ထိုနတ်ဘုရားနှင့် တူသည့်လူကြီး ဝင်ရောက်လာမှုကြောင့် ဥက္ကဋ္ဌအဆောင်တစ်ခုလုံး ငြိမ်ကျသွား၏။ ထောင်ပေါင်းများစွာသောလူများမှာ သူ၏ပတ်ပတ်လည်၌ ရစ်ဝဲနေသည့် ခံ့ညားထည်ဝါသော အငွေ့အသက်များကို အာရုံခံမိလိုက်ကြသည်။ သူတို့မှာ မသိစိတ်မှနေ၍ အသားများ တဆတ်ဆတ် တုန်ရီလာကြပြီး ခေါင်းများငုံ့သွားကြတော့သည်။
ထိုသို့ဖြစ်သွားရသည်မှာ သူ၏ ရာထူးအဆင့်အတန်းကြောင့် ဖြစ်သလို သူ၏ ကျင့်ကြံခြင်းအဆင့်ကြောင့်လည်း ဖြစ်သည်။ ပြည်ထောင်စုကြီးထဲရှိ အစွမ်းအထက်ဆုံးလူ၊ နတ်ဘုရားရတနာတစ်ခု၏ တစ်ဦးတည်းသော ပိုင်ရှင်နှင့် ပြည်ထောင်စု ဥက္ကဋ္ဌကြီးဖြစ်သော ထို အဖြူရောင်ဝတ်ရုံနှင့်လူကြီးကို လူတိုင်း ဝိုင်ကြည့်နေကြ၏။ သူသည် နေမင်းကဲ့သို့ တောက်ပနေတော့သည်။
ပျိုးပင်တစ်ရာမှာ ခံစားနေရသောဖိအားများကြောင့် လှုပ်လှုပ်ရွရွဖြစ်သွားကြပြီး သူတို့၏ ခံစားချက်များမှာ နှလုံးသားထဲ၌ လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်နေကြပြီဖြစ်သည်။ သူတို့မှာ လှိုင်းများထန်နေသည့် သမုဒ္ဒရာကြီးတစ်စင်းထဲသို့ ရောက်နေသော အထီးကျန် လှေငယ်လေးတစ်စင်းကဲ့သို့ ခံစားနေကြရသည်။ သူတို့၏စိတ်ထဲတွင် ကြောက်ရွံ့ရိုသေစိတ်များ အလိုအလျောက်ပေါ်လာ၏။
ကျိုးရိဖန်ဖြစ်စေ၊ ကျောက်ယမုန့်ဖြစ်စေ၊ သီးသန့်နေရာတစ်ခုကို ရရှိထားသည့် ခုန်းတောက်ပင်ဖြစ်စေ မည်သူကမှ သူတို့၏ မျက်နှာများပေါ်၌ အခြားခံစားချက်များကို ထုတ်မပြရဲကြပေ။ သူတို့၏မျက်ဝန်းများထဲတွင် ကြောက်ရွံ့ရိုသေမှုများနှင့် လေးစားမှုများဖြင့်သာ ပြည့်နှက်နေကြသည်။
ဝမ်ပေါင်လဲ့မှာလည်း ထို ခံ့ညားထည်ဝါလွန်းနေသော အငွေ့အသက်ကြီးအောက်တွင် အသက်အောင့်ထားလိုက်ရ၏။ သို့သော် သူသည် အခြားပျိုးပင်များနှင့် မတူဘဲ ကွဲပြားခြားနားနေ၏။ သူ၏မျက်လုံးများထဲတွင် အခြားလူများကဲ့သို့ ကြောက်ရွံ့ရိုသေမှုနှင့် လေးစားမှုများရှိနေပါသော်လည်း တချိန်တည်းမှာပင် ၎င်းတို့မှာ ထူးဆန်းနေ၏။ သူသည် သူ၏ အနာဂတ်ကို ကြည့်နေရသကဲ့သို့ ခံစားနေရသည်။
ထိုကဲ့သို့သော အမူအရာမျိုးကြောင့် သူသည် တခြားသူများနှင့်မတူဘဲ ချက်ချင်းပင် ကွဲထွက်သွားတော့သည်။
မျက်စိဒေါက်ထောက်ကြည့်နေသော လူအုပ်ကြီး၏ ရှေ့တွင် သွမ့်မူချွယ်မှာ ဥက္ကဋ္ဌအဆောင်ထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ပြုံးလိုက်၏။ သူသည် ပျိုးပင်တစ်ရာရှိရာသို့ လျှောက်လှမ်းသွားလိုက်ပြီး သူတို့၏ရှေ့တွင်ရပ်ကာ တစ်ယောက်ချင်းစီတိုင်းကို ကြည့်ရှုလိုက်၏။ သူ၏အပြုံးထဲတွင် နွေးထွေးမှုနှင့် ဝမ်းသာကျေနပ်မှုများအပြင် သဘောကျနှစ်သက်မှု အရိပ်အယောင်များပါ ပါဝင်နေ၏။
” ပြည်ထောင်စုကြီးရဲ့အနာဂတ်က မင်းတို့ရဲ့လက်ထဲမှာနော် ”
သူ၏စကားသံမှာ အားပေးကာ သဘောကျထောက်ခံသည့် လေသံ ပေါက်နေ၏။ သူ၏ စကားကြောင့် ဝမ်ပေါင်လဲ့ အပါအဝင် ပျိုးပင်တစ်ရာ၏ စိတ်ဓာတ်များမှာ ချက်ချင်းပင် တက်ကြွသွားရတော့သည်။ ထို့ကြောင့် သူတို့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ သွမ့်မူချွယ်အား တရိုတသေ ဦးညွှတ်လိုက်ကြ၏။
” ဆုတံဆိပ်တွေယူခဲ့။ ငါကိုယ်တိုင် မင်းတို့ကို ပေးမယ်။ ဒီဆုတံဆိပ်တွေက မင်းတို့ရဲ့အဆင့်အတန်းကို ကိုယ်စားပြုတဲ့အပြင် ပြည်ထောင်စုကြီးရဲ့ မင်းတို့အပေါ်မှာထားရှိတဲ့ ထောက်ခံမှုနဲ့ မျှော်လင့်ချက်တွေကိုပါ ကိုယ်စားပြုတယ်။ ဒီနေ့ကစပြီးတော့ မင်းတို့တွေ ပြည်ထောင်စုကြီးကို တခြားသူတွေနဲ့ မတူလောက်အောင် ကိုယ်စားပြုနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ် ”
သွမ့်မူချွယ်က ထိုကဲ့သို့ ရယ်မောပြောဆိုလိုက်သောအခါ သူ၏နောက်တွင် ရပ်နေသော အစောင့်တစ်ယောက်မှာ ချက်ချင်းပင် ရှေ့သို့လှမ်းလာပြီး ပျိုးပင်တစ်ရာအတွက် ပြည်ထောင်စုကြီး အထူးပြင်ဆင်ပေးထားသော ဆုတံဆိပ်အခုတစ်ရာကို သူ့ဆီသို့ လှမ်းပေးလိုက်၏။
သွမ့်မူချွယ်မှာ ထိုဆုတံဆိပ်များကိုယူ၍ တစ်ယောက်ချင်းစီ လိုက်လံဆုချပေးလိုက်တော့သည်။ သူသည် လူတစ်ယောက်ကို ဆုချတိုင်း အားပေးစကားများ ပြောလိုက်၏။ ထိုအခိုက်အတန့်တွင် လူတိုင်း၏အာရုံမှာ ဆုတံဆိပ် လက်ခံရရှိနေသော ပါရမီရှင်ပေါ်သို့ ကျရောက်သွား၏။ ထိုသူမှာ ပြည်ထောင်စုကြီးတစ်ခုလုံးထဲရှိ ဖန်သားပြင်များ၏ရှေ့တွင် ကြည့်ရှုနေကြသည့် သန်းထောင်ပေါင်းများစွာ လူများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရ၏။
” တော်တယ်။ ဒီခေတ်ကို ငါတို့အပြင် မင်းတို့အားလုံးကပါ ပိုင်တယ်ကွ ”
” ယမုန့်လေးမှ ဟုတ်ရဲ့လားကွ။ မဆိုးဘူး။ သမီး သမီးရဲ့ အမေကို ကျော်နိုင်ဖို့ မျှော်လင့်ပါတယ် ”
” ခုန်းတောက် … မင်းလည်း ဆက်ပြီးတော့ကြိုးစားရမယ်နော် ”
သွမ့်မူချွယ်မှာ သူတို့၏ ဘေးမှ ဖြတ်လျှောက်သွားရင် ဆုတံဆိပ်များကို ပေးအပ်နေ၏။ သူ၏ချီကျုးစကားများမှာလည်း လေထုထဲတွင် ပဲ့တင်ထပ်နေတော့သည်။ သူ၏နောက်မှ လိုက်လာကြသော ပြည်ထောင်စုကြီး၏ အစိုးရအရာရှိများမှာလည်း တပြုံးပြုံးနှင့် ခေါင်းညိတ်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် အားပေးမှု အရိပ်အယောင်များ ထင်ဟပ်နေကြ၏။
သူ၏ ချီးကျူးခြင်းကို ခံလိုက်ရပြီး အားပေးစကားများကို ကြားလိုက်ရသူများမှာလည်း စိတ်လှုပ်ရှားသွားကြ၏။ ထိုမြင်ကွင်းကိုလည်း ဖန်သားပြင်ပေါ်မှတစ်ဆင့် ကြည့်ရှုနေကြသည့် သန်းထောင်ပေါင်းများစွာသော ပြည်ထောင်စုသားများမှာ မြင်လိုက်ရသည်။
ထိုသို့ဖြင့် သွမ့်မူချွယ်မှာ ဝမ်ပေါင်လဲ့၏ရှေ့သို့ ရောက်ရှိလာ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ရင်ကော့လိုက်ပြီး ရုပ်ရည်အချောဆုံးဟု သူ မှတ်ယူထားသော သူ၏ မျက်နှာအား ပြည်ထောင်စုကြီးတစ်ခုလုံးအား ပြသလိုက်တော့သည်။
သွမ့်မူချွယ်အား ကြည့်နေရင်း သူ၏ အနာဂတ်အား မြင်နေရသလို ဖြစ်နေသည့် သူ၏ခံစားချက်များမှာလည်း ပိုမို ကြီးထွားလာတော့သည်။
” ဝမ်ပေါင်လဲ့ပါလား။ မင်း ဘယ်သူလဲဆိုတာ ငါသိတယ် ”
သွမ့်မူချွယ်က ဝမ်ပေါင်လဲ့အားကြည့်ကာ ဆိုလိုက်သည်။ သူ၏အပြုံးမှာ အခြားသူများကိုပြုံးပြခဲ့သော အပြုံးများနှင့် ယှဉ်ပါက အနည်းငယ်ခန့် ကွဲပြားနေ၏။ ဝမ်ပေါင်လဲ့၏ သူ့အားစိုက်ကြည့်နေသော မျက်လုံးများမှာ ထူးဆန်းနေသည်ဟု သူက ခံစားနေရပါသော်လည်း အများကြီး တွေးမနေခဲ့ပေ။ သူသည် ရှေ့သို့လှမ်းလာပြီး လက်မြှောက်ကာ ဝမ်ပေါင်လဲ့၏ပခုံးအား ပုတ်လိုက်၏။ ထို့နောက် သူ၏လောက်တို့လိုက်လာသော ပြည်ထောင်စုအရာရှိကြီးများရှိရာဘက်သို့ လှည့်၍ ပြုံးကာဆိုလိုက်၏။
” ဗိုလ်ချုပ်ကြီး သဲ့ရှီ ငါနဲ့ စကားပြောခဲ့တုန်းက ငါ သူ့ကို စကားတစ်ခွန်းပြောခဲ့တယ်။ ဒီနေ့ ငါ အဲဒီစကားကို ပြန်ပြောပြမယ်။ ပြည်ထောင်စုကြီးက ဝမ်ပေါင်လဲ့လိုလူမျိုး အယောက်တစ်သောင်းလောက် လိုတယ်ကွ ”
သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ဘေးပတ်ပတ်လည်မှ အစိုးရအရာရှိများမှာ ဆွံ့အသွားကြတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား ပို၍ အာရုံစိုက်ကာ ကြည့်ရှုလိုက်ကြ၏။ သွမ့်မူချွယ်၏ အပြုအမူများနှင့် ဝမ်ပေါင်လဲ့အား ချီးကျူးစကားများမှာ အခြားသူများထက် သိသိသာသာ ပို၍ ထူးကဲသာလွန်နေသည်မဟုတ်ပါလော။
သူ၏ပတ်ပတ်လည်ရှိ အခြားပျိုးပင် များစွာပင်လျှင် ဝမ်ပေါင်လဲ့အား အားကျစိတ်များဖြင့် ကြည့်နေကြတော့သည်။ သို့သော် သူတို့မှာ မရေမတွက်နိုင်လောက်အောင် များပြားသော အခြားလူများစွာကို ကျော်ဖြတ်၍ ယခုနေရာသို့ ရောက်လာခဲ့ကြသည်ဖြစ်ပြီး သူတို့အားလုံးဆီတွင် ကိုယ်ပိုင် အကြံအစည်နှင့် နည်းလမ်းများ ရှိထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ထိုခံစားချက်များကို နှလုံးသားထဲ၌သာ နှစ်မြှုပ်ထားလိုက်ကြပြီး မျက်နှာများပေါ်တွင် ထုတ်ပြခြင်းမရှိပေ။
တချိန်တည်းမှာပင် နေအိမ်ပေါင်း ထောင်သောင်းများစွာထဲ၌ ပြည်ထောင်စုသားများမှာ ထိုမြင်ကွင်းအား သူတို့၏ဖန်သားပြင်များမှတစ်ဆင့် မြင်လိုက်ရ၏။ ထိုအခိုက်အတန့်တွင် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ အံ့အားသင့်သွားရပြီး ဆွေးနွေးငြင်းခုံသံများဖြင့် ပြည့်နှက်သွားတော့သည်။
” အဲဒီ ဖက်တီးလေးက ဝမ်ပေါင်လဲ့လား။ သီးသန့်နေရာတစ်ခု ရခဲ့တဲ့ တစ်ယောက်လေ ”
” သူက သူတို့ထဲမှာ အဝဆုံးဆိုပေမဲ့ ထူးချွန်ထက်မြက်မှုဆိုတာ ကိုယ်အလေးချိန်နဲ့ လုံးဝမဆိုင်ဘူးဘဲကွ ”
” သူ့ကို ဆက်ဆံပုံက တခြားသူတွေနဲ့ လုံးဝကိုမတူတာ။ နောက်ကွယ်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတစ်ခုခု ရှိရမယ် ”
ထောင်သောင်းများစွာသော အိမ်ထောင်စုများမှာ ထိုကဲ့သို့ ဆွေးနွေးခြင်းခုံနေကြစဉ် ဇာမဏီမြို့ထဲရှိ အမြင့်ဆုံး အဆောက်အဦကြီးပေါ်တွင် ဧရာမဖန်သားပြင်ကြီးတစ်ခုကို ထောင်ထားပြီး လက်ရှိတွင် ထိုမြင်ကွင်းကို တိုက်ရိုက်ထုတ်လွှင့်ပြသနေ၏။
ဇာမဏီမြို့ဇာတိဖြစ်သူ ဝမ်ပေါင်လဲ့မှာ မြို့၏ဂုဏ်ဆောင်ဖြစ်သည်။ အထူးသဖြင့် ဝမ်ပေါင်လဲ့၏ မိဘများမှာ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် စိတ်လှုပ်ရှားနေကြ၏။
” အဘိုးကြိးဝမ်ရေ။ ကျမတို့ သားကတော့ ဂုဏ်ယူဖို့ကောင်းလိုက်တာ။ သူ တီဗွီထဲမှာ ပေါ်လာပြီတော့။ သူ့ကို ဥက္ကဋ္ဌကြီးက ချီးကျူးနေတာတော့ ”
ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာ ဝမ်းသာမဆုံးဖြစ်နေစဉ်တွင် သူမ၏ဘေးရှိ အသံလွှင့်လက်စွပ်ထံမှ အသံများ စတင်ထွက်ပေါ်လာတော့သည်။ သူမသည် သူမ၏ ဆွေမျိုးများနှင့် မိတ်ဆွေများဆီမှ ဂုဏ်ပြုကြောင်း အကြောင်းကြားစာများကို တသီတသန်းကြီး လက်ခံရရှိလိုက်၏။
” ပေါင်လဲ့အမေရေ။ နင့်သားက တော်လိုက်တာ။ အခုလေးတင် တီဗွီထဲမှာ တွေ့လိုက်ရတယ် ”
” ပေါင်လဲ့အမေရေ။ နင့်သားဆီမှာ ရည်းစားရှိနေပြီလား။ ငါ့သမီးကို နင် ဘယ်လိုမြင်လဲ။ သူတို့ကို အောင်သွယ်ပေးရင် ဘယ်လိုလဲ ”
ဂုဏ်ပြုကြောင်း အကြောင်းကြားစာများအပြင် အောင်သွယ်ပေးရန် ကမ်းလှမ်းမှုများကြောင့် ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာ အပြုံးကြီး ပြုံးကာ မရပ်မနား အကြောင်းပြန်နေလိုက်တော့သည်။
” အပေါ်ယံတွေပါကွာ ”
ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူမှာ ဂုဏ်ယူမဆုံးဖြစ်ကာ ဝမ်းမြောက်ဝမ်းသာဖြစ်နေပါသော်လည်း ဝမ်ပေါင်လဲ့၏ ဖခင်ဖြစ်သူမှာမူ ဣန္ဒြေမပျက် ရှိနေသည့်ပုံ ပေါက်နေ၏။ သူသည် အထင်သေးသောအကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး ရင်ကော့ခေါင်းမော့၍ နောက်သို့လှည့်ကာ အိပ်ခန်းထဲသို့ ပြန်ဝင်သွားလိုက်တော့သည်။ သူ၏ခြေလှမ်းများမှာ တည်ငြိမ်နေ၏။
သို့သော် သူ အခန်းထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူ၏မျက်လုံးများမှာ စတင်တောက်ပလာတော့သည်။ ထို့နောက် သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ချက်ချင်းပင် ထုတ်ယူလိုက်ပြီး သူ၏မိတ်ဆွေဟောင်းများဆီသို့ တက်တက်ကြွကြွနှင့် အကြောင်းကြားစာများ ပေးပို့လိုက်တော့သည်။
” အဘိုးကြီးကျန်း။ ဘာတွေလုပ်နေလဲဗျ။ တီဗွီမှာ ဘာတွေလာနေလဲဆိုတာ ကြည့်ပြီးသွားပြီလား…. ”
” အဘိုးကြီးလီ။ ဟားဟား။ ခင်ဗျားရောတီဗွီထဲမှာ ပြနေတာတွေကို မြင်လိုက်တယ်လား။ အဲဒါ ဘာမှ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူးဗျာ။ ခင်ဗျားလည်း အဲ့ကောင်စုတ်လေးအကြောင်းကို သိပါတယ်။ သူက ငယ်ငယ်လေးထဲက တော်တာလေ။ အလားအလာတွေ အများကြီးရှိတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူက ပြည်ထောင်စုကြီးရဲ့ အထင်ကရပုဂ္ဂိုလ်ဖြစ်လာမယ်ဆိုတာ တပ်အပ်ပြောနိုင်တယ် ”
” အဘိုးကြီးစွန်း။ ခင်ဗျားက တီဗွီ မကြည့်ရသေးဘူးလား။ အခု အားနေရင် တစ်ချက်သွားကြည့်လိုက်။ ဪဒါနဲ့ ခင်ဗျား အရင်တစ်ခေါက်တုန်းကပြောခဲ့တဲ့ ထိမ်းမြားလက်ထပ်ဖို့ကိစ္စကို ကျနော် ပြန်ပြီးတော့ စဉ်းစားရဦးမယ်ဗျ ”
ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ဆွေးနွေးငြင်းခုံသံများဖြင့် ဆူညံပွက်လောရိုက်နေကြစဉ် ပြည်ထောင်စုမြို့တော်ထဲရှိ ဥက္ကဋ္ဌအဆောင်ထဲတွင် သွမ့်မူချွယ်၏ ချီးကျူးမှုကို ခံလိုက်ရပြီး ဆုတံဆိပ်တစ်ခုကို လက်ခံရရှိလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရတော့သည်။ သူသည် ယခုလို ရှားပါးသော အခွင့်အရေးမျိုးမှာ နောက်ထပ်တစ်ကြိမ် ပေါ်မလာနိုင်ကြောင်း တွေးမိလိုက်သဖြင့် ချက်ချင်းပင် လေသံကျယ်ကျယ်နှင့် ပြောလိုက်၏။
” ဥက္ကဋ္ဌကြီး။ ကျနော် စကားနည်းနည်းလောက် ပြောလို့ရမလား… ”
ဝမ်ပေါင်လဲ့အလှည့်သို့ မရောက်ခင်တုန်းက သွမ့်မူချွယ်နှင့် စကားအပြန်အလှန်ပြောခဲ့သည့် ပျိုးပင်အချို့ ရှိခဲ့၏။ သူတို့ထဲမှအများစုမှာ လေသံတိုးတိုးဖြင့်သာ ပြောခဲ့ကြသည်ဖြစ်ပြီး ဝမ်ပေါင်လဲ့၏ လေသံမှာ ကျယ်လောင်နေပါသော်လည်း သွမ့်မူချွယ်မှာ ရှည်ရှည်ဝေးဝေးတွေးမနေဘဲ ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။
” ဟိုဟာလေ…. ကျနော် နောက်လာမယ့် ပြည်ထောင်စုဥက္ကဋ္ဌရာထူးကို ရဖို့အတွက် ဘာလုပ်ရမလဲဆိုတာ သိချင်လို့ပါ ”
ဝမ်ပေါင်လဲ့၏ မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများဖြင့် တောက်ပနေ၏။ သူသည် စိတ်လှုပ်တရှားဖြစ်နေပြီး သွမ့်မူချွယ်အား မျှော်လင့်တကြီးနှင့် စိုက်ကြည့်နေတော့သည်။
သွမ့်မူချွယ်ကမူ ဆွံ့အမှင်တက်သွားရပြီး ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောမိလိုက်တော့သည်။ သူ၏ပတ်ပတ်လည်မှ အစိုးရအရာရှိများမှာလည်း ပြုံးမိသွားကြ၏။ သို့သော် လူထောင်ပေါင်းများစွာနှင့် သူ၏ပတ်ပတ်လည်ရှိ အခြား ပျိုးပင်များမှာမူ အထူးတဆန်းဖြစ်နေသော မျက်နှာအမူအရာများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြတော့သည်။ ထိုဖက်တီးလေးမှာ မည်သည့်မေးခွန်းကိုမဆို မေးမြန်းရဲနေသောကြောင့် သူတို့မှာ အထင်ကြီးအံ့သြနေရတော့သည်။ သူမေးလိုက်သောမေးခွန်းမှာ သွမ့်မူချွယ်၏ လက်ထဲမှ ပြည်ထောင်စုဥက္ကဋ္ဌဆိုသည့် ရာထူးကို မည်သို့လုယူနိုင်မည်နည်းဟု မေးလိုက်သည်နှင့် အတူတူပင်။ ထို့အပြင် သူသည် ပြည်ထောင်စုကြီးတစ်ခုလုံးသို့ တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့်အချိန်တွင် ထိုကဲ့သို့ မေးမြန်းလိုက်ခြင်းလည်းဖြစ်သည်။
ထိုဖြစ်ရပ်မှာ အမှန်တကယ် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသားများစွာမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး သူ၏မေးခွန်းကိုကြားလိုက်ရသောအခါ အံ့အားသင့်သွားကြတော့သည်။ သူတို့မှာ သူတို့၏ဖန်သားပြင်များပေါ်ရှိ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ထိုလူငယ်လေးမှာ အမှန်တကယ်ပင် တမူထူးခြားနေကြောင်း ခံစားလိုက်ရတော့သည်။
သို့သော် သူတို့ထင်ထားသလောက် ပြဿနာ မကြီးသွားခဲ့ပေ။ သွမ့်မူချွယ်မှာ အားပေးမှု အရိပ်အယောင်များနှင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့၏ မေးခွန်းအား ဖြေဆိုလိုက်၏။
” ပြည်ထောင်စုကြီးထဲမှာရှိတဲ့ လူတွေက မင်းကို သူတို့ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တဲ့နေ့ ရောက်လာရင် မင်း ပြည်ထောင်စုကြီးရဲ့ဥက္ကဋ္ဌ ဖြစ်သွားမှာပဲ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ငါ့ထက် သာလွန်နေဖို့လည်း လိုသေးတာပေါ့ ”
သွမ့်မူချွယ်က ရယ်မောကာ ပြန်ဖြေလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ ပခုံးအား နောက်ထပ်တစ်ကြိမ် ပုတ်လိုက်ပြီးနောက် အခြားတစ်ယောက်ဆီသို့ ဆက်သွားလိုက်တော့သည်။
ထိုအခမ်းအနားကြီးမှာ တစ်နာရီတိတိ ကြာမြင့်ပြီးနောက် ပြီးဆုံးသွား၏။ ထိုအခမ်းအနားတစ်ခုလုံးကို တိုက်ရိုင်ထုတ်လွှင့်ပြသခဲ့၏။ သွမ့်မူချွယ်၏ ဝမ်ပေါင်လဲ့အား ပေးခဲ့သော အဖြေနှင့် ဝမ်ပေါင်လဲ့၏ ဘဝရည်မှန်းချက်တို့ကြောင့် သူသည် ထိုလူအယောက်တစ်ရာထဲတွင် အများနှင့်မတူဘဲ ကွဲထွက်နေတော့သည်။ ထို့ကြောင့် သူ့အား ပြည်ထောင်စုကြီးတစ်ခုလုံးက သိသွားကြပြီး လူတိုင်းက အာရုံစိုက်နေကြတော့သည်။
အခမ်းအနားကြီး ပြီးဆုံးသွားသောအခါ တစ်ပတ်တိတိ ကြာမြင့်မည့် တံခါးပိတ်လေ့ကျင့်ရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။ သွမ့်မူချွယ် ထွက်ခွာသွားပြီးနောက် မြို့တော်၏အပြင်ဘက်ရှိ စစ်တပ်စခန်းများဆီသို့ ထွက်ခွာမည့် သင်္ဘောပျံတစ်စင်းမှာ ထိုလူအယောက်တစ်ရာကို ခေါ်ဆောင်သွားတော့သည်။
သူတို့မှာ သတ်မှတ်ထားသော နေရာသို့ သွားရောက်ပြီး ပျိုးပင်ရာထူး ရရှိထားသော လူများနှင့်သာ မျှဝေရမည့် ပညာရပ်တစ်ခုကို လေ့လာသင်ကြားရတော့မည် ဖြစ်သည်။ ထိုပညာရပ်မှာ ပြည်ထောင်စုကြီး၏ လျှို့ဝှက်ဆန်းကြယ်ပညာရပ်ဖြစ်သော ဆွေ့ရှင်းပေါင် ဖြစ်သည်။
ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများ စစ်တပ်စခန်းထဲသို့ ရောက်ရှိသွားချိန်တွင် ပြည်ထောင်စုမြို့တော်နှင့် အဝေးကြီးတွင်ရှိသော သစ်တောတစ်ခုထဲရှိ ရွှံ့အိုင်ကြီး၏ အလယ်တွင် သားရဲငှက်တစ်ကောင်၏ ရုပ်အလောင်းမှာ တစ်ဝက်တစ်ပျက် နစ်မြုပ်နေ၏။ ၎င်းမှာ မကြာသေးမီကမှ သေဆုံးသွားခဲ့သည့်ပုံပေါ်ပြီး ၎င်း၏ ရုပ်အလောင်းမှာ တစ်ဝက်နီးပါး ပုပ်သိုးဆွေးမြေ့နေပြီဖြစ်သည်။
သို့သော် ထိုအချိန်တွင် ထိုငှက်ကြီး၏ ရုပ်အလောင်းထဲမှ ရုတ်တရက်ဆိုသလို သစ်ကိုင်းတစ်ကိုင်း ထိုးထွက်လာပြီး အပေါ်သို့ဆက်ထွက်လာ၏။
ထိုသစ်ကိုင်းကြီးမှာ ခြောက်သွေ့ရှုံ့တွနေပြီး ဇီဝဓာတ် လုံးဝမရှိတော့သည့်အလားပင်။ ၎င်းမှာ အမာရွတ် ဗရပွနှင့် ဖြစ်နေပါသော်လည်း တဖြည်းဖြည်းနှင့် ထိုအမာရွတ်များမှာ စတင်ကွာကျလာတော့သည်။ ထို့နောက် ထိုသစ်ကိုင်း၏ထိပ်မှ အညှောက်ငယ်လေးတစ်ခု တဖြည်းဖြည်းနှင့် စပေါက်လာ၏။
ထိုအစိမ်းရောင် အညှောက်လေးနှင့်အတူ အားကောင်းပြီး အံ့ဩတုန်လှုပ်ဖွယ်ရာကောင်းသော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။
ထိုအငွေ့အသက်၏စွမ်းအားမှာ အခြေတည်အဆင့်ထက် သာလွန်နေပြီး အမြုတေအဆင့်အထိ ရောက်ရှိနေ၏။
အကယ်၍ ဝမ်ပေါင်လဲ့၊ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့သာ ထိုနေရာတွင် ရှိနေမည်ဆိုပါက သူတို့မှာ ထိုအငွေ့အသက်ကို ရင်းရင်းနှီးနှီး သိနေမည်ဖြစ်သည်။ ၎င်းမှာ သူတို့ ခြောက်လှန့်၍ နှင်ထုတ်ခဲ့သော အနက်ရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီး၏ အငွေ့အသက်ပင် ဖြစ်သည်။
သူသည် ကောင်းကင်တာအိုကျောင်း၏ သတ်ဖြတ်နှိမ်နင်းမှုကြောင့် ဇီဝိန်ချုပ်သွားခဲ့ရသည့်ပုံ ပေါ်ပါသော်လည်း လှည့်ကွက်အချို့ကို အသုံးပြုကာ သေချင်ယောင်ဆောင်ခဲ့ပြီးနောက် သေမင်းခံတွင်းဝမှ လွတ်မြောက်လာခဲ့သည့်ပုံပင်။ ထို့အပြင် သူသည် ဆင့်ကဲပြောင်းလဲသွားခဲ့သည့်အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ဖောက်ထွက်သွားပြီဖြစ်သည်။
” ဝမ်ပေါင်လဲ့ ”
ထိုအစိမ်းရောင် အညှောက်ထဲမှ မျက်နှာတစ်ခု တဖြည်းဖြည်းနှင့် ထွက်ပေါ်လာ၏။ ၎င်းမှာ ကြောက်ရွံ့မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် တွန့်လိမ်ပုံပျက်နေသည့် မျက်နှာသွင်ပြင်များဖြင့် တိုးတိုးလေး ရေရွတ်လိုက်တော့သည်။