ်လုပ်ထားခြင်း မဖြစ်နိုင်ပေ။ အလွန်အင်မတန်မှ ကျွမ်းကျင်သော လက်မူပညာသည်တစ်ယောက်သာ ထိုကဲ့သို့ ဝယ်သူစိတ်ကြိုက်ဖြစ်သော သင်္ဘောပျံကြီးများကို တည်ဆောက်ပေးနိုင်မည်ဖြစ်သည်။ ၎င်းမှာ ဈေးနှုန်းအပိုင်းတွင်ဖြစ်စေ စွမ်းဆောင်မှုအပိုင်းတွင်ဖြစ်စေ ဈေးကွက်ထဲတွင်ရှိသော သင်္ဘောပျံများထက် အဆပေါင်းများစွာ သာလွန်ပေသည်။
ထိုသင်္ဘောပျံကြီးမှာ အစမျှသာဖြစ်သေးသည်။ ၎င်းထက်ပင် ပို၍ခမ်းနားထည်ဝါသော သင်္ဘောပျံကြီးတစ်စင်း ရှိနေသေးသည်။ ၎င်းမှာ သတ္တုဖြင့် ပြုလုပ်ထားသော ဧရာမခေါင်းကြီးတစ်လုံးဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းကာ ရှည်လျားနေသော သွားများကို ပိုင်ဆိုင်ထားသလို ၎င်း၏ နဖူးပေါ်တွင်လည်း ဂျိုတစ်ချောင်း ပေါက်နေ၏။ ၎င်းမှာ သင်္ဘောပျံတစ်စင်းနှင့်ပင် မတူဘဲ သားရဲကြီးတစ်ကောင်နှင့် ပိုတူနေပြီး ကောင်းကင်ကြီးအား ထိုးခွင်းသွား၏။
ထို သင်္ဘောပျံကြီးဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်အငွေ့အသက်နှင့် ၎င်း၏ အမြန်နှုန်းအပြင် ၎င်း၏ တည်ဆောက်ပုံတို့ကြောင့် ၎င်းအား မြင်လိုက်ရသူတိုင်းမှာ ကြောက်ရွံ့တုန်လှုပ်သွားကြမည်သာဖြစ်သည်။
ထိုကဲ့သို့သော သင်္ဘောပျံကြီးများမှာ ကောင်းကင်၏ လေးဘက်လေးတန်စလုံးမှ ပျံသန်းလာနေကြသဖြင့် ကောင်းကင်မြို့တော်ထဲရှိ လူများအားလုံးမှာ တစ်နေကုန် ပင့်သက်များ ရှိုက်နေရတော့သည်။
” ဘုရားရေ။ ငါ အဲဒီ သစ်ရွက်ပုံစံ သင်္ဘောပျံကြီးကို ဝိညာဉ်ကွန်ရက်ပေါ်မှာ တွေ့ဖူးတယ်။ သူ့ဈေးက အရမ်းကြီးလွန်းလို့ ပြည်ထောင်စုမြို့တော်ထဲက စံအိမ်တစ်လုံးလောက်ကို တန်တယ်။ ငါ တစ်သက်လုံး အလုပ်လုပ်ပြီးရှာလို့ရတဲ့ ပိုက်ဆံနဲ့တောင်မှ အဲ့သင်္ဘောပျံကြီးရဲ့ တံခါးတစ်ချပ်လောက်ကိုပဲ ဝယ်နိုင်မှာ ”
” မင်းတို့တွေမြင်လိုက်လား…အဲဒါ ဝိညာဉ်ကျောက်တုံးတွေနဲ့ လုပ်ထားတဲ့ ပြိုင်ကားပျံကြီးလားဟ ”
” ငါ လက်လျှော့လိုက်ပါပြီကွာ ”
မြို့တော်ထဲရှိလူများ၏ တအံ့တဩ ဖြစ်နေကြသော စကားသံများကြားတွင် ထူဆန်းသောအသွင်အပြင်များကို ပိုင်ဆိုင်ထားကြပြီး အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးသော ဇိမ်ခံသင်္ဘောပျံကြီးများမှာ မြို့စား၏ အိမ်ရာထဲသို့ တစ်စင်းပြီးတစ်စင်း ရောက်ရှိလာကြတော့သည်။ ထိုသင်္ဘောပျံများ ဆင်းသက်လာကြပြီးနောက် ၎င်းတို့ထဲမှနေ၍ အဖိုးတန်အဝတ်အစားများကို ဆင်မြန်းထားကြသည့် လူငယ်လေးများနှင့် မိန်းမငယ်လေးများမှာ စိတ်ဓာတ်တင်ကြွမှုအပြည့်ဖြင့် အပြင်သို့ ထွက်လာကြသည်။ သူတို့အားလုံးမှာ အထက်တန်းဆန်သော အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားကြသဖြင့် သာမန်လူများနှင့် မတူဘဲ ကွဲထွက်နေကြသည်။
သူတို့မှာ အခြားပြည်ထောင်စုလွှတ်တော်အမတ်များ၏ သားသမီးများဖြစ်ကြပြီး လင်းတျန်ဟောက်နှင့် ရင်းနှီးနေကြသဖြင့် သူ့အား မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ဝမ်းမြောက်ဝမ်းသာနှင့် စကားစမြည်များ ပြောဆိုနေကြတော့သည်။
” သခင်လေးလင်း … ဖိတ်ကြားမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ”
” ဟားဟား အစ်ကိုစွန်း။ သင်္ဘောပျံ ပြောင်းလိုက်ပြန်ပြီလားဗျ။ ကျနော် အဲဒီ သင်္ဘောပျံကြီးကို သိပ်မကြာသေးခင်တုန်းက လသုံးစင်းမဟာမိတ်အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ခဲ့သေးတယ်။ ပြည်ထောင်စုကြီး တစ်ခုလုံးထဲမှာ ဆယ်စင်းပဲ ရှိတာဆို။ အစ်ကို တစ်စင်းလောက် ဝယ်နိုင်ခဲ့တာ ကျနော်ဖြင့် မယုံနိုင်ဘူးဗျာ ”
” တစ်စင်းတည်း မဟုတ်ဘူးကွ။ အကုန်လုံးကိုဝယ်ခဲ့တာ ”
လေထဲတွင် ရယ်မောသံများဖြင့် ပြည့်နှက်သွားတော့သည်။ သူတို့အားလုံးမှာ တစ်ယောက်ချင်းစီး၏ သင်္ဘောပျံများ၏ အကြောင်းများကို အပြန်အလှန်ပြောဆိုကာ စနောက်ကျီစယ်နေကြသည့်ပုံ ပေါက်နေကြပါသော်လည်း လက်တွေ့တွင်မူ သူတို့အားလုံးမှာ စိတ်ထဲတွင်ကျိတ်၍ တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြခြင်းဖြစ်သည်
သူတို့သင်္ဘောပျံကြီးများ၏ ခမ်းနားထည်ဝါမှုများကြောင့် ကောင်းကင်သစ်သီးစားပွဲ၏ အနှစ်သာရမှာ တဖြည်းဖြည်းနှင့် ပြောင်းလဲသွားရပြီး ကြွားလုံးထုတ်စရာ ပြိုင်ပွဲကြီးတစ်ခု ဖြစ်လာတော့သည်။
ထိုကဲ့သို့ စည်ကားသိုက်မြိုက်နေသော ကောင်းကင်မြို့စား၏ အိမ်ယာထဲတွင် လင်းတျန်ဟောက်မှာ ဧည့်သည်များကို ဧည့်ခံနေပေး အာလာပသလ္လာပစကားများ ပြောဆိုနေစဉ် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုမှ ဖိတ်ကြားထားသောလူများ ရောက်ရှိလာကြသည်။ သူတို့စီးနင်းလာသော သင်္ဘောပျံမှာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏အာရုံကို ဖမ်းစားသွား၏။
၎င်းမှာ…
အာကာသထဲ၌ ဖြတ်သန်းသွားလာနိုင်စွမ်းရှိသော အသေးစား တိုက်သင်္ဘောတစ်စင်းဖြစ်သည်။
ဘယ်လိုဝယ်ရမှန်းမသိဘူး