ပြည်ထောင်စုမြို့တော်မှာ ပြည်ထောင်စုကြီး၏ အရှေ့တောင်ဘက်ဒေသတွင် တည်ရှိသည်။ ၎င်းမှာ အရွယ်အစားကြီးမားပြီး မျက်စိတစ်ဆုံး ကျယ်ပြောနေ၏။ ထိုမြို့တော်ကြီးမှာ ခမ်းနားထည်ဝါမှုအပြည့်ရှိနေပြီး ၎င်းအား မြင်လိုက်ရသူတိုင်းကို အံ့ဩတုန်လှုပ်သွားစေနိုင်ပေသည်။
ထိုမြို့တော်ကြီး၏ အောက်တွင် ပြောင်းပြန်လှန်ထားသည့် တောင်များနှင့်တူသော ဧရာမ သတ္တုတုံးကြီး တစ်ရာကျော် ရှိနေ၏။ ၎င်းတို့မှာ မြေကြီးထဲသို့ စိုက်ဝင်နေသကဲ့သို့ဖြစ်နေပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကာ ထိုနေရာကြီး တစ်ခုလုံးကို အုပ်မိုးထား၏။
ထိုတောင်များနှင့်တူသော သတ္တုတုံး တစ်တုံးချင်းစီ၏ အရွယ်အစားမှာ ကောင်းကင်မြို့တော်နီးပါးရှိပြီး မီတာထောင်ပေါင်းများစွာ မြင့်မားနေသောကြောင့် ၎င်းတို့၏ မြင်ကွင်းမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလှပေသည်။
ထို တောင်ပုံစံ သတ္တုတုံး အတုံးတစ်ရာမှာ နေရာအနှံ့အပြားတွင် နေရာယူထားကြပြီး ၎င်းတို့၏ ပုံစံမှာ ရင်သပ်ရှုမောဖွယ်ရာ ကောင်းနေ၏။ ၎င်းတို့ပေါ်တွင် တည်ဆောက်ထားသော မြို့တော်ကြီးမှာ ပြည်ထောင်စုထဲရှိ နံပါတ်တစ်မြို့တော်ဟူသော ၎င်း၏ ဂုဏ်ပုဒ်ကို ဝင့်ကြွားစွာ ပိုင်ဆိုင်ထား၏။
ထိုသတ္တုတောင်များ၏ အောက်တွင် မြေပြင်ကြီးကို လွှမ်းခြုံထားသော သိပ်သည်းထူထဲနေသည့် မြူခိုးများ ရှိနေသည်။ နူးညံ့သိမ်မွေ့သော မြူခိုးများမှာ ထိုနေရာတစ်ဝိုက်ကို လွှမ်းခြုံထားသဖြင့် ထိုနေရာကြီးမှာ လျှို့ဝှက်ဆန်းကြယ်ကာ စိတ်ကူးနှင့်ပင် ပုံဖော်၍ မရနိုင်သည့်ပုံ ပေါက်နေ၏။
ကျင့်ကြံခြင်းခေတ် မစတင်ခဲ့စဉ်တုန်းက ထိုနေရာမှာ မြင့်မားသောတောင်တန်းကြီးများနှင့် ကြည်လင်သောစမ်းချောင်းများဖြင့် သာယာလှပနေခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ ရှေးဟောင်း ကြေးညိုရောင်ဓားကြီး ပေါ်ပေါက်လာကာ အကျိုးအပဲ့ အပိုင်းအစများစွာ ကျဆင်းလာခဲ့ပြီးနောက် ထူထဲသိပ်သည်းသော ဝိညာဉ်ချီများမှာ တောတောင်ရေမြေရှုခင်းများကို ပြောင်းလဲပစ်ခဲ့၏။ ထို့အပြင် မြို့တော်ထဲ၌ နတ်ဘုရားလက်နက်မှာ အမြဲတမ်းရှိနေခဲ့သောကြောင့် ထိုနေရာမှာ ကြီးပွားတိုးတက်လာတော့သည်။ မြူခိုးထဲတွင် လူယဉ်သော ကျေးငှက်သားရဲများ၊ ပေါများကြွယ်ဝစွာ ပေါက်ရောက်နေသော သစ်ပင်ပန်းမန်များ၊ စိမ်းစိုလှပနေသော သစ်တောတစ်တောနှင့် ဝိညာဉ်ချီများ စိမ့်ဝင်နေသကဲ့သို့ ချိုမြနေသော ရေများဖြင့် တသွင်သွင် စီးဆင်းနေသည့် စမ်းချောင်းများဖြင့် ပြည့်နှက်နေသည်။
ထို မြူခိုးထဲရှိ ကုန်းမြေများကို ခပ်ရေးရေးခန့် မြင်နေရ၏။ သစ်တောထဲမှနေ၍ အရပ်မျက်နှာ အနှံ့သို့ ခွဲထွက်သွားသော လမ်းရှစ်လမ်း ရှိနေပြီး မြို့တော်ကြီး၏ပတ်လည်တွင် မရေမတွက်နိုင်လောက်အောင် များပြားသော အသေးစား စခန်းလေးများက ဝန်းရံထားကြသည်။
၎င်းတို့မှာ လမင်းကြီး၏ ပတ်ပတ်လည်တွင် ပြွတ်သိပ်နေကြသည့် ကြယ်ကလေးများနှင့် တူနေသည်။ ပြည်ထောင်စုမြို့တော်၏ အရွယ်အစားမှာ ကြီးမားလွန်းနေသောကြောင့် ၎င်း၏ အရွယ်အစားကို ရှေးဟောင်းတိုင်းပြည်တစ်ခု၏ အရွယ်အစားနှင့် နှိုင်းယှဉ်လျှင်တောင် ပုံကြီးချဲ့ရာကျမည် မဟုတ်ပေ။
မြူခိုးများကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရသော အသေးစိတ်အချက်အလက်အချို့လည်း ရှိနေသေးသည်။ သို့သော် ထိုနေရာသို့ ရောက်သွားသူတိုင်း တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် အံ့ဩတုန်လှုပ်သွားရမည်သာ ဖြစ်သည်။ မြူခိုးများဖြင့် လွမ်းခြုံထားသော ထိုသစ်တောကြီးမှာ အင်အားထူးကဲသာလွန်သည့် အငွေ့အသက်အကြီးတစ်ခုကို ထုတ်လွှတ်နေသကဲ့သို့ ခံစားနေရ၏။ ထိုအငွေ့အသက်များမှာ ပြည်ထောင်စုထဲရှိ ရာထူးအာဏာကြီးမားသော မည်သူ့ကိုမဆို သတ်ဖြတ်ခြေမှုန်းပစ်နိုင်စွမ်းရှိသော စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားသည့်ပုံပင်။
ထို့အပြင် ပြည်ထောင်စုမြို့တော်ထဲရှိ အာရုံဖမ်းစားနိုင်ဆုံးအရာမှာ ပြောင်းပြန်လန်နေသော သတ္တုတောင် အလုံးတစ်ရာ၏ အထက်ရှိ မြို့တော်ကျုံးကြီးထဲတွင် တည်ဆောက်ထားသည့် ပေပေါင်း သောင်းနှင့်ချီ၍ မြင့်မားနေသော ရုပ်ထုပေါင်း တစ်ရာ့နှစ်ခုပင် ဖြစ်သည်။
ထိုရုပ်ထုများအားလုံးမှာ ပုံစံများမတူညီကြပေ။ ၎င်းတို့ထဲတွင် အရှေ့တိုင်းမှ ဒဏ္ဍာရီလာနွီဝါးမယ်တော်၊ အနောက်တိုင်းမှ ဒဏ္ဍရီလာနတ်ဘုရား ဇူးစ် အစရှိသဖြင့် ပါဝင်နေ၏။ ဤနေရာတွင် စုဝေးနေကြသော ရုပ်ထုများမှာ ကမ္ဘာကြီး၏ သမိုင်းတလျှောက်တွင် လူသားများ၏ စိတ်ကူးအာရုံများကို အများဆုံးဖမ်းစားနိုင်ခဲ့သော နတ်ဘုရားပေါင်း အပါးတစ်ရာ ဖြစ်နေသည့် ပုံပင်။
ပြည်ထောင်စုမြို့တော်ကြီး ထိုရုပ်ထုများကို တည်ဆောက်ခဲ့သော အကြောင်းအရင်းကို မသိပါသော်လည်း ကိုးကွယ်ပူဇော်ရန်နှင့် ဘာသာရေး အထိမ်းအမှတ်များအဖြစ် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း မဟုတ်သည်မှာတော့ သိသာထင်ရှားပေသည်။ အဘယ်ကြောင့်ဆိုသော် မြို့တော်၏ အလယ်ဗဟိုရှိ ရုပ်ထုကြီးနှစ်ခုကြောင့် ဖြစ်သည်။ ထိုထဲမှ တစ်ခုမှာ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းစောင့် အကြီးအကဲကြီး၏ ရုပ်ထုဖြစ်နေ၏။
အခြားတစ်ခုမှာ ခံ့ညားထည်ဝါပြီး အားကောင်းလွန်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်၏ ရုပ်ထုပင်ဖြစ်သည်။ ထိုလူကြီးမှာ လက်ရှိ ပြည်ထောင်စုဥက္ကဋ္ဌကြီးပင်ဖြစ်သည်။
ခံ့ညားထည်ဝါသော မြူခိုးသစ်တော၊ ရင်သပ်ရှုမောဖွယ်ရာကောင်းသော မြို့တော်ကြီးနှင့် လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သော ထိုမျိုးတော်ကြီးထဲရှိ ရုပ်ထုပေါင်း တစ်ရာကျော်တို့မှာ အတူတကွ ပေါင်းစည်းသွားကြပြီးနောက် ပြည်ထောင်စုမြို့တော် ပေါ်ထွက်လာတော့သည်။
အလားတူပင် ပြည်ထောင်စုကြီးထဲရှိ နံပါတစ်မြို့တော်တွင် နေထိုင်သော လူဦးရေပမာဏမှာလည်း ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည်။ ကျင့်ကြံသူ အရေအတွက်ပင်ဖြစ်စေ၊ စစ်သည်အရည်အတွက်ပင်ဖြစ်စေ၊ သာမန်ပြည်သူ အရေအတွက်ပင်ဖြစ်စေ၊ ၎င်းတို့အားလုံးမှာ ကြီးမားလွန်းနေသောကြောင့် ပြည်ထောင်စုကြီးထဲရှိ စာရင်းအင်းဌာနသာလျှင် ထိုအရေအတွက်များကို အတိအကျသိနိုင်ပေသည်။ အပြင်လူများမှာ ခန့်မှန်းရုံလောက်သာ တတ်နိုင်၏။
ထိုမြို့တော်ကြီးနှင့် ၎င်း၏အောက်ရှိ မြူခိုးများမှာ ဝမ်ပေါင်လဲ့နှင့် သူ့မိတ်ဆွေများ၏ရှေ့၌ ပေါ်ပေါက်လာ၏။ ကျောက်ယမုန့်မှလွဲ၍ သင်္ဘောပျံကြီး၏ ကုန်းပတ်ပေါ်တွင် ရပ်နေကြသည့် သူတို့အားလုံးမှာ ထိုမြင်ကွင်းကြောင့် အံ့ဩမှင်တက်သွားကြ၏။
ကျိုးရိဖန်မှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုထဲတွင် မွေးဖွားခဲ့သည်ဖြစ်ပြီး ထိုမြို့တော်ကြီး၏ ပုံများကို သတင်းများထဲတွင် ကြိမ်ဖန်များစွာ မြင်ဖူးထား၏။ သို့သော် သူသည် ယခုမှ ဤမြို့တော်ကြီးဆီသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးခြင်းဖြစ်သည်။ သူသည် ရှေးဟောင်းတိုင်းပြည်ကြီး တစ်ခုနှင့်ပင် ဆင်တူနေသော ထိုမြို့တော်ကြီး၏ ကြီးကျယ်ခမ်းနားမှုများကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ သူ၏နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများနှင့် အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း ဆွံ့အမှင်တက်နေရပြီဖြစ်သည်။ သူသည် အသက်ရှူသံများ မြန်လာပြီး ပြည်ထောင်စုမြို့တော်ကြီးကို လှမ်း၍ ငေးကြည့်နေမိတော့သည်။
” ဒါကြီးက…. ကြီးလိုက်တာ။ ဟိုဘက်ကအိမ်တွေဆိုရင် ဝိညာဉ်ကျောက်တုံး ဘယ်နှတုံးတောင် တန်မလဲ မသိဘူး…. ”
ဝမ်ပေါင်လဲ့မှာ သူ၏မျက်လုံးများကို ပွတ်ရင်း မိုးကုပ်စက်ဝိုင်းအထိ အဆုံးအစမရှိလောက်အောင် ကျယ်ပြောနေသောမြို့တော်ကြီးအား စိုက်ကြည့်နေမိတော့သည်။ သူသည် သင်္ဘောပျံတစ်စင်းပေါ်တွင် ရပ်နေသည့်တိုင်အောင် မြို့တော်ကြီးအဆုံးကို မမြင်နိုင်သေးသောကြောင့် ဆွံ့အသွားရတော့သည်။
” ဒီမြို့က အိမ်တစ်လုံးက ကောင်းကင်မြို့တော်ထဲက အိမ်အလုံးတစ်ရာထက်တောင် ပိုပြီးတော့စျေးကြီးတယ် ”
ကျိုးရိဖန်မှာ ထိုအကြောင်းများကို တီးမိခေါက်မိ ရှိထားသောကြောင့် ဝမ်ပေါင်လဲ့ တအံ့တဩ မေးလိုက်သည့် မေးခွန်းကို ကြားလိုက်ရသောအခါ ပြန်ဖြေလိုက်သည်။
” ဘာရယ်… ဒီက အိမ်တစ်လုံးက ရေစက်ပုံစံ သင်္ဘောပျံ အစင်းတစ်ရာလောက်ကို တန်တယ် ဟုတ်လား ”
ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး အသားများပင် တဆတ်ဆတ်တုန်ရီနေတော့သည်။ ထို့နောက် သူသည် ဤမြို့တော်ထဲတွင် နေထိုင်ကြသူအားလုံးမှာ အလွန်အင်မတန်မှ ချမ်းသာကြွယ်ဝရမည်ဟု ရုတ်တရက်ဆိုသလို နားလည်သဘောပေါက်သွားတော့သည်။
ကျောက်ယမုန့်မှာမူ သူတို့၏ အပြန်အလှန်ပြောစကားများကို နားထောင်ရင်း စကားတစ်ခွန်းမှ ဝင်မပြောပေ။ သူတို့အား ထိုမြို့တော်သို့ လိုက်လံပို့ဆောင်သည့် အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာမူ ဘေးဘက်တွင်ရပ်ကာ ရုတ်တရက်ဆိုသလို ပြုံးလိုက်၏။ သူတို့မှာလည်း ထိုမြင်ကွင်းကြောင့် စိတ်နှလုံးလှုပ်ရှားသွားရ၏။ သူတို့မှာ ဤမြို့တော်ဆီသို့ အကြိမ်ရေပေါင်းများစွာ ရောက်ခဲ့ဖူးသည်တိုင်အောင် ၎င်းအား ငေးကြည့်မိလိုက်တိုင်း သူတို့၏ နှလုံးသားများထဲတွင် ခံစားချက်မျိုးစုံ ပေါ်ထွက်လာရသည်သာဖြစ်သည်။
ပြည်ထောင်စုမြို့တော်ကြီးမှာ ပြည်ထောင်စုကြီး၏ အချက်အချာဟု ဆိုနိုင်သည်။ သာမန်ပြည်သူများအတွက်ဆိုလျှင် ၎င်းမှာ နိုင်ငံရေးနှင့် စီးပွားရေးလုပ်ငန်းများ၏ အချက်အချာဖြစ်ပြီး ကျင့်ကြံသူများအတွက်ဆိုလျှင် ၎င်းမှာ ပို၍ပင် အဓိပ္ပါယ်ကြီးမား၏။ ထိုမြို့တော်ထဲတွင် ပြည်ထောင်စုကြီးတစ်ခုလုံး၏ တစ်ခုတည်းသော နတ်ဘုရားလက်နက် ရှိနေသည် မဟုတ်ပါလော။
ထိုလက်ဘုရားလက်နက်ကြီး တည်ရှိနေမှုကြောင့် ပြည်ထောင်စုဥက္ကဋ္ဌ၏ လုပ်ပိုင်ခွင့်အာဏာ တည်မြဲနေရုံသာမက တိုင်းပြည်တစ်ခုလုံးကိုလည်း ကြောက်ရွံ့ရိုသေကာ ငြိမ်ဝပ်ပိပြားနေအောင် အုပ်ချုပ်ထားနိုင်ခြင်း ဖြစ်သည်။ ၎င်းကြောင့်လည်း ပြည်ထောင်စုကြီးထဲရှိ အတွင်းရေး ပဋိပက္ခများကြောင့် ခွဲထွက်ရေးကိစ္စများနှင့် ပတ်သက်သည့် ဆွေးနွေးပွဲများ ပေါ်ထွက်လာသည့်တိုင်အောင် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ အတိုင်းအတာတစ်ခုအထိ တည်တည်ငြိမ်ငြိမ်နှင့် ဘေးကင်းစွာ ရှိနေဆဲပင် ဖြစ်သည်။
သင်္ဘောပျံကြီးမှာ မြို့တော်ကြီး၏ အနီးတစ်ဝိုက်သို့ ချဉ်းကပ်လာသောအခါ ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့မှာ အသက်ရှူသံများ မြန်လာကြပြီး ပင့်သက်များ ရှိုက်မိနေကြတော့သည်။ ထို့နောက် သင်္ဘောပျံကြီးမှာ တဖြည်းဖြည်းနှင့် အရှိန်လျော့သွား၏။ မည်သည့်အရာများကို စစ်ဆေးနေမှန်း ဝမ်ပေါင်လဲ့ မသိသော စစ်ဆေးမှုများစွာကို ကျော်ဖြတ်လိုက်ပြီးနောက် သူတို့၏ သင်္ဘောပျံကြီးမှာ ဝင်ခွင့်ရသွားတော့သည်။ ထိုသို့ဖြင့် ၎င်းမှာ ကောင်းကင်တာအိုကျောင်းအတွက် သတ်မှတ်ပေးထားသော နေရာ၌ ဆင်းသက်လိုက်တော့သည်။
မြို့တော်ထဲသို့ ရောက်နှင့်နေပြီးသားဖြစ်သည့် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများမှာ ထိုနေရာ၌ စောင့်ဆိုင်းနေကြ၏။ ဝမ်ပေါင်လဲ့နှင့် အခြားသူများ ရောက်ရှိလာသောအခါ သူတို့ကို ချက်ချင်းပင် ကြိုဆိုလိုက်ကြသည်။ လိုအပ်သောစီစဉ်မှုများကို ပြုလုပ်လိုက်ပြီးနောက် နောက်ဆုံးတွင် သူတို့မှာ ကောင်းကင်တာအိုကျောင်း၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသော အိမ်ယာထဲသို့ ရောက်ရှိသွားတော့သည်။
ထိုအိမ်ယာကြီးမှာ သပ်သပ်ရပ်ရပ်ရှိကာ တမူထူးခြားနေပြီး ကျေးငှက်များ၏ တကျွိကျွိမြည်သံများနှင့် မွှေးပျံ့သော ပန်းရနံ့များမှာလည်း လေထုထဲတွင် ပြည့်နှက်နေ၏။ ထို့အပြင် လေထဲ၌ အားကောင်းသော ဝိညာဉ်ချီတစ်မျိုးလည်း ပျံ့လွင့်နေသေးသည်။ ထိုအိမ်ယာကြီးမှာ သာမန်နေ့များတွင် အများပြည်သူများအတွက် ဖွင့်လှစ်ခြင်းမရှိဘဲ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများ နေထိုင်ရန်အတွက်သာ စီစဉ်ထားခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့နှင့် အခြားသူများရောက်ရှိလာချိန်တွင် ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာရွေးချယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သော ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားမြောက်များစွာမှာ ထိုအိမ်ယာထဲ၌ စာရင်းပေးသွင်းထားပြီးသား ဖြစ်နေကြပြီ ဖြစ်သည်။
လိုအပ်သည်များအားလုံးကို စီစဉ်ပြီးနောက် ကျောက်ယမုန့်မှာ ကျောင်းကပေးထားသော အိမ်ယာထဲသို့ ဝင်သွားခြင်းမရှိဘဲ ထွက်သွားတော့မည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့ကို နှုတ်ဆက်လိုက်၏။
” နင်ကဘယ်သွားမှာလဲ ”
ဝမ်ပေါင်လဲ့က သိချင်ဇောဖြင့် မေးကြည့်လိုက်သောအခါ ကျိုးရိဖန်ကလည်း နောက်သို့လှည့်လာပြီး သူမအား လှမ်းကြည့်လိုက်၏။
” ငါ့မိသားစုက မြို့တော်ထဲမှာ နေတာလေ ”
အခြားတစ်ယောက်ယောက်သာ ကျောက်ယမုန့်မှာ ထိုမေးခွန်းကို ပြန်ဖြေမည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့မှာ သူမနှင့်အတူ သေရေးရှင်ရေးတိုက်ပွဲကြီးတစ်ခုကို အသက်ရှင်လျက် ကျော်ဖြတ်လာခဲ့သည့် လူများမဟုတ်ပါလော။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ အခြားသူများနှင့် မတူပေ။
ကျောက်ယမုန့်၏ စကားကို ကြားလိုက်ရသောအခါ ကျိုးရိဖန်မှာ မျက်လုံးများပြူးသွား၏။ ဝမ်ပေါင်လဲ့မှာလည်း ခေါင်းများထူပူသွားပြီး ရီဝေဝေဖြစ်သွားရတော့သည်။
” နင်တို့မိသားစုက….တော်တော်ကိုချမ်းသာမှာပဲ ”
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ဆွံ့အသွားပြီးနောက် အားကျနေသည့်လေးသံဖြင့် ဆိုလိုက်၏။ ကျောက်ယမုန့်မှာ ဝမ်ပေါင်လဲ့၏ လေသံကို ကြားလိုက်ရသောအခါ ပြုံးသွားပြီး ကျိုးရိဖန်အား နှုတ်ဆက်ကာ စိမ်ပြေနပြေ ထွက်ခွာသွားတော့သည်။
ထိုကဲ့သို့သာ သာမန်အတိုင်း ထွက်ခွာသွားမည်ဆိုပါက ကိစ္စကြီးကြီးမားမား မဟုတ်ပါသော်လည်း ကျောက်ယမုန့် ကောင်းကင်တာအိုကျောင်း၏ အိမ်ယာထဲမှ ထွက်ခွာသွားချိန်တွင်ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့မှာ ရွှေရောင် သင်္ဘောပျံကြီး ခုနစ်စင်း ရှစ်စင်းခန့် ချက်ချင်းပင်ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။ ၎င်းတို့မှာ လျင်မြန်စွာ အနီးသို့ရောက်လာကာ ရပ်တန့်သွားပြီးနောက် ၎င်းတို့ထဲမှ လူသန်ကြီး အယောက်တစ်ရာကျော် ချက်ချင်းပင် ခုန်ထွက်လာကြသည်။
ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်အဆောင်မှ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်သောကြောင့် ထိုရွှေရောင် သင်္ဘောပျံကြီးများမှာ အပြင်ဘက်ရှိ ပုံပန်းသွင်ပြင်အပိုင်းတွင်ဖြစ်စေ၊ အတွင်းဘက်ရှိ တည်ဆောက်ပုံအပိုင်းတွင်ဖြစ်စေ သာမန်သင်္ဘောပျံကြီးများနှင့် လုံးဝမတူညီကြောင်း ချက်ချင်းပင်သိလိုက်၏။ သူသည် ထို သင်္ဘောပျံကြီးများကြောင့် အံ့အားသင့်သွားရသည်။ ထို့နောက် လူသန်ကြီး အယောက်တစ်ရာကျော် ထွက်လာကြသည့်အပြင် သူတို့အားလုံးနီးပါးမှာ အာနာပါနအဆင့် ကျင့်ကြံခြင်းအဆင့်များကို ပိုင်ဆိုင်ထားကြ၏။
သူတို့ထဲတွင် ဧရာမသစ်ပင်ကြီးနှင့် ကျင့်ကြံခြင်းအဆင့်ချင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသော အဘိုးကြီးတစ်ယောက် ပါ၏။ သူ၏ပုံစံမှာ အိမ်တော်ထိန်းတစ်ယောက်နှင့် တူပြီး သူသည် ကြင်နာစိတ်များနှင့် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသော မျက်နှာအမူအရာဖြင့် ကျောက်ယမုန့်အား ဦးညွှတ်၍ နှုတ်ဆက်လိုက်၏။
” အိမ်ကနေ ကြိုဆိုပါတယ် မမလေး ”
ကျောက်ယမုန့်မှာ ခေါင်းညိတ်ပြလိုက်ပြီး သင်္ဘောပျံကြီးပေါ်သို့ တက်သွား၏။ ထို့နောက် သူမမှာ ဆွံ့အမှင်တက်နေသော ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့အား လက်ယမ်းပြ၍ နှုတ်ဆက်လိုက်ပြီး ခမ်းနားကြီးကျယ်ကာ ရင်သပ်ရှုမောဖွယ်ကောင်းသော အမူအရာဖြင့် ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ မိန်းမောတွေဝေနေပြီး ကျိုးရိဖန်မှာမူ ဆိတ်ငြိမ်နေ၏။ ကျောက်ယမုန့် စီးနင်းသွားသော သင်္ဘောပျံကြီး မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသော အခါမှသာ သူတို့နှစ်ယောက်မှာ အထူးတဆန်းဖြစ်နေသော မျက်နှာအမူအရာများနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြတော့သည်။
” သူ့ရဲ့ နောက်ခံအင်အားက ဘာလဲကွ ”
” ချမ်းသာလိုက်တာ ”
သူတို့နှစ်ယောက်မှာ တစ်ပြိုင်နက်တည်း ရေရွတ်မိလိုက်ကြ၏။ နောက်ဆုံးတွင် သူတို့မှာ ခံစားချက်ကိုယ်စီဖြင့် သူတို့၏ နေအိမ်များထဲသို့ ပြန်သွားလိုက်ကြပြီး အတိုင်းအတာတစ်ခုအထိ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ကြတော့သည်။ သို့သော် ထိုလူငယ်လေး နှစ်ယောက်စလုံးမှာ ကျောက်ယမုန့်၏ မိသားစု၏ နောက်ခံအင်အားအကြောင်းနှင့် ပတ်သက်၍ ကိုယ်ပိုင် ထင်မြင်ယူဆချက်များ ရှိနေပြီဖြစ်သည်။
သူတို့မှာ ထိုတစ်ညတာ အနားယူလိုက်ပြီး မနက်ခင်းသို့ရောက်သောအခါ ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ အကြောင်းများကို စိတ်ထဲမှထုတ်ကာ ကျိုးရိဖန်အား သွားရှာလိုက်၏။ ထို့နောက် သူသည် ကျိုးရိဖန်အား အိမ်ယာအပြင်ဘက်သို့ခေါ်လာပြီး မြို့တော်ထဲတွင် လှည့်လည်သွားလာလိုက်တော့သည်။
သူတို့မှာ ခြေဦးတည့်ရာ လှည့်ပတ်သွားရင်း မြို့တော်ထဲရှိ ဈေးဆိုင်များကို လိုက်လံကြည့်ရှုနေ၏။ ထိုဈေးဆိုင်များ၏ ကြွယ်ဝချမ်းသာမှုများနှင့် အရွယ်အစားများမှာ ကောင်းကင်မြို့တော်မှ ဈေးဆိုင်များထက် သာလွန်နေ၏။ ဤမြို့တော်ထဲတွင် ကျင့်ကြံခြင်းနှင့်ပတ်သက်သော ကုန်ကြမ်းပစ္စည်းများကို အမျိုးအစားစုံလင်စွာ ရရှိနိုင်ပေသည်။ ပြည်ထောင်စုကြီးထဲတွင် ရရှိနိုင်သည့် အရာအားလုံးကို ဤမြို့တော်ထဲ၌ ရောင်းချနေသည့်ပုံပင် ပေါက်နေ၏။
ကူးလောင်ချိုင့်ဝှမ်းထဲရှိ တိုက်ပွဲထဲ၌ အထိနာခဲ့ပြီး ကုန်ကြမ်းပစ္စည်းများနှင့် လက်နက်များကို အိတ်သွန်ဖာမှောက် အသုံးပြုခဲ့ရသော သူတို့နှစ်ယောက်မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားကြ၏။ ကျိုးရိဖန်မှာ ဆေးလုံးအချို့နှင့် လျှို့ဝှက်ဆန်းကြယ်ပညာရပ်တစ်ခုအား မှတ်တမ်းတင်ထားသော ကျောက်စိမ်းပေလွှာတစ်ခုတို့ကို မျက်စိကျနေသည်။
သို့သော် သူသည် ဈေးနှုန်းများကို မေးမြန်းကြည့်လိုက်သောအခါ ဆွံ့အသွားရတော့သည်။ သူသည် အတော်အတန်ကြွယ်ဝချမ်းသာသည့် မိသားစုမှ ဆင်းသက်လာသည့်တိုင်အောင် ထိုပစ္စည်းများမှာ ဈေးကြီးလွန်းနေ၏။
ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် ဈေးဆိုင်များထဲတွင် ခင်းကျင်းပြထားသထားသော ပစ္စည်းများကို ငေးကြည့်ရင်း မကြာမကြာ တအံ့တဩနှင့် ရေရွတ်မိနေ၏။
” အချိုးကျရွှေရွှံ့စေးပဲ ”
” အလင်းရည်စီးကြောင်းပါလား ”
” ဘုရားရေ။ မိုးကောင်ကင်သလင်းကျောက်သဲလည်း ရှိတာပဲဟ ”
” ဒီပစ္စည်းတွေအားလုံးကို ဖန်တီးခြင်းအဆင့်မှာ အသုံးပြုရင် နတ်ဘုရားရတနာတွေကို အပိုစွမ်းရည်တွေနဲ့ ဂုဏ်သတ္တိတွေ ပေးနိုင်ပြီးတော့ ပိုအစွမ်းထက်လာအောင် လုပ်ပေးနိုင်တယ် ”
ဝမ်ပေါင်လဲ့မှာ စိတ်အားထက်သန်စွာဖြင့် ဈေးဆိုင်များကို တစ်ဆိုင်ပြီးတစ်ဆိုင် လိုက်လံကြည့်ရှုနေတော့သည်။ ထို့နောက် သူသည် တစ်စုံတစ်ခုကိုမြင်လိုက်ရသောအခါ ရပ်တန့်သွား၏။ ထိုအချိန်တွင် သူ၏အသိစိတ်ထဲ၌ တစ်စုံတစ်ခု ပေါက်ကွဲသွားပြီး သူ၏ ခေါင်းထဲ၌ တဝီဝီမြည်သံများ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်ကို ကြားလိုက်ရတော့သည်။
” ဒါ…. ဒါက… ”
သူမြင်လိုက်ရသောအရာမှာ လက်မောင်းတစ်ဖက်ခန့် တုတ်ခိုင်ပြီး အိုးထဲတွင်စိုက်ထားသည့် အပင်တစ်ပင်ဖြစ်သည်။ ၎င်းမှာ ထန်းပင်တစ်ပင်နှင့် တူပါသော်လည်း အနီရောင်ဖြစ်နေ၏။ သူ၏ အသားများကို တုန်ရီသွားစေသောအရာမှာ ထိုထန်းပင်၏ ပင်စည်ထဲတွင် မြုပ်ဝင်နေသည့် လက်ချောင်းတစ်ချောင်း အရွယ်အစားသာရှိသော အနက်ရောင် အပိုင်းအစတစ်ခုပင်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုအပိုင်းအစလေးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ၎င်းအား ရင်းရင်းနှီးနှီး သိနေသလို ခံစားလိုက်ရသည်။ ထိုအပိုင်းအစလေးမှာ အနက်ရောင်မျက်နှာဖုံးအား ပြုလုပ်ထားသည့် ပစ္စည်းနှင့် အတူတူပင်ဖြစ်ကြောင်း သူက ခံစားနေရ၏။
ဝမ်ပေါင်လဲ့မှာ သူ၏စိတ်လှုပ်ရှားမှုများကို ချုပ်တည်းလိုက်ပြီး ထိုဈေးဆိုင်ထဲတွင် နောက်ထပ်တစ်ပတ် ထပ်ပတ်ကာ ကုန်ကြမ်းပစ္စည်းအမျိုးမျိုးကို အသာအယာပင် လက်ညှိုးထိုးပြပြီး ဝယ်ယူလိုက်၏။ သူ၏ ဝယ်ခြမ်းမှုအားလုံးနီးပါး ပြီးစီးသွားပြီးနောက် ထိုအပိုင်းအစလေး၏ ဈေးကို မေးမြန်းကာ ထိုအနီရောင် ထန်းပင်လေးအား သူ၏ ဈေးခြင်းထဲသို့ထည့်၍ ဝယ်ယူရန် ပြင်လိုက်စဉ်မှာပင် ….
ဈေးဆိုင်အပြင်ဘက်၌ အဘိုးကြီးတစ်ယောက်၏ ရယ်သံတစ်သံ ထွက်ပေါ်လာတော့သည်။
” မင်းတို့နှစ်ယောက်က ဒီကိုရောက်နေတာကိုး “