Switch Mode

အခန်း ( ၂၂၅ )

မွေးနေ့လက်ဆောင်

ခဏအကြာတွင် မမလေး၏ အေးစက်စက်စကားသံမှာ သူ၏ အတွေးထဲ၌ ပေါ်ထွက်လာ၏။

” နင် တစ်ခုခု တောင်းဆိုစရာရှိလို့ ငါ့ကို ဆင့်ခေါ်လိုက်တာမလား။ ကဲပြော … နင်ဘာလိုချင်ပြန်ပြီလဲ ”

ဝမ်ပေါင်လဲ့မှာ သူမ၏စကားကို ကြားလိုက်ရသောအခါ ပြုံးလိုက်၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် အလင်းတန်းတစ်ခု ဖျတ်လနဲ လက်သွားသည်။ သူမ၏စကားမှာ သူမအား သူ ဆင့်ခေါ်ရသည့် အကြောင်းအရင်းကို အတိအကျ ဖော်ပြလိုက်သည်မဟုတ်ပါလော။ ထိုအခြင်းအရာကိုကြည့်၍ သူသည် ချက်ချင်းပင် အချက်တစ်ချက်ကို ကောက်ချက်ချနိုင်လိုက်၏။

မမလေးမှာ သူမှတစ်ဆင့် သို့မဟုတ် အခြားနည်းလမ်းများမှတစ်ဆင့် ပြင်ပကမ္ဘာကြီးကို အကဲခတ်နိုင်စွမ်း ရှိနေမည်မှာ မလွဲမသွေပင်ဖြစ်သည်။ ဥပမာဆိုရလျှင် သူ ထိုအပိုင်းအစလေးကို ဝယ်ယူခဲ့သည့် အချိန်ကတည်းက သူမသည် ထိုအကြောင်းကို သိနေလောက်ပြီးဖြစ်သည်။

သို့သော် သူမမှာ ထိုအကြောင်း စကားတစ်ခွန်းမှ မဟသေးပေ။

” မမလေးက ကျနော့်ကို အထင်လွဲနေပြန်ပါပြီ။ ကျနော်က အဲဒီလိုလူစားမျိုးလားဗျ။ ကျနော် ဒီအပိုင်းအစလေးကို မမလေးကို မွေးနေ့လက်ဆောင်ပေးဖို့ ရည်ရွယ်ထားတာပါ ”
ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်ကာ တိုးဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပင် ပြန်ဖြေလိုက်၏။

” မွေနေ့လက်ဆောင် ဟုတ်လား ”
ထိုအခါ မမလေးမှာ ဆွံ့အသွားရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ စိတ်ထဲတွင်ကျိတ်၍ ကျေနပ်သွား၏။ သူသည် မမလေး ထိုမေးခွန်းကို မေးရန်အတွက် စကားလုံးများကို သေချာရွေးချယ်၍ ပြောခဲ့ခြင်းဖြစ်သည်။ သူသည် မမလေး၏စရိုက်ကို ခေါင်းအစ ခြေအဆုံးနီးပါး နားလည်နေပြီဟု ယူဆထား၏။ သူမနှင့် စကားပြောရသည်မှာ မိန်းကလေးတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ပင်။ စစချင်းတွင် သူမ၏ သိလိုစိတ်ကို နှိုးဆွနိုင်မည့် စကားတစ်ခွန်းခွန်းကို ပြောရန် လိုအပ်ပေသည်။ နောက်ပိုင်းတွင်ထပ်၍ ရှင်းပြမည့်စကားများမှာ သိပ်၍အရေးမကြီးပေ။ အရေးကြီးသည့်အချက်မှာ သူ အပြောကောင်းနေရန်သာဖြစ်သည်။

” မမလေးရဲ့ မွေးနေ့က ဘယ်တော့မှန်း ကျနော် မသိပေမဲ့ ကျနော် မမလေးကိုပေးတဲ့ လက်ဆောင်တိုင်းက အဓိပ္ပါယ်နဲ့ပြည့်စုံပြီးတော့ မမလေးကို အံ့အားသင့်ပြီး စိတ်ကျေနပ်စေနိုင်မယ့် လက်ဆောင်တွေ ဖြစ်နေဖို့ ကျနော်မျှော်လင့်ပါတယ်။ အရင်တုန်းက ကျနော် ပေးခဲ့တဲ့ ပန်းလေးတွေလိုပေါ့ဗျာ… ”

” ကျနော်က မမလေးကို ပျော်စေချင်တယ်။ မမလေးရဲ့ ရယ်သံတွေကိုလည်း ကြားချင်တယ်။ အဲဒီလိုဆိုရင်… ကျနော်လည်း ပျော်ရပါတယ် ”
ဝမ်ပေါင်လဲ့က နူးညံ့သိမ်မွေ့စွာ ဆိုလိုက်၏။

မမလေးမှာမူ ဆွံ့အနေရဆဲပင်။

မမလေးမှာ ဆိတ်ငြိမ်နေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်သွား၏။ သူသည် ထိုစကားပြော စွမ်းရည်များကို မူကြိုကတည်းက စတင်လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြန်ပြောင်းစဉ်းစားလိုက်၏။ သူ အသက်ကြီးလာသည်နှင့်အမျှ ထိုစွမ်းရည်များမှာ ယခင်ကလောက် အသုံးမဝင်တော့ပါသော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ၎င်းတို့အား အချိန်ပေး၍ လေ့ကျင့်ခဲ့ခြင်းများမှာ ယခုတွင် အကျိုးထူးလာပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။

” မမလေးပေါ်မှာ ဒီအရည်အချင်းတွေကို သုံးရင် အချိန်တိုင်း အလုပ်ဖြစ်တယ်။ ကြည့်ရတာ သူ့ရဲ့ အရင်ဂြိုဟ်ပေါ်မှာတုန်းက ငါ့လောက် ပါရမီရှိတဲ့သူ တစ်ယောက်မှ မရှိဘူးထင်တယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောမိလိုက်ပြီး သူ့ကိုယ်သူ ကျေနပ်နေတော့သည်။ ထို့နောက် သူသည် ပုံရိပ်ယောင်ခေါင်းအုံးကို ထုတ်ယူလိုက်ပြီး ပုံရိပ်ယောင်နယ်မြေထဲသို့ ဝင်ရောက်ကာ အနက်ရောင်မျက်နှာဖုံးကို ကောက်ကိုင်၍ အနက်ရောင် အပိုင်းအစလေးအား ထိုမျက်နှာဖုံးပေါ်သို့ တင်လိုက်၏။

ထိုအခါ ထိုအပိုင်းအစလေးမှာ ချက်ချင်းပင် အရည်ပျော်ကျသွားပြီး ထိုမျက်နှာဖုံးနှင့် တစ်သားတည်း ပေါင်းစည်းသွားသည့်ပုံပင်။ ထိုအခါ နဂိုမူလတုန်းက တစ်ဝက်တစ်ပျက် ကျိုးပဲ့နေခဲ့သော မျက်နှာဖုံးမှာ အနည်းငယ်ခန့် ပို၍ ရုပ်လုံးပေါ်လာ၏။

ဝမ်ပေါင်လဲ့မှာ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေရင်း ခဏကြာပြီးနောက် မမလေး၏ အနည်းငယ်ခန့် အထူးတဆန်း ဖြစ်နေသော စကားသံမှာ သူ၏အတွေးထဲတွင် ပဲ့တင်ထပ်သွား၏။

” …. ကျေးဇူးပဲ ”

” နင်က နင့်ရဲ့ ကျင့်ကြံခြင်းခရီးစဉ်ထဲက အချက်အချာနေရာကို ရောက်နေပြီ။ နောက်ထပ်တစ်ဆင့်က အခြေတည်အဆင့်ပဲ ”

” အခြေတည်အဆင့်ကို မှန်ဘီလူးတစ်ခုလို သဘောထားလို့ရတယ်။ အဲဒီအဆင့်က နင့်ရဲ့ မူလအခြေခံအုတ်မြစ်တွေကို အဆပေါင်းများစွာ မြှင့်တင်ပေးတာ။ အဲဒီတော့ အခြေတည်အဆင့်ကို ရောက်ပြီးရင် နင့်ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေကို ဆုံးဖြတ်ပေးမယ့် အချက်နှစ်ချက်ရှိတယ်။ တစ်ချက်က နင် အခြေတည်အဆင့်ကို ဘယ်နည်းလမ်းနဲ့ ရောက်ခဲ့သလဲဆိုတာရယ် နောက်တစ်ချက်က နင့်ရဲ့ အခြေခံအုတ်မြစ်တွေက ဘယ်လောက်အစွမ်းထက်သလဲ ဆိုတာရယ်ပဲ ”

” အခြေတည်အဆင့်ကို ရောက်ဖို့က နည်းလမ်းအများကြီးရှိပေမယ့် အခုလောလောဆယ်မှာတော့ နင့်မှာ လိုအပ်ချက်တွေ အများကြီးရှိနေသေးတယ်။ အဲဒီလိုအပ်ချက်တွေနဲ့ ပတ်သက်လို့ကတော့ ငါ နင့်ကို မကူညီပေးနိုင်ဘူး။ ဒါပေမဲ့ နင့်ရဲ့ အခြေခံအုတ်မြစ်တွေက တော်တော်လေးကို အစွမ်းထက်နေမယ်ဆိုရင်တော့ အနာဂတ်မှာ နင် အခြေတည်အဆင့်ကို ရောက်တဲ့အချိန်ကျရင် နင့်ရဲ့ စွမ်းအားတွေရဲ့ တိုးတက်နှုန်းက နင်နဲ့ အဆင့်အတန်း အတူတူမှာ ရှိတဲ့လူတွေထက် အများကြီးပိုပြီးတော့ သာလွန်သွားမှာ ”

ဝမ်ပေါင်လဲ့မှာ မမလေး၏ စကားများကိုကြားလိုက်ရသောအခါ မျက်လုံးများဝင်းလက်သွားပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။ သူသည် မမလေး၏ ထိုကဲ့သို့သော စကားများနှင့် လမ်းညွှန်မှုများကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် မမလေး ပြောနေသောစကားများကို နားလည်သွား၏။

” အဲဒါဆိုရင် ကျနော့်ရဲ့ အခြေခံအုတ်မြစ်က တိုင်းတာမှုအရ ဆယ်မှတ် ရှိနေပြီး အခြေတည်အဆင့်ကို ရောက်လို့ မူလအမှတ်ရဲ့ ဆယ်ဆတိတိ အဆင့်တက်သွားမယ် ဆိုကြပါစို့။ အဲဒါဆိုရင် ကျနော် အခြေတည်အဆင့် ရောက်တဲ့အချိန်ကျရင် ကျနော့်မှာ အမှတ်တစ်ရာ ရှိနေမှာပေါ့။ အဲဒီလိုပဲ ကျနော် အခြေတည်အဆင့် မရောက်ခင်မှာ အမှတ်တစ်ရာအထိ ရှိနေမယ်ဆိုရင် အခြေတည်အဆင့်ရောက်သွားတဲ့အချိန်ကျရင် အမှတ်တစ်ထောင်အထိ ရှိသွားမှာပေါ့ ”

” အခြေခံသဘောတရားအရဆိုရင်တော့ အဲဒီအတိုင်းပဲ။ အခု ငါ နင့်ကို သင်ပေးမယ့် နည်းလမ်းကို ဖိသိပ်ခြင်းပညာရပ်လို့ ခေါ်တယ်။ အာနာပါနအဆင့်မှာက ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ အပြည့်ဖြည့်ထားတဲ့ ပုလင်းတစ်လုံးထဲကို ဘာမှထပ်ပြီးတော့ ဖြည့်မရတဲ့ အနေအထားနဲ့ အတူတူပဲ။ ဒါပေမဲ့ ဖိသိပ်ခြင်းပညာရပ်ကို သုံးလိုက်မယ်ဆိုရင် နင့်ရဲ့ ကျင့်ကြံခြင်းကို ဖိသိပ်ပြီးတော့ နေရာအလွတ်တွေ ထွက်လာအောင် လုပ်လို့ရတယ်။ အဲဒါဆိုရင် နင့်ရဲ့ အခြေခံအုတ်မြစ်က ပိုပြီးအစွမ်းထက်လာမှာ ”

” ဒီနည်းလမ်းကို နင့်ရဲ့ ကျင့်ကြံခြင်းပေါ်မှာတင် မဟုတ်ဘဲ နင် ပစ္စည်းတွေ ဖန်တီးနေတုန်း ရေးထွင်းရတဲ့ ကမ္ဗည်းစာလုံးတွေပေါ်မှာပါ သုံးလို့ရတယ် ”
မမလေးမှာ ရှားရှားပါးပါး စိတ်ရှည်ရှည်နှင့် ရှင်းပြနေပြီး နောက်ဆုံးတွင် ဝမ်ပေါင်လဲ့အား ထိုနည်းလမ်း၏ ပုံသေနည်းကို သင်ကြားပေးလိုက်၏။ ထို့နောက် သူမ၏ စကားသံမှာ ပျောက်ကွယ်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ဖိသိပ်ခြင်းပညာရပ်၏ ဂါထာမန္တရားကို ကျက်မှတ်လိုက်ပြီးနောက် စိတ်ဓာတ်များ တက်ကြွသွား၏။ သူသည် ထိုပုံသေနည်းအား သူ၏စိတ်ထဲတွင် တွက်ချက်လိုက်ပြီး‌ အမှားအယွင်းလုံးဝမရှိကြောင်း သေချာသွားသောအခါမှသာ ပုံရိပ်ယောင်နယ်မြေထဲမှ ပြန်ထွက်လာတော့သည်။ ထို့နောက် သူသည် ကျင့်ကြံခြင်းကို ချက်ချင်းပင် စတင် လေ့ကျင့်လိုက်တော့သည်။

သူသည် ထိုနည်းလမ်းကို သူ၏ ကျင့်ကြံခြင်းပေါ်တွင် အရင်ဆုံး မစမ်းကြည့်ခဲ့ဘဲ အနည်းငယ်ခန့် ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် နတ်ဘုရားရတနာတစ်ခုပေါ်ရှိ ကမ္ဗည်းစာလုံးများပေါ်တွင် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။ သူ ထိုနည်းလမ်းနှင့် အကျွမ်းတဝင် ရှိသွားသောအချိန်မှ သူ၏ ကျင့်ကြံခြင်းပေါ်တွင် အသုံးပြုမည်ဖြစ်သည်။

အချိန်များမှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့သည် တံခါးပိတ်ကျင့်ကြံနေလိုက်ပြီး ဖိသိပ်ခြင်းပညာရပ်အား အအိပ်ပျက်အစားပျက်ခံ၍ လေ့ကျင့်နေလိုက်တော့သည်။ ထိုနည်းလမ်း၏ အကျိုးသက်ရောက်မှုများမှာ လက်ဖျားခါလောက်ပေသည်။ သူ၏ အဆောင်ဖန်တီးမှု ပညာရပ်များနှင့်ပါ ပူးပေါင်းလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ လဝက်အတွင်း သူ၏ ပထမဦးဆုံး ထိပ်သီးအဆင့် တတိယအဆင့် နတ်ဘုရားရတနာတစ်ခုကို ဖန်တီးနိုင်သွားတော့သည်။

ထိပ်သီးအဆင့် နတ်ဘုရားရတနာတစ်ခုဆိုသည်မှာ အထွတ်အထိပ်အဆင့်ထက်ပင် ပို၍သာလွန်ကောင်းမွန်သည့် နတ်ဘုရားရတနာတစ်ခုဖြစ်ပြီး ပြည်ထောင်စုကြီး တစ်ခုလုံးထဲတွင် အလွန်အင်မတန်မှ ရှားပါး၏။

ပြည်ထောင်စုကြီးမှာ ထိပ်သီးအဆင့် နတ်ဘုရားရတနာများအား ဖန်တီးသန့်စင်နိုင်သည့် နည်းလမ်းများကို သိရှိထားပါသော်လည်း အောင်မြင်မှုရာခိုင်နှုန်းမှာ အလွန်အင်မတန်မှ နည်းပါး၏။ အကယ်၍ ဖန်တီးမှု လုပ်ငန်းစဉ်ထဲတွင် ကျရှုံးမှုတစ်ခုခု ထွက်ပေါ်လာမည်ဆိုပါက ထိုနတ်ဘုရားရတနာမှာ ပျက်စီးသွားမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ တတိယအဆင့် အထွတ်အထိပ် နတ်ဘုရားရတနာတစ်ခု၏ အခြေခံအုတ်မြစ်များကို ပြုပြင်ပြောင်းလဲကာ ဖိသိပ်ခြင်းပညာရပ်အား အသုံးပြုခဲ့ပြီး ဝိညာဉ်အမြုတေပေါ်တွင် နောက်ထပ် ကမ္ဗည်းစာလုံးရေပေါင်း ဆယ်ဆတိတိ ထပ်မံ ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုနတ်ဘုရားရတနာ၏ စွမ်းအားမှာ အဆမတန်မြင့်တက်သွားပြီး ၎င်းမှာ ထိပ်သီးအဆင့် နတ်ဘုရားရတနာအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။

” ဒီ ဖိသိပ်ခြင်းပညာရပ်က နတ်ဘုရားရတနာရဲအဆင့်ကို အတင်းအဓ္ဓမ မြှင့်တင်ပေးနိုင်ပေမဲ့…. တစ်ဆင့်ပဲ ရမှာ။ ဒီထက်ပိုပြီးတော့ အဆင့်မြင့်တဲ့ ဖိသိပ်ခြင်းပညာရပ် မရှိဘူးဆိုရင်တော့ ငါ့ရဲ့ လက်ရှိအဆင့်နဲ့ဆိုရင် ဒါက ဂိတ်ဆုံးပဲ ”

ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် တောက်ပလာတော့သည်။ သူသည် ၎င်းအား ထိပ်သီးအဆင့်သို့ မြှင့်တင်နိုင်ရုံလောက်သာ လုပ်နိုင်ခဲ့ပါသော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုမှာ သူ့အတွက် အလွန်အင်မတန်မှ ကြီးမား၏။ အထူးသဖြင့် သူသည် အခြေတည်အဆင့်ကို တက်လှမ်းနိုင်ရန် တွေးတောနေသည် မဟုတ်ပါလော။ နတ်ဘုရားရတနာများအား ဖန်တီးသန့်စင်ရာ၌ ဖောက်ထွက်သွားနိုင်ခဲ့ခြင်းကြောင့် သူ၏ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးများမှာ ပိုမို များပြားလာပြီဖြစ်သည်။

ထို့ကြောင့် နောက်ရက်များတွင် ဝမ်ပေါင်လဲ့မှာ အစွမ်းကုန်ကြိုးစား၍ သူ၏ နတ်ဘုရားရတနာများကို စိတ်လွတ်ကိုယ်လွတ်နှင့် ပြုပြင်မွမ်းမံနေလိုက်တော့သည်။ သူသည် ဖိသိပ်ခြင်းပညာရပ်အား အသုံးပြုကာ သူ၏ ရတနာတစ်ဝက်ကျော်ကို တတိယအဆင့် ထိပ်သီးအဆင့်အထိ အဆင့်မြှင့်တင်ခဲ့၏။ ထိုသို့ဖြင့် သူသည် ဖိသိပ်ခြင်းပညာရပ်အား အသုံးပြုရာ၌ ပိုမိုကျွမ်းကျင်လာတော့သည်။

ထို့ကြောင့် နောက်ဆုံးတွင် သူသည် ဆုံးဖြတ်ချက်ချလိုက်ပြီး ဖိသိပ်ခြင်းပညာရပ်အား သူ၏ ကျင့်ကြံခြင်းပေါ်၌ အသုံးပြုရန် ပြင်ဆင်လိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဝိဇ္ဇာဂူထဲ၌ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဖိသိပ်ခြင်းပညာရပ်အား သူ၏ ကျင့်ကြံခြင်းပေါ်တွင် အသုံးပြုလိုက်၏။ ထိုအခါ ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်မှာ စတင်တုန်ရီလာတော့သည်။ သူသည် အခန်း၏ ထောင့်တိုင်းမှ ကြီးမားသော ဖိအားများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဖိနှက်ကာ သူ၏ အသွေးအသားများထဲအထိ စိတ်ဝင်သွားသည်ကို ခံစားလိုက်ရ၏။ ၎င်းတို့မှာ သူ၏ ဝိညာဉ်ချီများကို ပစ်မှတ်ထားကာ သတိပေးနေခြင်းမရှိဘဲ ၎င်းတို့အား ဖိသိပ်ပစ်လိုက်သကဲ့သို့ပင်။

ထို ဖိသိပ်မှုကြီးမှာ အားပါပါ ဖိကပ်လိုက်ခြင်းနှင့် ဆင်တူ၏။ သူ၏ အသွေးအသားများမှာ အလွန်အင်မတန်မှ နာကျင်လာသဖြင့် သူ၏ အသက်ရှူသံများ လေးလံလာပြီး မျက်နှာမှာလည်း ဖြူဆုတ်လာ၏။ သူ၏ တစ်ကိုယ်လုံးမှလည်း ချွေးသီးလုံးကြီးများ ကျဆင်းလာ၏။

” ဘာလို့ မမလေး သင်ပေးတဲ့ လျှို့ဝှက်ဆန်းကြယ်ပညာရပ်တိုင်းက သေလောက်အောင်ကို နာကျင်ရတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိတ်ထိခိုက်သွားရပါသော်လည်း ထိုနည်းလမ်း၏ အကျိုးသက်ရောက်မှုများကို စတင်ခံစားနေရပြီဖြစ်သည်။ သူသည် ထို ဖိသိပ်ခြင်းပညာရပ် စတင်အလုပ်လုပ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ချီများ မရပ်မနား စုဝေးလာကြသည်ကို အာရုံခံမိလိုက်၏။ သူ၏ ဝိညာဉ်ချီများ၏ ကြားထဲတွင် နေရာလွတ်များစွာ ရှိနေသောကြောင့် ထိုနည်းလမ်းကို အသုံးပြုလိုက်သောအခါ ၎င်းတို့မှာ ဖိသိပ်ခံလိုက်ရပြီး ကျုံ့ဝင်သွားကြသဖြင့် တဖြည်းဖြည်းနှင့် လျော့နည်းသွားသည့် အလားပင်။

ထိုကဲ့သို့ ကျုံ့ဝင်မှုများကြောင့် ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ နဂိုကထက် နိမ့်သွားသည့်ပုံ ပေါ်ပါသော်လည်း သူ၏ အငွေ့အသက်မှာမူ ပို၍ အစွမ်းထက်လာ၏။

သူ၏ ဝိညာဉ်ချီများထဲရှိ နေရာလွတ်များမှာ ဖိသိပ်ခံလိုက်ရသဖြင့် အရေအတွက် လျော့နည်းသွားပြီနောက် ထိုဝိညာဉ်ချီများ၏ တည်ငြိမ်မှုနှင့် ဒဏ်ခံနိုင်စွမ်းမှာ ထိပ်ဆုံးအဆင့်အထိ မြင့်တက်သွားတော့သည်။ ထိုဝိညာဉ်ချီများ၏ အတွင်းပိုင်း တည်ဆောက်ပုံများမှာလည်း ပြောင်းလဲသွားသဖြင့် ၎င်းတို့၏ စေးကပ်မှုများမှာလည်း ပိုမိုတိုးတက်လာ၏။ ၎င်းမှာ သံမှ သံမဏိသို့ ပြောင်းလဲသွားသည့် ဖြစ်စဉ်နှင့်ပင် ဆင်တူနေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဝေဒနာပြင်းပြစွာ ခံစားနေရသည့်တိုင်အောင် အံကြိတ်ကာ ကြံ့ကြံ့ခံနေဆဲပင်။ သူသည် ထိုကဲ့သို့ နှိပ်စက်ညှင်းပန်းမှုဒဏ်များကို နှစ်ပတ်တိတိ ဆက်လက်တောင့်ခံလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နောက်ဆုံးအဆင့်အထိ ဖိသိပ်ခံလိုက်ရသဖြင့် အာနာပါနအဆင့် ထိပ်ဆုံးတွင် ရှိမနေတော့ဘဲ အာနာပါန ပဉ္စမအဆင့်သို့ ရောက်ရှိသွားတော့သည်။

သို့သော် လက်တွေ့တွင်မူ သူထုတ်လွှတ်နေသည့် သူ၏ ဝိညာဉ်အငွေ့အသက်မှာ ယခင်ကထက် သုံးဆယ်ရာခိုင်နှုန်းတိတိ ပို၍ အစွမ်းထက်နေပြီဖြစ်သည်။ သူ၏ တိုက်ရည်ခိုက်ရည်များမှာလည်း ထိုနည်းအတူပင်။

သူ၏ ခန္ဓာကိုယ်ကြီးပင်လျှင် ဖိသိပ်ခြင်းပညာရပ်၏ အောက်တွင် နှစ်ပတ်တိတိ ဖြတ်သန်းလိုက်ရပြီးနောက် တစ်ဆိုဒ်ပို၍ သေးငယ်သွား၏။ နဂိုတုန်းက လုံးဝန်းနေခဲ့သော သူ၏ မျက်နှာမှာလည်း အနည်းငယ်ခန့် သွယ်လျသွား၏။

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားသလို အလွန်အင်မတန်မှလည်း ပျော်ရွှင်သွား၏။ သူသည် စိတ်လှုပ်တရှားနှင့် သူ့ကိုယ်သူ မှန်ထဲတွင် စိုက်ကြည့်နေလိုက်တော့သည်။

” ငါ့ရဲ့ မေးရိုးကို မြင်ရပြီကွ ”

သူ၏လက်ရှိခံစားချက်များကို ဖော်ပြနိုင်ရန်မှာ မဖြစ်နိုင်ပေ။ သူသည် မှန်ထဲသို့ နှစ်နာရီတိတိ စိုက်ကြည့်နေလိုက်ပြီး သူ၏ မေးကို ထပ်ခါတလဲလဲ ပွတ်နေတော့သည်။ နောက်ဆုံးတွင် သူသည် ကောင်းကင်ပေါ်သို့ ခေါင်းမော့ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်တော့သည်။

” အခု ငါက မေးရိုးရှိတဲ့လူ ဖြစ်သွားပြီကွ ”
ဝမ်ပေါင်လဲ့မှာ အပျော်လွန်သွားပြီး သူ၏ နတ်ဝိဇ္ဇာဂူထဲ၌ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတော့သည်။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ သူ၏ အံ့ဩပျော်ရွှင်မှုများကို ချုပ်တည်းလိုက်ပြီး သူ၏ ကျင့်ကြံခြင်းအား စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲရှိ သလင်းကျောက်အား သတိထားမိလိုက်တော့အခါ သူ၏မျက်လုံးများမှာ လင်းလက်စွာ တောက်ပသွားတော့သည်။

” နောက်တစ်ဆင့်က အာနာပါနထိပ်ဆုံးအဆင့်ကို အမြန်ဆုံးပြန်ရောက်အောင် လုပ်ဖို့ပဲ…. အဲဒီလိုလုပ်ဖို့အတွက် ဒီသလင်းကျောက်က အဓိက သော့ချက်ပဲကွ။ ကြည့်ရတာ ငါ လျှပ်စီးပိုင်နက်ထဲကို ထပ်သွားရဦးမယ်နဲ့ တူတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုအတွေးကြောင့် စိတ်ဓာတ်များ တက်ကြွသွားရ၏။ တစ်ဖက်တွင် သူသည် အာနာပါနထိပ်ဆုံးအဆင့်သို့ ပြန်ရောက်ရန် ဆန္ဒပြင်းပြနေသလို အခြားတစ်ဖက်တွင်လည်း လျှပ်စီးပိုင်နက်ထဲမှ ထွက်ခွာလာပြီးလျှင် သူ၏ ခန္ဓာကိုယ် နောက်ထပ်တစ်ဆိုဒ် ထပ်၍ ပိန်ကျသွားမည်ကို မျှော်လင့်နေ၏။

” သွားကြစို့။ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပြီးတော့ ကယ်လိုရီတွေ လောင်ကျွမ်းအောင် လုပ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း သူ၏ နတ်ဝိဇ္ဇာဂူထဲမှ ကျားကျားလျားလျားနှင့် ပြေးထွက်လာပြီး မန္တန်အစီအရင်အဆောင်ထဲရှိ လျှပ်စီးပိုင်နက်ဆီသို့ တဟုန်ထိုး ပြေးသွားလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset