ကျိုးရိဖန်၏ သိုင်းပညာအဆောင်မှ ဝတ်ရုံများမှာ ပျက်စီးစုတ်ပြဲနေပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ အဝတ်စကြီးတစ်စကို ဆုတ်ဖြဲရန်အတွက် အားအများကြီး မသုံးလိုက်ရပေ။ ထို့ကြောင့် ကျိုးရိဖန်၏ ဖြူဖွေးနူးညံ့သော အသားအရေများ ပေါ်လာ၏။
သူသည် လက်ကိုဝှေ့ယမ်း၍ အသံကုန်အော်ဟစ်နေသောကြောင့် ချဉ်းကပ်လာသော သင်္ဘောပျံကြီးမှာ သူတို့ကို ချက်ချင်းပင် မြင်လိုက်ရတော့သည်။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် လေထဲတွင် ဝှေ့ယမ်းနေသော အဝတ်စထက် ဝမ်ပေါင်လဲ့၏ လုံးဝန်းနေသောခန္ဓာကိုယ်မှာ အာရုံဖမ်းစားနိုင်စွမ်း ပိုရှိနေ၏။
ထိုသင်္ဘောပျံကြီးမှာ ချက်ချင်းပင် သူတို့နားသို့ရောက်လာ၏။ ထို့နောက် ထိုသင်္ဘောပျံထဲမှ ကျောင်းမှ ကျင့်ကြံသူ ခုနှစ်ယောက် ရှစ်ယောက်ခန့် အလျင်စလို ခုန်ဆင်းလာကြသည်။ သူတို့အား ဦးဆောင်လာသူမှာ ကောင်းကင်တာအိုကျောင်း၏ လက်ထောက်ဂိုဏ်းချုပ်ပင် ဖြစ်သည်။ သူ ခုန်ဆင်းလာသောအခါ သူ၏ အနီရောင်ဝတ်ရုံရှည်မှာ လေထဲတွင် တလူလူလွင့်သွားပြီး ဧရာမသစ်ပင်ကြီးထက် ပို၍အစွမ်းထက်သော အငွေ့အသက်တစ်မျိုးမှာ ကောင်းကင်ယံထဲ၌ ချက်ချင်းပင် ပျံ့နှံ့သွား၏။
ဝမ်ပေါင်လဲ့မှာ ထိုအငွေ့အသက်များကို အနည်းငယ်ခန့်သာ အာရုံခံမိလိုက်ပါသော်လည်း သူ၏စိတ်ထဲ၌ ဖိနှိပ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသဖြင့် အသက်ရှူကျပ်လာတော့သည်။
လက်ထောက်ဂိုဏ်းချုပ်၏နောက်တွင် သက်လတ်ပိုင်းလူကြီးတစ်ယောက် လိုက်လာ၏။ သူသည် အပြာရာဝတ်ရုံရှည်တစ်ခုကို ဆင်မြန်းထားကာ သူ၏ပုံစံမှာ သာမန်ဟုသာထင်ရပါသော်လည်း သူ၏မျက်လုံးများထဲတွင် လျှပ်စီးများ လက်နေသကဲ့သို့ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီမှ တုန်လှုပ်ချောက်ချားဖွယ်ကောင်းလောက်အောင် ရက်စက်ကြမ်းတမ်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေ၏။ သူသည် လက်ထောင်ဂိုဏ်းချုပ်၏ ဘေးတွင် ရပ်နေသည့်တိုင်အောင် သူ၏ အငွေ့အသက်များမှာ မှေးမှိန်သွားခြင်းမရှိပေ။ ထို့ကြောင့် သူသည်လည်း အမြုတေအဆင့်သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
သူတို့နှစ်ယောက် ရောက်ရှိလာမှုကြောင့် ဘေးပတ်ပတ်လည်တွင် လေများတိုက်ခတ်လာပြီး တိမ်တိုက်များမှာလည်း ပြောင်းလဲသွား၏။ ထို့နောက် အမြုတေအဆင့်ရှိသော အငွေ့အသက်လှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့ထွက်သွား၏။ သူတို့နှစ်ယောက် ဆင်းသက်လာပြီးနောက် အကြီးအကဲကြီး သုံးယောက် ထပ်မံရောက်ရှိလာသည်။ ထိုအကြီးအကဲသုံးယောက်စလုံး၏ ကျင့်ကြံခြင်းစွမ်းအင်များမှာ အားကောင်းကာ လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိနေပြီး အာနာပါနအဆင့်ထက် ကျော်လွန်နေ၏။ သူတို့မှာ အခြေတည်အဆင့်တွင် ရှိနေကြခြင်းဖြစ်သည်။
” လက်ေထာက်ဂိုဏ်းချုပ်နဲ့ အကြီးအကဲတို့ကို ဂါရဝပြုပါတယ် ”
ဝမ်ပေါင်လဲ့မှာ သူတို့အဖွဲ့ကိုမြင်လိုက်ရသောအခါ နှလုံးသားထဲတွင် နွေးထွေးမှုများနှင့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့သည်။ ထို့နောက် သူသည် ကျောက်ယမုန့်အား အောက်သို့ အသာအယာ ချလိုက်ပြီး မတ်တတ်ထကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ တရိုတသေ ဦးညွှတ်လိုက်၏။
သူ၏အဝတ်အစားများမှာ တစ်စစီစုတ်ပြဲကာ သူ၏ ပုံစံမှာလည်း ဖရိုဖရဲဖြစ်နေ၏။ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံးမှာ သတိမေ့မြောနေကြသည်။ ထို့ကြောင့် လက်ထောက်ဂိုဏ်းချုပ်နှင့် အပြာရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးတို့မှာ သူတို့သုံးယောက်ကိုမြင်လိုက်ရသောအခါ အံ့အားသင့်သွားကြ၏။
လက်ထောက်ဂိုဏ်းချုပ်မှာ ရှေ့သို့လှမ်းလာပြီး ဝမ်ပေါင်လဲ့ရှေ့တွင် ရပ်လိုက်၏။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို ချက်ချင်းပင် ဆုပ်ကိုင်လိုက်ပြီး ဒဏ်ရာရှိမရှိ စစ်ဆေးကြီးလိုက်၏။ သူ၏မျက်ဝန်းများထဲတွင် စိုးရိမ်နေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး သူသည် လေသံတိုးတိုးနှင့် ဖြစ်ကြောင်းကုန်စင်ကို မေးမြန်းလိုက်သည်။
အပြာရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးမှာလည်း ရှေ့သို့လှမ်းလာပြီး ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့၏ နဖူးများကို သူ၏ လက်ချောင်းဖြင့် တို့ထိလိုက်၏။ ထိုအခါ သူတို့နှစ်ယောက်စလုံးမှာ ချက်ချင်းပင် အသားများတုန်ရီသွားကြပြီး တဖြည်းဖြည်းနှင့် မျက်လုံးများ ပွင့်လာကြတော့သည်။
” မဟာအကြီးအကဲကြီး ”
အပြာရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးကို မြင်လိုက်ရသောအခါ ကျိုးရိဖန်မှာ သူ့အား ဂါရဝပြုရန်အလို့ငှာ မတ်တတ်ထရန် ကြိုပမ်းလိုက်၏။ သို့သော် အပြာရောင်ဝတ်ရုံနှင့် လူကြီးက သူ့အား ညင်ညင်သာသာနှင့် ပြန်ထိုင်ခိုင်းလိုက်၏။ ထို့နောက် သူသည် ကျောက်ယမုန့်အား နှစ်သိမ့်ပေးလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်လာ၏။
” …. ဧရာမသစ်ပင်ကြီးတစ်ပင်ပါ။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အခြေတည်အဆင့်နောက်ဆုံးအဆင့်မှာရှိတယ်။ သူက အသံတိုက်ကွက်တွေကို သုံးပြီး ပုံရိပ်ယောင်တွေ ဖန်တီးနိုင်စွမ်းရှိတဲ့အပြင် လူတစ်ယောက်ရဲ့ စွမ်းရည်တွေကိုပါ သုံးလို့မရအောင် ချုပ်နှောင်ပစ်နိုင်စွမ်းရှိပါတယ် ”
ဝမ်ပေါင်လဲ့က အလျင်အမြန် ရှင်းပြလိုက်၏။ ထို့အပြင် သူတို့သုံးယောက် ကြုံခဲ့ရသော အရာများနှင့် ကျော်ဖြတ်ခဲ့ရသော အရာများကိုလည်း ပြောပြလိုက်ပြီး ထိုဧရာမသစ်ပင်ကြီး ထွက်ပြေးသွားသော အရပ်မျက်နှာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
ဝမ်ပေါင်လဲ့မှာ စောစောတုန်းက ကျိုးရိဖန် ပြောလိုက်သောစကားကိုလည်း ကြားမိလိုက်သဖြင့် အပြာရောင်ဝတ်ရုံနှင့် သတ်လတ်ပိုင်းလူကြီးမှာ သိုင်းပညာအဆောင်၏ မဟာအကြီးအကဲကြီးဖြစ်ကြောင်း သိလိုက်ရသည်။
” သစ်ပင်တစ်ပင်က သန္ဓေပြောင်းပြီး သားရဲကြီးတစ်ကောင်အသွင် ပြောင်းလဲသွားတာကို ပြည်ထောင်စုကြီးက တစ်ခါမှမကြုံဘူး။ အဲဒီ သားရဲကြီးက ငါတို့ရဲ့ ကောင်းကင်တာအိုကျောင်းက ကျောင်းသားတွေကို အန္တရာယ်ပြုရဲလောက်အောင် သတ္တိကောင်းတဲ့ ကောင်လားဆိုတာ ငါကိုယ်တိုင် သိအောင်လုပ်ရမယ် ”
ဝမ်ပေါင်လဲ့၏ ရှင်းပြချက်များကို ကြားလိုက်ရသောအခါ အပြာရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီး၏ မျက်နှာအမူအရာမှာ သာမန်အနေအထားမှ တည်ကြည်သွား၏။ သူ၏ ပတ်ပတ်လည်တွင်ရှိနေသော ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များမှာလည်း ပေါက်ကွဲထွက်လာတော့မည့်ပုံပင်။ ဝမ်ပေါင်လဲ့ ပြောပြသော ဇာတ်လမ်းကို နားထောင်လိုက်ပြီးနောက် သူသည် သဘောကျသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် လက်ထောက်ဂိုဏ်းချုပ်အား စကားအချို့ တီးတိုးပြောဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ ညွှန်ပြခဲ့သော အရပ်မျက်နှာဘက်သို့လှည့်၍ ပြေးထွက်သွားတော့သည်။
သူသည် အလွန်အင်မတန်မှ မြန်ဆန်နေပါသော်လည်း လုံလောက်မှုမရှိသေးဟု သူ့ကိုယ်သူ ခံစားနေရသည့်ပုံပင်။ ထို့ကြောင့် သူသည် အနက်ရောင် အောင်လံတံခွန်ကြီးတစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်၌ စည်းလိုက်သောအခါ သူ၏ အမြန်နှုန်းမှာ အဆမတန် ထိုးတက်သွားတော့သည်။ ထိုသို့ဖြင့် သူသည် ပြေးထွက်သွားပြီး သူ၏အသိစိတ်ကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်ကာ ဧရာမသစ်ပင်ကြီးကိုရှာဖွေနေတော့သည်။
ဝမ်ပေါင်လဲ့မှာ အပြာရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီး ပြေးထွက်သွားသည်ကိုကြည့်ရင် စိတ်လှုပ်ရှားသွား၏။ ကျိုးရိဖန်မှာလည်း ထိုနည်းတူပင်။ အားအင်ချည့်နဲ့နေသောကြောင့် တချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ကျောက်ယမုန့်ပင်လျှင် စိတ်အေးသွားသည့် အမူအရာဖြင့် သက်ပြင်းချလိုက်၏။
