ဝမ်ပေါင်လဲ့မှာ ကျမ်းစာကို ရွတ်ဆိုခြင်းဖြင့် မည်သို့ ဖြစ်မည်ကို မသိချေ။ သို့သော် မမလေး၏ စကားအရ ကောင်းကင်နှင့် ကမ္ဘာမြေကို ဖယ်ရှားပစ်နိုင်ပြီး သက်ရှိဟူသမျှကို သုတ်သင်ပစ်နိုင်သည်။ ဤသည်မှာ ထူးဆန်းလွန်းလှသဖြင့် တစ်ခုခုမှာ ယုံချင်စရာ မကောင်းလှဟု ခံစားနေရသည်။
သို့သော် ထိုကျမ်းစာကို ကြားလိုက်ရသည့်အချိန်၌ သူ့စိတ်ထဲမှ မဖော်ပြတတ်သည့် ခံစားချက်တစ်ခုက လှိုက်တက်လာသည်။ ဤသည်မှာ ကျမ်းစာထဲ၌ စကားလုံးများဖြင့် ဖော်ပြမရနိုင်သည့် ဖုံးကွယ်ထားသည့် အဓိပ္ပါယ်တစ်ခု ရှိနေသည့်အလားပင် ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးစာကြောင်းမှာ အဆုံးမရှိ အင်မတန် ပြင်းထန်လှသည့် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
အခြားအချိန်၊ နေရာမျိုးဖြစ်ပါက ဝမ်ပေါင်လဲ့မှာ သံသယကို ဘေးဖယ်ထားပြီး ကျမ်းစာနောက်မှ အမှန်တရားကို သက်သေထူရန် ကြိုးစားမည် ဖြစ်သည်။ အသုံးပြုနိုင်ကြောင်း သေချာမှသာ သူက သုံးမည် ဖြစ်သည်။ သို့ရာတွင် ယခု အန္တရာယ်များလှသည့် သစ်ခေါင်းတစ်ခုထဲ၌ ပိတ်မိနေချိန်၊ အယောင်ဆောင် ကျင့်ကြံသူ ရာဂဏန်း၏ ချေမှုန်းမှုကို ရင်ဆိုင်နေရချိန်၌ ကျမ်းစာအကြောင်း စဉ်းစားတွေဝေနေရင်း မန္တန်များချနေသည့် ဝမ်ပေါင်လဲ့မှာ တွေဝေနေရန် အချိန်မရှိတော့ပေ။
“ စမ်းကြည့်သေးတာပေါ့ ”
ဝမ်ပေါင်လဲ့က လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်သည်။ လက်တစ်ချက် အဝှေ့တွင် လျှပ်စီးပင်လယ်နှင့် မီးသမုဒ္ဒရာတို့ တစ်ဆက်တည်း ပေါက်ကွဲထွက်လာပြီး သူ့ဆီ တိုးဝင်လာနေသည့် အယောင်ဆောင် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို အမြစ်ဖြတ် ချေမှုန်းလိုက်နိုင်သည်။ သူ့မျက်လုံးများ တောက်ပသွားပြီး အသက်ကို ပြင်းပြင်းရှူကာ ကျမ်းစာကို ရွတ်ရန် ပြင်ဆင်လိုက်သည်။
ထိုအခိုက်အတန့်၌
ဝမ်ပေါင်လဲ့မှာ ကျမ်းစာကို စတင်ရွတ်ဆိုခြင်း မပြုရသေးမီ ဖော်ပြခြင်းငှာ မစွမ်းသာသည့် သွေးချီတစ်ခုက သူ့နောက်မှ ထွက်ပေါ် ကျယ်ပြန့်လာသည်။ ၎င်းနောက်မှ မိုးခြိမ်းသံအလား အော်ဟစ်သံက အတူလိုက်ပါလာသည်။
သွေးချီမှာ ပြင်းထန်လွန်းလှသဖြင့် နေရာတစ်ခုလုံးအား ဖြတ်သန်းသွားသည့် သွေးချီမုန်တိုင်းတစ်ခု ဖြစ်သွားသည်။ ထိုမုန်တိုင်းမှာ ပြင်းထန်လှသည့် ဖိနှိပ်အားများ၊ သွေးဆာခြင်း အငွေ့အသက်များ ထုတ်လွှတ်နေပြီး ပတ်ပတ်လည်မှ အယောင်ဆောင် ကျင့်ကြံသူများမှာ နေရာတွင် ရပ်နေရင်း စတင်တုန်ရီလာကြပြီး မလှုပ်မယှက် ဖြစ်သွားကြသည်။
အရှိန်အဝါ ကြီးမားလှသည့် ကြောက်မက်ဖွယ် စစ်သားတစ်ယောက် နိုးထလာသည့်အလား ထင်ရသည်။
သစ်ခေါင်းကြီးပင် ထိုအခိုက်အတန့်၌ စတင်လှုပ်ခါလာပြီး နံရံလေးဘက်လုံး၌ ပျက်စီးလာသည့် လက္ခဏာများ ပေါ်လာသည်။ အရာအားလုံးမှာ လျင်မြန်စွာ ရုတ်ခြည်း ဖြစ်ပျက်သွားခဲ့သည်။ ဝမ်ပေါင်လဲ့၏ နှလုံးသားမှာ အရှိန်ပြင်းပြင်း ခုန်လှုပ်နေပြီး လှည့်ကြည့်လိုက်လျှင် အသက်ရှူသံများ မြန်ဆန်နေသည်။ သူ့နောက်၊ ကျောက်ယမုန့်ဘေးမှ ပြင်းထန်စွာ ဒဏ်ရာရနေပြီး သေမင်းလက်တစ်ကမ်း ရောက်နေသည့် ကျိုးရိဖန်မှာ မြေပြင်မှ မြောက်တက်လျက် ရှိသည်။
သူသည် ရပ်နေခြင်း မဟုတ်ဘဲ လေထဲ၌ မျောလွင့်နေခြင်း ဖြစ်သည်။ သူ့မျက်လုံးထဲ၌ အနီရောင် အလင်းတစ်မျိုး တောက်ပနေပြီး သူ့တစ်ကိုယ်လုံး သွေးဆာသည့် အငွေ့အသက်များ ပြင်းထန်စွာ ထုတ်လွှတ်နေသောကြောင့် အလောင်းပုံများနှင့် သွေးပင်လယ်များကိုပါ ပုံဖော်ပြနေသည့်အလား ထင်ရသည်။ သွေးချီ၏ ပြင်းထန်မှုမှာ ဖော်ပြမရနိုင်သည့် အတိုင်းအတာမျိုး ဖြစ်ပြီး လှိုင်းများအသွင်ဖြင့် လိမ့်လိမ့်တက်လာသည်။
“ ဘာတွေ ဖြစ်နေတာလဲ”
ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားသည်။ သူသည် ကျမ်းစာကို အော်ဟစ်ရွတ်ဆိုရန် တည်းတည်းလေးသာ ကျန်တော့သည်။ ကျိုးရိဖန်မှာ ဝှက်ဖဲချပ်တစ်ခုရှိနေမည်ဟု မည်သူက ထင်ထားပါမည်နည်း။
ကျိုးရိဖန် တစ်ခုခု လွဲနေသည်မှာ သိသာနေသည်။ ဝမ်ပေါင်လဲ့က တအံ့တဩ ဖြစ်ကာ ရွေ့လျားနေသည် ကျိုးရိဖန်ကို ထကြည့်လိုက်သည်။ သူ့ခန္ဓာမှာ အစီအစဉ်မရှိ ရှေ့သို့ ယိမ်းယိုင်သွားနေပြီး လေထဲ၌ ခုန်တက်သွားသည်။ ရှေ့သို့ တိုးသွားပြီးနောက် ညာလက်က မြောက်တက်လာကာ သူ့လည်ပင်းကို ဖိလိုက်ပြီး ဆောင့်ဆွဲချလိုက်သည်။
ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်က သူ့လည်ပင်းထဲမှ အနီရဲရဲ သွေးဓါးတစ်လက်အား ထုတ်ယူလိုက်သည်ကို သူ့မျက်လုံးများဖြင့် မြင်လိုက်ရသည်တွင် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ထိုဓါးသွား၏ အစွန်းများမှာ သွေးများဖြင့် ပြုလုပ်ထားပြီး ကျန်အစိတ်အပိုင်းများမှာ အရိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဓါးကို ဆွဲထုတ်လိုက်စဉ် ကျိုးရိဖန်၏ အမူအရာမှာ နာကျင်ကာ ရက်စက်ကြမ်းတမ်းနေဟန် ရှိသည်။ သူသည် တိတ်ဆိတ်နေပြီး ရှေ့သို့ တိုးဝင်သွားသည်တွင် နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည့်အလား ထင်ရသည်။
သူက လျှပ်စီးကဲ့သို့ လျင်မြန်ကာ မျက်စိတစ်မှိတ်အတွင်း အယောင်ဆောင် ကျင့်ကြံသူတစ်ယောက်ထံ ချဉ်းကပ်သွားသည်။ သူ့လက်ထဲမှ သွေးဓါးမှာ လေထဲကို ရွှီခနဲ ဝှေ့သွားသည်။ ၎င်းဓါးမှာ ကျင့်ကြံသူတစ်ယောက်အား ထိသွားသည်တွင် အယောင်ဆောင် ကျင့်ကြံသူမှာ တုန်ယင်ကာ ခန္ဓာကိုယ်တစ်ခုလုံး တခဏအတွင်း သွေးပင်လယ်တစ်ခု ဖြစ်သွားသည်။
ထိုသတ်ဖြတ်လိုက်ခြင်းမှာ သွေးဆာနေခြင်းကို မီးမြှိုက်လိုက်သည့်အလား ထင်ရပြီး ကျိုးရိဖန်မှာ ပိုမို လျင်မြန်စွာ လှုပ်ရှားနိုင်သွားသည်။ သူသည် သွေးနီရောင်အရိပ်တစ်ခုအသွင်ဖြင့် သွားရာလမ်းတစ်လျှောက် သွေးချောင်းစီးသွားစေသည်။
အသက်ရှူချိန်ဆယ်ကြိမ်မျှ အချိန်တိုအတွင်း သူက ဘေးပတ်လည်မှ အယောင်ဆောင် ကျင့်ကြံသူ ဆယ်ယောက်ထက်မနည်း သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ သွေးပင်လယ်အဖြစ် ပြောင်းလဲသွားသည့် ကျင့်ကြံသူများမှာ ပြန်လည်ရှင်သန်လာရန် စွမ်းအား မရှိတော့သည်ကို သိသာစွာ မြင်နေရသည်။
ကျိုးရိဖန်ထံမှ သွေးဆာနေသည့် အငွေ့အသက်များမှာ ပိုမို ပြင်းထန်လာပြီး သူ့ဘေးပတ်လည်၌ နတ်ဆိုးအငွေ့အသက်က ပိုမို ပြင်းထန်လာသည်။
“ ဓါးကို ထိန်းချုပ်နေတာ သူမဟုတ်ဘူး။ ဓါးကသာ သူ့ကို ထိန်းချုပ်နေတာ ”
ဝမ်ပေါင်လဲ့က လေ့လာဆန်းစစ်ကြည့်ကာ ပြောလိုက်သည်။ ထိုစဉ် သစ်ခေါင်းကြီးတစ်ခုလုံး ပြင်းထန်လှုပ်ရှားစွာ ယိမ်းယိုင်နေလျက် အထဲမှ အထင်သေးသည့် အသံတစ်သံ ထွက်လာသည်။
၎င်းမှာ လျှပ်စီးတန်းများ များစွာ ဆင်းသက်လာသကဲ့သို့ပင် ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်အား များစွာ တုန်လှုပ်သွားစေသည်။ သူက သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး ကျောက်ယမုန့်နှုတ်ခမ်းမှာလည်း သွေးများ စိမ့်ထွက်လာသည်။ အသံက မြည်ဟီးနေဆဲ ဖြစ်ကာ ဝတ်ရုံနက် ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီးတစ်ယောက် ခပ်ဝေးဝေး သစ်ခေါင်းနံရံတစ်ခုမှ ထွက်လာသည်။
ထိုလူမှာ လူသားအသွင် ဖြစ်သော်လည်း သူ့မျက်နှာမှာ သစ်ပင်ပင်စည်တစ်ခုအလား အစင်းရာများ ထင်နေသည်။ သူ့မျက်လုံးထဲ ရက်စက်ကြမ်းကြုတ်သည့် အရောင်များ လက်ထွက်နေသည်။ သူပေါ်လာသည်တွင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အရှိန်အဝါမျိုး လွင့်ပျံလာသည်။ သူ့အငွေ့အသက်၏ ပြင်းထန်မှုမှာ ဝမ်ပေါင်လဲ့ ကြုံဖူးသမျှ အခြေတည်အဆင့် ကျင့်ကြံသူများကို ကျော်လွန်နေသည်။
“ အခြေတည်အဆင့် အထွတ်အထိပ်ပဲ။ သူက အမြုတေအဆင့်ကို ရောက်ဖို့ တစ်လှမ်းစာပဲလိုတယ်”
ကျောက်ယမုန့်မှာ အမြန်သတိပေး ပြောလိုက်သည်။ သူမအသံမှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမစကားပြောရာ၌ တွေဝေနေသည့် အရိပ်အယောင်များ၊ ရုန်းကန်နေသည့် အရိပ်အယောင်များ လုံးဝ မရှိတော့ဘဲ မျက်လုံးကို တင်းတင်းပိတ်လိုက်သည်။
ကျောက်ယမုန့်၏ ထူးဆန်းသည့် အမူအရာကို သတိထားမိသည့်တိုင် ဝမ်ပေါင်လဲ့မှာ ထပ်မံမေးခွန်းထုတ်ရန် အချိန်မရှိတော့ပေ။ ဝတ်ရုံနက် လူပေါ်လာသည်နှင့်အတူ သစ်ခေါင်းတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်ကုန်သည်။ အယောင်ဆောင် ကျင့်ကြံသူများက ဒူးထောက် အရိုအသေ ပြုလိုက်ကြသည်။ ဤသက်လတ်ပိုင်း ဝတ်ရုံနက်လူမှာ သူတို့၏ သခင်ဖြစ်ပေသည်။
သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရခြင်းကြောင့် သုံးယောက်သားအတွက် ထိုလူ မည်သူမည်ဝါ ဖြစ်ကြောင်း သိသွားကြသည်။ သူသည် ဧရာမ သစ်ပင်ကြီး၏ လူ့အသွင် ဖြစ်ပေသည်။
သက်လတ်ပိုင်း ဝတ်ရုံနက်လူမှာ သူပေါ်လာသည့် အချိန်၌ ကျောက်ယမုန့်နှင့် ဝမ်ပေါင်လဲ့တို့ကို လှည့်မကြည့်ပေ။ သူ့မျက်နှာအမူအရာမှာလည်း အေးစက်စက်ဖြင့် မာနကြီးဟန် ပေါ်နေသည်။ ခြေတစ်လှမ်းဖြင့် သူသည် ကျိုးရိဖန် ရှေ့တည့်တည့်၌ ပေါ်လာသည်။ သူက ရက်စက်တည်ငြိမ်သည့် အကြည့်မျိုးဖြင့် ညာလက်ကို လှစ်ခနဲ မြှောက်ချလိုက်သည်။
ရုတ်တရက် အစွမ်းကြီး အားအင်တစ်ခု ထွက်ပေါ်လာသည်။ လေထဲမှ မရေမတွက်နိုင်သည့် သစ်ရွက်လေးများ ပေါ်လာပြီး မုန်တိုင်းလေပွေ တစ်ခု ဖြစ်သွားသည်။ ပေါက်ကွဲမှုမှ အသံကျယ်ကြီးကြောင့် ကျိုးရိဖန် ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားသော်လည်း တိုက်ကွက်ကို မရှောင်ရှားလိုက်ပေ။ ထိုအစား နတ်ဆိုးအလွှာကို ဆွဲခြုံလိုက်ကာ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူသည် တုန်ခါနေမှုများ ခံစားနေရစဉ် တိုက်ခိုက်ရေး အသိစိတ်များ အလင်းပွင့်သွားသည်။ သူ့လက်ထဲမှ သွေးဓါးကို ကိုင်ဆောင်ထားရင်း ချဉ်းကပ်လာနေသည့် မုန်တိုင်းဆီသို့ ဦးတည်ဝှေ့ယမ်းလိုက်သည်။
လေပွေမှာ ကျိုးရိဖန်၏ ဓါးချက်ကြောင့် နှစ်ခြမ်းကွဲသွားသည့်အသံ လေထဲသို့ လွင့်ပျံလာသည်။ တန်ပြန်အားတစ်ခုက အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ ကျိုးရိဖန်နှုတ်ခမ်းဝတွင် သွေးများပလုံစီလာပြီး ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့ ရှိရာဘက်သို့ နောက်ဆုတ်လာရင်း တုန်ယင်နေသည်။ သူ့မျက်လုံးထဲမှ သွေးဆာနေသည့် အငွေ့အသက်များမှာ များစွာ မှိန်ဖျော့သွားသည်။ သူ့လက်ထဲမှ သွေးဓါးမှာ ခန္ဓာကိုယ်ထဲသို့ ပြန်လည် စုပ်ယူခံလိုက်ရသည့်အလား အရည်ပျော်ကျသွားသည်။
ဝတ်ရုံနက်ဝတ်လူကြီးမှာ လေထဲ၌ ဝဲပျံနေဆဲ ဖြစ်သည်။ ကွဲသွားသည့် လေပွေတစ်ခြမ်းမှာ သူ့ကို ကျော်ဖြတ် တိုက်ခိုက်သွားရာ မျက်နှာပေါ်၌ မသိသာ မထင်ရှားသည့် ပြတ်ရှရာတစ်ခု ဖြစ်သွားသည်။ ၎င်းမှာ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာပြီး အသက်ရှူချိန် အနည်းငယ်မျှအတွင်း လုံးဝ ပျောက်ကွယ်သွားလေသည်။
သူ့မျက်လုံးထဲ၌ ကျိုးရိဖန်ကို ကြည့်နေစဉ် ထူးဆန်းသည့် အလင်းရောင်တစ်မျိုး တောက်ပနေသည်။
“ ကံမကောင်းလိုက်တာ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်သာ အခြေတည်အဆင့်ထိ တက်လှမ်းနိုင်မယ်ဆိုရင် ငါ့ကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေးတစ်ရပ် ရချင် ရလိမ့်မယ်…. ဘာပဲ ပြောပြော မင်းက ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်က သွေးစစ်သည်ဖြစ်နေတာကိုး”
“ ငါ အရင်တုန်းက ငါးဆက်မြောက်ကောင်းကင်ဂိုဏ်းက ထူးဆန်းတဲ့ မှော်ပညာရပ်တစ်ခု ရထားတဲ့အကြောင်းကို ကြားဖူးနားဝပဲရှိတာ။ အဲ့ပညာရပ်အရ သွေးမျိုးဆက်တစ်ခုတည်းကနေ လူအများကြီး လိုအပ်ပြီး သူတို့ထဲက တစ်ယောက်က စေညွှန်သူဖြစ်ပြီး ကျန်လူတွေက စစ်သည်တွေ ဖြစ်တယ်။ စစ်သည်တွေဟာ သူတို့ရဲ့ သွေးသားအပါအဝင် အရာအားလုံးကို စေညွှန်သူ၊ ကံကြမ္မာစစ်သည်အတွက် ရင်းနှီးမြှုပ်နှံထားရတယ်။ ငါးဆက်မြောက်ကောင်းကင်ဂိုဏ်းက တကယ် လုပ်နိုင်တာ အံ့ဩမဆုံးဘူး….။ သူတို့က တကယ်ကို အရင်းအမြစ်တွေ ပေါများ၊ကြွယ်ဝပြီး ပြတ်သား၊ ရက်စက်တဲ့ ရှေးဟောင်းမျိုးနွယ်စုတစ်ခုပဲ”
“ မင်းမှာ မျိုးဆက်တစ်ခုလုံးက မျှော်လင့်ထားတဲ့ အစ်ကိုတစ်ယောက် ဒါမှမဟုတ် ညီတစ်ယောက် ရှိနေလိမ့်မယ်။ မင်းကတော့ ဒီအတိုင်း သာမန် အသုံးချခံရသူ တစ်ယောက်ပဲ”
ထိုလူက စကားပြောနေစဉ် တဖြည်းဖြည်း အသိစိတ်ပြန်ဝင်လာသည့် ကျိုးရိဖန်မှာ ဖြူဖျော့သွားသည်။ သူက နောက်တစ်ကြိမ် ထပ်ဆုတ်လိုက်ပြီး သူ့လက်ထဲမှ သွေးဓါးမှာ ခန္ဓာကိုယ်ထဲသို့ လုံးဝ ပြန်ဝင်သွားသည်။ သူ့မျက်လုံးထဲ၌ ဝမ်းနည်းမှုများ ရှိနေပြီး စကားတစ်ခွန်းမျှ မပြောပေ။
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားသောအခါ စိတ်ထဲမှ ခံစားချက်များ လှိုင်းထလာသည်။ သူ့မျက်နှာမှာ တင်းမာသွားပြီး မျက်လုံးများ ပြူးကျယ်လာသည်။ သူက ဝိညာဉ်အမြစ်ရွာအကြောင်း တွေးမိကာ ကျိုးရိဖန်၏ အစ်ကိုဖြစ်သော ကျိုးရိရှန်ကို စဉ်းစားမိသွားသည်။
ကျိုးရိရှန်က ကျိုးရိဖန်ကို အကြမ်းဖက်ကာ ခုနစ်လက်မ ဝိညာဉ်အမြစ် မရနိုင်ရန် ဟန့်တားခဲ့သည့် အခိုက်အတန့်ကို သတိရမိသွားသည်။
ယခင်က သံသယအားလုံးအတွက် အဖြေရလာခဲ့ပြီး ထင်သလောက် မရိုးရှင်းသည်ကို တွေ့လာရသည်။ ၎င်းမှာ ငါးဆက်မြောက်ကောင်းကင်ဂိုဏ်း၏ လျှို့ဝှက်ချက်အား သွယ်ဝိုက်ဖော်ပြပြီး ဖြစ်နေသည်။ ကျိုးရိရှန်မှာ သွေးစစ်သည်များအား ထိန်းချုပ်မှုကို ခိုင်မာစေပြီး သူ့နေရာ၊ အစွမ်းသတ္တိများ လုယူခြင်းကို ကာကွယ်နိုင်ရန် ထိုလုပ်ရပ်မျိုး လုပ်ခြင်း ဖြစ်နိုင်သည်။ သူက သွေးစစ်သည်များအား ပိုမို အစွမ်းထက်လာစေရန် ရည်ရွယ်ထားပြီး သခင်အား ကျော်ထက်သွားခြင်း လုံးဝ မရှိစေရန် ထိန်းချုပ်ထားချင်နေသည်။
“ ဒီကပ်ပါးလေးသုံးကောင်ထဲမှာ သွေးစစ်သည်တစ်ယောက်ပါနေမယ်လို့ ဘယ်သူ ထင်မှာလဲ….၊ စိတ်ဝင်စားစရာတော့ ကောင်းနေပြီ”
သက်လတ်ပိုင်း ဝတ်ရုံနက်လူ၏ မျက်လုံးများထဲ၌ လောဘအရိပ်အယောင်များ ပြည့်နှက်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ကျိုးရိဖန်ထံသို့ တဟုန်ထိုး ပြေးထွက်လာသောကြောင့် ဝေဝါးသွားသည်။
သူ့အရှိန်မှာ သဘာဝတရားကို ဖီဆန်နေသည်။ သူနီးကပ်လာသည်နှင့် အခြေတည်အဆင့် ကျင့်ကြံခြင်းအားမှာ ပိုမိုလွှမ်းမိုးနိုင်စွမ်း ရှိလာပြီး သူတို့၏ အာရုံနှင့် ကျင့်ကြံခြင်းကို လှုပ်ခတ်သွားစေသည်။ သက်လတ်ပိုင်း ဝတ်ရုံနက်လူရှေ့၌ သူတို့မှာ ကူကယ်ရာမဲ့ ဖြစ်ကုန်ကြသည်။
ထိုလူမှာ ညာလက်ကို မြှောက်ကာ ကျိုးရိဖန်ကို ဆွဲဖမ်းရန် ဟန်ပြင်လိုက်သည်။ ဝမ်ပေါင်လဲ့၏မျက်လုံးများမှာ ရက်စက်ကြမ်းတမ်းဟန် အသွင်ပြောင်းသွားကာ ကျမ်းစာကို အော်ဟစ်ရန် ပြင်လိုက်သည်။ ထိုအချိန်၌ ရုတ်တရက် သူ့ဘေးမှ ကျိုးရိဖန်ထုတ်လွှတ်ခဲ့သည့် စွမ်းအင်ထက် ပိုမို အစွမ်းထက်ကာ ကမ္ဘာမြေကို တုန်လှုပ်စေသည့် အငွေ့အသက်လေပွေတစ်ခု လေထဲ၌ ပေါက်ကွဲထွက်လာသည်။
၎င်းက အော်ဟစ် ထွက်ပေါ်လာစဉ် မိုးကောင်းကင်ထက် ထစ်ချုန်းသွားကာ လေမတိုက်ပါဘဲ ကျောက်ယမုန့်၏ ဆံပင်များ လွင့်ခါလာသည်။ ကြောက်မက်ဖွယ် လေပွေလှိုင်းများ သူမဘေး ပတ်ပတ်လည် ပေါ်လာသည်။
ဘာမျှ မရှိသည့် လေဟာနယ်ထဲမှ ကြာပွတ်အမြောက်အများ လျင်မြန်စွာ ထွက်ပေါ်လာကာ အဘက်ဘက်သို့ အားအပြည့်ဖြင့် ထွက်လာကြသည်။ အယောင်ဆောင် ကျင့်ကြံသူများမှာ တုန်လှုပ်ကာ ကြာပွတ်နှင့် ထိမိသည်နှင့် ပြိုလဲသွားကြပြီး သစ်ခေါင်းပေါက်ကြီးမှာ ကြမ်းတမ်းစွာ လှုပ်ခါသွားသည်။
ဝမ်ပေါင်လဲ့မှာ ပို၍ပင် မျက်လုံး ပြူးလာသည်။ သူသည် ဤမြင်ကွင်းကို ယခုမှ ပထမဆုံး မြင်ဖူးခြင်း မဟုတ်ပေ။ ကျောက်ယမုန့်နှင့် တိုက်ခိုက်စဉ်က သူမသည်လည်း တိုက်ပွဲပြီးခါနီး နောက်ဆုံး၌ သတိလစ်သွားပြီး အလားတူ ဖြစ်ရပ်မျိုး ဖြစ်သွားခဲ့သည်။ သူမသည် ထိုစဉ်က ရှေးဟောင်းသိုင်းအဆင့်၌သာ ရှိနေပြီး ထုတ်လွှတ်နေသည့် အငွေ့အသက်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။ အာနာပါန စတုတ္ထအဆင့် ရောက်ရှိလာပြီးနောက် အလားတူ အခြေအနေမျိုးသို့ ကျရောက်သွားရာ သူမ၏ အငွေ့အသက်မှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်လှသည်။
သက်လတ်ပိုင်း ဝတ်ရုံနက်လူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
“ သန္ဓေပြောင်းလဲတာ။ မင်းရဲ့ သွေးက တစ်ခုခု လွဲနေတာပဲ ”
ဝတ်ရုံနက် လူကြီးမှာ သူ မရည်ရွယ်ဘဲ ဖမ်းမိခဲ့သည့် သုံးဦးအနက် နှစ်ဦးမှာ ထိုမျှ အံ့မခန်း ပုဂ္ဂိုလ်များ ဖြစ်မည်ဟု ထင်မထားပေ။ တစ်ယောက်မှာ ရှားပါးလှသည့် သွေးစစ်သည်ဖြစ်ကာ နောက်တစ်ယောက်မှာ ပိုမိုရှားပါးလှသည့် သန္ဓေပြောင်းသွေးမျိုးဆက် ဖြစ်သည်။
သူသည် မျက်စိရှေ့မှ ဖြစ်ပျက်နေသည့် မြင်ကွင်းများကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေတော့သည်။