အယောင်ဆောင် ကျင့်ကြံသူ ရာဂဏန်းခန့် ပေါ်ထွက်လာသည်တွင် ဧရာမသစ်ပင်ပေါင်း ရာချီ ဝန်းရံထားသည့် သစ်ခေါင်း၏အလယ်ဗဟိုရှိ သစ်ပင်ငယ်လေးတစ်ပင်၏ ခြောက်သွေ့ကာ အက်ကွဲနေသည့် မျက်နှာပြင်ပေါ်၌ သက်လတ်ပိုင်း ယောက်ျားတစ်ယောက်၏ မျက်နှာပေါ်ထွက်လာသည်။
မျက်နှာအစိတ်အပိုင်းများမှာ မခံမရပ်နိုင်သည့် နာကျင်မှုမျိုး ခံစားနေရသည့်အလား ပုံပျက်ပန်းပျက်ဖြစ်နေသည်။ အနီးကပ်ကြည့်လိုက်လျှင် ၎င်းမျက်နှာမှ အမျိုးအမည် ဝေခွဲမရသည့် အရည်တစ်မျိုး ဖြည်းဖြည်းချင်း စီးကျကာ မျက်နှာပြင်ပေါ်မှ အက်ကွဲကြောင်းတစ်လျှောက် ပျံ့နှံ့သွားသည်ကို တွေ့ရသည်။
ထိုအရည်ပျံ့နှံ့နေခြင်းမှာ ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းနှင့် သက်ဆိုင်မှု အနည်းငယ် ရှိနိုင်သော်လည်း ထိုတစ်ခုတည်းကြောင့် မဖြစ်နိုင်ပေ။ ထိုအခိုက်တွင် ၎င်းမှာ ပြောင်းလဲခြင်းတစ်ခုကို ရင်ဆိုင်နေရဟန် ရှိသည်။
၎င်း၏ နာကျင်နေပုံနှင့်စာလျှင် အကြည့်မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက ကောင်းကင်တာအိုကျောင်း ရှိရာအရပ်သို့ ငေးကြည့်လိုက်ပြီး လေထဲသို့ တိုးတိတ်စွာ ရေရွတ်လိုက်သည်။
“ နောက်ဆုံးကျ သတင်းစကားက ရောက်သွားသေးတာပဲ… ဒါက ငါလိုချင်ခဲ့တာမျိုး မဟုတ်ဘူး။ ဒါပေမဲ့ ဒီလို ဖြစ်လာတော့လည်း…. နည်းနည်းလေး အစီအစဉ် ချဖို့တော့ လိုသွားတာပေါ့။ တခြားနှစ်ယောက်က တစ်ယောက်ပြီး တစ်ယောက် အောင်မြင်သွားကြပြီလေ။ ငါလည်း အောင်မြင်မှဖြစ်မယ်။ ငါ့ထဲက ကပ်ပါးကောင် သုံးကောင်ကတော့ ဘာမဟုတ်တာလေးတွေပဲ။ ဖိညှစ်သတ်ပစ်ရုံပဲပေါ့ ”
ထိုသစ်ပင်ငယ်၏ ရေရွတ်သံများ ထွက်ပေါ်နေစဉ် သစ်ခေါင်းထဲ၌ ဝမ်ပေါင်လဲ့မှာ လူသတ်ငွေ့များ ဆူဝေလာပြီး သူ့တိုက်ကွက်များ၏ အရှိန်ကို မြှင့်တင်လိုက်ကာ သူ့ခြေထောက်မှ မြူခိုးများ ထွက်လာသည်။
ထိုမြူခိုးမှာ ကောင်းကင်တာအိုကျောင်း ဆန်းကြယ်မှော်ပညာရပ်၏ တတိယအဆင့် ဖြစ်သည်။ ၎င်းကို အသက်သွင်းလိုက်သည်နှင့် သူ့အရှိန်နှင့် ပေါင်းစပ်သွားမည် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လေးမှ ပစ်လွှတ်လိုက်သည့် မြားတစ်စင်းအလား တဟုန်ထိုး ပြေးထွက်သွားသည်။
ထိုမျှသာမက သူ့ခန္ဓာကိုယ်တစ်ခုလုံးအား မြူခိုးများ ဝန်းရံသွားသည်။ ဤသည်မှာ တိမ်ခန္ဓာဟု အမည်ပေးထားသည့် ကောင်းကင်တာအိုမှော်ပညာရပ်၏ စတုတ္ထအဆင့် ဖြစ်သည်။
မှော်ပညာရပ်များ၏ ပဉ္စမအဆင့်ကိုမူ ဝမ်ပေါင်လဲ့က အာနာပါနအထွတ်အထိပ်အဆင့်သို့ တက်လာသည်မှာ မကြာသေးသောကြောင့် အပြည့်အဝ နားမလည်နိုင်သေးပေ။ သူ့ပုံစံမှာ တိမ်အသွင် ပြောင်းလဲသွားပြီး အသက်ရှူချိန်တစ်ခုစာ အတွင်း အယောင်ဆောင် ကျင့်ကြံသူများထံသို့ အရှိန်ပြင်းပြင်း ပြေးဝင်သွားသည်။
သူက လျင်မြန်စွာ ချဉ်းကပ်နေစဉ် ညာလက်ကို မြှောက်လိုက်ရာ လျှပ်စီးကွေးတစ်ကြောင်း ရှေ့သို့ ပြေးသွားသည်။ အာနာပါန အထွတ်အထိပ်အဆင့်ထိ ကျင့်ကြံခြင်းအဆင့်မြင့်တက်သွားခြင်းကြောင့် လျှပ်စီးတန်းထဲမှ စွမ်းအားမှာလည်း ပိုမိုအစွမ်းထက်လာခဲ့သည်။ ၎င်းမှာ မျက်စိကျိန်းလောက်သည့် အလင်းရောင်မျိုးဖြင့် တောက်ပနေကာ အယောင်ဆောင်ကျင့်ကြံသူများဆီ ထိုးဆင်းသွားသည်။
လေထဲမှတဆင့် ပျံသန်းသွားနေစဉ် လျှပ်စီးမီးပွားများ တလက်လက် တောက်ပနေသည်။ ဝေးဝေးမှ ကြည့်လျှင် သစ်ခေါင်းထဲ၌ လျှပ်စီးပင်လယ် အသေးစားတစ်ခု ပေါ်လာသည့်အလား ထင်ရပေမည်။ အံ့ဩဖွယ် ကောင်းလှသည့် မြင်ကွင်းတစ်ခု ဖြစ်ပေသည်။
မိုးကြိုးများက ထစ်ချုန်းလျက် ရှိပြီး သစ်ခေါင်း၏ လေးဘက်လေးတန်လုံး၌ ပဲ့တင်ထပ်နေသည်။ လျှပ်စီးကွေး ဖြတ်သွားသည့် နေရာတိုင်း၏ အယောင်ဆောင် ကျင့်ကြံသူများမှာ တုန်ခါလာပြီး အချို့မှာ ချက်ချင်းပင် အလိုအလျောက် ပေါက်ကွဲသွားကြသည်။ ထိုသို့ ဖြစ်နေစဉ် ဝမ်ပေါင်လဲ့က သူ့လက်ဖဝါးထဲတွင် မီးမုန်တိုင်းကို ဆင့်ခေါ်လိုက်သည်။ ထိုမီးမုန်တိုင်းသည် ယခင်ထက် ပိုမိုကျယ်ပြန့်သည့် မီးပင်လယ်တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ထိုမီးလျှံများ၏ အပူရှိန်မှာ မခံမရပ်နိုင်လောက်အောင် လောင်မြိုက်ပူကျွမ်းလှဿည်။ ၎င်းတို့မှာ အယောင်ဆောင် ကျင့်ကြံသူများကို အတိုင်းအတာတစ်ခုအထိ ပြာကျသွားစေနိုင်သည်။ သို့ရာတွင် သူတို့မှာ ဧရာမသစ်ပင်ကြီး၏ စွမ်းအားထောက်ပံ့ပေးခြင်းကို ခံနေရသောကြောင့် မီးလျှံများကို ခုခံနိုင်စွမ်းရှိနေသည်။ သို့တိုင်အောင် မီးပင်လယ်နှင့် လျှပ်စီးကွေးတို့မှာ ၎င်းတို့ကို သိသိသာသာ ပျက်စီးသွားစေသည်။
လျှပ်စီးကွေးနှင့် မီးမုန်တိုင်းတို့ကြောင့် အပိုင်းပိုင်းဖြတ်ထွက်ခြင်း သို့မဟုတ် ဖုန်မှုန့်ဖြစ်သွားခြင်း သို့မဟုတ် ပြာကျသွားခြင်းတို့ ဖြစ်သွားသည့် အယောင်ဆောင် ကျင့်ကြံသူ အနည်းငယ်လည်း ရှိသည်။ ၎င်းမှာ ပြန်လည် အသက်ဝင်လာရန် ခက်ခဲလှသည့် အမြစ်ပြတ်ချေမှုန်းသည့် တိုက်ကွက်မျိုး ဖြစ်သည်။
ထိုသို့သော ပြင်းအားမျိုးမှာ ဝမ်ပေါင်လဲ့၏ ယခင် တိုက်ခိုက်ရည်ကို ကျော်လွန်သွားခဲ့သည်။ အာနာပါနအဆင့် အထွတ်အထိပ် ရောက်နေခြင်းကြောင့် သူ့မန္တန်များ၏ အစွမ်းမှာ ထင်ရှားစွာ တိုးတက်လာခဲ့သည်။ သူသုံးနိုင်သည့် မန္တန်အရေအတွက်မှာလည်း အမြောက်အများ ဖြစ်လာခဲ့သည်။ သူက လျှပ်စီးကွေးနှင့် မီးမုန်တိုင်းတို့ကို တစ်လှည့်စီ ထုတ်လွှတ်နေရင်း တိမ်လက်ချောင်းကိုလည်း ထုတ်ဖော် တိုက်ခိုက်ခဲ့သည်။
ကျောက်ယမုန့်၏ မန္တန်အစီအရင်များမှာ ထိုအခိုက်အတန့်တွင် အားဖြည့်လာပြီး မန္တန်အစီအရင်မှ အမျှင်တန်းများမှာ ဝမ်ပေါင်လဲ့ဘေးပတ်လည်၌ သူ့လှုပ်ရှားမှုတိုင်းကို ထောက်ပံ့ပေးနေသည်။ ၎င်းအမျှင်လေးများမှာ တလက်လက်တောက်ပနေပြီး ဝမ်ပေါင်လဲ့အား အကာအကွယ် ပေးထားသကဲ့သို့ တချိန်တည်းမှာပင် ရန်သူကို ပို၍ပြင်းပြင်းထန်ထန် ထိခိုက်သွားစေသည်။
ကျိုးရိဖန်မှာလည်း အားနည်းနေသည့်တိုင် အံကို ကြိတ်ကာ နတ်ဘုရားရတနာများကို အသုံးပြုပြီး ကျောက်ယမုန့်ကို ကူညီကာ ဘေးမှ ဝင်လာသည့် အယောင်ဆောင် ကျင့်ကြံသူများကို သတ်ဖြတ်ပစ်သည်။ သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ကျယ်လောင်သည့် ထိခတ်သံများ သစ်ခေါင်းအတွင်း ပျံ့လွင့်နေသည်။ လေထုမှာ လူသတ်ဆန္ဒများဖြင့် လေးလံနေကာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
“ သေစမ်း ”
ဝမ်ပေါင်လဲ့က ကြုံးဝါးလိုက်သည်။ သူက လက်သီးကို ဝှေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှ ခွန်အားများ ထွက်လာပြီး အယောင်ဆောင် ကျင့်ကြံသူတစ်ယောက်၏ ဦးခေါင်းအား ပွင့်ထွက်သွားအောင် ထုရိုက်ပစ်လိုက်သည်။ သူက ဘယ်လက်ဖြင့် လက်ကွက်ဖော်လိုက်ရာ တဟုန်းတဟုန်းတောက်လောက်နေသော မီးတောက်တစ်ခု ပေါ်လာပြီး ရှေ့သို့ ပျံထွက်လာသည်။ ဝမ်ပေါင်လဲ့မှာ ရှေ့သို့ တိုးလိုက်ပြီး ခေါင်းကို ရုတ်တရက် ငုံ့ချလိုက်ကာ အယောင်ဆောင် ကျင့်ကြံသူသုံးယောက်ဆီမှ ဓါးသစ်ရွက်များကို ရှောင်ရှားလိုက်သည်။ ထို့နောက် သူက ခုန်လိုက်ပြီး အလိုအလျောက် ပေါက်ကွဲပုတီးလုံးများကို ပစ်လွှတ်လိုက်သည်။
ဆက်တိုက် ဖြစ်သွားသည့် ပေါက်ကွဲခြင်းများက သူ့ကို နောက်ကွယ်မှ ချောင်းမြောင်းတိုက်ခိုက်ရန် ကြံစည်နေသည့် အယောင်ဆောင် ကျင့်ကြံသူများကို လွင့်ထွက်သွားစေကာ အပုံလိုက် ပြုတ်ကျသွားစေသည်။ ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ပြေးထွက်ကာ ၎င်းတို့ကို ပြာအဖြစ် မီးလောင်တိုက်သွင်းရန် ဟန်ပြင်နေစဉ် ရုတ်တရက် ခန္ဓာကိုယ်အား ဘေးတိုက် စောင်းလိုက်ပြီး ညာလက်ကို မြှောက်၍ နောက်ဘက်ကို ဖမ်းဆုပ်လိုက်သည်။ သူ့နောက်မှ ချောင်းနေသည့် အယောင်ဆောင် ကျင့်ကြံသူတစ်ယောက်မှာ ချက်ချင်းပင် လည်ပင်းမှ ဆွဲကိုင်ခြင်း ခံလိုက်ရသည်။ သူက ဆွဲဆုပ်ထားသည်ကို အားထည့်လိုက်သည်။
သူက နောက်တစ်ချက် လက်ကို ဝေ့ယမ်းလိုက်ရာ ကျိုးရိဖန်ရှိရာသို့ ဓါးပျံ အများအပြား ပစ်ဝင်သွားကြသည်။ ဓါးများက အနားသို့ ကပ်သွားကြပြီး ရုတ်တရက်ပေါက်ကွဲသွားကာ ကျိုးရိဖန်အား ခုန်အုပ်တော့မည့်ဆဲဆဲ အယောင်ဆောင် ကျင့်ကြံသူအချို့ကို ပြင်းထန်စွာ တုန်လှုပ်သွားစေပြီး ပျံထွက်သွားစေသည်။
ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန် ခံစားနေရသည့် ခြိမ်းခြောက်မှုတစ်ခုအား ဖြေရှင်းပြီးသည့်တိုင် ရပ်နားသွားခြင်း မရှိပေ။ ထိုအစား အဆက်မပြတ် တိုက်ခိုက်နေသည်။ သူသည် ဝံပုလွေအုပ်ထဲသို့ ဝင်ဆွဲနေသည့် ကြောက်စရာ ကျားတစ်ကောင် အလား ထင်ရသည်။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ တိုးတက်သွားသည်မှန်သော်လည်း ကန့်သတ်ချက်များ ရှိနေဆဲ ဖြစ်သည်။ အယောင်ဆောင် ကျင့်ကြံသူများမှာမူ အပိုင်းပိုင်းအစစ ဖြစ်သွားသည့်တိုင် သစ်ကိုင်းများစွာက ပြန်လည် ဆက်နွှယ်သွားစေသောကြောင့် လျင်မြန်စွာ ကောင်းမွန်လာကြသည်။ တိုက်ပွဲ ဆက်ဖြစ်နေပါက သူတို့မှာ ဤအခြေအနေအတိုင်း ဆက်မထိန်းထားနိုင်သည်မှာ သိသာလှသည်။
အချို့မှာ သူ၏ အစွမ်းထက် တိုက်ကွက်များကြောင့် ရုပ်နှင့် ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရသည့်တိုင် ၎င်းတို့မှာ အနည်းစု ဖြစ်သည်။ သူတို့မှာ အယောင်ဆောင် ကျင့်ကြံသူ ရာကျော်၏ ဆယ်ပုံပုံ နှစ်ပုံမျှပင် မရှိချေ။
သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်ထားသည်ဆိုလျှင်ပင် သူ၏ ဝိညာဉ်ချီမှာ အကန့်အသတ် တစ်ခုရှိနေသည်။ လျှပ်စီးကွေးနှင့် မီးမုန်တိုင်းတို့မှာလည်း ကျင့်ကြံခြင်းအစွမ်းကို အတော်လေး ကုန်ဆုံးစေသည်။
သို့ဖြစ်ရာ ရလဒ်အနေနှင့် ဝမ်ပေါင်လဲ့မှာ ဟောဟဲဆိုက်လာပြီး နောက်ဆုတ်ရန်သာ တတ်နိုင်တော့သည်။ ကျိုးရိဖန်မှာလည်း အားအင်ချိနဲ့နေသည့် အခြေအနေကြောင့် ဖြည်းဖြည်းချင်း ဆုတ်ယုတ်လာနေသည်။ နောက်ဆုံးတွင် သူသည် တိုက်ကွက်တစ်ခုကို အချိန်မီ မရှောင်နိုင်ဘဲ မန္တန်၏ ပြောင်းလဲခြင်း ခံထားရသည့် သစ်ရွက်သုံးရွက်က သူ့ရင်ဘတ်ကို ထိုးဖောက်သွားသည်။ သူက သွေးများ အန်ထွက်ကာ ခန္ဓာကိုယ်မှ သက်စောင့်စွမ်းအင်များ ပျောက်ဆုံးလာပြီး နောက်ဆုတ်သွားသည်။ ခါးသီးမှုကြောင့် သူသည် တောင့်ခံထားရန် အားအင် မရှိတော့ချေ။ တစ်ဖက်သို့ စောင်းကျသွားပြီး ပြင်းထန်စွာ တိုက်ခိုက်နေဆဲ ဖြစ်သည့် ဝမ်ပေါင်လဲ့ကို စိုက်ကြည့်နေမိသည်။ သူ့စိတ်ထဲ၌ အရာရာ ဗလာဖြစ်သွားသည်။
သူက ငယ်စဉ်ဘဝ အမှတ်တရများကို ပြန်တွေးနေဟန် ရှိသည်။ သူ၏ မိသားစု မျိုးရိုး၊ ရက်စက်ကြမ်းတမ်းကာ နှလုံးသား မရှိသည့် ဖခင်၊ သွေးအေးသည့် အစ်ကို၊ ဝိညာဉ်အမြစ်ရွာနှင့် ၎င်းရွာထဲ၌ ဖြစ်ပျက်ခဲ့သည်များနှင့် သူ့ရှေ့တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့အကြောင်း အားလုံးကို တွေးနေမိသည်။
ဖြည်းဖြည်းချင်း သူ့အမြင်အာရုံမှာ ဝေဝါးလာသည်။ တိုက်ခိုက်နေသံများမှာလည်း တစတစ ပိုမိုဝေးကွာလာသည်။
ကျောက်ယမုန့်မှာလည်း တောင့်ခံနေဆဲ ဖြစ်သည့်တိုင် သူမခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ခါနေလျက် ရှိသည်။ သူမ၏ ဝိညာဉ်ချီမှာ ကုန်ဆုံးသွားတော့မည် ဖြစ်ကြောင်း ထင်ရှားနေသည်။ သူမ၏ မန္တန်အစီအရင် အမျှင်တန်းများမှာ ဝမ်ပေါင်လဲ့အတွက် ကြီးမားသော အကူအညီတစ်ခုဖြစ်နေသေးသည်။ ထို့ကြောင့် သူမက ခံနိုင်ရည် မရှိတော့သည့်တိုင် ဆက်လက်၍ အံကြိတ်ကာ တောင့်ခံနေခြင်း ဖြစ်သည်။
သို့ရာတွင် ကျိုးရိဖန်၏ ထောက်ပံ့မှုမရှိဘဲ ဝမ်ပေါင်လဲ့မှာ မည်မျှ သန်မာသည်ဖြစ်စေ စစ်မြေပြင်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို လိုက်မကြည့်နိုင်ပေ။ အဘက်ဘက်မှ တိုက်ခိုက်နေပေရာ နည်းမျိုးစုံဖြင့် ကျောက်ယမုန့်ဆီသို့ တစ်ယောက်မဟုတ် တစ်ယောက် ဝင်လာနေကြသည်။
ဝမ်ပေါင်လဲ့မှာ ဤမြင်ကွင်းကို ကြည့်ကာ စိုးရိမ်တကြီး ဖြစ်လာသည်။ သူသည် နတ်ဘုရား ရတနာများအားလုံး သုံးစွဲပြီး ဖြစ်ကာ သူ့လက်ထဲ၌ ခုခံရန်နည်းလမ်း မရှိတော့ပေ။ သူသည် တိုက်ခိုက်မှုများကို ဟန့်တားနေလျက် နောက်ဆုတ်ရန်သာ တတ်နိုင်သည်။ ယခုအခြေအနေ၌ သူ၏ အသက်ရှူသံများမှာ ပိုမိုလေးလံလာပြီး သစ်ရွက်ဓါးပျံများမှ ပြတ်ရှရာများ ခန္ဓာကိုယ်ပေါ်၌ ပေါ်လာသည်။
အချို့မှာ အပေါ်ယံရှပ်ထိခြင်း ဖြစ်သော်လည်း အချို့မှာ နက်ရှိုင်းသည့် ဒဏ်ရာများ ဖြစ်ကြသည်။ အဆိုးဆုံးတစ်ခုမှာ ညာခြေထောက်ကို ထိုးဖောက်ကာ ဟက်တက်ကွဲနေသည့် ဒဏ်ရာဖြစ်သည်။
“ ပေါင်လဲ့၊ ယမုန့်၊ မင်းတို့… ကျောင်းက ငါတို့ သတင်းစကားကို ရမယ်ထင်လား၊ သူတို့ လာနေပြီလို့ ထင်ကြလား….”
ကျိုးရိဖန်မှာ သူတို့အားလုံး တိုက်ပွဲအလယ်၌ ရှိနေကြသည်ကို မေ့လျော့သွားဟန် တူသည်။ သူ့မျက်လုံးထဲမှ အလင်းရောင်မှာ မှိန်သထက် မှိန်လာပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ သူ့မျက်လုံးများမှာ အနက်ရောင်ဖြစ်သွားပြီးနောက် အနီရောင်အလင်းတန်းက ပိုမို တောက်ပလာသည်။
ကျောက်ယမုန့်မှာ တိတ်ဆိတ်နေသည်။ သူမသည် မန္တန်အစီအရင်များ ဖန်တီးရန် နောက်ဆုံးလက်ကျန် ဝိညာဉ်ချီကို အသုံးပြုနေရသော်လည်း သူမသည် ကြာကြာမခံနိုင်တော့ပေ။ မကြာမီ သစ်ရွက်ဓါးများစွာ၏ တိုက်ခိုက်မှုကြောင့် ကျောက်ယမုန့်မှာ သွေးများ ပါးစပ်နှင့်အပြည့် အန်ကျလာသည်။ သူမသည် ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအားကို အလုံးစုံ သုံးစွဲလိုက်ပြီးနောက် မန္တန်အစီအရင်များ ပျောက်ကွယ်သွားသည်။ သူမသည် အားအင်ကုန်ခန်းသွားသည့်အလား သစ်ပင်တစ်ပင်ကို ခက်ခက်ခဲခဲ မှီရပ်နေရသည်။ သူမကို နှုတ်ခမ်းကို ကိုက်ထားရပြီး မျက်နှာတစ်ခုလုံး သွေးရောင် မရှိတော့ဘဲ ဖြူဖွေးနေသည်။ သူမခန္ဓာကိုယ်ထဲ၌ ရုန်းကန်ခြင်းတစ်ခု ဖြစ်နေဟန် ရှိပြီး မည်သူမျှ ထိုအခြင်းအရာကို မမြင်တွေ့နိုင်ပေ။ သူမသည် မဖြစ်မနေ ရွေးချယ်ရတော့မည့် တစ်စုံတစ်ရာအတွက် ခံစားနေရဟန် ရှိသည်။
“ ရိဖန်၊ တောင့်ထားဦး၊ ကျောင်းကနေ သေချာပေါက် အကူအညီ ရောက်လာမှာ”
ဝမ်ပေါင်လဲ့က ကျိုးရိဖန်မှာ မျှော်လင့်ချက် ကုန်ဆုံးသွားသည့် အခြေအနေကို တွေ့လိုက်ရပြီး အလောတကြီး ပြောလိုက်သည်။ သူက နောက်သို့ ရုတ်ခြည်း ဆုတ်ခွာလာပြီး ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ ရှေ့၌ ရပ်နေသည်။ ညာလက်မှ လက်အိတ်ဖြင့် ပြင်းထန်လှသည့် ပေါက်ကွဲအားတစ်ခုကို ပစ်လွှတ်လိုက်ရာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့နားတွင် ရစ်ဝဲနေကြသည့် အယောင်ဆောင် ကျင့်ကြံသူများကို အနောက်သို့ လွှင့်ပစ်နိုင်ခဲ့သည်။
ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ တိုက်ခိုက်လိုစိတ် ကုန်ခမ်းနေသည်ကို ကြည့်နေရသည်။ မပင်မပန်း တိုက်ခိုက်နိုင်ကြသည့် အယောင်ဆောင် ကျင့်ကြံသူ အများအပြားမှာ အဘက်ဘက်မှ ဆက်လက် တိုးဝင်လာနေကြသည်ကို တွေ့ရလျှင် သူ့နှလုံးသားထဲ၌ ခါးသီးမှုများ၊ စိတ်ပျက်ကြေကွဲမှုများ လှိုက်တက်လာသည်။ သူကိုယ်တိုင်ပင်လျှင် ကျောင်းမှ သူတို့၏ အသံလွှင့်ချက်များ ရ၊မရ မသေချာပေ။
သို့နှင့် စိတ်ပျက်လက်ပျက် အခြေအနေသို့ ရောက်နေစဉ် ရုတ်တရက် သူ့ခေါင်းထဲမှ အနက်ရောင်မျက်နှာဖုံးမှတဆင့် ရင်းနှီး၊ ဝေးကွာနေသည့် မမလေး၏ အသံတစ်သံက ပထမဆုံးအကြိမ် ထွက်လာသည်။
“ မကြောက်နဲ့၊ ဝမ်ပေါင်လဲ့၊ ငါ မင်းကို ကျမ်းစာ မန္တန်တစ်ပုဒ် သင်ပေးမယ်။ အဲဒါရဲ့ အစွမ်းက အံ့မခန်းပဲ။ အဲဒါကို ရွတ်လိုက်တာနဲ့ ကောင်းကင်နဲ့ မြေကြီးကို ပြောင်းလဲစေနိုင်ပြီး သက်ရှိအားလုံးကို သုတ်သင်ပစ်နိုင်တယ်”
သူမအသံမှာ ဂုဏ်ယူဝံ့ကြွားဟန် ရောယှက်ကာ ဝမ်ပေါင်လဲ့နားထဲ၌ ထွက်ပေါ်နေသည်။ သူက သူမပြောသည်ကို ကြားပြီးနောက် အနည်းငယ် သံသယ ဝင်နေသည်။ သူမ၏ ပြောကြားချက်အရ ၎င်းမှာ အလွန် အစွမ်းထက်လှသဖြင့် သူက စိတ်ထဲမှ သံသယ ဝင်နေမိခြင်း ဖြစ်သည်။ သို့ရာတွင် မမလေး သူ့ကို ပြောပြခဲ့သည့် အရာအားလုံးကို ပြန်စဉ်းစားကြည့်ပြီးနောက် ဓါးအိမ်နှင့် ပတ်သက်သည့် အနည်းငယ် ပိုပိုသာသာ ပြောခြင်းမှတပါး အရာအားလုံးမှာ တွေ့ရာ လျှောက်ပြောနေသည့် မဟုတ်တရုတ် စကားများ မဟုတ်ပေ။ အထူးသဖြင့် သူမ၏ ညွှန်ကြားချက်များကို လိုက်နာပြီးနောက် ရရှိခဲ့သည့် ရွှေရောင်ခန္ဓာမှာ မမလေး၏ ပြောစကား မှန်ကန်ကြောင်း အကြီးဆုံး သက်သေဖြစ်သည်။
ထိုသို့ အဖြစ်အပျက်များစွာကြောင့် သူသည် မမလေးကို ပိုမို ယုံကြည်လာပြီး အမြန် မေးလိုက်သည်။
“ ဘာကျမ်းစာလဲ ”
“ သေချာ နားထောင်နော်…. ဉာဏ်အလင်းပွင့်စေသော်၊ ကောင်းကင်တာအို အကျဉ်းသား၊ ခန္ဓာရှိသမျှ ဘေးဒုက္ခကို ခံစားကြရပေ၍ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာကို အာရုံပြုပါ။ ကျင့်ကြံခြင်းလမ်းက စောင့်နေသည် ”
“ သွား၊ ဒီကျမ်းစာအတိုင်း အဲဒီ ဘာမဟုတ်တဲ့ အပင်ပေါက်လေးကို အမြစ်ဖြတ် ချေမှုန်းပစ်” မမလေးက ပြောနေကျ ဝံ့ကြွားသည့် လေသံမျိုးဖြင့် ပြောလိုက်သည်။
ထိုကျမ်းစာကို ကြားရပြီးနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာ၊ နှလုံးသား၊ ဝိညာဉ်တို့မှာ အနက်ရှိုင်းဆုံး နေရာထိ စိမ့်တက်သွားသည်။ သူသည် ခေါ်ဆောင်နေသည့် အသံတစ်မျိုးကို ကြားနေရသည့်အလား ခံစားလိုက်ရသည်။ ဤကျမ်းစာမှာ အမှန်တကယ်ပင် ကောင်းကင်၊ မြေပြင်ကို ရွေ့လျားစေနိုင်သည့်အပြင် အဆုံးစွန် အခြေအနေတွင် တစ်စုံတစ်ရာ၏ အသက်၊ ဘဝကိုပါ လုံးဝ ပြောင်းလဲပစ်နိုင်သည့်အလား ထင်ရသည်။