” မင်းတို့တွေက အဲဒီ သစ်ပင်ကြီး ထွက်ပြေးသွားအောင် ဘယ်လိုလုပ်လိုက်တာလဲ ”
လက်ထောက်ဂိုဏ်းချုပ်မှာ သူတို့ သုံးယောက်အား နှစ်သိမ့်ပေးလိုက်ပြီးနောက် သိချင်ဇောနှင့် မေးကြည့်လိုက်၏။
သူ ထိုသို့မေးလိုက်သောအခါ ကျိုးရိဖန်မှာ ခေါင်းငုံ့သွားပြီး ကျောက်ယမုန့်မှာ ဆိတ်ငြိမ်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ်ခပ်ကာ ချောင်းဟန့်၍ ဖြေလိုက်ရသည်။
” ကျနော် သူ့ကို ကြောက်သွားအောင် ခြောက်လိုက်မိတာဖြစ်မယ်။ ကျွန်တော်တို့ကျောင်းက ဝါရင့်ကြီးတွေ လာနေပြီမလို့ ထွက်မပြေးရင် အသတ်ခံရမှာနော်ဆိုပြီး ပြောလိုက်တာ။ အဲဒါကြောင့် … သူ ထွက်ပြေးသွားတာ ”
လက်ထောက်ဂိုဏ်းချုပ်မှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရပြီး သူတို့ သုံးယောက်၏ မျက်နှာ အမူအရာများကို မြင်လိုက်ရသောအခါ မထိန်းနိုင်တော့ဘဲ ရယ်မောမိလိုက်တော့သည်။ ထို့နောက် သူသည် သူတို့ သုံးယောက်အား လက်ညှိုးထိုးကာ ဆိုလိုက်၏။
” မင်းတို့တွေက လုပ်ဇာတ်လေးတွေတော့ ပြောတတ်တာပဲကွ ကောင်စုတ်လေးတွေရ။ မင်းတို့သုံးယောက်စလုံးဆီမှာ လျှို့ဝှက်ချက်ကိုယ်စီ ရှိနေကြတဲ့ပုံပဲ။ ထားပါတော့လေ။ ကျင့်ကြံခြင်းခေတ်နဲ့အတူ အခွင့်အရေးတွေ အများကြီးလည်း ပေါ်လာတာပဲ။ မင်းတို့ ပိုင်ဆိုင်ထားသမျှ အခွင့်အရေးတွေက မင်းတို့ ကံကောင်းလို့ ရတာချည်းပါပဲ။ မင်းတို့တွေရဲ့ လျှို့ဝှက်ချက်တွေကို ဝေမျှဖို့ အဆင်သင့်ဖြစ်မှ တာအိုကျောင်းကို ပြောပြလို့ရတယ် ”
ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ခေါင်းကုတ်မိလိုက်၏။ ထိုအခါ လက်ထောက်ဂိုဏ်းချုပ်မှာ ထပ်၍ရယ်မောလိုက်ပြန်သည်။ သူသည် သူတို့သုံးယောက်စလုံးကို သဘောကျကာ အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်နေမိတော့သည်။ ထို့နောက် သူ၏ကိုယ်ပေါ်တွင် သယ်ဆောင်လာသော သိုလှောင်လက်ကောက်ထဲမှ ဆေးလုံးသုံးလုံးကို ထုတ်ယူလိုက်ပြီး သူတို့အား တစ်ယောက်တစ်လုံးစီ ပေးလိုက်၏။
ထိုဆေးလုံးမှာ ခရမ်းရောင်ဖြစ်ပြီး ပယင်းဖြင့် အုပ်မိုးထား၏။ ၎င်း၏ အတွင်းပိုင်းထဲတွင် မီးခိုးငွေ့များ မျောလွင့်နေသည့်ပုံလည်း ပေါက်နေ၏။ ထို့ကြောင့် ၎င်းမှာ သာမန်ဆေးလုံးတစ်လုံးတော့ မဟုတ်နိုင်ပေ။ သူတို့သုံးယောက်မှာ မှော်ဆေးရည်အဆောင်မှ ကျောင်းသားများမဟုတ်ကြပါသော်လည်း ထိုဆေးလုံးထဲတွင် အံ့သြဖွယ်ကောင်းသော အနာကျက်ဂုဏ်သတ္တိများ ပါဝင်နေကြောင်း သိနိုင်ပေသည်။
” မင်းတို့တွေ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စိတ်ပူစရာမလိုတော့ဘူး။ ကျောင်းက မင်းတို့အတွက် တရားမျှတမှုရအောင် လုပ်ပေးမယ်။ အဲဒီဧရာမသစ်ပင်ကြီး ဘယ်ကနေပဲ ရောက်လာရောက်လာ ကိစ္စမရှိဘူး။ ကောင်းကင်တာအိုကျောင်းက ကျောင်းသားတွေကို အန္တရာယ်ပြုရဲတဲ့ ဘယ်သူ့ကိုမဆို ငါတို့က ချေမှုန်းပစ်မှာ ”
” မင်းတို့တွေရဲ့ စွမ်းဆောင်မှုတွေကိုလည်း အသိအမှတ်ပြုရမယ်။ ပြည်ထောင်စုကြီးရဲ့ ပျိုးပင်တစ်ရာ အကဲဖြတ်ပွဲပြီးရင် မင်းတို့ရဲ့တွေရဲ့ စွမ်းဆောင်မှုတွေအပေါ် မူတည်ပြီးတော့ မင်းတို့ကို ဆုချမယ် ”
လက်ထောက်ဂိုဏ်းချုပ်ကြီးက ခပ်ရေးရေးခန့်ပြုံးကာ ဆိုလိုက်၏။ ထို့နောက် သူသည် ညွှန်ကြားချက်အနည်းငယ် ထပ်ပေးလိုက်ပြီး သူ၏နောက်တွင်ရပ်နေသော အခြေတည်အဆင့် ကျင့်ကြံသူများအား သူတို့သုံးယောက်ကို ပြည်ထောင်စုကြီး၏ မြို့တော်ဆီသို့ လိုက်လံပို့ဆောင်ပေးရန် စီစဉ်ပေးလိုက်၏။
” မင်းတို့တွေ လမ်းမှာ ဒီဆေးလုံးကို သောက်ပြီးတော့ မင်းတို့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို ပြန်လည်ဖြည့်တင်းလို့ရတယ်။ ခရီးပြန်မထွက်ခင် ဒဏ်ရာတွေကို အရင်ပျောက်အောင် ကုလိုက်အုံး။ မင်းတို့တွေ ပြည်ထောင်စုကြီးရဲ့ ပျိုးပင်တစ်ရာထဲက တစ်ယောက်အဖြစ် ပြန်ရောက်လာဖို့ ငါ မျှော်နေပါ့မယ် ”
” ကျေးဇူးအများကြီးတင်ပါတယ် လက်ထောက်ဂိုဏ်းချုပ် ”
ဝမ်ပေါင်လဲ့မှာ သူ၏စိတ်လှုပ်ရှားမှုများကို တတ်နိုင်သလောက် ကြိုးစားထိန်းချုပ်လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အလျင်စလို ဦးညွှတ်လိုက်တော့သည်။
” ကောင်စုတ်လေး။ မင်းက သိန်းထီဆုကြီးများ ပေါက်သွားတာလားကွ။ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့တဲ့အပြင် သူတို့နှစ်ယောက်ကိုပါ သယ်လာပြီးတော့ လွတ်အောင် ထွက်ပြေးလာနိုင်သေးတယ်။ တော်တယ်ကွာ။ မင်းက တကယ့်ကို ပျော့ညံ့တဲ့ကောင် မဟုတ်ဘူးဘဲ ”
လက်ထောက်ဂိုဏ်းချုပ်ကြီးက ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးကာ ချီးကျူးလိုက်၏။
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေတော့သည်။ ထို့အပြင် လက်ထောက်ဂိုဏ်းချုပ်မှာ သာမန်လူတစ်ယောက် မဟုတ်ကြောင်း တွေးမိလိုက်၏။ သူသည် အလွန်အင်မတန်မှ မျက်စိလျင်သည့်အပြင် ဝမ်ပေါင်လဲ့၏ အစွမ်းများကိုပါ ကောင်းကောင်းကြီးသိထား၏။ ဧရာမသစ်ပင်ကြီးမှာ အမှန်တကယ်ပင် သူ့ကြောင့် ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားခဲ့ရသည်။ ၎င်းမှာ သိက္ခာမဲ့စွာ ထွက်ပြေးသွားရသည်ဖြစ်ပြီး ကြောက်သေးများပင် ထွက်လုမတတ် ဖြစ်ခဲ့ရသည်မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ရင်ဘတ်ကိုထုနှက်၍ လေသံကျယ်ကျယ်နှင့် ကတိသစ္စာဆိုလိုက်တော့သည်။
” အမှန်ပါပဲ။ ကျနော်တို့လို ကောင်းကင်တာအိုကျောင်းရဲ့ ကျောင်းသားတွေက အန္တရာယ်တစ်ခုခုနဲ့ ကြုံရရင် နောက်ဆုတ်သွားလို့ဘယ်ဖြစ်မလဲ။ ဝမ်ပေါင်လဲ့ဆိုတဲ့ ကျနော်က ကောင်းကင်တာအိုကျောင်းရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် အသက်သေတဲ့အထိ ရှိသွားမှာပါ ”
သူ၏စကားကို ကြားလိုက်ရသောအခါ အခြားသူများ၏ မျက်နှာအမူအရာများမှာ အထူးတဆန်း ဖြစ်သွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ကြော်ငြာဆင်းနိုင်မည့် မည်သည့်အခွင့်အရေးကိုမဆို လက်လွှတ်ခံလေ့မရှိကြောင်း တွေးမိလိုက်ကြ၏။ သို့သော် လက်ထောက်ဂိုဏ်းချုပ်ကြီးမှာမူ သူ၏စကားများကို သဘောကျသွားသဖြင့် ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်တော့သည်။ သူသည် ဝမ်ပေါင်လဲ့အား အချိန်အကြာကြီး ပိုကြည့်လေလေ သူ့အား ပို၍ သဘောကျလာလေလေ ဖြစ်နေတော့သည်။ ထိုသို့ဖြင့် သူသည် အနည်းငယ်ခန့်ထပ်၍ စကားစမြည် ပြောဆိုလိုက်ပြီးနောက် ကျန်ရှိနေသော အဖွဲ့အား ဖြန့်ကျက်၍ ပိုက်စိပ်တိုက်ရှာဖွေရန် အမိန့်ပေးလိုက်၏။
ဝမ်ပေါင်လဲ့နှင့် သူ၏မိတ်ဆွေများမှာမူ ကျောင်း၏ သင်္ဘောပျံကြီးပေါ်သို့ တက်သွားကြပြီး အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ လိုက်ပါစောင့်ရှောက်မှုနှင့်အတူ ပြည်ထောင်စုကြီး၏ မြို့တော်ဆီသို့ ဆက်သွားလိုက်တော့သည်။ ထိုအခါမှသာ သူတို့မှာ လုံးဝ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်ကြတော့သည်
သူတို့မှာတစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး သူတို့၏ တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသော မျက်ဝန်းများမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သိလိုက်ကြ၏။ အထူးသဖြင့် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ ဝမ်ပေါင်လဲ့အား ကြည့်နေသည့်အချိန်တွင် သူတို့၏ မျက်ဝန်းများထဲ၌ သူတို့မှာ အနည်းငယ်ခန့် ထူးဆန်းသောအရာကြီးကို ကြည့်နေရသကဲ့သို့ အံ့အားသင့်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသလို၊ ယခင်ကထက် ပို၍ သိသာထင်ရှားသော နွေးထွေးမှုအရိပ်အယောင်များကိုလည်း မြင်နိုင်ပေသည်။
သူတို့သည် ဝမ်ပေါင်လဲ့အား သူတို့ သတိလစ်သွားပြီးနောက် သူနှင့် ဧရာမသစ်ပင်ကြီးတို့ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြီးအကြောင်းကို မမေးခဲ့သလို သူ၏ လျှို့ဝှက်ချက်အား စွက်ဖက်နေသကဲ့သို့ ဖြစ်နေမည်ဖြစ်သောကြောင့် သူ၏ ဝှက်ဖဲအကြောင်းကိုလည်း မေးမြန်းခြင်းမရှိခဲ့ပေ။ ဝမ်ပေါင်လဲ့ကလည်း သူတို့၏ တိုက်ကွက်များအကြောင်းကို အသေးစိတ် မေးမြန်းခြင်း မရှိခဲ့ပေ။ သူတို့မှာ စကားတစ်ခွန်းမှပြောစရာမလိုဘဲ အပြန်အလှန် နားလည်မှုယူနိုင်လိုက်သောကြောင့် တစ်ယောက်ကိုတစ်ယောက် ပြုံးပြလိုက်ကြတော့သည်။
ကျိုးရိဖန်၏ အပြုံးနှင့်ယှဉ်ပါက အင်မတန်မှ ချောမောလှပနေပြီးသားဖြစ်သော ကျောက်ယမုန့်၏ အပြုံးမှာ ပြိုင်ဘက်ကင်းလောက်အောင် လှပနေတော့သည်။ သူမ၏အပြုံးမှာ ပန်းပွင့်ပေါင်း တစ်ရာတိတိ ဖူးပွင့်လာသကဲ့သို့ပင် ဖြစ်နေ၏။
ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်အား လှမ်းကြည့်လိုက်ပြီး မျက်တောင်တဖျတ်ဖျတ်ခပ်ကာ သူမ၏မျက်နှာကို လက်ညှိုးထိုး၍ ပြောလိုက်၏။
” ကျောက်ယမုန့်။ နင့်မျက်နှာပေါ်မှာ ဘာကြီးလဲမသိဘူး ”
” ဘာကြီးလဲ ”
သူမမှာ တစ်ခဏမျှ ဆွံ့အသွားကာ အလိုလို လက်မြှောက်မိလိုက်ပြီး သူမ၏ မျက်နှာအား တို့ထိလိုက်၏။ သူမ၏ မျက်နှာပေါ်တွင် အညစ်အကြေးများ ပေရေနေသည်ဟု သူမက ထင်မိလိုက်ခြင်းဖြစ်သည်။
” အလှတရားတွေ ”
ဝမ်ပေါင်လဲ့ကမူ လေသံတိုးတိုးဖြင့် ချောင်းဟန့်ကာ တည်တည်ကြည်ကြည်ပင် ဆိုလိုက်၏။
ဝမ်ပေါင်လဲ့၏ စကားကိုကြားလိုက်ရသောအခါ သူ၏ဘေးတွင်ရပ်နေသော ကျိုးရိဖန်မှာ ချက်ချင်းပင် မျက်လုံးများပြူးသွားတို့သည်။ ခပ်လှမ်းလှမ်းတွင် တင်ပျဥ်ခွေထိုင်နေသော အစောင့်အဖြစ်လိုက်ပါလာသည့် အခြေတည်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာဆိုလျှင် အစတုန်းက သူတို့အား ပြုံး၍ ကြည့်နေခဲ့၏။ သို့သော် ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ သူတို့၏မျက်နှာအမူအရာများမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ သူတို့ထဲမှတစ်ယောက်ဆိုလျှင် ဝမ်ပေါင်လဲ့အား အကဲခတ်ရင်း အတွေးများထဲတွင် နစ်မျောသွားပြီး နတ်ဘုရားတစ်ပါးကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရတော့သည်။
ကျောက်ယမုန့်မှာလည်း အံ့အားသင့်သွားရသောကြောင့် သူမကိုယ်သူမ မထိန်းနိုင်တော့ဘဲ တခစ်ခစ် ရယ်မောမိလိုက်တော့သည်။ ဝမ်ပေါင်လဲ့၏ ပရောပရည် စကားများကြောင့် သူမမှာ အငိုက်မိသွားရ၏။ ကျောက်ယမုန့်မှာ ဣန္ဒြေဟန်ပန်အမူအရာနှင့် ပြည့်စုံပြီး တည်တည်ကြည်ကြည် နေတတ်သော မိန်းကလေးတစ်ယောက် ဖြစ်ပါသော်လည်း သူ၏စကားကို သဘောကျသွားရ၏။
သူ၏ ရိုးရှင်းသော ကျီစယ်စကားများမှာ ယခုလို အစွမ်းထက်နေကြောင်း သိလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေတော့သည်။ သူသည် ခြောက်နှစ်သားကတည်းက ထိုကဲ့သို့ နည်းဗျူဟာများကို တတ်မြောက်ကျွမ်းကျင်နေခဲ့သည်ဖြစ်ပြီး ၎င်းတို့ကို မရေမတွက်နိုင်လောက်အောင် အသုံးပြုခဲ့ပြီးပြီဖြစ်သည်။ သူသည် လေပေါ်တွင် လက်လျှောက်နေရသကဲ့သို့ ခံစားနေရသောကြောင့် သူ၏လက်ကိုဝှေ့ယမ်းကာ ဆိုလိုက်တော့သည်။
” ကဲ။ ဒီကိစ္စကြီးလည်း ပြီးသွားပြီဆိုတော့ ပြည်ထောင်စုမြို့တော်ဆီကို သွားပြီးတော့ ငါတို့ရဲ့ အစွမ်းတွေကို ထုတ်ပြပြီး ပြည်ထောင်စုကြီးရဲ့ ပျိုးပင်တစ်ရာထဲ ပါလာအောင် လုပ်ဖို့ပဲ ကျန်တော့တယ် ”
ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ သူတို့နှင့် တဖြည်းဖြည်းချင်း ဝေးကွာသွားသော ကူးလောင်ချိုင့်ဝှမ်းကို လှမ်းကြည့်ရင်း သူတို့၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာတော့သည်။ ထို့နောက် သူတို့မှာ အနည်းငယ်ခန့်ထပ်၍ စကားစမြည် ပြောဆိုလိုက်ကြပြီးနောက် သူတို့၏ အခန်းများဆီသို့ ပြန်ကာ ဆေးလုံးများကိုသောက်၍ ဒဏ်ရာများကို စတင်ကုသလိုက်တော့သည်။
ဝမ်ပေါင်လဲ့၏ ဒဏ်ရာများမှာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့၏ ဒဏ်ရာများလောက် မပြင်းထန်ပါသော်လည်း သူ၏အပြင်ခန္ဓာကိုယ် တစ်ခုတည်းကိုသာ အားကိုး၍ သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာအောင်သာ လုပ်မည်ဆိုပါက အချိန်အကြာကြီးစောင့်ရမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ခရမ်းရောင်ဆေးလုံးကို မျိုချလိုက်သောအခါ သူ၏ခန္ဓာကိုယ်ထဲတွင် အပူဓာတ်များ ထွက်ပေါ်လာပြီး သူ၏ အတွင်းကြေ ဒဏ်ရာများမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းသော အမြန်နှုန်းမျိုးဖြင့် ပျောက်ကင်းသွားကြတော့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပြင်ပိုင်းဒဏ်ရာများမှာလည်း တဖြည်းဖြည်းချင်း ပျောက်ကင်းသွား၏။
ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နာရီအနည်းငယ်ခန့် ကြာမြင့်သွားပြီး သင်္ဘောပျံကြီးမှာ ပြည်ထောင်စုမြို့တော်နားသို့ ရောက်လာသောအခါ သူတို့သုံးယောက်၏ ဒဏ်ရာများအားလုံးမှာ ပျောက်ကင်းသွားကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့မှာ အားအင်အပြည့်ဖြင့် အခန်းများထဲမှထွက်လာကြပြီး ကုန်းပတ်ပေါ်တွင်ရပ်ကာ သူတို့၏ မျက်ဝန်းများထဲ၌ တဖြည်းဖြည်းနှင့်ပို၍ ခမ်းနားကြီးကျယ်လာသော ပြည်ထောင်စုမြို့တော်ကြီးကို ငေးကြည့်နေလိုက်ကြတော့သည်။