Switch Mode

အခန်း ( ၂၁၀ )

သူ ဖြစ်မယ်

သူသည် မယုံကြည်၍ ရပါသော်လည်း ထိုကဲ့သို့ အရဲစွန့်ရန် သတ္တိမရှိပေ။ ထို့ကြောင့် သူသည် ကြောက်လန့်တကြားနှင့် ဝေခွဲမရဖြစ်ကာ ဆုံးဖြတ်ချက် မချနိုင်ခင် ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ တက်ကြွလာပြီး ခေါင်းမော့ကာ ရယ်မောလိုက်တော့သည်။ သူသည် နောက်သို့ဆုတ်သွားခြင်းမရှိဘဲ အေးစက်ကာ သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေသော မျက်ဝန်းတစ်စုံနှင့် ထိုဝတ်ရုံနက် လူကြီးဆီသို့ ဦးတည်၍ ပြေးလာတော့သည်။ ထို့နောက် သူ၏နှုတ်မှ ကျယ်လောင်သော ထစ်ချုံးသံကြီးတစ်သံ ထွက်ပေါ်လာသဖြင့် ကမ္ဘာမြေကြီးမှာ တုန်ရီသွားပြီး မိုးခြိမ်းသံများဖြင့် ဆူညံသွားတော့သည်။

” သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာကို အာရုံပြုပါ ”

သူ၏နှုတ်မှ ထိုစကားလုံးများ ထွက်လာသောအခါ မိုးခြိမ်းသံများမှာ ပို၍ပင်ကျယ်လောင်လာပြီး မိုးကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့ကို ပြောင်းလဲပစ်လိုက်တော့သည်။ ထို့နောက် ကောင်းကင်ယံ၌ တိမ်တိုက်များ ချက်ချင်းဆိုသလိုပင် စုဝေးလာကြပြီး ကိုက်တစ်သောင်းခန့် ရှည်လျားသော ဧရာမလက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားတော့သည်။

ထိုလက်ကြီးမှာ မိုးကောင်းကင်ကြီးကို ဖုံးအုပ်သွားသဖြင့် ကုန်းမြေပေါ်တွင် ဧရာမ အရိပ်ကြီးတစ်ခု ကျသွား၏။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက လေထဲတွင်ရှိနေသော ထိုလက်ကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ အောက်တွင်ရှိနေသော ကုန်းမြေများမှာ အမှောင်ထုထဲသို့ ကျရောက်သွားရုံသာမက ဇီဝဓာတ်အားလုံးကိုပါ ဆုံးရှုံးသွားရပြီး ပျက်သုဉ်းသွားတော့မည့် အရိပ်အယောင်များ ထွက်ပေါ်လာကြတော့သည်။

ဝတ်ရုံနက် လူကြီးမှာ ယခင်ကနှင့် လုံးဝမတူလောက်အောင် အသားများ တဆတ်ဆတ် တုန်ရီနေသလို တစ်ခါမှ မကြုံဘူးသော အကြောက်တရားတစ်ခုကိုလည်း ခံစားနေရ၏။ သူသည် ကောင်းကင်ယံထဲရှိ ဧရာမလက်ကြီးအား စိုက်ကြည့်လိုက်ပြီးနောက် ယုံကြည်မှုအပြည့် ရှိနေသော ဝမ်ပေါင်လဲ့အား လိုက်၍ကြည့်လိုက်၏။ သူသည် ဟန်ဆောင်ရန် ကြိုးစားနေသည့်ပုံ အနည်းငယ်လေးပင် ပေါက်မနေဘဲ ဧရာမသစ်ပင်ကြီးအား ဖျက်ဆီးနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်ထားသည့်ပုံပင်။

သူ၏ ပြင်းထန်သော ယုံကြည်မှုများကြောင့် သူ၏နောက်ဘက်ရှိ ကောင်းကင်ယံတွင် ရစ်ဝဲနေသော ပေသိန်းပေါင်းများစွာ ရှည်လျားနေသည့် ဧရာမလက်ကြီး၏ အားကောင်းလွန်းနေသော အငွေ့အသက်များမှာ ပို၍ပင် အစွမ်းထက်လာတော့သည်။ ထိုလက်ကြီးမှာ ထစ်ချုန်းမြည်သံများနှင့်အတူ မြေပြင်ပေါ်သို့ ကျဆင်းလာပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖုံးလွှမ်းသွား၏။

ထိုမြင့်ကွင်းကြောင့် နောက်ဆုံးတွင် ဝတ်ရုံနက် လူကြီးမှာ မျှော်လင့်ချက်အားလုံး ပျက်သုဉ်းသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

” အရင်တုန်းက ပြည်ထောင်စုဥက္ကဋ္ဌဟောင်းဖြစ်ခဲ့တဲ့ ကောင်းကင်တာအိုကျောင်းရဲ့ ဂိုဏ်းစောင့်အကြီးအကဲကြီးက ရှေးဟောင်း ကြေးညိုရောင်ဓားကြီးပေါ် တက်ခဲ့ပြီးတော့ မွေးကင်းစ ယောက်ျားလေးတစ်ယောက်ကို ခေါ်လာခဲ့တယ်လို့ ငါ ကြားထားတယ်…. ”

” အဲဒီကောင်လေးက ကမ္ဘာမြေကြီးရဲ့ လူသားသွေးမျိုးဆက်ကနေ ဆင်းသက်လာတာမဟုတ်ဘဲ ကောင်းကင်ယံကြီးရဲ့ အခြားတစ်ဘက်မှာရှိတဲ့ နေရာတွေကနေ ရောက်လာတာ။ သူက အဲဒီကောင်လေးများ ဖြစ်နေနိုင်မလား ”
ဝတ်ရုံနက်လူကြီးမှာ ခံစားချက်များ ရှုပ်ထွေးနေပါသော်လည်း သူ၏ အသက်ရှုနှုန်းများမှာ တည်ငြိမ်သွား၏။ သူသည် ထိုအကြောင်းကို ပို၍တွေးတောမိလေလေ သူ၏အတွေးမှာ မှန်ကန်ကြောင်း ပို၍ ခံစားရလာလေလေ ဖြစ်နေရတော့သည်။

” ဟုတ်တယ် ဟိုကလေးနှစ်ယောက်ထဲက ကောင်လေးက ငါးဆက်မြောက်မျိုးနွယ်စုက တိုက်ပွဲဝင်စစ်သည်တစ်ယောက် ဖြစ်နေပြီးတော့ ကောင်မလေးကလည်း ရှားပါး သ‌န္ဓေပြောင်းသက်ရှိတစ်ယောက် ဖြစ်နေတာ။ သူတို့တွေက အနာဂတ်မှာ အမြုတေအဆင့်ကို သေချာပေါက် ရောက်မယ့်လူတွေ။ အဲဒီလိုမျိုး ပါရမီရှင် နှစ်‌ယောက်က သူ့ကိုကာကွယ်ပေးဖို့အတွက် သူတို့ရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်တွေကို ထုတ်သုံးခဲ့တာဆိုတော့ သူတို့က သူ့ကို ကာကွယ်စောင့်ရှောက်ပေးဖို့ တာဝန်ယူထားတဲ့ သူ့ရဲ့ အစေခံတွေပဲ ဖြစ်ရမယ် ”
ဝတ်ရုံနက် လူကြီးမှာ ထိုသို့တွေးမိလိုက်သောအခါ ခြေထောက်များပင် ကောင်းကောင်းမရပ်နိုင်တော့ပေ။ သူသည် မျက်နှာဖြူဆုတ်သွားပြီး ချက်ချင်းပင် အဝေးသို့ထွက်ပြေးသွားတော့သည်။ သူ၏ အမြန်နှုန်းမှာ နှေးကွေးလွန်းနေသောကြောင့် သူ၏ စိတ်ထဲတွင် သူ့ကိုယ်သူ အလိုမကျဖြစ်နေသည့် အတွေးများသာ ရှိနေတော့သည်။ ဝမ်ပေါင်လဲ့နှင့် အခြားလူများကို သတ်ဖြတ်ချင်သည့် အတွေးများမှာ သူ၏ အသိစိတ်ထဲမှ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြပြီဖြစ်သည်။

လက်ရှိတွင် ဝိညာဉ်ချီမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းနေကြောင်း သူက သိထား၏။ အကယ်၍ သူသာ ဝမ်ပေါင်လဲ့အား ဆံချည်တစ်မွေးကိုပင် ထိလိုက်မည်ဆိုပါက ကောင်းကင်တာအိုကျောင်း တစ်ကျောင်းလုံး အရူးမီးဝိုင်း ဖြစ်သွားကြမည်ဖြစ်ကြောင်းကိုလည်း နားလည်ထား၏။ အထူးသဖြင့် ပြည်ထောင်စုဥက္ကဋ္ဌဟောင်းကြီးသာ ထိုကိစ္စကိုသိသွားမည်ဆိုပါက ယမ်းပုံမီးကျ ဒေါသထွက်သွားမည်မှာ အမှန်ပင်။

ဝမ်ပေါင်လဲ့၏ မူလဇစ်မြစ်မှာ ရှေးဟောင်းကြေးညိုရောင်ဓားကြီးနှင့် ချိတ်ဆက်နေလောက်မည်ဟု သူက တွေးမိလိုက်၏။ ထို့ကြောင့် သူသည် စိတ်ဓာတ်များကျသွားရပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားတော့သည်။

အကယ်၍ စောစောတုန်းကသာ ဝတ်ရုံနက်လူကြီး ထွက်ပြေးသွားပါက ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ပျော်ရွှင်နေမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် ယုံကြည်မှုအပြည့် ရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် ဝတ်ရုံနက်လူကြီး ထွက်ပြေးသွားခြင်းမှာ မထူးဆန်းကြောင်း သူက တွေးလိုက်၏။ သို့သော် သူသည် ထိုလူကြီးအား လွတ်မြောက်ခွင့် လုံးဝပေးနိုင်မည် မဟုတ်ပေ။

သူ၏ ယုံကြည်မှုများမှာ မိုးကောင်းကင်အထိ မြင့်တက်နေပြီဖြစ်သည်။ သူသည် မျက်နှာဖုံးထဲရှိ မမလေးမှာ ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်း တွေးမိလိုက်၏။ ထိုကျမ်းစာများ၏အစွမ်းမှာ သူ စိတ်ကူးထားသည်ထက်ပင် သာလွန်နေသည် မဟုတ်ပါလော။

သူသည် ထိုကဲ့သို့ ယုံကြည်မှု ပြင်းထန်လွန်းနေသောကြောင့် ခေါင်းမော့ကာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု တောက်ပလာတော့သည်။

” ထွက်ပြေးဖို့ ကြိုးစားနေတယ်ပေါ့ ”

” ကျုပ်တစ်ခုပြောပြမယ်။ ကျုပ်ရဲ့ ဇီဝိန်ချုပ်တိုက်ကွက်ကို ထုတ်သုံးလိုက်မယ်ဆိုရင် ကျုပ်က ပြိုင်ဘက်ကင်းသွားမှာ ”

” ခင်ဗျားကြီး ဒူးထောက်ပြီးတော့ ကျုပ်ကို အဖေလို့ခေါ်ရင်တောင် မရတော့ဘူး။ ခင်ဗျားကြီး လုံးဝ မလွတ်မြောက်စေရဘူး ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ အော်ဟစ်ကြိမ်းဝါးရင်း နောက်မှ ပြေးလိုက်သွားတော့သည်။

” ကျင့်ကြံခြင်း ”
သူ ထိုသို့ရေရွတ်လိုက်သောအခါ ကောင်းကင်ယံထဲရှိ လက်ကြီးဆီမှ ထွက်ပေါ်နေသော စွမ်းအားများမှာ ပို၍ အစွမ်းထက်လာ၏။

” လမ်းက ”
ထိုစကားလုံးကို ရွတ်ဆိုလိုက်ချိန်တွင် ကြယ်များ တုန်ရီသွား၏။ မိုးကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတစ်ခုလုံးထဲမှ အသံများထွက်ပေါ်လာပြီး မီးတောင်တစ်လုံး ပေါက်ကွဲလုဆဲဆဲ အနေအထားသို့ ရောက်သွားသကဲ့သို့ပင်။

” စောင့် ”
ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်မှုအပြည့်ဖြင့် ထိုစကားလုံးများကို အသံကုန် အော်ဟစ်လိုက်၏။ ထိုအခါ ဓားနေမင်းကြီးပင်လျှင် ရုတ်တရက်ဆိုသလို စတင်တုန်ရီလာပြီး တိမ်းစောင်းသွား၏။

ထို့နောက် သက်ရှိများအားလုံးကို အမြစ်ဖြတ် သုတ်သင်နိုင်လောက်အောင် စွမ်းအားကြီးမားသော ချီတစ်မျိုးမှာ မိုးကောင်းကင်ပေါ်မှ ကျဆင်းလာပြီး ထို ဝတ်ရုံနက်လူကြီးဆီသို့ ဦးတည်လာတော့သည်။

ထိုအဖြစ်အပျက်များကြောင့် နောက်ဆုံးတွင် ဝတ်ရုံနက်လူကြီးမှာ သွက်သွက်ခါအောင် ရူးသွပ်သွားတော့သည်။ သူသည် ဒေါသစိတ်များနှင့် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသော အသံကြီးဖြင့် အော်ဟစ်မြည်တမ်းလိုက်တော့သည်။

” မလုပ်ပါနဲ့ ”
သူသည် မည်မျှပင် ပေးဆပ်ရပါစေ ရအောင်ထွက်ပြေးတော့မည်ဖြစ်သည်။ ထို့ကြောင့် ညာလက်ဝါးဖြင့် သူ၏ရင်ဘတ်ကို အားပြင်းပြင်း ထုနှက်လိုက်သောအခါ အစိမ်းရောင် သွေးပွက်တစ်ပွက် အန်ထွက်လာ၏။ ထိုအခါ သူသည် ပို၍ မြန်ဆန်သွားပြီး ရှေ့သို့ပြေးထွက်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာမူ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ဖို့ကြောင့် သူသည် ကြောက်ရွံ့ခြင်း အလျင်းမရှိဘဲ အရှိန်မြှင့်တင်ကာ ရှေ့သို့ပြေးလာ၏။ သူသည် နောက်မှနေ၍ မရပ်မနား ပြေးလိုက်ရင်း နောက်ဆုံး စကားလုံးနှစ်လုံးကို အော်ဟစ်ရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်တွင်….

သူ၏ခေါင်းထဲ၌ မမလေး၏ ထိတ်ထိတ်ပျာပျာ ဖြစ်နေသော စကားသံတစ်သံ ထွက်ပေါ်လာတော့သည်။

” သူ့နောက်ကိုမလိုက်နဲ့တော့ ”

” မမလေး။ ကျနော့်ကို မတားနဲ့ဗျာ။ ဒီနေ့ ဝမ်ပေါင်လဲ့ဆိုတဲ့ ကျနော် ဒီလို ယုတ်ညံ့တဲ့ သတ္တဝါကြီးကို သတ်ပြီးတော့ ကျနော်ရဲ့အစွမ်းကို သိသွားအောင်ပြရမယ် ”
ဝမ်ပေါင်လဲ့မှာ မောက်မာဝင့်ကြွားသောလေသံဖြင့် စိတ်ထဲ၌ပင် ပြန်ဖြေလိုက်၏။ ထို့နောက် သူသည် အော်ဟစ်လိုက်တော့သည်။

” နေ ”

ထိုအခါ ဧရာမကောင်းကင်လက်ကြီးမှာ ချက်ချင်းပင် ပို၍မြန်ဆန်လာပြီး ထစ်ချုန်းသံများမှာလည်း ပိုမိုပြင်းထန်ကျယ်လောင်လာတော့သည်။ ခပ်လှမ်းလှမ်းတွင်မူ ဝတ်ရုံနက် လူကြီးမှာ နာကြည်းစွာ ပြုံးနေပြီဖြစ်သည်။ သူ၏မျက်ဝန်းများထဲတွင် ရူးသွပ်မှုအရိပ်အရောင်များ ထင်ဟပ်သွားကာ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သွေးများကို ထပ်၍အန်ထုတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်မန္တန်တစ်ခုကို အသုံးပြုကာ သူ၏အမြန်နှုန်းကို ထပ်၍ မြှင့်တင်လိုက်ပြန်သည်။

ဝမ်ပေါင်လဲ့မှာမူ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းမော့လာ၏။ သူသည် ရှေ့သို့ပြေးလွှားကာ မရပ်မနား လိုက်ဖမ်းနေဆဲပင်။ သူသည် နောက်ဆုံးစကားလုံးကို အော်ဟစ်ရန် ပြင်လိုက်စဉ်တွင် မမလေးမှာ သူ၏ စိတ်လှုပ်ရှားမှုလွန်ကဲနေသော အမူအရာကို မြင်လိုက်ရသောကြောင့် ပို၍ပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရတော့သည်။ ထို့ကြောင့် သူမမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲသို့ ချက်ချင်းရောက်သွားအောင် အော်ပြောလိုက်တော့သည်။

” အရူးကောင် ဝမ်ပေါင်လဲ့။ နင် သူ့ကို ခြောက်လှန့်ပြီးတော့ မောင်းထုတ်ပြီးတာကို ဘာလို့ နောက်ကနေ ဆက်လိုက်နေရသေးတာလဲ။ အဲဒီ ကျမ်းစာကအတုကြီး။ လိမ်ဆင်ကြီးဟ။ လူတွေကို ဖြဲခြောက်တဲ့နေရာမှာပဲ သုံးလို့ရတာ။ တကယ်တမ်းလက်တွေ့မှာ အဲဒီတိုက်ကွက်က ဘာအစွမ်းမှမရှိဘူး ”

” ငါ နင့်ကို အမှန်အတိုင်းမပြောခဲ့တာက နင် ဒါကြီးကို အတုမှန်း ကြိုသိထားလို့ရှိရင် ကောင်းကောင်း ဟန်မဆောင်နိုင်မှာ စိုးလို့။ ဒါပေမဲ့ နင်က သူ့ကိုပါ လိုက်ဖမ်းနေသေးတယ်။ နင် အဲဒီကျမ်းစာတစ်ပုဒ်လုံးကို ရွတ်ပြီးသွားရင် ရှိသမျှအရာအားလုံး ပြန်ပျောက်သွားမှာ။ အဲဒီအချိန်ကျ နင့်ရန်သူက နင့်ဆီကို ပြန်ပြေးလာပြီးတော့ နင့်ကို ပါးရိုက်ပြီး သတ်သွားလိမ့်မယ် ”
မမလေး၏ စကားသံထဲတွင် စိုးရိမ်ကြောင့်ကြမှုများနှင့်အတူ ဒေါသစိတ်များပါ ပါဝင်နေ၏။ သူမမှာ ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကို လုံးဝနားမလည်နိုင်လောက်အောင် ဖြစ်နေသည့်ပုံပင်။

သူမ၏စကားများကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းထဲ၌ မိုးကြိုးတစ်ချက် ပစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူသည် ချက်ချင်းပင် မျက်လုံးများပြူးသွားပြီး ရောက်နေသည့်နေရာ၌ ရပ်တန့်သွား၏။ သူ၏ လည်စလုတ်မှာ မြင့်ချည်နိမ့်ချည် ဖြစ်သွားရပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အဆီရွှဲနေသော အသားများမှာလည်း တုန်ရီသွား၏။ ထို့နောက် သူ၏နှလုံးသားထဲ၌ မသေချာမရေရာမှုများနှင့် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီး သူသည် အလောတကောနှင့် မေးမိလိုက်တော့သည်။
” တကယ်ကြီး ပြောနေတာလား ဗျ ”

” ငါပြောတာတွေက အကုန်အမှန်ပဲ။ အဲဒီ ကျမ်းစာက အတုကြီးဟ ငတုံးရ ”
မမလေးမှာ စိတ်အနှောင့်အယှက် ဖြစ်နေသည်ထက်ပင် ပိုနေပြီဖြစ်သည်။ သူမမှာ ရယ်ရယ်အခက် ငိုရအခက် ဖြစ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ဆွံ့အသွားရ၏။ ထို့ကြောင့် သူသည် မလှုပ်မယှက်ရပ်ကာ မိန်းမောတွေဝေသွားပြီး နောက်ဆုံးစကားလုံးကို မအော်လိုက်တော့ပေ။ ထိုအခါ ကောင်းကင်ယံထဲရှိ ဧရာမလက်ကြီးမှာ တဖြည်းဖြည်းနှင့် အရှိန်လျော့ကျသွား၏။ ထို့ကြောင့် ထွက်ပြေးရန် ကြိုးစားနေသော အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ စစချင်းတွင် အပျော်လွန်သွားပြီးနောက် ဝေခွဲမရဖြစ်သွားတော့သည်။ ထို့ကြောင့် သူသည် ထွက်ပြေးနေရင်း နောက်သို့လှည့်၍ ခိုးကြည့်မိလိုက်၏။

ထိုလူကြီး ပြန်လှည့်ကြည့်လိုက်သည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး စိတ်ထဲတွင်ကျိတ်၍ အော်ဟစ်မိလိုက်၏။ သို့သော် သူသည် အလျင်အမြန်ပင် ပြန်လည်တုံ့ပြန်လိုက်ပြီး နောက်မှဆက်၍ လိုက်ဖမ်းမည့်ပုံစံ ဖမ်းလိုက်သည်။ ထို့နောက် အော်ဟစ်ရန် ပြင်လိုက်သည့်အလား သူ၏ပါးစပ်ကို ဟလိုက်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်ကို တိတ်တိတ်ကလေး ထိန်းချုပ်၍ သူ၏ပါးစပ်ထဲမှ သွေးတစ်ပွက်အန်ထွက်လာအောင် လုပ်လိုက်၏။ ဝမ်ပေါင်လဲ့မှာ နောက်ဆုံးစကားလုံးကို အော်ဟစ်နိုင်ရန်အတွက် သူ့ဆီတွင်ရှိသမျှ အစွမ်းအားလုံးကို ဖျစ်ညှစ်၍ ထုတ်နေရသည့်ပုံစံ ဟန်ဆောင်နေခြင်းဖြစ်သည်။

” ကျုပ် အစွမ်းကုန်ထုတ်ပြီ။ နောက်ဆုံးစကားလုံးကို အော်နိုင်ဖို့ ကြီးကြီးမားမား ပေးဆပ်ရမယ်ဆိုရင်တောင် အစွမ်းကုန်ထုတ်ပြီပဲ… ကျုပ်တို့တွေ တူတူသေကြတာပေါ့ ”

သူ၏ ဟန်ဆောင်မှုများကြောင့် သူ၏မျက်နှာကြီးမှာ နီမြန်းလာရတော့သည်။ သူ၏ ကြိုးစားအားထုတ်မှုနှင့် သူ၏နှလုံးသားထဲရှိ တုန်ရီမှုများမှာ တစ်ခုနှင့်တစ်ခု ရောယှက်သွားကြ၏။ ထို့ကြောင့် ထိုအရာအားလုံးမှာ အတုအယောင်များသာ ဖြစ်သည်ဟု သူက ခံစားနေရသည့်တိုင်အောင် သူ၏ဟန်ဆောင်မှုမှာ အလွန်အင်မတန်မှ အသက်ပါပြီး စစ်မှန်သည့်ပုံ ပေါက်နေတော့သည်။

သို့သော် ကျမ်းစာ၏စွမ်းအားမှာ အစစ်နှင့် တူလွန်းနေ၏။ ဝတ်ရုံနက် လူကြီးမှာ ဝမ်ပေါင်လဲ့၏ ရူးသွပ်လုမတတ် ဖြစ်နေသော ပုံစံကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဒေါသတကြီးနှင့် အလျင်အမြန် ထွက်ပြေးသွားတော့သည်။

” သူက တကယ်ကို ရူးသွားပြီပဲဟ ”

ဝတ်ရုံနက်လူကြီးမှာ အဝေးသို့ ပြေးထွက်သွားပြီး နောက်ဆုံးတွင် မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ဟန်ဆောင်မှုကို ချက်ချင်း မရပ်တန့်ရဲသေးပေ။ သူသည် သူ၏ ရှက်ကိုးရှက်ကန်းဖြစ်နေသော စိတ်များနှင့် နှလုံးသားထဲရှိ တုန်ရီမှုများကို ချုပ်တည်းလိုက်ပြီး အသက်ရှူသံများ လေးလံနေသည့်ပုံစံ ဟန်ဆောင်ကာ ဒေါသတကြီး အော်ဟစ်လိုက်၏။ ထို့နောက် သူသည် ဆက်မပြေးနိုင်တော့သည့်ပုံစံ ဟန်ဆောင်ကာ တဖြည်းဖြည်း အရှိန်လျှော့လိုက်ပြီး နောက်ဆုံးတွင် လုံးဝရပ်တန့်သွားတော့သည်။

ထိုအခါမှသာ သူ၏နှလုံးသားထဲ၌ အကြောက်တရားများဖြင့် ရုတ်တရက်ဆိုသလို ပြည့်နှက်သွားတော့သည်။ သူသည် အခြေတည်အဆင့် ထိပ်ဆုံးအဆင့်၌ ရှိနေသော ကျင့်ကြံသူတစ်ယောက်ကို နောက်မှ မရပ်မနား လိုက်ဖမ်းခဲ့ခြင်းဖြစ်ကြောင်း ပြန်တွေးမိသွားသောအခါ ဇောချွေးများ ပြန်လာတော့သည်။

” မမလေးရာ။ နောက်ခါကျရင် ဒီလိုမျိုး မနောက်ပါနဲ့တော့။ မမလေးကြောင့် ကျနော် သေတော့မလို့ဗျ ”
ဝမ်ပေါင်လဲ့မှာ သေဘေးမှ ပွတ်ကာသီကာ လွဲသွားခဲ့ရသောကြောင့် ကြောက်ကြောက်လန့်လန့်နှင့် စောဒကတက်လိုက်၏။

” နင်တကယ်ကြီး ယုံသွားလိမ့်မယ်လို့ ငါလည်း မထင်ဘူးလေ။ နင့်ဟာနင် ယုံတာကကိစ္စမရှိဘူး။ ဒါပေမဲ့ နင်က မျက်စိစုံမှိတ်ပြီးတော့ကို ယုံလိုက်တာကိုး ”
မမလေးမှာ နှာမှုတ်ကာ ဆိုလိုက်ပြီး ဝမ်ပေါင်လဲ့အား အဖက်မလုပ်တော့ပေ။

ဝမ်ပေါင်လဲ့မှာမူ မမလေး၏စကားကို ကြားလိုက်ရသောအခါ ရှုံ့မဲ့မဲ့သာ ပြုံးနိုင်တော့သည်။ သို့သော် သူ၏ စွမ်းဆောင်မှုများကို ပြန်လည်တွေးတောမိလိုက်သောအခါ အနည်းငယ်ခန့် စိတ်ကျေနပ်သွား၏။ သူသည် ရပ်တန့်၍ မရနိုင်လောက်အောင် အစွမ်းထက်နေသည့်အလား ခံစားခဲ့ရသည်မဟုတ်ပါလော။

” ဟွန်း။ ဒီတခေါက်တော့ ခင်ဗျားကြီး ကံကောင်းသွားတယ် မှတ်လိုက်။ ကျုပ်ကို ပြဿနာရှာရဲတယ်ပေါ့။ ကျုပ် ကျမ်းစာတွေကို ရွတ်ဖတ်လိုက်တဲ့ အချိန်ကျရင် ကျုပ်ကိုယ်ကျုပ်တောင် ပြန်ကြောက်နေရတာ ”
ဝမ်ပေါင်လဲ့၏ သူ့ကိုယ်သူ ကျေနပ်အားရနေသော ခံစားချက်များထဲတွင် ရှက်ကိုးရှက်ကန်းဖြစ်နေသည့် စိတ်များလည်း ရောယှက်နေ၏။ သူသည် ဟန်ဆောင်ကာ အနည်းငယ်ခန့်ထပ်၍ အော်ဟစ်လိုက်ပြီးမှ ကျိုးရိဖန်းနှင့် ကျောက်ယမုန့်တို့အား အလောတကောနှင့် ပွေ့ချီကာ ဆန့်ကျင်ဘက်အရပ်သို့ ပြေးထွက်သွားတော့သည်။ အစပိုင်းတွင် သူ၏ ခြေလှမ်းများမှာ နှေးကွေးနေပါသော်လည်း တဖြည်းဖြည်းနှင့် မြန်ဆန်လာ၏။ ထို့နောက် ဝတ်ရုံနက်လူကြီးက တစ်ခုခုလွဲနေသည်ကို သတိထားမိသွားပြီး သူ့အား လာရောက်သတ်ဖြတ်မည်ကို ကြောက်ရွံ့နေသောကြောင့် သိပ်မကြာခင် သူသည် အသက်လု၍ ပြေးနေရသကဲ့သို့ပင် ဖြစ်နေတော့သည်။

သူ ထိုကဲ့သို့ပြေးလွှားနေရင်း အချိန်များကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့၏ နှလုံးသားထဲရှိ စိုးရိမ်မှုများနှင့် ကြောက်စိတ်များမှာ လွင့်ပါးပျောက်ကွယ်သွားခြင်း မရှိသေးပေ။ ဆယ့်ငါးမိနစ်ခန့် ကြာပြီးတော့အချိန်မှသာ ကောင်းကင်တာအိုကျောင်း၏ တံဆိပ်ပါသော သင်္ဘောပျံ ခုနစ်စင်းရှစ်စင်းခန့် ပေါ်ပေါက်လာသဖြင့် သူသည် စိတ်အေးသွားရတော့သည်။

” ဒီမှာ။ ကျနော်ဒီမှာ ”
ဝမ်ပေါင်လဲ့မှာ အသိစိတ်ပျောက်လုမတတ် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားပြီး ကျိုးရိဖန်၏ အဝတ်အစားများကို ဆုတ်ဖြဲမိလုမတတ် ဖြစ်သွားချိန်တွင် တစ်ခုခု လွဲနေကြောင်း ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ကျောက်ယမုန့်အား သူ၏ ရင်ခွင်ထဲ၌ ပို၍တင်းကြပ်စွာ ပွေ့ဖက်လိုက်ပြီး ကျိုးရိဖန်ကိုမူ လွှတ်ချ၍ သူ၏အဝတ်အစားများကို ဆုတ်ဖြဲလိုက်၏။ ထို့နောက် ထိုသို့ ဆုတ်ဖြဲထားသော အဝတ်အစားကို လေထဲတွင် ဝှေ့ယမ်းနေလိုက်တော့သည်။

Comment

  1. KaungKhant Nyein says:

    အဲ့လက်ဝါးက နတ်ဆိုးဒေသမှာ နတ်ဆိုးဗိုလ်ချုပ်ကိုသုံးခဲ့တဲ့ ဝမ်လင်းရဲ့ မန္တာန်လား လက်ဝါးက ဟန်ပြပဲရှိတာလေ နောက်မှသူက အစစ်ကိုရသွားတာထင်တယ်

Leave a Reply

Options

not work with dark mode
Reset