Switch Mode

အခန်း ( ၂၁၃ )

ကိုယ့်အားကိုယ်ကိုးသော ဝမ်ပေါင်လဲ့

ထိုအသံနှင့်အတူ ယမန်နေ့က ကျောက်ယမုန့်အား ခေါ်ဆောင်သွားခဲ့သည့် အိမ်တော်ထိန်း အဘိုးကြီးမှာ ပြုံး၍ ဈေးဆိုင်ထဲသို့ လျှောက်လှမ်းလာ၏။ သူသည် ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့အား ပြုံးပြကာ ခေါင်းညိတ်ပြလိုက်သည်။

သူ၏နောက်တွင် လူသန်ကြီး ဆယ့်နှစ်ယောက် ရပ်နေ၏။ သူတို့အားလုံး၏ မျက်နှာအမူအရာများမှာ တည်ကြည်နေကြပြီး သူတို့မှာ ဈေးဆိုင်ထဲတွင် ဖြန့်ကျက်၍ လေးဘက်လေးတန်လုံးကို သေသေချာချာ စောင့်ကြည့်နေကြ၏။ ရာထူးအဆင့်အတန်းနှင့် နောက်ခံအင်အား အတော်အသင့်ကြီးမားသော ဈေးဆိုင်ပိုင်ရှင်မှာ သူတို့ပေါ်သို့ အာရုံစိုက်လိုက်၏။

ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့မှာလည်း ထိုအဘိုးကြီးအား ပေါ့ပေါ့တန်တန် မဆက်ဆံရဲကြပေ။ သူသည် အ‌ခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်အပြင် ကျောက်ယမုန့်တို့ မိသားစု၏ မျိုးနွယ်စုထဲမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ သူ့အား ချက်ချင်းပင်နှုတ်ဆက်လိုက်ကြ၏။

” ဘာမှ ဟန်ကြီးပန်ကြီးတွေ လုပ်နေစရာမလိုပါဘူး သူရဲကောင်းလေးတို့ရာ ”
ထိုအဘိုးကြီးက နွေးထွေးမှုအပြည့်ဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် သူတို့နှစ်ယောက်စလုံးကို ဖျတ်ခနဲကြည့်၍ အကဲခတ်လိုက်သည်။ သူ့မိသားစု၏ မမလေးမှာ တစ်ယောက်တည်း နေရသည်အား ပို၍နှစ်ခြိုက်ကြောင်းကို သူကသိထားသောကြောင့် သူမ ဤနှစ်ယောက်နှင့် အတူတူ ရှိနေခဲ့ရသည်မှာ အကြောင်းအရင်းတစ်ခု ရှိရပေမည်။

သူသည် ဝမ်ပေါင်လဲ့အား ထပ်မံ အကဲခတ်လိုက်ပြီးနောက် ကျိုးရိဖန်ကို စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်၏။ သူသည် ကျိုးရိဖန်အား ကြည့်လေလေ သူ့အား ပို၍ သဘောကျလာလေလေ ဖြစ်နေတော့သည်။ သူ၏အကဲခတ်နေသော မျက်ဝန်းများကြောင့် ကျိုးရိဖန်မှာ အနည်းငယ်ခန့် စိုးထိတ်သွားရသဖြင့် တရိုတသေနှင့် မေးမြန်းလိုက်၏။
” ဦးလေး ကျနော်တို့ကို ရှာနေတာ ဘာအကြောင်းအရင်း ရှိလို့လဲဗျ ”

ဝမ်ပေါင်လဲ့ကမူ သူရဲကောင်းလေးဟူ၍ ယခုမှ ပထမဆုံးအကြိမ်အဖြစ် ခေါ်ခံရဖူးခြင်းဖြစ်ရာ အထူးတဆန်း ဖြစ်သွားရ၏။ တချိန်တည်းမှာပင် သူသည် ထိုအဘိုးကြီး၏ မျက်ဝန်းများထဲရှိ အကြည့်ကို သတိထားမိလိုက်သောကြောင့် ချောင်းဟန့်ကာ ဆိုလိုက်၏။
” ဦးလေး။ ကျနော့်ဆီမှာ ချောမောတဲ့ရုပ်ရည်၊ မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်၊ ထူးချွန်တဲ့ ပါရမီတွေနဲ့ စံထားရလောက်အောင် ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားတွေကလွဲရင် တခြား ဘာ အရည်အသွေးကောင်းတစ်ခုမှ မရှိပါဘူး။ အဲဒီတော့ ကျနော်က သူရဲကောင်းလေးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူးဗျာ ”

သူ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ကျိုးရိဖန်အား အကဲခတ်နေသော အဘိုးကြီးမှာ နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အား တအံ့တဩနှင့် စိုက်ကြည့်နေလိုက်တော့သည်။ သူ၏ မျက်နှာအမူအရာမှာလည်း တဖြည်းဖြည်းနှင့် ပြောင်းလဲသွား၏။ အချိန်အတော်အတန် ကြာပြီးမှသာ သူသည် ခေါင်းယမ်းလိုက်ပြီး ပြုံး၍ သူရောက်လာရသည့် အကြောင်းအရင်းကို ရှင်းပြလိုက်တော့သည်။

” ဦးလေးတို့ရဲ့ မမလေးက အမြဲတမ်း တစ်ယောက်တည်းပဲ နေလေ့ရှိတာ။ သူ ပညာသင်ဖို့ ထွက်သွားတုန်းက သူ့ကိုယ်သူပဲ အားကိုးမယ်ဆိုပြီးတော့ ဦးလေးတို့ရဲ့ သခင်ကို ကတိပေးသွားခဲ့တာလေ။ ဦးလေးတို့ရဲ့ သခင်က သူ့ကို တိတ်တဆိတ်စောင့်ရှောက်ပေးဖို့ လူတချို့ စေလွှတ်ချင်ခဲ့ပေမဲ့ မမလေးက မွေးရာပါ ဝိညာဉ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားတော့ အမြုတေအဆင့်က မဟုတ်တဲ့ လူတွေဆိုရင် အာရုံခံနိုင်စွမ်း ရှိနေမှာလေ…. ”

“ ဦးလေးတို့ရဲ့ သခင်က ကူးလောင်ချိုင့်ဝှမ်းထဲမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို သိပြီးသွားပြီ။ သူက အမျက်ချောင်းချောင်း ထွက်နေပေမဲ့ မင်းတို့နှစ်ယောက်စလုံးကိုလည်း အရမ်းကျေးဇူးတင်နေတာ။ ဒါလေးက သူ့ရဲ့ ကျေးဇူးတင်တဲ့အထိမ်းအမှတ်အနေနဲ့ ပေးတဲ့ ပစ္စည်းပါ။ ကျေးဇူးပြုပြီး လူလေးတို့ လက်ခံပေးဖို့ မျှော်လင့်ပါတယ် ”
ထိုအဘိုးကြီးက ရှင်းပြလိုက်ပြီး ဝိညာဉ်ကျောက်တုံးများမှ ပြုလုပ်ထားသည့် ကတ်ပြားတစ်ပြားကို ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့အား တစ်ယောင်တစ်ကဒ်စီ ပေးလိုက်၏။ အတုအပ သတိပြုနိုင်ရန်အတွက် ထိုကတ်ပြားများပေါ်တွင် အမှတ်အသားတစ်ခု ရှိနေ၏။

ထိုကတ်ပြားများ ပေါ်ထွက်လာသောအခါ ထိုဈေးဆိုင်ထဲရှိ ဈေးဝယ်များစွာမှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားကြတော့သည်။ သူတို့ကိုယ်သူတို့ မထိန်းနိုင်သော လူများမှာဆိုလျှင် မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။ ထို့နောက် သူတို့မှာ လေသံတိုးတိုးနှင့် ဆွေးနွေးငြင်းခုန်နေကြတော့သည်။

” အဲဒါ …. ငွေရောင်ဝိညာဉ်ကတ်ပြားပဲ ”

” အဲဒီ ကတ်ပြားတွေအကြောင်းကို ငါ ကြားဖူးတယ်။ ပြည်ထောင်စုကြီး တစ်ခုလုံးထဲမှာ ရွှေရောင်ဝိညာဉ်ကတ်ပြား ဆယ်ပြားပဲ ရှိတာ။ အဲဒီ ကတ်ပြားဆယ်ပြားရဲ့ ပိုင်ရှင်တွေကပဲ သူတို့ရဲ့ ဧည့်သည်တွေကို ငွေရောင်ဝိညာဉ်ကတ်ပြားတွေ လက်ဆောင်ပေးခွင့်ရှိတာ။ အဲဒီ ငွေရောင်ဝိညာဉ်ကတ်ပြားတွေကတော့ အကန့်အသတ်မရှိ ထုတ်ထားပေမဲ့ အဲဒီလိုကတ်ပြားတစ်ပြားကို တိုက်ဆိုင်ထားမယ်ဆိုရင် အရေးကြီးပုဂ္ဂိလ်တစ်ယောက်ဆိုတာ သိနိုင်တယ် ”
ဈေးဆိုင်ပိုင်ရှင်ပင်လျှင် ထိုကတ်ပြားကို မြင်လိုက်ရသောအခါ စိတ်နှလုံးလှုပ်ရှားသွား၏။

” ဒီမြို့ထဲမှာရှိတဲ့ မင်းတို့ရဲ့ ကုန်ကျစရိတ်တွေ အားလုံးကို ဒီကတ်ပြားနဲ့ ရှင်းလို့ရတယ် ”

အဘိုးကြီးမှာ ဘေးပတ်ပတ်လည်မှ လူများ၏ တအံ့တဩ ဖြစ်နေကြသော ပင့်သက်ရှိုက်သံများကို ကြားလိုက်ရသောအခါ ခပ်ရေးရေးခန့် ပြုံးလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့အား ခေါင်းညိတ်ပြလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်ပြလိုက်ပြီးနောက် တရိုတသေ ထွက်ခွာသွားတော့သည်။

ဘေးပတ်ပတ်လည်မှ လူသန်ကြီးများမှာလည်း ထိုအဘိုးကြီးနှင့်အတူ ထွက်ခွာသွားကြသဖြင့် ထိုဈေးဆိုင်မှာလည်း တဖြည်းဖြည်းနှင့် ယခင်ကအတိုင်း ပြန်လည်စည်းကားသိုက်မြိုက်သွားတော့သည်။ သို့သော် ထိုအဘိုးကြီး၏ ကြုံလိုက်ရပြီးနောက် အစတုန်းက ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့အပေါ် သိပ်၍ အာရုံမစိုက်ခဲ့သော ဈေးဆိုင်ပိုင်ရှင်ကြီးမှာ သူတို့ဆီသို့ လျှောက်လှမ်းလာပြီး သူကိုယ်တိုင် ဧည့်ခံပေးလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမူ ထိုကတ်ပြားအား သူ၏လက်ထဲ၌ ဆုပ်ကိုင်ရင်း ဘေးပတ်ပတ်လည်မှ တီးတိုးပြောသံများကို နားထောင်လိုက်၏။ သူတို့၏မျက်လုံးများထဲရှိ အံ့သြတုန်လှုပ်မှုများနှင့် အားကျနေကြသည့် အရိပ်အ‌ယောင်များကို မြင်လိုက်ရသောအခါ သူသည် စိတ်လှုပ်ရှားသွားရတော့သည်။ ထို့နောက် ကျိုးရိဖန်အား လှမ်းကြည့်လိုက်သောအခါ သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ ဆွံ့အမှင်တက်သွားရပြီဖြစ်ကြောင်း မြင်လိုက်ရသည်။ ထို့ကြောင့် သူသည် သက်ပြင်းချလိုက်၏။

” ရိဖန် … မင်းကတော့ စိတ်ဖိစီးမှုတွေ ခံစားချင်မှ ခံစားရမှာပေါ့။ ငါကတော့ အခုလို မနေနိုင်ဘူးကွာ…. ပြောစမ်းပါ။ ငါ ပိုင်းလုံးယောကျ်ားတစ်ယောက်များ ဖြစ်သွားပြီလားကွ။ ငါ တကယ်ကို ဝေခွဲမရဖြစ်နေပြီ။ မိန်းမတစ်ယောက်ဆီကနေ ချူစားရတဲ့နေ့ရက်မျိုး ရောက်လာလိမ့်မယ်လို့ ငါ လုံးဝထင်မထားမိခဲ့ဘူး ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းရှည်ကြီးချလိုက်ပြီး ခေါင်းယမ်းကာ ညည်းတွားလိုက်တော့သည်။

ကျိုးရိဖန်မှာမူ ဝမ်ပေါင်လဲ့၏ ဘောလုံးကဲ့သို့ လုံးဝန်းနေသော ခန္ဓာကိုယ်ကြီးအား အထူးတဆန်းနှင့် ကြည့်ကာ ချောင်းဟန့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ပေ။

” ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက အမြဲတမ်း ကိုယ့်အားကိုယ်ပဲ ကိုးခဲ့တာကွ။ ငါ ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို ငါ့ရဲ့လက်နှစ်ဖက်နဲ့ ငါကိုယ်တိုင် ရှာခဲ့တာချည်းပဲ။ တခြားဘယ်သူ့ဆီကမှ အကူအညီ မတောင်းဖူးဘူး။ အဲဒါ ငါ့ရဲ့ ကိုယ်ပိုင်မူဝါဒ တစ်ခုပဲကွ ”
ဝမ်ပေါင်လဲ့မှာ တည်ကြည်မှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် ထိုသို့ဆိုလိုက်ပြီး ဆိုင်ပိုင်ရှင်ဘက်သို့လှည့်ကာ သူ၏လက်ထဲရှိ ငွေရောင်ဝိညာဉ်ကတ်ပြားအား လှမ်းပစ်ပေးလိုက်၏။

” ကျနော်စောစောက ရွေးထားတဲ့ ပစ္စည်းတွေ ကျန်ဦးမယ်ဆိုရင် နောက်ထပ် ဆယ်ဆတိတိ ထပ်လိုချင်တယ် ”

” ဒီကတ်ပြားနဲ့ အဲဒါတွေကို ရှင်းလိုက် ”

ထိုအခါ ကျိုးရိဖန်နှင့် အခြားဈေးဝယ်များသာမက ဆိုင်ပိုင်ရှင်ကြီးပင်လျှင် စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ ဆွံ့အသွားရတော့သည်။

ဆယ့်ငါးမိနစ်ခန့် ကြာမြင့်သွားပြီးနောက် သူ၏ သိုလှောင်အိတ်နှင့် သို့လှောင်လက်ကောက်များကို အပြည့်အထိ ဖြည့်ပြီးသောအခါမှသာ ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်မြူးထူးစွာဖြင့် ဈေးဆိုင်ထဲမှ ထွက်ခွာလာတော့သည်။ သူ၏နောက်တွင်ရှိနေသော ကျိုးရိဖန်၏ မျက်နှာအမူအရာမှာမူ အထူးအဆန်းဖြစ်နေ၏။ သူသည် ရယ်ရအခက် ငိုရအခက် ဖြစ်နေရတော့သည်။ တချိန်တည်းမှာပင် သူသည်လည်း သူ့ကိုယ်သူ မထိန်းနိုင်တော့သဖြင့် သူလိုအပ်သော ဆေးလုံးများကိုဝယ်ယူရန် ငွေရောင်ဝိညာဉ်ကတ်ပြားအား အသုံးပြု၍ ငွေကြေးအနည်းငယ်ခန့် သုံးစွဲလိုက်တော့သည်။

ကျောင်း၏ အိမ်ယာထဲသို့ ပြန်ရောက်လာပြီးနောက် ဝမ်ပေါင်လဲ့မှာ ထန်းပင်ထဲမှ အနက်ရောင်အပိုင်းအစလေးကို ချက်ချင်းပင် ထုတ်ယူလိုက်၏။ သူသည် စိတ်လှုပ်တရှားနှင့် ၎င်းအား အချိန်အတော်အတန် ကြာအောင် လေ့လာလိုက်၏။ ထို့နောက် သူသည် တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ၎င်းအား အနက်ရောင်မျက်နှာဖုံးနှင့် ချက်ချင်း ပေါင်းစည်းခြင်းမလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် ထိုအပိုင်းအစကို အသုံးပြု၍ မျက်နှာဖုံးထဲရှိ မမလေးအား မြူဆွယ်နိုင်မည်လားဟု တွေးကြည့်လိုက်၏။

သို့သော် သူသည် ပြည်ထောင်စုမြို့တော်ထဲတွင် ရောက်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် သတိရှိရှိ နေလိုသောကြောင့် ဘာမှမလုပ်တော့ဘဲ ကျောင်းသို့ပြန်ရောက်မှသာ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

နောက်ရက်များ၌ နိုင်ငံရေးအင်အားစု အသီးသီးမှ ပါရမီရှင်များ ပြည်ထောင်စုကြီး၏ နေရာအမျိုးမျိုးမှ ရောက်ရှိလာကြပြီး ပဏာမရွေးချယ်မှုအဆင့်ကို ကျော်ဖြတ်ရန်အတွက် မြို့တော်ထဲ၌ စုဝေးလာကြချိန်တွင် ဝမ်ပေါင်လဲ့မှာ အလေလိုက်နေခဲ့ခြင်းမရှိပေ။ သူသည် သူ၏ နတ်ဘုရားရတနာများကို နောက်ထပ်တစ်ကြိမ်ထပ်၍ သန့်စင်ကာ အဆင့်မြှင့်တင်နေခဲ့၏။

ထို့ကြောင့် သူသည် ကုန်ကြမ်းပစ္စည်းအမြောက်အမြား လိုအပ်လာတော့သည်။ ထိုသို့ဖြင့် သူသည် မြို့တော်ထဲရှိ ကုန်ကြမ်းပစ္စည်းအရောင်းဆိုင်များသို့ မကြာခဏ ရောက်နေတော့သည်။ ထို့ကြောင့် သူ၏ ဂုဏ်သတင်းမှာ ထိုဈေးဆိုင်များကြားတွင် တဖြည်းဖြည်းနှင့် စတင်ပျံ့နှံ့လာတော့သည်။

” ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက အမြဲတမ်း ကိုယ့်အားကိုယ်ကိုးခဲ့ပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့တာကွ ”
ဝမ်ပေါင်လဲ့မှာ သူ သန့်စင်ပြီးသွားသော နတ်ဘုရားရတနာတစ်ခုကို ကြည့်မိလိုက်တိုင်း ဂုဏ်ယူဝင့်ကြွားစိတ်များဖြင့် ပြည့်နှက်သွား၏။ ထိုသို့ဖြင့် သူသည် စိတ်ကျေနပ်ကာ ယုံကြည်မှုအပြည့်ဖြင့် သူ၏ နတ်ဘုရားရတနာများအား တဖြည်းဖြည်းချင်း အောင်မြင်စွာ အဆင့်မြှင့်တင်နေတော့သည်။

သူသည် အလိုအလျောက်ပေါက်ကွဲနိုင်သော ပုတီးစေ့များအား တစ်ထိုင်တည်းနှင့် အလုံးရေ တစ်ထောင်ကျော်ခန့် ဖန်တီးခဲ့၏။ ထို့အပြင် သူသန့်စင်ထားသော ရုပ်သေးရုပ်မျိုးစုံမှာလည်း အရေအတွက် တစ်ရာနီးပါးအထိ ရှိနေပြီဖြစ်သည်။ သူ အစောပိုင်းတုန်းက ဖန်တီးသန့်စင်ခဲ့သည် ကျူးကန်ချမ်းကဲ့သို့သော ရုပ်သေးရုပ်များကိုလည်း ပြန်လည်ပြုပြင်မွမ်းမံလိုက်ပြီး ဓမ္မအဆောင်အဆင့်မှာ တတိယအဆင့် နတ်ဘုရားရတနာများအဖြစ် အဆင့်မြှင့်တင်ပေးလိုက်၏။

ဝမ်ပေါင်လဲ့မှာ လက်နက်သဲဖြင့် ပြုပြင်မွမ်းမံထားသော ထူးဆန်းသည့် ဓမ္မအဆောင်များကိုလည်း ပစ်မထားပေ။ ၎င်းတို့မှာ ဧရာမသစ်ပင်ကြီးနှင့် တိုက်ခိုက်ခဲ့စဉ်တုန်းက အသုံးဝင်ခဲ့သောကြောင့် ၎င်းတို့ကို အသုံးပြု၍ရသေးကြောင်း ဝမ်ပေါင်လဲ့က ရိပ်မိလိုက်၏။ ထို့ကြောင့် သူသည် ယင်မောင်းယပ်တောင်၊ ထီး၊ တံဆိပ်တော်ကြီး၊ ရန်သူနှင့်မိတ်ဆွေ ခွဲခြားနိုင်စွမ်းမရှိသော ဓားပျံတို့ကိုသာမက ကြိုးကိုပါ တတိယအဆင့် ထိပ်ဆုံးအဆင့် နတ်ဘုရားရတနာများအဖြစ် အဆင့်မြှင့်တင်လိုက်တော့သည်။

နောက်ဆုံးတွင် သူသည် ဓားအိမ်ဘက်သို့ အာရုံလှည့်လာတော့သည်။ သူ့ဆီတွင် ကုန်ကြမ်းပစ္စည်းမြောက်များစွာ ရှိနေသည်ဖြစ်ရာ ဓားအိမ်လေးကိုလည်း တတိယအဆင့် နောက်ဆုံးအဆင့်ဆီသို့ အောင်မြင်စွာ မြှင့်တင်နိုင်သွား၏။ ခြင်အရေအတွက်မှာ ကိုးကောင်၌သာ ရပ်နေဆဲဖြစ်ပါသော်လည်း ၎င်းတို့မှာ အရွယ်အစား သိသိသာသာ ပိုမိုကြီးမားလာပြီး ယခင်ကထက်လည်း ပိုမိုရက်စက်ကြမ်းကြုတ်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ ၎င်းတို့၏ အစွမ်းကို မြှင့်တင်နိုင်ရန်အလို့ငှာ အနည်းငယ်ခန့် စဉ်းစားသုံးသပ်လိုက်ပြီးနောက် ဝိညာဉ်အမြစ်ရွာထဲရှိ လှံကြီးထဲမှ ရရှိခဲ့သော ပုတီးစေ့အား ထိုဓားအိမ်ထဲ၌ တပ်ဆင်လိုက်၏။

သူ ထိုပုတီးစေ့အား တပ်ဆင်လိုက်သည်နှင့် တစ်ပြိုင်နက် ဆယ်ကောင်မြောက်ခြင်တစ်ကောင် နောက်ဆုံးတွင် ဓားအိမ်ထဲမှ ပျံထွက်လာတော့သည်။ ၎င်းမှာ မီးခိုးရောင်ဖြစ်ပြီး အခြားကိုးကောင်နှင့် မတူဘဲ ဝမ်ပေါင်လဲ့ နားလည်နိုင်စွမ်းမရှိသော ထူးဆန်းသည့်စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည့်ပုံပင်။ ဤနေရာ၌ ထိုခြင်၏ အစွမ်းအား စမ်းသပ်၍မရသည်မှာ နှမြောစရာပင်။ ထို့ကြောင့် သူသည် အနာဂတ်တွင် ၎င်းအား စမ်းသပ်နိုင်မည့် အခွင့်အရေးတစ်ခုကို ရှာဖွေရန် စိတ်ထဲ၌ မှတ်ထားလိုက်တော့သည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ သူ့ဆီတွင် ရှိနေခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီဖြစ်သော လက်အိတ်ကိုလည်း အဆင့်မြှင့်တင်ကာ တတိယအဆင့် ထိပ်ဆုံး နတ်ဘုရားရတနာတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်၏။ ကုန်ကြမ်းပစ္စည်း အလျှံအပယ် ရှိနေခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ သိုလှောင်အိတ်ကြီးကိုပင်‌ အောင်မြင်စွာ ပြုပြင်မွမ်းမံနိုင်သွားတော့သည်။

လက်ရှိတွင် သူ့ဆီ၌ ရှိနေသော ဓမ္မရတနာအားလုံး၏ အရည်အသွေးမှာ တတိယအဆင့်သို့ ရောက်နေကြပြီဖြစ်သည်။ ထို့အပြင် သူသည် ကုန်ကြမ်းပစ္စည်း မြောက်များစွာကိုလည်း စုဆောင်းထားသေးသည်။ ထိုစိတ်ကျေနပ်မှုများနှင့် မရပ်မနား သန့်စင်ခဲ့ရာမှ တိုးတက်လာခဲ့သော သူ၏ ဖန်တီးမှုစွမ်းရည်များကြောင့် ဝမ်ပေါင်လဲ့မှာ ရပ်တန့်ချင်စိတ် လုံးဝမရှိဘဲ ဖြစ်နေရတော့သည်။

” ဒီလို ကိုယ့်အားကိုယ်ကိုး၊ ပင်ပင်ပန်းပန်း ကြိုးစားပြီးတော့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း အောင်မြင်အောင်လုပ်ရတဲ့ ခံစားချက်ကို ငါ သိပ်ကြိုက်တာ ”
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ သူ့ကိုယ်သူ ကျေနပ်နေစဉ် သူ၏ မုန့်များကိုလည်း မေ့ထားခြင်းမရှိပေ။ ပြည်ထောင်စုမြို့တော်ထဲတွင် အရာအားလုံးနီးပါးကို ရောင်းချသည်ဖြစ်ရာ မုန့်များလည်း အပါအဝင်ဖြစ်သည်။ ထိုအတောအတွင်းတွင် ဝမ်ပေါင်လဲ့မှာ သူ၏ဗိုက်ကို ပြဲကားနေအောင် ဖြည့်ပြီးသွားသည့်တိုင်အောင် ရောင်းချသော မုန့်များအားလုံးထဲမှ တချို့တဝက်ကိုသာ စားသုံးနိုင်ခဲ့၏။

သူ့အတွက်မူ ပြည်ထောင်စုမြို့တော်ကြီးမှာ အစစ်ဟုပင် မထင်ရလောက်အောင် ထူးခြားကောင်းမွန်လွန်းနေတော့သည်။ သူ၏နှလုံးသားထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေရ၏။ နောက်ဆုံးတွင် လေးဘက်လေးတန်စလုံးရှိ နိုင်ငံရေးအင်အားစု အသီးသီးဆီမှ ပါရမီရှင်များအားလုံး ရောက်ရှိလာတော့သည်။

ထို့ကြောင့် ထိုနေ့ရက်တွင် ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာအစီအစဉ်ကို တရားဝင်ကျင်းပရန် ဆုံးဖြတ်လိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ စိုးထိတ်နေကြသော အခြားပြိုင်ပွဲဝင် အားလုံးနီးပါးနှင့် မတူဘဲ ပဏာမရွေးချယ်ပွဲကို အာရုံထဲမထည့်ထားပေ။ သူသည် ထိုရွေးချယ်ပွဲ၏ အသေးစိတ်အချက်အလက်များကိုပင် သိပ်၍ဂရုမစိုက်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် သူသည် ဗိုလ်ချုပ်ကြီးကျိုးသဲ့ရှီအား ဒုတိယအကြိမ်ထပ်၍ မေးမြန်းခဲ့စဉ်တုန်းက ဗိုလ်ချုပ်ကြီးမှာ သူ့အတွက် တစ်နေရာစာ ချန်ထားပြီးသားဖြစ်ကြောင်း အသိပေးခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် ပို၍ပင် စိတ်အေးသွားရ၏။ ပထမဆုံးနေ့တွင် သူသည် သူ၏အသေးစိတ်အချက်အလက်များကို စာရင်းပေးသွင်းလိုက်ပြီးနောက် အိမ်ယာသို့ပြန်လာပြီး မုန့်များစားသုံးကာ နတ်ဘုရားရတနာများကို ဆက်လက်သန့်စင်နေတော့သည်။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး ပဏာမရွေးချယ်ပွဲကိုလည်း လျင်မြန်စွာ ကျင်းပလိုက်၏။ နေ့စဉ်နေ့တိုင်း သတင်းများစွာ ပျံ့နှံ့နေသဖြင့် ပြည်ထောင်စုကြီး တစ်ခွင်လုံးတွင် ထို ပဏာမရွေးချယ်ပွဲအကြောင်းများဖြင့် ပြည့်နှက်နေတော့သည်။ ရွေးချယ်ခံလိုက်ရသည့် လူများမှာ တစ်ယောက်ပြီးတစ်ယောက် လူသိများလာကြပြီး ပြည်ထောင်စုထဲရှိလူတိုင်းမှာ သူတို့နှင့် ပတ်သက်သော သတင်းများကို မလွတ်တမ်း လိုက်လံဖတ်ရှုနေကြတော့သည်။

တစ်ခါတရံတွင် ဝမ်ပေါင်လဲ့မှာ ထိုသတင်းများကိုဖတ်ရင်း တစ်စုံတစ်ခု လုပ်ချင်စိတ်များ ပေါ်လာပါသော်လည်း သူ၏ ဝင်ခွင့်မှာ သေချာနေပြီဖြစ်ကြောင်း ပြန်၍အမှတ်ရသွားသောအခါ ပို၍ပင် စိတ်ကျေနပ်သွားရပြန်သည်။

” သူတို့တွေ ဘယ်လောက်ပဲတော်တော် ငါ့လောက်တော့ အံ့သြဖို့မကောင်းနိုင်ပါဘူး။ ငါ့အတွက် နေရာတစ်နေရာက သေချာနေပြီးသားလေ ”
ထိုရွေးချယ်ပွဲအား ကျင်းပခဲ့သည်မှာ တစ်နာရီခွဲတိတိ ကြာမြင့်သွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ဓာတ်များ တက်ကြွနေစဉ် ကျောင်းမှ အကြောင်းကြားစာတစ်စောင်ကို လက်ခံရရှိလိုက်သည်။

၎င်းမှာ ဧရာမသစ်ပင်ကြီးကို ရှာဖွေတွေ့ရှိခဲ့ပြီး သုတ်သင်ရှင်းလင်းပြီးဖြစ်သည်ဟူသော အကြောင်းကြားစာပင်ဖြစ်သည်။

တစ်ပြိုင်နက်တည်းမှာပင် ကောင်းကင်တာအိုကျောင်းမှာ ထို သန္ဓေပြောင်းသစ်ပင်များအကြောင်းကို ပြည်ထောင်စုကြီးဆီသို့ တရားဝင် အသိပေးလိုက်၏။ သို့မှသာ ပြည်ထောင်စုထဲရှိ နိုင်ငံရေးအင်အားစုအားလုံးမှာ ၎င်းတို့၏ ပိုင်နက်ထဲရှိ သစ်ပင်များထဲတွင် ယခုကဲ့သို့သော သန္ဓေပြောင်းလဲမှုများ ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်သည်။

သစ်ပင်များ၏သက်တမ်းမှာ တိရိစ္ဆာန်များနှင့် တူညီမှုမရှိပေ။ ၎င်းတို့၏အမြစ်များမှာ မြေကြီးထဲအထိ နက်ရှိုင်းစွာ ဝင်ရောက်နေသည်ဖြစ်ရာ ၎င်းတို့ သန္ဓေပြောင်းသွားသည်နှင့် တစ်ပြိုင်နက် ဘေးအန္တရာယ်များ မလွဲမသေ ပေါ်ပေါက်လာမည်သာဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset