ပြည်ထောင်စုထဲရှိ မည်သူကမှ ထို ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီး ပြန်လည်မွေးဖွားလာသည်ကို မသိလိုက်ပေ။ စစ်တပ်စခန်းတစ်ခုထဲသို့ ဆင်းသက်နေသော သင်္ဘောပျံကြီးပေါ်ရှိ ဝမ်ပေါင်လဲ့ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
ထိုသင်္ဘောပျံကြီးမှာ ပြည်ထောင်စုမြို့တော်၏ အပြင်ဘက်တွင် ဆင်းသက်သွား၏။ မြူခိုးများ၏ အောက်တွင် ဒဏ္ဍာရီလာ နတ်သမီးတိုင်းပြည်တစ်ခုနှင့် တူသည့် စိမ်းလမ်းစိုပြည်နေသော နယ်မြေတစ်ခုရှိနေ၏။ ထိုနယ်မြေထဲတွင် စီးဆင်းနေသော ရေများမှာ ချိုမြပြီး ဝိညာဉ်ချီအမြောက်အမြား ပျော်ဝင်နေ၏။
မြူခိုးများ ဖုံးအုပ်ထားသည့် နယ်မြေများထဲတွင် အရွယ်အစားအမျိုးမျိုးရှိသော စစ်တပ်စခန်းများမှာ ကျရာတာဝန်များကို ထမ်းဆောင်နေကြ၏။ ၎င်းတို့မှာ စခန်းတစ်ခုနှင့်တစ်ခု ဆက်သွယ်မှု သိပ်မလုပ်ကြဘဲ တသီးတခြားစီသာ ရှိနေကြသည့်ပုံပင်။
ပြည်ထောင်စုကြီး၏ ပျိုးပင်များ သွားရမည့် စစ်တပ်စခန်းကို ဆယ့်ကိုးခုမြောက်စခန်းဟု ခေါ်သည်။
ထို ဆယ့်ကိုးခုမြောက်စခန်းမှာ ပြည်ထောင်စုမြို့တော်ကြီးနှင့် ခန့်မှန်းခြေ မိုင်တစ်ရာနီးပါးခန့် ကွာဝေး၏။ ၎င်းကို တောင်တန်းများကြားထဲရှိ တောင်ကုန်းအနိမ့်လေးတစ်ခုပေါ်တွင် တည်ဆောက်ထားပြီး မြစ်ငယ်လေးတစ်စင်းမှာ ၎င်းအားဖြတ်၍ စီးဆင်းနေ၏။ ထိုမြစ်၏ နှစ်ဖက်စလုံးရှိ ကုန်းမြေများကို ရှင်းလင်းထားပြီး စစ်တန်းလျားပေါင်း ရာပေါင်းများစွာ တည်ဆောက်ထား၏။ ထိုစခန်းထဲတွင် ပြည်ထောင်စုကြီးထဲရှိ နည်းပညာ အဆင့်အမြင့်ဆုံး ကိရိယာတစ်ခုလည်းရှိသလို အလွန်အင်မတန်မှ ကျယ်ပြန့်ကာ ပြီးပြည့်စုံသည့် သိုင်းလေ့ကျင့်ရေးကွင်းတစ်ခုလည်း ရှိသေးသည်။
ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများ၏ သင်္ဘောပျံကြီး ဆင်းသက်လာသောအခါ စစ်တပ်မှ လူများစွာ သူတို့အား ထိုနေရာ၌ စောင့်ဆိုင်းနေကြ၏။ ပျိုးပင်တစ်ရာမှာ စိတ်အားထက်သန်နေဆဲဖြစ်ပြီး စိတ်လှုပ်ရှားမှုများ လျော့ကျသွားခြင်း မရှိသေးပါသော်လည်း စစ်တပ်မှလူများမှာမူ မျက်နှာထား တည်ကြည်ခက်ထန်နေကြ၏။
သူတို့မှာ တစ်ဖက်နှင့်တစ်ဖက် တွေ့ဆုံလိုက်ပြီးနောက် ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်စကား ပြောဆိုနေခြင်းများ မရှိပေ။ စစ်တပ်မှလူများမှာ သူတို့အဖွဲ့အား စစ်တပ်စခန်း၏ အနောက်မြောက်ဘက်ထောင့်တွင်ရှိသော အထူးစခန်းတစ်ခုသို့ လိုက်ပို့ကာ ထားရစ်ခဲ့ကြ၏။ ထိုစခန်းမှာ အတော်အသင့်ကျယ်ဝန်းပြီး လိုအပ်သော အထောက်အပံ့ပစ္စည်းများမှာလည်း အစုံအလင်ရှိသည်။ သို့သော် တစ်ယောက်အိပ်ခန်း တစ်ခန်းမှ မရှိပေ။ ထို့အပြင် သူတို့မှာ ခွင့်ပြုချက်မပါဘဲ ထိုစခန်းထဲမှ ထွက်ခွာ၍မရပေ။ သူတို့ကို ကျား၊မ ခွဲ၍ စစ်တန်းလျားနှစ်ခုထဲတွင် နေရာချထားလိုက်ကြသည်။
သူတို့မှာ ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာ ဖြစ်သည့်အလျောက် မာနကြီးကြပါသော်လည်း လိမ္မာပါးနပ်သည့် လူများလည်းဖြစ်သည်။ သူတို့မှာ သူတို့၏ခံစားချက်များကို အပြည့်အဝ ဖုံးကွယ်နိုင်စွမ်း မရှိပါသော်လည်း သူတို့၏အတွေးများကို စိတ်ထဲတွင်သာ မျိုသိပ်ထားလိုက်ပြီး စစ်တပ်၏ စီစဉ်ပေးမှုကို လက်ခံလိုက်ကြ၏။
စစ်တပ်မှ လူတစ်ယောက်မှာ ထွက်ခွာမသွားခင် သူတို့အဖွဲ့အား ဖျတ်ခနဲကြည့်ကာ တည်တည်ကြည်ကြည် ဆိုလိုက်၏။
” လာမယ့်အပတ်ကျရင် မင်းတို့ကို လျှို့ဝှက်ဆန်းကြယ်ပညာရပ်ဖြစ်တဲ့ ဆွေ့ရှင်းပေါင် ကို သင်ပေးမယ့်လူတစ်ယောက် ရောက်လာလိမ့်မယ်။ မင်းတို့တွေ အဲဒီ ပညာရပ်ကို အပြင်လူတွေနဲ့ ဝေမျှခွင့်မရှိဘူး။ ဒါပေမဲ့ ပြည်ထောင်စုကြီးက အဲဒီလိုမျိုးတွေ ဖြစ်မလာနိုင်အောင် တားဆီးလို့ရမှာမဟုတ်ဘူး။ ဒါပေမဲ့…. မင်းတို့တွေ အဲ့ ပညာရပ်ကို တခြားလူတွေနဲ့ ဝေမျှနေတာကို ငါတို့ ဖမ်းမိမယ်ဆိုရင်တော့ မင်းတို့ဘာသာ ဘာကောင်ကြီး ဖြစ်နေဖြစ်နေ၊ ဘယ်အသိုင်းအဝိုင်းကပဲ ဖြစ်နေဖြစ်နေ ကွပ်မျက်ခံရမှာပဲ ”
ဝမ်ပေါင်လဲ့မှာ စစ်တပ်မှလူကြီး၏ ပြောစကားများကို နားထောင်ရင်း မျက်လုံးများ မှေးသွားပြီး ခေါင်းထဲ၌ စွဲနေအောင် မှတ်ထားလိုက်တော့သည်။ သို့သော် သူ၏ပတ်ပတ်လည်မှ ပျိုးပင်တစ်ရာမှာမူ သူ၏ပြောစကားကို အဖက်လုပ်ကြသည့်ပုံပင်။
” အခုတော့ စခန်းဆီ ပြန်ပြီး အနားယူကြ။ မင်းတို့တွေ ဒီနေရာကနေ ထွက်ခွင့်မရှိဘူး။ မနက်ဖြန်မနက် မင်းတို့တွေ ငါတို့ဆီက အကြောင်းကြားစာ ရပြီးတဲ့အချိန်ကျရင် စက္ကန့်သုံးဆယ်အတွင်း ဒီနေရာမှာ စုဝေးပြီးသားဖြစ်နေရမယ် ”
စစ်တပ်မှလူကြီးမှာ ပြည်ထောင်စုကြီး၏ ပျိုးပင်များ မည်သို့မည်ဖုံ တွေးတောနေမည်ကို အရေးမလုပ်ဘဲ စကားဆုံးအောင် ပြောလိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
