Switch Mode

အခန်း (၄၇၁)

ပေါင်လဲ့က လူလိမ္မာလေးတစ်ယောက်ပါ

ဝမ်ပေါင်လဲ့မှာ အင်္ဂါဂြိုဟ်ဘုရင်ခံ၏ အကြောင်းပြန်စာကို စောင့်ဆိုင်းနေခြင်းမရှိဘဲ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးအား ထပ်၍ ဆက်သွယ်လိုက်ပြန်သည်။ သို့သော် မည်သူကမှ သူ့အား ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ကိစ္စများနှင့် ပတ်သတ်လာလျှင် အတွေ့အကြုံ ရင့်သန်နေပြီးသားဖြစ်သောကြောင့် အကြောင်းကြားစာတစ်စောင် ချန်ရစ်ခဲ့လိုက်၏။

” ဂိုဏ်းချုပ်ကြီး။ ဝမ်ပေါင်လဲ့ဆိုတဲ့ ကျနော်က ဂိုဏ်းချုပ်ကြီးကို ဘယ်တော့မှ စိတ်ပျက်အောင်မလုပ်ပါဘူး။ ကျနော် လနဲ့ချီ တံခါးပိတ်ကျင့်ကြံပြီးတော့ အခက်အခဲလုံးဝမရှိဘဲ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့တာမလို့ အခု အမြုတေအဆင့်ကို ရောက်သွားပါပြီ ”

ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားလွန်းနေ၏။ ထို့နောက် သူသည် ပြည်ထောင်စု ဥက္ကဋ္ဌကြီးဆီသို့လည်း နောက်ထပ် အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်သေးသည်။ သူ အမြုတေအဆင့်သို့ ရောက်ရှိသွားသည့် အချက်မှာ အလွန်အင်မတန်မှ အရေးပါသော ကိစ္စကြီးတစ်ခုဖြစ်သောကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ သူ့အတွက် ဂုဏ်ပြုပွဲများ ကျင်းပပေးသင့်ပြီး အရေးပါသော ပုဂ္ဂိုလ်များမှာလည်း သူ့ဆီသို့ ဂုဏ်ပြုလက်ဆောင်များ ပေးပို့ပေးသင့်သည်ဟု ခံစားနေရ၏။ ပဏာမအဆင့်သုံး အရာရှိတစ်ယောက်အား ထိုကဲ့သို့ဆက်ဆံပါမှ လေးစားသမှုရှိရာ ကျပေမည်။

ဝမ်ပေါင်လဲ့မှာ ဘုရင်ခံနှင့် အခြားသူများဆီသို့ အကြောင်းကြားစာများပေးပို့နေစဉ် ဘုရင်‌ခံမှာ အင်္ဂါဂြိုဟ်မြို့တော်ထဲရှိ သူမ၏ ရုံးထဲ၌ ထိုင်နေ၏။ သူမ၏ စားပွဲခုံပေါ်တွင် ကျောက်စိမ်းပေလွှာတစ်ခု ရှိနေပြီး ၎င်းဆီမှ ထွက်ပေါ်နေသည့် ထူးဆန်းသော အလင်းရောင်တစ်ခုမှာ သူမ၏ ခန်ဓာကိုယ်တစ်ခုလုံးကို လွမ်းခြုံထား၏။

ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးနှင့် အခြားတာအိုကျောင်းသုံးကျောင်းမှ ဂိုဏ်းချုပ်ကြီးများမှာလည်း ထိုနည်းတူပင်။ ထိုမျှသာမက လွှတ်တော်အမတ်ခေါင်းဆောင်ကြီးနှင့် အခြားလွှတ်တော်အမတ်အချို့အပြင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုကဲ့သို့သော အခြားနိုင်ငံရေးအင်အားစုများ၏ ကိုယ်စားပြုပုဂ္ဂိုလ်များသာမက စစ်တပ်မှ အဆင်မြင့်အရာရှိကြီးများပင်လျှင် တစ်ပုံစံတည်း ဖြစ်နေကြ၏။ လက်ရှိတွင် ပြည်ထောင်စုကြီးထဲမှ ထိပ်သီးအဆင့် ပုဂ္ဂိုလ်များ၏ ပုံရိပ်များမှာ သူတို့၏ သက်ဆိုင်ရာရုံးခန်းများထဲတွင် ထိုင်ရင်း ပုံစံတူ ကျောက်စိမ်းပေလွှာများထဲမှ ထွက်ပေါ်လာသည့်အလင်းရောင်များ၏ လွှမ်းခြုံခြင်းကို ခံထားရသည်။

ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ အသံလွှင့်အကြောင်းကြားစာကို သတိထားမိလိုက်သည့်တိုင်အောင် ၎င်းအား မဖတ်ရှုနိုင်သေးဘဲ ဖြစ်နေရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိတွင် သူတို့မှာ ထို တမူထူးခြားသော ကျောက်စိမ်းပေလွှာများကို အသုံးပြု၍ ပြည်ထောင်စုထိပ်သီးညီလာခံတစ်ခုကို ကျင်းပနေသောကြောင့်ဖြစ်သည်။

ထိုထိပ်သီးညီလာခံအား ကမ္ဘာပေါ်ရှိ ပြည်ထောင်စုမြို့တော်ကြီးထဲရှိ မိုးထိုးလုမတတ် မြင့်မားနေသော အဆောက်အဦကြီးတစ်ခု၏ ထိပ်ဆုံးအထပ်တွင် ကျင်းပနေခြင်းဖြစ်သည်။ ထိုအဆောက်အဦကြီး ဒီဇိုင်းပုံစံမှာ နေမင်း၊ လမင်းနှင့် ကြယ်တာရာများ ပေါင်းစည်းနေခြင်း ဖြစ်၏။ ထိုအဆောက်အဦးကြီးထဲတွင် ဧရာမ ညီလာခံခန်းမကြီးတစ်ခု ရှိနေသည်။

ထိုခန်းမကြီး၏ ပတ်ပတ်လည်တွင် ရုပ်ထုကြီးကိုးခု ရှိနေကြပြီး ထိုရုပ်ထုကြီး တစ်ခုချင်းစီထဲမှ အားကောင်းသော တိုက်ခိုက်လိုစိတ် အငွေ့အသက်များ ထွက်ပေါ်နေကြ၏။ ထိုရုပ်ထုကြီးများ၏ အလယ်တွင် ဘဲဥပုံသဏ္ဍာန်ရှိသော ဧရာမကျောက်တုံးစားပွဲခုံကြီးတစ်ခုံ ရှိနေသည်။ ထိုစားပွဲခုံကြီး၏ ပတ်ပတ်လည်တွင်မူ အရွယ်အစားကြီးမားသော ကုလားထိုင် တစ်ဒါဇင်ကျော် ရှိနေကြသည်။ ထို ကုလားထိုင်တစ်လုံးချင်းစီပေါ်တွင် ပုံရိပ်ယောင်တစ်ခုစီ ရှိနေကြ၏။

ထိုပုံရိပ်ယောင်များထဲတွင် အင်္ဂါဂြိုဟ်ဘုရင်ခံ၊ တာအိုကျောင်းလေးကျောင်းမှ ဂိုဏ်းချုပ်ကြီးများ၊ လသုံးစင်းမဟာမိတ်အဖွဲ့၏ ကိုယ်စားပြုပုဂ္ဂိုလ်နှင့် လွှတ်တော်အမတ်ခေါင်းဆောင်တို့အပြင် လင်းယုံနှင့် အခြားလွှတ်တော်အမတ်နှစ်ယောက်လည်း ပါ၏။ ထို့အပြင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အကြီးအကဲငါးယောက်၊ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ မဟာအကြီးအကဲကြီးနှင့် ယွီဟွားရှန်ထျန်းဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးတို့လည်း ရှိနေကြသေးသည်။ သို့ဖြစ်ရာ ပြည်ထောင်စုကြီး တစ်ခုလုံးထဲမှ ထိပ်သီးအဆင့် လူပုဂ္ဂိုလ်အများစုမှာ ဤအခန်းထဲ၌ ရှိနေကြ၏။

ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာမူ ပုံရိပ်ယောင်တစ်ခု မဟုတ်ဘဲ လူကိုယ်တိုင် ရှိနေပြီး စားပွဲခုံ၏ အလယ်တွင်ရှိသော ကုလားထိုင်ပေါ်၌ ထိုင်နေ၏။ သူ၏ ခန္ဓာကိုယ်အရွယ်အစားနှင့် ထိုကုလားထိုင်ကြီး၏ အရွယ်အစားမှာ ကိုက်ညီမှုမရှိပါသော်လည်း သူ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်တစ်မျိုးမှာ အခြားသူများ၏ ပုံရိပ်ယောင်များနှင့် အရွယ်အစား အတူတူရှိသော ဓမ္မခန္ဓာကိုယ်ကြီးတစ်ခုကို ဖန်တီးပေးထား၏။ သို့ဖြစ်ရာ သူ၏ အငွေ့အသက်မှာ အခြားသူများထက် ပို၍ အားကောင်းနေသည်။

၎င်းမှာ ပဉ္စမမြောက် ထိပ်သီးညီလာခံဖြစ်သည်။ ထိုညီလာခံအား တစ်ရက်လုံး ကျင်းပနေခဲ့သည်ဖြစ်ပြီး ယခုတွင် ပြီးဆုံးတော့မည်ဖြစ်သည်။ ထိုညီလာခံထဲ၌ အဓိက ဆွေးနွေးခဲ့သည့်အချက်များမှာ ဗုဒ္ဓဟူးဂြိုဟ်ကပ်ဘေးကြီးနှင့် အခြားဂြိုဟ်မှ ကျင့်ကြံသူကြီးသုံးယောက်၏ တည်နေရာနှင့် ပတ်သတ်သည့်အကြောင်းများ ဖြစ်သည်။

သို့သော် ပြည်ထောင်စုကြီးမှာ မည်မျှပင် အင်အားစိုက်ထုတ်၍ ရှာဖွေခဲ့စေကာမူ ထိုကျင့်ကြံသူကြီး သုံးယောက်အား အစအနပင် ရှာမတွေ့နိုင်ဘဲ ဖြစ်နေရ၏။ ထိုကိစ္စနှင့် ပတ်သက်၍ အတွေးအမြင် အမျိုးမျိုး ရှိနေကြပါသော်လည်း သဘောတူညီချက်တစ်ခု မချမှတ်နိုင်ခဲ့ပေ။ ပြည်ထောင်စုကြီး အသုံးပြုထားသည့် အဆင့်မြင့်ကာကွယ်ရေးပစ္စည်းများနှင့် နေအဖွဲ့အစည်းတစ်ခုလုံးထဲ၌ ဖြန့်ကြက်ထားသည့် မန္တန်အစီအရင်များကြောင့် စွမ်းအင်အမြောက်အမြား ကုန်ခန်းနေရပြီဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းခေတ် အစောပိုင်းတွင်သာ ရှိနေသေးသောပြည်ထောင်စုကြီးအတွက်မူ ယခုကဲ့သို့ ဆက်ဖြစ်နေမည်ဆိုပါက အခြေအနေများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အခက်တွေ့လာရမည် ဖြစ်သည်။

ညီလာခံကြီး ပြီးဆုံးခါနီးအချိန်သို့ရောက်လာချိန်တွင် သဘောတူညီချက်တစ်ခုကို ချမှတ်လိုက်ကြ၏။ ထိုအချိန်တွင် ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်မှာ ချောင်းဟန့်လိုက်သောကြောင့် သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် လူတိုင်းမှာ သူတို့၏ ဆွေးနွေးငြင်းခုံမှုများကို ရပ်တန့်လိုက်ကြပြီး သွမ့်မုချွယ်အား မော့ကြည့်လိုက်ကြတော့သည်

” အစ်ကိုကြီး မော့ကောင်းကျိက နေအဖွဲ့အစည်းတစ်ခုလုံးကို ရှာပြီးသွားပြီ။ ပြည်ထောင်စုကြီးရဲ့ မန္တန်အစီအရင်ကြီးကိုလည်း တစ်ချိန်လုံးဖွင့်ထားခဲ့တာ။ အဲ့တာတောင် ငါတို့က ဘာသဲလွန်စကိုမှ ရှာမတွေ့သေးဘူး။ အစ်ကိုကြီး မော့ကောင်းကျိရဲ့ သုံးသပ်ချက်အရဆိုရင် အဲဒီ ကျင့်ကြံသူကြီးသုံးယောက်က သေရင်သေ၊ မသေသေးရင် ငါတို့မသိတဲ့ နည်းလမ်းတစ်ခုခုနဲ့ နေအဖွဲ့အစည်းထဲကနေ ထွက်ခွာသွားပြီပဲ ” သွမ့်မုချွယ်၏ စကားသံမှာ ညီလာခံခန်းမထဲ၌ ပဲ့တင်ထပ်သွား၏။

” သူတို့သုံးယောက် သေဆုံးသွားတဲ့ ဖြစ်နိုင်ခြေက နည်းတော့နည်းပေမဲ့ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရဘူး။ ဒီ နေအဖွဲ့အစည်းထဲမှာ ငါတို့ နားမလည်သေးတဲ့ အရာတွေနဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားတွေ ရှိနေသေးတယ်လေ ”

” သူတို့တွေ နေအဖွဲ့အစည်းက ထွက်ခွာသွားတဲ့ ဖြစ်နိုင်ခြေကတော့ ပိုပြီးတော့ များတယ်။ တကယ်လို့ အဲလိုသာဆိုရင်တော့ ငါတို့တွေက အနာဂတ်မှာ ပိုပြီးတော့ ကြောက်ဖို့ကောင်းတဲ့ အန္တရာယ်တွေနဲ့ ကြုံရင်ကြုံလာရနိုင်တယ် ”

” ဘယ်လိုပဲဖြစ်ဖြစ် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကို ဆက်ပြီးတော့ဖွင့်ထားဖို့ လိုတော့မှာမဟုတ်ဘူး။ ဒါပေမဲ့ ဗုဒ္ဓဟူးဂြိုဟ်ကပ်ဘေးကြီးကနေ ရခဲ့တဲ့ သင်ခန်းစာကြောင့် ဂြိုဟ်တစ်လုံးချင်းစီရဲ့ မဟာမန္တန်အစီအရင်ကြီးတွေကိုတော့ တစ်ချိန်လုံးဖွင့်ထားသင့်တယ် ” သွမ့်မုချွယ်မှာ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ဆိုလိုက်၏။ ထို့ကြောင့် သူ၏ အတွေးများကို ခန့်မှန်းကြည့်၍ မရနိုင်ပေ။ သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည်လူများမှာ အတွေးများထဲတွင် နစ်မျောနေကြသည့်ပုံ ပေါက်နေကြပါသော်လည်း မည်သူကမှ စကားတစ်ခွန်းတလေပင် ထမပြောပေ။

ထို့ကြောင့် သူသည် သူတို့အားလုံးကို ဖျတ်ခနဲကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို ရယ်မောလိုက်၏။ အချို့သောအရာများကို ထုတ်မပြောလျှင်တောင် ဤအခန်းထဲ၌ ရှိနေကြသည်လူများမှာ သိထားကြမည်သာဖြစ်ကြောင်း သူက ယုံကြည်ထား၏။ သူတို့အားလုံးမှာ ဝါရင့်မဟာဗျူဟာရှင်များ ဖြစ်နေကြသည်မဟုတ်ပါလော။

သွမ့်မုချွယ်မှာ မဟာမန္တန်အစီအရင်ကြီးများကို ရပ်တန့်ကာ အန္တရာယ်များကိုလျှော့ချရန် ပြင်ဆင်ထားသည့်ပုံ ပေါက်နေ၏။ သို့သော် သူသည် နှစ်ပေါင်းများစွာတိုင်အောင် သူ့အပေါ် သဘောကောင်းခဲ့သည့် အစ်ကိုကြီး မော့ကောင်းကျိနှင့် နှစ်ယောက်တည်း ဆွေးနွေးထားပြီးသားဖြစ်သည်။ သူတို့မှာ ထိုကျင့်ကြံသူကြီး သုံးယောက်ကို အပြင်ဘက်သို့ မျှားထုတ်နိုင်ရန်အလို့ငှာ ထိုနည်းလမ်းအား အသုံးပြုရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။ သူတို့မှာ ထိုကျင့်ကြံသူများ ပြန်လည်ပေါ်ပေါက်လာသည့် အချိန်အထိ စောင့်ဆိုင်းရန် စီစဉ်ထားကြ၏။ ထို့ကြောင့် မော့ကောင်းကျိ၏ ရှာဖွေမှုမှာ ပြီးဆုံးသွားဦးမည်မဟုတ်ပေ။

သို့သော် သူသည် ပြည်ထောင်စုကြီးထဲ၌ လူသားမျိုးနွယ်တစ်ခုလုံးကို သစ္စာဖောက်မည့် လူများ ရှိနေနိုင်မည် မဟုတ်ကြောင်း ယုံကြည်ထားပါသော်လည်း သူတို့ထဲတွင် ထိုကျင့်ကြံသူကြီးသုံးယောက်နှင့် ပူးပေါင်းကြံစည်နေသည့်လူများ ရှိနေမည်ကို စိုးရိမ်သောကြောင့် သတိကြီးကြီးထားနေ၏။ ထို့ကြောင့် သူသည် သူ၏ အစီအစဉ်များအား မည်သူ့ကိုမှ အသေးစိတ် မရှင်းပြခဲ့ပေ။ အမှန်တွင်သူသည် ပို၍ပင် အဆင့်အတန်းမြင့်မားသော ကာကွယ်ရေးပစ္စည်းများကို တိတ်တိတ်ကလေး တပ်ဆင်ထားခဲ့သေးသည်။

သွမ့်မုချွယ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် မတ်တတ်ထကာ ထိပ်သီးညီလာခံအား အဆုံးသတ်ရန် ပြင်လိုက်၏။ ထိုအချိန်တွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အလွန်အင်မတန်မှ ရုပ်ရည်ချောမောသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်မှာ ရုတ်တရက်ဆိုသလို ရယ်မောကာ ဆိုလိုက်၏။

” ရဲဘော်ကြီး သွမ့်မုချွယ်။ အရေးကြီးကိစ္စတွေကို ဆုံးဖြတ်ပြီးသွားတဲ့အပြင် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကိုလည်း ရပ်တော့မှာဆိုတော့ အရာအားလုံး ပုံမှန်အတိုင်းဖြစ်သွားတော့မှာပါ။ အဲ့တာမလို့ ကျနော်တို့တွေ အင်္ဂါဂြိုဟ်မြို့တော်အသစ်ကို အဆင့်မြှင့်တင်မယ့်အကြောင်း ဆွေးနွေးရအောင်လား ” ထိုသို့ဆိုလိုက်သူမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုထဲမှ ချန်းမိသားစု၏ ခေါင်းဆောင်ကြီးဖြစ်သော ချန်းမု၏ဖခင်ဖြစ်သည်။

သူ ထိုသို့ဆိုလိုက်သည်နှင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုထဲမှ အခြားမျိုးနွယ်စုခေါင်းဆောင်ကြီးများမှာလည်း ခေါင်းညိတ်လိုက်ကြ၏။ အထူးသဖြင့် ကျိုးမိသားစုခေါင်းဆောင်ကြီးမှာဆိုလျှင် ပြုံးကာဆိုလိုက်သည်။

” အင်္ဂါဂြိုဟ်မြို့တော်အသစ်က အရမ်းကို အရေးပါပေမဲ့ လက်ရှိ သူ့ရဲ့အရွယ်အစားနဲ့ဆိုရင် နတ်ဘုရားလက်နက်ကြီးကို တူးထုတ်ဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ လုံခြုံရေးအပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်ချက်တွေရှိနေသေးတယ်။ အဲ့တာမလို့ အဲဒီမြို့တော်ကို အထူးဒေသမြို့တော်တစ်ခုအဖြစ် အဆင့်မြှင့်တင်မယ့် အစီအစဉ်ကို ကျနော် သဘောတူပါတယ် ”

ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကိုယ်စားပြု ပုဂ္ဂိုလ်များ တစ်ယောက်ပြီးတစ်ယောက် သဘောတူစကားများ ဆိုလိုက်ကြပြီးနောက် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ မဟာအကြီးအကဲကြီးမှာလည်း မပွင့်တပွင့် ပြုံး၍ ခေါင်းညိတ်ကာ ဆိုလိုက်၏။

” ဆည်းစာကြယ်စင်စုဂိုဏ်းကလည်း ဒီကိစ္စကိုထောက်ခံပါတယ် ”

ခဏအကြာတွင် ယွီဟွားရှန်ထျန်းဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာလည်း သူ၏မေးစေ့ကို ပွတ်လိုက်၏။ သူသည် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုအား စိုက်ကြည့်လိုက် တာအိုကျောင်းလေးကျောင်းအား စိုက်ကြည့်လိုက် လုပ်နေပြီးနောက် ထိုအဆိုပြုချက်ကို ထောက်ခံလိုက်တော့သည်။

လသုံးစင်း မဟာမိတ်အဖွဲ့မှာ ဝင်ရောက်စွက်ဖက်ခြင်း မရှိသလို လွှတ်တော်ဘက်မှလည်း ထိုနည်းတူပင်။ လင်းယုံကမူ မျက်မှောင်ကြုတ်ကာ မျက်လုံးများမှေးသွားပြီး ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီး ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။

ထိုအခါ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီး၏ အမူအရာမှာ အနည်းငယ်ခန့် အထူးတဆန်းဖြစ်နေသည်ကို သူက မြင်လိုက်ရ၏။ သူသည် တစ်ခုခုကို ဖတ်နေသည့်ပုံဖြင့် ခေါင်းငုံ့ထားနေခြင်း ဖြစ်သည်။ အခြားတာအိုကျောင်းသုံးကျောင်းမှာမူ…. သမင်ဖြူတာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ စကားတစ်ခွန်းမှမပြောဘဲ နှာမှုတ်လိုက်၏။ မြို့တော်အသစ်အား အဆင့်မြှင့်တင်မည့်ကိစ္စမှာ စတင်သွားပြီဖြစ်သည်။ နိုင်ငံရေးအင်အားစုအသီးသီးမှာ ထိုကိစ္စနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခု ချမှတ်ထားပြီးသားမဟုတ်ပါလော။ ထို့အပြင် သူတို့မှာ အသစ်ပေါ်ပေါက်လာမည့် အထူးဒေသမြို့တော်ထဲမှ ရာထူးအမျိုးမျိုးကိုလည်း ခွဲဝေယူထားကြပြီးသားဖြစ်သည်။ အကယ်၍ အခြားဂြိုဟ်မှ ကျင့်ကြံသူကြီး သုံးယောက်သာ ပေါ်ပေါက်လာခဲ့ခြင်းမရှိပါက ထိုကိစ္စကြီးမှာ ပြီးစီးနေလောက်ပြီဖြစ်သည်။

အင်္ဂါဂြိုဟ်ဘုရင်ခံပင်လျှင် ခံစားချက်မရှိသော မျက်နှာအမူအရာဖြင့် ထိုင်နေ၏။ သို့သော် မကြာသေးမီတုန်းက သူမ ခေါင်းငုံ့သွားခဲ့သည်ကိုမူ မည်သူကမှ သတိမထားမိလိုက်ပေ။ သူမသည် သူမ၏ အသံလွှင့်လက်စွပ်အား တစ်ချက်ငုံ့ကြည့်ခဲ့သည့်ပုံပင်။

နောက်ဆုံးတွင် အဖွဲ့အစည်းအများစုမှာ ထောက်ခံသွားကြပြီဖြစ်သောကြောင့် အင်္ဂါဂြိုဟ်မြို့တော်အသစ်အား အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်တော့သည်။ သွမ့်မုချွယ်မှာလည်း ထိုအဆိုပြုချက်အား ကန့်ကွက်ခြင်းမရှိဘဲ သူ၏ ဓမ္မခန္ဓာကိုယ်ကြီး၏ မျက်ဝန်းများထဲမှ မရိုးမသား အကြည့်များကိုသာ ဖုံးကွယ်ထားလိုက်၏။

” အထူးဒေသမြို့တော်ကိစ္စကို ဆုံးဖြတ်ပြီးသွားပြီဆိုတော့ နောက်ထပ်ဆုံးဖြတ်ရမယ့်ကိစ္စက အဲဒီမြို့တော်ရဲ့ မြို့တော်သခင်ကို ရွေးချယ်ဖို့ပဲ ” စကားတစ်ခွန်းမှ ဝင်မပြောခဲ့သော အင်္ဂါဂြိုဟ်ဘုရင်ခံက ရုတ်တရက် ဆိုလိုက်၏။

