Switch Mode

အခန်း (၃၄)

ရီကျင်း ပြန်ပေါ်လာခြင်း

အပိုင်း(၃၄) ရီကျင်း ပြန်ပေါ်လာခြင်း

ရှောင်ရှန်းမှာ အရှုံးကို ပိုက်ထွေးရင်း ပြန်သွားရသောအခါ ဝါဒတောင်ဂိုဏ်းတပည့်များသည် ရန်ကျောက်ကဲအား လေးစားအားကျသောအမှုအရာများဖြင့် ကြည့်နေကြသည်။

အချိန်အနည်းငယ်အတွင်း ရန်ကျောက်ကဲသည် ချောင်ယွမ်လုံကို အနိုင်ယူကာ ရှောင်ရှန်ကို စိတ်ပျက်စေခဲ့သည်။ လက်ရှိ လူငယ်မျိုးဆက် ကျင့်ကြံသူများအတွက်တော့ ရန်ကျောက်ကဲသည် စံပြဖြစ်ရန် ကြမ္မာပါလာသူဖြစ်သည်။

အစောပိုင်းက ချောင်ယွမ်လုံအပေါ်  သူ၏နိုင်ပွဲက အဆင့်တူသိုင်းကျင့်ကြံသူများအကြား တိုက်ပွဲတစ်ခုဟု ဆိုခဲ့လျှင် သည်တစ်ခါ သူ ရင်ဆိုင်ရသော ရှောင်ရှန်းကား သူ့ထက် ကျင့်ကြံမှု တစ်ဆင့်မက မြင့်သော သူဖြစ်သည်။

ပြိုင်ပွဲ၏ စည်းမျဉ်းကြောင့် ရှောင်ရှန်းမှာ သူ့ကျင့်ကြံမှုကို ရန်ကျောက်ကဲနှင့် အဆင့်တူအောင် လျော့ချထားရသော်လည်း အပြင်ပိုင်း ကြယ်တာရာချီ နှောင်းပိုင်းအဆင့်က အပြင်ပိုင်း ကြယ်တာရာချီ နှောင်းပိုင်းအဆင့်သာ ဖြစ်သည်။ သူတို့၏ အတွေ့အကြုံနှင့် သိုင်းပညာအပေါ်  နားလည်မှုက အပြင်ပိုင်း ကြယ်တာရာချီ ကနဦးအဆင့်ထက် အများကြီး မြင့်မားသည်။

အချို့အပြင်ပိုင်း ကြယ်တာရာချီ ကနဦးအဆင့် သိုင်းပညာရှင်များသည် သူတို့ ကျင့်ကြံသော သိုင်းပညာများတွင် ပါဝင်သည့်  ဆန်းကြယ်မှုများ၊ နက်နဲသော အပြောင်းအလဲများကို စတင် ထိတွေနိုင်ရုံသာ ရှိသေးသည်။ အချို့မှာမူ ထိုသို့ပင် မစတင်နိုင်သေးပေ။ အပြင်ပိုင်း ကြယ်တာရာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင်များသည်ကား ရှေးဦးမဆွကပင် ထိုအရာများကို သူတို့၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပြီး ဖြစ်သည်။

တကယ့်တိုက်ပွဲထဲတွင် ထိုကြီးမားသည့် ကွာဟမှုက ပိုမို ထင်ရှားသည်။

ဥပမာအားဖြင့် အင်အားအတူတူ စိုက်ထုတ်ထားစဉ် အပြင်ပိုင်း ကြယ်တာရာချီ ကနဦးအဆင့် သိုင်းပညာရှင်က အမှတ်တစ်ခုကိုသာ ထုတ်ဖော်နိုင်ခဲ့ပါက အပြင်ပိုင်း ကြယ်တာယာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင်က အမှတ် ငါးခု ခြောက်ခု၊ အမြင့်ဆုံး ပါရမီရှင်များဆိုလျှင် အမှတ် ရှစ်ခု၊ ကိုးခု၊ ဆယ်ခုလောက် အထိပင် ထုတ်ဖော်နိုင်သည်။

သို့သော် အစောပိုင်းက ပြိုင်ပွဲတွင် ရလဒ်ပိုင်းအရ ရန်ကျောက်ကဲ အသာစီး ရခဲ့သည်မှာ ထင်ရှားသည်။ ရှောင်ရှန်းသည် မတတ်သာသည့်အဆုံး သူ့စကားကို ပြန်ဖျက်ခဲ့ရပြီး ထိုသို့ လုပ်မှသာ လူအများရှေ့တွင် လုံးဝ အရှက်ကွဲမည့် အဖြစ်မှ လွတ်မြောက်ခဲ့ရသည်။

အကယ်၍ ဝါဒတောင်ဂိုဏ်းထိပ်သီးနယ်မြေ၏ ရန်ကျောက်ကဲသည် သာမာန် အပြင်ပိုင်း ကြယ်တာရာချီ နှောင်းပိုင်းအဆင့် သိုင်းပညာရှင်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့လျှင် ရလဒ်ကို ကမ္ဘာကြီးအမြင်၌ လက်ခံဖို့ ပိုမို လွယ်ကူနိုင်ပေသည်။

သို့သော် ပြိုင်ဘက်မှာ နေသူတော်စင်ဂိုဏ်း၏ ရှောင်ရှန်းဖြစ်လေရာ အဓိပ္ပာယ်က လုံးဝ ပြောင်းလဲသွားသည်။

တကယ့်တော့ ရှောင်ရှန်း ကိုယ်တိုင်က အဆင့်ကျော်၍ တိုက်ခိုက်နိုင်သည်ဟု ထင်ရှားကျော်ကြားသော ပါရမီရှင် တစ်ဦးဖြစ်ပြီး အပြင်ပိုင်း ကြယ်တာရာချီ ကနဦး အဆင့်တွင် ရှိစဉ်က အပြင်ပိုင်း ကြယ်တာရာ အလယ်အလတ်အဆင့် သိုင်းပညာရှင်တစ်ဦးကို အနိုင်ယူနိုင်ခဲ့သူဖြစ်သည်။

သစ်သားပန်းပဲရုပ်က ကျင့်ကြံသူ၏ ကြယ်တာရာချီနှင့် နှိုင်ယှဉ်လျှင် အလွန် အားနည်းလွန်းသည်။ သို့သော် သူ့ထိန်းချုပ်မှုအောက်တွင် ရုပ်သေးရုပ်က အသက်ရှင်နေသော လူတစ်ယောက်နှင့် ဆင်တူလာပြီး တကယ့် ထိပ်တန်း ကျင့်ကြံသူတစ်ယောက်နှင့် မခြား တိုက်ခိုက်နိုင်ခဲ့သည်။

ရှောင်ရှန်း၏ ရုပ်သေးရုပ်မှ တိုက်ကွက်ကို  စစ်ခုန်ချင်းသာမက မည်သည့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ဝါဒတောင်ဂိုဏ်းကျင့်ကြံသူကမှ ထိပ်တိုက် ခံယူရဲသည်ဟု မဆိုဝံ့ပေ။

သို့ရာတွင် ချောင်ယွမ်လုံကဲ့သို့ မျိုးဆက်တူတစ်ခုလုံး၏ ပါရမီရှင်တစ်ယောက်က ရန်ကျောက်ကဲ၏ရှေ့တွင် မည်သို့မျှ မတတ်နိုင်ဘဲ  လက်မိုင်ချခဲ့ရသည်။

ဤဖြစ်ရပ်က လူများကို မူးဝေနိုင်လောက်သည်အထိ နှလုံးခုန်မြန်စေခဲ့သည်။

စစ်ခုန်ချင်းက မြေကြီးပေါ်တွင် တစစီ ပြန့်ကျဲနေသော သစ်သားရုပ်သေးရုပ် အပိုင်းအစများကို ကြည့်ရင်း တစ်ခုခု ဖမ်းဆုတ်မိဟန်ဖြင့် သူမအကြည့်က အနည်းငယ် လှုပ်ခတ်သွားသည်။

“ဒီမိန်းကလေးက သိုင်းတာအို နှလုံးသား ရှိတယ်” သူမကို တစ်ချက်ကြည့်ပြီး ရန်ကျောက်ကဲ ခေါင်းယမ်းရင်း ရယ်မိသည်။  သူက သူမကို လမ်းညွှန်ပေးသည်။ “မင်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်အထွတ်အထိပ် ရောက်နေသော အချိန် တချို့ကြာနေပြီ၊ မင်းရဲ့လက်ရှိအဆင့်နဲ့ဆို သိုင်းပညာရှင်တစ်ပိုင်းလို့ ပြောလို့ရတယ်”

“မင်ရဲ့ အတွင်းချီကို ကြယ်တာရာချီပြောင်းဖို့ နည်းလမ်းက မင်းရဲ့အတွင်းချီကို ပြောင်းပြန်လည်ပတ်ပေးပြီး ကြယ်တာရာချီဖြစ်ပေါ်တဲ့အထိ အဆက်မပြတ် သန့်စင်ပေးဖို့ပဲ၊ ဒါကို ငါတို့ဂိုဏ်းက အကြီးအကဲတွေက မင်းကို ပြောပြပြီးလောက်မှာပါ”

“မင်းရဲ့အတွင်းချီကို ပြောင်းပြန်လည်ပတ်ဖို့ ကြိုးစားနေချိန်မှာ အမှား၊အမှန်၊အမှန်၊အမှား၊အမှား၊အမှား၊အမှန်၊အမှန် အဲ့ကြိမ်နှုန်းအတိုင်း  ကြိုးစားကြည့်သင့်တယ်”

သူ့စကားများကို ကြားလျှင် စစ်ခုန်ချင်း၏မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ သူမနောက်ရှိ အခြားတပည့်များကလည်း အလျင်အမြန် မှတ်သားနေကြသည်။

ထိုခဏတွင် သူတို့၏နှလုံးသားထဲ၌ ရန်ကျောက်ကဲ၏ ရပ်တည်မှုနှင့် အဆင့်အတန်းက ဂိုဏ်းမှ အချို့အကြီးအကဲများထက်ပင် မြင့်မားလေသည်။

ကျင့်ကြံခြင်းဆိုင်ရာ အကြံဉာဏ်များကို ဖြစ်စေ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှ သိုင်းပညာရှင်အဆင့်သို့ ချိုးဖြတ်သောအခါ လိုက်နာရမည့် အရေးကြီးသော အရာများကို ဖြစ်စေ ရန်ကျောက်ကဲထံမှ  သင်ယူခွင့်ရသည့် အခွင့်အရေးကို လူတိုင်းက အထူး တန်ဖိုးထားနေကြသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နှင့် သိုင်းပညာရှင်အဆင့်ကြားပိုင်းသည် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကျင့်ကြံသူများအများစု မကျော်လွှားနိုင်သော ချောက်နက်ကြီး ဖြစ်သည်။

ဤသို့ ချိုးဖျက်ရန် ခက်ခဲမှုက ချီလည်ပတ်ခြင်း အလယ်အလတ်အဆင့်မှ ချီလည်ပတ်ခြင်း နှောင်းပိုင်းအဆင့်သို့ အဆင့်တက်ခြင်းနှင့် ချီလည်ပတ်ခြင်း နှောင်းပိုင်းအဆင့်မှ ခန္ဓာကိုယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ခြင်းထက် များစွာ မြင့်မားသည်။

အလယ်အလတ်မှ  အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်သို့ သို့မဟုတ် အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်မှ အပြင်ပိုင်း ကြယ်တာရာချီ ကနဦးအဆင့်သို့ အဆင့်တက်ခြင်းထက်ပင် ပိုမို ခက်ခဲလေသည်။

တစ်ဆက်တည်းမှာပင်  သိုင်းပညာရှင်ဖြစ်လာခြင်းက ကောင်းကင်ဖီဆန်နိုင်လောက်အောင် ကမ္ဘာမြေတုန်လှုပ်နိုင်လောက်အောင် စွမ်းအားပိုင်းအရ အကြီးအကျယ် တိုးတက်လာသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူက  သူတို့၏အတွင်းချီကို အဖန် တလဲလဲ သန့်စင်၍ ကြယ်တာရာချီအဖြစ် အသွင်ပြောင်းနိုင်မှသာ သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိပြီဟု ဆိုနိုင်လေသည်။

ကြယ်တာရာချီက အတွင်းချီထက် အဆပေါင်းများစွာ ပိုမို သိပ်သည်း၍ သန့်စင်ပေသည်။ အတွင်းချီက အငွေ့သဏ္ဌာန်ဖြစ်လျှင် ကြယ်တာယာချီက အရည်ဒြပ်ထုဟု ဆိုနိုင်သည်။ နှစ်ဖက် တိုက်ခိုက်ကြလျှင် အသေးငယ်ဆုံးပမာဏမျှသော ကြယ်တာရာချီကို သုံးစွဲရုံမျှဖြင့် တစ်ဖက်လူ ချက်ချင်း ပျောက်ကွယ်သွားနိုင်သည်။

သိုင်းပညာရှင်တစ်ယောက်နှင့် တိုက်ခိုက်သောအခါ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူက တန်ပြန်တိုက်ခိုက်ရန် အလွန်ခက်ခဲပေသည်။ အကြွင်းမဲ့ ခွန်အား၏ အောက်တွင် အစွမ်းထက်ဆုံး နည်းစနစ်များပင် အချည်းနှီး ဖြစ်သွားလိမ့်မည်။ အကြိမ်အများစုတွင် သိုင်းပညာရှင်က ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့်ပင် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူ၏ တိုက်ကွက်အများစုကို ရင်ဆိုင်နိုင်လေသည်။

အခြေအနေအများစုတွင် ထိုနှစ်ဆင့်ကြား ကွာဟမှုကို သာလွန်သော အရေအတွက်ကပင် မဖာထေးနိုင်ပါ။

ရန်ကျောက်ကဲ ပြောသမျှကို နားထောင်ပြီးသောအခါ စစ်ခုန်ချင်းသည် ဉာဏ်အလင်းရသွားပုံရသည်။

ရန်ကျောက်ကဲအပေါ် သူမ ကြည့်သည့် အကြည့်က ပိုမို လေးစားလာသည်။ မာယွဲ့ကို အပြစ်ပေးရန် ရန်ကျောက်ကဲ ညွှန်ကြားခဲ့စဉ်က အကြည့်မျိုး တဖန် ပြန်ပေါ်လာသည်။

ရန်ကျောက်ကဲက အခြားသူများကို ပြောလိုက်သည်။ “လူတိုင်းရဲ့ အခြေအနေတွေက ကွဲပြားတယ်၊ ဂျူနီယာညီမလေးစစ်ခုန်နဲ့ ကိုက်ညီတဲ့နည်းလမ်းက မင်းတို့နဲ့ သင့်တော်ချင်မှ တော်မယ်၊ မင်းတို့ စိတ်မရှည်ဖြစ်နေစရာ မလိုဘူး၊ မင်းတို့ရဲ့ ကျင့်ကြံခြင်းခရီးလမ်းမှာ တစ်လှမ်းချင်း လှမ်းဖို့ပဲ အာရုံစိုက်ထားပါ”

ရန်ကျောက်ကဲ၏စကားများကို လက်ခံပြီး ဝါဒတောင်ဂိုဏ်းတပည့်များသည် ရန်ကျောက်ကဲအား တညီတညာတည်း ဂါဝရပြုလိုက်ကြသည်။ “လမ်းညွှန်ပေးတဲ့အတွက် စီနီယာအကိုကြီးရန်ကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပြီး ကျင့်ကြံပါမယ်”

ရန်ကျောက်ကဲကို ကြည့်၍ စစ်ခုန်ချင်းကလည်း ဂါဝရပြုလိုက်သည်။ ယခင်ကကဲ့သို့ ကျင့်ဝတ်အရ မဟုတ်ဘဲ သည်တစ်ကြိမ်သည် စိတ်ရင်းထဲမှ လာသော ဂါဝရပြုခြင်းဖြစ်သည်။ “သင်ကြားပေးမှုများအတွက် စီနီယာအကိုကြီးရန်ကို ကျေးဇူးတင်ပါတယ်”

သူမ ခဏမျှ ရပ်တန့်လိုက်သည်။ ထို့နောက် အခြားတပည့်များကို ကြည့်၍ ပြောသည်။ “ငါ စီနီယာအကိုကြီးရန်ရဲ့ လမ်းညွှန်မှုတွေကနေ ဉာဏ်အလင်းတွေ အများကြီးရခဲ့တယ်၊ ချက်ချင်းပဲ တံခါးပိတ် ကျင့်ကြံတော့မယ်၊ အဲ့တာကြောင့် မင်းတို့နဲ့အတူ လျူလျောင်တောင်တန်းကို မလိုက်နိုင်တော့ဘူး”

သူတို့အားလုံး သူမအပေါ် နားလည်မိသော်လည်း တပည့်များသည် သူတို့သွားမည့် ခရီးအတွက် အနည်းငယ် စိုးရိမ်မိသည်။ ထို့ကြောင့် ရန်ကျောက်ကဲအား မျှော်ကြည့်လိုက်မိကြသည်။

ရန်ကျောက်ကဲက ညင်သာစွာ ပြောလိုက်သည်။ “ငါသွားရင်းနဲ့ မင်းတို့ကို ခေါ်သွားလို့လည်း ရတယ်၊ ဒါပေမယ့် မင်းတို့ ငါ့အရိပ်အောက်မှာပဲ တစ်သက်လုံး နေလို့ မရဘူးလေ”

“ပြီးတော့ ငါသွားမယ့်နေရာက မင်းတို့အတွက် အန္တရာယ်များတယ်”

သူ့စကားကို ကြားလျှင် တပည့်များ အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။ ဂိုဏ်းမှ အရင်းအမြစ်များစွာဖြင့် ပြုစုပျိုးထောင်ပေးထားသည့် ပါရမီရှင်များ ဖြစ်ကြရာ သူတို့သည်လည်း ကိုယ့်ကိုကိုယ် အားကိုးရသည်ကို နှစ်သက်သူများဖြစ်သည်။

အရင်ရက်အနည်းငယ်အတွင်း ရန်ကျောက်ကဲ၏အရောင်အဝါက မျက်စိကျိန်းလောက်အောင် တောက်ပလွန်းသဖြင့် လူတိုင်းသည် သူတို့ကိုယ်သူတို့ပင် သတိမထားမိဘဲ ရန်ကျောက်ကဲအပေါ်  မှီခိုမိကြသည်။

အများစုက အံ့ဩတကြီး ပြောဆိုကြသည်။ “ကျွန်တော်တို့ သူတစ်ပါးကို မှီခိုပြီး ပျင်းရိတတ်လာတာပဲ၊ စီနီယာအကိုကြီးရန် သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊  ကျွန်တော်တို ကိုယ့်ကိုကိုယ် ရှက်မိပါတယ်”

ရန်ကျောက်ကဲ အလေးမထားဟန်ဖြင့် သူ့လက်ကို ယမ်းရင်း ပြုံးလိုက်သည်။ “အဆင်ပြေပါတယ်၊ ဘာမှ မဖြစ်ပါဘူး၊ ကဲ….. ဒါဆို၊ ငါတို့ ဒီမှာပဲ လမ်းခွဲကြတာပေါ့”

ထိုစကားများ ပြောပြီးသည်နှင့် သူ နောက်လှည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် မြို့ပြင်သို့ ဦးတည်ထွက်ခွာသွားသည်။

ဝါဒတောင်ဂိုဏ်းတပည့်အုပ်စုလည်း စစ်ခုန်ချင်းနှင့် ခွဲခွာကာ လျူလျောင်တောင်တန်းများဆီသို့ ခရီးထွက်ကြလေသည်။

လမ်းတွင် သူတို့သည် ရန်ကျောက်ကဲနှင့် အားဟူ၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။ ထိုနှစ်ယောက် အတော် ဝေးဝေးသို့ ရောက်လောက်ပေပြီ။

လျူလျောင်တောင်တန်းသည် နဂါးချုပ်လှောင်ခြင်းချောက်နက်၏ ဘေးတွင် ကျယ်ပြန့်စွာ သွယ်တန်းတည်ရှိလေသည်။ လျူလျောင်တောင်တန်းတွင် တန်ဖိုးကြီးအရင်းအမြစ်များ ထွက်ရှိသလို  ၎င်း၏ အနီးတဝိုက်ကလည်း အန္တရာယ်များလှသည်။  သူတို့၏လက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် ထိုနေရာသို့ စွန့်စားသွားလာခြင်းက အနည်းငယ်မျှပင် မလွယ်ကူပေ။

“ငါတို့ ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်သင့်တယ်၊ ငါတို့ စီနီယာအကိုကြီးရန်နဲ့လိုက်သွားတာက သူ့အတွက် ဝန်ထုတ်ဝန်ပိုးတွေ ပေးနေသလိုပဲ၊ ဒါပေမယ့် အကိုကြီးရန်ရဲ့ လမ်းညွှန်မှုကို ရလို့ ငါတို့ ဂုဏ်ယူသင့်တယ်” အလင်းဝိဉာဉ်ကြောင်ကို ပိုက်ထားသော မိန်းကလေးတပည့်က အနည်းငယ် ဝမ်းနည်းနေသော မျက်နှာဖြင့် ပြောလိုက်သည်။

သူမ ဘေးမှ လန်ဝမ်ရန်က ပြောလိုက်သည်။ “ငါတို့ရဲ့လက်ရှိ စိတ်ဓာတ်အရပဲ ဖြစ်ဖြစ် စီနီယာအကိုကြီးရန်နဲ့ အဝေးကြီးမှာ ရှိနေတယ်၊ ဒါပေမယ့် ငါတို့ စိတ်ပျက်အားငယ်မနေသင့်ဘူး၊ ဒီ့ထက်ပိုပြီး ကြိုးစားကျင့်ကြံတာကမှ မှန်ကန်တဲ့ နည်းလမ်းပဲ”

တစ်ယောက်က အော်ပြောလိုက်သည်။ “မင်းက ရီကျင်းလို စီနီယာအကိုကြီးရန်နဲ့ ထိပ်တိုက် တိုက်ခိုက်ချင်နေတာလား”

လန်ဝမ်ရန်က ရိုးသားစွာ ပြောလိုက်သည်။ “အနည်းဆုံးတော့ စီနီယာအကိုကြီးရန်ရဲ့အဆင့်မျိုး ရောက်ဖို့  ကြိုးစားသင့်တယ်၊ မဟုတ်ရင် နောက် စီနီယာအကိုကြီးရန်နဲ့ ခရီးအတူတူ သွားရင် ငါတို့က သူ့အတွက် ဝန်ထုတ်ဝန်ပိုးလို ဖြစ်မနေဘူးလား”

ထိုစကားကို အခြားသူများလည်း သဘောတူကြပြီး ခေါင်းငြိမ့်လိုက်သည်။ “စီနီယာအကိုကြီးရန်ပြောသလိုပေါ့၊ လက်ရှိ ရောက်နေတဲ့နေရာကို ခိုင်မာအောင် လုပ်ပြီး အနာဂတ်ကို မျှော်ကြည့်နေသင့်တယ်၊ ဒါကမှ  တကယ့် လမ်းမှန်ပဲ”

တောင်များအလယ်ရှိ ခရီးဆုံးကို ရောက်သောအခါ သူတို့ လမ်းခွဲလိုက်ကြပြီး သီးခြား ထွက်ခွာသွားကြသည်။

လန်ဝမ်ရန် အချိန်အနည်းငယ်မျှ ဆက်လျှောက်ပြီးနောက် သူ့မျက်လုံးများက အရှေ့သို့ ရုတ်တရက် မှင်သက်လျက် ကြည့်နေသည်။ “ငါတို့ ခုနကတင် ဂျူနီယာညီလေး ရီကျင်းအကြောင်း ပြောခဲ့တာ၊ အခု……..”

သူ့ရှေ့ မဝေးလှသောနေရာတွင် ပုံရိပ်တစ်ခု မတ်တပ်ရပ်နေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset