Switch Mode

အခန်း ( ၂၁၇ )

ဘယ်ကောင် ငါ့ကို စိန်ခေါ်ရဲတာတုံး

မြေပြင်ကြီးကိုပင် ကွဲသွားစေနိုင်သော လျှပ်စီးတန်းတစ်ခု မိုးကောင်းကင်ပေါ်မှ ကျဆင်းလာ၏။ ၎င်း၏ ထစ်ချုန်းသံများကြောင့် လေထဲတွင် ပဲ့တင်ထပ်သံများ ထွက်ပေါ်လာ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့ အပါအဝင် ပျိုးပင်တစ်ရာမှာ လိပ်ပြာလွင့်လုမတတ် တုန်လှု‌ပ်ချောက်ချားသွားကြတော့သည်။

ထိုသို့ဖြစ်နေရခြင်းမှာ သူတို့၏ အတွေးများအား ယောက်ယက်ခတ်သွားစေခဲ့သည့် ထိုအဘိုးကြီး၏ ” ဘုန်းတော်ကြီး ” ဆိုသော ရာထူးကြောင့် ဖြစ်သလို သူတို့အား ထိုအဘိုးကြီး ပြသခဲ့သည့် ဆွေ့ရှင်းပေါင်၏ လက်ဖျားခါလောက်သော စွမ်းအားကြောင့်လည်းဖြစ်သည်။

” အဲဒါ ဆွေ့ရှင်းပေါင်လား ”

” အပြင်ခန္ဓာ တစ်ခုတည်းနဲ့ကို ဒီလိုမျိုးစွမ်းအားတွေကို ထုတ်နိုင်တယ်ပေါ့။ အဲဒီပညာရပ်က နောက်ဆုံးဇီဝိန်ချုပ်တိုက်ကွက်လို့ နည်းပြကြီးက စောစောက ပြောခဲ့တာမလား… အဲဒါဆိုရင် အဲဒီပညာရပ်ကိုသုံးပြီးတော့ ကိုယ့်ထက်ကျင့်ကြံခြင်းအဆင့် ပိုမြင့်တဲ့လူကို သတ်နိုင်တယ်ပေါ့ ”

” တပ်အပ်ပြောလို့တော့ မရဘူး။ အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီ ဆွေ့ရှင်းပေါင်ကို သုံးပြီးတော့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူလို့ရတယ်လား ”

သူတို့၏မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများဖြင့် တောက်ပလာတော့သည်။ လူတိုင်း ဆွေ့ရှင်းပေါင်၏ အစွမ်းကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြ၏။ သူတို့မှာ ထိုပညာရပ်အား ကြောက်ရွံ့နေကြသလို လိုချင်တပ်မက်စိတ်များလည်း ကြီးထွားလာတော့သည်။

ဝမ်ပေါင်လဲ့မှာ ဖြည်းဖြည်းချင်း အသက်ရှူသွင်းလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်ထားလိုက်၏။ ထို ဆွေ့ရှင်းပေါင်မှာ သူ ပုံတူခိုးခဲ့သော ကိုးလက်မဝိညာဉ်အမြစ်၏ ဒီရေလှိုင်းပညာရပ်နှင့် အချို့နေရာများတွင် ဆင်တူနေကြောင်း သတိထားမိလိုက်၏။

ဆွေ့ရှင်းပေါင်မှာ ထိုဒီရေလှိုင်းပညာရပ်အား အဆင့်မြှင့်တင်ထားသည့် ပညာရပ်တစ်ခုနှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူနေ၏။

” စောစောတုန်းက နည်းပြကြီးရဲ့ ခန္ဓာကိုယ် တုန်ရီသွားခဲ့တာ။ သူက သမုဒ္ဒရာတစ်စင်းပုံစံ ပြောင်းလဲသွားပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အရိုးနဲ့ ကြွက်သားတွေကို ထိန်းချုပ်ပြီး အပြင်ခန္ဓာကိုယ်ရဲ့ စွမ်းအားကို အသုံးချပြီးတော့ ဒီရေလှိုင်းတစ်ခုကို ဖန်တီးခဲ့တာ။ ပုံစံတော့ဆင်တူပေမယ့် သူ ထုတ်လွှတ်လိုက်တဲ့အချိန်မှာ အများကြီးပိုပြီးတော့ ရှုပ်ထွေးနေတာပဲ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ ရင်ခုန်နှုန်းများ မြန်ဆန်လာတော့သည်။ အခြားသူများနှင့် ယှဉ်လိုက်ပါက သူသည် ထိုဒီရေလှိုင်းပညာရပ်နှင့် ပတ်သတ်၍ အတွေ့အကြုံ ပိုရှိနေသည် မဟုတ်ပါလော။ သူသည် ထို တိုတောင်းသော သရုပ်ပြသင်ကြားမှုလေးကို တစ်ချက်မျှ ကြည့်ပြီးသွားသောအခါ သူ၏ညာလက်ကို စိတ်အားထက်သန်စွာမြောက်၍ လက်သီးဆုပ်လိုက်ပြီး ထိုပညာရပ်အား ချက်ချင်းစမ်းသပ်ကြည့်ရန် ကြိုးစားမိလိုက်၏။

သို့သော် ဆွေ့ရှင်းပေါင်ပညာရပ်နှင့် ၎င်း၏ လျှို့ဝှက်ချက်များကို တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် အလွယ်တကူ လေ့လာတတ်မြောက်နိုင်မည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့မှာ ၎င်း၏ အလုပ်လုပ်ပုံများကို နားလည်ထားသည့်တိုင်အောင် သူ စမ်း၍ ထိုးကြည့်လိုက်သော လက်သီးချက်မှာ မည်သည့်ရလဒ်မှ ရေရေရာရာ ပေါ်ထွက်မလာခဲ့ပေ။

သူ၏ ကြိုးစားအားထုတ်မှုမှာ နည်းပြအဖိုးကြီး၏ အာရုံကို မဖမ်းစားနိုင်ခဲ့ပေ။ ထိုလူ အယောက်တစ်ရာထဲတွင် ဝမ်ပေါင်လဲ့ကဲ့သို့ပင် သူတို့၏လက်သီးများကိုဆုပ်ကာ စမ်းကြည့်ခဲ့သည့် လူအရေအတွက်မှာ ဒါဇင်ပေါင်းများစွာ ရှိနေသည်မဟုတ်ပါလော။ သို့သော် မည်သူကမှ ပထမဆုံး ကြိုးစားအားထုတ်မှုတွင် ဆွေ့ရှင်းပေါင်၏ အလုပ်လုပ်ပုံများကို အပြည့်အဝနားမလည်နိုင်ခဲ့ပေ။

” ဒီပညာရပ်ကို မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းပေလွှာကို နောက်ကျရင် ငါ မင်းတို့ကိုပေးမယ်။ ပြီးရင် ငါ နောက်ထပ် ခုနစ်ရက်တိတိ နေ့တိုင်းနေ့တိုင်း ဒီပညာရပ်ကို လက်တွေ့လုပ်ပြနေဦးမှာ။ ဒီတစ်ပတ်ပြီးရင် နောက်ဆုံးစာမေးပွဲတစ်ခု ရှိတယ် ”

” မင်းတို့တွေ ဒီပညာရပ်ကို အောင်အောင်မြင်မြင် အသုံးပြုနိုင်လိမ့်မယ်ဆိုရင် အခြေတည်အဆင့်နဲ့ ပိုပြီးတော့ နီးကပ်သွားမယ်ဆိုတာ ငါ အာမခံနိုင်တယ်။ မင်းတို့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ ပတ်သက်ပြီးတော့ လိုအပ်တဲ့ အချက်အလက်တွေအားလုံး ပိုင်ဆိုင်ထားပြီဆိုရင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး ”
ထိုအဘိုးကြီးမှာ တည်ကြည်စွာ ဆိုလိုက်ပြီး လူအုပ်ကြီးအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ရယ်မောလိုက်ပြီး သူ၏ ညာလက်ကို လှန်လိုက်သောအခါ သူ၏လက်ဖဝါးထဲ၌ ဆေးလုံးတစ်လုံး ပေါ်လာ၏။

ထိုဆေးလုံးမှ အဖြူရောင်ဖြစ်ပြီး ဝိညာဉ်ကျောက်တုံးတစ်တုံးထဲတွင် ရှိနေ၏။ ၎င်း၏ ရနံ့မှာ ထူးဆန်းနေပြီး ရင်ပြင်ကြီးတစ်ခွင်လုံးသို့ ပျံ့နှံ့နေ၏။ ထိုရနံ့အား ရှူရှိုက်မိလိုက်သူတိုင်း သူတို့၏ သွေးလည်ပတ်နှုန်းများ ထိန်းမနိုင်သိမ်းမရ မြန်ဆန်လာသည်ကို ခံစားလိုက်ရ၏။ ထိုဆေးလုံးထဲတွင် အံ့သြမှင်တက်ဖွယ်ရာ ဇီဝစွမ်းအားများ ကိန်းအောင်းနေသကဲ့သို့ပင်။ ၎င်းကို သောက်သုံးလိုက်သည်နှင့် တစ်ပြိုင်နက် မိမိ၏ ခန္ဓာကိုယ်မှာ အများကြီးပို၍ သန်မာလာမည်ဖြစ်သည်။

” ဒါက…. ခန္ဓာအားဖြည့်လွတ်လပ်ခြင်း ဆေးလုံးပဲ။ ဒီဆေးလုံးကို ပြည်ထောင်စုထဲက မှော်ဆေးရည်ကျင့်ကြံသူတွေ သန့်စင်ဖန်တီးထားတာ မဟုတ်ဘူး။ လပေါ်က အကျိုးအပဲ့ အပိုင်းအစတွေထဲကနေ ရှာတွေ့ထားတာ။ လက်ရှိကမ္ဘာထဲမှာ ဒီလိုမျိုး ဆေးလုံးတွေ အများကြီးမရှိဘူး။ ပြည်ထောင်စုကြီးထဲက မှော်ဆေးရည် ကျင့်ကြံသူတွေကလည်း ဒီဆေးလုံးကို အခုထိ မထုတ်နိုင်သေးဘူး။ ဘာလို့လဲဆိုတော့ အဲဒီလိုထုတ်လုပ်ဖို့ အဓိကလိုအပ်တဲ့ ပါဝင်ပစ္စည်းအချို့က ကမ္ဘာပေါ်မှာမရှိလို့ပဲ ”

” ဒီဆေးလုံးရဲ့ ဂုဏ်သတ္တိတွေက အများနဲ့မတူဘဲ တမူထူးခြားတယ်။ အခြေတည်အဆင့်မှာ သောက်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို နောက်ထပ်တစ်ဆင့်အထိ မြှင့်တင်ပေးနိုင်စွမ်း ရှိတယ်။ တချိန်တည်းမှာပဲ ကိုယ့်ရဲ့ အပြင်ခန္ဓာကိုယ် စွမ်းအားတွေကိုလည်း မြှင့်တင်ပေးနိုင်တယ်။ မင်းတို့တွေ ဆွေ့ရှင်းပေါင် လေ့လာ‌တဲ့နေရာမှာ အထောက်အကူအများကြီးဖြစ်စေမှာ အမှန်ပဲ ”
အဘိုးကြီးက ဆိုလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့ အပါအဝင် ပျိုးပင်တစ်ရာထဲမှ လူများအားလုံး သူ့အား ဝိုင်းကြည့်လိုက်ကြ၏။

ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ထိုအဘိုးကြီးအား မီးကျွမ်းသွားစေတော့မည့်အလား စူးရှတောက်ပနေ၏။ ထိုအဘိုးကြီး ထိုဆေးလုံးကို ထုတ်ယူလိုက်သည့် အချိန်ကတည်းက သူသည် ၎င်းအား ချက်ချင်းပင် အနံ့ခံမိလိုက်သဖြင့် သူ၏ခန္ဓာကိုယ်ထဲ၌ ဆာလောင်မွတ်သိပ်နေသည့် ဆန္ဒတစ်ခုမှာ ချက်ချင်းပင် ပြည့်နှက်သွားတော့သည်။ သူသည် စကားလုံးများနှင့် ရှင်းပြ၍ မရနိုင်လောက်အောင် ထိုဆေးလုံးအား စွဲမက်နေပြီဖြစ်သည်။ သူ ထိုဆေးလုံးကို မျိုချလိုက်မည်ဆိုပါက သူ၏ခန္ဓာကိုယ်မှာ နောက်ထပ်တစ်ဆင့်သို့ ချက်ချင်းပင် တိုးတက်သွားမည်ဖြစ်သည်။

” ဒါပေမဲ့ ဒီဆေးလုံးတွေက နည်းနည်းလေးပဲရှိတာ။ အဲဒီတော့ မင်းတို့အကုန်လုံးကို တစ်ယောက်တစ်လုံးစီ ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခု ငါ့ဆီမှာ ဒီတစ်လုံးပဲရှိတယ်။ ဒီတော့ …. နေဝင်သွားတဲ့အချိန်အထိ ဒီနေရာမှာ ဆက်ပြီးတော့ မတ်တတ်ရပ်နေနိုင်တဲ့ လူတစ်ယောက်ကပဲ ဒီ ခန္ဓာအားဖြည့်လွတ်လပ်ခြင်းဆေးလုံးကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ် ”

သူ၏စကားသံများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပျိုးပင်တစ်ရာစလုံးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး သူတို့၏ မျက်ဝန်းများမှာ တဖိတ်ဖိတ် တောက်ပလာတော့သည်။ သူတို့ထဲမှအများစုမှာ သူတို့၏ သက်ဆိုင်ရာ ဇာတိနှင့် ကျောင်းများမှ ထိပ်တန်းအဆင့်လက်ရွေးစင်များ မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ အတိုင်းအတာတစ်ခုအထိ ဂုဏ်မောက်ကာ မိမိကိုယ်ကို ယုံကြည်မှုရှိနေကြသည်မှာ မထူးဆန်းပေ။

ထို့ကြောင့် သူတို့မှာ ယခုကဲ့သို့ ယှဉ်ပြိုင်ရမည်ကို မကျေမချမ်းဖြစ်နေခြင်း မရှိဘဲ စတင်ပြင်ဆင်လိုက်ကြတော့သည်။ လူတိုင်း၏ ပင်ကိုယ်စရိုက်များမှာ မတူညီကြသောကြောင့် သူတို့၏ အတွင်းစိတ် အခြေအနေများမှာလည်း ကွဲပြားခြားနားနေကြ၏။

အချို့မှာ လေသံတိုးတိုးဖြင့် ဆွေးနွေးနေကြပြီး ယာယီ မဟာမိတ်များဖွဲ့ရန် ကြံစည်နေကြ၏။ မျက်ဝန်းများ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းစွာ တောက်ပနေကြသည့် တစ်ကိုယ်တော်သမားအချို့လည်း ရှိကြသေးသည်။ ထို့အပြင် အကြံအစည်နှင့် ဗျူဟာမျိုးစုံ အသုံးပြုကာ သူတို့အား ကူညီထောက်ပံ့နေသော နိုင်ငံရေးအင်အားစုများကိုပင် ဆက်သွယ်၍ ထိုဆေးလုံးအား အခြားနည်းလမ်းများဖြင့် ရရှိနိုင်ရန် ကြိုးစားနေကြသည့် လူအချို့လည်း ရှိကြပေသည်။

သိပ်မကြာခင် စိတ်ဆတ်သောလူများမှာ စတင်တိုက်ခိုက်လိုက်ကြတော့သည်။ ထိုသို့ဖြင့် လျှပ်တစ်ပြက်အတွင်း ထို‌နေရာကြီး တစ်ခုလုံး ပရမ်းပတာဖြစ်သွားတော့သည်။ အချို့မှာ တိုက်ခိုက်နေကြပြီး အချို့မှာနောက်သို့ဆုတ်ခွာနေကြသလို အချို့မှာ အခြားသူများနှင့် မဟာမိတ်များဖွဲ့လိုက်ကြ၏။

မျက်စိတစ်မှိတ်အတွင်း ကျယ်လောင်သောထစ်ချုန်းသံကြီးတစ်သံ ပေါက်ကွဲထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့၏ ဘေးတွင်ရပ်နေသောလူမှာ တိုက်ဆိုင်စွာပင် စိတ်ဆတ်သောလူတစ်ယောက် ဖြစ်နေ၏။ သူသည် သတိလုံးဝမပေးဘဲ ဝမ်ပေါင်လဲ့အား လက်သီးဖြင့် လှမ်းထိုးလိုက်၏။

” ငါ့ကို အငိုက်ဖမ်းတယ်ပေါ့။ ငါကလည်း ငါ့ကို အငိုက်ဖမ်းတဲ့လူတွေကို အမုန်းဆုံးပဲကွ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီး စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ သူသည် ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ခြေထောက်ဖြင့် ကန်လိုက်သောအခါ ၎င်းမှာ အခြားသူ၏ လက်သီးကို ကန်မိသွား၏။ ၎င်းတို့ တစ်ခုနှင့်တစ်ခု ရိုက်ခတ်မိသွားသည့် အသံကြီး ထွက်ပေါ်လာသောအခါ ထို စိတ်ဆတ်သော လူငယ်လေးမှာ နောက်သို့ အလျင်စလို ပြန်လည်ဆုတ်ခွာသွားရပြီး သူ၏မျက်နှာအမူအရာမှာလည်း ချက်ချင်းပင် ပြောင်းလဲသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ကြောက်ရွံ့တုန်လှုပ်စွာနှင့် သတိကြီးကြီးထား၍ စိုက်ကြည့်နေလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် ဆက်၍မတိုက်ခိုက်ရဲတော့ဘဲ နောက်သို့လှည့်ကာ အခြားတစ်ယောက်စီသို့ ပြေးသွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုလူငယ်လေး ထွက်ပြေးသွားသည်ကို မြင်လိုက်ရသောအခါ နှာမှုတ်လိုက်ပြီး သူ၏မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွား၏။ သူသည် ထိုဆေးလုံးအား အရယူရန် ဆုံးဖြတ်ထားသောကြောင့် နှောင့်နှေးနေမည်ဆိုပါက ထိုဆေးလုံးကို ပိုင်ဆိုင်ရရန်မှာ မသေချာနိုင်ပေ။ တစ်ခုတည်းသော နည်းလမ်းမှာ အခြားပြိုင်ဘက်များအားလုံးကို ချက်ချင်း ရှင်းထုတ်ပစ်ရန်ဖြစ်သည်။

” အဘိုးကြီးက ဒီနေရာမှာ နောက်ဆုံးအထိ မတ်တတ်ရပ်နေနိုင်တဲ့ လူတစ်ယောက်လို့ ပြောခဲ့တာဆိုတော့… တခြားလူတွေ မတ်တတ်မရပ်နိုင်တော့ရင် ရပြီလား ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီး မျက်လုံးများ ဖျတ်ခနဲ ဝင်းလက်သွား၏။ သူ၏ကျင့်ကြံခြင်းမှာလည်း လည်ပတ်လာပြီး သူ၏ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးမှာလည်း တုန်ရီသွားတော့သည်။ ထို့နောက် လျှပ်တစ်ပြက်အတွင်း ခြင်ကိုးကောင် ပျံထွက်လာ၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ဘေး၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာကြပြီး သူ စိတ်ထဲမှနေ၍ အမိန့်ပေးလိုက်သောအခါ သူ၏ပတ်ပတ်လည်ရှိ လူများဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာ မီးခိုးရောင်ခြင်ကိုမူ မထုတ်ခဲ့ပေ။ သူသည် ၎င်း၏ စွမ်းရည်များကို စမ်းသပ်မှု မလုပ်ရသေးသည် မဟုတ်ပါလော။ အကယ်၍ ၎င်းမှာ ပြည်ထောင်စုပျိုးပင်တစ်ယောက်အား မတော်တဆ သတ်မိသွားပါက ပြဿနာအကြီးအကျယ် တက်နိုင်ပေသည်။

” သူတို့ရဲ့ ခြေဖဝါးတွေကို သွားကိုက်ကြစမ်း။ ငါ သူတို့တွေကို မတ်တတ်မရပ်နိုင်အောင် လုပ်ချင်တာ ”

ခြင်ကိုးကောင်မှာ လေထဲတွင် တဝီဝီမြည်အောင် ပျံသန်းရင်း အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်လိုက်ကြပြီး လူအယောက်ကိုးဆယ်ကျော်ဆီသို့ ဦးတည်ပျံသန်းသွားကြတော့သည်။ ၎င်းတို့မှာ အရွယ်အစားသေးငယ်ပြီး အလွန် ဖျတ်လတ်သလို အင်မတန်မှလည်း မြန်ဆန်နေ၏။ မျက်စိတစ်မှိတ်အတွင်း ခြင်တစ်ကောင်မှာ ၎င်းအား သတိထားမိခြင်းမရှိဘဲ နောက်သို့ဆုတ်ခွာနေသော သမင်ဖြူတာအိုကျောင်းမှ ကျင့်ကြံသူတစ်ယောက်၏ ခြေထောက်အောက်သို့ ပျံသန်းသွား၏။ ၎င်းမှာ ထိုကျင့်ကြံသူ၏ ဖိနပ်ကို လျစ်လျူရှုလိုက်ပြီး ၎င်း၏ အပ်ချောင်းနှင့်တူသော ပါးစပ်ဖြင့် ထိုဖိနပ်အားထိုးဖောက်၍ ကိုက်လိုက်တော့သည်။

စစချင်းတွင် ထို သမင်ဖြူတာအိုကျောင်းမှ ကျင့်ကြံသူထံမှ မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်လာခြင်းမရှိပေ။ သို့သော် သူ၏ ခြေထောက် မြေပြင်ပေါ်သို့ ပြန်ကျလာပြီး နောက်သို့ဆက်၍ ဆုတ်ခွာရန် ပြင်လိုက်ချိန်တွင် သူ၏ မျက်လုံးများမှာ ရုတ်တရက်ဆိုသလို ပြူးကျယ်သွားရတော့သည်။ သူ၏ ခြေဖဝါးအလယ်မှ မခံမရပ်နိုင်လောက်အောင် ယားယံသော ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးဆီသို့ ပျံ့နှံ့သွား၏။ သူသည် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး သူ၏မျက်ဝန်းများထဲတွင်လည်း မယုံကြည်နိုင်မှုများ ထင်ဟပ်လာတော့သည်။ သူသည် ထိုယားယံမှုကို အောင့်အီးသည်းခံရန် ပြင်လိုက်စဉ်မှာပင် အခြားခြေထောက်တစ်ဖက်မှ ထိုကဲ့သို့ မခံမရပ်နိုင်လောက်အောင် ယားယံသော ခံစားချက်ကြီးတစ်ခု စတင်ထွက်ပေါ်လာပြန်သည်။

ထိုယားယံမှုများမှာ အစကတည်းက မခံမရပ်နိုင်လောက်အောင် ဖြစ်နေပါသော်လည်း ခဏအကြာတွင် တရိပ်ရိပ်တက်လာသော လှိုင်းလုံးကြီး တစ်လုံးကဲ့သို့ ပိုမိုအားပြင်းလာသဖြင့် ပို၍ ယားယံလာတော့သည်။ သမင်ဖြူတာအိုကျောင်းမှ ကျင့်ကြံသူမှာ အံ့ဩမှင်တက်ကာ ပင့်သက်ရှိုက်မိသွားပြီး မြေကြီးပေါ်သို့ အားပါပါ ထိုင်ချလိုက်ပြီး သူ၏ဖိနပ်များကို ဆုတ်ဖြဲပစ်လိုက်၏။ ထို့နောက် သူ၏ခြေဖဝါးများကို အစွမ်းကုန် ကုတ်ဖဲ့နေလိုက်တော့သည်။

” ယားတယ်ဟ။ ဘာတွေဖြစ်နေတာလဲ ”

အဘိုးကြီးမှာမူ ဣန္ဒြေလုံးဝမပျက်ဘဲ ပရမ်းပတာဖြစ်နေသော မြင်ကွင်းကြီးအား တည်ငြိမ်စွာကြည့်ရှုနေ၏။ သူသည် သိပ်၍ အာရုံစိုက်နေခြင်း မရှိဘဲ နောက်သို့လှည့်သွားပြီး စစ်တပ်မှ အခြားအရာရှိ နှစ်ယောက်နှင့်အတူ ထွက်ပေါက်ဆီသို့ ဦးတည်သွားလိုက်တော့သည်။ သို့သော် သူ ခပ်ဝေးဝေးသို့ မရောက်ခင်မှာပင် သူ၏နောက်မှနေ၍ ဒေါသတကြီး အော်ဟစ်သံများနှင့် ပင့်သက်ရှိုက်သံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

” ငါ ကိုက်ခံလိုက်ရပြီဟ။ တောက်ကွာ။ ဒီနေရာမှာ တကယ်ကြီး ခြင်တွေရှိနေတာလား ”

” ငါလည်း ကိုက်ခံလိုက်ရပြီဟေ့။ တော်တော်လေးကို ယားတာဟ။ ငါ မခံစားနိုင်တော့ဘူး ”

” မင်းတို့တွေလည်း အကိုက်ခံလိုက်ရတာလား။ ဒါ ပူးပေါင်းကြံစည်မှုကြီးတစ်ခုပဲ ဖြစ်ရမယ် ”

ထိုကဲ့သို့ တအံ့တဩနှင့် အော်ဟစ်နေကြသည့် အသံများကြားတွင် လူအယောက် တစ်ဒါဇင်ကျော်မှာ ထိုင်ချလိုက်ကြပြီး သူတို့၏ ဖိနပ်များကိုချွတ်ကာ အရူးအမူး ကုတ်ဖဲ့နေကြတော့သည်။ သူတို့မှာ ထိုယားယံမှုအား တောင့်မခံလိုခြင်း မဟုတ်ဘဲ ၎င်းမှာ လုံးဝမခံမရပ်နိုင်လောက်အောင် ယားယံနေခြင်း ဖြစ်သည်။

တစ်ကိုယ်တော်သမား ခုန်းတောက်ပင်လျှင် တစ်ခါမှ မဖြစ်ဖူးသော မျက်နှာအမူအရာမျိုးစုံဖြင့် အရူးတစ်ယောက်လို ကုတ်ဖဲ့နေတော့သည်။

ထွက်ခွာသွားရန်ပြင်နေသော အဘိုးကြီးမှာ နောက်သို့လှည့်လာပြီး ထိုအထူးတဆန်း မြင်းကွင်းကြီးအား မြင်လိုက်ရသောအခါ တစ်ခဏမျှ မှင်တက်သွားရတော့သည်။ သူ၏နောက်တွင်ရပ်နေသော စစ်တပ်မှ အရာရှိနှစ်ယောက်မှာလည်း မျက်လုံးများပြူးသွားကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ဆွံ့အနေသည့် အမူအရာများ ပေါ်လာတော့သည်။

မကြာသေးမီတုန်းက ပါရမီရှင်များကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်နေခဲ့ကြသော ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာမှာ ယခုတွင်မူ မြေကြီးပေါ်တွင် ထိုင်ချကာ ဖိနပ်များချွတ်၍ အရူးများကဲ့သို့ ကုတ်ဖဲ့နေကြပြီဖြစ်သည်။ ထိုအပြောင်းအလဲကြီးမှာ မြန်ဆန်လွန်းနေ၏။

အကယ်၍ အမျိုးသား ကျင့်ကြံသူများသာဆိုပါက ကိစ္စမရှိပါသော်လည်း အမျိုးသားများသာမက အမျိုးသမီးများပါ ခြင်များ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်။ ထို့ကြောင့် မိန်းမငယ်လေးများစွာ၏ အမူအရာများမှာလည်း ပြောင်းလဲသွားကြတော့သည်။ အစပိုင်းတွင် သူတို့မှာ ဖိနပ်ပေါ်မှနေ၍သာ ကုတ်နေကြပါသော်လည်း ခဏအကြာတွင် သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့သဖြင့် မြေကြီးပေါ်တွင်ထိုင်ချကာ ဖိနပ်များကို ချွတ်လိုက်ကြသဖြင့် သူတို့၏ ချောမွေ့နူးညံ့သော ခြေဖဝါးလေးများ ပေါ်လာကြတော့သည်။ ထို့နောက် သူတို့မှာ မျက်နှာများနှင့် နားရွက်များ နီမြန်းလာကြပြီး ထိတ်ထိတ်ပျာပျာနှင့် မရပ်မနား ကုတ်ဖဲ့နေ‌လိုက်တော့သည်။

” အား ”
သူတို့ထဲ၌ လီယီလည်း ပါ၏။ သူမမှာ ပို၍ကုတ်လေလေ ပို၍ ယား‌ယံ‌လာလေလေ ဖြစ်နေသောကြောင့် ရူးသွပ်လုမတတ် ခံစားနေရတော့သည်။

တစ်ချက်မျှ ကြည့်လိုက်ရုံမျှဖြင့် ခြေဖဝါးပေါင်းများစွာကို မြင်နေရပြီဖြစ်သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ အဘိုးကြီးမှာ သူတို့အား ငေးကြည့်နေစဉ်တွင် နောက်ထပ် လူအယောက် တစ်ဒါဇင်မှာ ကြောက်လန့်တကြား အော်ဟစ်လိုက်ကြပြီး ခြေထောက်များကိုကုတ်ဖဲ့နေကြသည့် ပျိုးပင်များနည်းတူ ဖြစ်သွားရတော့သည်။

” ငါ တစ်ကောင်ကို သတ်လိုက်ပီဟေ့။ ခြင်အစစ် မဟုတ်တာ သေချာတယ်။ ငါတို့ကို ချောင်းမြှောင်းတိုက်ခိုက်နေတာ ဘယ်ကောင်းလဲကွ ”

” တောက်ကွာ။ ငါ မင်းကို ရှာမတွေ့ဖို့သာ ဆုတောင်းထား ”

” မင်း အဲဒီလောက်တော်နေရင် ငါတို့နဲ့ တိုက်ခိုက်လေ။ ဘာလို့ ဒီလောက်တောင် ရက်စက်ကြမ်းကြုတ်ပြီးတဲ့ ခြင်တွေကို လွှတ်နေရတာလဲ ”
ထိုကဲ့သို့ ကြောက်လန့်တကြား ဖြစ်နေကြစဉ် လူဦးရေစုစုပေါင်း၏ ဆယ်ပုံ ကိုးပုံခန့်မှာ လဲကျသွားကြပြီဖြစ်သည်။ သူတို့မှာ ခြေထောက်များကိုကုတ်ဖဲ့ရင်း ကျိန်ဆဲနေကြပြီး အသံမျိုးစုံဖြင့် ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းနေကြတော့သည်။ သူတို့၏အော်ဟစ်သံများမှာ လေးဘက်လေးတန်သို့ ပျံ့နှံ့သွား၏။ သူတို့အားလုံးမှာ ဒေါသထွက်လွန်းနေသောကြောင့် သွေးကြောကြီးများထောင်မတ်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ဒေါသမီးလျှံများ တောက်လောင်နေကြပြီဖြစ်သည်။ ထို့‌နောက် သူတို့အားလုံးမှာ ခြင်အကိုက်မခံရသေးသောကြောင့် မတ်တတ်ရပ်နေဆဲဖြစ်သော လူသုံးယောက်အား ဝိုင်းကြည့်လိုက်ကြတော့သည်။

တစ်ယောက်မှာ ဇဝေဇဝါဖြစ်နေသည့် ကျိုးရိဖန်ဖြစ်ပြီး၊ အခြားတစ်ယောက်မှာ အထူးတဆန်းဖြစ်နေသည့် အမူအရာနှင့် မတ်တတ်ရပ်နေသော ကျောက်ယမုန့်တို့ ဖြစ်ကြသည်။ နောက်ဆုံးတစ်ယောက်မှာမူ သူ့ကိုယ်သူ အလွန်အင်မတန်မှ ကျေနပ်နေသည့်ပုံ ပေါက်နေသည့် ဝမ်ပေါင်လဲ့ပင် ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset