Switch Mode

အခန်း ( ၂၁၄ )

ပျိုးပင်တစ်ရာ ဆုချီးမြှင့်ပွဲ

ထိုသတိပေးချက်ကို ထုတ်ပြန်လိုက်ပြီးနောက် သက်ဆိုင်ရာနိုင်ငံရေးအင်အားစုအသီးသီးမှာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ကာ သူတို့၏ပိုင်နက်များထဲတွင် ရှာဖွေမှုများ ပြုလုပ်လိုက်ကြ၏။ သူတို့မှာ ဘေးအန္တရာယ်ဖြစ်လာနိုင်သောအရာများကို သုတ်သင်ရှင်းလင်းခဲ့ပြီး သားရဲကြီးများအပြင် အခြားဘေးအန္တရာယ်များကိုပါ သတိထား၍ စောင့်ကြည့်နေကြတော့သည်။

ကံကောင်းသည့်အချက်မှာ သန္ဓေပြောင်းသစ်ပင်များမှာ အလွန်အင်မတန်မှ ရှားပါးနေခြင်းပင်ဖြစ်သည်။ ထိုသတိပေးချက် ထုတ်ပြန်ပြီးသည့်အချိန်မှ ပဏာမအဆင့်ရွေးချယ်ပွဲ ပြီးဆုံးသည့်အချိန်အထိ အခြားနိုင်ငံရေး အင်အားစုများမှာ ဒုတိယမြောက် သန္ဓေပြောင်းသစ်ပင်ကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် ထိုအန္တရာယ်ကြီးမှာ အနည်းငယ်ခန့် လျော့ကျသွားရ၏။

ထိုသို့ဖြင့် ပြည်ထောင်စုမြို့တော်ထဲရှိ ရွေးချယ်ပွဲမှာလည်း ပြီးဆုံးသွားတော့သည်။ ထိုရွေးချယ်ပွဲမှ အတော်တကာ့အတော်ဆုံး လူကိုးဆယ့်ရှစ်ယောက်ကို ရွေးချယ်ခဲ့၏။ သူတို့မှာ ဓားနေမင်းစစ်ဆင်ရေးထဲတွင် ပျိုးပင်များ ဖြစ်လာကြမည်ဖြစ်ပြီး အနာဂတ်တွင် ပြည်ထောင်စုကြီးထံမှ ထောက်ပံ့ပစ္စည်းများ ပို၍ ရရှိကြမည် ဖြစ်သည်။

ထိုအမည်စာရင်းထဲတွင် နာမည်နှစ်ခု လိုနေသည်ကို ပြည်ထောင်စုထဲရှိ လူများအားလုံး သတိထားမိသွားကြ၏။ ထို့နောက် ထိုနာမည်နှစ်ခုကို အများသိအောင် ကြေညာလိုက်တော့သည်။

တစ်ယောက်မှာ ခုန်းတောက်ဖြစ်ပြီး အခြားတစ်ယောက်မှာ ဝမ်ပေါင်လဲ့ပင် ဖြစ်သည်။

ထို့အပြင် ပြည်ထောင်စုကြီးမှာ သူတို့နှစ်ယောက်၏ စစ်မြေပြင်အောင်မြင်မှုများကိုလည်း အသီးသီး ထုတ်ပြန်ကြေညာခဲ့၏။ ထိုထုတ်ပြန်ချက်များထဲတွင် ဝမ်ပေါင်လဲ့ ဝိညာဉ်အမြစ်ရွာမှ ရယူနိုင်ခဲ့သော ရတနာများ၊ သားရဲစီးကြောင်းနှင့် ကြုံခဲ့ရစဉ်တုန်းက သူ၏စွန့်စားခန်းများနှင့် သူ တီထွင်ဖန်တီးထားသော ပေါင်လဲ့အမြောက်တို့ ပါဝင်နေသည်။

ပြည်ထောင်စုကြီးမှာ ထိုအခွင့်အရေးကို အသုံးချ၍ ဝမ်ပေါင်လဲ့အတွက် နာမည်ကောင်းရအောင် ကြိုးစားပေးနေသည့်အပြင် ဝမ်ပေါင်လဲ့မှာ ပျိုးပင်အယောက်တစ်ရာထဲရှိ သူ၏သီးသန့်နေရာကို ထိုက်ထိုက်တန်တန် ရရှိခဲ့ခြင်းဖြစ်ကြောင်း တစ်ကမ္ဘာလုံးကို သိသွားအောင် ကြေညာလိုက်သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ နာမည်မှာ ပြည်ထောင်စုကြီးတစ်ခုလုံးတွင် ရုတ်ခြည်းဆိုသလို ပျံ့နှံ့သွားတော့သည်။ နိုင်ငံရေးအင်အားစု မြောက်မြားစွာ သူ့အား သတိထားမိသွားကြ၏။ တချိန်တည်းမှာပင် ထိုသတင်းများမှာ ဇာမဏီမြို့တော်အထိ ရောက်ရှိသွား၏။ သူ၏မိဘများမှာ သတင်းထဲတွင် သူ၏နာမည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။ ဝမ်ပေါင်လဲ့အကြောင်း မိတ်ဆက်ပေးသည့် အစီအစဉ်အား ကြည့်ရှုလိုက်ပြီးနောက် သူ ဖြတ်သန်းခဲ့ရသည့် အင်မတန်မှ ဆိုးရွားသော ဖြစ်စဉ်များကို သိလိုက်ရသောအခါ သူတို့မှာ ချက်ချင်းပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြတော့သည်။

ထို့ကြောင့် သူတို့နှစ်ယောက်မှာ ဝမ်ပေါင်လဲ့၏ အသံလွှင့်လက်စွပ်ကို ချက်ချင်းပင်ဆက်သွယ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ့မိဘများ၏ ဆူပူကြိမ်းမောင်းနေသော စကားများထဲမှ စိုးရိမ်တကြီးဖြစ်နေသည့် လေသံကို ကြားလိုက်ရသောကြောင့် အချိန်အကြာကြီးပေး၍ သူတို့အား စိတ်အေးသွားအောင် ချော့မော့လိုက်ရ၏။ အနာဂတ်တွင်လည်း သတိကြီးကြီးထားမည်ဖြစ်ကြောင်း ကတိပေးလိုက်ရ၏။ နောက်ဆုံးတွင် သူတို့၏ သားအတွက် စိုးလည်းစိုးရိမ်သလို ဂုဏ်ယူမဆုံးလည်း ဖြစ်နေသည့် သူ၏မိဘနှစ်ပါးမှာ ဆက်သွယ်မှုကို အဆုံးသတ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့ သူ၏ မိဘနှစ်ပါးကိုမပြောဘဲ ထိမ်ချန်ထားခဲ့သည့် အကြောင်းအရာများစွာ ရှိပေသည်။ သူ ကောင်းကင်တာအိုကျောင်းသို့ တက်ရောက်ကာ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်တွင် စတင်လျှောက်လှမ်းခဲ့ပြီးနောက် ထိုခရီးလမ်းမှာ မည်မျှအထိ ခက်ခဲကြမ်းတမ်းကာ ရက်စက်လွန်း‌ကြောင်းကို တဖြည်းဖြည်းနှင့် သိရှိနားလည်လာပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏မိဘများစိုးရိမ်နေမည်ကို မလိုလားပေ။

သူ၏မိဘနှစ်ပါးနှင့် ပြောလိုက်ရသည့် စကားများကြောင့် သူ၏ခံစားချက်များမှာ အနည်းငယ်ခန့် ယောက်ယက်ခတ်သွားရ၏။ ထို့နောက် သူသည် ချက်ချင်းပင် သူ၏စိတ်ကို တည်ငြိမ်အောင် ပြန်လုပ်လိုက်ပြီး ဝိညာဉ်ကွန်ယက်ပေါ်သို့တက်၍ သူ့ကဲ့သို့ပင် သီးသန့်နေရာတစ်ခုကို ရရှိခဲ့သော ခုန်းတောက်ဆိုသူ၏ အကြောင်းကို ရှာဖွေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ခုန်းတောက်၏ ကိုယ်ရေးအကျဉ်းကို ဖတ်ရှုနေရင်း မျက်လုံးများပြူးသွားရ၏။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူမိလိုက်၏။

ခုန်းတောက်မှာ ပြည်ထောင်စုကြီးထဲရှိ မည်သည့် လူသားနိုင်ငံရေးအင်အားစုဆီကမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ သားရဲပင်လယ်ထဲမှ ရောက်လာခြင်းဖြစ်သည်။ လွန်ခဲ့သောကိုးနှစ်ခန့်က လက်ရှိ ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာ သူ့အား မွေးစားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကတည်းက သူ့အား ဂရုတစိုက်နှင့် ပြုစုပျိုးထောင်ပေးထားခြင်း ဖြစ်သည်။

သူ့အား ကမ္ဘာမြေပေါ်တွင်မနေခိုင်းခဲ့ဘဲ အင်္ဂါဂြိုဟ်ပေါ်ရှိ ကိုလိုနီနယ်မြေတစ်ခုဆီသို့ စေလွှတ်ကာ လေ့ကျင့်စေခဲ့၏။ သူသည် ထိုအင်္ဂါဂြိုဟ် ကိုလိုနီနယ်မြေထဲရှိ ထူးဆန်းသော အရပ်တွင် ငါးနှစ်တိတိ သူ့ကိုယ်သူ အားကိုး၍ နေထိုင်ကျော်ဖြတ်ခဲ့၏။ သူသည် ထိုကဲ့သို့ လေ့ကျင့်ရေးဆင်းနေခဲ့စဉ်တုန်းက ပြည်ထောင်စုကြီးအတွက် အံ့ဩမှင်တက်စရာကောင်းလောက်အောင် များပြားသော အကျိုးအပဲ့ အပိုင်းအစများစွာကို စုဆောင်းမိခဲ့၏။

သို့သော် ထိုအောင်မြင်မှုများအားလုံးမှာ သူ့အား ပျိုးပင်တစ်ရာထဲ၌ နေရာတစ်နေရာ သေချာပေါက် ရရှိအောင် စွမ်းဆောင်ပေးနိုင်ရန် မလုံလောက်သေးပေ။ ပြည်ထောင်စုကြီးက သူ့အား ပျိုးပင်တစ်ခုအဖြစ် အသိအမှတ်ပြုသွားစေသည့် အရာမှာ လွန်ခဲ့သောတစ်လခန့်က သူ အစီရင်ခံတင်ပြခဲ့သည့် သတင်းတစ်ခုပင် ဖြစ်သည်။

သူသည် အင်္ဂါဂြိုဟ်ပေါ်တွင် နတ်ဘုရားလက်နက်တစ်ခု၏ အကြွင်းအကျန်များ ရှိနေသည်ဟု ထင်ရသောနေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုကြီးထဲမှ နိုင်ငံရေးအင်အားစုများစွာမှာ ထိုသတင်း၏ မှန်ကန်နိုင်ခြေ ရာခိုင်နှုန်းမှာ အလွန်အင်မတန်မှ မြင့်မားကြောင်း ဆုံးဖြတ်ခဲ့၏။ သို့သော် အကြောင်းအရင်းများစွာကြောင့် သူတို့မှာ ပို၍ လေးနက်သော စူးစမ်းရှာဖွေမှုများကို မဆောင်ရွက်နိုင်ခဲ့သဖြင့် ထိုနတ်ဘုရားလက်နက်ကို ထုတ်ယူရန် အခက်တွေ့နေရသည်။

မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ ကြီးမားလှသော အောင်မြင်မှုကြီးမှာ သူ့အား ပျိုးပင်တစ်ရာထဲ၌ သေချာပေါက် ပါသွားအောင် ကူညီပေးရန် လုံလောက်ပေသည်။

” နတ်ဘုရားလက်နက် ဆိုပါလား ”
ဝမ်ပေါင်လဲ့မှာ ထိုစကားလုံးများကို ဖတ်လိုက်ရသောအခါ မျက်လုံးများကျွတ်ထွက်လုမတတ် ဖြစ်သွားပြီး စဉ်းစားတွေးတောကြည့်လိုက်၏။ ထို့နောက် ထိုအစီရင်ခံစာကို ပြည်ထောင်စုကြီးဆီသို့ တင်ပြခဲ့စဉ်တုန်းက တစ်ခုခု အမှားမှားအယွင်းယွင်း ဖြစ်သွားခဲ့သောကြောင့် နိုင်ငံရေးအင်အားစုအသီးသီးမှာ ထိုအကြောင်းကို သိရှိသွားခဲ့ရခြင်းဖြစ်နိုင်ကြောင်း သူက ချက်ချင်းပင် ရိပ်မိလိုက်၏။ ပြည်ထောင်စုကြီးမှာ ဤကိစ္စကို လျှို့ဝှက်ထား၍ မရတော့သဖြင့် အခြားအင်အားစုများနှင့် ပေါင်းစည်းကာ စူးစမ်းရှာဖွေမှုများကို ပြုလုပ်ခဲ့ရခြင်း ဖြစ်‌နိုင်ပေသည်။

သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နိုင်ကြောင်း ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။ ထို့နောက် သူသည် နာမည်စာရင်းအား လှန်လှောဖတ်ရှုလိုက်သောအခါ သူ ကြားဖူးထားပြီးသားဖြစ်သော နာမည်အချို့ကို မြင်လိုက်ရ၏။ ထိုနာမည်များထဲတွင် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံးမှာ ရွေးချယ်ခံရသည့် လူအယောက်တစ်ရာထဲတွင် ပါဝင်နေ၏။

သူတို့သုံးယောက်အပြင် ကောင်းကင်တာအိုကျောင်းမှ အခြားနှစ်ယောက်မှာလည်း ထိုစာရင်းထဲ၌ ပါဝင်နေ၏။ သမင်ဖြူတာအိုကျောင်းမှလွဲ၍ အခြားတာအိုကျောင်းများမှာ လူအများကြီး အရွေးမခံရပေ။ သမင်ဖြူတာအိုကျောင်းမှာမူ ထိုစာရင်းထဲ၌ လူအများဆုံး ရွေးချယ်ခံခဲ့ရသည့် ကျောင်းဖြစ်ပြီး စုစုပေါင်း ကိုးယောက်တိတိ ရွေးချယ်ခံခဲ့ရ၏။

သူ့အား ကိုယ်တုံးလုံးချွတ်ရန် ခြိမ်းခြောက်ခဲ့သော လီယီနှင့် ဝိညာဉ်အမြစ်ရွာထဲရှိ တိုက်ပွဲထဲ၌ ပါဝင်ခဲ့သော ရှစ်လက်မဝိညာဉ်အမြစ် ပိုင်ရှင်များစုမှာလည်း ထိုစာရင်းထဲ၌ ပါဝင်ကြသည်။

ကျိုးရှိရှန်၏ နာမည်ကိုမူ ဝမ်ပေါင်လဲ့မှာ စာရင်းထဲ၌ မတွေ့ခဲ့ရပေ။ သို့သော် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ သူမသိသော နာမည်အချို့ ပါဝင်နေ၏။ ထို့အပြင် လျှို့ဝှက်ဆန်းကြယ် ဂိုဏ်းကြီးနှစ်ခုမှလည်း လူများစွာ ပါဝင်နေသေးသည်။

လွှတ်တော်အမတ်များ၏ အမွေဆက်ခံသူများမှာလည်း နေရာအချို့ ရရှိခဲ့ကြ၏။ သို့သော် ဝမ်ပေါင်လဲ့မှာ တိုင်းပြည်တစ်ခုလောက်အထိပင် ကြွယ်ဝချမ်းသာသော ဒဏ္ဍာရီလာ လသုံးစင်းမဟာမိတ်အဖွဲ့မှ နာမည်တစ်ခုတလေကိုပင် မတွေ့ခဲ့ရပေ။

ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာအား ဆုံးဖြတ်ပြီးသွားပြီးနောက် ထိုသတင်းများမှာ ပြည်ထောင်စုကြီးတစ်ခုလုံးကို ရိုက်ခတ်သွားတော့သည်။ ပဏာမစာရင်းထဲ၌ မပါသောလူများ ထွက်ခွာသွားပြီးနောက် သိပ်မကြာခင် ဝမ်ပေါင်လဲ့ အပါအဝင် ရွေးချယ်ခံလိုက်ရသည့် လူအယောက်တစ်ရာမှာ ဥက္ကဋ္ဌကြီး၏ရုံးမှ အကြောင်းကြားစာတစ်စောင် လက်ခံရရှိလိုက်သည်။

သူတို့မှာ သုံးရက်အကြာတွင် တစ်ပတ်တိတိ ကြာမြင့်မည်ဖြစ်သော အုပ်စုဖွဲ့ကျင့်ကြံခြင်းတစ်ခုကို တံခါးပိတ်၍ လေ့ကျင့်ရမည်ဖြစ်သည်။ ပြည်ထောင်စုကြီးက ရွေးချယ်ပေးထားသော လူတစ်ယောက်မှာ သူတို့အား လျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခု သင်ကြားပေးမည်ဖြစ်သည်။

ထိုလျှို့ဝှက်ဆန်းကြယ် ပညာရပ်မှာ အလွန်အင်မတန်မှ လူသိများပြီး ရှေးဦးဝိညာဉ်ခေတ်အစကတည်းက ပြည်ထောင်စုကြီး တစ်ခုလုံးထဲ၌ ရှာဖွေတွေ့ရှိခဲ့သော လျှို့ဝှက်ဆန်းကြယ် ပညာရပ်အားလုံးထဲတွင် ဒဿမအဆင့်၌ ရပ်တည်နေ၏။

ထို ပညာရပ်ကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ထားသည်ဖြစ်ပြီး ယခင်တုန်းက ပြည်ထောင်စုကြီးတစ်ခုတည်းကသာ ၎င်းအား ပိုင်ဆိုင်ခဲ့၏။ အင်အားကြီးဂိုဏ်းနှစ်ခုနှင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုတို့ပင်လျှင် ထိုပညာရပ်ကို လိုချင်နေခဲ့သည်မှာ အချိန်အတော်အတန် ကြာနေပြီဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထို လျှို့ဝှက်ဆန်းကြယ်ပညာရပ်မှာ ဝိညာဉ်ချီပေါ် မှီခိုသော ပညာရပ်မဟုတ်ဘဲ အပြင်အားသုံး ပညာရပ်တစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။

ထိုကဲ့သို့သော အပြင်အားသုံး ပညာရပ်တစ်ခုမှာ ပြည်ထောင်စုကြီးသာမက အခြား နိုင်ငံရေးအင်အားစုများအတွက်ပါ ရှားပါး၏။

၎င်း၏အမည်မှာ ဆွေ့ရှင်းပေါင် ဖြစ်သည်။

သူတို့မှာ အုပ်စုဖွဲ့လေ့ကျင့်ခြင်း မစခင် မြို့တော်ထဲရှိ ဥက္ကဋ္ဌအဆောင်တွင် စုဝေးကာ ပြည်ထောင်စုဥက္ကဋ္ဌကြီးဂုဏ်ပြုချီးမြှင့်မည့်ဆုကို လက်ခံရယူရမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကြားစာကို လက်ခံရရှိလိုက်သောအခါ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွား၏။ သူသည် အသက်ရှူနှုန်းများ မြန်ဆန်လာပြီး မျက်လုံးများမှာလည်း ဝင်းလက်တောက်ပလာတော့သည်။ ထို့နောက် သူသည် အခန်းထဲ၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စိတ်ကိုတည်ငြိမ်အောင် မထားနိုင်ဘဲ ဖြစ်နေရတော့သည်။

” ဆွေ့ရှင်းပေါင် ဆိုပါလားဟ။ နာမည်ကြည့်ရတာတော့ တော်တော်ကို အစွမ်းထက်မယ့်ပုံပဲ။ အဲဒါအပြင် ဥက္ကဋ္ဌကြီးကိုယ်တိုင် ချီးမြှင့်မဲ့ ဆုလည်း ပါသေးတယ် ”

” မတူညီတဲ့ အချိန်ကာလနှစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥက္ကဋ္ဌနှစ်ယောက် ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခြင်းဆိုပြီး ဒီကိစ္စကို အနာဂတ်မှာ လူတွေအများကြီး ပြန်ပြောင်းပြောဆိုကြမှာ သေချာသလောက်ပဲ ”
ဝမ်ပေါင်လဲ့မှာ လိ‌မ္မော်အရသာ ဝိညာဉ်အချိုရည်တစ်ဘူးကို ယူလိုက်ပြီးနောက် အငမ်းမရ သောက်သုံးလိုက်၏။ သူသည် စိတ်ဓာတ်များ တက်ကြွနေပြီဖြစ်သည်။

” ငါ သူနဲ့တွေ့တဲ့အချိန်ကျ ငါ ကြီးလာရင် သူ့ရဲ့ရာထူးက ငါ့အပိုင် ဖြစ်ရမယ်ဆိုပြီးတော့ ပြောလိုက်ရမလား ”
ဝမ်ပေါင်လဲ့မှာ ဝမ်းပန်းတသာနှင့် တွေးလိုက်ပြီးမှ ထိုစကားမှာ အလွန်မှ သင့်တော်မှုလုံးဝမရှိကြောင်း ပြန်ရိပ်မိသွား၏။ သူ ထိုသို့သာ ပြောလိုက်မည်ဆိုပါက သူ၏ အခွင့်အရေးများ တိုးတက်မလာတော့ဘဲ ရပ်တန့်သွားမည်ကို စိုးရိမ်နေသည်။

သူသည် စိတ်လှုပ်တရှားဖြစ်နေရပြီး ခေါင်းထဲတွင် အတွေးပေါင်းစုံဖြင့် ယောက်ယက်ခတ်နေတော့သည်။ ထို့နောက် မည်သည့် အဝတ်အစားကို ဝတ်ဆင်သင့်ကြောင်း အပြန်ပြန် အလှန်လှန် တွေးတောရင်း သောကရောက်နေရတော့သည်။ သို့သော် သူသည် ထိုအကြောင်းနှင့် ပတ်သတ်၍ အကြာကြီး မတွေးလိုက်ရပေ။ သုံးရက်ကြာပြီးနောက် သူ အခမ်းအနားဆီသို့ ထွက်ခွာရန် ပြင်နေစဉ်မှာပင် ပြည်ထောင်စုကြီးဆီမှ လူတစ်ယောက်က ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာအတွက် အထူးစီစဉ်ထားသော တူညီဝတ်စုံတစ်ခုကို ပေးပို့လိုက်၏။

ထိုတူညီဝတ်စုံမှာ ခရမ်းရောင်ဖြစ်ပြီး တဖိတ်ဖိတ်တောက်ပနေ၏။ ၎င်းမှာ သာမန် အဝတ်အစားတစ်ခု လုံးဝမဟုတ်နိုင်ပေ။ သူသည် ၎င်းအား ဝတ်ဆင်လိုက်သောအခါ ပိန်ကျသွားသည့်ပုံ ပေါက်သွားပြီး သူ၏ပုံပန်းသွင်ပြင်မှာလည်း ယခင်ကလောက် မဝတော့ဘဲ အချိန်မရွေး ဓါးအိမ်ထဲမှ ထွက်လာရန် အဆင်သင့်ဖြစ်နေသော အသွားချွန်ထက်နေသည့် ဓားတစ်လက်နှင့် တူသွား၏။

” ကျစ်လျစ်လိုက်တဲ့ ခန္ဓာကိုယ်အချိုးအစား။ ချောလိုက်တဲ့ ရုပ်ရည် ”
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ မှန်ထဲတွင် အကဲခတ်လိုက်၏။ သူ၏မျက်လုံးများမှာ မွေးကတည်းက အမှန်တိုင်း မြင်နိုင်စွမ်းမရှိသည့်ပုံပင်။ သူသည် သူ့ကိုယ်သူ အချိန်အနည်းငယ်ခန့် အားကျရှုစားလိုက်ပြီးနောက် အခန်းထဲမှ ဟိတ်ဟန်အပြည့်ဖြင့် ထွက်လာ၏။ ထို့နောက် အပြင်ဘက်တွင် စောင့်ဆိုင်းနေသည်မှာ အချိန်အနည်းငယ်ခန့် ကြာနေပြီဖြစ်သည့် သူ့အား ဥက္ကဋ္ဌအဆောင်အဆီသို့ လိုက်လံပို့ဆောင်ပေးမည့် ကိုယ်ပိုင် သင်္ဘောပျံကြီးပေါ်သို့ တတ်သွားလိုက်တော့သည်။ ထို သင်္ဘောပျံကြီးမှာလည်း မြို့တော်အလယ်ရှိ ဥက္ကဋ္ဌအဆောင်စီသို့ ဦးတည် ပျံသန်းသွားလိုက်တော့သည်။

တချိန်တည်းမှာပင် မြို့တော်၏ လေးဘက်လေးတန်မှ မရေမတွက်နိုင်လောက်အောင် များပြားသော သင်္ဘောပျံကြီးများမှာလည်း ဥက္ကဋ္ဌအဆောင်ဆီသို့ ဦးတည်ပျံသန်းလာနေကြ၏။ ထိုသင်္ဘောပျံများထဲ၌ ပျိုးပင်တစ်ရာအပြင် သတင်းဌာနမှလူများနှင့် ထိုအခမ်းအနားကို တက်ရောက်ကြမည်ဖြစ်သော ရာထူးအကြီးအပိုင်းမှ လူများစွာလည်း ပါဝင်နေ၏။

ဝမ်ပေါင်လဲ့မှာ ခဏအကြာတွင် မြို့တော်အလယ်သို့ ရောက်ရှိသွား၏။ သူသည် ဥက္ကဋ္ဌအဆောင်ထဲသို့ ခြေလှမ်းလိုက်ပြီး နန်းတော်ကြီးနှင့်တူသော အဆောင်ကြီးကို မြင်လိုက်ရသောအခါ သူ၏နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုများနှင့် စိတ်အားထက်သန်မှုများကို မချုပ်တည်းနိုင်တော့ပေ။ တစ်ရက်ရက်တွင် ဤနေရာကြီးမှာ သူ နေထိုင်၊ လေ့ကျင့်ကာ အလုပ်လုပ်ရမည့်နေရာကြီး ဖြစ်လာမည်ဟု သူ၏စိတ်ထဲ၌ တွေးတောနေတော့သည်။

သူသည် အင်မတန်မှ စိတ်လှုပ်ရှားလွန်းနေသောကြောင့် သူ၏ပတ်ပတ်လည်မှ လူများကိုပင် အာရုံမစိုက်မိလိုက်ပေ။ ပျိုးပင်တစ်ရာထဲတွင် သူ့အားမြင်လိုက်ရသောအခါ နှာမှုတ်လိုက်ကြသည့် လူအချို့ရှိနေသည်ကိုလည်း သူက သတိမထားမိလိုက်ပေ။ အထူးသဖြင့် လီယီ၏ အမူအရာမှာဆိုလျှင် သူ့အား မကျေမနပ် ဖြစ်နေသည့်ပုံ ပေါက်နေ၏။

ကျိုးရိဖန်နီးပါး ရုပ်ရည်ချောမောသော နောက်ထပ် လူငယ်လေးတစ်ယောက်လည်း ရှိသေးသည်။ သူသည် ထိုအခန်းထဲ၌ ဟန်အမူအရာ ကြော့မော့စွာ ရပ်နေပြီး သူ၏မျက်ဝန်းများထဲတွင် မောက်မာဝံ့ကြွားမှု အရိပ်အရောင်များကို ခပ်ရေးရေးခန့် မြင်နိုင်၏။ သူသည် မည်သူနှင့်မှ စကားပြောရန် အစီအစဉ်မရှိသည့်ပုံပင်။ သို့သော် သူသည် ကျောက်ယမုန့်ကို မြင်လိုက်ရသောအခါတွင်မူ တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ ထို့နောက် သူ၏မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခုပေါ်လာပြီး သူသည် စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် အံ့ဩတုန်လှုပ်သွားသည့်ပုံပင်။

ထိုနေရာကြီး၏ ပတ်ပတ်လည်တွင် လူထောင်ပေါင်းများစွာရှိနေကြပြီး သူတို့မှာ လေသံတိုးတိုးဖြင့် ဆွေးနွေးငြင်းခုံနေကြ၏။ ထို့အပြင် မှတ်တမ်းတင်နေကြသော သတင်းထောက်များအပြင် အစောင့်များစွာလည်း ရှိနေကြသည်။ အစောင့်အားလုံးမှာ အခြေတည်အဆင့်တွင် ရှိကြသူများသာဖြစ်သည်။

ထို့အပြင် မိမိတို့၏ ချီများကို ချုပ်တည်းထားသည့် လူများလည်း ရှိနေသေးသည်။ သူတို့ထဲမှအများစုမှာ ပြည်ထောင်စုကြီးထဲရှိ အမြုတေအဆင့်မှ ဝါရင့်များ ဖြစ်ကြသည်။

အုတ်ခဲတစ်လုံးချင်းစီတိုင်းကို စည်းစနစ်တကျ စီစဉ်ကာ နေရာချထားခြင်းဖြစ်သဖြင့် ထိုနေရာကြီးတစ်ခုလုံးမှာ တစ်သားတည်း ဖြစ်နေသည်ဟု ထင်ရသည်။ အထဲသို့ဝင်ရောက်လာသူတိုင်းမှာ မန္တန်အစီအရင်တစ်ခုထဲသို့ ဝင်ရောက်လာခြင်းပင် ဖြစ်သည်။

လူအုပ်ကြီးမှာ ဆွေးနွေးငြင်းခုံနေကြပြီး ဝမ်ပေါင်လဲ့မှာ မချုပ်တည်းနိုင်လောက်အောင် စိတ်လှုပ်တရှားဖြစ်ကာ အခြားသူများ၏ စိတ်ခံစားမှုများမှာလည်း အမျိုးမျိုး အဖုံဖုံ ကွဲပြားနေကြစဉ်တွင် ဝင်ပေါက်ရှိရာဘက်မှ ခြေသံများစွာ ထွက်ပေါ်လာ၏။ ထို့နောက် အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားသော လူအချို့မှာ အထဲသို့ လျှောက်လှမ်းလာကြပြီး သူတို့၏နောက်တွင်လည်း လူအယောက် တစ်ဒါဇင်ခန့် လိုက်ပါလာကြ၏။

သူတို့အုပ်စု၏ အလယ်တွင် အရပ်မြင့်မြင့်နှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ရှိနေ၏။ သူသည် ရိုးရှင်းသော အဖြူရောင်အဝတ်အစားများကို ဆင်မြန်းထားသဖြင့် အနက်ရောင်ဝတ်ရုံများနှင့် လူများ၏ကြားတွင် သူ၏ပုံစံမှာ ထင်းနေ၏။

ထိုလူကြီးမှာ ဆံပင်တိုပြီး အားစိုက်ထုတ်စရာ မလိုဘဲ ရိုသေလေးစားစရာကောင်းကာ ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထား၏။ သူ့ဆီမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ အံ့သြမှင်တက်ဖွယ်ရာ ကောင်းလှပေသည်။ ထိုအငွေ့အသက်မှာ ဤနေရာထဲတွင် ပြည့်နှက်နေ၏။ သူ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း လူအုပ်ကြီးမှာ လှုပ်လှုပ်ရွရွဖြစ်ကာ မူးဝေသွားရသည်ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များထဲရှိ ဝိညာဉ်ချီများမှာလည်း ထိန်းမနိုင်သိမ်းမရ လူးလွန့်သွားကြသည်သာ ဖြစ်သည်။ သူတို့မှာ သူ့အား ကြည့်နေချိန်တွင် နတ်ဘုရားတစ်ပါးကို မော်ဖူးနေရသကဲ့သို့ပင် ခံစားနေရတော့သည်။

သူသည် ပြည်ထောင်စုကြီးထဲရှိ တစ်ခုတည်းသော နတ်ဘုရားလက်နက်၏ လက်ဝယ်ပိုင်ရှင်ဖြစ်သည့် သမင်ဖြူတာအိုကျောင်းမှ ပေါ်ထွန်းလာခဲ့သော ပြည်ထောင်စုဥက္ကဋ္ဌကြီးပင်ဖြစ်သည်။

ပြည်ထောင်စုကြီးထဲရှိ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ဖြစ်သော သွမ့်မူချွယ်ပင် ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset