Switch Mode

အခန်း ( ၂၁၉ )

ငါ့ဟာကွ

ထိုလူအုပ်ကြီး ရောက်ရှိလာချိန်တွင် ဝမ်ပေါင်လဲ့မှာ ပြည်သူ့ရင်ပြင်ထဲ၌ ရောက်နေပြီဖြစ်သည်။ သူသည် သူ၏လက်နှစ်ဖက်အား စိတ်အားထက်သန်စွာဖြင့် ဝှေ့ယမ်းပြလိုက်ပြီး သူ့အား ဒေါသတကြီးစိုက်ကြည့်နေကြသော ပြည်ထောင်စုပျိုးပင်အားလုံးကို လှမ်း၍ နှုတ်ဆက်လိုက်သည်။

” မင်္ဂလာရှိသော မနက်ခင်းပါ ”
ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွနေ၏။ တစ်ညတာ တရားထိုင်ကာ ဆေးလုံးအား သူ၏ခန္ဓာကိုယ်စနစ်နှင့် တစ်သားတည်း ပူးပေါင်းသွားစေလိုက်ပြီးနောက် သူ၏အပြင်ခန္ဓာကိုယ်၏ စွမ်းအားမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သို့သော် ဆေးလုံးမှာ တစ်လုံးတည်းရှိနေသောကြောင့် ထိုပြောင်းလဲမှုမှာ တစ်ဝက်အထိသာ ပြီးဆုံးသေးသည်ဖြစ်ပြီး ထိပ်ဆုံးအဆင့်အထိ မရောက်နိုင်သေးပေ။

” ငါ နောက်ထပ် ဆေးတစ်လုံးသာ ထပ်ပြီး ရမယ်ဆိုရင် ငါ့အပြင်ခန္ဓာကိုယ်က လုံးဝပြောင်းလဲသွားတော့မှာ။ အဲဒီလို ပြောင်းလဲသွားတဲ့အချိန်ကျရင် ငါ ဘယ်လိုများ ဖြစ်သွားမလဲမသိဘူး ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သဖြင့် အနည်းငယ်ခန့် နောင်တရသွား၏။ သို့သော် နေရာအနည်းငယ်၌သာ ပြောင်းလဲသွားပါသော်လည်း သူ၏အပြင်ခန္ဓာကိုယ်စွမ်းအားမှာ ယခင်ကထက်ပို၍ သိသိသာသာ တိုးတက်လာပြီဖြစ်ပြီး နှစ်ဆတိတိ မြင့်တက်သွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် ထို ခန္ဓာအားဖြည့်လွတ်လပ်ခြင်းဆေးလုံးမှာ အလွန်အင်မတန်မှ အထင်ကြီးစရာကောင်းကြောင်း သိရှိလိုက်ရသလို တစ်လုံးတည်းသာ ရှိသည့်အတွက်လည်း နောင်တကြီးစွာရသွားရတော့သည်။

” ဝမ်ပေါင်လဲ့ ”
လူအုပ်ကြီးရောက်ရှိလာပြီး လီယီမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ဘဲ အော်ခေါ်လိုက်၏။

အခြား ပြည်ထောင်စုပျိုးပင်များမှာလည်း အေးစက်စက်မျက်ဝန်းများနှင့် စိုက်ကြည့်နေကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့အား ထိုနေရာ၌ ချက်ချင်းပင် သင်ခန်းစာကောင်းကောင်းတစ်ခုပေးရန် ဆန္ဒရှိကြပါသော်လည်း သိပ်မကြာခင် နည်းပြကြီး ရောက်လာတော့မည်ဖြစ်ကြောင်းကို သိထားကြသည်။ ထို့ကြောင့် မည်သူကမှ ဝမ်ပေါင်လဲ့အတွက် စည်းမျဉ်းများကို ချိုးဖောက်ရန် ဆန္ဒမရှိကြပေ။

သို့သော် သူတို့အားလုံးမှာ ဆွေးနွေးတိုင်ပင်ထားကြသည်ဖြစ်ပြီး လေ့ကျင့်ခန်းပြီးဆုံးသည့်နေ့တွင် ဝမ်ပေါင်လဲ့အား မနေ့တုန်းကအတိုင်း ထွက်ပြေးလွတ်မြောက်ခွင့် လုံးဝပေးမည်မဟုတ်ကြောင်း သဘောတူထားကြ၏။ နည်းပြကြီး ထွက်ခွာသွားသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံးမှာ ပူးပေါင်း၍ ဝမ်ပေါင်လဲ့အား တိုက်ခိုက်ကြမည်ဖြစ်သည်။

ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြရင်း သူတို့ကိုယ်သူတို့ထိန်းချုပ်ကာ နည်းပြကြီးကို စောင့်ဆိုင်းနေကြတော့သည်။

ထိုကဲ့သို့ ဖော်ရွေမှုမရှိသော အကြည့်များကြောင့် ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်မိသွားပြီး သူ့ပြိုင်ဘက်များ၏ တိုက်ခိုက်ရည်စွမ်းအားများကို အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်။ သူသည် လူအ‌ယောက် ကိုးဆယ်ကျော်နှင့် ရင်ဆိုင်ရမည်ဖြစ်ရာ အကယ်၍ သူ့ရှုံးနိမ့်သွားခဲ့လျှင်တောင် ရှက်စရာလုံးဝမရှိပေ။ ထို့ကြောင့် သူသည် လက်ရှိအခြေအနေအား ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုခုကို စတင်တွေးတောနေလိုက်တော့သည်။ သို့သော် သူ အကြံတစ်ခုတလေပင် မစဉ်းစားနိုင်ခင်မှာပင် နည်းပြအဘိုးကြီးမှာ ခပ်လှမ်းလှမ်းမှနေ၍ ရောက်ရှိလာသောကြောင့် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း သူ၏အတွေးများကို ချက်ချင်းပင် ပြန်လည်စုစည်းလိုက်ပြီး ခေါင်းမော့ရင်ကော့၍အကြီးအကဲကြီးအား ကြည့်နေလိုက်တော့သည်။

လူအုပ်ကြီးမှာ သူ့အားစိုက်ကြည့်နေကြစဉ် အဘိုးကြီးမှာ လက်နှစ်ဖက်ကိုနောက်ပစ်‌၍ လျှောက်လှမ်းလာ၏။ သူသည် တစ်ယောက်တည်းဖြစ်ပြီး ပြည်ထောင်စုပျိုးပင်များ၏ရှေ့တွင် ရပ်လိုက်ပြီးနောက် ထိုလူငယ်လေးများကို ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ သူ့အား စိုက်ကြည့်လိုက်၏။

” မင်းတို့တွေအကုန်လုံး ကျောက်စိမ်းပေလွှာထဲက လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကို မြင်ပြီးပြီမလား။ ဒီနေ့ ငါ မင်းတို့ အားလုံး ဆွေ့ရှင်းပေါင်ကို ဒုတိမြောက်အကြိမ်အဖြစ် ကြည့်နိုင်အောင်လို့ ငါ ပြပေးမယ် ”
အဘိုးကြီးမှာ ထိုကဲ့သို့တည်ငြိမ်စွာ ဆိုလိုက်ပြီး နောက်သို့လှည့်ကာ သူ၏ညာလက်ကို မြှောက်လိုက်၏။ ထို့နောက် သူသည် ထိုကျောက်စိမ်းပေလွှာကို ဆုပ်ကိုင်လိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်၍ လက်သီးဖြင့် ထိုးနှက်လိုက်တော့သည်။

ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ မနေ့က လက်တွေ့ပြမှုထက် ပို၍နှေးကွေးနေသည့်ပုံ ပေါက်နေ၏။ လူအုပ်ကြီးမှာ မျက်တောင်မခတ်တမ်း ကြည့်ရှုနေကြပြီး အသေးစိတ်အချက်အလက်အားလုံးကို သေသေချာချာ အကဲခတ်နေကြ၏။ ကောင်းကင်ယံတွင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာသောအခါ ကြောက်မက်ဖွယ်ရာ ဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီး ဟင်းလင်းပြင်ကြီးတစ်ခုလုံးကို ဆုတ်ဖြဲပစ်နေသည့်အလား အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့အပါအဝင် ပျိုးပင်များအားလုံး အံဩတုန်လှုပ်သွားကြပြီး သူတို့၏ မျှော်လင့်ချက်များမှလည်း ပိုမိုကြီးထွားလာကြတော့သည်။

အဘိုးကြီးအား အလယ်ဗဟိုအဖြစ် သတ်မှတ်၍ တိုက်ခတ်နေသော လေပြင်းများမှာ ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားသဖြင့် လူတိုင်း၏ ဆံပင်များနှင့် အဝတ်အစားများမှာ လေထဲတွင် တလူလူလွင့်နေကြပြီး သူတို့၏ ခန္ဓာကိုယ်များကိုလည်း နောက်သို့ အလိုလို ဆုတ်မိသွားကြ၏။

ထိုဝဲကြီး လွင့်ပါးပျောက်ကွယ်သွားပြီး လေပြင်းများ ငြိမ်သက်သွားသောအခါမှသာ ထိုအဘိုးကြီးမှာ သူ၏ ဆုပ်ထားသောလက်သီးကို ပြန်လည် ဖြေလျော့လိုက်၏။ သူသည် လူတိုင်းအား ဖျတ်ခနဲ ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ဆွေ့ရှင်းပေါင်၏ အသေးစိတ်အချက်အလက်များနှင့် ပညာရပ်များအကြောင်းကို မိတ်ဆက်ပေးလိုက်တော့သည်။

ထိုအခိုက်အတန့်တွင် ပျိုးပင်များအားလုံးမှာ သူတို့နှင့် ဝမ်ပေါင်လဲ့၏ကြားတွင် ရှိနေသော ပဋိပက္ခအားလုံးကို မေ့ပျောက်သွားသည့်ပုံပင်။ သူတို့အားလုံးမှာ အာရုံအပြည့် စူးစိုက်ထားကြပြီး အဘိုးကြီး၏ စကားများနှင့် မနေ့က သူတို့လေ့လာသိရှိခဲ့ရသော အချက်အလက်များကို ပေါင်းစည်းလိုက်ကြပြီး ရေမြှုပ်များကဲ့သို့ ထိုအချက်အလက်များအား သူတို့၏ ဦးနှောက်များထဲသို့ စုပ်ယူမှတ်သားလိုက်တော့သည်။

သူတို့မှာ အခြားလူပေါင်းများစွာနှင့် မတူညီဘဲ ကွဲထွက်နေကြသည်ဖြစ်ရာ သူတို့၏ ဉာဏ်ပညာများမှာလည်း ထူးချွန်ထက်မြက်ပေသည်။ ထိုအခိုက်အတန့်တွင် သူတို့ထဲမှ အများစုမှာ စိတ်လှုပ်ရှားနေသည့်ပုံ ပေါက်နေကြ၏။ အကြီးအကဲကြီး၏ စကားများနှင့် သူတို့ နားလည်ထားသောအရာများကို ပေါင်းစည်းယှဉ်တွဲနိုင်စွမ်း ရှိသွားသောကြောင့် သူတို့မှာ ဆွေ့ရှင်းပေါင်အကြောင်းကို ပို၍ နားလည်လာကြတော့သည်။

ထိုအဘိုးကြီးမှာ စေ့စေ့စပ်စပ် ရှင်းပြနေပြီး နာရီဝက်တိတိ ကုန်ဆုံးသွားပြီးနောက် သူ၏ သင်ခန်းစာများကို အဆုံးသတ်လိုက်တော့သည်။ ထို့နောက် သူသည် လူအုပ်ကြီးအား ဖျတ်ခနဲကြည့်လိုက်ပြီး သူ၏ညာလက်အား မြှောက်ကာ နောက်ထပ် ခန္ဓာအားဖြည့်ဆေးလုံးတစ်လုံးကို ထုတ်ပြလိုက်ပြန်သည်။

ထိုဆေးလုံး ထွက်ပေါ်လာမှုမှာ လူအုပ်ကြီး၏ အာရုံကို ချက်ချင်းပင် ဖမ်းစားလိုက်၏။ သူတို့မှာ အသက်ရှူသံများ မြန်လာကြတော့သည်။ သူတို့မှာ ထိုဆေးလုံး၏ အာနိသင်အစစ်အမှန်ကို နားမလည်သည့်တိုင်အောင် နည်းပြကြီးကိုယ်တိုင် ထိုဆေးလုံးအား တခမ်းတနား ထုတ်ပြခဲ့သည်ဖြစ်ပြီး သူတို့ထဲမှ တစ်ယောက်သာ ၎င်းအား ရရှိနိုင်မည်ဖြစ်သောကြောင့် ၎င်းမှာ အလွန်အင်မတန်မှ အဖိုးတန်ရမည်မှာ သေချာပေသည်။

တချိန်တည်းမှာပင် သူတို့အားလုံးမှာ မနေ့ညက သူတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများဆီသို့ ဆက်သွယ်ခဲ့ပြီး ထိုဆေးလုံးအကြောင်းကို မေးမြန်းခဲ့ကြ၏။ သူတို့ရရှိခဲ့သောအဖြေများကြောင့် သူတို့၏ ဝမ်ပေါင်လဲ့အပေါ် ထားရှိသော အမုန်းတရားများမှာ ပိုမိုကြီးထွားလာရုံသာမက သူတို့၏ နှလုံးသားများထဲ၌ ထိုဆေးလုံးအား ပိုင်ဆိုင်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာရတော့သည်။

” နောက်ထပ်ဆေးလုံးတစ်လုံး ရှိသေးတာပဲ ”

” ငါ တာအိုကျောင်းကို ဒီဆေးလုံးအကြောင်း မေးပြီးသွားပြီ။ လက်ရှိ ပြည်ထောင်စုကြီး တစ်ခုလုံးထဲမှာ အဲဒီဆေးလုံးက အလုံးငါးဆယ်တောင် မရှိဘူးတဲ့ ”

” ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးတာက ဒီဆေးလုံးရဲ့ ဒုတိယအာနိသင်ပဲ။ အဓိက အာနိသင်က အပြင်ခန္ဓာကိုယ်ရဲ့ စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်တာကွ။ အဲဒီဆေးလုံးတွေ အများကြီးကို သောက်လိုက်မယ်ဆိုရင် ရှေးခေတ်ဒဏ္ဍာရီတွေက နတ်ဘုရားတွေရဲ့ အပြင်ခန္ဓာကိုယ် အခြေခံတစ်ခုကို တည်ဆောက်နိုင်စွမ်းရှိသွားမှာ ”

ပြည်ထောင်စုပျိုးပင်များမှာ အစတုန်းက စိတ်ပျက်အားလျော့နေကြပါသော်လည်း ထိုဆေးလုံးကို မြင်လိုက်ရသောအခါ ရုတ်တရက်ဆိုသလို မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာတော့သည်။ သူတို့၏ မျက်လုံးများထဲရှိ ရူးသွပ်မှု အရိပ်အရောင်များမှာ ပိုမို တောက်ပလာကြ၏။ ဝမ်ပေါင်လဲ့ပင်လျှင် အသာများတုန်ရီသွားရသည်။ သူသည် အစတုန်းက သူနှင့် အခြားကျောင်းသားများကြားရှိ တင်းမာမှုများကို ဖြေလျော့ရန် ရည်ရွယ်ထားခဲ့၏။ နေ့တိုင်းနေ့တိုင်း ညအချိန်သို့ရောက်လျှင် အခြားနေရာတစ်ခု၌ သွားနေခြင်းမှာ သင့်တော်မှုမရှိသည် မဟုတ်ပါလော။

ထို့အပြင် သူသည် အခြားလူများနှင့် ရန်သူများမဖြစ်လိုပေ။ သို့သော် ဒုတိယမြောက် ခန္ဓာအားဖြည့်လွတ်လပ်ခြင်းဆေးလုံးကို အဘိုးကြီး ထုတ်ပြလိုက်သည်နှင့် တစ်ပြိုင်နက် ထိုအတွေးများအားလုံးမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားတော့သည်။ သူ၏အသိစိတ်ထဲတွင် အတွေးတစ်ခုသာ ရှိနေတော့သည်။ ၎င်းမှာ…

” ငါ့ဟာကွ ”
ဝမ်ပေါင်လဲ့၏ အမူအရာမှာ ရက်စက်ကြမ်းကြုတ်သွားပြီး သူ၏အသက်ရှူသံများမှာ မြန်ဆန်လာတော့သည်။ ထို့နောက် သူသည် ချက်ချင်းပင် သူ၏ဓားအိမ်ကို အသုံးပြုကာ သူ၏ အစွမ်းထက်ဆုံးတိုက်ကွက်ကြီးကို ထုတ်သုံးရန်ပြင်လိုက်တော့သည်။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ မလုပ်နိုင်ခင် အဘိုးကြီး၏အသံက အရပ်မျက်နှာအနှံ့သို့ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားတော့သည်။

” ဒါ မင်းတို့တွေ ဒီနေရာမှာ ရနိုင်မယ့် နောက်ဆုံး ဆေးလုံးပဲ။ စည်းမျဉ်းတွေက အရင်ကနဲ့ တူတူပဲ။ နေမဝင်ခင်အချိန်အထိ ဒီနေရာမှာ နောက်ဆုံးမတ်တတ်ရပ်နေနိုင်တဲ့လူက ဒီဆေးလုံးကို ရရှိမှာဖြစ်တယ် ”
ဝမ်ပေါင်လဲ့ကြောင့်သာ မဟုတ်ပါက အဘိုးကြီးမှာ ထိုမျှလောက်နှင့် စကားဆုံးသွားပြီး ထွက်ခွါသွားမည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် နောက်ထပ်စကားတစ်ခွန်း ထပ်ပြောလိုက်ရ၏။

” ဘယ်ခြင်ကိုမှ သုံးလို့မရဘူး ”

သူ၏စကားများကြောင့် ပျိုးပင်များမှာ ချက်ချင်းပင် စိတ်ကျေနပ်သွားကြပြီး နည်းပြကြီးမှာ လုံးဝဘက်လိုက်မှုမရှိဘဲ ဆုံးဖြတ်ချက်ချရာ၌ သမာသမတ်ကျသည်ဟု မှတ်ယူလိုက်ကြ၏။ သူတို့မှာ ထိုကဲ့သို့ စိတ်လှုပ်တရှားဖြစ်နေကြစဉ် လူတစ်ယောက်က အော်ပြောလိုက်၏။

” အရင်ဆုံး ဝမ်ပေါင်လဲ့ကို ချေမှုန်းကြတာပေါ့ ”

ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် အရုပ်ဆိုးသွားတော့သည်။ သူ့အား လူအယောက်တစ်ရာက ဖော်ရွေမှုမရှိသော အကြည့်များဖြင့် ကြည့်နေကြသည်ကို သတိထားမိလိုက်၏။ သူတို့မှာ သူတို့၏ မူလအစီအစဉ်အတိုင်း ဆောင်ရွက်ကာ လက်စားချေနိုင်ရန်အတွက် သူ့အား သတ်ဖြတ်ရန် သင့်၊မသင့် တွေးတောနေကြသည့်ပုံပင်။

နည်းပြအဘိုးကြီးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ခပ်ယဲ့ယဲ့မျှ ပြုံးလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ပေါက်ဆီသို့ ထွက်ခွာသွားတော့သည်။ သူသည် ပြည်ထောင်စု ဝန်ထမ်းတစ်ယောက်သာဖြစ်ပြီး စစ်တပ်ဘက်မှ မဟုတ်သောကြောင့် မည်သူ့ကိုမှ ဘက်လိုက်နေခြင်းမရှိပေ။

သို့သော် သူ ထွက်ခွာသွားရန်ပြင်လိုက်ပြီး လူအုပ်ကြီးမှာ ဝမ်ပေါင်လဲ့ဆီသို့ ပြေးဝင်လာရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်ကာ လက်ဦးမှု ရယူလိုက်ပြီး သူ၏ညာလက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ ရုပ်သေးရုပ် နတ်ဘုရားရတနာ မြောက်များစွာ ထွက်ပေါ်လာကြတော့သည်။ ထိုရုပ်သေးရုပ်များထဲတွင် အမျိုးသားများသာမက အမျိုးသမီးများပါ ပါဝင်ကြသလို တချို့မှာ ဝမ်ပေါင်လဲ့နှင့် တစ်ထေရာတည်း တူနေ၏။ ငွေရောင် ဝိညာဉ်ကတ်ပြားကြောင့် ဝမ်ပေါင်လဲ့မှာ ပြုပြင်မှုများ ပြုလုပ်နိုင်ခဲ့သဖြင့် သူ့တွင် ရှိသော ရုပ်သေးရုပ် အရေအတွက်ကို ရာဂဏန်းအထိ တိုးလာအောင် မြှင့်တင်နိုင်ခဲ့၏။

ဝမ်ပေါင်လဲ့မှာ ၎င်းတို့ထဲမှ တစ်ဝက်ကျော်ကို ထုတ်ယူလိုက်သောကြောင့် ပြည်သူ့ရင်ပြင်ထဲရှိ လူတိုင်း ချက်ချင်းဆိုသလိုပင် အံ့သြတုန်လှုပ်သွားရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြတော့သည်။ ဝိညာဉ်အမြစ်ရွာထဲ၌ ထိုရုပ်သေးရုပ်များ၏ ပွေ့ဖက်ခြင်းကို ခံခဲ့ရသော လီယီနှင့် အပေါင်းအပါများဆိုလျှင် အတုန်လှုပ်ဆုံး ဖြစ်နေကြ၏။

လီယီမှာ ထိုရုပ်သေးရုပ်များထဲမှ အနည်းငယ်မျှသာ အမှန်တကယ် ကြောက်စရာကောင်းသည်ကို သိထားပါသော်လည်း ချက်ချင်းဆိုသလိုပင် ဦးရေခွံများ ထုံကျဥ်သွားရပြီး နောက်သို့ချက်ချင်းပင်ဆုတ်ခွာသွားတော့သည်။ သို့သော် ကျောင်းသားအများစုမှာ အံ့သြတုန်လှုပ်နေကြသည့်တိုင်အောင် ထိုရုပ်သေးရုပ်များ မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းနိုင်ကြောင်းကို မသိသေးပေ။

သို့သော် ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ဓာတ် ပြတ်သားမှုအပြည့်ဖြင့် အော်ဟစ်လိုက်သော စကားများကြောင့် သူတို့မှာ ” အရှက်မရှိမှု ” ဟူသော စကားလုံး၏ အဓိပ္ပါယ်အစစ်အမှန်ကို နားလည်သွားကြတော့သည်။

” သူတို့အားလုံးကို တစ်ယောက်မကျန် ပွေ့ဖက်လိုက်ကြစမ်း။ တစ်ယောက်ယောက်က ရုန်းကန်ဖို့ကြိုးစားရင် သူတို့ရဲ့ အဝတ်တွေကို ဆုတ်ဖြဲပစ် ”
ဝမ်ပေါင်လဲ့၏ အမိန့်ပေးသံ ပဲ့တင်ထပ်သွားသောအခါ ဘေးနားတစ်ဝိုက်ရှိ ရုပ်သေးရုပ် နတ်ဘုရားရတနာများမှာ ချက်ချင်းပင် နိုးထလာကြပြီး ဘေးပတ်ပတ်လည်ရှိ ကျောင်းသားများဆီသို့ ပြေးသွားကြတော့သည်။

ရုပ်သေးရုပ်များမှာ ချက်ချင်းပင် ရှေ့သို့ ပြည့်ထွက်လာကြပြီး တိုက်ခိုက်လိုက်ကြသောကြောင့် လူတိုင်း ကြောက်လန့်တကြား ဖြစ်ကုန်ကြတော့သည်။ ဝမ်ပေါင်လဲ့မှာ ထိုရုပ်သေးရုပ်များကို အထူးတလည် ဖန်တီးထားခြင်းဖြစ်ရာ ၎င်းတို့၏ မာကျောမှုများနှင့် ပွေ့ဖက်ခြင်းစွမ်းရည်များမှာ အလွန်အင်မတန်မှ အံ့သြဖွယ်ရာကောင်းသောကြောင့် ၎င်းတို့၏ တိုက်ရည်ခိုက်ရည်များမှာ အတော်အသင့် နိမ့်ကျနေသည့်တိုင်အောင် ၎င်းတို့ထံမှ လွတ်မြောက်ရန်မှာ မဖြစ်နိုင်ပေ။

ထိုရုပ်သေးရုပ်များမှာ များပြားလွန်းနေသောကြောင့် အနည်းဆုံး ရုပ်သေးရုပ် သုံးရုပ်မှာ ကျင့်ကြံသူတစ်ယောက်အား ဝိုင်းထားကြ၏။ ထိုသို့ဖြင့် အရာအားလုံး ပရမ်းပတာ ဖြစ်သွားကြတော့သည်။

တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့က ရှေ့သို့ အလျင်အမြန် ပြေးထွက်လာ၏။ ထို့နောက် သူသည် ရုပ်သေးရုပ်များ၏ ပွေ့ဖက်ခြင်း ခံထားရသူများ၏ ခေါင်းကို ထုနှက်လိုက်သောကြောင့် သူတို့အားလုံးမှာ ချက်ချင်းပင် သတိလစ်သွားကြတော့သည်။

ထိုအဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ တအုန်းအုန်းမြည်သံများဖြင့် ပဲ့တင်ထပ်နေပြီး အရပ်မျက်နှာအနှံ့မှ ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးသံများ ထွက်ပေါ်လာကြသောကြောင့် နည်းပြအဘိုးကြီးမှာ ထိုကဲ့သို့ ပရမ်းပတာဖြစ်နေသော မြင်ကွင်းအား ရပ်ကြည့်ရင်း ဆွံ့အနေရတော့သည်။

” ဝမ်ပေါင်လဲ့။ မိစ္ဆာမျိုးမစစ်ကောင် ”

” ဝမ်ပေါင်လဲ့…. နင် စောင့်နေဦးပေါ့။ အရှက်မရှိလိုက်တာ ”

” ဘုရားရေ။ ဘာလို့ဒီကောင်ဆီမှာ ရုပ်သေးရုပ်တွေ အများကြီး ရှိနေရတာလဲ။ တောက်ကွာ။ ဘာကိစ္စနဲ့များ သူက ဒီလို ရုပ်သေးရုပ်တွေကို အကြောင်းမဲ့ ဖန်တီးထားရတာလဲဟ ”

ထိုကဲ့သို့ ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးသံများ ထွက်ပေါ်လာစဉ် ဝမ်ပေါင်လဲ့၏ တိုက်ကွက်များမှာလည်း ပိုမိုမြန်ဆန်လာ၏။ တချိန်တည်းမှာပင် ထိုရုပ်သေးရုပ်များမှာ ဝမ်ပေါင်လဲ့၏ အမိန့်များကို အမှားအယွင်းမရှိ ဆောင်ရွက်ကာ ကျင့်ကြံသူများအား ပွေ့ဖက်ရင်း သူတိူ့၏ အဝတ်အစားများကို ဆွဲချွတ်နေကြတော့သည်။

ထို့ကြောင့် လူအများစုနှင့် အထူးသဖြင့် အမျိုးသမီးကျင့်ကြံသူများမှာ ဒေါသထွက်ကာ ကြောက်ရွံ့နေကြသည်တိုင်အောင် မခုခံရဲကြတော့ပေ။ ဝမ်ပေါင်လဲ့မှာ သူတို့၏ ခေါင်းများကို ထုနှက်လိုက်ပြီးနောက် သူတို့မှာ ချက်ချင်းပင်သတိလစ်သွားကြတော့သည်။ ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ ငါးမိနစ်မျှသာ ကြာလိုက်ပြီး နောက်ဆုံးတွင် ဝမ်ပေါင်လဲ့တစ်ယောက်သာ မတ်တတ်ရပ်နေတော့သည်။

ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာမူ သူတို့၏အနားသို့ မည်သည့်ရုပ်သေးရုပ်မှ ရောက်မလာသည့်တိုင်အောင် ရှုံ့မဲ့မဲ့ရယ်မောကာ တင်ပျဉ်ခွေ ထိုင်ချလိုက်ကြ၏။ သူတို့မှာ ထိုဆေးလုံးကို လိုချင်ပါသော်လည်း ဝမ်ပေါင်လဲ့အကြောင်းကို ကောင်းကောင်းသိထားကြသည်ဖြစ်ရာ သူ့အား ယှဉ်နိုင်မည်မဟုတ်ကြောင်း နားလည်ထားကြပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset