Switch Mode

အခန်း ( ၂၀၉ )

ကျမ်းစာရွတ်ဖတ်ခြင်း

ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီး၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါးဖြစ်သွားသည်။ သူ၏ အာရုံမှာ ကျိုးရိဖန်ပေါ်တွင် ရှိမနေတော့ဘဲ သူသည် လျှပ်စီးတန်းတစ်တန်းကဲ့သို့ ကျောက်ယမုန့်ဆီသို့ ဦးတည်ပြေးလာ၏။ သို့သော် သူ ထိုကဲ့သို့ ပြေးလာစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ အော်ဟစ်လိုက်တော့သည်။ သူသည် အလုပ်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ထိုလူကြီး အနားသို့ရောက်မလာအောင် တားဆီးနိုင်ရန်အတွက် ကျမ်းစာကိုရွတ်ဖတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

သို့သော် သူ ကျမ်းစာတစ်လုံးတစ်လေပင် မရွတ်ဖတ်နိုင်ခင်မှာပင် ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးမှာ အနားသို့ရောက်လာ၏။ ထိုအချိန်တွင် ကျောက်ယမုန့်၏ မှိတ်ထားသော မျက်လုံးများမှာ ရုတ်တရက်ဆိုသလို ပွင့်လာတော့သည်။ ၎င်းတို့ထဲတွင် အပြာရောင်အလင်းတန်းတစ်ခု တောက်ပနေပြီး ထိုအလင်းတန်းမှာ အပြာရောင်သမုဒ္ဒရာတစ်စင်းအသွင် ပြောင်းလဲသွားကာ ထိုလူကြီးကို လွှမ်းခြုံတော့မည့်အလား သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွား၏။

ထိုအပြာရောင်အလင်းတန်း၏ စွမ်းအားမှာ ကြီးမားလွန်းနေသည်။ ထို အလင်းတန်း အပြင်ဘက်သို့ ဖြာထွက်သွားပြီး ထစ်ချုန်းမြည်သံများ ထွက်ပေါ်လာသောအခါ ဝါးမျိုခံထားရသော ကျင့်ကြံသူအားလုံးမှာ စတင်တုန်ရီလာကြတော့သည်။ သူတို့မှာ အသက်နှုတ်ခံလိုက်ရသည့်အလား ချက်ချင်းဆိုသလိုပင် ခန္ဓာကိုယ်များ ရှုံ့တွသွားကြပြီး မျက်စိတစ်မှိတ်အတွင်း ဖုန်မှုန့်ဘဝသို့ ပျောက်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ နောက်တွင် မတ်တတ်ရပ်နေသည့်တိုင်အောင် ဘေးမသီရန်မခနှင့် လွတ်မြောက်လာခြင်းမရှိပေ။ သူသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားပြီး ကျမ်းစာများကိုလည်း မရွတ်ဖတ်နိုင်တော့ပေ။ ထို့ကြောင့် သူသည် သတိလက်လွတ် ဖြစ်သွားခဲ့ရာမှ အသိစိတ်အနည်းငယ်ခန့် ပြန်ဝင်လာပြီးနောက် ချက်ချင်းပင် သတိလစ်သွားခဲ့သော ကျိုးရိဖန်အား ဆွဲခေါ်လိုက်ပြီး နောက်သို့ ချက်ချင်းပင် ဆုတ်ခွာသွား၏။ ထိုအခါမှသာ သူတို့မှာ ထိုတိုက်ကွက်ကြီး၏ ပြင်းအားကို သီသီကလေး ရှောင်တိမ်းလွတ်မြောက်သွားကြတော့သည်။

” သူတို့နှစ်ယောက်စလုံးရဲ့ နောက်ဆုံးတိုက်ကွက်တွေက ထိန်းချုပ်လို့မရဘူးပဲ ”
ဝမ်ပေါင်လဲ့မှာ ကြောက်စိတ်များကြောင့် အသားများပင် တုန်ရီနေရပြီဖြစ်သည်။ သူသည် သူတို့နှစ်ယောက်စလုံးက ထိုတိုက်ကွက်များကို သူ့အပေါ် အသုံးပြုခဲ့ခြင်းမရှိသည်ကိုပင် ကျေးဇူးတင်နေမိတော့သည်။ အကယ်၍ သူတို့သာ ထိုသို့ အသုံးပြုခဲ့မည်ဆိုပါက သူသည် သူတို့နှစ်ယောက်စလုံးကြောင့် သေသွားနိုင်ပေသည်….

လက်ရှိတွင် ကျောက်ယမုန့်မှာ အသိစိတ် လုံးဝမရှိတော့ကြောင်း ဝမ်ပေါင်လဲ့က သတိထားမိပြီးသားဖြစ်သည်။

အပြာရောင်အလင်းတန်း၏ အောက်တွင်ရှိနေသော ဘေးပတ်ပတ်လည်မှ သစ်ပင်နံရံများမှာ စတင်ရှုံ့တွလာကြပြီး ခြောက်သွေ့လာကြတော့သည်။ ၎င်းတို့မှာ လျင်မြန်စွာ သက်တမ်းရင့်လာသကဲ့သို့ပင်။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်အစစ်အမှန်က ခံစားနေရသော နာကျင်မှုများမှာ ထို ဝတ်ရုံနက်သက်လတ်ပိုင်းလူကြီးဆီသို့ ရောက်ရှိလာသောကြောင့် သူသည် အသားများ စတင်တုန်ရီလာပြီး သူ၏မျက်နှာအမူအရာမှာလည်း ထိတ်လန့်စက်ဆုပ်ဖွယ်ရာကောင်းနေတော့သည်။ ထို့ကြောင့် သူသည် အော်ဟစ်လိုက်ပြီး အပြာရောင်အလင်းတန်း သမုဒ္ဒရာကြီးကို ခုခံတွန်းလှန်ကာ သူ၏လက်ဖြင့် ကျောက်ယမုန့်၏ မျက်နှာအား ရက်စက်ကြမ်းကြုတ်စွာ လှမ်း၍ကုတ်လိုက်၏။

” သေစမ်း ”

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို စိုက်ကြည့်နေရင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် အံကြိတ်တ်လိုက်ပြီး စတင်ရွတ်ဖတ်လိုက်တော့သည်။

” ဉာဏ် …. ”

သူသည် ထိုတစ်လုံးကိုသာ ရွတ်ဖတ်ရသေးပါသော်လည်း မျက်လုံးထဲမှ အပြာရောင်အလင်းတန်းများ ထုတ်လွှတ်နေသော ကျောက်ယမုန့်မှာ ရုတ်တရက်ဆိုသလို ပါးစပ်ဟလာပြီး ကောင်းကင်ကြီးနှင့် ကမ္ဘာကြီးတို့ကိုပင် တုန်ရီသွားစေနိုင်လောက်အောင် စူးရှသော အသံတစ်သံဖြင့် အော်ဟစ်လိုက်၏။ ထိုအော်ဟစ်သံမှာ အရက်မျက်နှာအနှံ့သို့ ကျယ်လောင်စွာ ပျံ့နှံ့သွားတော့သည်။

ထိုအော်ဟစ်သံကြီးမှာ စူးရှလွန်းနေသောကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ခေါင်းထဲတွင် တဝီဝီမြည်သံများ ပေါက်ကွဲထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် သူ၏မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နှင့် နားရွက်များထဲမှ သွေးများစီးကျလာ၏။ အကယ်၍ သူ၏ခန္ဓာကိုယ်ထဲတွင် အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေသော ဝါးမျိုခြင်းသစ်စေ့ကြောင့်သာ မဟုတ်ပါက သူသည် သတိလစ်သွားလောက်ပြီ ဖြစ်သည်။

ကျိုးရိဖန်မှာ သတိမေ့မြောနေသည့်တိုင်အောင် သူ၏ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး သူ၏ နှုတ်ခမ်းများကြားမှ သွေးများစီးကျလာ၏။ ထိုသို့ဖြစ်နေသည့်တိုင်အောင် သူတို့မှာ ထိုအသံလှိုင်းများ၏ ရှေ့တည့်တည့်တွင် ရပ်နေခြင်းမဟုတ်ဘဲ ကျောက်ယမုန့်၏ နောက်တွင် ပုန်းကွယ်နေခြင်းသာဖြစ်သည်။

ကျောက်ယမုန့်၏ ရှေ့တည့်တည့်တွင် ရပ်နေသော ဝတ်ရုံနက်သက်လတ်ပိုင်းလူကြီးမှာမူ သူမ၏ အသံလှိုင်းတိုက်ကွက်အား ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။ သူ၏မျက်နှာအမူအရာမှာ သိသိသာသာပြောင်းလဲသွားကာ သူသည် အသက်ရှူသံများမြန်လာပြီး သူ၏နှုတ်ခမ်းများကြားမှ သွေးများ စီးကျလာတော့သည်။ ထို့နောက် သူ၏ ကျောက်ယမုန့်ဆီသို့ ဆန့်တန်းထားသောလက်ကြီးမှာ ပေါက်ကွဲသွားတော့သည်။ သူသည် အသိစိတ်ပျောက်လုမတတ် ရက်စက်ကြမ်းကြုတ်နေသော ကျောက်ယမုန့်၏ အနီးအနားတွင် ဆက်၍ မနေလိုတော့သောကြောင့် ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားတော့သည်။

” တောက်ကွာ ”
ထိုလူကြီးမှာ နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွား၏။ သူ၏ ပေါက်ကွဲပျက်စီးသွားသော ညာဘက်လက်မှာ တဖြည်းဖြည်းချင်း အကောင်းအတိုင်း ပြန်ဖြစ်လာပါသော်လည်း လက်တစ်ဖက်အား ဆုံးရှုံးလိုက်ရသည့် နာကျင်မှုနှင့် ရှက်စရာ ကိစ္စရပ်ကြီးကြောင့် သူသည် အမျက်ချောင်းချောင်း ထွက်သွားရတော့သည်။

သူ့ကဲ့သို့ အခြေတည်အဆင့် ထိပ်ဆုံးအဆင့်တွင် ရှိနေသော ကျင့်ကြံသူတစ်ယောက်မှာ အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက်၏ရှေ့တွင် ယခုလို ခိုကိုးရာမဲ့ ဖြစ်သွားလိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။

” သန္ဓေပြောင်းသတ္တဝါတွေ အကုန်လုံးက ကျပ်မပြည့်တဲ့ ကောင်တွေချည်းပဲ။ သူတို့ဆီမှာ အဖျက်စွမ်းအား တစ်ခုစီရှိကြတယ်။ အဲဒီ စွမ်းအားတွေ နိုးထလာတဲ့အချိန်ကျရင် ငါတောင်မှ တောင့်ခံနိုင်မှာမဟုတ်ဘူး ”
ဝတ်ရုံနက်သက်လတ်ပိုင်းလူကြီး ဆုတ်ခွာသွားပြီး ကျောက်ယမုန့်၏ အော်ဟစ်သံများ လေထုထဲ၌ ပဲ့တင်ထပ်နေစဉ်တွင် အပြာရောင် အလင်းလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ရှုံ့တွသွားခဲ့ရသော သစ်ပင်နံရံများမှာ ဆက်လက် တောင်ခံနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူတို့မှာ အက်ကွဲစပြုပြီး အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားတော့သည်။

ထိုကြေမွပျက်စီးမှုများမှာ နေရာတစ်ခုတည်းတွင် ရပ်မနေပဲ သစ်ပင်ခေါင်းပေါက်ကြီးတစ်ခုလုံး၏ အနှံ့အပျားသို့ ပျံ့နှံ့သွား၏။ ထို့နောက် ၎င်းမှာ ပေါက်ကွဲသွားပြီး အရာအားလုံးမှာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဘေးပတ်ပတ်လည်ရှိ မြေကြီးများမှာလည်း ထိုတိုက်ကွက်ကို ခုခံနိုင်စွမ်း မရှိတော့သောကြောင့် လေထဲသို့ ပေါက်ကွဲထွက်သွားကြတော့သည်။

အဝေးမှဆိုလျှင် ကူးလောင်ချိုင့်ဝှမ်း၏ အလယ်ဗဟိုမှ ထစ်ချုံးသံတစ်သံ ထွက်ပေါ်လာသည်ကို ကြားနိုင်ပေသည်။ မြေပြင်ကြီးမှာ ချက်ချင်းပင် စတင်တုန်ရီလာပြီးနောက် ပေါက်ကွဲထွက်သွားသဖြင့် အညစ်အကြေးများနှင့် မြေကြီးများမှာ နေရာအနှံ့သို့ လွင့်ထွက်သွားကြတော့သည်။ ထို့နောက် မြေပြင်ထဲရှိ အက်ကြောင်းများထဲမှ အပြာရောင် အလင်းတန်းများ ထိုးထွက်လာပြီး လေထုထဲတွင် အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်နေတော့သည်။

ထိုအချိန်တွင် နေမွန်းတည့်ချိန်သို့ ရောက်နေသည်ဖြစ်ပြီး နေမင်းကြီးမှာ ထိန်ထိန်သာနေ၏။ မြေပြင်ကြီးပွင့်ထွက်လာပြီး သစ်ပင်ခေါင်းပေါက်ကြီး ပြိုလဲပျက်စီးသွားသောအခါ နေရောင်ခြည်များမှာ မြေကြီးအောက်သို့ ဖြာကျလာကျတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ နေအလင်းရောင်ကို မြင်လိုက်ရတော့သည်။

ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်ကြီးကို ထုတ်သုံးခဲ့သော ကျောက်ယမုန့်မှာ အားအင်များ လုံးဝကုန်ခမ်းသွားတော့သည်။ ထို့ကြောင့် သူမမှာ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားပြီး သတိမေ့‌မြောသွားတော့သည်။ ထိုအခါ အပြာရောင်အလင်းတန်းနှင့် အသံလှိုင်းများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွား၏။

ထိုကဲ့သို့ ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီး နောက်သို့ဆုတ်ခွာသွားပြီး ကျောက်ယမုန့် သတိမေ့မြောသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ လျင်မြန်စွာလှုပ်ရှားလိုက်၏။ သူသည် လက်တစ်ဖက်ဖြင့် ကျိုးရိဖန်အား ဆွဲကာ အခြားတစ်ဖက်ဖြင့် ကျောက်ယမုန့်အား ဆွဲ၍ အပေါ်သို့ခုန်တက်သွားပြီး ဘေးပတ်ပတ်လည်ရှိ မြေကြီးများနှင့် ကျောက်တုံးများပေါ်သို့ တစ်ဆင့်ချင်း စီခုန်တက်ရင်း ပေါက်ကွဲမှုလမ်းကြောင်းအတိုင်း လိုက်ကာ မြေပြင်ထဲရှိ ပွင့်နေသော အပေါက်ဆီသို့ ဦးတည်သွားလိုက်တော့သည်။ ထိုသို့ဖြင့် သူသည် မြေအောက်ထဲမှ အရှိန်အဟုန်ဖြင့် ထိုးထွက်လာပြီး ဧရာမသစ်ပင်ကြီး၏ အတွင်းပိုင်းထဲမှ လွတ်မြောက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ ရပ်တန့်သွားခြင်းမရှိဘဲ လေးလံနေသော အသက်ရှုသံများဖြင့် ရှေ့သို့ပြေးထွက်သွား၏။ ထို့နောက် သူ၏အသံလွှင့်လက်စွပ်ကို အလျင်စလို ထုတ်ယူလိုက်ပြီး ကျောင်းကို အကူအညီလှမ်းတောင်းလိုက်သည်။ ထိုအကြိမ်တွင်မူ သူသည် အကြောင်းပြန်စာတစ်စောင် ပြန်ရလိုက်သည်။

” မိနစ်သုံးဆယ်ပဲစောင့်။ ငါတို့တွေ အဲ့ကို အရောက်လာခဲ့မယ် ”

ထိုအသံလွှင့်လက်စွပ်ထဲမှ ထွက်ပေါ်လာသည့် စိုးရိမ်တကြီး ဖြစ်နေသော စကားသံထဲတွင် တည်ကြည်သော အရိပ်အယောင်များ ပါနေ၏။ ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်ပြီး အရှိန်မြှင့်တင်၍ ထွက်ပြေးသွားတော့သည်။

သူ၏နောက်တွင်ကျန်ခဲ့သော ချိုင့်ကြီးထဲတွင်မူ ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီး၏ မျက်နှာအမူအရမှာ ရှုံ့မဲ့နေ၏။ သို့သော် သူသည် စိတ်သက်သာရာ ရသွားသည်ဟန်ဖြင့် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ သူ၏အမြင်တွင်ဆိုလျှင် ထိုကောင်မလေးမှာ သူတို့သုံးယောက်ထဲ၌ အစွမ်းအထက်ဆုံးဖြစ်သည်။

သူ၏ရှေ့မှ ထွက်ပြေးသွားသော ဖက်တီးလေးကို သူက အဖက်မလုပ်ပေ။ ကျောက်ယမုန့်နှင့် ကျိုးရိဖန်တို့ နှစ်ယောက်ကြောင့်သာ သူတို့သုံးယောက်မှာ ဝါးမျိုခြင်း လက်ထဲမှ လွတ်မြောက်သွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူက သုံးသပ်လိုက်၏။

အမှန်တွင် ဝမ်ပေါင်လဲ့၏ မျက်လုံးများထဲ၌ ပုန်းကွယ်နေခဲ့သော ခရမ်းရောင်သမုဒ္ဒရာကြီးကြောင့် ခံစားခဲ့ရသည့် ထုံကျင်မှု ဝေဒနာများကြောင့် ဧရာမသစ်ပင်ကြီးမှာ ထိုအဖြစ်အပျက်အားလုံး၏ အဓိကတရားခံကို ဆုံးဖြတ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရခြင်းဖြစ်သည်။

” ငါ ကြုံသလိုဖမ်းခဲ့တဲ့ လူသုံးယောက်စလုံးက ငကြောင်တွေ ဖြစ်နေမယ်ဆိုတာ မယုံဘူးဟေ့ ”
သူသည် အထင်သေးသည့်အမူအရာဖြင့် နှာမှုတ်လိုက်၏။ ထို့နောက် သူသည် တစ်ချက်မျှ ခုန်လိုက်ရုံဖြင့် မြေပြင်အထက်သို့ ရောက်ရှိလာ၏။ ဝမ်ပေါင်လဲ့မှာ မည်မျှပင် လျင်မြန်နေစေကာမူ သူနှင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ကြားတွင် ကြီမားသော ခြားနားချက်ကြီးတစ်ခု ရှိနေဆဲပင်။ ထို့အပြင် သူသည် ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ကိုလည်း သယ်လာရသေးသည် မဟုတ်ပါလော။

ထို့ကြောင့် သိပ်မကြာခင် ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးမှာ သူ့အား လိုက်မီလာ၏။ သူ၏အနားသို့ ရောက်လာသောအခါ သူ၏အမြန်နှုန်းကြောင့် တရွှီရွှီမြည်သံများပင် ပေါ်ထွက်လာသည်။ သူနှင့် ဝမ်ပေါင်လဲ့ကြားရှိ အကွာအဝေးမှာလည်း တိုသည်ထက် တိုလာတော့သည်။

သူတို့နှစ်ယောက်၏ ကြားမှအကွာအဝေးမှာ ကိုက်ငါးဆယ်ပင် မရှိတော့ကြောင်း မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာနှင့် အော်ပြောလိုက်၏။
” သစ်ပင်ငကြောင်ကြီး။ ကျုပ်တို့နောက် မလိုက်နဲ့တော့။ ကျုပ်တို့ကျောင်းက စစ်ကူတွေ လာနေပြီ။ ခင်ဗျား ပြေးရင်ပြေးထားတော့နော်။ ဒါ ခင်လို့ သတိပေးတာ ”

ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးမှာမူ အမူအရာ ပျက်သွားခြင်းမရှိသလို စကားတစ်ခွန်းမှ ပြန်မပြောဘဲ သူ၏အရှိန်ကို မြှင့်တင်လိုက်၏။ သူသည် သူတို့အား အချိန်မရွေး ဖမ်းမိသွားတော့မည့် ပုံပင်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ တည်ငြိမ်သွားပြီး ချောင်ပိတ်ခံထားရသော သားရဲကြီးတစ်ကောင်ကဲ့သို့ သူ၏မျက်လုံးများထဲတွင် ရူးသွပ်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများဖြင့် တောက်ပသွားတော့သည်။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို နောက်သို့ ချာခနဲလှည့်လာပြီး ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ သူ့ဆီသို့ ပြေးသွားလိုက်ပြီး အော်ဟစ်လိုက်တော့သည်။

” ဉာဏ်အလင်းပွင့်စေသော်၊ ကောင်းကင်တာအို အကျဉ်းသား…. ”
ထိုစကားလုံးများကို ရေရွတ်လိုက်သောအခါ နဂိုတုန်းက ကြည်လင်ရှင်းလင်းနေခဲ့သော ကောင်းကင်ယံတွင် ဖိနှိပ်အားကောင်းသော ထစ်ချုံသံတစ်သံ ထွက်ပေါ်လာပြီး မိုးကြိုးတိမ်တိုက်များ စတင်စုဝေးလာတော့သည်။

ကောင်းကင်ကြီးတစ်ခုလုံးမှာ အနည်းငယ်ခန့် မည်းမှောင်သွားပြီး တဂျုန်းဂျုန်း မြည်ဟီးနေသော လေထုကြီးထဲတွင် အားကောင်းပြီး ဖိနှိပ်အားပြင်းထန်သော လေးလံမှုတစ်ခု ပျံ့နှံ့လာ၏။

ထိုကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားမှုများကြောင့် ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီး၏ အမူအရာမှာ ပြောင်းလဲသွားရပြီး သူသည် စဉ်းစားတွေးတောနေခြင်း မရှိဘဲ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထိုအခါ သူ၏ အသိစိတ်ထဲတွင် သေခြင်းတရားဆိုသော အရာကြီးကို ချက်ချင်းပင်ခံစားလိုက်ရ၏။ ထိုခံစားချက်ကို စကားလုံးများနှင့်ပင် ဖော်ပြ၍ မရပေ။ ပို၍အံသြဖွယ်ရာကောင်းသည်မှာ သူ၏ ဦးရေခွံများ စတင်ထုံကျဉ်လာသည်ကိုပင် ခံစားလိုက်ရခြင်းဖြစ်သည်။ ထို့နောက် သူ၏ နှလုံးသားထဲတွင် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

” မင်း ဘာတွေရွတ်နေတာလဲကွ ”
သူသည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး ချက်ချင်းပင် အော်ဟစ်မိလိုက်၏။

ဝမ်ပေါင်လဲ့ကိုယ်တိုင်မှာလည်း အံ့ဩတုန်လှုပ်သွားရသည်။ သူသည် အသက်ရှူသံများ လေးလံလာပြီး သူ၏မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်ခု တောက်ပသွား၏။ သူသည် ထိုအံ့သြတုန်လှုပ်မှုများနှင့်အတူ ရူးသွပ်လုမတတ် ပျော်ရွှင်ဝမ်းမြောက်သွားရပြီး စိတ်ထဲတွင် ရေရွတ်မိလိုက်၏။
” မမလေးပြောတာ အမှန်ပဲဟ။ သူက ငါ့ကို အရူးလုပ်သွားတာ မဟုတ်ဘူးဘဲ ”

သူ့အား သူမသင်ကြားပေးခဲ့သော ကျမ်းစာမှာ ယခုလောက်အစွမ်းထက်ပြီး အံ့ဩတုန်လှုပ်ဖွယ်ရာကောင်းသော စွမ်းအားမျိုးကို ထုတ်လွှတ်ပေးနိုင်လိမ့်မည်ဟု မည်သူက တွေးထားမည်နည်း။

သူသည် အသက်ရှူသံများ မြန်ဆန်လာပြီး ပြေးလွှားနေခြင်းကို ရပ်တန့်လိုက်တော့သည်။ ထို့နောက် အမူအရာ လုံးဝပြောင်းလဲသွားပြီဖြစ်သော ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးကို မောက်မာဝင့်ကြွားစွာ အေးစက်စက် မျတ်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ရပ်တန့်နေခြင်းမရှိဘဲ ဒုတိယအပိုဒ်ကို ရွတ်ဖတ်လိုက်တော့သည်။

” ခန္ဓာရှိသမျှ ဘေးဒုက္ခကို ခံစားကြရပေ၍ ”

ထိုအပိုဒ်ကို ရွတ်ဖတ်လိုက်သောအခါ မိုးကြိုးများမှာ ကောင်းကင်ကြီးအား ထပ်ခြမ်းခွဲသွားပြီး ကောင်းကင်ယံထဲတွင် ထစ်ချုံးသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ တိမ်တိုက်များမှာလည်း တလိပ်လိပ် ထလာပြီး မိုးကောင်းကင်ကြီးမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ထို့နောက် သက်ရှိများအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်လောက်အောင် အံသြဖွယ်ရာကောင်းသည့် အင်အားတစ်မျိုးမှာ ကောင်းကင်ယံထဲတွင် စုဝေးလာသည်။ အဝေးတစ်နေရာရှိ ကြယ်စင်စုတစ်ခုထဲတွင် အိပ်မောကျနေခဲ့သော နတ်ဘုရားတစ်ပါး ရုတ်တရက် နိုးထလာသကဲ့သို့ပင်…

ထိုအခိုက်အတန့်တွင် ကမ္ဘာမြေကြီးမှာ တုန်ရီသွား၏။ ထိုတုန်ရီမှုများကြောင့် ကူးလောင်ချိုင့်ဝှမ်းမှာလည်း ပျက်စီးလုဆဲဆဲ အနေအထားသို့ ရောက်သွားတော့သည်။ ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးမှာ အံ့ဩတုန်လှုပ်နေရုံတင် မဟုတ်တော့ဘဲ သူ၏မျက်နှာတစ်ခုလုံးမှာ ဖြူဆုတ်နေပြီဖြစ်သည်။ ထို့နောက် အသက်အန္တရာယ်နှင့် ကြုံနေရပြီး လှိုင်းလုံးကြီးတစ်လုံးအောက်သို့ နစ်မြုပ်သွားသည့်အလား ခံစားလိုက်ရတော့သည်။

ယခုချက်ချင်း ထွက်မပြေးဘဲ ဆက်၍ လိုက်ဖမ်းနေဦးမည်ဆိုပါက သူ ရင်ဆိုင်ရမည့် အန္တရာယ်ကြီးမှာ အသက်သေစေနိုင်လောက်သည်အထိ အလွန့်အလွန် ကြီးမားနေမည် ဖြစ်ကြောင်း သူ၏ ဝမ်းတွင်းအသိများက သူ့အား အဆက်မပြတ် သတိပေးနေပြီဖြစ်သည်။

သူ၏ဘဝတွင် ထိုကဲ့သို့သော ကြောက်ရွံ့တုန်လှုပ်မှုမျိုးကို လုံးဝမခံစားဘူးပေ။ ၎င်းမှာ သူ တောင်ခံနိုင်စွမ်းရှိသည့် ပမာဏထက်ပင် သာလွန်နေပြီး စိတ်ကူးနှင့်ပင် လုံးဝမှန်းဆ၍ မရနိုင်လောက်အောင် ဖြစ်နေရ၏။ သူ၏ကျင့်ကြံခြင်းအဆင့်မှာ အမြုတေအဆင့်သို့ ဖောက်ထွက်သွားလျှင်တောင် သူသည် ခုခံနိုင်စွမ်း ရှိဦးမည်မဟုတ်ကြောင်း ခံစားနေရ၏။ သူ သေဆုံးသွားရမည်မှာ မလွဲဧကန်ပင်။

” မဖြစ်နိုင်ဘူး။ သူက အာနာပါနအဆင့်မှာပဲ ရှိသေးတာလေ။ တောက်ကွာ။ ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်ကုန်ရတာလဲ။ သူတို့သုံးယောက်က တစ်ယောက်ထက်တစ်ယောက် ပိုပြီးတော့ကို ကြောက်စရာကောင်းလာတာပဲ ”
ဝတ်ရုံနက် လူကြီးမှာ နှုတ်ခမ်းများပင် တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ သူ၏မျက်နှာမှာ အသက်မရှိတော့သည့်အလား ဖြူဆုတ်နေပြီဖြစ်ပြီး သူ၏ မျက်လုံးများထဲတွင်လည်း တစ်ကြိမ်တစ်ခါမှ ပေါ်ထွက်လာဖူးခြင်းမရှိသော ကြောက်ရွံ့တုန်လှုပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ထို့အပြင် သူသည် အရှုံးမပေးချင်သေးသလို ရူးသွပ်လုမတတ်လည်း ခံစားနေရပြီဖြစ်သည်။

ကျိုးရိဖန်က တိုက်ပွဲဝင်စစ်သည်တစ်ယောက် ဖြစ်နေသည့်အချက်ကြောင့် သူသည် အံ့အားသင့်ခဲ့ရသလို ကျောက်ယမုန့်၏ သ‌န္ဓေပြောင်းလဲမှုကြောင့်လည်း သူသည် ပို၍ပင် အံ့ဩတုန်လှုပ်ခဲ့ရ၏။ သို့သော် ထိုခံစားချက်များ အားလုံးမှာ ယခုလက်ရှိ သူ ခံစားနေရသော အကြောက်တရားကို လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ်ရာကောင်းသည်ထက် ပိုကာ ပြန်လည်တုံ့ပြန်၍ မရနိုင်မည့် အင်အားတစ်ခုရှိနေကြောင်း သူ၏ ဝမ်းတွင်းအသိများက သူ့ကို သတိပေးနေ၏။ ထိုအင်အားကို လုံးဝရပ်တန့်၍ ရမည်မဟုတ်သောကြောင့် သူသည် ၎င်းထံမှ အတတ်နိုင်ဆုံး အဝေးဆုံးသို့ ထွက်ပြေးရန် လိုအပ်ပေသည်။

သို့သော် သူ၏ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကြောင့် အခြားတစ်ချက်ကို တွေးမိသွား၏။ သူ၏ပြိုင်ဘက်မှာ အာနာပါနအဆင့်တွင်သာ ရှိနေသေးသည်ဖြစ်ရာ ထိုမျှလောက် အံ့ဩမှင်တက်ဖွယ်ကောင်းသော အငွေ့အသက်မျိုးကို ပိုင်ဆိုင်ထားရန်မှာ မဖြစ်နိုင်ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset