ဝမ်ပေါင်လဲ့မှာ သူ့ဘေးပတ်ပတ်လည်မှ လူများ၏ အကြည့်များကို လျစ်လျူရှူလိုက်၏။ ထို့နောက် သူ၏လက်နှစ်ဖက်ကို နောက်ပစ်၍ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့အား ကြည့်လိုက်တော့သည်။ သူတို့နှစ်ယောက်မှာ ပြဿနာ၏ မူလဇစ်မြစ်ကို သိသွားကြပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြ၏။
ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး သူ၏ ပတ်ပတ်လည်ရှိလူများ ဒေါသတကြီးနှင့် နာကျည်းစွာ အော်ဟစ်မြည်တမ်းနေကြစဉ် ရှက်ကိုးရှက်ကန်းနှင့် ရှင်းပြလိုက်၏။
” အဲ…. ရိဖန်၊ ယမုန့် … ငါတို့က ဘော်ဒါအရင်းကြီးတွေလေကွာ။ မင်းတို့နားလည်မှာပါ…. ”
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဘေးပတ်ပတ်လည်ရှိ ကုတ်ဖဲ့နေကြသူများမှာ အမျက်ချောင်းချောင်းထွက်နေသော မျက်ဝန်းများဖြင့် ကျယ်လောင်စွာ အော်ဟစ်ကြိမ်းဝါးလိုက်ကြတော့သည်။
” ဝမ်ပေါင်လဲ့။ မင်းက လုံးဝကို အရှက်မရှိတာပဲ ”
” ဝမ်ပေါင်လဲ့။ ဒီလောက်နဲ့ ပြီးသွားလိမ့်မယ်လို့ မထင်နဲ့ ”
” အရှက်မရှိတဲ့ကောင်။ ရွံဖို့ကောင်းတဲ့ကောင်။ ငါ နင့်ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး ”
လီယီနှင့် အပေါင်းအပါများမှာလည်း ဒေါသတကြီး အော်ဟစ် ကြိမ်ဝါးနေကြတော့သည်။
ရန်ငြိုးဟောင်းများနှင့် ယခုမှ အသစ်ထွက်ပေါ်လာသော မုန်းတီးမှုများမှာ ရောယှက်ကာ ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသကဲ့သို့ပင်။
ကျိုးရိဖန်ကမူ သူတို့ကိုယ်သူတို့ ထိန်းမနိုင်သိမ်းမရ ကုတ်ဖဲ့နေကြသည့် ဒေါသထွက်နေသော လူအုပ်ကြီးကို ကြည့်ရင်း ရှုံ့မဲ့မဲ့ ရယ်မောမိလိုက်၏။ ထို့နောက် သူ၏ နားထဲတွင် တဝီဝီမြည်သံတစ်သံကို တိုးတိုးလေးကြားလိုက်ရသဖြင့် စိတ်ပိုင်းဖြတ်လိုက်ပြီး မြေကြီးပေါ်သို့ တင်ပျဉ်ခွေထိုင်ချလိုက်တော့သည်။
ကျောက်ယမုန့်မှာ အသက်ပြင်းပြင်း ရှူမိလိုက်၏။ သူမမှာ အမြဲတမ်း တည်တည်ငြိမ်ငြိမ်သာ ရှိခဲ့ပါသော်လည်း ယခုတွင်မူ ဝမ်ပေါင်လဲ့အား စိုက်ကြည့်မိနေပြီး အောက်သို့ထိုင်ချရန် ဆုံးဖြတ်လိုက်ရတော့သည်။
ပြည်သူ့ရင်ပြင် တစ်ခုလုံးထဲရှိ ပြည်ထောင်စုပျိုးပင်တစ်ရာထဲတွင် မတ်တတ်ရပ်နေသည့် လူမှာ ဝမ်ပေါင်လဲ့တစ်ယောက်သာ ကျန်တော့သည်။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ ဆွံ့အမှင်တက်နေသော အဘိုးကြီးနှင့် အရာရှိနှစ်ယောက်ကို စိတ်ဓာတ်တက်ကြွစွာ လှမ်းကြည့်လိုက်ပြီး အသံအကျယ်ကြီးဖြင့် အော်ပြောလိုက်တော့သည်။
” ဆရာ။ ဆရာ။ နေဝင်တဲ့အချိန်ထိ စောင့်နေစရာ မလိုပါဘူး။ သူတို့အကုန်လုံးလဲကျသွားပြီလေ။ ကျနော်နိုင်သွားပြီဗျ ”
အရာရှိ နှစ်ယောက်မှာ အထူးတဆန်းဖြစ်နေသော မျက်နှာအမူအရာများနှင့် ဘေးပတ်ပတ်လည်ရှိ လူများအားလုံးကို ကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေမိတော့သည်။ ထိုမြင်ကွင်းအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့် အဘိုးကြီးမှာမူ ရယ်ရအခက် ငိုရအခက် ဖြစ်နေတော့သည်။
ဝမ်ပေါင်လဲ့၏ စကားများကို ကြားလိုက်ရသောအခါ သူ၏ ပတ်ပတ်လည်မှ ပြည်ထောင်စုပျိုးပင်များမှာ ပို၍ပင်ဒေါသထွက်လာကြသဖြင့် သူတို့၏ တဆတ်ဆတ်တုန်ရီနေသော ခန္ဓာကိုယ်များကို ကုတ်ဖဲ့ရင်း ဒေါသတကြီး အော်ဟစ်ကြိမ်းဝါးလိုက်ကြတော့သည်။
” ဒါ စည်းမျဉ်းနဲ့ မကိုက်ညီဘူး။ ဒီလောက်နဲ့ မပြီးသေးဘူးကွ ”
” ဆရာ။ ဝမ်ပေါင်လဲ့က ကလိမ်ကကျစ် ကျခဲ့တာပါ ”
ထိုကဲ့သို့အသံမျိုးစုံ ထွက်ပေါ်လာသောအခါ ဝမ်ပေါင်လဲ့မှာ မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး သူ၏ ဘေးပတ်ပတ်လည်ရှိ သူတို့ကိုယ်သူတို့ ကုတ်ဖဲ့နေကြသောလူများကို ကြည့်လိုက်၏။ ထို့နောက် သည်းမခံနိုင်တော့သည့် အမူအရာဖြင့် သူ၏လက်နှစ်ဖက်ကို မြှောက်လိုက်၏။
” တာအိုရောင်းရင်းတို့။ အဲဒီလိုတွေ ပြောနေတော့ရော ဘာထူးလို့လဲ။ ငါက ကြင်နာသနားတတ်တဲ့ လူတစ်ယောက်မလို့ မင်းတို့တွေကို အနာတရဖြစ်အောင် မလုပ်ချင်ဘူးကွာ။ ငါ…. ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ခံစားချက်အပြည့်ဖြင့် ပြောဆိုနေစဉ်တွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ မျက်နှာရှည်ရှည်နှင့် လူငယ်လေးတစ်ယောက်မှာ ဒေါသထွက်နေသော လေသံဖြင့် အကျယ်ကြီးအော်ပြောလိုက်တော့သည်။
” ပါးစပ်ပိတ်ထားစမ်း။ ဝမ်ပေါင်လဲ့။ ဒီလို အရှက်မရှိတဲ့ နည်းလမ်းတွေနဲ့ဆိုရင် မင်း အနိုင်ရမှာမဟုတ်ဘူး။ မကောင်းမှုဆိုတဲ့အရာက တရားမျှတမှုကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူးကွ။ နေဝင်ချိန်မှ အချိန်ပြည့်မယ်လို့ စည်းမျဉ်းတွေထဲမှာ ရေးထားတာမလို့ အချိန်မကုန်သေးဘူး။ ငါတို့တွေ မတ်တတ်ရပ်နိုင်သေးတယ် ”
ထိုမျက်နှာရှည်ရှည်နှင့်လူငယ်လေးမှာ သူ့ကိုယ်သူ ပို၍အားထည့်ကာ ကုတ်ဖဲ့နေရင်း အော်ပြောလိုက်၏။ သူ၏မျက်လုံးများမှာ နီမြန်းနေပြီဖြစ်ပြီး အကယ်၍ အကြည့်များမှာ လူသတ်နိုင်စွမ်းရှိမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ အသက်ပင်သေဆုံးနေလောက်ပြီဖြစ်သည်။
သူ၏ ခံစားချက်များ အနှောင့်အယှက်ခံလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ လှမ်းကြည့်လိုက်သောအခါ ထိုကဲ့သို့ အော်ဟစ်နေသော လူငယ်လေးမှာ မနေ့ညက သူ့အား အထင်သေးသည့်အမူအရာဖြင့် ပြောဆိုဆက်ဆံခဲ့သည့် လူငယ်လေးဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် လေချွန်ကာ သူ၏ညာလက်ကို မြှောက်လိုက်ပြီး ထိုမျက်နှာရှည်ရှည်နှင့် လူငယ်လေးအား လက်ညှိုးထိုးလိုက်၏။ ထိုအခါ ခြင်ကိုးကောင်မှာ ထိုလူငယ်လေးဆီသို့ အလျင်အမြန် ဦးတည်ပျံသန်းသွားကြတော့သည်။
” မလုပ်နဲ့ ”
ထိုမျက်နှာရှည်ရှည်နှင့်လူငယ်လေး တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်စဥ်မှာပင် ခြင်ကိုးကောင်မှာ သူ၏အနားသို့ အလွန်အင်မတန် မြန်ဆန်သော အမြန်နှုန်းမျိုးဖြင့် ရောက်ရှိလာပြီး သူ့အား အငမ်းမရ ကိုက်လိုက်ကြတော့သည်။ ထို့ကြောင့် စိတ်မချမ်းမြေ့စရာ အော်ဟစ်သံများ ပဲ့တင်ထွက်ပေါ်လာတော့သည်။ သို့သော် အသက်ရှူကြိမ် အနည်းငယ်မျှသာ ကုန်ဆုံးသွားပြီးနောက် ခြင်ကိုးကောင် အဝေးသို့ ပျံထွက်သွားချိန်တွင် မျက်နှာရှည်ရှည်နှင့် လူငယ်လေး၏ မျက်နှာမှာ ခြင်ကိုက်ဖုများကြောင့် လုံးဝန်းနေပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဘုလုံးကြီးတစ်လုံးအသွင် ဖူးရောင်နေ၏။ ထို့ကြောင့် ထိုလူငယ်လေးမှာ သူ၏ဘေးပတ်ဝန်းကျင်အား ရီဝေဝေနှင့်ကြည့်ကာ အသိစိတ် ပျောက်သွားသည့်အလား ခံစားလိုက်ရတော့သည်။
ထိုမြင်ကွင်းမှာ ကြောက်စရာကောင်းလွန်းနေသလို စိတ်ထိခိုက်စရာလည်း ကောင်းလွန်းနေသောကြောင့် မြင်လိုက်ရသည့်လူတိုင်း တုန်လှုပ်ချောက်ချားသွားကြတော့သည်။ သူ၏လုပ်ရပ်မှာ အလွန်အင်မတန်မှ ရက်စက်ကြောင်း သူတို့မှာ လေသံတိုးတိုးလေးများဖြင့် ကျိန်ဆဲနေကြတော့သည်။ ဝမ်ပေါင်လဲ့၏ ထိုလူငယ်လေးအပေါ် တုံ့ပြန်မှုမှာ အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်လွန်းနေသောကြောင့် သူတို့မှာ ကြောက်ရွံ့နေကြသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေကြတော့သည်။
တချိန်တည်းမှာပင် စောစောတုန်းက ဒေါသတကြီး အော်ဟစ်နေခဲ့သော လူများမှာလည်း ချက်ချင်းပင် ပါးစပ်ပိတ်သွား၏။ သူတို့မှာ စကားတစ်ခွန်းခွန်း မှားပြောမိလိုက်ပါက ထိုကဲ့သို့ပင် ကြောက်မက်ဖွယ်ရာကောင်းသော နောက်ဆက်တွဲများနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေသောကြောင့် စကားတစ်လုံးမှ ထပ်မပြောရဲကြတော့ပေ။
” ငါ စောစောကပြောနေတာကို ပြန်ဆက်ရမယ်ဆိုရင်…. တာအိုရောင်းရင်းတို့ရာ… ငါက ရိုးသားပြီးတော့ ကြင်နာသနားတတ်တဲ့ လူတစ်ယောက်ဆိုတော့ တခြားဘယ်သူ့ကိုမှ နာကျင်အောင် မလုပ်ချင်ဘူးကွ… ”
ဝမ်ပေါင်လဲ့မှာ ခံစားချက်အပြည့်ဖြင့် လူအုပ်ကြီးအား ရှင်းပြလိုက်၏။ ထို့နောက် မည်သူကမှ စကားတစ်ခွန်းမှ ပြန်မပြောသည်ကို မြင်လိုက်ရသဖြင့် စိတ်ကျေနပ်သွားတော့သည်။
” မင်းတို့အားလုံးက ငါ့အတွက် ညီအစ်ကိုမောင်နှမကောင်းတွေဆိုတာ ငါသိပါတယ်။ ငါတို့တွေ ဒီနေရာကနေ ပြန်တဲ့အချိန်ကျ ငါ မင်းတို့အားလုံးကို မုန့်လိုက်ကျွေးမယ်။ မင်းတို့တွေ စားချင်တာစားကြ။ ဘာမှ စိတ်ပူနေစရာမလိုဘူး။ ငါ ရှင်းပေးနိုင်တယ် ”
ဝမ်ပေါင်လဲ့မှာ သူ၏လက်အား စိတ်လှုပ်တရှားနှင့် ဝှေ့ယမ်းလိုက်ပြီး နောက်သို့လှည့်၍ ဆွံ့အမှင်တက်နေကြသော အဘိုးကြီးနှင့် အရာရှိများကို မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်တော့သည်။
ထိုအဘိုးကြီးမှာ အာရုံပင် မစိုက်နိုင်တော့သည့်ပုံပင်။ သူသည် အချိန်အနည်းငယ်ခန့် ဆိတ်ငြိမ်နေလိုက်ပြီးမှ ခေါင်းယမ်းကာ ရယ်မောလိုက်ပြီး ခန္ဓာအားဖြည့်လွတ်လပ်ခြင်းဆေးလုံးအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုဆေးလုံးအား လှမ်း၍ ဖမ်းယူလိုက်ပြီးနောက် နောက်သို့လှည့်ကာ စိတ်ကျေနပ်မှုအပြည့်ဖြင့် ထွက်ခွာသွားတော့သည်။ ထို့နောက် သူသည် စစ်တန်းလျားဆီသို့ မပြန်သင့်ကြောင်း တွေးမိလိုက်၏။ အကယ်၍ သူသာ ထိုနေရာသို့ ပြန်သွားမည်ဆိုပါက အခြားသူများမှာ ဒဏ်ရာမှ ပြန်သက်သာလာသည်နှင့် တစ်ပြိုင်နက် သူ့အား လက်တုံ့ပြန်ကြမည်မှာ မလွဲမသွေပင်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ချင့်ချိန်သုံးသပ်ကြည့်လိုက်ပြီးနောက် သူတို့အား ထိုကဲ့သို့ အခွင့်အရေး ပေး၍မဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။ ထို့ကြောင့် သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူလိုက်ပြီး ယမန်နေ့ညက သူနှင့်အတူ စုဝေးခဲ့ကြသော စစ်သည်တော်များကို လှမ်း၍ ဆက်သွယ်လိုက်၏။ ထို့နောက် သူ့အား ထိုနေရာမှ ခေါ်ထုတ်သွားပြီး သူတို့၏စစ်တန်းလျား၌ တစ်ညတာနေခွင့်ပေးရန် တောင်းဆိုလိုက်တော့သည်။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ စစ်တန်းလျားအသစ်ဆီသို့ ရောက်ရှိသွားသောအခါ တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုကို ရှာဖွေလိုက်ပြီး စစ်သည်တော်များ၏စောင့်ရှောက်မှုအောက်တွင် ခန္ဓာအားဖြည့်လွတ်လပ်ခြင်းဆေးလုံးကို သောက်သုံးလိုက်တော့သည်။
ထိုဆေးလုံးမှာ သူ၏ခန္ဓာကိုယ်ထဲ၌ အရည်ပျော်သွားသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲတွင် အံ့ဩတုန်လှုပ်ဖွယ်ရာ ပြင်းအားတစ်မျိုး ပေါက်ကွဲထွက်ပေါ်လာပြီး အဘက်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ သူသည် အာနာပါနအဆင့်၏ ထိပ်ဆုံးအဆင့်သို့ ရောက်နေသည့်တိုင်အောင် ထိုဆေးလုံးအား သောက်သုံးလိုက်ပြီးနောက် သူ၏ကျင့်ကြံခြင်းမှာ သိသိသာသာတိုးတက်လာ၏။ အထူးသဖြင့် ထိုဆေးလုံးမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ ဆက်လက် အရည်ပျော်နေစဉ် သူ၏ အပြင်ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနှင့် သိသိသာသာ ပြောင်းလဲစပြုလာတော့သည်။
သူ၏ အရိုးများမှာ ပို၍မာကျောလာပြီး သူ၏ကြွက်သားများမှာ ပို၍ သန်မာလာ၏။ သူ၏ခန္ဓာကိုယ်ထဲ၌ လည်ပတ်နေသော သွေးများပင်လျှင် အသွင်ပြောင်းလဲသွားပြီး အလွန်အင်မတန်မှ စေးကပ်လာတော့သည်။ သူ၏ သွေးစက်တစ်စက်မှာ ရေကန်ကြီးတစ်ကန်လုံးအား အပြည့်ဖြည့်နိုင်စွမ်း ရှိနေသကဲ့သို့ပင် ဖြစ်နေတော့သည်။
တချိန်တည်းမှာပင် သူ၏ နှလုံးခုန်သံများမှာလည်း ပို၍အားကောင်းလာ၏။ ၎င်း တစ်ချက်ခုန်လိုက်တိုင်း ပေါ်ထွက်လာသည့် ပြင်းအားမှာ အလွန်အင်မတန်မှ ပြင်းထန်နေသည်။ ထိုပြင်းအားမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသောအခါ သူသည် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ဝမ်ပေါင်လဲ့၏ ဝိညာဉ်ပင်လျှင် ထိုတုန်ခါလှိုင်းနှင့် ကျင့်သားရသွားအောင် တဖြည်းဖြည်းနှင့် အလိုက်အထိုက် ပြောင်းလဲပေးလိုက်ရ၏။ တင်ပျဉ်ခွေထိုင်၍ တရားထိုင်နေသော ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အသံကျယ်ကြီးများ ထွက်ပေါ်နေတော့သည်။
သူအားစောင့်ရှောက်ပေးနေကြသည့် စစ်သည်တော်အားလုံး အံ့အားသင့်သွားကြသည်။ သူတို့မှာ ဘေးပတ်ဝန်းကျင်ကို မျက်ချည်မပြတ်စောင့်ကြည့်ကာ ဝမ်ပေါင်လဲ့အား မှဲ့တစ်ပေါက်မစွန်းအောင် ကာကွယ်ပေးထားကြပြီး သူ၏ ကျင့်ကြံခြင်းလုပ်ငန်းစဉ်အား နှောင့်ယှက်နိုင်မည့် မည်သည့်အရာကိုမဆို တားဆီးရန် အဆင်သင့်ပြင်ထားကြသည်။
အချိန်များကုန်လွန်သွားပြီး နေမွန်းတည့်ချိန်သို့ ရောက်လာသောအခါ မျက်နှာရှည်ရှည်နှင့်လူငယ်လေးမှလွဲ၍ ဝမ်ပေါင်လဲ့၏ ခြင်များ၏ အကိုက်ခံခဲ့ရသော ကျင့်ကြံသူများမှာ ပြန်လည်သက်သာလာကြပြီဖြစ်သည်။ သူတို့အားလုံးမှာ အလွန်အင်မတန်မှ မောပန်းနွမ်းနယ်နေကြပါသော်လည်း သူတို့၏မျက်ဝန်းများထဲတွင်မူ ဒေါသမီးလျှံများဖြင့် ပြည့်နှက်နေဆဲပင်။ သူတို့မှာ နေ့လယ်ခင်းတစ်ခုလုံး သည်းခံခဲ့ရပြီးနောက် ပေါက်ကွဲတော့မည့် မီးတောင်များကဲ့သို့ ဖြစ်နေကြတော့သည်။
” ဝမ်ပေါင်လဲ့ကို တွေ့အောင်ရှာကြ။ ငါ သူ့ကို သတ်ချင်တယ် ”
” ငါ ဝမ်ပေါင်လဲ့ကို သူ့အမေကိုယ်တိုင် မမှတ်မိလောက်တော့တဲ့အထိ မထိုးနှက်နိုင်ရင် ငါ့ရဲ့ မျိုးရိုးနာမည်က စွန်းမဟုတ်တော့ဘူးဟေ့ ”
” တာအိုရောင်းရင်းတို့။ ငါတို့တွေ အတူတကွပူးပေါင်းပြီးတော့ တက်ညီလက်ညီ တွန်းလှန်ရမယ်။ ဒီနေ့ ဝမ်ပေါင်လဲ့ ဆန့်ကျင့်ရေး မဟာမိတ်အဖွဲ့ကို ဖွဲ့လိုက်ကြတာပေါ့ ”
” မင်းတို့ကောင်တွေအားလုံးက အခုမှ အရမ်းကို စာနာသနားတတ်နေတာ။ ငါသာဆိုရင် သူ့ကိုဖမ်းမိတာနဲ့ သင်းကွပ်ပစ်မယ် ”
ပြည်ထောင်စုပျိုးပင်များအားလုံးမှာ ငယ်ရွယ်သူများဖြစ်ကြပြီး သူတို့ထဲရှိ အသက်အကြီးဆုံး တစ်ယောက်ပင်လျှင် အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးသည်။ ထို့ကြောင့် ထိုကဲ့သို့ ဒေါသတကြီးနှင့် အားမာန်များတက်ကြွနေသော လူငယ်များအားလုံးမှာ အပြင်သို့ ပြေးထွက်လာကြပြီး ဝမ်ပေါင်လဲ့အား စတင်ရှာဖွေလိုက်ကြတော့သည်။ သူတို့မှာ နေရာအနှံ့ လိုက်လံရှာဖွေခဲ့သည့်တိုင်အောင် အချည်းနှီးပင်။ ခဏအကြာတွင် သူတို့ထဲမှအချို့မှာ ဝမ်ပေါင်လဲ့မှာ ထွက်ခွာသွားပြီဖြစ်ပြီး ကျင့်ကြံခြင်းစခန်း အပြင်ဘက်ရှိ အလုံပိတ်စစ်တန်းလျားတစ်ခုတည်းတွင် ပုန်းနေခြင်းဖြစ်ကြောင်း ကြားသိလိုက်ရ၏။
သူတို့မှာ အပြင်ဘက်သို့ ပြေးထွက်ရန်ပြင်လိုက်စဉ်မှာပင် ထိုနေရာ၌ အစောင့်တာဝန်ကျနေသော စစ်သည်တော်များမှာ သူတို့အား ချက်ချင်းပင်တားဆီးလိုက်ကြ၏။ အရာရှိတစ်ယောက်မှာဆိုလျှင် ရှေ့သို့လှမ်းလာပြီး သူတို့အား ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းလိုက်၏။
” စခန်းကို ပိတ်ထားတာ၊ ဘယ်သူမှ အပြင်ထွက်ခွင့်မရှိဘူး။ စည်းကမ်းဖောက်ဖျက်တဲ့လူရှိရင် ပြည်ထောင်စုကြီးကို တိုင်စာပို့ရလိမ့်မယ်။ အဲဒီအခါကျမှ မင်းတို့တွေ ပျိုးပင်ရာထူးကနေ ပြုတ်မလား၊ မပြုတ်ဘူးလားဆိုတာ ကြည့်ကြပေါ့ ”
ထိုအရာရှိကြီး၏ အော်ဟစ်သံကြီးကြောင့် သူတို့အားလုံးမှာ ရောက်သည့်နေရာတွင် ရပ်တန့်သွားကြ၏။ သူတို့မှာ အလွန်အင်မတန်မှ မကျေမချမ်းဖြစ်နေပြီး လီယီမှာဆိုလျှင် သူမ၏ ဒေါသများကို မချုပ်တည်းနိုင်တော့ဘဲ မေးခွန်းထုတ်လိုက်မိတော့သည်။
” အဲဒါဆို ဘာလို့ ဝမ်ပေါင်လဲ့က အပြင်ကိုထွက်ခွင့်ရှိတာလဲ ”
” ငါ သူထွက်သွားတာ မမြင်လိုက်ပါဘူး ”
အရာရှိကြီးမှာ တည်ကြည်စွာ ပြန်ဖြေလိုက်ပြီး သူ၏ဘေးတွင် ရပ်နေသော စစ်သည်တော်အားလှမ်းမေးလိုက်၏။
” မင်းတို့တွေရော ဝမ်ပေါင်လဲ့ ထွက်သွားတာ မြင်လိုက်လား ”
ထိုအခါ အစောင့်တာဝန်ကျနေသော စစ်သည်တော်များမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ခေါင်းယမ်းပြလိုက်ကြ၏။ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ လီယီနှင့် အခြားသူများမှာ ဒေါသစိတ်များကြောင့် ယမ်းပုံမီးကျ ပေါက်ကွဲလုမတတ် ဖြစ်သွားရတော့သည်။ သို့သော် သူတို့မှာ ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ စစ်တပ်မှ လူများမှာ ဝမ်ပေါင်လဲ့အား အလေးပေး၍ ဆက်ဆံနေခြင်းပင် မဟုတ်တော့ဘဲ သူတို့နှင့် လုံးဝမတူလောက်အောင် ပေါ်ပေါ်ထင်ထင် ဆက်ဆံပြနေခြင်းဖြစ်သည်။
ထို့ကြောင့် သူတို့အားလုံးမှာ အံများကြိတ်၍ သူတို့၏ မကျေနပ်ချက်များကို နှလုံးသားထဲ၌သာ ချုပ်တည်းထားလိုက်ရတော့သည်။ မည်သူကမှ ပျိုးပင်အဖြစ်မှ ထုတ်ပယ်ခံရမည့် စည်းကမ်းများကို မဖောက်ဖျက်ရဲကြပေ။ ထိုကဲ့သို့ ပေးဆပ်ရမည်မှာ သူ့တို့အတွက် အင်မတန်မှ ကြီးမားသော နစ်နာမူကြီးတစ်ခု ဖြစ်နေမည် မဟုတ်ပါလော။ ထို့အပြင် အကယ်၍ စစ်တပ်မှာ ဝမ်ပေါင်လဲ့ဘက်၌ ရှိနေမည်ဆိုပါက စစ်တပ်စခန်းတစ်ခုထဲသို့ ဖောက်ထွင်းဝင်ရောက်ခြင်းမှာ အလွန် ကြီးလေးသော ရာဇဝတ်မှုတစ်ခုဖြစ်ရာ ထိပ်တန်းအဆင့် လက်ရွေးစင်များဖြစ်ကြသော သူတို့ပင်လျှင် ထိုရာဇဝတ်မှုကို မကျုးလွန်ချင်ကြပေ။
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ထိုဆေးလုံးကား အေးအေးချမ်းချမ်းနှင့် သောက်သုံးလိုက်တော့သည်။ သူသည် ဆွေ့ရှင်းပေါင်အား သဘောပေါက်နားလည်သွားချိန်တွင် ပြည်ထောင်စုကြီး၏ အခြားပျိုးပင်များမှာမူ တစ်ရက်လုံး မခံမရပ်နိုင်ဖြစ်နေကြပြီး နှလုံးသားထဲ၌ ဒေါသမီးများ လောင်ကျွမ်းနေကြတော့သည်။ သူတို့အားလုံးမှာ နောက်နေ့တွင် ဝမ်ပေါင်လဲ့အား သူတို့၏အစွမ်းကို ထုတ်ပြရန် စိတ်ပိုင်းဖြတ်ထားကြ၏။
ထိုသို့ဖြင့် ထိုတစ်ညမှာ အေးအေးချမ်းချမ်းနှင့် ပြီးဆုံးသွား၏။
ဒုတိယမြောက်နေ့၏ အရုဏ်တက်ချိန်သို့ ရောက်လာသောအခါ ကျင့်ကြံခြင်းစခန်းထဲရှိ အချက်ပေးခေါင်းလောင်းသံကြီးမှာ မြည်ဟည်းသွား၏။ ထိုအချိန်တွင် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှ လွဲ၍ ပြည်ထောင်စုကြီး၏ အခြားပျိုးပင်များမှာ ချက်ချင်းပင် ပြေးထွက်လာကြ၏။ သူတို့မှာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပြည်သူ့ရင်ပြင်ထဲသို့ အလုံးအရင်း ဝင်ရောက်လာကြတော့သည်။