သူသည် မထွက်ခွာခင် မသိစိတ်မှနေ၍ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲ ကြည့်မိလိုက်၏။
” သူက ငါ့ကို ကြည့်နေတာလား ”
ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခတ်မိသွားပြီး သူသည် စစ်တပ်နှင့် ဆက်ဆံရေးတစ်ခုရှိရမည်ဟု ခံစားမိလိုက်၏။ ထိုသို့ဖြင့် သူသည် အထူးတဆန်း ဖြစ်နေရင်း အခြား အမျိုးသားပျိုးပင်များနှင့်အတူ သူတို့၏ စစ်တန်းလျားများထဲသို့ ဝင်သွားလိုက်တော့သည်။
ထိုစစ်တန်းလျားများမှာ အတော်အတန်ကျယ်ဝန်းပြီး အတွင်းထဲတွင် အိပ်ရာတစ်ရာကျော် ရှိသည်။ ပရိဘောဂများ သိပ်၍ မစုံလင်ပါသော်လည်း အလွန်အင်မတန်မှ သပ်သပ်ရပ်ရပ် ရှိနေ၏။ ဆေးအရောင်ကိုမူ အပြာနှင့်အဖြူ သုတ်ထားသည်။ စစ်တန်းလျားများထဲတွင် ရပ်နေပါက သက်တောင့်သက်သာရှိသလို အတွေးများထဲတွင် စည်းကမ်းနှင့် အမိန့်နာခံမှု စိတ်ဓာတ်များ ပေါ်ပေါက်လာမည်ဖြစ်သည်။
လူတိုင်း နှစ်သက်ရာ အိပ်ရာများကို ရွေးချယ်လိုက်ကြပြီးနောက် တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွားအောင် မိတ်ဆက်လိုက်ကြ၏။ သူတို့မှာ ပဏာမရွေးချယ်ပွဲကတည်းက တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးခဲ့ကြသည်ပုံပင်။ ထိုသို့ဖြင့် ရယ်မောသံများနှင့် စကားပြောသံများမှာ ကျယ်လောင်လာတော့သည်။ ခဏအကြာတွင် လူတိုင်း သူတို့၏အိပ်ရာများထဲမှ ထွက်ခွာလာပြီး အခြားသူများ ရှိရာဆီသို့သွားကာ အပြင်အလှန် နှုတ်ဆက်ရင်း စိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်းများကို ပြန်လည်ဝေမျှနေကြတော့သည်။
သီးသန့်နေရာများ ရရှိခဲ့သော ဝမ်ပေါင်လဲ့နှင့် ခုန်းတောက်တို့သာလျှင် နောက်၌ ကျန်ရစ်ခဲ့ကြ၏။ အခြားသူများမှာ သူတို့အား ဝိုင်းကြဉ်ကာ လျစ်လျူရှုထားကြသည်ပုံပင်။
ခုန်းတောက်မှာ အခြားသူများ သူ့အား ဆက်ဆံသည့် ပုံစံကို ကျင့်သားရနေသည့်ပုံပင်။ သူသည် နဂိုကတည်းက တစ်ယောက်တည်း သီးသန့်နေတတ်သူ ဖြစ်ပြီး အခြားသူများ၏ သူ့အပေါ်ထားရှိသော ထင်မြင်ယူဆချက်များကို ဂရုမစိုက်တတ်သောကြောင့် အေးစက်ကာ မောက်မာဝင့်ကြွားမှု အပြည့်ဖြင့် တင်ပျဉ်ခွေထိုင်ချလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ ဖော်ဖော်ရွေရွေ နေတတ်သူတယောက်ဖြစ်သည်။ ထို့ကြောင့် သူသည် ကျိုးရိဖန်အား ရှာဖွေလိုက်ပြီးနောက် အခြားသူများနှင့်ပါ စကားစမြည် ပြောဆိုနေလိုက်တော့သည်။ သို့သော် သူတို့မှာ အပြင်ပန်းတွင် ဖော်ဖော်ရွေရွေနှင့် ယဉ်ယဉ်ကျေးကျေး ရှိကြပါသော်လည်း သူ့အား အထင်မြင်သေးကာ စက်ဆုပ်ရွံရှာနေသည့်ပုံလည်း ပေါက်နေကြသဖြင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။
သူသည် စစ်တန်းလျားထဲရှိ လူများအား သူ၏ ရာထူးအဆင့်အတန်းအကြောင်းကို ခင်ခင်မင်မင် ဖော်ဖော်ရွေရွေ ရှင်းပြရန် တွေးတောနေစဉ်မှာပင် စစ်တန်းလျားများ၏ အပြင်ဘက်မှ အသံတစ်သံထွက်ပေါ်လာ၏။
” ပေါင်လဲ့ရေ။ မင်း အထဲမှာရှိလား ”
ထိုအသံနှင့်အတူ လူခုနစ်ယောက်၊ ရှစ်ယောက်လောက်မှာ စစ်တန်းလျားများ၏ အပေါက်ဝမှ အတွင်းသို့ လျှောက်လှမ်းလာကြ၏။ သူတို့အားလုံးမှာ စစ်တပ်စခန်းမှ စစ်သားများဖြစ်ကြပြီး ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည့်အချိန်တွင် သူတို့၏ မျက်နှာများပေါ်၌ ပျော်ရွှင်မှု အရိပ်အယောင်များ ထင်ဟပ်သွားကြတော့သည်။
” မင်းတို့ပါလား ”
ဝမ်ပေါင်လဲ့၏ အတွေးများမှာ ချက်ချင်းပင် ရပ်တန့်သွားရတော့သည်။ သူသည် သူတို့အား လှမ်းကြည့်လိုက်သောအခါ ချက်ချင်းပင် မျက်မှန်းတမ်းမိသွား၏။ သူတို့အားလုံးမှာ သူတာဝန်ကျခဲ့သော ခံတပ်မှ စစ်သားများဖြစ်ကြသည်။ ထို့ကြောင့် သူသည် အံ့အားသင့်ကာ ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် သူတို့အား နှုတ်ဆက်ရန် ပြေးထွက်သွားလိုက်ပြီး သူတို့အားလုံးကို ပွေ့ဖက်လိုက်တော့သည်။
ပေးပတ်ပတ်လည်ရှိ ပျိုးပင်များက ရယ်မောကာ စိုက်ကြည့်နေကြစဉ် စစ်သားများမှာ ဝမ်ပေါင်လဲ့အား စစ်တန်းလျားအပြင်ဘက်သို့ ဆွဲခေါ်သွားလိုက်ပြီး အထူးသတ်မှတ်ထားသော နယ်မြေထဲမှ ထွက်ခွင့်မရှိဟူသော တားမြစ်ချက်များကို လျစ်လျူရှုကာ စခန်းအပြင်ဘက်သို့ ခေါ်သွားလိုက်၏။ ထို့နောက် သူတို့ နေထိုင်ရာ စစ်တန်းလျားများဆီသို့ ခေါ်ဆောင်သွားတော့သည်။
ထိုနေရာမှ ထွက်ခွာခွင့်မရှိဟူသော တားမြစ်ချက်မှာ ဝမ်ပေါင်လဲ့အပေါ် သက်ရောက်မှု မရှိသည့်ပုံပင်။ သူသည် ခွင့်ပြုချက်ရရှိထားသည်ဖြစ်ပြီး ထိုနေရာတွင် အစောင့်ကျနေသော စစ်သားများပင်လျှင် သူတို့အား တစ်ချက်မျှသာ လှမ်းကြည့်လိုက်ကြ၏။ ထိုစစ်သားများမှာ အကြောင်းကြားစာ တစ်ခုခု ရရှိထားကြသည့်ပုံပင်။ သူတို့မှာ ဝမ်ပေါင်လဲ့တို့အဖွဲ့အား တားဆီးခြင်းမရှိသည့်အပြင် ခင်မင်ရင်းနှီးစွာပင် ပြုံးပြလိုက်ကြ၏။
သူ့အား ဆက်ဆံပုံမှာ အခြားသူများနှင့် မတူညီကြောင်း သိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များတက်ကြွသွား၏။ ယခုလို ဖြစ်နေရခြင်းမှာ သူနှင့် စစ်တပ်ကြားမှ ဆက်ဆံရေးကြောင့်ဖြစ်ကြောင်းကို သိရှိနိုင်ရန် သူသည် တွေးတောနေစရာပင် မလိုပေ။ အမှန်တွင် ပေါင်လဲ့အမြောက်နှင့်လည်း အများကြီး သက်ဆိုင်နေနိုင်ကြောင်း သူက တွေးမိခဲ့၏။
လမ်းတစ်လျှောက်တွင် သူတို့၏ ရယ်မောသံများနှင့် စနောက်ကျီစယ်သံများမှာ စခန်းတစ်ခုလုံးထဲ၌ ပဲ့တင်ထပ်နေတော့သည်။ သားရဲစီးကြောင်းကြီး ပြီးဆုံးသွားပြီးနောက် သတ္တမမြောက် ပထမအဆင့်ခံတပ်မှ စစ်သားများစွာအား အနားပေးရန်အတွက် ပြည်ထောင်စုမြို့တော်ဆီသို့ ပြန်လည်လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိလိုက်ရ၏။ ထို့ကြောင့် သူတို့မှာ ဤနေရာသို့ ရောက်နေရခြင်းဖြစ်သည်။
စကားဝိုင်းထဲ၌ သားရဲစီးကြောင်းကြီးအကြောင်း ပါလာသောအခါ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိတ်ဓာတ်ကျသွားရ၏။ သို့သော် သူ၏ မိတ်ဆွေများနှင့် ပြန်လည်ဆုံစည်းလိုက်ရသော ပျော်ရွှင်မှုများကြောင့် သူသည် ခံတပ်တွင်ဖြစ်ပျက်ခဲ့သည့် တိုက်ပွဲကြီးအကြောင်းကို ချက်ချင်းပင် မေ့ပျောက်သွားတော့သည်။ သူ့မိတ်ဆွေများ၏ မိတ်ဆက်ပေးမှုများကြောင့် နောက်ထပ်စစ်သားများစွာမှာလည်း ဝမ်ပေါင်လဲ့နှင့် ပို၍ ခင်မင်ရင်းနှီးလာကြတော့သည်။ စစ်တပ်အရာရှိ အချို့မှာလည်း ပေါင်လဲ့အမြောက်အကြောင်းကို ကြားသိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့အား အင်မတန်မှ ဖော်ဖော်ရွေရွေ ဆက်ဆံနေကြတော့သည်။
အခြား ပြည်ထောင်စုပျိုးပင်များမှာ ထိုအကြောင်းများကို သိရှိလိုက်ရသောအခါ တရားမျှတမှုမရှိသလို ခံစားလိုက်ရပြီး အမျက်ချောင်းချောင်း ထွက်သွားကြတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာမူ စစ်သားများနှင့် အပြင်ဘက်၌ ပွဲတော်ကြီး တည်ခင်းနေ၏။ နောက်ဆုံးတွင် သူသည် သူ၏ဗိုက်ကို ပုတ်လိုက်ပြီး လရောင်များ ဖြာကျနေသော လမ်းလေးအတိုင်း လျှောက်လှမ်းကာ သူ၏ စစ်တန်းလျားဆီသို့ ပြန်လာတော့သည်။
သူ ပြန်ရောက်လာသောအခါ အများစုမှာ တင်ပျဉ်ခွေထိုင်၍ တရားထိုင်နေကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ လေချဉ်တက်လိုက်ပြီး သူ၏ အိပ်ရာဆီသို့ ပြန်ရောက်လာ၏။ ထို့နောက် သူ၏ အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ကျိုးရိဖန်အား မျက်ခုံးတစ်ဖက် ပင့်ပြကာ ကြက်ဒူးဆစ်ပိုင်းတစ်ချောင်းအား သူ့ဆီသို့ လှမ်းပစ်ပေးလိုက်၏။
ကျိုးရိဖန်မှာမူ အထူးတဆန်းဖြစ်နေသော မျက်နှာအမူအရာဖြင့် ထို ကြက်ဒူးဆစ်ပိုင်းအား လှမ်းဖမ်းလိုက်၏။ သူသည် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားကာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ပြီးနောက် ပြုံးကာ ခေါင်းယမ်းလိုက်တော့သည်။ ထို့နောက် သူသည် ထို ကြက်ဒူးစစ်ပိုင်းအား ဝါးစားလိုက်တော့သည်။
” မိတ်ဆွေကောင်းဆိုတာ ဒါမျိုးမှပေါ့ ”
ဝမ်ပေါင်လဲ့က ရယ်မောကာပြောဆိုလိုက်၏။ ထို့နောက် သူသည် မုန့်အချို့ပါ ထုတ်ယူလိုက်ပြီး လှမ်း၍ပေးလိုက်ပြန်သည်။ နောက်ဆုံးတွင် သူသည် ဝိညာဉ်ရေခဲရေဘူးတစ်ဘူးကို ထုတ်ယူကာ တဝကြီး မော့သောက်လိုက်ပြီးနောက် မျက်လုံးများမှိတ်၍ တရားစထိုင်လိုက်တော့သည်။
သို့သော် ထိုအခန်းထဲ၌ လူအများကြီးရှိနေသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်သလို မည်မျှပင် အရှက်မရှိစေကာမူ တရားထိုင်ခြင်း၌ စိတ်ကိုနှစ်ထားနိုင်ရန် အခက်တွေ့နေရ၏။ သူသည် သူ၏ အာရုံငါးပါးကို ထိန်းချုပ်ကာ သူ၏ပတ်ဝန်းကျင်အား မေ့လျော့ထားလိုက်ပြီး အတိုင်းအတာတစ်ခုအထိ စိတ်တည်ငြိမ်အောင်သာ ထားနိုင်လိုက်၏။
ထိုသို့ဖြင့် ထိုညမှာ ကုန်ဆုံးသွား၏။
နောက်နေ့မနက်ခင်းတွင် လေထုထဲ၌ ခေါင်းလောင်းသံတစ်သံ ရုတ်ခြည်းဆိုသလို ပဲ့တင်ထပ်သွားသဖြင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်လုံးများ ပွင့်လာရတော့သည်။ အခြားသူများမှာလည်း တရားထိုင်နေရာမှ နိုးထလာကြပြီး အပြင်ဘက်သို့ ပြေးထွက်သွားကြ၏။
သူတို့ ထိုသို့ပြေးထွက်လာစဉ် အမျိုးသမီးကျင့်ကြံသူများမှာလည်း သူတို့၏ စစ်တန်းလျားများထဲမှ ပြေးထွက်လာကြ၏။ ထိုဖြစ်စဉ်ကြီးတစ်ခုလုံးမှာ စက္ကန့်သုံးဆယ်ပင် မကြာလိုက်ပေ။ လူတိုင်း ရင်ပြင်ထဲသို့ရောက်နေကြပြီဖြစ်သည်။
သူတို့အားလုံး စုဝေးပြီးသွားသည်နှင့် တစ်ပြိုင်နက် အဘိုးကြီးတစ်ယောက်မှာ ခပ်လှမ်းလှမ်းမှနေ၍ လျှောက်လှမ်းလာ၏။ သူ၏ ကျောကုန်းတွင် ဘုကြီးတစ်ခု ရှိနေပြီး သူ၏လက်နှစ်ဖက်ကို နောက်သို့ပစ်ထား၏။ သူသည် ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး သူ၏နောက်တွင် စစ်တပ်တူညီဝတ်စုံနှင့် သက်လတ်ပိုင်း လူကြီးနှစ်ယောက် လိုက်လာ၏။
ထိုအဘိုးကြီးနှင့်အတူ အခြေတည်အဆင့်ထက် အများကြီးပို၍ သာလွန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး အတားအဆီးမရှိ ပျံ့နှံ့သွား၏။ ခံ့ညားထည်ဝါသော အငွေ့အသက်ကြီးတစ်ခုမှာ ဧရာမတောင်ကြီးတစ်လုံးကဲ့သို့ ဝမ်ပေါင်လဲ့နှင့် အခြားသူများပေါ်သို့ ဖိနှိပ်ထား၏။
၎င်းတို့မှာ လိပ်ပြာလွင့်လုမတတ် အံ့သြတုန်လှုပ်နေကြပြီး အသက်ပင် မှန်မှန်မရှူနိုင်တော့ပေ။
ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် အမြုတေအဆင့် ကျင့်ကြံသူအချို့နှင့် ကြုံဖူးထားသောကြောင့် ထိုအဘိုးကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေအဆင့်၌ မလွဲမသွေ ရှိနေရမည်ဖြစ်ကြောင်း ချက်ချင်းပင် ဆုံးဖြတ်လိုက်၏။
ထိုအဘိုးကြီးမှာ သူတို့အဖွဲ့ရှေ့သို့ ရောက်လာ၏။ သူ၏မျက်လုံးများမှာ ခပ်ရေးရေးမျှသာ ပွင့်နေကြသည်။ သူသည် အာလာပသလ္လာပစကားများ ပြောမနေဘဲ ခပ်အောအောလေသံကြီးဖြင့် တည့်တိုးပြောလိုက်တော့သည်။
” ငါက ပြည်ထောင်စုဘုန်းတော်ကြီး စုဟုန်ဖေးပဲ။ ငါက မင်းတို့ကို လျှို့ဝှက်ဆန်းကြယ်ပညာရပ် သင်ပေးဖို့ တာဝန်ယူထားတာ။ ဆွေ့ရှင်းပေါင် ဆိုတာ တုန်ခါနေတုန်း ထူးခြားတဲ့ ကြိမ်နှုန်းတစ်ခုကို ထုတ်လွှတ်ပြီးတော့ ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းအားတွေကို အပြည့်အဝအသုံးချနိုင်အောင် လုပ်ပြီး အဲဒီစွမ်းအားတွေကို ပစ်မှတ်တစ်ခုတည်းပေါ်မှာ အသုံးပြုရတာပဲ။ နောက်ဆုံးအဆင့် ဇီဝိန်ချုပ်တိုက်ကွက်ပေါ့ ”
” ပညာရပ်ကို သင်တာက ပထမအဆင့်ပဲ ရှိသေးတယ်။ ဒုတိယအဆင့်က မင်းတို့ရဲ့ တိုက်ခိုက်လိုစိတ်ပဲ ”
” မှတ်ထား။ ကိုယ့်ရဲ့လက်သီးချက်ထဲမှာ ကြယ်တာရာတွေကို ကြေမွသွားစေနိုင်ပြီး မိုးကောင်းကင်ကြီးကိုပါ အမှုန့်ခြေပစ်နိုင်တဲ့ တိုက်ခိုက်လိုစိတ်တွေ ပါဝင်နေမှ ဆွေ့ရှင်းပေါင်ကို အသုံးပြုလို့ရမှာ ”
” ကဲ။ သေသေချာချာ ကြည့်ထားကြ… ”
အဘိုးကြီးမှာ တည်ကြည်စွာ ဆိုလိုက်ပြီး သူ၏မျက်လုံးများမှာ ရုတ်ခြည်းဆိုသလို ပြူးကျယ်သွားတော့သည်။ ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးနှစ်လုံးမှာ ဝင်းလက်တောက်ပစွာ တောက်လောက်နေသော ကြယ်နှစ်လုံးကဲ့သို့ပင်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲမှ တုန်လှုပ်ချောက်ချားဖွယ်ရာ ပြင်းအားကြီးတစ်ခု မီးတောင်ကြီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ထွက်ပေါ်လာ၏။
ထိုအချိန်တွင် သူသည် ဘေးဘက်သို့ ချက်ချင်းပင် ခြေလှမ်းလှမ်း၍ သူ၏ညာလက်ကို မြှောက်လိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လေးတစ်ခုကဲ့သို့ အလိုအလျောက် ကွေးညွှတ်သွား၏။ ထို့နောက် သူ၏လက်သီးဖြင့် မိုးကောင်းကင်ပေါ်သို့ ထိုးနှက်လိုက်တော့သည်။
ထိုအခါ မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာသဖြင့် မိုးကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ရီသွား၏။ လူတိုင်း၏ နားထဲတွင် ထစ်ချုန်းသံများ ကျယ်လောင်စွာ ပေါက်ကွဲမြည်ဟည်းနေပြီး ကောင်းကင်ယံကြီး တစ်ခုလုံးထဲတွင် ပေါက်ကွဲလှိုင်းများ တလိပ်လိပ် ပေါ်ထွက်လာ၏။ ထို့နောက် ပဲ့တင်သံများရိုက်ခတ်သွားပြီးနောက် ကောင်းကင်ယံတွင် ဧရာမဝဲကြီးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး ချက်ချင်းပင် အရွယ်အစားကြီးထွားလာတော့သည်။ ၎င်းမှာ အရာရာတိုင်းကို ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။
ထို့နောက် မည်သည့်နေရာကမှန်းမသိ လေပြင်းများ စတင်တိုက်ခတ်လာ၏။ အဘိုးကြီးမှာ အရပ်မျက်နှာအနှံ့သို့ တိုက်ခတ်နေသော ထိုလေပြင်းများ၏ အလယ်ဗဟိုတွင် ရှိနေပြီး ၎င်းတို့၏ ပြင်းအားများကြောင့် ဝမ်ပေါင်လဲ့နှင့် အခြားသူများမှာ မတည်မငြိမ် ဖြစ်လာကြတော့သည်။ သူတို့အားလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး သူတို့ကိုယ်သူတို့ မထိန်းနိုင်တော့ဘဲ နောက်သို့ ဆုတ်ခွာသွားကြတော့သည်။
သူတို့၏ရှေ့တွင်ရပ်နေသော အဘိုးကြီးမှာ ရုတ်ခြည်းဆိုသလို ရက်စက်ကြမ်းကြုတ်သော သတ္တဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး နေမင်းကြီး၏ အောက်ရှိ အရာရာတိုင်းကို ဝါးမျိုပစ်ရန် ဆန္ဒပြင်းပြနေသည့်အလားပင်။