Switch Mode

အခန်း ( ၂၂၃ )

ဘဝအခက်အခဲသုံးခု

ကျောက်စိမ်းတုံးကြီး ပြိုကျသွားသည်မှာ လူတိုင်းကို ချက်ချင်း ဟာခနဲ၊ ဟင်ခနဲ ဖြစ်သွားစေသည်။ ပြည်ထောင်စုပျိုးပင်များမှာ ခုန်းတောက်နှင့် ဝမ်ပေါင်လဲ့တို့၏ ခွန်အားကို တိုက်ခိုက်စဉ်က တွေ့ပြီး ဖြစ်သော်လည်း အံ့ဩတကြီး ဖြစ်သွားကြသည်။

ခုန်းတောက်၏ ရိုက်ချက်မှာ ကျောက်တုံးမျက်နှာပြင် နေရာအတော်များများ၌ အက်ကွဲကြောင်းများ ဖြန့်ကျက်သွားခဲ့ရုံသာ ဖြစ်ခဲ့သည်။ သို့ရာတွင် ဝမ်ပေါင်လဲ့မှာ လက်သီးချက်တစ်ချက်တည်းဖြင့် ပြိုကျသွားစေခဲ့သည်။

“ သူက လူထူးဆန်းပဲ…”

“ သူ့ကို ပျိုးပင်အဖြစ် သတ်မှတ်ပြီးသား ဖြစ်တာ တော်သေးတာပေါ့။ သူသာ ရွေးချယ်တဲ့ အချီမှာ ပါခဲ့ရင် သူနဲ့ တွေ့ပြီး ကံဆိုးမိုးမှောင်ကျနေလောက်မှာ ”

“ ထူးဆန်းတယ်။ ဒီကောင် စစ်ဆေးပွဲက ကျောက်တုံးကြီးကို ခွဲတော့ အလျော်ပေးရမလားဆိုတာ စိတ်မပူဘူးလား”

ဝမ်ပေါင်လဲ့မှာ အစက သူ့ကိုယ်သူ ကျေနပ်ပီတိဖြာနေခဲ့သည်။ သို့ရာတွင် အခြားပျိုးပင်များက အကြိတ်အနယ် ဆွေးနွေးနေကြပြီး လူတစ်ယောက်က လျော်ကြေးအကြောင်း သိချင်စိတ်ဖြင့် မေးလိုက်သည်ကို ကြားလိုက်ရသောအခါ ရုတ်တရက် မျက်လုံးပြူးသွားသည်။ ထို့နောက် သူက အကန့်အသတ်မရှိ ငွေထုတ်နိုင်သည့် ငွေရောင် ဝိညာဉ်ကတ်ကို သတိရသွားပြီး စိတ်အေးသွားသည်။

“ ဝမ်ပေါင်လဲ့ဆိုတဲ့ငါက နွမ်းပါးတဲ့ မိသားစုက ပေါက်ဖွားလာတာ ဆိုပေမဲ့ ဓမ္မလက်နက်အဆောင်က ဓမ္မလက်နက်စစ်သည်တစ်ဦးအနေနဲ့ လျော်ရမယ်ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး လျော်ပေးပါ့မယ်။ ငါ အလုပ်ကြိုးစားလုပ်ပြီး အစားလျှော့စားမယ်ကွာ။ ဒီလိုဆို နည်းနည်းတော့ စုဆောင်းနိုင်မှာပါ ”
ဝမ်ပေါင်လဲ့မှာ ရုတ်တရက် သူသည် အလွန်တရားမျှတသူဖြစ်သည်ဟု ခံစားချက်များ ပြည့်တက်လာသည်။ သူက ငွေရောင်ဝိညာဉ်ကတ် ရှိနေကြောင်း သေချာရန် အိတ်ကပ်ထဲသို့ နှိုက်ကာ အထဲမှ ကတ်ကို ပုတ်လိုက်သေးသည်။

ကြည့်နေကြသည့် ပြည်ထောင်စု အရာရှိများမှာ ဝမ်ပေါင်လဲ့၏ လက်သီးချက် တစ်ခုတည်းကြောင့် စိတ်ဝင်တစား ဖြစ်လာပြီး ရင်ထဲ၌ ခံစားချက်များ လှိုင်းထနေသည်။

“ ဒီကျောက်စိမ်းတုံးက အခြေတည်အဆင့်အောက်က ဘယ်သူမဆိုရဲ့ စွမ်းအားကို တောင့်ခံနိုင်တယ်။ အခြေတည်အဆင့် အစောပိုင်းကလူဆိုရင်တောင် ခက်ခဲ‌ပေမဲ့ တောင့်ခံထားနိုင်သေးတယ်။ ဒါပေမဲ့ ခု‌တော့ ဝမ်ပေါင်လဲ့ရဲ့ လက်သီးတစ်ချက်နဲ့ ကွဲကြေသွားပြီ”

“ ငါ ခုနက သေချာ မကြည့်မိဘူး။ ဒါပေမဲ့ ဒီဖက်တီးလေးက သေချာ‌ပေါက် အပြင်ခန္ဓာ အခြေတည်အဆင့် ရောက်နေပြီဟ… ခုန်းတောက်တောင် ဒီကျောက်တုံးကို ကွဲသွားအောင် မလုပ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ သူက လုပ်နိုင်ခဲ့တယ်”

သူတို့က တီးတိုးဆွေးနွေးနေကြစဉ် သွမ့်မူချွယ်က အသာအယာ ပြုံးလိုက်သည်။ သူ့မျက်လုံးများက ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်ဆီသို့ ရောက်သွားပြီး မျှော်လင့်ချက်အပြည့်ဖြင့် တောက်ပလာသည်။

ခုန်းတောက်မှာ ရုတ်တရက် မျက်လုံးများ မှေးစင်းသွားသည်။ သူက ဝမ်ပေါင်လဲ့ကို စိုက်ကြည့်နေသော်လည်း တိတ်ဆိတ်နေသည်။ မကြာသေးခင်က ရန်လိုနေသည့် ခံစားချက်များမှာ ယခုအခါ ပြင်းထန်လှသည့် တိုက်ခိုက်လိုစိတ်အဖြစ် အသွင်ပြောင်းသွားသော်လည်း သူက ဖုံးကွယ်ထားနိုင်ခဲ့သည်။

ဝမ်ပေါင်လဲ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည့် လူအုပ်ကြီးကို လေ့လာ ဆန်းစစ်နေသည်။ ထို့နောက် သူ စိတ်သက်သာရာသွားပြီး သွမ့်မူချွယ်နှင့် အရာရှိများကို အရိုအသေပြုကာ ဝင့်ကြွားစွာ နောက်ပြန်ဆုတ်လိုက်သည်။

စစ်တပ်မှ နောက်ထပ် စစ်ဆေးပွဲ ကျောက်တုံး အသစ်တစ်ခုကို အမြန်သယ်လာခဲ့သည်။ မကြာမီ အားလုံး၏ စစ်ဆေးပွဲများ ပြန်လည် စတင်ကာ ကျင့်ကြံခြင်း ရက်သတ္တပတ်မှာ ဆုံးခန်းတိုင်ခဲ့လေပြီ။

ကြည့်နေကြသူ အားလုံးမှာ စစ်ဆေးပွဲကြောင့် ဝမ်ပေါင်လဲ့ မျက်နှာကို မှတ်မိသွားကြသည်။ ခုန်းတောက်မှာလည်း အလားတူပင် ဖြစ်သည်။ အခြား ပြည်ထောင်စုပင်ပျိုများမှာမူ အပြင်အား စစ်ဆေးပွဲ၌ သာမန်သာ လုပ်ဆောင်နိုင်ကြသော်လည်း သူတို့ ပိုင်ဆိုင်ထားပြီး ထုတ်မပြလိုက်ရသည့် မန္တန်များ၊ ပညာရပ်များမှာ ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့၏ အပြင်အားကို အတိုင်းအတာ တစ်ခုထိ ယှဉ်နိုင်စွမ်းရှိသည်။

ဥပမာအနေဖြင့် ကျောက်ယမုန့်၏ လျှို့ဝှက်တိုက်ကွက် ဖြစ်သည်။ ၎င်းကို ထုတ်ဖော်လိုက်သည်နှင့် ဝမ်ပေါင်လဲ့ပင်လျှင် တန်ပြန်တိုက်ခိုက်ရန် ခေါင်းကိုက်ရမည် ဖြစ်သည်။

ထိုသို့ဖြစ်ရာ တစ်ယောက်ချင်းစီအား မည်မျှ အစွမ်းထက်သည်၊ အားနည်းသည်ဟု တိတိကျကျ ပြောရန်ခက်ခဲသည်။ သို့ရာတွင် ဝမ်ပေါင်လဲ့မှာ စစ်ဆေးပွဲ ကျင်းပနေစဉ်အတွင်း လူတကာ၏ အာရုံစိုက်ခြင်း ခံရသည်မှာ အထူးပြောရန် မလိုပေ။

သွမ့်မူချွယ်က သူ့ရှေ့မှ နုပျိုသည့် မျက်နှာလေးများကို ကြည့်ကာ မတ်တပ်ထရပ်လိုက်သည်။

“ မင်းတို့ ဒီခေတ်မှာ မွေးဖွားလာရတာ ကံဆိုးတာပဲ။ ဘာလို့လဲဆိုတော့၊ အမည်မသိ စွမ်းအားတွေ၊ မှန်းကြည့်လို့တောင် မရနိုင်တဲ့ များပြားလှတဲ့ ခြိမ်းခြောက်မှုတွေ၊ မရေမတွက်နိုင်တဲ့ စစ်ဆေးပွဲနဲ့ အတိဒုက္ခတွေ…. မင်းတို့ဟာ နတ်ဘုရားလို့ သိထားခဲ့သူနဲ့တောင် ထိပ်တိုက်ရင်ဆိုင်ကြုံတွေ့လာရနိုင်တယ်”

“ ဒါပေမဲ့ ဒီခေတ်မှာ မွေးလာရတာ ကံကောင်းမှုတစ်ခုလည်း ဖြစ်ပြီး ကံကြမ္မာလည်း ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒီရှေးဦးဝိညာဉ်ခေတ်က ခုမှ ရောက်ခါစ ရှိသေးတယ်။ မင်းတို့ရဲ့ နောင်လာနောက်သားတွေက မင်းတို့နာမည်ကို နောက်အနာဂတ် နှစ်ပေါင်းများစွာ ကြာတဲ့အထိ မှတ်မိနေကြမှာ။ မင်းတို့က… အနာဂတ်မျိုးဆက်တွေရဲ့ အမြင်မှာ နတ်ဘုရားတစ်ပါးတောင် ဖြစ်သွားနိုင်သေးတယ်။ မင်းတို့ရှေ့မှာ အဆုံးမရှိ၊ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်တဲ့ ခရီးရှည်တစ်ခုရှိနေတယ်။ မင်းတို့ လျှောက်နေတဲ့လမ်းက တန်ခိုးရှင်ဖြစ်ဖို့ ရည်ရွယ်တဲ့ ခရီးရှည်ဖြစ်ပြီး တာအိုရှာဖွေခြင်း၊ ဆင့်ကဲပြောင်းလဲခြင်းဆိုတဲ့ လမ်းလည်း ဖြစ်တယ်””

“ ဒါကြောင့် ဒီ ရှေးဦး ဝိညာဉ်ခေတ်ကို ငါက အထွတ်အထိပ်ခေတ်လို့ ခေါ်ချင်တာ”

“ အနာဂတ်ဟာ ကန့်သတ်ချက်တွေ မရှိဘူး။ ငါ၊ သွမ့်မူချွယ်ကလည်း ဒီခရီးကို မင်းတို့နဲ့အတူ လျှောက်လှမ်းသွားချင်ပါတယ် ”
သွမ့်မူချွယ်က သူ့မိန့်ခွန်းကို အဆုံးသတ်လိုက်ပြီး မျက်လုံးထဲ၌ ဝေခွဲရခက်သည့် အကြည့်တစ်ချက် ပေါ်လာသည်။ သူက တစ်ယောက်ချင်းစီကို မျက်လုံးချင်းဆုံအောင် လိုက်ကြည့်လိုက်ရာ သူတို့အားလုံးမှာ စိတ်ဓါတ် လှုံ့ဆော်ခံလိုက်ရသည့်အလား ခံစားလိုက်ရပြီး စိတ်ဓာတ်များတက်ကြွလာသည်။

သူ့စကားလုံးများမှာ ရိုးရှင်းသော်လည်း လူအားလုံးရှေ့၌ ပေစာလိပ်တစ်လိပ်အား ဖွင့်ဖတ်ပြလိုက်သည့်ပမာ ထင်ရသည်။ ထိုပေစာလိပ်ပေါ်၌ စိတ်လှုပ်ရှားဖွယ် ကြီးကျယ်ခမ်းနားသည့် အနာဂတ်ကို ရေးထိုးထားသည်။ ဝမ်ပေါင်လဲ့ မျက်လုံးထဲ၌လည်း တောက်ပသည့် အလင်းတစ်ချက် ပေါ်လာသည်။ “အထွတ်အထိပ်” ဟူသော စကားလုံးမှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးအား ကျဉ်စက်တို့ခံရသည့်အလား တုန်ရီသွားစေပြီး စိတ်လှုပ်ရှားခြင်းကို ဖုံးဖိမရတော့ပေ။

လူအုပ်ထဲမှ စိတ်လှုပ်ရှားနေသည့် အသက်ရှူသံများအကြား သွမ့်မူချွယ်က အပြုံးတစ်ခု ဆင်မြန်းထားသည့် မျက်နှာဖြင့် ထွက်ခွာသွားလေသည်။

သူထွက်ခွာသွားလျှင် ပြည်ထောင်စုပျိုးပင်များမှာလည်း မေ့မရနိုင်သည့် တစ်ပတ်တာ ကျင့်ကြံခြင်းကာလကို ဖြတ်သန်းပြီးနောက် သူတို့၏ နိုင်ငံရေး အဖွဲ့အစည်းများ၊ ကျောင်းများဆီသို့ ဦးတည်သည့် သင်္ဘောပျံများပေါ်သို့ သီးခြားစီ တက်လိုက်ကြသည်။

ပြည်ထောင်စုပျိုးပင်များ၏ စစ်ဆေးပွဲနှင့် နောက်ဆုံး စမ်းသပ်ခြင်းမှာ တရားဝင် အပြီးသတ် ဆုံးခန်းတိုင်ခဲ့လေပြီ။

ကောင်းကင်တာအိုကျောင်းမှ အဖွဲ့ကိုလည်း ကျောင်းသင်္ဘောပျံမှ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။ ဝမ်‌ပေါင်လဲ့၊ ကျိုးရိဖန်၊ ကျောက်ယမုန့်တို့နှင့်အတူ အခြား ပြည်ထောင်စုပျိုးပင်များလည်း အပြန်ခရီးကို စတင်လိုက်ကြသည်။

အပြန်လမ်းရှိ သင်္ဘောပျံပေါ်၌ ကျောင်းသို့ ပြန်ရောက်မည့် အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေသူမှာ ဝမ်ပေါင်လဲ့ တစ်ဦးတည်းမဟုတ်ပေ။ အခြားသူများကလည်း ပြန်ရမည်ကို မျှော်လင့်စောင့်စားနေကြသည်။ ပြည်ထောင်စုပျိုးပင် ဖြစ်လာသည့်အတွက် ကောင်းကင်တာအိုကျောင်းမှ ရရှိမည့် ဆုလာဒ်၊ အသိအမှတ်ပြုခြင်းများထဲ၌ ပြန်ရောက်သည်နှင့် ရာထူးတိုးမည့် ဆုလည်း ပါဝင်သည်။

သူတို့အားလုံးမှာ ပြန်ရောက်လျှင် သက်ဆိုင်ရာအဆောင်များ၌ လက်ထောက်အဆောင်မှူးအဖြစ် ရာထူးတိုးသွားမည် ဖြစ်သည်။

သို့ဖြစ်ရာ ရာထူးအသစ်အတွက် စိတ်မလှုပ်ရှားဘဲနေရန်မှာ မဖြစ်နိုင်ပေ။ ဝမ်ပေါင်လဲ့မှာ ယခုအချိန်တွင် သူလာမည်ကို စောင့်ဆိုင်းနေသည့် လက်ထောက် အဆောင်မှူးရာထူးအကြောင်း စဉ်းစားနေရင်း နှလုံးခုန်သံများ မြန်လာသည်။ သူသည် ကျောင်းသို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်းနိုင်လျှင် ကောင်းမည်ဟု ဆုတောင်းနေမိသည်။

သူက အနာဂတ်တွင် ကောင်းကင်တာအိုကျောင်း၌ ရရှိမည့် အခွင့်အာဏာကို တွေးကာ စိတ်လှုပ်ရှားလာပြီး မဟာမိတ်များ လိုအပ်သည်ဟု စဉ်းစားမိလာသည်။ ဤသည်မှာလည်း အဆင့်မြင့်အရာရှိများ၏ ကိုယ်ရေးအတ္တုပ္ပတ္တိများထဲတွင် ပါရှိသည့် အရာဖြစ်သည်။ ဝမ်ပေါင်လဲ့သည် ဖတ်ထားသမျှ အသေးစိတ်များကို ပြန်စဉ်းစားလိုက်ပြီး ထောင့်နားတွင် ထိုင်နေသည့် ကျိုးရိဖန်ကို ငဲ့ကြည့်လိုက်သည်။ သူ့မျက်လုံးများမှာ တခဏအတွင်း တောက်ပသွားသည်။ သူက နေရာ‌ရွှေ့ကာ ကျိုးရိဖန် ပုခုံးပေါ်၌ လက်တင်ကာ ဖက်လိုက်သည်။

“ ရိဖန်၊ ငါတို့အားလုံး ကျောင်းပြန်ရောက်တာနဲ့ လက်ထောက် အဆောင်မှူးတွေ ဖြစ်တော့မှာ၊ စိတ်မလှုပ်ရှားဘူးလား”

ကျိုးရိဖန်က ဝမ်ပေါင်လဲ့ကို စိုက်ကြည့်လိုက်သည်။ သူသိထားသည့် ဝမ်ပေါင်လဲ့ အကျင့်များအရ ပြောလိုသည့် တစ်စုံတစ်ရာ ရှိနေကြောင်း သိလိုက်သည်။ အခြားသူများဆိုပါက မေးနေမည် မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့က စပြောနေပြီဖြစ်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး သူ့အကွက်ထဲ ဝင်ကာ မေးလိုက်ရသည်။
“ မင်း ဘာပြောချင်တာလဲ”

“ ဟားဟား၊ ရိဖန်၊ ငါတို့က သူငယ်ချင်းကောင်းတွေ၊ ဟုတ်တယ်မလား။ အသေးစိတ် သေချာ စဉ်းစားကြည့်ရင် ငါတို့က သေရေးရှင်ရေး အခြေအနေတွေမှာ အတူရှင်သန်ခဲ့တဲ့ သူငယ်ချင်းတွေလေ။ ငါတို့ အမြော်အမြင်ကြီးကြီးနဲ့ စဉ်းစားမယ်ဆို ဒါက ရှေးဦးဝိညာဉ်ခေတ်၊ အထွတ်အထိပ်ခေတ်လေ။ ငါတို့က တာအိုရောင်းရင်းတွေပဲ။ ငါတို့ရဲ့ အနာဂတ်ခရီးမှာ တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းဖို့ လိုတယ်”
ဝမ်‌ပေါင်လဲ့က စကားပြောလိုက်၊ တချိန်တည်းမှာပင် ရင်ဘတ်ကို ထုလိုက်ဖြင့် သက်ဝင်လှုပ်ရှားစွာ ပြောနေသည်။

“ ငါ ခံစားနေရတာတော့၊ ငါတို့ မဟာမိတ် ဖွဲ့ဖို့ လိုမယ်လို့ ထင်တယ်။ ဒီလိုမှ ငါတို့အားလုံး အနာဂတ် နတ်ဘုရားတွေ ဖြစ်လာတဲ့ အချိန်ကျ နောက်လာမဲ့ မျိုးဆက်တွေက ငါတို့ကို ခေါ်စရာ နာမည်တစ်ခုခု ရှိမှာ”

ကျိုးရိဖန်မှာ စိတ်ရှုပ်ထွေးသွားသည်။ သူသည် ဝမ်ပေါင်လဲ့၏ ထူးဆန်းသော အကြံဉာဏ်များကို အဓိပ္ပါယ်ရှိသည်ဟု မထင်ပေ။

“ မင်း တွေဝေမနေနဲ့။ စဉ်းစားကြည့်စမ်း။ မင်းသာ မင်းမိသားစုမျိုးနွယ်ထဲမှာ နေရင် ရည်မှန်းချက်တွေ ပြည့်ဝမှာ မဟုတ်ဘူး။ ဒီတော့ မင်း ကျင့်ကြံခြင်းတွေ၊ ပညာရပ်တွေမှာ တော်နေတော့ ဘာလုပ်ရမှာလဲ။ မင်းက ဒီတိုင်း သာမန်လူတစ်ယောက်ပဲ ဖြစ်နေတာကိုး။ ဒါပေမဲ့ ငါတို့ မဟာမိတ် ဖွဲ့လိုက်ပြီဆို ငါက မင်းအတွက် အထောက်အပံ့အဖြစ် ရှိနေမယ်။ နောက်ထပ် ငါတို့ မဟာမိတ်ရဲ့ တခြားအဖွဲ့ဝင်တွေလည်း ရှိမယ်။ လူတွေ အများကြီး မင်းကို ထောက်ပံ့ပေးနေတယ်ဆိုရင် မင်းမိသားစု မျိုးနွယ်ကလည်း မင်းကို ခက်ခဲအောင်လုပ်တာ၊ လက်နက်အဖြစ် ပြောင်းလဲပစ်တာမျိုး မလုပ်ရဲတော့ဘူး၊ ငါတို့က သူတို့ကို ချေမှုန်းပစ်မှာလေ ”
ဝမ်ပေါင်လဲ့က အစပိုင်းတွင် မောက်မာစွာ ပြောသော်လည်း ဖျောင်းဖျသည့် လေသံသို့ လျင်မြန်စွာ ပြောင်းလိုက်သည်။

ကျိုးရိဖန်မှာ တိတ်ဆိတ်နေသည်။ ဝမ်ပေါင်လဲ့ ပထမဆုံး ပြောလိုက်သည့်အရာမှာ သူ့အတွက် အရေးကြီးသည်ဟု မထင်ပေ။ သို့သော် ဝမ်ပေါင်လဲ့၏ နောက်ဆုံးစကားလုံးများမှာ သူ့စိတ်ကို ဗြောင်းဆန်သွားစေသည်။ ဤသည်မှာ မူလအစတည်းက သူ ရှောင်ပြေးနေခဲ့သည့် အရာဖြစ်သည်။ သူသည် ခေါင်းမော့ကာ ဝမ်‌ပေါင်လဲ့ကို စိုက်ကြည့်နေမိသည်။ အတန်ကြာပြီးနောက် သူက ခေါင်းညိတ်လိုက်လေသည်။

သူခေါင်းညိတ်ရသည့် အကြောင်းရင်းမှာ ဤအဆိုကို တင်သွင်းသူက ဝမ်ပေါင်လဲ့ ဖြစ်နေသောကြောင့်လည်း ပါသည်။ ဖြစ်လာသမျှအတွက် ကြိုတင် ပြင်ဆင်ထားလိုသည့်စိတ်ကြောင့်လည်း ပါသည်။ သူ့မိသားစုမျိုးနွယ်မှာ တိုင်းတာမရနိုင်အောင် အင်အားကြီးမားပြီး သူတို့ ထိခိုက်နိုင်မည့် အဖွဲ့အစည်းမျိုး မဟုတ်ပေ။ သို့တိုင်အောင် သူ့နှလုံးသား အတွင်းတစ်နေရာတွင် မျှော်လင့်ချက် မီး‌တောက်သေးသေးလေးနှင့် ဝမ်ပေါင်လဲ့ ပြောသွားသည့် အနာဂတ်အတွက် ပြင်းပြသည့် ဆန္ဒများ ရှိနေသည်။

ကျိုးရိဖန် လက်ခံသွားသည်ကို တွေ့ပြီးနောက် ဝမ်ပေါင်လဲ့က စိတ်လှုပ်ရှားစွာဖြင့် ပခုံးပုတ်လိုက်သည်။ ထို့နောက် သူက ကျောက်ယမုန့်ကို ကြည့်လိုက်သည်။ သူက နောက်တစ်နေရာ ရွှေ့ကာ ကျောက်ယမုန့်ဘေးမှာ အတင်းတိုးထိုင်လိုက်သည်။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် နီးကပ်လှသောကြောင့် သူမဆီမှ ကိုယ်သင်းရနံ့လေးကိုပါ ခံစားမိနေသည်။

ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့ ရောက်လာ‌သော်လည်း မတုန်မလှုပ်ထိုင်နေဆဲ ဖြစ်သည်။ ဝမ်ပေါင်လဲ့ ထိုင်နေသည်မှာ နီးလွန်းကြောင်း သတိပေးရန် ဝမ်ပေါင်လဲ့ကို သူမ တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

ဤသည်မှာ ကျောက်ယမုန့်၏ ထူးခြားသည့် ဆွဲဆောင်မှုတစ်ခုဖြစ်ပြီး သူမနားသို့ ကပ်ရန် ကြိုးစားသူများအား မတန်တရာကို မှန်းမိသည်ဟု ခံစားမိစေကာ အရှက်ရ‌သွားစေသည့် အကြည့်မျိုးဖြစ်သည်။

သို့ရာတွင် ဤနည်းလမ်းကား ဝမ်ပေါင်လဲ့အတွက် အသုံးမဝင်ပေ။

ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ အကြည့်မှာ မည်သည့် အဓိပ္ပါယ်ဆောင်နေကြောင်း နားမလည်၊ သတိမထားမိသည့်အလား အားရပါးရ ပြုံးလိုက်သည်။ သူက ခေါင်းကို အနားသို့ ထပ်တိုးကာ နူးညံ့စွာ ပြောလိုက်သည်။
“ မုန့်အာလေး ….”

ထိုစကားလုံးများ ထွက်လာသည်နှင့် တည်ငြိမ်သူဖြစ်သည့် ကျောက်ယမုန့်ပင် ကျောချမ်းသွားသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးတဖြန်းဖြန်း ထလာသည့်အလား မသက်မသာ ခံစားလိုက်ရသည်။

“ အာ၊ ယမုန့်၊ ငါတို့က ဆိုးအတူ၊ ကောင်းအတူ ဖြတ်သန်းခဲ့ကြတယ်လေ၊ နောက်ပြီး သေမင်းဆီကနေလည်း အတူ လွတ်လာကြတယ်လေ။ နင်သိလား၊ လူ့ဘဝမှာ ကြုံရတဲ့ အခက်အခဲ သုံးခုရှိတယ်တဲ့၊ သေခြင်းနဲ့ရှင်ခြင်း၊ သက်စွန့်ဆံဖျားအန္တရာယ်တွေ၊ အခက်အခဲတွေတဲ့ ”
ဝမ်ပေါင်လဲ့မှာ ပြောနေရင်း စိတ်လှုပ်ရှားတက်ကြွလာသည်။

