Switch Mode

အခန်း ( ၂၀၆ )

အာနာပါန အထွတ်အထိပ်အဆင့်

သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ပေါက်ကွဲထွက်လာလျှင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက် ပိုးကောင်အလား အသွင်ပြောင်းသွားသည်။ အသက်ရှူကြိမ် ဆယ့်နှစ်ခါမျှ အချိန်လေးတွင် ဝမ်ပေါင်လဲ့ဖက်ထားသည့် သစ်ပင်ကြီးမှာ ရှုံ့တွလာသည့် လက္ခဏာများ ပြလာသည်။ ထိုသို့ ရှုံ့တွလာသည့်လက္ခဏာများက ဝမ်ပေါင်လဲ့ကို ဗဟိုပြုကာ အသီးများ ပြွတ်သိပ်နေသည့် သစ်ခေါင်းတစ်ခုလုံး ကျယ်ပြန့်စွာ ပျံ့နှံ့လာသည်။

အထဲတွင် ကျင့်ကြံသူများ မရှိသည့် သစ်သီးများမှာလည်း ဝမ်ပေါင်လဲ့၏ ဝါးမျိုခြင်းကြောင့် အဆက်မပြတ် ရှုံ့ဝင်လာသည်။ မကုန်ဆုံးနိုင်သည့် ဝိညာဉ်ချီများက ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ထဲသို့ အသည်းအသန် များပြားစွာ စီးဝင်နေပြီး အရာအားလုံးကို ခြောက်သွေ့သွားသည်အထိ စုပ်ယူပစ်နေသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်မှာ တဒင်္ဂအတွင်း ထိုးတက်သွားသည်။ အာနာပါန ပဉ္စမအဆင့်နားသို့ နီးကပ်‌လာရာမှ ရုတ်တရက် စတုတ္ထအဆင့်မှ ပဉ္စမအဆင့်ထို့ ဖောက်ထွက်သွားလေသည်။

ထို‌ဖောက်ထွက်သွားသည့် အခိုက်အတန့်၌ ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ ယိမ်းခါလျက်ရှိသည်။ သူ့သွေးကြောများထဲမှ ဝိညာဉ်ချီများမှာ အလောတကြီး ကျယ်ပြန့်သွားကြသည်။ သူ့ခန္ဓာကိုယ်ထဲ၌ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့်အလားပင်၊ လျင်မြန်စွာ ပြောင်းလဲကာ သွေးကြောများ ကျယ်ပြန့်သွားခြင်းကို အောင့်အီးသည်းခံနေစဉ် ဝိညာဉ်ချီများက ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်ထဲမှ သွေးကြော အားလုံးထဲသို့ ဖြတ်သန်းစီးဆင်းသွားပြီး သူ့ဝမ်းဗိုက်အလယ်ဗဟိုရှိ ဝါးမျိုခြင်းသစ်စေ့ရှိရာ စုစည်းသွားကာ ပင်လယ်ကြီးတစ်ခု ဖြစ်‌ပေါ်လာခဲ့သည်။

ထိုဝိညာဉ်ချီပင်လယ်မှာ ဝါးမျိုခြင်းသစ်စေ့၏ ရိုက်ခတ်မှုကြောင့် ဝဲကတော့ကြီးတစ်ခုအသွင် အံ့ဩဖွယ်‌ ပြောင်းလဲသွားသည်။ ၎င်းက ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်တစ်ခုလုံး ဖြတ်သန်းသွားချိန်တွင် သူ့အထဲမှ ဝိညာဉ်ချီများ လှိုင်းအသွင် ပြောင်းလဲလာနေသည်ကို ခံစားရသည်။ ထိုတခဏအတွင်း သူ့ခန္ဓာကိုယ်မှ အရှိန်အဝါကြီးမားသော အငွေ့အသက်မျိုး ထုတ်လွှတ်လိုက်ရာ ကျောက်ယမုန့်နှင့် ကျိုးရိဖန်တို့ တုန်လှုပ်သွားကြလေသည်။

ထိုသို့သော ပြင်းထန်လှသည့် အငွေ့အသက်မျိုးမှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မယှဉ်သာသော်လည်း အာနာပါနအဆင့် ကျင့်ကြံသူများကြားတွင် တိုင်းတာ၍ မရနိုင်အောင် လေးစားဖွယ်ကောင်းလှသည်။ အခြားသူများ၏ သွေးကြောများမှာ ရှစ်ဆယ်ရာခိုင်နှုန်းသာ အများဆုံး ဝိညာဉ်ကြောများအဖြစ် ပြောင်းလဲသွားကြသော်လည်း ဝမ်ပေါင်လဲ့မှာ တစ်ရာရာခိုင်နှုန်း ပြောင်းလဲထားသူဖြစ်သည်။

ထိုသို့ ဝိညာဉ်ချီများ လွင့်ပျံနေစဉ် သူ့ကျင့်ကြံခြင်းအဆင့်မှာ မြင့်တက်လာခဲ့သည်။ အပြင်ခန္ဓာကိုယ်၌လည်း သက်ရောက်မှုများ ရှိလာသည်။ သူ့ကြွက်သားများ ပိုမိုတောင့်တင်းလာပြီး၊ အရိုးများမှာ ပိုမိုခိုင်မာလာသည်။ အပြင်အားမှာ အံ့အားသင့်ဖွယ် မယုံနိုင်စရာ ကောင်းလောက်အောင် တိုးတက်လာခဲ့သည်။

ထိုသို့ တိုးတက်မှုထဲတွင် သူ၏ အရှိန်နှင့် ခွန်အားလည်း ပါဝင်သည်မှာ ထင်ရှားလှသည်။ သစ်ပင်ကြီးမှာ သူ၏ မြဲမြံလှသည့် ဆုပ်ကိုင်မှုကြောင့် ကွဲအက်တော့မည့် အရိပ်အယောင်များ ပေါ်လာသည်။

ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်ခြင်းကြောင့် ဝါးမျိုခြင်းသစ်စေ့၏ စုပ်အားမှာလည်း ပြင်းထန်လာပြီး ဝမ်ပေါင်လဲ့မှာ တွင်းနက်ကြီးတစ်ခု ဖြစ်လာသည်။ သစ်ပင်ကြီးမှာ ဝါးမျိုအား၊ စုပ်အားများကြောင့် စတင်လှုပ်ရှားလာခဲ့သည်။ ထွက်ပြေးရန် ကြိုးစားနေသည့်အလား ၎င်းက အရူးအမူး အော်ဟစ်လိုက်သည်။

သို့ရာတွင် ဝမ်ပေါင်လဲ့က မြဲမြံခိုင်မာစွာ ဆွဲဆုပ်ထားပြီး လွှတ်ပေးမည့်ပုံစံ မရှိပေ။ သူ့မျက်လုံးထဲ၌ ရက်စက်ကြမ်းတမ်းသည့် အကြည့်ရှိနေပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း ဖောက်ထွက်ခြင်း အဆင့်ဆင့် ဖြတ်သန်းထားရာ သူသည် မဖော်ပြတတ်သော စိတ်လှုပ်ရှားမှုတစ်မျိုးဖြင့် ရင်ထဲပြည့်လာသည်။

ကျိုးရိဖန်မှာလည်း သူ့ရှေ့မှ မြင်ကွင်းကို ကြုံလိုက်ရပြီး စကားမပြောနိုင်အောင် အံ့ဩဆွံ့အသွားသည်။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ခံစားချက်များ အုံကြွလာသည်။ သူသည် ဝမ်ပေါင်လဲ့မှာ အစွမ်းထက်ကြောင်း သိထား‌သော်လည်း သူကိုယ်တိုင် အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက် အဖြစ် အဆင့်တက်လာပြီး တာဝန်များစွာ ထမ်းဆောင်ပြီးနောက် ကျိုးရိဖန်မှာ သူ့ကိုယ်သူ ယုံကြည်ချက် ရှိလာခဲ့သည်။

သို့တိုင် ယခု ဝမ်ပေါင်လဲ့ကို စိုက်ကြည့်နေရင်း ထိုသူမှာ လူမဟုတ်ဘဲ လူသားယောင်ဆောင်ထားသည့် ဘီလူးတစ်ကောင်ဖြစ်နေမလားဟု နက်နက်နဲနဲ ခံစားနေမိသည်။

ထိုသို့မဟုတ်ပါက သူသည် ထိုဧရာမ သစ်ပင်ကြီးမှ သက်စောင့်အားနှင့် ဝိညာဉ်ချီကို မည်ကဲ့သို့ စုပ်ယူနိုင်ပါမည်နည်း။

ကျောက်ယမုန့်မှာလည်း အလားတူ ကြက်သေသေလျက်ရှိသည်။ သူမသည် ပုံမှန်အားဖြင့် တည်ငြိမ်သော ကိုယ်ဟန်အမူအရာ ရှိသော်လည်း ယခုမူ မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်နေသည်။ အထူးသဖြင့် သစ်သီးများ တစ်လုံးပြီး တစ်လုံး ခြောက်သယောင်းသွားပြီး သစ်ခေါင်းတစ်ခုလုံး ရှုံ့တွခြောက်သွေ့လာချိန်၌ ဖြစ်သည်။ သစ်ခေါင်းမှာ ရုန်းကန်နေသည့်အလား စတင်လှုပ်ရှားလာတော့သည်။

သို့သော် ရုန်းကန်လေလေ ဝမ်ပေါင်လဲ့က ထိုအရေးကြီး အခိုက်အတန့်၌ အားထည့်ကာ ဆွဲလေဖြစ်သည်။ သို့နှင့် ပေါက်ကွဲသံကြီး ပေါ်ထွက်လာသည်။

“ မင်း ခုခံနေလို့ အကျိုးမရှိဘူး။ ငါက မင်းကိုခြောက်သွားတဲ့အထိ စုပ်ယူပစ်မှာ”
ဝမ်ပေါင်လဲ့မှာ အစွမ်းကုန်အားထုတ်ကာ စုပ်ယူလျက် ရှိသည်။ သူက အော်ဟစ်ကာ ကျင့်ကြံခြင်းအဆင့်ကို အသက်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ အားအမျိုးမျိုးကို ထုတ်လွှတ်ကာ စုပ်အားကို မြှင့်တင်လိုက်သည်။

မိုးခြိမ်းသံအလား ပေါက်ကွဲသံများက သူတို့နားတွင် ကျယ်လောင်နေသည်။ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ စောင့်ကြည့်နေရင်း အံ့ဩတကြီး ဖြစ်လာပြီး သစ်ခေါင်းပေါက်မှာလည်း ပိုမို ပြင်းထန်စွာ ရုန်းကန်တုန်ခါလာသည်။ သစ်ပင်၏ ပင်စည်ထဲမှ ဒေါသတကြီး အော်သံတစ်သံ ထုတ်လွှတ်လိုက်သည့် အလားပင် ထင်ရသည်။

ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့၏ နှလုံးသားများမှာ တဒုတ်ဒုတ် ခုန်နေသည်။ သူတို့ ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သောအခါ လူရေခွံခြုံထားသည့် ဘီလူးတစ်ကောင်ကို တွေ့ရုံမက ကြမ်းတမ်းရက်စက်မှုများပါ သူ့ဆီက ထုတ်လွှတ်နေသည်ကို ခံစားရသည်။

သူတို့နှစ်ယောက်မှာ ရပ်ကြည့်နေစဉ် စိတ်ဝိညာဉ်ကိုပါ တုန်လှုပ်သွားစေသည့် ကျယ်လောင်လှသည့် အသံကြီးတစ်သံ ဝမ်ပေါင်လဲ့ထံမှ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာပြန်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အာနာပါန ပဉ္စမအဆင့်မှသည် အာနာပါန အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားသည်။

အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်သွားပုံကို နားမလည်နိုင်သေးမီ ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင် နားမလည်နိုင်သေးခင် ဤသို့ အဆင့်တက်သွားခဲ့ခြင်း ဖြစ်သည်။ သူ့ကျင့်ကြံခြင်း အာနာပါန အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသည့် အခိုက်အတန့်၌ သစ်ခေါင်းကြီးတစ်ခုလုံးမှာ ခံနိုင်ရည် မရှိတော့သည့်အလား ပြိုကျပျက်စီးကာ ပေါက်ကွဲသွားသည်။

ထိုသစ်ခေါင်းမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပြီး ဝမ်ပေါင်လဲ့နှင့် အဖွဲ့မှာ တဟုန်ထိုး ထွက်ပြေးရန် ပြင်လိုက်သော်လည်း ထိုသစ်ခေါင်းအလွန်၌ ပိုမိုကြီးမားသည့် သစ်ခေါင်းတစ်ခု ရှိနေသည်ကိုသာ တွေ့လိုက်ရသည်။

“ ငါဒီလိုပဲ ဆက်ပြီး စုပ်နေရမှာပဲ”
ဝမ်ပေါင်လဲ့က မဖြုံသည့်အလား အံကို တင်းတင်းကြိတ်လိုက်သည်။ သူက လက်နှစ်ဘက်လုံးကို မြှောက်ကာ သစ်ပင် ပင်စည်ပေါ်သို့ တင်လိုက်ပြီး စတင် စုပ်ယူတော့သည်။ ထိုအခိုက်အတန့်တွင် ကူးလောင်ချိုင့်ဝှမ်းကြီးတစ်ခုလုံး စတင်လှုပ်ရှားလာသည်။ မြေပြင်မှာ မြင့်လိုက်၊ ကျလိုက် လူးလွန့်နေပြီး သစ်ပင်များက ယိမ်းယိုင်ကွေးညွှတ်သွားသည်။ ကူးလောင်ချိုင့်ဝှမ်းအား ပိတ်ဆို့ခြုံလွှမ်းထားသည့် အချုပ်အနှောင်ပင် ပြေလျော့သွားသည်။

ထိုသို့ အချုပ်အနှောင် ပြေလျော့သွားခြင်းကြောင့် ဝမ်ပေါင်လဲ့တို့မှာလည်း လှုပ်ယမ်းသွားသည်။ ထိုခံစားချက်မှာ ရေထုထဲမှ ထိုးထွက်ကာ အပေါ်ဘက်သို့ တက်လာသည့်အလား ဆင်ဆင်တူကာ သူတို့မှာ အသက်ရှူသံများ မြန်လာသည်။ ထိုအခွင့်အရေးကို အသုံးချကာ ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့မှာ တွေဝေခြင်းမရှိ အသံလွှင့်လက်စွပ်များကို ချက်ချင်း ဆွဲထုတ်ကာ ကျောင်းသို့ အကူအညီတောင်းခံလိုက်ကြသည်။

“ ကူးလောင်ချိုင့်ဝှမ်း၊ သစ်ပင်ကြီးတစ်ပင်က အသိစိတ်ဝင်လာတယ်။ မြန်မြန် အကူအညီ ပို့ပါ”
ဝမ်ပေါင်လဲ့မှာ သစ်ပင်ကြီးကို လက်တစ်ဖက်က ကိုင်ကာ စုပ်ယူနေရင်း အခြားတစ်ဖက်က အသံလွှင့်လက်စွပ်ကို ကိုင်ကာအော်လိုက်သည်။

သူ့ဘေးတွင် ကျောက်ယမုန့်ကလည်း အလားတူ အသံလွှင့်ချက်တစ်ခု ပေးပို့လိုက်သည်။ သူတို့၏ အကူအညီတောင်းဆိုသည့် ခေါ်သံများမှာ တစ်ခုပြီးတစ်ခု ထွက်သွားဟန် တူသည်။ ကျောင်းသို့ အောင်မြင်စွာ ဆိုက်ရောက်သွားခြင်း ရှိမရှိကို မပြောနိုင်သကဲ့သို့ အဖြေစောင့်နေရန်လည်း အချိန်မရှိပေ။ သူတို့ဘေးတွင် နာကျင်စွာ အော်ညည်းလိုက်သံ ထွက်ပေါ်လာသည်။

သစ်ပင်ကြီးကို လူတစ်ယောက်အဖြစ် နှိုင်းယှဉ်ရပါက ယခုအချိန်တွင် သစ်ပင်ထဲ၌ ရောက်နေသည့် ဝမ်ပေါင်လဲ့မှာ ဧရာမ ကပ်ပါးကောင်တစ်ကောင်ဟု ပြောရပေမည်။ ခြောက်သွားသည်အထိ စုပ်ယူခံလိုက်ရသည့် သစ်ခေါင်းမှာ သစ်ပင်ကြီး၏ အတွင်းအင်္ဂါတစ်ခုဟု ပြောနိုင်သည်။ ထိုအခိုက်အတန့်တွင် ထိုအင်္ဂါမှာ ပျက်စီးသွားပြီး နာကျင်မှုကြောင့် သစ်ပင်ကြီးမှာ ရူးမတတ်ဖြစ်နေသည်။

ယခင်က ခရမ်းရောင်ပင်လယ်၏ ထူးဆန်းသော စွမ်းအားများက ၎င်း၏ အာရုံခံစားမှုများကို ဟန့်တားထားခဲ့သော်လည်း ဤမျှ မချိမဆန့် နာကျင်မှုမျိုးကြောင့် ထိုသက်ရောက်မှုမှာ ကွယ်ပျောက်သွားသည်။ သစ်ပင်ကြီးမှာ သတိဝင်လာစေရန် ရုန်းကန်နေပြီး နာကျင်စွာ ညည်းတွားနေသည်။ နာနာကျင်ကျင် အော်ညည်းသံများမှာ မြေအောက်တွင် ပဲ့တင်ထပ်နေပြီး ကောင်းကင်သို့ မြင့်တက်ကာ လေထဲတွင် ပျံ့လွင့်နေသည်။

အား….

ထိုအသံမှာ တိုင်းတာမရနိုင်အောင် ကျယ်‌လောင်လွန်းလှသည်။ မိုးခြိမ်းသံထက်ပင် ကျယ်လောင်ကာ နားထဲ၌ ပေါက်ကွဲအော်မြည်နေသည်။ အားနည်းနေပြီ ဖြစ်သည့် ကျိုးရိဖန်မှာ ချက်ချင်းပင် အသံလှိုင်းကြောင့် သွေးများ အန်ကျလာသည်။ ကျောက်ယမုန့်သည်ပင် တုန်လှုပ်နေသည်။ သူမနှုတ်ခမ်းများကြားမှ သွေးများ စိမ့်ထွက်လာပြီး မျက်နှာများ သွေးရောင်မရှိတော့ပေ။

ကျင့်ကြံခြင်းအဆင့်တက်ထားပြီး ဝိညာဉ်ချီများ ပြည့်နှက်နေသည့် ဝမ်ပေါင်လဲ့သည်ပင် ထိုအသံကျယ်ကြီးကြောင့် နားထဲ၌ တဝီဝီ မြည်သွားသည်။ သူ့ဆီမှ သွေးဆာနေသည့် ကြမ်းတမ်းခြင်းများ ပျံ့ထွက်လာသည်။

သူ့ကိုယ်သူပင် မညှာတာ၊ ရက်စက်သူမှာ ရန်သူကိုမူ ပို၍ အညှာတာကင်းမဲ့ကာ၊ ရက်စက်စွာ ဆက်ဆံလေသည်။

“ ငါမင်းကို ကြောက်မယ်များ ထင်သလား” ဝမ်ပေါင်လဲ့က သစ်ပင်၏ နံရံများကို ဖက်ထားလျက်မှ စူးစိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ သူ့အနားသို့ စိတ်လှုပ်ရှားစွာ ချဉ်းကပ်လာကြစဉ် သူက ထပ်မံ ပြင်းထန်စွာ စုပ်ယူရန် ပြင်လိုက်သည်။ ထိုအချိန်တွင် သူ ရုတ်တရက် ဆွံ့အသွားသည်….

အနက်ရောင် မိုးကြိုးသွားလေးမှာ သူ့ခန္ဓာကိုယ်ထဲ၌ ကြီးထွားနေလေပြီ။ ၎င်းက ဝမ်ပေါင်လဲ့၏ ဆန္ဒကို လျစ်လျူရှုကာ သွေးကြောများဆီသို့ တည့်တည့် စီးဝင်သွားသည်။ ၎င်းက သူ၏ ဝိညာဉ်ချီနှင့် ရောယှက်သွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည့်အလား ပျောက်ကွယ်သွားလေသည်။

“ ထပြီး စုပ်လေ၊ မအိပ်နဲ့”
ဝမ်ပေါင်လဲ့မှာ စိုးထိတ်သွားပြီး ဝါးမျိုခြင်းသစ်စေ့အား အသက်သွင်းရန် ကြိုးစားလိုက်သည်။

ဝါးမျိုခြင်းသစ်စေ့မှာလည်း အလားတူပင် ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ အာနာပါနအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူ အခြေတည်အဆင့်သို့ မဖောက်ထွက်နိုင်မီ အချိန်အထိ ၎င်းသစ်စေ့မှာ အပြည့်အဝ စုပ်ယူပြီး ဖြစ်သောကြောင့် ဆက်လက် စုပ်ယူရန် မလိုအပ်တော့ပေ။ ဝါးမျိုခြင်းသစ်စေ့မှာလည်း လှုပ်ရှားနေခြင်းကို ရပ်တန့်လိုက်ပြီး အနက်ရောင် မိုးကြိုးသွားကဲ့သို့ အိပ်မောကျသွားလေသည်။

ခရမ်းရောင် ပင်လယ်မှာလည်း အလားတူဖြစ်သည်။ ဝမ်ပေါင်လဲ့ မျက်လုံးအတွင်းထဲသို့ ဖြည်းဖြည်းချင်း ပြန်လည် ဆုတ်ခွာသွားကာ တိတ်ဆိတ်သွားလေသည်။

“ ဘာတွေ ဖြစ်ကုန်ကြတာလဲဟ၊ စုပ်တော့လေ”
ဝမ်ပေါင်လဲ့ မျက်နှာမှာ နီရဲလာသည်။ ဝမ်ပေါင်လဲ့၏ စိုးရိမ်တကြီး ဖြစ်နေခြင်းကို ခံစားမိသည့်အလား သူ့ခြင်ကိုးကောင်က ဓါးအိမ်ထဲမှ ပျံထွက်လာပြီး သူ့နားတွင် တဝီဝီ လှည့်ပတ် ပျံသန်းနေကြသည်။

“ ချစ်လှစွာသော ဘိုးဘေးဘီဘင်များ၊ ကျွန်တော့်ကို ဒီလို မရက်စက်ကြပါနဲ့၊ ဘာလို့ ဒီလို အရေးကြီး အခိုက်အတန့်မျိုးမှာမှ တိတ်ကျသွားရတာလဲ။ ရှေ့က ဒီလောက်များလှတဲ့ ဝိညာဉ်ချီတွေကို ကြည့်ပါဦး၊ လာကြ၊ စုပ်ကြပါဦး”
ဝမ်ပေါင်လဲ့မှာ မျက်ရည်အဝဲသားဖြင့် စိတ်ထဲမှ တောင်းပန် တိုးလျှိုးနေမိသည်။

ထိုစဉ် သစ်ပင်ကြီးဆီမှ အော်ညည်းသံများ ပိုမို ပြင်းထန်လာသည်။ သစ်ခေါင်းကြီး တစ်ခုလုံးမှာ ယခင်နှင့် လုံးဝ မတူဘဲ ပြင်းထန်စွာ စတင်လှုပ်ခတ်လာပြီး အယောင်ဆောင် ကျင့်ကြံသူများက သစ်ပင်နံရံများမှ တစ်ယောက်ပြီးတစ်ယောက် ထိုးထွက်လာပြီး ဝမ်ပေါင်လဲ့နှင့် ကျန်နှစ်‌ယောက်ဆီသို့ ပြေးဝင်လာကြသည်။

သေဆုံးခြင်းနှင့် ရက်စက်ကြမ်းကြုတ်ခြင်းတို့၏ ရှေ့မှောက်၌ ဝမ်ပေါင်လဲ့မှာ အဘယ့်ကြောင့် ဆက်လက်စုပ်ယူနိုင်ခြင်း မရှိသည်ကို သေချာ မသိသော်လည်း ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ တစ်ခုခုမှားနေပြီ ဖြစ်ကြောင်း ခံစားမိနေသည်။ သူတို့ကို ဝန်းရံထားကြသည့် ကျင့်ကြံသူများကို ကြည့်လိုက်ပြီးနောက် မျက်နှာများမှာ သွေးဆုတ်သွားကြလေသည်။ သို့တိုင် သူတို့မှာ လက်မလျှော့ကြပေ။ သူတို့အတွက် စကားပြောတိုင်ပင်နေရန် မလိုပေ။ မျက်လုံးချင်း ဆုံသွားကြပြီး တချိန်တည်းမှာပင် နောက်ဆုတ်လိုက်ကြကာ စစ်မြေပြင်အဖြစ် သတ်မှတ်လိုက်ကြသည့် ထောင့်စွန်းတစ်နေရာသို့ စုဝေးလိုက်ကြသည်။

ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းမှာ ပေါက်ကွဲထွက်လာသည်။ ခြင်ကိုးကောင်မှာလည်း ပျံထွက်လာကြပြီး မြင်ကွင်းကို ပိုကျယ်သွားစေသည်။ သူ၏ အာနာပါနအထွတ်အထိပ် ကျင့်ကြံခြင်းအဆင့်နှင့် အပြင်ခန္ဓာတို့မှာ တစ်ခုနှင့် တစ်ခု လိုက်ဖက်ညီစွာ လုပ်ဆောင်နေပြီး တိုက်ရည်ခိုက်ရည်ကို ဆတိုး မြင့်တက်သွားစေသည်။ သူက မိုးကြိုးအလား ကန်ချက်မျိုးနှင့် ရှေ့သို့ တစ်လှမ်းတိုးသွားပြီး သူ့ဆီ ဝင်လာသည့် ပထမဆုံး ကျင့်ကြံသူအား လွင့်ထွက်သွားစေသည်။

“ ယမုန့်၊ ငါ့ကို မန္တန်အစီအရင်နဲ့ ထောက်ပံ့ပေး၊ ရိဖန်၊ မင်းက ငါလွတ်သွားတဲ့ဟာတွေကို တိုက်လိုက်၊ ငါတို့ အစွမ်းကုန် ထုတ်ပြီး တိုက်ကြမယ် ”
ဝမ်‌ပေါင်လဲ့၏ မျက်ဝန်းများမှာ သွေးဆာရက်စက်ခြင်းများနှင့် လင်းလက်နေသည်။ သူပြောလိုက်သည့် အခိုက်အတန့်မှာပင် တိမ်ရေကန် မိုးသစ်တောထဲ၌ ပထမဆုံး အကြိမ်ပေါ်လာဖူးသည့် အငြှိုးကြီးကာ တိုက်ခိုက်လိုစိတ်ပြင်းထန်နေသည့် အငွေ့အသက် နောက်တစ်ကြိမ် ထပ်ပေါ်လာခဲ့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset