” သူက… အမြုတေအဆင့်ကို ရောက်သွားပြီတဲ့ ”
ထိုစကားလုံးများမှာ အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်အား တာဝန်ယူကြီးကြပ်ရမည့် အသင့်တော်ဆုံး ပုဂ္ဂိုလ်အကြောင်း ဆွေးနွေးနေကြသော လူအုပ်ကြီး၏ဘေးမှ လေပြည်လေညင်းတစ်ခုကဲ့သို့ ဖြတ်၍တိုက်ခတ်သွား၏။ ၎င်းကြောင့် တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာပြီး ထိုကဲ့သို့ ဆွေးနွေးနေကြသည့် စကားသံများမှာ တဖြည်းဖြည်းနှင့် တိတ်ဆိတ်လာတော့သည်…
နောက်ဆုံးတွင် ထိုစကားသံများအားလုံး ပျောက်ကွယ်သွား၏။ ထိပ်သီးအဆင့် ပုဂ္ဂိုလ်ကြီးများ၏ ပုံရိပ်ကြီးများမှာလည်း ကြက်သေသေသွားကြပြီးနောက် ခံစားချက်မပါသည့် မျက်နှာအမူအရာဖြင့် မတ်တတ်ရပ်နေသော အင်္ဂါဂြိုဟ်ဘုရင်ခံအား စိုက်ကြည့်နေလိုက်ကြတော့သည်။ ထို့နောက် ခန်းမကြီးတစ်ခုလုံးမှာ သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေစဉ်တွင် ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ ချောင်းဟန့်လိုက်၏။ ထို့ကြောင့် သူ၏ ချောင်းဟန့်သံကြီးမှာ ခန်းမထဲ၌ ပဲ့တင်ထပ်သွားတော့သည်။ ထို့နောက် အခြားသူများအတွက် စိတ်ရှုပ်စရာကောင်းသည့် သူ၏စကားသံကြီး ထွက်ပေါ်လာတော့သည်။
” ကျနော်လည်း အဲ့သတင်းကို အခုပဲရလိုက်တယ်။ အခု မြို့တော်သခင်ရာထူးအတွက် အသင့်တော်ဆုံးလို့ လူတိုင်းက သဘောတူထားကြတဲ့ ဝမ်ပေါင်လဲ့က အမြုတေအဆင့် ရောက်သွားပြီဆိုတော့ သူ့ကို ထောက်ခံပေးကြတဲ့ တာအိုရောင်းရင်းအားလုံးကို ကျနော် ကျေးဇူးတင်ကြောင်းပြောပါရစေ။ ကျနော် အခုလို မျက်နှာမလိုက်သင့်ဘူးဆိုတာ သိပေမဲ့ ဒါက ပြည်ထောင်စုကြီး ကောင်းစားဖို့အတွက်ပါ။ ပြီးတော့ ဒီနေရာမှာရှိနေတဲ့ လူတွေအကုန်လုံးကလည်း သဘောတူထောက်ခံထားကြပြီးတော့ ကျနော့်ဂိုဏ်းက တပည့်လေးကို အပြည့်အဝ ယုံကြည်ထားကြတာဆိုတော့ ဂိုဏ်းချုပ်ကြီးတစ်ယောက်အနေနဲ့ ကျနော်က ဘယ်လိုလုပ်ပြီးတော့ ငြင်းဆန်နိုင်ပါ့မလဲ ”
” ဂုဏ်ကျက်သရေရှိ ဥက္ကဋ္ဌကြီးခင်ဗျား။ ကောင်းကင်တာအိုကျောင်းနဲ့ တာအိုကျောင်းလေးကျောင်းရဲ့ကိုယ်စား ကျနော်ကပဲ ဝမ်ပေါင်လဲ့ကို အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်ရဲ့ မြို့တော်သခင်အဖြစ် ခန့်အပ်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ပြီးတော့ သူက ပြည်ထောင်စုကြီးနဲ့ အင်္ဂါဂြိုဟ်အတွက် အများကြီးကူညီထောက်ပံ့ပေးခဲ့တာမလို့ သူ့ကို ဒုပဏာမအဆင့်နှစ်ရာထူးအထိ ရာထူးတိုးပေးသင့်တယ်လို့ ထင်ပါတယ် ” ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ ရုတ်တရက်ဆိုသလို လျှောက်တင်လိုက်၏။ သူ၏ စကားသံများနှင့်အတူ သူ၏ ခန္ဓာကိုယ်ထဲမှ နှောင်းပိုင်းအမြုတေအဆင့် ကျင့်ကြံခြင်းစွမ်းအားတစ်မျိုး ထွက်ပေါ်လာ၏။ ၎င်းမှာ ထိုခန်းမကြီးထဲ၌ လေမုန်တိုင်းကြီးတစ်ခုကဲ့သို့ တိုက်ခတ်သွားတော့သည်။ ထို့ကြောင့် သူ၏ စကားသံများမှာ ယခင်တုန်းကနှင့် မတူတော့ဘဲ ဖိနှိပ်အားကောင်းသော အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူသည် ကောင်းကင်တာအိုကျောင်း တစ်ကျောင်းတည်းအတွက် မဟုတ်ဘဲ တာအိုကျောင်းကြီးလေးကျောင်းအား ကိုယ်စားပြုသည်ဟု ဆိုခဲ့သည်မဟုတ်ပါလော။ သူ၏ စကားများကြောင့် အခြားတာအိုကျောင်း သုံးကျောင်းမှာ သူ့အား ကလန်ကဆန်လုပ်၍ ရတော့မည်မဟုတ်ပေ။ သူတို့မှာ အတွင်းရေး ပဋိပက္ခများ ရှိနေသည့်တိုင်အောင် ယခုကဲ့သို့သော ထိပ်သီးညီလာခံများတွင်မူ စည်းလုံးညီညွတ်မှုကို ပြသရန် လိုအပ်ပေသည်။
အကယ်၍ တာအိုကျောင်းလေးကျောင်းထဲမှ တစ်ယောက်ယောက်သာ ကန့်ကွက်လိုက်မည်ဆိုပါက တာအိုကျောင်းလေးကျောင်းမှာ အလွန်အင်အတန်မှ ဆိုးရွားသော အကျိုးသက်ရောက်မှုကြီးတစ်ခုကို ခံစားလိုက်ရမည်သာဖြစ်သည်။ ထို့အပြင် ကောင်းကင်တာအိုကျောင်းနှင့် အခြတာအိုကျောင်းများ၏ ကြားရှိ မဟာမိတ်ဆက်ဆံရေးမှာလည်း ပျက်စီးယိုယွင်းသွားနိုင်ပေသည်။
ထို့အပြင် ကောင်းကင်တာအိုကျောင်း ဂိုဏ်းချုပ်ကြီး၏ ပြောစကားမှာ အမှန်ပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်ဖြစ် ဝမ်ပေါင်လဲ့မှာ တာအိုကျောင်းလေးကျောင်း၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် အခြား တာအိုကျောင်းသုံးကျောင်းမှ ဂိုဏ်းချုပ်ကြီးများမှာ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးအား စိုက်ကြည့်နေလိုက်ပြီးနောက် သူ့အား မကန့်ကွက်ခဲ့ကြပေ။ ထို့နောက် သူတို့၏ နှလုံးသားထဲ၌ ထူးဆန်းသောခံစားချက်တစ်မျိုး ပေါ်ပေါက်လာ၏။ ယခုလက်ရှိတွင် သူတို့မြင်နေရသည့် ကောင်းကင်တာအိုကျောင်းဂိုဏ်းချုပ်ကြီးမှာ သူတို့ ယခင်တုန်းက သိကျွမ်းခဲ့သည့် ကောင်းကင်တာအိုကျောင်းဂိုဏ်းချုပ်ကြီးနှင့် မတူတော့ဘဲ ကွဲပြားနေပြီဖြစ်သည်။
သမင်ဖြူတာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည် ဝမ်ပေါင်လဲ့အား မနှစ်သက်ပါသော်လည်း ချက်ချင်းပင် ထောက်ခံစကားဆိုလိုက်သည်။
” ကျနော်လည်း ဝမ်ပေါင်လဲ့ကို ဒုပဏာမအဆင့်နှစ်အရာရှိတစ်ယောက်အဖြစ် ရာထူးတိုးပေးပြီးတော့ အထူးဒေသမြို့တော်ရဲ့ မြို့တော်သခင်ဖြစ် တာဝန်အပ်နှင်းပေးသင့်တယ်လို့ အကြံပြုချင်ပါတယ် ”
သူ၏ အကြံပြုချက်ပြီးနောက် အခြားတာအိုကျောင်းနှစ်ကျောင်းကလည်း သဘောတူလိုက်၏။ ထိုအခါ လင်းယုံမှာလည်း ပြုံးသွားပြီးနောက် ထိုအဆိုပြုချက်အား ထောက်ခံသည့် ပထမဆုံးလွှတ်တော်အမတ် ဖြစ်သွား၏။
လင်းယုံ၏ ထောက်ခံမှုကိုမြင်လိုက်ရသောအခါ ကျန်လွှတ်တော်အမတ်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် နောက်ဆုံးတွင် လွှတ်တော်အမတ်ခေါင်းဆောင်ကြီးအား လှမ်းကြည့်လိုက်ကြ၏။
လွှတ်တော်အမတ်ခေါင်းဆောင်ကြီးမှာမူ ခံစားချက်မရှိသည့် မျက်နှာအမူအရာဖြင့် ရပ်နေဆဲပင်။ သို့သော် သူသည် လင်းယုံအား ဖျတ်ခနဲ လှည့်ကြည့်လိုက်ပြီးနောက် အနည်းငယ်ခန့် ပြုံးသွားပြီး ခေါင်းညိတ်ကာ ဆိုလိုက်၏ ” အဲ့လိုဆိုလည်း ကောင်းတာပဲ ”
ထိုအခါ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၊ ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ယွီဟွားရှန်ထျန်းဂိုဏ်းတို့မှ ကိုယ်စားပြုပုဂ္ဂိုလ်များ၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားရတော့သည်။ လွှတ်တော်အမတ်ခေါင်းဆောင်ကြီး၏ ထောက်ခံစကားမှာ အလွန်အင်မတန်မှ သြဇာသက်ရောက်မှုရှိသောကြောင့် သူတို့မှာ မျက်မှောင်ကြုတ်သွားကြတော့သည်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ မျိုးနွယ်စုခေါင်းဆောင်ကြီးများမှာဆိုလျှင် မကျေမချမ်းဖြစ်ကာ စကားလုံးများနှင့် ဖော်ပြ၍ မရလောက်အောင် စိတ်သောက ရောက်သွားရတော့သည်။ ဝမ်ပေါင်လဲ့မှာ အချိန်ကိုက် ဖောက်ထွက်သွားနိုင်ခဲ့သည် မဟုတ်ပါလော။
သို့သော် သူတို့မှာ ဂုဏ်သိက္ခာအကျမခံလိုသောကြောင့် သူတို့ပြောခဲ့ပြီးသား စကားများကို ပြန်လည်ရုပ်သိမ်း၍ ရတော့မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့မှာ ထိုကိစ္စကြီးအား မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်နည်းဟု စဉ်းစတွေးတောနေစဉ်မှာပင် လသုံးစင်းမဟာမိတ်အဖွဲ့မှ ကိုယ်စားပြုပုဂ္ဂိုလ်မှာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။ သူသည် အစောပိုင်းတုန်းက ဆွေးနွေးပွဲထဲ၌ ဝင်မပါခဲ့သည့် အဘိုးကြီးတစ်ယောက်ဖြစ်သည်။ ထိုအဘိုးကြီးမှာ လသုံးစင်းမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ကြီးဖြစ်သူ သခင်ကျင့်၏ ညီအရင်း ဖြစ်သည်။
” လသုံးစင်းမဟာမိတ်အဖွဲ့က အထူးဒေသမြို့တော်ထဲမှာ အရင်တုန်းကထက်ပိုပြီးတော့ ရင်းနှီးမြှုပ်နှံပေးပါ့မယ် ”
သူ ထိုသို့ဆိုလိုက်သည်နှင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနှင့် အပေါင်းပါများမှာ ဖိအားများကို ပို၍ခံစားလိုက်ရတော့သည်။ လသုံးစင်းမဟာမိတ်အဖွဲ့မှာ ပြတ်ပြတ်သားသား ရပ်တည်ခြင်းမရှိပါသော်လည်း ထိုအဘိုးကြီးမှာ ယခင်တုန်းက ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်မည်ဟု မပြောခဲ့ဘဲ ယခုမှ ဝင်ပြောလိုက်သည်ဖြစ်ရာ သူတို့၏ရပ်တည်ချက်ကို အထင်အရှား သိမြင်နိုင်ပေသည်။ ပါးစပ်မှ ထုတ်ပြောနေရန် မလိုပေ။
အင်္ဂါဂြိုဟ်ဘုရင်ခံကမူ စကားတခွန်းမှမပြောပေ။ သို့သော် သူမဘက်မှ စကားတစ်ခွန်းမှ ပြောစရာမလိုကြောင်းကို သူတို့က သိထားကြ၏။ သူမ၏ နှုတ်မှ ဝမ်ပေါင်လဲ့တစ်ယောက် အမြုတေအဆင့်သို့ ရောက်ရှိသွားခဲ့ပြီးဖြစ်ကြောင်း ကြေညာလိုက်စဉ်ကတည်းက သူမ၏ ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားနေပြီဖြစ်သည်။
စစ်တပ်မှာလည်း ထိုနည်းတူပင်။ သူတို့မှာ သူတို့၏ရပ်တည်ချက်ကို ထုတ်ပြောခြင်းမရှိပါသော်လည်း သူတို့၏ ပြုံးစိစိဖြစ်နေသော မျက်နှာများ၏အောက်တွင် အလွန်အင်မတန်မှ လေးနက်သော အဓိပ္ပါယ်မြောက်မြားစွာရှိနေသည်ကို သိနိုင်ပေသည်။
အခြေအနေများမှာ ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားသောကြောင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ အငိုက်မိသွားရ၏။ နောက်ဆုံးတွင် ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်၏ စကားကြောင့် သူတို့မှာ အလဲထိုးခံလိုက်ရတော့သည်။
သွမ့်မုချွယ်မှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုအား စကားပြောခွင့်ပင်မပေးဘဲ သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။
” အောင်မြင်မှုတွေအတွက် ဆုချပေးရမှာပေါ့။ ပြီးတော့ အရည်အချင်းရှိတဲ့လူတွေကိုလည်း နေရာကောင်းကောင်း ပေးမှဖြစ်မယ် ”
” ပြည်ထောင်စုကြီးက ဝမ်ပေါင်လဲ့လိုလူမျိုး အယောက်တစ်ရာလောက် လိုတယ်လို့ ငါ ပြောထားခဲ့ပြီးသား။ ဒီနေ့ ငါ့ရဲ့စကားကို ပြန်ပြင်မှဖြစ်တော့မယ်။ ပြည်ထောင်စုကြီးက ဝမ်ပေါင်လဲ့လိုလူမျိုး အယောင်တစ်သောင်းလောက်အထိကို လိုတာကွ ”
” ဝမ်ပေါင်လဲ့ကို ဒုပဏာမအဆင့်နှစ်အထိ ရာထူးတိုးပေးပြီးတော့ အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်ရဲ့ မြို့တော်သခင်ရာထူးကို အပ်နှင်းပေးမယ်လို့ ပြည်သူတွေသိသွားအောင် ကြေညာလိုက်။ ပြီးရင် သူက ဆယ့်ရှစ်ယောက်မြောက် လွှတ်တော်အမတ်အဖြစ်နဲ့လည်း လွှတ်တော်ထဲမှာ တာဝန်ထမ်းဆောင်ရမယ် ” ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်မှာ ဆုံးဖြတ်ချက်ပြတ်သားစွာ ကြေညာလိုက်ပြီးနောက် မတ်တတ်ထလာပြီး ထိပ်သီးညီလာခံအား အဆုံးသတ်လိုက်တော့သည်။
ထိုအခါ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ မျိုးနွယ်စုခေါင်းဆောင်ကြီးများမှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားကြတော့သည်။ သူတို့မှာ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်၏။ သွမ့်မုချွယ်၏ ဆုံးဖြတ်ချက်မှာ မြန်ဆန်လွန်းနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အတွေးများထဲ၌ နစ်မျောနေကြတော့သည်။ အခြားနိုင်ငံရေးအဖွဲ့အစည်းများမှာလည်း အတွေးများကိုယ်စီနှင့် ထွက်ခွာသွားကြတော့သည်။
ထိုသို့ဖြင့် ခဏအကြာတွင် ညီလာခံခန်းမကြီးထဲရှိ သူတို့၏ ပုံရိပ်ကြီးများမှာ ပျောက်ကွယ်သွားကြတော့သည်။ နောက်ဆုံးတွင် သွမ့်မုချွယ်မှာ မတ်တတ်ထလာပြီး ခန်းမကြီးကို ဖြတ်လျှောက်ကာ တံခါးပေါက်ဆီသို့ ဦးတည်သွားလိုက်၏။
သူ၏ နောက်ကျောမှာ အသွားချွန်ထက်သော ဓားတစ်လက်ကဲ့သို့ ဖြစ်နေ၏။ ထို့အပြင် သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအင်များမှာ တုန်ခါသွားရ၏။ ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ချုပ်တည်းထားသကဲ့သို့ ဖြစ်နေတော့သည်။
” သိပ်မကြာခင် ဖောက်ထွက်နိုင်တော့မှာ…. ငါ ဟိုအဘိုးကြီးထက် ခြေတစ်လှမ်းလောက် နောက်ကျနေတုန်းပါလား။ စိတ်မကောင်းစရာပဲ ” သွမ့်မုချွယ်မှာ ခေါင်းယမ်းကာ ပြုံးလိုက်၏။ သူသည် ခန်းမကြီးထဲမှ ထွက်ခွာသွားကြသောလူများ၏ အတွေးများထဲတွင် နစ်မျောနေသောမျက်ဝန်းများကို သတိထားမိလိုက်ပါသော်လည်း ၎င်းတို့အား လျစ်လျူရှုထားလိုက်၏။ သိပ်မကြာခင်တွင် သူတို့မှာ အဖြေသိသွားလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ထားသည်။
သွမ့်မုချွယ်တစ်ယောက် ယခုကဲ့သို့ ဆုံးဖြတ်ချက်များ အလျင်အမြန် ချမှတ်လိုက်ရသည့် အကြောင်းအရင်းသုံးချက် ရှိပေသည်။ ပထမတစ်ချက်မှာ သူသည် ဝမ်ပေါင်လဲ့အား အများကြီး မျှော်လင့်ထားသောကြောင့်ဖြစ်သည်။ သို့သော် သူ့အား မျက်နှာလိုက်သည့် အဆင့်အထိတော့ မဟုတ်ပေ။ ဒုတိယအချက်မှာ… လက်ရှိတွင် ပြည်ထောင်စုကြီးသည် သူရဲကောင်းတစ်ယောက် လိုအပ်နေသောကြောင့် ဖြစ်သည်။
ဗုဒ္ဓဟူးဂြိုဟ် ဖြစ်ရပ်ဆိုးကြီးပြီးနောက် ပြည်ထောင်စုကြီးထဲမှ လူများ၏ ဝမ်းနည်းစိတ်များနှင့် စိုးရိမ်စိတ်များမှာ လျော့ကျသွားခြင်းမရှိသေးပေ။ ထို့ကြောင့် ပြည်ထောင်စုကြီးမှာ ပြည်သူလူထု၏ ၎င်းအပေါ်ထားရှိသော အတွေးအမြင်များကို ပြောင်းလဲပစ်ရန် လိုအပ်ပေသည်။ ၎င်းမှာ လူတိုင်းသိသော သူရဲကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။
ထိုသူရဲကောင်းမှာ ပြည်သူလူထု၏ အာရုံများကို ဖမ်းစားပေးနိုင်မည်ဖြစ်ပြီး သူတို့အား စည်းလုံးညီညွတ်မှုရှိလာအောင် လှုံ့ဆော်ပေးနိုင်မည် ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ပုံရိပ်မှာ သူ၏စိတ်ကူးထဲ၌ ရှိနေသော ပုံရိပ်နှင့်တော့ ထပ်တူမကျပေ။ သူသည် နောက်ကြောင်းအရှုပ်အရှင်းများ မရှိသော မိသားစုတစ်ခုမှ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ပြီး လူအများ၏ အမြင်တွင် အောက်ခြေမှစ၍ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားကာ ထိပ်ဆုံးအဆင့်အထိ ရောက်ရှိလာသည့်ပုံ ပေါ်ပါသော်လည်း သွမ့်မုချွယ်ကိုယ်တိုင် သူ့အား ရွေးချယ်ရသည့် အဆင့်အထိတော့ မရောက်သေးပေ။
အကယ်၍ ထိုအကြောင်းရင်းနှစ်ချက်တည်းသာ ရှိမည်ဆိုပါက သွမ့်မုချွယ်မှာ ထိုကိစ္စကြီးအား နောက်ဆုတ်ကာ ညှိနှိုင်းရေးပစ္စည်း တစ်ခုအဖြစ် အသုံးချလိုက်မည်သာဖြစ်သည်။ သူသည် နှစ်ဖက်စလုံးမှ ကမ်းလှမ်းချက်များကို စောင့်ဆိုင်းကာ နိုင်ငံရေးအင်အားစုအသီးသီး၏ ကြားရှိ အင်အားချိန်ခွင်အား မျှခြေအဆင့်သို့ ပြန်ရောက်သွားအောင် လုပ်လိုက်မည်သာဖြစ်သည်။ ထိုသို့သာဆိုပါက သူသည် အင်္ဂါဂြိုဟ် အထူးဒေသမြို့တော်၏ မြို့တော်သခင် ရွေးချယ်မှုကိစ္စကြီးအား အများဆုံး အမြတ်ထုတ်နိုင်မည့်လူ ဖြစ်သွားမည် မဟုတ်ပါလော။
သို့သော် တတိယမြောက်အကြောင်းပြချက် ပေါ်ပေါက်လာသောအခါ အရာအားလုံးမှာပြောင်းလဲသွား၏။ ထို အကြောင်းပြချက်မှာ အရာအားလုံး၏ အခြေခံဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။ သူသည် ထိုအကြောင်းပြချက်ကြောင့် ပထမအကြောင်းပြချက်နှစ်ခု၏ အရေးပါအရာရောက်မှုများကို ပြန်လည်သုံးသပ်ခဲ့ရ၏။ ထိုတတိယမြောက် ကြောင်းပြချက်သာ ရှိမနေပါက မည်သည့်အရာမှ ဖြစ်လာမည်မဟုတ်ပေ။
ထို တတိယမြောက် အကြောင်းပြချက်မှာ… ကောင်းကင်တာအိုကျောင်း၏ မဟာထိပ်သီးအကြီးအကဲကြီး တစ်ဖြစ်လဲ၊ ပြည်ထောင်စုကြီး၏ ကျင့်ကြံခြင်းခေတ်အား အခြေခံအုတ်မြစ်ချပေးခဲ့သည့် ပြည်ထောင်စုဥက္ကဋ္ဌဟောင်းကြီးဖြစ်သော လီရှင်းဝမ်မှာ အမြုတေအဆင့်မှ ဖောက်ထွက်ကာ ယွမ်ယင်အဆင့်သို့ ရောက်ရှိတော့မည်ဆိုသည့် အချက်ပင်ဖြစ်သည်။
ကောင်းကင်တာအိုကျောင်းမှာ ထိုအချက်အား အခြားမည်သူမှမသိအောင် ဖုံးကွယ်ထားနိုင်ပါသော်လည်း ကျင့်ကြံခြင်းအဆင့်ဖောက်ထွက်လုဆဲဆဲ ဖြစ်နေသည့် သွမ့်မုချွယ်မသိအောင်တော့ ဖုံးကွယ်မထားနိုင်ခဲ့ပေ။ သူသည် ကောင်းကင်တာအိုကျောင်းထဲရှိ အခြားမည်သူမှ သတိမထားမိသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခုမှာ မိုးကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့မည့်အလား ဖြစ်နေခဲ့သည်ကို အာရုံခံမိခဲ့သည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီဖြစ်သည်။
ထိုအချက်ကြောင့်လည်း ကောင်းကင်တာအိုကျောင်း ဂိုဏ်းချုပ်ကြီးမှာ ယခင်တုန်းကနှင့်မတူဘဲ သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေခဲ့ခြင်းဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ဩဇာညောင်းသော အငွေ့အသက်များ ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
” တည်းနေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင် ဆောက်လုပ်ရေးလုပ်ငန်းကို အရှိန်မြှင့်တင်လို့ရတယ် ” သွမ့်မုချွယ်မှာ ထိုသို့ တိုးတိုးလေး ရေရွတ်ရင်း အဝေးသို့ထွက်ခွာသွားတော့သည်။
ထိုသို့ဖြင့် ထိပ်သီးညီလာခံကြီး ပြီးဆုံးသွားပြီး ဝမ်ပေါင်လဲ့အား ရာထူးတိုးပေးလိုက်သည့် သတင်းကို အများပြည်သူသိသွားအောင် ကြေညာပေးလိုက်၏။ ထိုအချိန်တွင် အင်္ဂါဂြိုဟ်မြို့တော်အသစ်ဆီသို့ ပြန်ရောက်လာသော ဝမ်ပေါင်လဲ့မှာ မည်သည့်အရာမှ ပြောင်းလဲသွားခြင်းမရှိကြောင်း သတိထားမိလိုက်၏။ နောက်ဆုံးတွင် သူသည် သူစောင့်ဆိုင်းနေခဲ့သော သတင်းကို ကြားလိုက်ရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုသတင်းများကို ကြားလိုက်ရသောအခါ အပျော်လွန်သွားပြီး ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်တော့သည်။ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေပြီး သူနှင့် ပြည်ထောင်စုဥက္ကဋ္ဌရာထူး၏ ကြားရှိ အကွာအဝေးမှာ သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လျော့နည်းလာပြီဖြစ်ကြောင်း ခံစားနေရတော့သည်။ ယခင်တုန်းကဆိုလျှင် ၎င်းမှာ မဖြစ်နိုင်သော ရည်မှန်းချက်ပန်းတိုင်တစ်ခုအဖြစ်သာ ရှိနေခဲ့ပါသော်လည်း ယခုတွင်မူ သူသည် ၎င်းအား ရရှိပိုင်ဆိုင်နိုင်တော့မည်ဖြစ်သည်။
” အခုကစပြီးတော့ ငါ ငါ့ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို စပြီးတော့ ရေးထားဖို့လိုပြီ။ အဲ့စာအုပ် ရေးပြီးသွားပြီဆိုရင် ဒဏ္ဍာရီလာပြည်ထောင်စုဥက္ကဋ္ဌကြီး ဝမ်ပေါင်လဲ့က ဘယ်သူ့ကိုမှ အားမကိုးဘဲနဲ့ နဖူးကချွေး မြေကြီးကျတဲ့အထိ ကိုယ့်ထူးကိုယ်ချွန်ပြီးတော့ လုံလဝီရိယအပြည့်နဲ့ ကြိုးစားခဲ့တဲ့ အကြောင်းတွေကို အနာဂတ်မျိုးဆက်သစ်တွေ သိသွားအောင် လုပ်ရမယ် ”
” ငါက အဲဒီစာအုပ်နာမည်ကိုတောင် စဉ်းစားပြီးသွားပြီ။ အဲဒီစာအုပ်ကို ဥက္ကဋ္ဌကြီးရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိလို့ နာမည်ပေးရမယ် ” ဝမ်ပေါင်လဲ့မှာ အရူးတစ်ယောက်လို ရယ်မောနေတော့သည်။ သူသည် ဘဝ၏ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဟု အမှန်တကယ်ခံစားနေရ၏။
ဝမ်ပေါင်လဲ့တစ်ယောက် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် ပျော်ရွှင်နေစဉ် ပြည်ထောင်စုကြီးတစ်ခုလုံးထဲရှိ သတင်းဌာနများမှာ ဝမ်ပေါင်လဲ့၏ အကြောင်းများကို တစ်ပြိုင်နက်တည်း တင်ဆက်နေကြတော့သည်။ နေအဖွဲ့အစည်းထဲမှ ပြည်ထောင်စုကြီးပိုင်သော ဂြိုဟ်တိုင်းပေါ်ရှိ မြို့တော်တစ်ခုချင်းစီတိုင်းတွင် ရှိရှိသမျှ ဖန်သားပြင်များပေါ်၌ ဝမ်ပေါင်လဲ့၏ ပုံရိပ်များ ပေါ်ပေါက်လာကြ၏။
ထို့နောက် စိတ်လှုပ်တရှားဖြစ်နေသော စကားသံတစ်သံမှာ တေးဂီတသံများနှင့်အတူ ဝမ်ပေါင်လဲ့၏ ရာထူးအား ကြေညာလိုက်ကြ၏။ ထိုရာထူးများမှာ…
ပြည်ထောင်စုကြီး၏ သမိုင်းတစ်လျှောက်တွင် အသက်အငယ်ဆုံး အမြုတေအဆင့်ကျင့်ကြံသူ…
အသက်အငယ်ဆုံး ဒုပဏာမအဆင့်နှစ် မြို့တော်သခင်…
အသက်အငယ်ဆုံး လွှတ်တော်အမတ်…
ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ အမည်မှာ ပြည်ထောင်စုကြီး တစ်ခုလုံးထဲတွင် ရုတ်ခြည်းဆိုသလို ပျံ့နှံ့သွားသဖြင့် ရပ်သိရွာသိ ဖြစ်သွား၏။ ထိုသို့ဖြင့် သူသည်… ပြည်ထောင်စုကြီး၏ ထွန်းတောက်လာမည့် ကြယ်ပွင့်အသစ် ဖြစ်လာတော့သည်။