“ ငါတို့ အဲ့သုံးခုလုံး အတူတကွ ကျော်ဖြတ်ခဲ့ကြတယ်။ ရိဖန်နဲ့ ငါနဲ့က မဟာမိတ် ဖွဲ့တော့မလို့၊ နင်လည်း ငါတို့ထဲ ဝင်ပါ့လား။ နောင်ကျ ငါတို့ အတူတူပူးပေါင်းသွားကြရင် ငါ နင့်လက်ကို ကိုင်ပြီး လက်ချင်းတွဲ လျှောက်ကြမယ်လေ ”
ဝမ်ပေါင်လဲ့သည် အချိုမြိန်ဆုံးသော စကားတစ်ခွန်းကို ပြောလိုက်သည်ဟု တွေးမိသည်။ သူက သူ့ကိုယ်သူ ကျေနပ်နှစ်ခြိုက်ကာ မုန့်တစ်ထုပ် ဖောက်စားလိုက်သည်။ သူက သုံးလေးခု စားပြီးနောက် မုန့်ထုပ်ကို ကျောက်ယမုန့်ဆီသို့ ကမ်းလိုက်သည်။

“ နင် ဒါကို စားရင် ငါတို့ မိသားစုတွေ ဖြစ်သွားပြီ ”

ကျောက်ယမုန့်မျက်နှာတွင် ထူးဆန်းသည့် အမူအရာတစ်ခု ရှိနေသည်။ ဝမ်ပေါင်လဲ့ သူမကို ပြောသွားသည့် အခက်အခဲ သုံးခုမှာ သူမအတွက် တစ်ခုတည်းဟု ခံစားရသည်။ သူနောက်ဆုံး ပြောသွားသည့် စကားလုံးမှာလည်း အခြားအဓိပ္ပါယ်များ ရှိနေပုံပေါ်သည်။ သို့သော် သူမသည် အေးဆေးတည်ငြိမ်သူ ဖြစ်ပြီး ကျောင်း၌ သူငယ်ချင်း မရှိသလောက် နည်းပါးသည်။ တိတိကျကျ ပြောရလျှင် သူငယ်ချင်း တစ်ယောက်သာ ရှိပြီး ထိုသူမှာ ဝမ်ပေါင်လဲ့ ဖြစ်သည်။ သူမက ခေါင်းညိတ်လိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူမက ဝမ်ပေါင်လဲ့ဆီမှ မုန့်ထုပ်ကို ယူကာ တစ်ခုထုတ်ယူလိုက်ပြီး တစ်ကိုက်ကိုက်လိုက်သည်။

အဓိက အဖွဲ့ဝင်နှစ်ယောက် ရှိနေပြီးဖြစ်သော မဟာမိတ်အဖွဲ့မှာ အနာဂတ်တွင် ပြည်ထောင်စုတစ်ခုလုံးကို မုန်တိုင်းထန်သွားစေမည်မှာ မလွဲဧကန်ဖြစ်သည်ကို မြင်ယောင်ကြည့်ကာ ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားစွာ လက်များကို ဝှေ့ယမ်းလိုက်သည်။

“ ဒါဆို နာမည်တစ်ခု စဉ်းစားရအောင်၊ မင်းတို့လည်း ကူစဉ်းစားကြဦး…. ငါတို့ရဲ့ ထူးခြားတဲ့ အချက်တွေကို မူတည်ပြီး စဉ်းစားရအောင်၊ လူချောလေးများ အဖွဲ့ဆိုရင်ရော၊ ဘယ်လိုလဲ။ ဒီနာမည် တော်တော်ကောင်းတယ်ကွ။ အင်မတန် သင့်တော်သလို လိုက်ဖက်တယ်”
ဝမ်ပေါင်လဲ့က တဟားဟား ရယ်မောလိုက်သည်။ သူသည် အမည်ပေးရာတွင် ပါရမီရှိနေသည်ဟု ခံစားရသည်။

ကျိုးရိဖန်မှာ ဘာပြောရမှန်းမသိ ဆွံ့အသွားသည်။ ကျောက်ယမုန့်မှာမူ သူမ၏ဆုံးဖြတ်ချက်ကို နောင်တရစပြုလာသည်။

Comment

Leave a Reply

Options

not work with dark mode
Reset