” မြို့တော်သခင်နေရာမှာ တာဝန်ထမ်းဆောင်မယ့်လူက အေးဆေးတည်ငြိမ်မှုရှိပြီးတော့ အမြုတေအဆင့်မှာ ရှိနေမှဖြစ်မယ်။ ဝမ်ပေါင်လဲ့အတွက်တော့ စိတ်မကောင်းစရာပဲ။ သူက လူလိမ္မာလေးတယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အမြုတေအဆင့်မှာ ရှိမနေဘူးလေ ” ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျိုးမိသားစုခေါင်းဆောင်ကြီးမှာ ခေါင်းယမ်းကာ သက်ပြင်းချ၍ ဆိုလိုက်၏။

” ကျုပ်တို့တွေက အသက်ကြီးနေပြီဆိုပေမယ့် ပြည်ထောင်စုကြီးကို ကူညီထောက်ပံ့ပေးပြီးတော့ နောက်လာမယ့် မျိုးဆက်သစ်တွေကို ထူးချွန်ထက်မြက်လာအောင် အချိန်ပေးဖို့လိုတယ်။ အထူးသဖြင့် ဝမ်ပေါင်လဲ့လို တက်လမ်းတွေအများကြီးရှိတဲ့ ကလေးတစ်ယောက်အတွက်ဆိုရင် ပိုလို့တောင် လိုသေးတာပေါ့။ ကျုပ်တို့တွေက သူ့ရဲ့ အဖိုးတန် အချိန်တွေကို ဖြုန်းတီးပစ်လို့ ဘယ်ဖြစ်ပါ့မလဲ ”

သူတို့မှာ ထိုကဲ့သို့ ကြောင်သူတော်စကားများပြောနေကြစဉ် ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ ရုတ်တရက်ဆိုသလို စားပွဲခုံအား လက်ဝါးဖြင့် ရိုက်ကာ အသံကုန် အော်ဟစ်လိုက်၏။

” ဝမ်ပေါင်လဲ့က ပြည်ထောင်စုကြီးနဲ့ အင်္ဂါဂြိုဟ်အတွက် အများကြီး ကူညီထောက်ပံ့ပေးခဲ့တာကို ဘယ်သူမှ ငြင်းလို့မရဘူး။ သူက အင်္ဂါဂြိုဟ်မြို့တော်အသစ်ကို သုညကနေ စပြီးတော့တည်ဆောက်ခဲ့တာ။ အဲ့တာမလို့ ပြည်ထောင်စုကြီးက ခြွင်းချက်တစ်ခု သတ်မှတ်ပေးပြီးတော့ ဝမ်ပေါင်လဲ့ကို အထူးဒေသမြို့တော်ရဲ့ မြို့တော်သခင်အဖြစ် သတ်မှတ်ပေးဖို့ ကျနော် တောင်းဆိုပါတယ် ”

” အခုလိုကြီး ဒေါသထွက်နေဖို့ မလိုပါဘူး ကောင်းကင်တာအိုကျောင်းဂိုဏ်းချုပ်ကြီးရယ်။ ဝမ်ပေါင်လဲ့က ဘယ်သူနဲ့မှ မတူလောက်အောင် အရည်အချင်းရှိတာကို ကျုပ်လည်း သဘောတူပါတယ်။ ဒါပေမဲ့ စည်းကမ်းက စည်းကမ်းပဲလေ။ အခုလို လွယ်လွယ်နဲ့ ချိုးဖောက်ပစ်လို့ ရမလားဗျ။ တကယ်လို့ ဝမ်ပေါင်လဲ့သာ အမြုတေအဆင့်မှာ ရှိနေမယ်ဆိုရင် ကျနော်ကလည်း သူ့ကို ထောက်ခံပေးမှာပါ။ ဒါပေမဲ့ အင်္ဂါဂြိုဟ်အထူးဒေသမြို့တော်က နတ်ဘုရားလက်နက်နဲ့ ပတ်သတ်နေတာဆိုတော့ ပေါ့ပေါ့တန်တန် သဘောထားရမယ့် ကိစ္စမဟုတ်ဘူး။ အဲ့တာမလို့ ဂိုဏ်းချုပ်ကြီးရဲ့ ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက်တွေကြောင့် ပြည်ထောင်စုကြီး ကောင်းစားမယ့် ဆုံးဖြတ်ချက်တွေကို ထိခိုက်သွားအောင် မလုပ်ဖို့ အကြံပေးပါရစေ ” ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ချန်းမိသားစု ခေါင်းဆောင်ကြီးမှာ တည်ကြည်စွာဆိုလိုက်၏။ သူ၏ စကားသံမှာ အကျယ်ကြီးမဟုတ်ပါသော်လည်း သူ၏ စကားလုံးများထဲ၌ တင်းမာခက်ထန်သော အငွေ့အသက်များ ကိန်းအောင်းနေသည်ကို အထင်အရှားမြင်နိုင်ပေသည်။

” ခဗျား… ” ထိုအခါ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ မျက်နှာပျက်သွားကာ ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ ထို့နောက် သူသည် မည်သည့်စကားမှ ပြန်မပြောနိုင်တော့တော့ကြောင့် လက်သီးများ ဆုပ်လိုက်ရတော့သည်။

” ကောင်းကင်တာအိုကျောင်းက ဂိုဏ်းချုပ်ကြီးရဲ့ ခံစားချက်ကို ကျနော်နားလည်ပါတယ်။ ဝမ်ပေါင်လဲ့က အဲဒီရာထူးအတွက် အသင့်တော်ဆုံးဆိုပေမဲ့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က သတ်မှတ်ချက်တွေနဲ့မှ မပြည့်မီတာ။ ပြီးတော့ ပြည်ထောင်စုကြီးရဲ့ ဥပဒေအရဆိုရင် အထူးဒေသမြို့တော်တစ်ခုရဲ့ မြို့တော်သခင်က လွှတ်တော်နဲ့ပါ ပူးပေါင်းရမှာ။ အဲ့တာမလို့ သူက အနည်းဆုံး ဒုပဏာမအဆင့်နှစ် အရာရှိတစ်ယောက်ဖြစ်နေဖို့လိုတယ်။ အဲ့လို အရာရှိတစ်ယောက် ဖြစ်နေဖို့ကလည်း အမြုတေအဆင့်မှာ ရောက်နေဖို့လိုတယ်လေ ” ဘေးတွင်ထိုင်နေသော ဆည်းဆာကြယ်စင်စုဂိုဏ်းမှ မဟာအကြီးအကဲကြီးမှာ ခေါင်းယမ်းကာ သက်ပြင်းချ၍ ဝင်ပြောလိုက်၏။

” အဲ့တာ အမှန်ပါပဲ ”

ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၊ ဆည်းစာကြယ်စင်စုဂိုဏ်းနှင် အခြားထောက်ခံသူများမှာ သက်ပြင်းချလိုက်ကြ၏။ အထူးသဖြင့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကြောင်သူတော်များမှာဆိုလျှင် သနားချင်ယောင် ဆောင်နေကြသည်။

သူတို့မှာ မြို့တော်သခင်အသစ်အား မည်သူမည်ဝါဖြစ်ကြောင်း ကြေညာရန် ပြင်လိုက်စဉ်မှာပင် ဘေးတွင်ရပ်နေသော အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ခံစားချက်မရှိသော မျက်နှာအမူအရာဖြင့် တည်ကြည်စွာ ဆိုလိုက်၏။

” ကျမ အခုလေးတင်ပဲ သတင်းတစ်ခု ရတယ်။ ဝမ်ပေါင်လဲ့က ဒီရာထူးအတွက် အသင့်တော်ဆုံးလို့ ရှင်တို့က သဘောတူထားပေမယ့် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က လုံလောက်မှုမရှိသေးလို့သာ သူ့ကို မရွေးတာမလား။ အခု သူက တံခါးပိတ်ကျင့်စဉ်ထဲကနေ ပြန်ထွက်လာပြီတဲ့။ ပြီးတော့ သူက… အမြုတေအဆင့်ကို ရောက်သွားပြီတဲ့ “

Comment

Leave a Reply

Options

not work with dark mode
Reset