Switch Mode

အခန်း ( ၂၂၁ )

အများနှင့်တစ်ယောက်

ဝမ်ပေါင်လဲ့မှာ မျက်ခုံးပင့်ကြည့်ကာ ဆက်လက် ရယ်မောလျက် ရှိသည်။

“ ရပါတယ်၊ ကိစ္စမရှိပါဘူး။ လူဆိုတာ သဘောထားကြီးကြီး ခင်ခင်မင်မင် နေတတ်ရတယ်။ ငါက သဘောကောင်းပါတယ်။ ဒီတော့ ငါ့အတွက် မပူကြပါနဲ့”

ဝမ်‌ပေါင်လဲ့က သူ့ကိုယ်သူ သဘောကောင်းသည်ဟု ထုတ်ပြောသည်ကို ကြားလိုက်ရပြီးနောက် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ တိတ်ဆိတ်သွားကြသည်။ မကြာမီ အကြီးအကဲ ရောက်လာပြီး ဆွေ့ရှင်းပေါင်ကို နောက်တစ်ကြိမ် လက်တွေ့ လုပ်ပြသည်။ ထို့နောက်တွင် သူက တစ်ခုခုကို ထိုးထွင်းမြင်နေသည့်အလား ဝမ်ပေါင်လဲ့အား စိတ်ဝင်စားဟန်ဖြင့် သုံး၊ လေးကြိမ် လှမ်းကြည့်လိုက်သည်။ တခဏမျှ တွေးနေပြီးနောက် သူက ပြုံးလိုက်ကာ ညာလက်ကို မြှောက်ပြီး အရာဝတ္ထုတစ်ခုအား ထုတ်ပြလိုက်သည်။

ထိုအရာမှာ ဥတစ်လုံးဖြစ်သည်။

“ ဒါက သားရိုင်းတစ်ကောင်ရဲ့ ဥပဲ။ ငါ ဒါကို သားရဲပင်လယ်ထဲကနေ ရလာခဲ့တာ။ ဘာမျိုးလဲ မသိပေမဲ့ ဒီဥက ငါသီးသန့်ပေးမဲ့ ဆုလာဒ်လို့ ပြောလို့ရတယ်။ မင်းတို့ အားလုံး ဓမ္မအဆောင်၊ ရတနာတွေ၊ မန္တန်တွေ မသုံးရဘူး။ ဒီတိုက်ပွဲမှာ အပြင်အားပဲ သုံးလို့ရမယ်။ အနိုင်ရတဲ့သူက ဥကို ရမယ်”

“ ချက်စားလို့ ရမလားမသိဘူး…”
ဝမ်ပေါင်လဲ့က အကြီးအကဲလက်ထဲမှ ဥကို လှမ်းကြည့်ရင်း တွေးလိုက်သည်။ သူသည် ထိုဥကို အထူးတလည် စိတ်ဝင်စားခြင်း မရှိပေ။ သူသည် ရခဲ့ပါက ချက်စားမည်ဟုပင် စိတ်ကူးလိုက်သေးသည်။

သူက ထိုဥကို စိတ်မဝင်စားသော်ငြား၊ သူ့ဘေးမှ ပြည်ထောင်စုပျိုးပင်များမှာ ဥကို မြင်သည်နှင့် စိတ်ဝင်စားမှု မြင့်တက်လာကြသည်။ ထိုဥမှ အကောင်ပေါက်သည်နှင့် ထွက်လာမည့် သားရိုင်းကို လေ့ကျင့်မွေးမြူနိုင်ကြောင်း သိထားကြသည်။ သူတို့သာ အောင်မြင်စွာ မွေးမြူနိုင်ပါက ထိုသားရဲမှာ သူတို့အတွက် တိုက်ပွဲတွင် ကြီးစွာသော အထောက်အပံ့ဖြစ်ပေမည်။

တာအိုကျောင်း‌လေးကျောင်းလုံး၌ သားရဲမွေးကျင့်ကြံသူများ ရှိကြသည်။ ထိုကျင့်ကြံသူများမှာ ကြမ်းကြုတ်သည့် သားရဲများအား တစ်ကိုယ်ရေစာ အသုံးချရန် မွေးမြူရာတွင် အထူးပြုကျင့်ကြံကြသည်။ သူတို့၏ တိုက်ရည်ခိုက်ရည်မှာ သူတို့မွေးမြူထားသည့် သားရဲများ၏ ခွန်အားအပေါ်၌ များစွာ မူတည်နေသည်။

သို့ရာတွင် ပြည်ထောင်စုမှ ပိုင်ဆိုင်ထားသည့် မွေးမြူရေး သားရဲများမှာ မေထုန်မဲ့သားစပ်ခြင်း၊ သို့မဟုတ် လက်ရှိသားရဲမျိုးနွယ်မှ ပေါက်ဖွားလာကြသည့် သားရဲများ ဖြစ်သည်။ တောရိုင်းဒေသမှ ပေါက်ဖွားလာသည့် သားရဲပေါက်များမှာ အနည်းငယ်သာ ရှိနေပြီး သားရဲပင်လယ်မှ မွေးဖွားလာသည့် သားရဲဥများ၊ သားရဲပေါက်များမှာမူ ပို၍ပင် ရှားပါးနေသည်။

သားရဲပင်လယ်မှာ အလွန်အင်မတန် အန္တရာယ်များသော ဒေသဖြစ်သည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က စမ်းကြည့်မည် ဆိုလျှင်ပင် အမြုတေအဆင့်သို့ ရောက်ပြီးမှသာ သားရဲပင်လယ်သို့ သွားနိုင်မည့် စွမ်းရည်ရှိလာမည် ဖြစ်သည်။ ထိုမျှသာမက သူတို့သည် နိုးကြားဝီရိယ ရှိနေရန်လည်း လိုအပ်သည်။ အကောင်းဆုံး ရွေးချယ်စရာမှာ အမြုတေအဆင့် ကျင့်ကြံသူများ စုစည်း၍ သွားရောက်ခြင်း ဖြစ်သည်။

ထို့ကြောင့် လူအများအတွက် သားရဲဥမှာ အင်မတန် တန်ဖိုးကြီးသည်။ တချိန်တည်းမှာပင် ပြည်ထောင်စုပျိုးပင်များမှာ ဝမ်ပေါင်လဲ့ကို မုန်းလွန်းသဖြင့် တိုက်ခိုက်ရန် လက်ယားနေကြသည်။ အကြီးအကဲက မန္တန်၊ ဓမ္မရတနာများ အသုံးပြုခြင်းအား တားမြစ်သည်ကို ကြားလိုက်ရသည်မှာ ချိုသာသည့် နတ်တေးတစ်ပုဒ်အား နားထောင်လိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူတို့အားလုံးမှာ ဒေါသခိုးဆူဝေနေသည့် မျက်လုံးများဖြင့် ဝမ်ပေါင်လဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ကြသည်။

အားလုံးမှာ သူ့ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်ကို သတိထားမိသွားပြီး ဝမ်‌ပေါင်လဲ့မှာ အခြေအနေကို ပေါ့ပေါ့ပါးပါး ဖြစ်စေရန် ချောင်းဟန့်ကြည့်လိုက်သည်။ သူသည် သဘောထားကြီးစွာ ဆက်နေရမည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူက နွေဦးအလား နူးညံ့နွေးထွေးသော အပြုံးမျိုးဖြင့် လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်။

“ ကိုလူချောတို့၊ အလှပဂေးတို့၊ ဒီဥကို လုတဲ့ တိုက်ပွဲမှာ ငါ ဝင်မပါတော့ဘူး။ မင်းတို့ အားလုံး….”

ဝမ်ပေါင်လဲ့စကားမဆုံးမီ လူအုပ်ထဲမှ တစ်ယောက်က ရုတ်တရက် အကျယ်ကြီး ထအော်လိုက်သည်။

” အားလုံးပဲ၊ သွားကြ။ အရင်ဆုံး ဒီဖက်တီးကို ဒုက္ခိတ ဖြစ်အောင် လုပ်ကြရအောင်။ ဒီကောင့်ကို သင်ခန်းစာ ပေးဖို့ လိုနေတယ်”
သူက အော်ဟစ်လိုက်ချိန်မှာပင် လူငယ်တစ်ယောက်က လူအုပ်ထဲမှ တဟုန်ထိုး ပြေးထွက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ တည့်တည့်ကြီး ပြေးဝင်လာသည်။

ထိုလူငယ် ပြေးထွက်ကာ တိုက်ခိုက်လိုက်သည့် အခိုက်အတန့်၌ အားလုံးကလည်း စတင် လှုပ်ရှားလိုက်ကြတော့သည်။ သူတို့သည် ယခင်ရက်များက မခံမရပ်နိုင် ဖြစ်နေခြင်းအား ရင်ထဲကြိတ်မှိတ် မျိုသိပ်ထားပြီးနောက် ယခု ပေါက်ကွဲခွင့် ရလေပြီ။ သူတို့မှာ ဘုံရန်သူတစ်ယောက် ရှိနေပြီး အားလုံးက ဝမ်ပေါင်လဲ့ကို ဝိုင်းဝန်း တိုက်ခိုက်လိုက်ကြသည်။

“ ထိုးကြ၊ သူ့ကို ဖျက်ဆီးပစ်လိုက်ကြ”

“ ဒီကောင်က နာချင်နေတာ။ သူ့ကို ထိုးချင်နေတာ ကြာလှပြီ”

“ ဓမ္မရတနာတွေ မသုံးရဘူးဆို၊ သူက ဘာအစွမ်းမှ မရှိဘူး”

ဒေါသတကြီး အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် အကြီးအကဲက အခြေအနေကို ပြုံးကာ အကဲခတ်နေစဉ် ပြည်ထောင်စုပျိုးပင်အားလုံး တိုက်ကွက်များ ထုတ်လိုက်ကြသည်။ သူတို့သည် ဝမ်ပေါင်လဲ့အား ဆုံးမချင်နေသည့် စိတ်ဆန္ဒများ အထွတ်အထိပ် ရောက်နေပြီး မန္တန်များ၊ ဓမ္မရတနာများကို မသုံးဘဲ အပြင်ခန္ဓာကိုယ်အားကိုသာ အသုံးပြုနေကြသည်။

အထူးသဖြင့် အားလုံးမှာ လွန်ခဲ့သည့် ငါးရက်အတွင်း ဆွေ့ရှင်း‌ပေါင်အား သင်ယူနေခဲ့ကြသောကြောင့် ဖြစ်သည်။ သူတို့သည် အနည်းနှင့်အများ နားလည်နေကြပြီး တချို့မှာ အပြည့်အဝ နားလည်သွားကြသည်။ သူတို့မှာ ဤပညာရပ်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိရန်သာ လိုအပ်နေသည်။ သူတို့အားလုံး တိုက်ခိုက်ကြစဉ် အုန်းခနဲ အသံတစ်သံ ထွက်ပေါ်လာသည်။

အရွယ်အစား အမျိုးမျိုးရှိ ဆွေ့ရှင်းပေါင်များမှ ထွက်ပေါ်လာသည့် ဝဲဂယက်များမှာ တစ်ခုပြီးတစ်ခု ဝမ်ပေါင်လဲ့ရှိရာဘက်သို့ ဦးတည်သွားကြသည်။

ဝမ်‌ပေါင်လဲ့မှာ အကြီးအကျယ် ထိတ်လန့်သွားသည်။ သူသည် ယုံကြည်ချက် ရှိနေသည့်တိုင် အားလုံးစုပေါင်းကာ တိုက်ခိုက်သည့် စွမ်းအားမှာ သူ့အတွက် အန္တရာယ်ရှိနေဆဲ ဖြစ်သည်။ သူက ထိုတိုက်ကွက်အား ရှောင်ရှားနိုင်ရန် နောက်သို့ အမြန်ဆုတ်လိုက်သည်။ မကြာသေးခင်က သူ ရပ်နေသည့် နေရာမှာ ဆွေ့ရှင်းပေါင် တိုက်ကွက်များကြောင့် တစစီဖြစ်သွားရာ ဝမ်ပေါင်လဲ့ကို စိတ်ဆိုးမာန်ဆိုး ဖြစ်သွားစေသည်။

“ မင်းတို့အားလုံးက အဓိပ္ပါယ် မရှိတာတွေ လုပ်နေကြတာပဲ။ ငါ မင်းတို့နဲ့ ဒီဥကြီးကို ယှဉ်ပြီး မလုဘူးလို့ ပြောထားတယ်လေ ”
သူက အားလုံးကို စိုက်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် စုပေါင်းတိုက်ခိုက်မည့် အခွင့်အရေးကို မပေးရန် ဆုံးဖြတ်လိုက်သည်။ လူအုပ်က ရှေ့တိုးလာစဉ် သူကလည်း အသံကြားခံနယ်ကိုပါ ပျက်စီးသွားစေသည့် အမြန်နှုန်းမျိုးဖြင့် လှမ်းချလိုက်သည်။ သူသည် တိမ်တိုက်များအကြား ဖြတ်ပြေးသွားသည့် လျှပ်စီးတန်းများအလား၊ သိုးအုပ်ထဲသို့ ဝင်တိုးသည့် ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်အလား ထင်ရလေသည်။

အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စု ပျိုးပင်တစ်ယောက်ရှေ့သို့ ပေါ်လာခဲ့သည်။ ထိုလူမှာ လူငယ်လေးတစ်ယောက် ဖြစ်ပြီး လက်သီးဆုပ်ဟန်ဖြင့် တိုက်ကွက်ထုတ်ကာ ဒေါသတကြီး ဟိန်းအော်လိုက်သည်။ သို့ရာတွင် ဝမ်ပေါင်လဲ့က ရုတ်တရက် ကပ်လာခြင်းကြောင့် သူ ကြောက်လန့်သွားသည်။ သူက နောက်ဆုတ်ချင်သော်လည်း မမီတော့ဘဲ ဝမ်ပေါင်လဲ့၏ နှာခေါင်းရှုံ့ကာ ကိုယ်ချင်း ပစ်တိုက်ခြင်းကို ခံလိုက်ရသည်။

ကျယ်လောင်လှသည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ လူငယ်လေး၏ နှုတ်ခမ်းမှ သွေးနီရဲရဲများ ပန်းထွက်လာပြီး ခန္ဓာကိုယ်မှာလည်း ကြိုးပျက်သွားသော စွန်တစ်ခုအလား နောက်သို့ ဒယီးဒယိုင် ဆုတ်လိုက်ရသည်။ ခေါင်းတစ်ခုလုံး ချာချာလည်သွားပြီး အမြင်အာရုံများ ဝေဝါးကာ အမှောင်ကျသွားသည်။ သူသည် ဒေါသထွက်နေသည့် သားရိုင်းတစ်ကောင်က တည့်တည့် ဝင်ဆောင့်သည့်အလား ခံစားလိုက်ရသည်။

သူ ကန်ထုတ်လိုက်သည့် ကျင့်ကြံသူအား လှည့်ပင် မကြည့်ဘဲ မရပ်မနား ရှေ့ဆက်ပြေးသွားသည်။ ကျင့်ကြံသူအတော်များများကို အဆက်မပြတ် ရိုက်ချပစ်ပြီးနောက် လက်နှစ်ဖက်လုံးကို မြှောက်ကာ လက်သီးဆုပ်လိုက်ပြီး ဘေးနှစ်ဖက်သို့ ထိုးလိုက်သည်။

ဒီ‌ရေလှိုင်းအသွင် စွမ်းအားများက ပေါက်ကွဲထွက်လာပြီး ချက်ချင်းပင် မုန်တိုင်းသဖွယ် ဖြစ်လာကာ နှစ်ဖက်လုံးမှ ကျင့်ကြံသူများအား နောက်သို့ လွင့်စင်သွားစေသည်။

တစ်စုံတစ်ခု ဖြစ်‌တော့မည်ကို ခန့်မှန်းမိသည့်အလား ဝမ်ပေါင်လဲ့က ရှေ့သို့ မသွားတော့ဘဲ နောက်လှည့်လိုက်သည်။ သူက ညာလက်ကို မြှောက်ကာ နောက်မှ ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားနေသည့် ကျင့်ကြံသူတစ်ယောက်၏ လက်ချောင်းများကို အားပြင်းပြင်းနှင့် ဆွဲဆုပ်ထားလိုက်သည်။

“ ငါ့ကိုများ နောက်က ချောင်းတိုက်ချင်သေးတာလား”
ဝမ်ပေါင်လဲ့သည် ချောင်းမြောင်းတိုက်ခိုက်ခံရခြင်းကို အမုန်းဆုံးဖြစ်သည်။ သူက ကျင့်ကြံသူ၏ လက်ချောင်းများကို အားထည့်ကာ လိမ်ချိုးလိုက်သည်။ ကျင့်ကြံသူက နာကျင်စွာ အော်ဟစ်လိုက်ချိန်တွင် ဝမ်ပေါင်လဲ့က ဗိုက်ကို ကန်လိုက်ရာ ပျံထွက်သွားလေသည်။ ထို့နောက် ဝမ်ပေါင်လဲ့က နောက်ဆုတ်ကာ သူ့အနား လာနေသည့် နောက်ထပ်ကျင့်ကြံသူ တစ်ယောက်ကို နောက်ကျောဖြင့် ပစ်ဆောင့်လိုက်သည်။

“ အိအိလေးဟ”
ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါ ဖြစ်သွားသည်။ ထို့နောက် လီယီ၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရပြီး ရင်ဘတ်ကို လက်ဖြင့် ယှက်ကာ သုတ်သုတ်ပျာပျာ နောက်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။ သူမက ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သောအခါ အလွန်အမင်း ဒေါသထွက်နေဟန်ဖြင့် ဆဲဆိုကြိမ်းမောင်းတော့သည်။ ထိုစဉ် ဝမ်ပေါင်လဲ့က အားကျမခံ ပြန်အော်လိုက်သည်။

“ နင်က အရှက်မရှိ ငါ့ကို အသားယူနေတာပဲ”
ဝမ်ပေါင်လဲ့၏ ရှက်ကိုးရှက်ကန်း အမူအရာကြောင့် လီယီ၏ ဒေါသမှာ ထိန်းမရနိုင်သည့် အတိုင်းအတာသို့ ဆောင့်တက်သွားပြီး စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ နားညီးလိုက်တာ”
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ညည်းညူလိုက်သည်။ တခဏအတွင်း သူက ရှေ့သို့ တရှိန်ထိုး ပြေးထွက်ကာ လီယီ၏ ရှေ့တည့်တည့်သို့ ရောက်သွားပြီး လက်ကို မြှောက်ကာ လွှဲယမ်းလိုက်သည်။ လီယီမှာ အုန်းခနဲအသံနှင့်အတူ လေပေါ်သို့ မြောက်တက်သွားသည်။ သူမသည် မည်မျှပင် ရှောင်ရှားရန် ကြိုးစားပါစေ၊ လွတ်အောင် မရှောင်နိုင်ခဲ့ပေ။

ထို့‌နောက် သူက တစ်ဖက်သို့လှည့်ကာ လူအုပ်ထဲသို့ တိုးဝင်သွားပြန်သည်။ အံ့ဩစရာ အကောင်းဆုံးအချက်မှာ ဝမ်‌ပေါင်လဲ့သည် အလွန် ခွန်အားကြီးမားသည့်တိုင် တစ်ယောက်ကိုမျှ သတ်ပစ်ခြင်း မရှိပေ။ သူသည် မန္တန်များကို အသုံးမပြုဘဲ အပြင်အားကိုသာ အသုံးချ၍ ပြောင်မြောက်စွာ တိုက်ခိုက်နိုင်ခဲ့သည်။ သူသည် မုန်တိုင်းတစ်စင်းအလား လမ်းတစ်လျှောက် ရှိနေသမျှ အရာအားလုံးကို အံ့မခန်းပုံစံမျိုးဖြင့် ဖျက်ဆီးချေမှုန်းသွားသည်။

သူသည် မယုံနိုင်စရာကောင်းလောက်အောင် အခြားသူများ၏ အုပ်စုဖွဲ့ကာ ဆွေ့ရှင်းပေါင်သုံး၍ တိုက်ခိုက်ခြင်းများကို တစ်ခုပြီးတစ်ခု အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့ရာ သူမည်မျှ ဖျတ်လတ်လျင်မြန်ကြောင်း သိသာလှသည်။ ကျိုးရိဖန်နှင့် အခြား တိုက်ပွဲထဲသို့ ဝင်မပါသူများ မျက်စိထဲတွင် ဝမ်ပေါင်လဲ့မှာ လူအုပ်ကြားထဲ တလိမ့်လိမ့်သွား‌နေရင်း သူ့ရှေ့မှ လူအားလုံးကို ဝင်တိုက်သွားသည့် အသားလုံးတစ်လုံးအလား ထင်ရလေသည်။

နာကျင်စွာ အော်ဟစ်သံများ၊ ကူကယ်ရာမဲ့ ညည်းတွားသံများ၊ ဆဲဆိုသံများ၊ ဒေါသတကြီး ကြိမ်းမောင်းပြောဆိုသံများမှာ ပြည်သူ့ရင်ပြင်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ဝမ်ပေါင်လဲ့မှာလည်း သူ၏ တိုက်ကွက်ကို ပိုမို ကျွမ်းကျင်လာသည်။ ထို့နောက် သူက မြေပေါ်သို့ ဆောင့်နင်းကာ လေထဲသို့ လက်သီးဆုပ်၍ ခုန်တက်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာလည်း တုန်ခါနေပြီး ကျယ်လောင်စွာ မြည်ဟီးသံကြီး ထွက်ပေါ်လာသည်။ သူသည် လေးတစ်လက်အသွင် ပြောင်းသွားပြီး မြေပြင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

ဆွေ့ရှင်းပေါင်…

မိုးခြိမ်းသံအလား မြည်ဟီးသံများက ချက်ချင်းပင် အဆက်မပြတ် ထွက်ပေါ်လာသည်။ လေပြင်းများ အဘက်ဘက်သို့ ပျံ့နှံ့တိုက်ခတ်သွားပြီး ဒီလှိုင်းများ ထွက်ပေါ်လာကာ ဆယ်ပေအကျယ် ဝဲဂယက်တစ်ခု တမုဟုတ်ချင်း ပေါက်ပေါက်လာပြီး မြေပြင်ဆီသို့ ကျယ်‌လောင်စွာ မြည်ဟီးကာ ဦးတည်သွားနေသည်။

ပြည်ထောင်စုပျိုးပင်အားလုံးမှာ အလန့်တကြား ဖြစ်သွားကြပြီး ရှောင်ရန် ကြိုးစားလိုက်ကြသည်။ အသံကျယ်ကြီးမှာ ဟိန်းထွက်နေကာ ပတ်ဝန်းကျင်မှ အရာအားလုံးကို ပြင်းအားတစ်ခုအဖြစ် သက်ရောက်သွားပြီး ဖုန်မှုန့်များ အလိပ်လိပ် တက်လာသည်။ လူများက နာကျင်စွာ အော်ဟစ်လိုက်ကြပြီး ပေသုံးဆယ်ခန့်ထိ အ‌လောတကြီး နောက်ဆုတ်လိုက်ကြစဉ် နှုတ်ခမ်းထဲမှ သွေးများ စီးကျလာကြသည်။ သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ လေထဲမှ မြေပြင်ပေါ် ဆင်းသက်လာသည်ကို ကြည့်နေရင်း ဆွံ့အကာ ပြောစရာစကား ပျောက်ဆုံးသွားကြသည်။ ပေတစ်ရာပတ်လည်အတွင်း၌ ဝမ်ပေါင်လဲ့မှတပါး မည်သူမျှ မရှိတော့ပေ။

သိသာစွာ လုံးဝန်းနေသည့် ခန္ဓာကိုယ်မှာ သံမဏိဖြင့် ပြုလုပ်ထားသည်ဟုပင် ထင်ရသည်။ ဝမ်ပေါင်လဲ့မှာ ဖယ်ရှားရန် မဖြစ်နိုင်သည့် ရက်စက်ကြမ်းကြုတ်မှုမျိုးဖြင့် ပြည့်နှက်နေသော ဧရာမ အသားတောင်ကြီးအလား နေရာတွင် မားမားမတ်မတ် ရပ်နေသည်။

“ သူ့ရဲ့ အပြင်ခန္ဓာက ဘာလို့ အဲဒီလောက် အစွမ်းထက်နေရတာလဲ”

“ ခန္ဓာအားဖြည့်လွတ်လပ်ခြင်း ဆေးလုံးကြောင့်…. ဖြစ်မှာပေါ့။ သူက နှစ်လုံးတောင် စားထားတာ”

“ ငါ သူ့ကို အရမ်းမုန်းတာပဲ။ ငါသာ အဲဒီဆေးလုံးနှစ်လုံးကို စားခွင့်ရခဲ့ရင် ငါလည်း သေချာပေါက် သူ့လောက် အပြင်အား အစွမ်းထက်နေမှာပဲ”

အားလုံးမှာ ထိတ်လန့်အံ့ဩနေကြသည်။ သူတို့ရှေ့မှ ဝမ်ပေါင်လဲ့ကို အမှန်တကယ် အထင်ကြီးသွားကြသောကြောင့် အံ့ဩမှုအပြည့်ဖြင့် ရှေ့မတိုးရဲကြတော့ပေ။

ဥအတွက် ယှဉ်ပြိုင်ချင်သော်လည်း ဤရုတ်ရုတ်သဲသဲ တိုက်ပွဲထဲ၌ ဝင်မပါသည့် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာလည်း အံ့ဩသွားကြသည်။ အစောပိုင်းက တိုက်ပွဲထဲတွင် ဝင်မပါသော်လည်း ဖြစ်ပျက်နေသမျှကို စူးရှစွာ လေ့လာဆန်းစစ်နေသည့် ခုန်းတောက်၏ မျက်လုံးထဲ၌ တိုက်ခိုက်လိုစိတ် ပြင်းပြနေသည်ကို တွေ့နိုင်သည်။ သူ့နားတွင် တစ်ယောက်မှ မကျန်တော့သည့်အခါ သူက ရုတ်တရက် လျပ်စီးတန်းအလား ဝမ်ပေါင်လဲ့ထံ ကြောက်မက်ဖွယ် စွမ်းအားဖြင့် ရုတ်တရက် ရွေ့လျားသွားသည်။

“ ဝမ်ပေါင်လဲ့ ”
သူရှေ့တိုးလာသည်နှင့် ပေါက်ကွဲထွက်နေသည့် စွမ်းအားမှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်။

Comment

Leave a Reply

Options

not work with dark mode
Reset