Switch Mode

အခန်း ( ၂၂၂ )

အထီးကျန်ဝံပုလွေ ခုန်းတောက်

ခုန်းတောက်ကို သားရဲပင်လယ်တွင် ဖွားမြင်ခဲ့သည်။ ဤသို့ မမျှော်လင့်ထားသည့် အန္တရာယ်များ ပြည့်နှက်နေပြီး လူများများ မရှိသည့် နေရာမျိုးတွင် ကြီးပြင်းလာနိုင်သည့် အချက်ကို ကြည့်လျှင် သူ့မှာ ထိုသို့ ရှင်သန်နိုင်ရန် ထူးခြားသော အရည်အချင်းများ ပိုင်ဆိုင်သည်ဟု ပြောနိုင်သည်။ ထိုသို့မဟုတ်ပါက သူ့ကို သွမ့်မူချွယ်က တပည့်အဖြစ် လက်ခံခဲ့မည် မဟုတ်ပေ။

မားစ်ဂြိုဟ်ပေါ်၌ တစ်ဦးတည်း ရှင်သန်နေထိုင်ခဲ့သည့် အတွေ့အကြုံအရလည်း သူသည် အံ့မခန်းလူသား တစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။

ပြည်ထောင်စုပျိုးပင်များမှာ ရက်အတော်ကြာ အတူကုန်ဆုံးခဲ့ကြသော်လည်း ခုန်းတောက်သည် ကျန်လူများနှင့် ရင်းနှီးကျွမ်းဝင်ကာ တစ်သားတည်း ဖြစ်သွားသည့် ခံစားချက်မျိုး မရှိပေ။ ထို့ပြင် ခန္ဓာအားဖြည့်လွတ်လပ်ခြင်းဆေးလုံးကို လုယူရသည့် ပထမနေ့နှင့် ဒုတိယနေ့များတွင် သူသည် ဝမ်ပေါင်လဲ့၏ နတ်ဘုရား ရတနာများကို အရှုံးပေးခဲ့ရသည်။ သို့ရာတွင် သူသည် ထိုစဉ်က စည်းကမ်းသတ်မှတ်ချက်များ၊ အချို့သော တားမြစ်ချက်များကြောင့် တိုက်ပွဲကို လက်လျှော့ရန်သာ တတ်နိုင်ခဲ့သည်။ အကယ်၍ သူသည် ဝမ်ပေါင်လဲ့နှင့် ထိပ်တိုက် ရင်ဆိုင်ပါက သူနိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိထားသည်။

သူက ရှေ့သို့ ပြေးသွားနေရင်း ရင်သပ်ရှုမောဖွယ်ရာ စွမ်းအားကို ထုတ်ပြနေသည်။ ပိတ်လှောင်နေသည့် စစ်တပ်စခန်းထဲတွင် စုဝေးနေခဲ့သည့် မကျေမနပ်ဖြစ်ခြင်းများ တခဏအတွင်း အငွေ့ပျံလွင့်ပြယ်သွားကာ စူးရှတောက်ပသည့် နေမင်းတစ်စင်း ထွန်းလင်းလာသည့်အလား ထင်ရသည်။

သူက အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ရာ မိုးခြိမ်းသံအလား အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ သူ၏အမြန်နှုန်းက အမြင့်ဆုံးထိ ထိုးတက်သွားပြီး သူနှင့် အဆင့်တူ ကျင့်ကြံသူများထက် များစွာ သာလွန်သွားသည်။ သူသည် လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်း ဝမ်ပေါင်လဲ့ ရှေ့သို့ ရောက်ချလာသည်။

သူက ညာလက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ရှေ့တည့်တည့်သို့ ထိုးချလိုက်သည်။

ထိုလက်သီးချက် ထွက်ပေါ်လာသည့်အခိုက် သူ့ခန္ဓာကိုယ်မှာ လေးညှို့အသွင် ပြောင်းလဲသွားပြီး ၎င်းလက်သီးမှာ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ထွက်နေသည့် အားများ၏ ထွက်ပေါက်ဖြစ်သွားသည်။ မုန်တိုင်းကဲ့သို့ ဝဲဂယက်တစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး လမ်းကြောင်းတစ်လျှောက် ရှိသမျှ အရာအားလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားမျိုးနှင့်အတူ ဝမ်ပေါင်လဲ့ဆီသို့ ရွေ့လျားသွားသည်။

ဝမ်ပေါင်လဲ့သည် ခေါင်းကို ရုတ်တရက် လှည့်လိုက်ရာ သူ့မျက်လုံးများထဲ၌ ရိပ်ခနဲ လင်းလက်သွားသည်။ ခုန်းတောက်၏ လှုပ်ရှားမှုနှင့် ရုတ်တရက် တိုက်ခိုက်ခြင်းကြောင့် သူသည် နောက်ဆုတ်သွားခြင်း မရှိပေ။ ထိုအစား စိတ်ဝင်တစား ဖြစ်လာဟန်များ သူ့မျက်လုံးများထဲတွင် သိသာစွာ ထင်ဟပ်နေသည်။

“ စိတ်ဝင်စားစရာပဲ”
ဝမ်ပေါင်လဲ့က တိုက်ကွက်ကို ရှောင်ရန် မကြိုးစားဘဲ ရယ်မောကာ ပြောလိုက်သည်။ ထို့နောက် သူက ရှေ့သို့ ကန်ချလိုက်သည်။

နှစ်ယောက်သား တစ်ယောက်ခြေထောက်နှင့် တစ်ယောက်လက် တိုက်မိသွားစဉ် အသံကျယ်ကြီးတစ်သံ အုန်းခနဲ ထွက်ပေါ်လာသည်။

မြေပြင်မှာ တုန်ခါသွားပြီး အက်ကွဲကြောင်းများ ပေါ်လာသည်။ ထိုထိခတ်မှုအသံ ပျံ့နှံ့နေဆဲအချိန်တွင် ခုန်းတောက်က နှာခေါင်းရှုံ့ကာ နောက်ဆုတ်လိုက်သည်။ ဝမ်ပေါင်လဲ့က ခန္ဓာကိုယ်ကို လှည့်လိုက်သော်လည်း နောက်မဆုတ်သည့်အပြင် သူ့ခြေ‌ထောက်အောက်တွင် အက်ကွဲကြောင်းများ ပေါ်လာသော်ငြား မရပ်သွားပေ။ သူ့ညာခြေ မြေပေါ်ပြန်ကျသည့်အချိန်တွင် သူက ထိုအဟုန်ကို အသုံးချကာ ခြေထောက်ကို ခပ်ပြင်းပြင်း ဆောင့်ချလိုက်ရာ မြေပြင်မှာ ဟက်တက်ကွဲသွားလေသည်။ ထို့နောက် ဝမ်ပေါင်လဲ့က လေထဲသို့ ခုန်တက်သွားပြီး ခုန်းတောက်ကို အရင်စတိုက်လိုက်သည်။

ချက်ချင်းပင် နှစ်ယောက် တိုက်မိသွားပြီး လက်သီးချက်များ၊ ကန်ချက်များဖြင့် အပြန်အလှန် ထိုးနှက်ကြသည်။ အပြင်အားကိုသာ အသုံးချ တိုက်ခိုက်သည့် လေးစားဖွယ် တိုက်ပွဲတစ်ပွဲ စစ်တပ်စခန်း ပြည်သူ့ကွင်းပြင်ထဲတွင် ဖြစ်ပေါ်နေပြီး တအုန်းအုန်း ရိုက်ခတ်သံများ အဆက်မပြတ် ထွက်လာနေသည်။

ထိုတိုက်ပွဲမြင်ကွင်းနှင့်အတူ တိုက်ခတ်ရာမှ ထွက်ပေါ်လာသည့် အသံများ လွင့်ပျံနေသောကြောင့် ကြည့်နေကြသူများ အလွန်အံ့ဩထိတ်လန့်သွားကြသည်။

“ သူတို့နှစ်ယောက် … သူတို့က လူထူးဆန်းတွေပဲ”

“ သူတို့ အပြင်အားက အဲ့လောက်တောင် မြင့်ကြတာ။ သူတို့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတစ်ကောင်နဲ့ အေးအေးဆေးဆေး ရင်ဆိုင်တိုက်ခိုက်နိုင်တယ်”

“ သူတို့နှစ်ယောက်ကို ဘာလို့ မပြိုင်စေဘဲ ရွေးထားလဲဆိုတာ ငါ နားလည်သွားပြီ ”

ပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့ထဲတွင် တိုက်ခိုက်ခဲ့သူများ ရှိသကဲ့သို့ မတိုက်ခိုက်သူများလည်း ပါဝင်သည်။ သို့သော် သေချာသည်မှာ သူတို့သည် ယခုတိုက်နေသည့် နှစ်ယောက်နှင့် အပြင်အားအရာတွင် မယှဉ်သာပေ။ သူတို့ထဲတွင် မန္တန်အသုံးပြုခြင်းကို အထူးပြုထားသူများလည်း ရှိသည်။ သူတို့မှာ မြင်တွေ့နေရသည့် မြင်ကွင်းကြောင့် အံ့ဩသွားကြသော်လည်း လေးစားအထင်ကြီးသည့် ခံစားချက်က ပိုသာနေသည်။

လူအုပ်က ဆက်ကြည့်နေစဉ် ဝမ်‌ပေါင်လဲ့နှင့် ခုန်းတောက်တို့၏ တိုက်ပွဲမှာ အရှိန်မြင့်လာခဲ့သည်။ ခုန်းတောက်၏ မျက်လုံးများမှာ ရက်စက်ကြမ်းကြုတ်ခြင်းများဖြင့် ပြည့်နှက်နေပြီး သူ၏ တိုက်ကွက်များတွင် သွေးဆာနေသည့် အငွေ့အသက်များကို အာရုံခံမိကြသည်။ သူသည် ဒဏ်ရာများကို လျစ်လျူရှုကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်ရာ သားရဲတစ်ကောင်အဖြစ် ပြောင်းသွားသည်ဟု ထင်ရသည်။ ဝမ်ပေါင်လဲ့၏ အားပြင်းပြင်း လက်သီးချက်ကို ဗိုက်တွင် အထိုးခံလိုက်ရသည့်တိုင် သူက ချက်ချင်း ခေါင်းမော့ကာ ဝမ်ပေါင်လဲ့ကို ပြန်ကန်လိုက်သည်။

ထိုသို့ မိမိကိုယ်တိုင် အသက်ရှင်ရေးကို အဓိက မထားသည့် တိုက်ပွဲနည်းဗျူဟာမျိုးမှာ အစောပိုင်းတွင် ဝမ်ပေါင်လဲ့အတွက် ထူးဆန်းနေခဲ့သည်။ သို့ရာတွင် သူသည် စိတ်တိုတတ်သူ တစ်ဦးဖြစ်ရာ ခုန်းတောက်က ရူးရူးမူးမူး တိုက်ခိုက်နေသောကြောင့် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်မိသည်။

“ မင်းက ငါ့ကို သေတဲ့အထိ တိုက်ဖို့ ကြိုးစားနေတာလား ”
ဝမ်ပေါင်လဲ့က ပြောနေရင်း ရှေ့သို့ တိုးလာသည်။ ထိုအခိုက်အတန့်တွင် သူ့အပြင်ခန္ဓာကိုယ်မှ စွမ်းအင်များ အလုံးအရင်းနှင့် ပေါက်ကွဲထွက်လာသည်။ အားပြင်းပြင်းတစ်ခုက ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာပြီး သူ့ညာလက်က ခုန်းတောက်၏ ညာလက်အား လျှပ်စီးလက်သည့်အလား ဖမ်းဆုပ်စွမ်းရည်ကို အသက်သွင်းကာ ဆွဲယူပြီး လိမ်ချိုးလိုက်သည်။

အခြားသူတစ်ယောက်သာဆိုပါက ထိုကဲ့သို့ ပုံစံမျိုးဖြင့် လက်ဆစ်များ လိမ်ချိုးခြင်း ခံရပါက နာကျင်စွာ အော်ဟစ်ရသောကြောင့် သေချာပေါက် အသံမထွက်နိုင်သည်အထိ ဖြစ်ကြပေမည်။ သို့သော် ခုန်းတောက်မှာ မည်သို့မျှ မနေဟန်ဖြင့် သူ့လက်ကို ဆန့်ကျင်ဘက်သို့ လှည့်လိုက်ရာ လက်ကောက်ဝတ်မှာ ဂျွတ်ခနဲ ကျိုးသွားသည်။ သူက ဝမ်ပေါင်လဲ့နား နောက်တစ်ကြိမ် ရောက်လာပြီး ထပ်ထိုးပြန်သည်။

အသံကျယ်ကြီး ထပ်မံ ပေါ်ထွက်လာပြီး ဝမ်ပေါင်လဲ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူက ဘယ်လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ လျှပ်စီးလက်သည့်အလား ရှေ့သို့ ထိုးချလိုက်ရာ ဆွေ့ရှင်းပေါင် ထွက်ပေါ်လာသည်။ ၎င်းသည် လျင်မြန်စွာ နီးကပ်လာနေသည့် ခုန်းတောက် အနားသို့ တည့်တည့်ကြီး ရွေ့သွားသည်။

မယုံနိုင်စရာကောင်းအောင် ကျယ်လောင်လှသည့် အသံကြီး ထွက်လာပြီး ဆွေ့ရှင်းပေါင် ပညာရပ်အောက်တွင် ခုန်းတောက်မှာ တွန့်လိမ်သွားသည်။ သူ့ညာလက်မှ လက်သည်းများက ကြောက်မက်ဖွယ် ဓါးသွားများအလား ကြီးမားလာပြီး လက်ကို လွှဲယမ်းကာ ဝမ်ပေါင်လဲ့အား ထိုးခွဲလိုက်သည်။

ထိုအခြင်းအရာကြောင့် လူအားလုံးမှာ အံဩလွန်းသဖြင့် ဆွံ့အကာ ပြောစရာ စကား ပျောက်ဆုံးသွားကြသည်။ ပထမဆုံး အပြန်အလှန် စတင်တိုက်ခိုက်သည့် အချိန်မှစ၍ ယခုထိတိုင် နှစ်ယောက်လုံးမှာ အလွန် လျင်မြန်စွာ လှုပ်ရှားနေကြသည်။

ဝုန်းခနဲ အသံကြီးထွက်လာသည်နှင့်တပြိုင်နက် ခုန်းတောက်၏ နှုတ်ခမ်းမှ သွေးများ ပန်းထွက်လာပြီး ပေပေါင်း ရာချီသည်အထိ နောက်ဆုတ်လိုက်ရသည်။ သူသည် ဆွေ့ရှင်းပေါင်၏ ပြင်းအားကို ခံနိုင်ရည် မရှိသဖြင့် မြေပေါ်သို့ ဒူးထောက်လျက်သား ကျသွားပြီး ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့် ထိန်းထားရသည်။ သူက ခေါင်းမော့လိုက်လျှင် နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး မျက်လုံးတစ်ဝိုက်တွင် ဆံပင်များ ဖုံးနေသည်။ သို့တိုင်အောင် သူ့မျက်လုံးထဲမှ ရက်စက်ကြမ်းကြုတ်ခြင်းများ သိသိသာသာ ပေါ်ထွက်နေသည်။

ဝမ်ပေါင်လဲ့မှာ တိုက်ခိုက်မှုများကြောင့် ဒေါပွလာသည်။ ခုန်းတောက်က သူ့ကို ဖမ်းချုပ်ရန် ကြိုးစားချိန်တွင် သူသည် အံ့ဩထိတ်လန့်သွားသော်လည်း ရှောင်ရှားနိုင်ခဲ့သည်။ သို့ရာတွင် ထိုစဉ်က ခုန်းတောက်၏ လက်ချက်ဖြင့် ရင်ဘတ်တွင် ပြတ်ရှသွားခဲ့သည်။ အဝတ်များ စုတ်ပြဲသွားပြီး သွေးစို့နေသည့် အစင်းရာ ငါးခုကို တွေ့နိုင်ပေသည်။

ဤဒဏ်ရာကြောင့် မကြာသေခင်းက ခန္ဓာကိုယ်ပြောင်းလဲသွားကာ အပြင်အား တိုးတက်လာခဲ့သည့်အပေါ် သူ၏ဝင့်ကြွားမှုများ အနည်းငယ် လျော့သွားသည်။ ခုန်းတောက်မှာ အပြင်အားအရာတွင် သူကဲ့သို့ မသန်မာပါသော်လည်း သူ့နီးပါး ရှိနေသည်မှာ သိသာလှသည်။

အထူးသဖြင့် ခုန်းတောက်၏ သဘောထားမှာ အလွန်ရက်စက်ကြမ်းတမ်းသောကြောင့် မိမိကိုယ်ကို ဖျက်ဆီးရန်ပင် နှစ်ခါ စဉ်းစားမည့်သူမျိုး မဟုတ်ပေ။ ထိုအချက်ကြောင့် သူ၏ တိုက်ပွဲစွမ်းရည်များ သိသိသာသာ တိုးတက်လာသည်။ သို့တိုင်အောင် ဝမ်ပေါင်လဲ့မှာ ခုန်းတောက်နှင့် သေရေးရှင်ရေး တိုက်ပွဲမျိုး ယှဉ်တိုက်ရမည်ဆိုပါက သူနိုင်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။

သို့သော် သူ့ဘက်ကလည်း ပြင်းထန်စွာ နာကျင်ခံစားရမည် ဖြစ်သည်။

တိုက်ပွဲအား စောင့်ကြည့်နေသူများမှာ အံ့ဩထိတ်လန့်နေကြသည်။ သူတို့သည် ဝမ်ပေါင်လဲနှင့် ခုန်းတောက်တို့ အပြန်အလှန် တိုက်ခိုက်နေသည်ကို ကြည့်ကာ မှင်သက်နေကြရသည်။

ယခင်က အေး‌ဆေးငြိမ်သက်သည်ဟု ထင်ရသည့် ခုန်းတောက်မှာလည်း အမှန်တကယ်တွင် သိုင်းပညာ၌ အလွန် အရည်အချင်း ပြည့်ဝသူတစ်ယောက် ဖြစ်နေသည်။

တစ်ဖက်တွင်လည်း ဝမ်ပေါင်လဲ့မှာ အရှက်မရှိသည့်အပြင် သူ၏ နတ်ဘုရား ရတနာများက ညစ်ညမ်းသည့် အပြုအမူများ ရှိနေပါသော်လည်း အပြင်အားအရာတွင်မူ ကြည့်ရှုသူများ အံ့ဩမဆုံးအောင် ဖြစ်ကြရသည်။

ထိုအခြင်းအရာများအားလုံးက သူတို့အရည်အချင်းများအပေါ် အလွန်ဂုဏ်ယူနေကြသည့် ပြည်ထောင်စုပျိုးပင်များကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။

ခုန်းတောက်မှာ အနည်းငယ် ခေါင်းငုံ့သွားပြီး သူ့မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းတမ်းသော အကြည့်တစ်ချက် ရောင်ပြန်ဟပ်သွားလေရာ ဆက်လက် တိုက်ခိုက်ချင်နေသေးသည့် ဆန္ဒများ ရှိနေကြောင်း သိသာသည်။ ဝမ်ပေါင်လဲ့က မျက်လုံးများ မှေးစင်းကြည့်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌…..

“ တော်လောက်ပြီ ”
နည်းပြဆရာ၏ အမိန့်ပေးသံက သူတို့နှစ်ယောက်ကို အသိအမှတ်ပြုသည့် အကြည့်များနှင့်အတူ ထွက်ပေါ်လာပြီး ပွဲကို အဆုံးသတ်လိုက်သည်။ သူက ညာလက်ကို မြှောက်ကာ သားရဲဥနှစ်လုံးအား ထုတ်ပြလိုက်သည်။

“ ဒီသားရဲ ဥနှစ်လုံးက အသိုက်တစ်ခုတည်းကပဲ။ မင်းတို့နှစ်ယောက် ကြိုက်တာရွေး၊ တစ်ယောက်တစ်လုံးစီ ရတယ်”
သူက ပြောနေရင်း သားရဲဥတစ်လုံးကို ဝမ်ပေါင်လဲ့ဆီ ပစ်ပေးကာ နောက်တစ်လုံးအား ခုန်းတောက်ဆီ ပစ်ပေးလိုက်သည်။

ဝမ်ပေါင်လဲ့က ဥကို ဆွဲဖမ်းယူကာ သေချာ ကြည့်လိုက်သည်။ ဥမှာ လက်သီးဆုပ်ခန့် ကြီးမားပြီး လက်ထဲတွင် ကိုင်ထားရုံနှင့် အထဲ၌ အသက်ရှိနေကြောင်း ခဲစားရသည်။

ခုန်းတောက်မှာလည်း သူ့ဥကို တင်းတင်း ဆွဲဆုပ်ထားလိုက်သည်။ သို့ရာတွင် သူသည် ရှည်ရှည်ဝေးဝေး မပြောဘဲ ဝမ်‌ပေါင်လဲ့အား ရန်စနေသည့်အလား ရက်စက်မှုများ ပြည့်နေသည့် မျက်လုံးများဖြင့် အသေးစိတ် ကြည့်လိုက်သည်။

ဒီကောင့်အကြည့်ကလဲ … အထိုးခံချင်နေတာလား …
ဝမ်ပေါင်လဲ့က တင်းမာနေဟန်ဖြင့် အလျှော့ပေးခြင်း မရှိပေ။ နည်းပြက သူတို့နစ်ယောက် ကြားတွင် ရန်ပွဲများ ဆက်မဖြစ်စေရန် ကာကွယ်ပေးနေရာ သူက ခုန်းတောက်ကို အဖက်မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

နည်းပြသည် ဖြစ်ပျက်နေသည်များကို အလုံးစုံ မြင်တွေ့လိုက်ရပြီး အပြုံးမပျက် ရှိနေဆဲ ဖြစ်သည်။ သူက လှည့်ထွက်သွားပြီး အခြားသူများ မကြားနိုင်သည့် အသံတိုး‌လေးဖြင့် ရေရွတ်နေသည်။

“ သူတို့နှစ်ယောက်လုံး အပြင်ခန္ဓာ အခြေတည်အဆင့်ကို ဘယ်ချိန် ရောက်သွားကြတာလဲ၊ စိတ်ဝင်စားစရာပဲ ”

ပြည်ထောင်စုပျိုးပင်များမှာ နည်းပြ၏ ဆုံးဖြတ်ချက်အတိုင်း လက်ခံထားကြသည်။ ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့ကြားမှ တိုက်ပွဲသည် သူတို့ အပြင်အားများ၏ သက်သေဖြစ်ကာ နှစ်ဖက်စလုံးမှာ အလွန်သန်မာပြီး အတိုင်းအတာတစ်ခုကို ကျော်လွန်သွားကြောင်း ပြသနေသည်။

ခုနစ်ရက်ကြာ လေ့ကျင့်ခန်းမှ နှစ်ရက်ပင် မကျန်တော့ပေ။ ထိုအချိန်လေးမှာလည်း သူတို့သည် စိတ်ရှုပ်ထွေးကာ တိတ်ဆိတ်နေကြပြီး လျင်မြန်စွာ ကုန်ဆုံးသွားလေသည်။ ခုနစ်ရက်မြောက် ပြီးဆုံးသွားပြီးနောက် စစ်ဆေးပွဲမှာ စတင်တော့သည်။

စစ်ဆေးပွဲတည်နေရာမှာ စစ်တပ်စခန်းထဲတွင် ဖြစ်သည်။ ဝမ်ပေါင်လဲ့အပါအဝင် ပြည်ထောင်စု ပျိုးပင်များအားလုံးမှာ ထူးခြားဆန်းကျယ် မှော်အတတ်ဖြစ်သော ဆွေ့ရှင်းပေါင်ကို သင်ယူတတ်မြောက်ခဲ့ကြသည်။ သွမ့်မူချွယ် ကိုယ်တိုင် ရောက်ရှိလာပြီး ပြည်ထောင်စုထဲမှ အရာရှိများစွာလည်း တက်ရောက်ခဲ့ကြသည်။ သူတို့ဆီမှ အားပေးချီးကျူးစကားများကို လက်ခံရရှိကာ တစ်ယောက်ချင်း ခွန်အားစမ်းသပ်ပွဲအဖြစ် အသုံးပြုမည့် အစိမ်းရောင် ကျောက်တုံးကြီး ရှိရာသို့ တန်းစီသွားကြသည်။ သူတို့က အားကို ချိန်ညှိကာ ဆွေ့ရှင်း‌ပေါင်ကို အသက်သွင်းလိုက်ကြသည်။

ပြည်ထောင်စုပျိုးပင်တိုင်း အစွမ်းပြနေစဉ် အသံကျယ်ကြီးက ဆက်တိုက် ထွက်ပေါ်နေပြီး ကြည့်နေကြသူများအားလုံးက လေးစားသဘောကျသောအားဖြင့် ချီးကျူးလိုက်ကြသည်။ သွမ့်မူချွယ်က ပြုံးကာ သူ့ဘေးမှ လူများနှင့် စကားအနည်းငယ် ပြောလိုက်သည်။

“ ယမုန့်က မဆိုးဘူး”

“ ဒီကောင်လေးလည်း အတော်ကို လေးစား အထင်ကြီးစရာ ကောင်းတယ်”

သူတို့၏ ရယ်မောသံများနှင့် ဝေဖန်သံများသည် ပြည်ထောင်စု ပျိုးပင်များအတွက် စိတ်အားတက်ကြွစေသည့် အရင်းအမြစ် တစ်ခုဖြစ်သည်။ သူတို့က ခွန်အားကို စမ်းသပ်နေကြစဉ် ဆွေ့ရှင်းပေါင် တစ်ခုပြီးသွားတိုင်း အဆင့်အမျိုးမျိုး ရှိသည့် အက်ကွဲကြောင်းများ တစ်ခုပြီး တစ်ခု ပေါ်လာသည်။ အက်ကွဲကြောင်းများက အလွန်လျင်မြန်စွာ ပြန်ကောင်းသွားပြီး နောက်လူက ဆက်လက်တိုက်ခိုက်တော့သည်။

ခုန်းတောက် အလှည့်ရောက်သောအခါ သူက ခပ်ကြမ်းကြမ်း ထိုးချလိုက်ပြီး အစိမ်းရောင် ကျောက်တုံးကြီးမှာ တုန်ခါသွားသည်။ မျက်နှာပြင်ပေါ်တွင် ယခင်လူများထက် ပိုမို နက်ရှိုင်းသည့် အက်ကွဲကြောင်းများ ပေါ်လာသည်။ ထို့နောက် သူက သွမ့်မူချွယ်နှင့် အဖွဲ့ဘက်သို့ ပထမဆုံး အရိုအသေပြုလိုက်ပြီးနောက် တစ်ဖက်သို့လှည့်ကာ ဝမ်ပေါင်လဲ့အား ရန်စသည့်အကြည့်မျိုးဖြင့် ကြည့်နေသည်။

သွမ့်မူချွယ်က အတန်ငယ် ပြုံးနေသော်လည်း စကား မစပေ။ သူ့ဘေးမှ လူများမှာ ပို၍ပင် အံ့အားသင့်သွားကြရသည်။

မကြာမီ ဝမ်ပေါင်လဲ့ အလှည့် ရောက်လာသည်။

ဝမ်ပေါင်လဲ့က ခုန်းတောက်၏ ရန်စမှုကြောင့် မျက်လုံးကို ပင့်လှန်ကာ ကြည့်လိုက်သည်။ သူသည် ခုန်းတောက်၏ ခွန်အားကို အသိအမှတ်ပြုသော်လည်း သူ့ကိုယ်သူ ပိုမို ယုံကြည်ချက် ရှိနေသည်။ သူသည် လက်ရှိနေရာသို့ ရောက်အောင် များစွာ ကြိုးပမ်းခဲ့ရပြီး အခြားသူများ တွေးကြည့်ရန်ပင် မဖြစ်နိုင်သည့် ဒုက္ခများကို ကြုံတွေ့ခဲ့ရသည်။

ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့ မျက်လုံးထဲ၌ အလင်းတစ်ခု လက်သွားကာ ခုန်ချလိုက်လျှင် ကျောက်စိမ်းတုံးရှေ့သို့ ရောက်သွားသည်။ သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ထိုးချလိုက်သည်။

နားကွဲသွားလောက်သည့် အော်သံကြီး ထွက်ပေါ်လာကာ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ကျောက်စိမ်းတုံးကြီးမှာ ယခင်နှင့်မတူဘဲ တမူထူးခြားစွာ တုန်ခါလာပြီး မျက်နှာပြင်တစ်လျှောက် မြင်သာသည့် အက်ကွဲကြောင်းများ လျင်မြန်စွာ ယှက်ဖြာလာပြီး ကျောက်တုံးတစ်ခုလုံး ဖုံးလွှမ်းသွားသည်။ နောက်ဆုံးတွင် အုန်းခနဲအသံနှင့်အတူ ပေါက်ကွဲပျက်စီးသွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset