Switch Mode

အခန်း ( ၂၂၆ )

အခြေတည်အဆင့် ပေါင်းစည်းခြင်းနည်းလမ်း

လျှပ်စီးပိုင်နက်ထဲရှိ မန္တန်အစီအရင်ထဲတွင် မိုးကြိုးများပစ်ကာ မိုးခြိမ်းသံများ မြည်ဟည်းနေ၏။ မိုးထိုးလုမတတ် မြင့်မားနေသော စေတီတော်များပေါ်တွင် ကျင့်ကြံသူများစွာရှိနေကြ၏။ အချို့မှာ အထဲသို့ရောက်ရှိလာနေကြပြီး အချို့မှာ အပြင်ဘက်သို့ ပြန်ထွက်သွားနေကြ၏။ အခြားသူများမှာမူ လျှပ်စီးတန်းများကို တစ်တန်းပြီးတစ်တန်း တောင့်ခံနေကြသည်။

ဝမ်ပေါင်လဲ့မှာ ထိုနေရာသို့ ရောက်ရှိလာပြီး မန္တန်အစီအရင်ကို ဖြတ်သွားလိုက်သောအခါ စေတီတော်တစ်ဆူ၏ထိပ်၌ ချက်ချင်းပင်ပေါ်လာ၏။ သူ၏ ရောက်ရှိလာမှုကို လူအချို့က သတိထားမိလိုက်ကြပါသော်လည်း မည်သူကမှ သူ့အား အာရုံစိုက်မနေခဲ့ကြပေ။ သူတို့မှာ ထိုနေရာတွင်ရှိနေသရွေ့ အချိန်မရွေး မိုးကြိုးပစ်ခံရနိုင်သည် မဟုတ်ပါလော။

” လာစမ်းပါ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားနေသောကြောင့် သူ၏ ဝဝကစ်ကစ် ခန္ဓာကိုယ်လေးမှာ တုန်ရီနေ၏။ သူသည် ကောင်းကင်ယံထဲရှိ မိုးကြိုးတိမ်တိုက်များကို အသံကုန်အော်ဟစ်လိုက်သည်။ ထိုအခါ လျှပ်စီးတန်းတစ်တန်းမှာ ချက်ချင်းပင် ကျဆင်းလာပြီး သူ့အား ပစ်ခတ်လိုက်တော့သည်။

ထို့ကြောင့် လေထဲတွင် ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားကာ ကြက်သီးမွေးညင်းများ ထသွားတော့သည်။ လျှပ်စီးအလင်းကွေးပေါင်း မြောက်များစွာ သူ၏ခန္ဓာကိုယ်ထဲ၌ ပျံ့နှံ့သွား၏။ သူ၏ ခန္ဓာကိုယ်ထဲမှ သလင်းကျောက်မှာလည်း အရှိန်အဟုန်ပြင်းစွာ တုန်ရီလာပြီး အစိတ်အပိုင်းအချို့ ပြိုကွဲပျက်စီးသွား၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်သွေးကြောများနှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။

” နာလည်းမနာဘူး ”
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ဖျတ်ခနဲလက်သွား၏။ သူသည် အကြိမ်အနည်းငယ်ခန့် ခုန်ဆွခုန်ဆွ လုပ်လိုက်ပြီးနောက် အံ့အားသင့်ကာ အပျော်လွန်သွားရတော့သည်။ သူ ပထမဆုံးအကြိမ်အဖြစ် မိုးကြိုးပစ်ခံခဲ့ရစဉ်တုန်းက ခံစားခဲ့ရသော ဝေဒနာများနှင့် ထုံကျဉ်မှုများမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ ပြည့်နှက်သွားခဲ့သည်ကို မှတ်မိနေဆဲပင်။

” ငါက ပထမ လျှို့ဝှက်ဆန်းကြယ်ပညာရပ်ဖြစ်တဲ့ အလင်းကွေးကို လေ့လာတတ်မြောက်ပြီးပြီ ”

” နောက်တစ်ဆင့်အနေနဲ့ ဒုတိယ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ဖြစ်တဲ့ လျှပ်စစ်သံလိုက် သွေးခုန်နှုန်းကို လေ့လာတတ်မြောက်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့ ”
ဝမ်ပေါင်လဲ့မှာ စိတ်အားထက်သန်စွာဖြင့် ခုန်ပေါက်လိုက်၏။ သူသောက်ခဲ့သော ခန္ဓာအားဖြည့်လွတ်လပ်ခြင်းဆေးလုံးများကြောင့် သူ၏ခန္ဓာကိုယ်မှာ ပြောင်းလဲသွားသဖြင့် မိုးကြိုးပစ်ခံရသည့် ဒဏ်များကို ယခင်ကလောက် မခံစားရတော့ခြင်း ဖြစ်နေမည်လားဟု သူက တွေးနေမိတော့သည်။

ဝမ်ပေါင်လဲ့မှာ ယုံကြည်ချက်အပြည့် ဖြစ်သွားပြီး လျှပ်စီးပိုင်နက်ထဲ၌ လေ့လာသင်ယူနိုင်သော လျှို့ဝှက်ဆန်းကြယ်ပညာရပ် တစ်စုံလုံးကို လေ့လာတတ်မြောက်နိုင်မည်လားဟု စိတ်ကူးယဉ်နေမိတော့သည်။ ထိုပညာရပ် စုစုပေါင်းမှာ ငါးခုတိတိ ရှိသည်မဟုတ်ပါလော။ ၎င်းတို့မှာ အလင်းကွေး၊ လျှပ်စစ်သံလိုက် သွေးခုန်နှုန်း၊ လျှပ်တစ်ပြက်ဓား ၊ ဒေါသနဂါးနှင့် ငရဲပင်လယ်တို့ပင် ဖြစ်ကြသည်။

အကယ်၍ ထို လျှို့ဝှက်ဆန်းကြယ် ပညာရပ် ငါးခုစလုံးကို လေ့လာတတ်မြောက်ပြီးပါက လျှပ်စစ်သံလိုက်မုန်တိုင်းအား ထိန်းချုပ်နိုင်စွမ်းရှိသွားမည်ဖြစ်သည်။

ကောင်းကင်တာအိုကျောင်း၏ မှတ်တမ်းများထဲတွင် အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်မှာ ပုံမှန်ဆိုလျှင် အလင်းကွေး ပညာရပ်တစ်ခုတည်းကိုသာ လေ့လာတတ်မြောက်နိုင်စွမ်း ရှိသည်။ လူနည်းစုအချို့သာလျှင် သံလိုက် သွေးခုန်နှုန်း ပညာရပ်ကို လေ့လာတတ်မြောက်နိုင်ကြ၏။ နောက်ဆုံးပညာရပ် သုံးခုမှာမူ အခြေတည်အဆင့်သို့ ရောက်ရှိပြီးမှသာ လေ့လာတတ်မြောက်နိုင်၏။

ဝမ်ပေါင်လဲ့မှာ လျှပ်စီးပိုင်နက်ထဲ၌ နေရင်း ရက်ပေါင်းများစွာကုန်ဆုံးသွားပြီး သူ၏ မိုးကြိုးပစ်ဒဏ်ခံနိုင်စွမ်းများမှာလည်း အံ့ဩဖွယ်ကောင်းလောက်အောင် တိုးတက်လာ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ သလင်းကျောက်မှာလည်း အလျင်အမြန် ပြိုကွဲနေပြီး သူ၏ ဝိညာဉ်သွေးကြောများ နှင့် တစ်သားတည်း ပေါင်းစည်းနေသဖြင့် သူ၏ ကျင့်ကြံခြင်းမှာ ဖြည်းဖြည်းနှင့် မှန်မှန် တိုးတက်လာနေတော့သည်။

ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးမိုးကြိုးပစ်ချက်အား တောင့်ခံပြီးသွားသောအခါ ဝမ်ပေါင်လဲ့မှာ လျှပ်စီးပိုင်နက်ထဲရှိ လျှို့ဝှက်ဆန်းကြယ်ပညာရပ် ငါးခုထဲမှ ဒုတိယမြောက်ပညာရပ်အား လေ့လာတတ်မြောက်သွားတော့သည်။

” လျှပ်စစ်သံလိုက် သွေးခုန်နှုန်း ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားမှုများကြောင့် လှုပ်လှုပ်ရွရွဖြစ်သွားပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ ပတ်ပတ်လည်၌ မျက်လုံးဖြစ်မမြင်ရသော သံလိုက်စက်ကွင်းတစ်ခု ပေါ်ပေါက်လာသဖြင့် ဟင်းလင်းပြင်ကြီးမှာ ချက်ချင်းပင် တွန့်လိမ်ပုံပျက်သွားတော့သည်။ ထိုသံလိုက်စက်ကွင်းထဲတွင် အံ့ဩမှင်တက်ဖွယ်ရာကောင်းသော လျှပ်စစ်စွမ်းအားတစ်မျိုး ကိန်းအောင်းနေ၏။

သူ၏ အလင်းကွေးကို ထုတ်လွှတ်ကာ ထိုစက်ကွင်းထဲ၌ လည်ပတ်သွားအောင် လုပ်လိုက်မည်ဆိုပါက သံလိုက်သွေးခုန်နှုန်း၏ စွမ်းအားမှာ အဆပေါင်းများစွာ ပို၍တိုးတက်သွားမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အပျော်လွန်သွားပြီး တတိယမြောက် အဆင့်၏ မိုးကြိုးပစ်ချက်များကို တောင့်ခံနိုင်ရန် ကြိုးစားကြည့်လိုက်၏။ အကယ်၍ သူသာ ထိုအဆင့်ကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဆိုလျှင် လျှပ်စီးပိုင်နက်ထဲရှိ တတိယမြောက် လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား လေ့လာတတ်မြောက်နိုင်ခွင့် ရရှိသွားမည်ဖြစ်သည်။

၎င်းမှာ လျှပ်တစ်ပြက်ဓား ဖြစ်သည်။

သူသည် ထိုသို့တွေးမိလိုက်ရုံမျှဖြင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားပြီး မျှော်လင့်တကြီးဖြစ်သွား၏။ သို့သော် တတိယမြောက် ပညာရပ်ကို အခြေတည်အဆင့်သို့ ရောက်မှသာ လေ့လာတတ်မြောက်နိုင်လိမ့်မည်ဟု ဆိုကြသည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့ လျှောက်ရမည့် ခရီးလမ်းမှာ ခက်ခဲကြမ်းတမ်းနေမည်သာ ဖြစ်သည်။

ကံကောင်းသည်မှာ သူသည် မာကျောမှုအပြည့်ရှိပြီး သန်မာသည့် အပြင်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်၍ ကျော်လွှားနိုင်ခဲ့၏။ တုန်ခါလှိုင်းများမှာ သူ၏ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသောကြောင့် သူ၏ သလင်းကျောက်မှာ ထပ်၍ ပြိုကွဲသွားပြီး တစ်သားတည်း ပေါင်းစည်းကာ သူ့အား ပို၍ပင် အစွမ်းထက်လာအောင် ကူညီပေးနေတော့သည်။ သူသည် ဒယိမ်းဒယိုင်ဖြစ်ကာ နောက်ရက်များကို ရီဝေဝေနှင့် ကျော်ဖြတ်လိုက်ရ၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း တဖြည်းဖြည်းနှင့် တိုးတက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သလင်းကျောက်မှာလည်း တဖြည်းဖြည်းချင်း သူနှင့် ပေါင်းစည်းလာတော့သည်။ သူ လျှပ်စီးပိုင်နက်ထဲ၌ တစ်လတိတိ နေလိုက်ပြီးနောက် နောက်ဆုံးတွင်….

တတိယအဆင့် မိုးကြိုးပစ်ချက်များ ကျဆင်းလာပြီး လူအုပ်ကြီးမှာ အံ့ဩတုန်လှုပ်ကာ ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေကြစဉ် ဝမ်ပေါင်လဲ့မှာ သားရဲတစ်ကောင်ကဲ့သို့သော ခန္ဓာကိုယ် မာကျောမှုမျိုးဖြင့် တတိယမြောက်လှိုင်းကို တောင့်ခံလိုက်၏။ နောက်ဆုံး လျှပ်စီးတန်း ပျောက်ကွယ်သွားသောအခါ သူသည် မတ်တတ်ရပ်လျက် ရှိနေသေးပါသော်လည်း တစ်ကိုယ်လုံး လောင်ကျွမ်းတော့မည့်အလား ခံစားနေရတော့သည်။ ထိုအချိန်တွင် သူ၏ နှလုံးသားထဲ၌ ခံစားချက်များစွာ ထွက်ပေါ်လာတော့သည်။ သူသည် တတိယမြောက် လျှပ်စီးပိုင်နက်ပညာရပ်ဖြစ်သော လျှပ်တစ်ပြက်ဓားကို လေ့လာတတ်မြောက်သွားပြီဖြစ်သည်။

လျှပ်တစ်ပြက်ဓားဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း လျှပ်စီးတန်းထဲမှ ဓားပျံတစ်လက်ကို ဆင့်ခေါ်နိုင်သော ပညာရပ်တစ်ခုဖြစ်သည်။ ထိုဓားပျံ၏ အမြန်နှုန်းမှာ အံ့သြမှင်တက်ဖွယ်ရာ ကောင်းလှပြီး ၎င်း၏ တိုက်ကွက်များမှာလည်း ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်နေသောကြောင့် အာနာပါနအဆင့်တွင် ၎င်းမှာ လုံးဝနီးပါးပြိုင်ဘက်ကင်းသော ပညာရပ်တစ်ခု ဖြစ်နေ၏။

အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုကဲ့သို့သော ပညာရပ်နှင့် ရင်ဆိုင်ရပါက သတိကြီးကြီးထားရမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ဆွေ့ရှင်းပေါင်အပြင် လျှပ်တစ်ပြက်ဓားကိုပါ ပိုင်ဆိုင်သွားပြီဖြစ်ရာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အား ရင်ဆိုင်နိုင်သည့် နောက်ထပ် အားသာချက်တစ်ခုကို ထပ်၍ ပိုင်ဆိုင်သွားပြီဟုပင် ဆိုနိုင်၏။

တစ်လတိတိ လျှပ်စီးများ၏ သန့်စင်ခြင်းကို ခံယူလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဖိသိပ်ခံခဲ့ရသဖြင့် နိမ့်ကျသွားခဲ့ရသော အာနာပါန ပဉ္စမအဆင့်မှ အာနာပါန ထိပ်ဆုံးအဆင့်ထိ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

သို့သော် သူ၏ လက်ရှိ ထိပ်ဆုံးအဆင့်နှင့် ယခင်တုန်းက ထိပ်ဆုံးအဆင့်ကြားတွင်မူ ကြီးမားသော စွမ်းအားခြားနားချက်ကြီးတစ်ခု ရှိနေပြီဖြစ်သည်။ အကယ်၍ လက်ရှိ ဝမ်ပေါင်လဲ့သာ လွန်ခဲ့သော တစ်လတုန်းက ဝမ်ပေါင်လဲ့နှင့် ယှဉ်ပြိုင်တိုက်ခိုက်လိုက်မည်ဆိုပါက လွန်ခဲ့သောတစ်လတုန်းက ဝမ်ပေါင်လဲ့အား အလွယ်တကူ ချေမှုန်းပစ်နိုင်စွမ်း ရှိနေမည်မှာ မလွဲဧကန်ပင်။

ထိုတစ်လအတွင်း ချန်းယွီထုံမှာ အခြေတည်အဆင့်နှင့် ပတ်သတ်သော အသေးစိတ်အချက်အလက်များကို စုစည်းပေးခဲ့၏။ ထို့အပြင် သူသည် သူ၏ဆရာထံမှလည်း လမ်းညွှန်မှုများ တောင်းခံခဲ့သေးသည်။ ထိုသို့ဖြင့် သူသည် ပိုမို ပြည့်စုံသော အချက်အလက်အားလုံးကို စုစည်းပြီးသွားသောအခါ နှောင့်နှေးကြန့်ကြာနေခြင်းမရှိဘဲ ဝမ်ပေါင်လဲ့ဆီသို့ အကုန်ပေးပို့လိုက်၏။

သူ ရရှိထားသော သတင်းအချက်အလက်များမှာ ကောင်းကင်တာအိုကျောင်း တစ်ခုတည်းမှ မဟုတ်ဘဲ အခြားကျောင်းများမှ သတင်းအချက်အလက်များပါ ပါဝင်နေ၏။ ထို့အပြင် မဟာဓားကမ္ဘာထဲတွင် နေထိုင်ခဲ့ကြသည့် ရှေးဟောင်း အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ပတ်သက်သော ပြီးပြည့်စုံခြင်း မရှိသေးသည့် အယူအဆအချို့လည်း ပါဝင်နေသေးသည်။

” အခြေတည်အဆင့်က သေမျိုးကနေ မသေမျိုးအဖြစ် တက်လမ်းတဲ့နေရာမှာ ဒုတိယအဆင့်ပဲ။ စက်ဝန်းကြီးတစ်ခုလုံးအတွက် အရမ်းကိုအရေးကြီးတဲ့ အဆင့်ဆိုရင်လည်း ဟုတ်တယ် ”

” ထာဝရရှင်သန်ခြင်းဆိုတဲ့ ပန်းတိုင်ဆီကို လျှောက်လှမ်းဖို့အတွက် ထာဝရရှင်သန်ခြင်းအတွက် လိုအပ်တဲ့အခြေအုတ်မြစ်တစ်ခုကို အရင်ဆုံးတည်ဆောက်ထားဖို့ လိုအပ်တယ်။ အဲဒီလိုတည်ဆောက်ပြီးရင် သဘာဝတရားကြီးကို လိုသလို ထိန်းချုပ်နိုင်စွမ်းရှိသွားပြီတော့ ဓားတစ်လက်ပေါ်မှာ ပျံသန်းနိုင်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်သွားမှာ ”

” အခြေတည်အဆင့်ကို တက်လှမ်းနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ကောင်းကင်တာအို အခြေတည်အဆင့်နည်းလမ်း၊ အထွတ်အထိပ် အခြေတည်အဆင့်နည်းလမ်း၊ မဟာအခြေတည်အဆင့် ခိုးယူခြင်းနည်းလမ်းတို့အပြင် တချို့အပိုင်းအစတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ လူရိုင်းတွေ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေလည်း ရှိတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းတွေ အများစုက ပြီးပြည့်စုံခြင်းမရှိသေးသလို ငါတို့ရဲ့ လိုအပ်ချက်တွေအတွက်လည်း သင့်တော်မှုမရှိဘူး ”

” ငါတို့အတွက် အသင့်တော်ဆုံးနည်းလမ်းက လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်တုန်းက ပြည်ထောင်စုကြီးထဲက ထိပ်တန်းအဆင့်ကျင့်ကြံသူတွေ အများကြီးစုပေါင်းပြီး အကြိမ်ကြိမ် လေ့လာစမ်းသပ်ခဲ့ပြီးမှ တီထွင်ဖန်တီးနိုင်ခဲ့တဲ့ ပေါင်းစည်းခြင်းနည်းလမ်းပဲ ”

” ပေါင်းစည်းခြင်းနည်းလမ်းရဲ့ ပထမဆုံးအဆင့်က ရှေးဟောင်း ကြေးညိုရောင်ဓားကြီးကနေ ပြုတ်ကျလာတဲ့ အပိုင်းအစတွေအများကြီးထဲက ထူးခြားတဲ့အပိုင်းအစတွေကို ရယူပြီးတော့ အဲဒီ အပိုင်းအစတွေကို ကိုယ့်ရဲ့ ဝမ်းဗိုက်အလယ်ပိုင်းထဲမှာ တစ်သားတည်း ပေါင်းစည်းရမှာ။ အဲဒီလိုပေါင်းစည်းပြီးလို့ ရလာတဲ့ပစ္စည်းကို ကိုယ့်ရဲ့ အခြေတည်အဆင့်အမြုတေအဖြစ် အသုံးပြုရမှာ ”

” အဲဒီလိုမျိုး တခြားဂြိုဟ်ကနေ ရောက်လာတဲ့ အပိုင်းအစတွေထဲမှာပဲ အဆုံးမရှိလောက်အောင် များပြားတဲ့ ဝိညာဉ်ချီရင်းမြစ်တွေ ပါနေတာမလို့ ငါတို့ရဲ့ အခြေတည်အဆင့်အမြုတေကို အားအင်ထောက်ပံ့ပေးနိုင်စွမ်း ရှိတာ။ ပြည်ထောင်စုထဲမှာရှိတဲ့ ဝိညာဉ်ချီတွေက အဲဒီ မရေမတွက်နိုင်လောက်အောင် များတဲ့ အပိုင်းအစတွေဆီကနေ ထွက်လာတာလေ ”

“ ဒါပေမဲ့ တခြားဂြိုဟ်ကလာတဲ့ အပိုင်းအစတိုင်းမှာ အဲဒီလိုမျိုး အစွမ်းရှိနေတာတော့ မဟုတ်ဘူး။ အဲဒါကြောင့် ငါတို့တွေက သေသေချာချာရွေးချယ်ဖို့ လိုအပ်တဲ့အပြင် ကံကောင်းဖို့လည်း လိုသေးတယ်။ ကံအကောင်းဆုံးလူကတော့ အကောင်းပတိအတိုင်း ရှိသေးတဲ့ အဆောင်တစ်ခုကို ရှာတွေ့ပြီးတော့ ကိုယ့်ရဲ့ အခြေတည်အဆင့်အမြုတေအဖြစ် အသုံးပြုနိုင်တဲ့ လူပဲပေါ့ ”

” ဥပမာပြရမယ်ဆိုရင် ငါတို့ရဲ့ ဂိုဏ်းစောင့် အကြီးအကဲကြီးက အင်မတန် ရှားပြီးတော့ ဝိညာဉ်ချီတွေ အများကြီးပါတဲ့ ခေါင်းလောင်းတစ်လုံးကို အကောင်းပတိအတိုင်း ရှာတွေ့ခဲ့တာ။ သူက အဲဒီခေါင်းလောင်းကို သူ့ရဲ့ အခြေတည်အဆင့်အမြုတေအဖြစ် အသုံးပြုခဲ့ပြီးတော့ သူ့ရဲ့ အခြေတည်အဆင့်ကျင့်ကြံခြင်းကို တည်ဆောက်ခဲ့တာ ”

” အဲဒီလိုမျိုး အကောင်းပတိအတိုင်းရှိတဲ့ အဆောင်တွေကို ရှာတွေ့ခဲ့တဲ့ တခြားနိုင်ငံရေးအင်အားစုတွေဆီက ခေါင်းဆောင်တွေလည်း ရှိသေးတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး အခွင့်အရေးတွေက တော်တော်လေးကို ရှားပြီးတော့ နည်းတယ်ကွ။ ကိုယ့်ရဲ့ကံပေါ်မှာပဲ မူတည်တာ ”

” သာမန်လူတွေကတော့ ပေါင်းစည်းမှုအတွက် အသုံးပြုနိုင်တဲ့ တမူထူးခြားတဲ့ အပိုင်းအစတစ်ခုကို ရအောင်လုပ်ပြီး အခြေတည်အဆင့်ကို တက်လှမ်းကြတာပဲ။ ထိပ်သီးအဆင့်က လူတွေကတော့ အကောင်းပတိအတိုင်းရှိတဲ့ အဆောင်တွေကို ရှာတွေ့ဖို့ ဆုတောင်းကြတာပေါ့ကွာ ”
ဝမ်ပေါင်လဲ့မှာ ထိုအချက်အလက်များကို ဖတ်ရှုလိုက်ပြီးနောက် အသက်ပြင်းပြင်း ရှူထုတ်လိုက်၏။ နောက်ဆုံးတွင် သူသည် အခြေတည်အဆင့်နှင့် ပတ်သတ်၍ ပိုမိုပြီးပြည့်စုံစွာ နားလည်သွားပြီဖြစ်သည်။

ထို့နောက် သူသည် ဆက်လက်ဖတ်ရှုလိုက်၏။

” နိုင်ငံရေးအင်အားစု တစ်ခုချင်းစီ ပိုင်ဆိုင်နိုင်တဲ့ အပိုင်းအစ အရေအတွက်က အကန့်အသတ်နဲ့ ရှိတော့ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာကို ဖန်တီးထားတာ။ ကိုယ်ရရှိတဲ့ အပိုင်းအစတွေက ကိုယ့်ရဲ့ နိုင်ငံရေးအင်အားစု တိုးတက်လာဖို့အတွက် အရေးပါတဲ့ သော့ချက်တွေပဲ။ အပိုင်းအစတွေ အားလုံးထဲမှာ ခန္ဓာကိုယ်ထဲကို စုပ်ယူနိုင်ပြီးတော့ အခြေတည်အဆင့်ကို တက်လှမ်းဖို့အတွက် အသုံးချနိုင်တဲ့ အပိုင်းအစတွေက တန်ဖိုးပိုကြီးတာပေါ့။ အဲဒါကြောင့် ထူးခြားတဲ့ အကြောင်းအရင်းတွေ မရှိဘူးဆိုရင် အဲဒီ အပိုင်းအစတွေကို သိမ်းဆည်းထားပြီးတော့ ဆန္ဒရှိသလို အသုံးမပြုကြတာပေါ့ ”

” အဲဒါကြောင့် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာကို ဖန်တီးခဲ့တာ။ လပေါ်မှာ အပိုင်းအစတွေ အများကြီးရှိတယ်။ အဲဒီလိုမျိုး အပိုင်းအစတွေ အများကြီးရှိနေလို့ လပေါ်က ရာသီဥတုက ကမ္ဘာပေါ်က ရာသီဥတုထက် ပိုဆိုးပြီးတော့ ပတ်ဝန်းကျင်အခြေအနေကလည်း ကမ္ဘာပေါ်ကထက် ပိုပြီးတော့ ကြမ်းတမ်းနေတာ။ ငါတို့တွေ အဲဒီနေရာကို စပြီးတော့တူးဖော်ခဲ့တာ ဆယ်စုနှစ်သုံးခုပဲ ရှိသေးတယ်။ လူအင်အား မလောက်တဲ့အပြင် လုပ်ငန်းကလည်း နှေးနေသေးတာ။ ဒါကြောင့် နိုင်ငံရေးအင်အားစုတွေ အားလုံး အဲဒီတူးဖော်ရေးလုပ်ငန်းစဉ်ကို အချိန်ကုန်လူပင်ပန်းခံပြီးတော့ ဆောင်ရွက်ခဲ့တာတောင်မှ လပေါ်မှာ တခြားဂြိုဟ်ပေါ်က အပိုင်းအစတွေနဲ့ အဆောင်တွေ အများကြီး ရှိနေသေးတဲ့ နေရာတွေ အများကြီး ကျန်နေသေးတာပဲ ”

” လရဲ့ အမှောင်ဘက်အခြမ်းမှာဆိုရင် ပိုတောင် များသေးတယ် ”

” အဲဒီ အပိုင်းအစတွေ ကျလာခဲ့လို့ ပြောင်းလဲသွားခဲ့တဲ့ လရဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့် လူတွေက လပေါ်မှာ နေလို့မရတော့ဘူး။ အနည်းဆုံး အာနာပါန ပဉ္စမအဆင့်ထိ ရောက်နေတဲ့ ကျင့်ကြံသူတွေကပဲ လပေါ်မှာ အချိန်အကြာကြီး နေနိုင်တာ ”

” အဲဒီအကြောင်အရင်းကြောင့်လဲ လက တဖြည်းဖြည်းနဲ့ ပြည်ထောင်စုကြီးထဲက နိုင်ငံရေးအင်အားစု အသီးသီးရဲ့ အဖွဲ့ဝင်တွေ အာနာပါနအဆင့်ကနေ အခြေတည်အဆင့်ကို ဖောက်ထွက်နိုင်မယ့် အခွင့်အရေးကို ရှာဖွေနိုင်တဲ့ နေရာတစ်ခု ဖြစ်လာတာပဲ။ သူတို့တွေက လဆီကို သွားပြီးတော့ အခြေတည်အဆင့်ကို တက်လှမ်းနိုင်အောင် ကြိုးစားကြတဲ့အပြင် နယ်မြေတွေကိုပါ သိမ်းပိုက်နိုင်ဖို့ ကြိုးစားကြတာပေါ့ ”

” လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲမှာ အသက်အန္တရာယ်တွေနဲ့ ပြည့်နှက်နေသလို အခွင့်အရေးတွေလည်း အများကြီးရှိတယ် ”

ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံ ပေးပို့ခဲ့သော အချက်အလက်များကို ဖတ်ရှုရင်း နားလည်စပြုလာသောကြောင့် စိတ်ကိုတည်တည်ငြိမ်ငြိမ် မထားနိုင်တော့ပေ။ ထို့ကြောင့် သူ၏ ဝိညာဉ်ချီများမှာ လှုပ်လှုပ်ရွရွ ဖြစ်လာတော့သည်။ ထို့နောက် သူသည် ထို ချန်းယွီထုံ နိဂုံးချုပ်ထားသော နောက်ဆုံးစာကြောင်းကို ဖတ်ကြည့်လိုက်၏။ ၎င်းမှာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာသို့ သွားနိုင်သည့် ဝင်ပေါက်အား တစ်နှစ်တွင်တစ်ကြိမ် ဖွင့်လှစ်ပေးလေ့ရှိသည်ဟူသော စာကြောင်းပင်ဖြစ်သည်။

နှစ်လအတွင်း နောက်ထပ်တစ်ကြိမ်ပြန်၍ ဖွင့်လှစ်တော့မည်ဖြစ်သည်။ ထိုအချိန်တွင် နိုင်ငံရေးအင်အားစုအသီးသီးမှာ လူများကိုစေလွှတ်ကာ ယှဉ်ပြိုင်စေကြမည်ဖြစ်သည်။ ချန်းယွီထုံမှာလည်း ဝင်ခွင့်လျှောက်ထားပြီးသား ဖြစ်သည်။

” ပေါင်လဲ့။ မင်း သေချာစဉ်းစားနော်။ ဒါက ဝိညာဉ်အမြစ်ရွာတုန်းကနဲ့ မတူဘူး။ ဝိညာဉ်အမြစ်ရွာကို တာအိုကျောင်းကြီးလေးကျောင်းက ပိုင်တာဆိုတော့ လူသတ်ခွင့်ကို တားမြစ်ထားတာ။ အဆိုးဆုံးဆိုလို့ ဒဏ်ရာရတာလောက်ပဲ ဖြစ်မှာ ”

” အခြေတည်အဆင့်နယ်မြေမှာကျ မတူတော့ဘူး။ ရင်းမြစ်ပစ္စည်းတွေနဲ့ အခွင့်အရေးတွေအတွက် တကယ်တိုက်ခိုက်ကြမှာ။ အခွင့်အရေးတွေ ရရှိနိုင်ဖို့အတွက်ဆိုရင် အသေအကြေတိုက်ပွဲတွေလည်း ရှိလာမှာပဲ။ ပြီးတော့ ဒီ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲက တိုက်ပွဲထဲမှာ ပြည်ထောင်စုကြီးထဲက နိုင်ငံရေးအင်အားစုတွေအားလုံး ပါဝင်ကြမှာ ”

” မင်း သေချာစဉ်းစားဖို့ လိုတယ်နော် ”

ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံ၏ ပြောစကားများကို ချင့်ချိန်သုံးသပ်ရင်း ငြိမ်ကျသွား၏။ ထို့နောက် တဖြည်းဖြည်းနှင့် သူ၏မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်ပြီး ပြတ်သားမှုအပြည့်ရှိသော အရိပ်အယောင်တစ်ခု ပေါ်လာတော့သည်။

သူသည် ဤအခွင့်အရေးကို လွဲချော်သွားမည်ဆိုပါက နောက်ထပ်တစ်နှစ် ထပ်စောင့်ရတော့မည်ဖြစ်သည်။ အကယ်၍ အရာအားလုံးမှာ သူ၏ နဂိုမူလ အစီအစဉ်များအတိုင်းသာ ဖြစ်ခဲ့မည်ဆိုပါက သူသည် ယခုလာမည့် အကြိမ်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်း ရှိမည်မဟုတ်ပေ။ သို့သော် ဧရာမသစ်ပင်ကြီးနှင့် ကြုံခဲ့ရခြင်းနှင့် ပျိုးပင်တစ်ရာလေ့ကျင့်ရေးအစီအစဉ်မှ ရရှိခဲ့သော အခွင့်အရေးများကြောင့် သူ၏ အစီအစဉ်များမှာ မြန်ဆန်သွားခဲ့ရသည်ဖြစ်ရာ ယခုတွင် သူသည် ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အချိန်အနည်းငယ်ခန့်ပေး၍ ချိန်ချိန်သုံးသပ်လိုက်ပြီးနောက် သူ၏မျက်ဝန်းများထဲတွင် ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာတော့သည်။

” ငါက ဒီလောက်အစွမ်းထက်နေတာလေ။ တခြားသူတွေက ငါ့ကိုကြောက်နေရမှာ။ ငါက ဘာကို ကြောက်နေရမှာလဲကွ‌ ”

ဝမ်ပေါင်လဲ့မှာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ သူ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာသို့ ဝင်ခွင့်ရရန် လျှောက်ထားလိုက်စဉ်မှာပင် ကောင်းကင်မြို့တော်ထဲရှိ ကောင်းကင်မြို့စား၏ အိမ်ရာထဲတွင် သစ်ပင်အိုကြီးတစ်ပင် ရှိနေ၏။ ၎င်းမှာ ပေတစ်ရာခန့် မြင့်မားပြီး ၎င်း၏ အကိုင်းအခက်များနှင့် သစ်ရွက်များမှာ ဘေးဘက်သို့ ကိုက်တစ်ရာကျော်အထိ ဆန့်ထွက်နေ၏။ ၎င်း၏ သစ်ကိုင်းများစွာမှာ အောက်သို့တွဲလောင်းကျနေပြီး ၎င်း၏ စိမ်းစိုနေသော သစ်ရွက်များ၏ ကြားတွင် အပြည့်အဝ မမှည့်သေးသော သစ်သီးအကင်းလေးများစွာ ရှိနေ၏။ ထိုအခိုက်အတန့်တွင် ထိုသစ်သီးလေးများမှာ ရဲရဲနီသွားပြီး ရင့်မှည့်သွားကြတော့သည်။

ထိုအခါ မြို့စား၏ အိမ်ရာထဲတွင် ထူးခြားသော မွှေးရနံ့လှိုင်းများ ပျံ့နှံ့သွားပြီး လေထုထဲ၌ စွဲကျန်ရစ်ခဲ့၏။ ကောင်းကင်မြို့တော်၏ မြို့စားဖြစ်သူ လင်းယုံမှာ လက်နှစ်ဖက်ကို နောက်ပစ်၍ ထို သစ်ပင်အိုကြီး၏ရှေ့တွင် ရပ်နေ၏။ သူသည် ထိုသစ်သီးများကိုကြည့်ကာ ပြုံးလိုက်သည်။

” ကောင်းကင်သစ်သီးတွေ အများကြီး သီးတာပဲ။ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက သူရဲကောင်းတွေကို ကောင်းကင်မြို့တော် သစ်သီးစားပွဲမှာ ငါတို့နဲ့အတူ လာရောက်ဆင်နွဲပြီးတော့ ငါတို့ရဲ့ အသီးအပွင့်တွေကို မျှဝေခံစားဖို့ ဖိတ်ခေါ်လိုက်ကြစမ်း “

Comment

Leave a Reply

Options

not work with dark mode
Reset