သို့သော် လူများစွာ မကျေမချမ်း ဖြစ်နေကြဆဲဖြစ်ပြီး ခုခံတွန်းလှန်နိုင်ရန် အပြင်းအထန်ရုန်းကန်နေကြဆဲပင်။ ခုန်းတောက်မှာလည်း သူတို့ထဲတွင် ပါဝင်နေ၏။ သူသည် သာမန်အခြေအနေများတွင်ဆိုလျှင် တစ်ယောက်တည်း သီးသန့်နေလေ့ရှိပါသော်လည်း အမှန်တွင်မူ မောက်မာဝင့်ကြွားသော လူတစ်ယောက်ဖြစ်သည်။ သူသည် အတိတ်တုန်းက ကြုံခဲ့ရသော အတွေ့အကြုံများကြောင့် ပြည်ထောင်စုကြီး၏ ထိပ်တန်းအဆင့် ပါရမီရှင်များဟု သတ်မှတ်နိုင်သည့် လူများကိုပင် အရေးမစိုက်ပေ။
သို့သော် သူသည် ဝမ်ပေါင်လဲ့နှင့် တွေ့ဆုံလိုက်ရပြီးနောက် ယခင်တုန်းကနှင့် မတူတော့ပေ။ ပထမဆုံးအနေနှင့် ခြင်တိုက်ကွက်ကြီးကြောင့် သူသည် အလွန်အင်မတန်မှ ယားယံသွားခဲ့ရသလို ယခုတွင်လည်း ရုပ်သေးရုပ် နတ်ဘုရားရတနာများ ပေါ်ပေါက်လာပြီဖြစ်ရာ သူသည် ရူးသွပ်လုမတတ် ဖြစ်နေရတော့သည်။
ထို့ကြောင့် သူသည် အေးစက်စက် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား မကျေမချမ်းနှင့် ကြည့်နေတော့သည်။ ထိုသို့ဖြစ်နေရသည်မှာ နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိသေး၏။ ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့နှစ်ယောက်နှင့် အတော်အတန် ရင်းနှီးနေသည့်ပုံ ပေါ်နေကြောင်း သူက ရိပ်မိထားသောကြောင့်ဖြစ်သည်။
သူသည် ကျောက်ယမုန့်အား ပထမဆုံးအကြိမ်အဖြစ် မြင်ခဲ့ရသည့်အချိန်တုန်းက အံ့အားသင့်သွားခဲ့ရ၏။ သူသည် အခြားမည်သူ့ကိုမှ သူ၏နှလုံးသားထဲသို့ ဝင်ရောက်ခွင့် မပေးဖူးပေ။ ထို့ကြောင့် ခုန်းတောက်မှာ သူ၏ မျက်လုံးများထဲတွင် အေးစက်စက်အလင်းရောင်များ တောက်ပလာပြီး အသက်ပြင်းပြင်းရှူ၍ သူ၏ လျှို့ဝှက်ဆန်းကြယ်ပညာရပ်ကို ထုတ်သုံးရန် ပြင်လိုက်တော့သည်။
ထိုအချိန်တွင်….
ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်မှလူများအား လိုက်လံရိုက်နှက်နေရသည်ကို စိတ်ရှုပ်လာ၏။ ထို့ကြောင့် သူသည် သူ၏ ညာလက်ကို မြှောက်လိုက်သောအခါ သူ၏ပတ်လည်တွင် အရွယ်အစားကြီးမားသော ရုပ်သေးရုပ် ဒါဇင်ပေါင်းများစွာ ပေါ်ပေါက်လာတော့သည်။
ထိုရုပ်သေးရုပ်များမှာ သန်မာထွားကြိုင်းပြီး ဗလတောင့်တောင့်နှင့် ကြောက်မက်ဖွယ်ရာကောင်းနေသော လူသန်ကြီးများ ဖြစ်ကြသည်။ ကျူးကန်ချမ်းနှင့် တူသော ရုပ်သေးရုပ်များ၏ ပုံစံမှာ ကြောက်မက်ဖွယ်ရာအကောင်းဆုံး ဖြစ်နေ၏။ သို့သော် သူတို့၏ ပုံပန်းသွင်ပြင်များကြောင့် ခုခံတွန်းလှန်နေကြသူများမှာ လက်လျှော့သွားကြခြင်း မဟုတ်ပေ….
သူတို့အား လက်လျှော့သွားစေသည့်အရာမှာ ထို ရက်စက်ကြမ်းကြုတ်သော ဗလတောင့်တောင့်နှင့် ရုပ်သေးရုပ်များက ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အလွန်အင်မတန်မှ ကျယ်လောင်ပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အသံများဖြင့် အော်ဟစ်လိုက်ကြသောကြောင့်ဖြစ်သည်။ ထိုအသံများမှာ အလွန်အင်မတန်မှ နားဝင်ဆိုးလွန်းနေသောကြောင့် ကြားလိုက်ရသည့်လူတိုင်း တုန်လှုပ်ချောက်ချားသွားကြတော့သည်။
” အာ့…. ဟင်း… ”
” အာ့…. ဟင်း…. အား… ”
သူတို့၏ ပုံပန်းသွင်ပြင်များနှင့် အသံများကြောင့် ရုန်းကန်နေကြသူများမှာ ချက်ချင်းဆိုသလိုပင် အသားများတုန်ရီသွားကြပြီး မျက်လုံးများပြူးကာ ကယောင်ကတမ်း ဖြစ်သွားကြတော့သည်။
ပထမဆုံး ပေါ်ထွက်လာခဲ့သည့် ရုပ်သေးရုပ်များထဲတွင် အမျိုးသားနှင့် အမျိုးသမီး အစုံအလင်ပါဝင်ပြီး ၎င်းတို့၏ ပုံပန်းသွင်ပြင်မှာ သာမန်သာဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ အနုပညာလက်ရာမှာ အတိုင်းအတာတခုအထိပင် လှပနေသည်ဟု ဆိုနိုင်၏။ သို့သော် ယခုအကြိမ်တွင် ပေါ်ထွက်လာသည့် ကျူးကန်ချမ်း ခေါင်းဆောင်သော ရုပ်သေးရုပ်များမှာမူ အမျိုးသားကျင့်ကြံသူများကို ပင့်သက်ရှိုက်သွားစေပြီး အမျိုးသမီးကျင့်ကြံသူများကို စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် တုန်လှုပ်ချောက်ချားသွားစေတော့သည်။
” ဒါ…. ဒါ ဘယ်လို သတ္တဝါကြီးတွေလဲဟ ”
” ငါ့ဆီ မလာခဲ့နဲ့ ”
နည်းပြအဘိုးကြီးပင်လျှင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားနေရ၏။ သူသည် ဆွံ့အမှင်တက်နေရပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အသံများ ထုတ်လွှတ်နေသည့် သတ္တဝါကြီးများကို ရီဝေဝေနှင့် စိုက်ကြည့်နေမေးတော့သည်။
ခုန်းတောက်မှာလည်း အံ့ဩတုန်လှုပ်လွန်းနေသဖြင့် အသက်ပင် မရှူနိုင်တော့ပေ။ သူသည် ချီတုံချတုံ ဖြစ်သွားရပြီး သူ၏မန္တန်များအား ထုတ်သုံးမည့် အတွေးများကို မေ့ပျောက်ထားလိုက်ရတော့သည်။ ထိုရုပ်သေးရုပ်များမှာ ပထမအသုတ်ထဲရှိ ရုပ်သေးရုပ်များနှင့် လုံးဝမတူညီကြောင်း သူက ချက်ချင်းပင် အာရုံခံမိလိုက်၏။ သူသည် သားရဲကြီးများအကြောင်းကို ကောင်းကောင်းနားလည်ထားသည်ဖြစ်ရာ ထိုရုပ်သေးရုပ်များထဲရှိ ရက်စက်အကြမ်းကြုတ်ဆုံးသော အရုပ်တစ်ရုပ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ကိန်းအောင်းနေသည်ကို ခပ်ရေးရေးခန့် အာရုံခံမိလိုက်၏။
သူ၏ရုပ်သေးရုပ်များကြောင့် လူတိုင်း ဖရိုဖရဲဖြစ်သွားရသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ခံစားချက်အပြည့်ဖြင့် ဆိုလိုက်၏။
” ငါ့ရဲ့အကောင်းဆုံး အရည်အချင်းက ဘယ်ကိစ္စကိုမဆို မျှမျှတတ ဆောင်ရွက်တတ်တာပဲ။ ငါ ဒီဆေးလုံးကို လိုချင်တယ်။ တကယ်လို့ မင်းတို့ထဲက တစ်ယောက်ယောက်က စောဒကတက်ချင်တယ်ဆိုရင် ထုတ်ပြောလိုက်။ ငါတို့တွေ စာရင်းရှင်းကြတာပေါ့ ”
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဗလတောင့်တောင့်နှင့် ရုပ်သေးရုပ်အားလုံးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော အသံကျယ်ကြီးတစ်သံကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြ၏။
သတိမေ့မြောသွားခြင်းမရှိသေးသော လူများမှာ ထို ဗလတောင်တောင်နှင့် ရုပ်သေးရုပ်များကို ကြည့်၍ သူတို့ဆီမှ ထွက်ပေါ်လာသောအသံများကို ကြားလိုက်ရသောအခါ ကျောချမ်းသွားရတော့သည်။ သူတို့မှာ စိတ်ထဲတွင်ကျိတ်၍ ကျိန်ဆဲနေကြပါသော်လည်း စကားတစ်ခွန်းမှ မပြောတော့ဘဲ ဆိတ်ငြိမ်နေကြတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် နောက်သို့လှည့်သွားပြီး အထူးတဆန်းဖြစ်နေသည့် မျက်နှာအမူအရာနှင့် ရပ်ကြည့်နေသော နည်းပြအဘိုးကြီးအား မျှော်လင့်တကြီးနှင့် လှမ်းကြည့်လိုက်တော့သည်။
” နည်းပြကြီး … နေဝင်ချိန်အထိ စောင့်နေစရာ မလိုတော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အဲဒီဆေးလုံး ပေးလို့ရမလား ”
ထိုအဘိုးကြီးမှာ နှုတ်ဆိတ်နေ၏။ အချိန်အတော်အတန် ကြာပြီးမှသာ သူသည် ဝမ်ပေါင်လဲ့အား သေသေချာချာ စိုက်ကြည့်လိုက်ပြီး သူ၏ညာလက်ကိုဝှေ့ယမ်း၍ ခန္ဓာအားဖြည့်လွတ်လပ်ခြင်းဆေးလုံးအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုဆေးလုံးကိုချက်ချင်းပင် ဖမ်းယူလိုက်၏။ ထို့နောက် သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားပြီး ရုပ်သေးရုပ်အားလုံးကို ချက်ချင်းပင် ပြန်လည်သိမ်းဆည်းလိုက်၏။ ထို့နောက် သူသည် ချက်ချင်းပင် နောက်သို့လှည့်ကာ အပြင်ဘက်သို့အပြီးထွက်သွားပြီး ဒေါသတကြီးနှင့် အံများကြိတ်ကာ မတ်တတ်ပြန်ထလာသော ပျိုးပင်အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ နောက်ထပ် သုံးရက်တိတိ သူတို့၏ရှေ့၌ ပေါ်မလာခဲ့ပေ။ နေ့စဉ်နေ့တိုင်း ဆုလာဘ်များ ချီးမြှင့်နေပြီး ၎င်းတို့ထဲတွင် ဆေးလုံးများ ပါဝင်ပါသော်လည်း ၎င်းတို့မှာ ခန္ဓာအားဖြည့်သန့်စင်ခြင်းဆေးလုံးနှင့် ယှဉ်လိုက်ပါက ဖွဲနှင့်ဆန်ကွဲကဲ့သို့ပင်။ လူတိုင်းမှာ ထိုဆေးလုံးများအတွက် ယှဉ်ပြိုင်နေကြသည့်တိုင်အောင် တညီတညွှတ်တည်း ပူးပေါင်းကာ ဝမ်ပေါင်လဲ့အား တိုက်ခိုက်နိုင်ရန်အတွက်လည်း အစီအစဉ်များဆွဲနေကြ၏။ ထိုသို့ဖြင့် သူတို့၏ ဝမ်ပေါင်လဲ့အား သင်ခန်းစာပေးလိုသော စိတ်ဆန္ဒများမှာ ပို၍ပင်ကြီးထွားလာရတော့သည်။
အခြားတစ်ဖက်တွင်မူ ဝမ်ပေါင်လဲ့မှာ ထိုသုံးရက်စလုံးအား တံခါးပိတ်ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးစေခဲ့၏။ သူသည် စစ်တပ်နှင့် ခင်မင်ရင်းနှီးနေသောကြောင့် စစ်တပ်ဘက်မှအရာရှိများမှာ တွေဝေနေခြင်း အလျဥ်းမရှိဘဲ သူ့အတွက် တံခါးပိတ်ကျင့်ကြံနိုင်မည့် သီးသန့်အခန်းတစ်ခန်းကို စီစဉ်ပေးခဲ့၏။
ထိုအခန်းထဲတွင် ဝမ်ပေါင်လဲ့မှာ ဒုတိယမြောက် ခန္ဓာအားဖြည့်လွတ်လပ်ခြင်းဆေးလုံးကို မျိုချလိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲ၌ ထူးကဲသောပြောင်းလဲမှုကြီးတစ်ခု ဖြစ်သွားပြီး လေမုန်တိုင်းကြီးတစ်ခု တိုက်ခတ်လာသကဲ့သို့ ဖြစ်သွားသည်။ အစတွင် ဝမ်ပေါင်လဲ့မှာ ထိုဆေးလုံးအား တစ်ရက်ထဲနှင့် အပြီးတိုင် ဝါးမျိုပစ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ပါသော်လည်း လက်တွေ့တွင်မူ သုံးရက်တိတိကုန်ဆုံးပြီးသွားမှသာ ၎င်းမှာ သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားခဲ့၏။
ထိုဆေးလုံး၏အာနိသင်မှာ အစွမ်းထက်လွန်းသောကြောင့် သူ၏ အသားနှင့် အရိုးများ၏ စွမ်းအားများအပါအဝင် သူ၏ခန္ဓာကိုယ်တခုလုံးမှာ လုံးဝ ပြောင်းလဲသွားပြီး သိသိသာသာ တိုးတက်သွားတော့သည်။
တစ်ညတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အက်ကွဲသံများ ထွက်ပေါ်လာ၏။ သူ မျက်လုံးပွင့်လာသောအခါ သူ၏မျက်လုံးများမှာ တဖိတ်ဖိတ် လင်းလက်တောက်ပနေသော ကြယ်နှစ်လုံးကဲ့သို့ အလွန်အင်မတန်မှ မျက်စိကျိန်းမတတ် စူးရှနေ၏။ သူသည် အာနာပါန ထိပ်ဆုံးအဆင့်တွင် ရှိနေဆဲဖြစ်ပါသော်လည်း သူ၏ခန္ဓာကိုယ်ထဲမှ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောင်နှင့်တူသော အငွေ့အသက်တစ်မျိုး ထွက်ပေါ်နေသည်။
ထိုအငွေ့အသက်မှာ သူ၏ အပြင်ခန္ဓာကိုယ်ထဲမှ စတင်ပေါ်ထွက်လာခြင်းဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွသွားပြီး မတ်တတ်ထကာ ရှေ့သို့ အလျင်အမြန် လှမ်းလိုက်၏။ ထိုအခါ ထိုအခန်းထဲ၌ မိုးခြိမ်းသံများ ချက်ချင်းဆိုသလို မြည်ဟည်းသွားပြီး သူသည် နံရံဆီသို့ ဦးတည်ပြေးသွားတော့သည်။
ကံကောင်းစွာဖြင့် သူသည် အလျင်အမြန် တုန့်ပြန်နိုင်လိုက်ပြီး ချက်ချင်းပင် ရပ်တန့်နိုင်လိုက်၏။ ထို့နောက် သူ၏လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ သူ၏ ရှေ့ရှိနံရံပေါ်သို့ ထောက်လိုက်ပြီး ဝင်မတိုက်မိအောင် လုပ်လိုက်၏။
သို့သော် သူ၏လက်နှစ်ဖက်မှာ နံရံပေါ်သို့ ကျရောက်သွားသောအခါ အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ထိုနံရံကြီးမှာ ကြေမွကွဲထွက်သွားသဖြင့် ကျောက်စကျောက်နများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြူးသွားရ၏။ သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး ခေါင်းငုံ့ကာ သူ၏ခန္ဓာကိုယ်အား စိုက်ကြည့်နေမိတော့သည်။ ထို့နောက် သူ၏အသက်ရှူသံများမှာ မြန်ဆန်လာတော့သည်။
ထိုအသံကြီးမှာ သူ၏ပတ်ပတ်လည်တွင် ရပ်နေသော စစ်သည်တော်များ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွား၏။ ထို့ကြောင့် သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာကြပြီး ဝမ်ပေါင်လဲ့၏ လျှို့ဝှက်အခန်းထဲရှိ ကြေမွပျက်စီးနေသော နံရံကြီးကို မြင်လိုက်ရသောအခါ ဆွံ့အမှင်တက်သွားကြတော့သည်။
ထိုလျှို့ဝှက်အခန်းမှာ အခြေတည်အဆင့် အောက်မှ လူများ လုံးဝဖျက်ဆီးနိုင်စွမ်းမရှိလောက်အောင် တောင့်တင်းခိုင်မာပြီး မာကျောမှု အပြည့်ရှိသည်။ ၎င်းမှာ အာနာပါနအဆင့် ကျင့်ကြံသူများ တံခါးပိတ်ကျင့်ကြံရာဖြစ်စေ၊ သူတို့၏ မန္တန်စွမ်းအားများကို စမ်းသပ်ရာ၌ဖြစ်စေ ထွက်ပေါ်လာသော ပြင်းအားများကို တောင့်ခံနိုင်စွမ်း ရှိ၏။
သို့သော် ယခုတွင်မူ ၎င်းမှာ ကြေမွပျက်စီးသွားပြီဖြစ်သည်။
” မတော်တဆ ဖြစ်သွားတာပါ…. ”
ဝမ်ပေါင်လဲ့မှာ ရှက်ကိုးရှက်ကန်းနှင့် ရယ်မောကာ တောင်းပန်လိုက်၏။ စစ်တပ်မှ အရာရှိကြီးများ သူ့အား အထူးတဆန်း ကြည့်နေကြစဉ်တွင် သူသည် ဆင်ခြေများပေးကာ စစ်တပ်စခန်းထဲမှ ပြေးထွက်လာတော့သည်။
အပြင်ဘက်ရှိ သစ်တောထဲသို့ ရောက်သောအခါ သူသည် သူ၏အမြန်နှုန်းကို စတင်စမ်းသပ်ကြည့်လိုက်၏။ သူ လေပေါ်သို့ ခုန်တက်လိုက်သည်နှင့် တစ်ပြိုင်နက် အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် ကျယ်လောင်သော အသံကြီးတစ်သံ ပေါက်ကွဲထွက်ပေါ်လာ၏။ သူသည် အလွန်အင်မတန်မှ မြန်ဆန်နေပြီး သူ၏ ယခင်အမြန်နှုန်းထက် ဆယ်ဆတိတိ ပို၍လျင်မြန်နေပြီဖြစ်သည်။
ထိုကဲ့သို့သော အမြန်နှုန်းကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရ၏။ သူသည် မျက်လုံးများ အရောင်လက်လာပြီး သူ၏ရှေ့ရှိ ဟင်းလင်းပြင်ထဲသို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုအခါ ချက်ချင်းဆိုသလိုပင် သူ၏ရှေ့၌ အလွန်အင်မတန်မှ အားကောင်းသော လေမုန်တိုင်းတစ်ခု ပေါ်ထွက်လာ၏။ ထိုလေမုန်တိုင်းမှာ အလွန်အင်မတန်မှ အားပြင်းလွန်းလှသောကြောင့် သူ ယခင်က အသုံးပြုခဲ့သည့် မန္တန်များအားလုံးထက်ပင် အများကြီးပို၍ သာလွန်နေသည်။
” အခု ငါက ဘာဖြစ်သွားပြီလဲ။ အပြင်ခန္ဓာကိုယ် အခြေတည်အဆင့်ကို ရောက်သွားပြီလား ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်တရှား ဖြစ်နေသောကြောင့် မည်သည့်ကျင့်ကြံခြင်းအဆင့်သို့ ရောက်နေမှန်း သူ့ကိုယ်သူပင် မသိတော့ပေ။ သို့သော် သူ ရှင်းရှင်းလင်းလင်း သိနေသည့် အချက်တစ်ချက်တော့ ရှိပေသည်။ ယခင်တုန်းက သူသည် အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပါသော်လည်း ယခုတွင်မူ သူသည် သူတို့အား ယှဉ်နိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်နေ၏။
ထို့အပြင် သူ၏ ဆွေ့ရှင်းပေါင်အကြောင်းကို တွေးမိလိုက်တော့အခါ ပို၍ပင် စိတ်လှုပ်ရှားသွားရ၏။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်း ရှုလိုက်ပြီး သူ၏လက်သီးအား ဖြည်းညင်းစွာ ဆုပ်လိုက်၏။ သူသည် ဆွေ့ရှင်းပေါင်ကျောက်စိမ်းပေလွှာထဲတွင် ရေးထားသော ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်လိုက်ပြီး နည်းပြအဘိုးကြီး လက်တွေ့ပြသခဲ့သည်ကို နှစ်ကြိမ်တိတိ ကြည့်ရှုပြီးနောက် သူနားလည်ခဲ့သည့် အချက်များနှင့် ပေါင်းစည်းလိုက်၏။ ထို့အပြင် သူ ကိုးလက်မဝိညာဉ်အမြစ်အဖြစ် ရှိနေခဲ့စဉ်တုန်းက သင်ယူတတ်မြောက်ခဲ့သည့် ဒီရေလှိုင်းပညာရပ်ကိုပါ ထည့်သွင်း ပေါင်းစည်းလိုက်တော့သည်။
သူ၏ လက်သီးကိုဆုပ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်မှာ ကြိမ်ဖန်များစွာ စည်းချက်ညီစွာ တုန်ရီသွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်အား ဗဟိုချက်အဖြစ်သတ်မှတ်၍ သူ၏ခန္ဓာကိုယ်ထဲမှ ဒီရေစွမ်းအင်လှိုင်းများ ပျံ့နှံ့ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ အထိန်းအကွပ်မဲ့စွာနှင့် လေးတစ်ခုအသွင် ကွေးညွှတ်သွား၏။ သူသည် ကျွမ်းကျင်မှု မရှိသေးသောကြောင့် ဆွေ့ရှင်းပေါင်ကို ထုတ်သုံးခြင်းနှင့် မတူဘဲ သူ၏စွမ်းအင်များကို စုစည်းသိုလှောင်ထားနေသကဲ့သို့ ဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ အကြိမ်အနည်းငယ်ခန့် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူ၏အပြင်ခန္ဓာကိုယ်မှာ ဆက်လက်တောင်ခံနိုင်စွမ်းမရှိတော့သဖြင့် ရုတ်တရက်ဆိုသလို ခေါင်းမော့လာတော့သည်။ ထို့နောက် လေးကြီးတစ်ခုပုံစံ ဖြစ်နေသော သူ၏ခန္ဓာကိုယ်မှာလည်း တောင့်တင်းနေရာမှ ရုတ်ခြည်းဆိုသလို ပြေလျော့သွားတော့သည်။
သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားအကုန်လုံးမှာ အရှိန်အဟုန်ဖြင့် ရိုက်ခတ်လာသော လှိုင်းလုံးကြီးတစ်လုံး သို့မဟုတ် လေးမှ ပစ်လွှတ်လိုက်သော မြားတစ်ချောင်းကဲ့သို့ ဖြစ်သွား၏။ ထိုစွမ်းအားများမှာ သူ၏ညာလက်ထဲတွင် စုဝေးသွားပြီး သူသည် ရှေ့တွင်ရှိနေသော ဟင်းလင်းပြင်ကြီးကို ထိုးနှက်လိုက်တော့သည်။
ထိုအခါ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့၏ လက်သီးချက်နှင့်အတူ သူ့အတွက် အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းသော ပြင်အားကြီးတစ်ခုလည်း ပေါက်ကွဲထွက်ပေါ်လာသည်။ သူ၏ရှေ့တွင်ရှိနေသော သစ်ပင်ပန်းမန်များ အားလုံးမှာလည်း မျက်လုံးဖြင့်မမြင်နိုင်သော လက်ကြီးတစ်ဖက်က ၎င်းတို့အား အားပါပါ ဆွဲနှုတ်သွားသည့်အလား ချက်ချင်းပင်ခြောက်သွေ့သွားကြတော့သည်။ ထို့နောက် ဧရာမဝဲကြီးတစ်ခု ပေါ်လာသဖြင့် လေပြင်းများ စတင်တိုက်ခတ်လာပြီး အရပ်မျက်နှာအနံ့သို့ ပျံ့နှံ့သွားတော့သည်။
ထိုအချင်းအရာအားလုံးပြီးဆုံးသွားသောအခါ ဝမ်ပေါင်လဲ့မှာ နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားပြီး အသက်ပင် မှန်မှန် မရှူနိုင်တော့ဘဲ သစ်ပင်တစ်ပင်ပေါ်၌ မှီနေလိုက်တော့သည်။ ထိုလက်သီးချက်ကြောင့် သူ၏စွမ်းအင်အားလုံး ကုန်ခမ်းသွားခဲ့ပါသော်လည်း သူ၏မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများနှင့် အံ့အားသင့်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏။
သူ၏ရှေ့တွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားခဲ့သည်အလား ပေတစ်ရာခန့် ကျယ်ဝန်းသော ချိုင့်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုပြင်းအားမှာ မီးနတ်ဘုရားအမြောက်နှင့်ပင် အတိုင်းတာတစ်ခုအထိ ဆင်တူနေသည်ဟုပင် ဆိုနိုင်သည်။
ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်ဓာတ်တက်ကြွသွားပြီး သူ၏ ပြည်ထောင်စုမြို့တော်ထဲရှိ စွန့်စားခန်းများထဲမှ အကျိုးအမြတ်များစွာ ရရှိခဲ့ပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူသည် သူ၏အပြင်ခန္ဓာကိုယ်အား ပို၍ သန်မာလာအောင် လုပ်နိုင်ခဲ့ရုံသာမက ဝှက်ဖဲတစ်ချပ်ကိုပါ ရရှိလိုက်ပြီမဟုတ်ပါလော။
သူသည် အနားယူလိုက်ပြီးမှ စစ်တပ်စခန်းဆီသို့ ပျော်ရွှင်ဝမ်းမြောက်စွာ ပြန်သွားလိုက်၏။ ထိုစခန်းထဲ၌ တစ်ညတာ အနားယူပြီးနောက် နောက်နေ့မနက်ခင်းအချိန်တွင် အုပ်စုဖွဲ့ လေ့ကျင့်ခန်းအတွက် အချက်ပေးခေါင်းလောင်းသံ မြည်ဟည်းထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာလည်း ချက်ချင်းပင် အိပ်ရာမှထလာပြီး ပျိုးပင်အားလုံး စုဝေးနေသော အလုံပိတ်နယ်မြေထဲသို့ ပြေးသွားလိုက်တော့သည်။
သူ ပျက်ကွက်ခဲ့သည့် နေ့ရက်များတွင် စစ်တပ်ဘက်မှလူများမှာ သူ့အား ခွင့်ပေးရန် တောင်းဆိုခဲ့သဖြင့် နည်းပြအဘိုးကြီးကလည်း သဘောတူခဲ့၏။ ဝမ်ပေါင်လဲ့မှာ အလုံပိတ်နယ်မြေထဲရှိ ပြည်သူ့ရင်ပြင်ထဲသို့ ရောက်လာသောအခါ ထိုနေရာသို့ ပြေးလာကြသော အခြားပျိုးပင်များနှင့် ချက်ချင်းပင် ရင်ဆိုင်လိုက်ရ၏။
” ဝမ်ပေါင်လဲ့ ”
သူတို့မှာ ဝမ်ပေါင်လဲ့အား ရက်အနည်းငယ်ခန့်ကြာအောင် မတွေ့ခဲ့ရသဖြင့် ယခုတွင် သူတို့၏ နှလုံးသားများထဲ၌ အမုန်းတရားများ ပြန်လည်ပေါ်ထွက်လာကြပြီး သူတို့၏ မျက်ဝန်းများမှာလည်း အေးစက်သွား၏။ ဝမ်ပေါင်လဲ့မှာမူ ချောင်းဟန့်လိုက်ပြီး အခြားသူများနှင့် ဆက်လက်ယှဉ်ပြိုင်နေရန် မလိုတော့ကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် သူတို့၏မျက်ဝန်းများထဲရှိ အေးစက်စက် အကြည့်များကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
” မင်းတို့နဲ့ မတွေ့ရတာတောင် ကြာသွားပြီနော် ”
ဝမ်ပေါင်လဲ့က ရယ်မောကာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့အား နှုတ်ဆက်လိုက်ပြီး သူတို့ဆီသို့ လျှောက်လှမ်းသွားလိုက်၏။
” ပေါင်လဲ့။ မင်း ဂရုစိုက်မှဖြစ်မယ်။ သူတို့အားလုံးက မင်းကို တိုက်ခိုက်ဖို့ ပူးပေါင်းထားကြတာ ”
ကျိုးရိဖန်က လေသံတိုးတိုးဖြင့် သတိပေးလိုက်၏။
Good