Switch Mode

အခန်း (၃၃)

ကိုယ့်ပါး ကိုယ်ရိုက်ခြင်း

အပိုင်း(၃၃) ကိုယ့်ပါး ကိုယ်ရိုက်ခြင်း

ရှောင်ရှန်း၏ ထိန်းချုပ်မှုအောက်တွင် နေသူတော်စင်ရုပ်သေးရုပ်က လက်နှစ်ဖက် ဆန့်ထုတ်ကာ အရိပ်တစ်ခုသဖွယ် ရှေ့သို့ ပျံသန်းသွားသည်။

အနောက်ယွန်းယွန်းသို့ ငုတ်လျှိုးတော့မည့် နေဝန်းပမာ နောက်ဆုံး ကျန်ရှိသော အလင်းရောင်က ထောင်ပေါင်းများစွာသော နေဝင်ချိန်ရှု့ခင်းအမျိုးမျိုးကို ပြသနေသည်။ ထိုနေဝင်ချိန်ရှု့ခင်းများသည် တစ်ချိန်နှင့် တစ်ချိန် ခန့်မှန်း၍ မရနိုင်အောင် လှပနေကာ ပျောက်ကွယ်သွားသည့်အတွက် ဝမ်းနည်းစရာလည်း ကောင်းသည်။

ဆည်းဆာတစ်ထောင် ပုံရိပ်ယောင် လက်ဝါး……

၎င်းသည် နေသူတော်စင်ဂိုဏ်း တိုက်ရိုက်တပည့်များသာ သင်ယူနိုင်သော သိုင်းပညာတစ်ရပ်ဖြစ်ပြီး နေသူတော်စင်ဂိုဏ်း၏ မဟာနေခုနစ်စင်းသိုင်းပညာရပ်များအနက် ချောင်ယွမ်လုံ အသုံးပြုခဲ့သော ကောင်းကင်နတ်ဘုရားလက်ဝါးနှင့်အတူ ပါဝင်နေသည်။

၎င်းသည် နေသူတော်စင်ဂိုဏ်း၏အကျော်ကြားဆုံး သီးသန့် သိုင်းပညာရပ် အနည်းစုမှ တစ်ခု ဖြစ်သည်။

ထိုသိုင်းပညာကို နှစ်ပေါင်းများစွာ ကျင့်ကြံပြီးနောက် ရှောင်ရှန်းသည် ၎င်း၏အနှစ်သာရ အစစ်အမှန်ကို နက်နက်ရှိုင်းရှိုင်း နားလည်နေလေပြီ။

သူ့ထက် ကျင့်ကြံမှု သာလွန်သော စီနီယာမျိုးဆက်မှ သိုင်းကျင့်ကြံသူများပင် ထိုသိုင်းပညာအပေါ် နားလည်မှုနှင့် အသုံးချနိုင်မှုတို့၌ သူ့အား မယှဉ်နိုင်ပေ။

ရှောင်ရှန်း၏ ကြယ်တာရာချီ သက်ရောက်မှုအောက်တွင် ရုပ်သေးရုပ်သည် သက်ရှိ ကျင့်ကြံသူတစ်ယောက်နှင့် ဆင်တူလာပြီး ထိုသိုင်းပညာတွင် ပါဝင်သော အလှည့်အပြောင်းများ၊ အချိုးအကွေ့များကို အညက်ညောဆုံးပုံစံအထိ ထုတ်ဖော်နိုင်လေသည်။

“ရုပ်သေးရုပ်ကိုတောင် ဒီလောက်အထိ ထိန်းချုပ်နိုင်ရင် ရှောင်ရှန်းကိုယ်တိုင်သာ ထုတ်ဖော်အသုံးပြုရင် ဘယ်လောက်တောင် ကြမ်းလိုက်မလဲ”

ကြည့်ရှု့နေသော ဝါဒတောင်ဂိုဏ်းသားအုပ်စုသည် ပါးစပ်များထဲမှ ခါးသက်လာသလို လက်ဖဝါးများတွင်လည်း ချွေးများစို့လာသည်။

ရန်ကျောက်ကဲက နေသူတော်စင်ရုပ်သေးရုပ်ကို တစ်ကြိမ်မျှ မကြည့်ခဲ့ပေ။ သူ့မျက်လုံးများက ရုပ်သေးရုပ်အား ထိန်းချုပ်နေသော ရှောင်ရှန်း၏လက်ကိုသာ အာရုံစိုက်နေသည်။

ကြမ်းတမ်းခက်ထန်စွာ ချင်းနင်းဝင်ရောက်လာသော ရန်သူကို ရင်ဆိုင်ရန် လူကြီးမင်းဒေါင်ရုပ်သေးရုပ်က နည်းနည်းလေးမျှ မတုံ့ဆိုင်းပေ။ သူ့လက်ထဲမှ သစ်သားဓားတိုဖြင့် ခုတ်ချလိုက်သည်။

ကြည့်ရှု့နေသူများ၏ ရှေ့တွင် မူလက အသက်မဲ့နေသော ရုပ်သေးရုပ်က မိုးနဂါးတစ်ကောင်ကဲ့သို့ ကောင်းကင်သို့ ပျံတက်သွားပြီး ဝင်လုလုဆဲ နေ၏ အလင်းရောင်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်အလွှာများစွာကို ဖျက်စီးပစ်သည်။

မိုးပြာရောင်အလင်းတန်းတစ်ခု လူးကာ လွန့်ကာ လှုပ်ရှားနေသည်။ တကယ့် ချပ်ဝတ်နဂါးတစ်ကောင်နှင့်  ဆင်တူသော ထိုမိုးပြာရောင်အလင်းတန်းက တလကြမ်း မွှေနှောက် ဖျက်စီးနေပြီး ကောင်းကင်အောက်တွင် ပြိုင်ဘက်ကင်းလေသည်။

အလွှာပေါင်းများစွာသော ပုံရိပ်ယောင်များက အိမ်မက်များအလား ရုတ်ချည်း ပျောက်ကွယ်သွားသည်။

လူကြီးမင်းဒေါင် လက်ထဲရှိ သစ်သားဓားသည် ဓားတိုတစ်ချောင်းသာ ဖြစ်သော်လည်း ရန်ကျောက်ကဲက ထိုဓားတိုကို ဓားရှည်တစ်ချောင်းကဲ့သို့ အသုံးပြုနေလေသည်။ ပုံသဏ္ဌာန် ကွဲပြားမှုက သူ့ဓားသိုင်း၏ စွမ်းပကားကို မကန့်သတ်နိုင်ပါ။ အင်္ကျီလက်အိုးထဲမှ မိုးပြာရောင်နဂါးသိုင်း၏  ဓားကွက်များက အထွတ်အထိပ်ပုံစံဖြင့် လှုပ်ရှားနေပြီး ရှောင်ရှန်း၏ ဆည်းဆာတစ်ထောင် ပုံရိပ်ယောင်လက်ဝါးများကို ပျောက်ကွယ်သွားစေခဲ့သည်။

ဤသည်ကို မြင်သောအခါ ဝါဒတောင်ဂိုဏ်း၏တပည့်များ ဝမ်းမြောက်ဝမ်းသာဖြင့် အားပေးလိုက်ကြသည်။

ရှောင်ရှန်း၏ နှုတ်ခမ်းထောင့်မှ ရက်စက်သော အပြုံးတစ်ခုသဖွယ် တွန့်ကွေးသွားသည်။
“ငါက ခွန်အားကိုပဲ အားကိုးတတ်တဲ့ ချောင်ယွမ်လုံလို ငပိန်းများ ထင်နေလား”

ထိုသို့ ပြောပြီး ရုပ်သေးရုပ်ကို ထိန်းချုပ်ထားသော ရှောင်ရှန်း၏လက်က ပိုမို ရှုပ်ထွေး၊ တိကျလာသည်။ မရေမတွက်နိုင်သည့်အပြင် သိမ်မွေ့သော အပြောင်းအလဲများဖြင့် ဆည်းဆာတစ်ထောင် ပုံရိပ်ယောင်လက်ဝါးများသိုင်း၏ နေဝင်ချိန် အကြွင်းအကျန် အလင်းများ ထပ်မံ ထွက်ပေါ်လာသည်။

သူ့ကြယ်တာရာချီ၏ ထိန်းချုပ်မှုအောက်တွင် နေသူတော်စင်ရုပ်သေးရုပ်က နေဝင်ချိန် တောက်ပနေသကဲ့သို့ အလင်းရောင်များ စတင် ဖြန့်ကျက်လာပြီး လူကြီးမင်းဒေါင် ရုပ်သေးရုပ်ကို နောက်တစ်ကြိမ် လွှမ်းခြုံသွားသည်။

ဤတစ်ကြိမ် ထိုပုံရိပ်ယောင်အလင်းများက  အမျိုးမျိုးသော အပြောင်းအလဲများဖြင့် ခန့်မှန်း၍ မရနိုင်အောင် လှပပြီး  ဝမ်းနည်းစရာကောင်းသည့်အပြင်   အဖော်မဲ့အထီးကျန်သော ခံစားချက်ကိုလည်း ထုတ်လွှတ်လျက် ရှိသည်။

အနောက်ဘက်တောင်တန်းများ အလွန်သို့ နေဝင်သွားချိန်တွင် ကုန်းမြေကြီးတစ်ခုလုံးမှာ အမှောင်ထုအတွင်း ချင်းနင်းဝင်ရောက်ရန် ပြင်ဆင်နေပြီး  နောက်ဆုံးကျန်ရှိသော နေရောင် အရိပ်အငွေ့များသည် ကောင်းကင်၏ အနားသတ်၌သာ ဆက်လက်ကျန်ရှိနေသည်။

သို့သော် လူဘယ်လောက်က ၎င်းတို့ကို ဆက်ရှိချင်သည်ဖြစ်စေ လူဘယ်လောက်က ၎င်းတို့ကို လက်လွှတ်လိုသည်ဖြစ်စေ အားလုံး အချည်းနှီးသာဖြစ်သည်။

သွားတော့မည့်အရာက နောက်ဆုံးတွင် သွားရမည်ဖြစ်သည်။

ထိုခဏတွင် ရှောင်ရှန်းသည် ဆည်းဆာတစ်ထောင် ပုံရိပ်ယောင်လက်ဝါးသိုင်းကို အလွန် နက်နဲသောအဆင့်အထိ ပြသနေပြီး ၎င်းတို့၏ တကယ့် အနှစ်သာရကို အဆုံးစွန်ဆုံးအထိ ထုတ်ဖော်နေလေသည်။

ထိုဝင်လုလုနေ၏ နောက်ဆုံးကျန်ရှိသော အလင်းများက အထီးကျန် လှောင်ချိုင့် တစ်ခုအလား လူကြီးမင်းဒေါင် ရုပ်သေးရုပ် ပတ်လည်တွင် ဝန်းရံပိတ်ဆို့ထားသည်။

ရန်ကျောက်ကဲ၏ အင်္ကျီလက်အိုးထဲမှ မိုးပြာရောင်နဂါးသိုင်းပညာဖြင့် သစ်သားဓားသည် မိုးပြာရောင်နဂါးတစ်ကောင်အလား ကောင်းကင်သို့ အတားအဆီးမရှိ ပျံသန်းသွားသည်။

သို့သော် ဤတစ်ကြိမ်၌ ရန်ကျောက်ကဲသည် အနောက်ဘက်တောင်တန်းများ အလွန်သို့  ဆင်းသက်သွားသော နေမင်းကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေရုံသာ တတ်နိုင်တော့သည်။ မိုးကောင်းကင်ထဲရှိ ဤသဘာဝဖြစ်စဉ်ကို ပြန်လှန်မပြောင်းလဲနိုင်ဘဲ ရှိနေသည်။

နောက်ဆုံးကျန်ရှိသော ဆည်းဆာအငွေ့အသက်များနှင့်အတူ မိုးပြာရောင်ဓားအလင်းက ရုတ်ချည်း ပျောက်ကွယ်သွားသည်။ လူတိုင်း၏မျက်စိရှေ့တွင် တိုက်ခိုက်နေသော ရုပ်သေးရုပ်နှစ်ရုပ်ကို အမှောင်ထုက ရုတ်တရက် ဝါးမြိုသွားသည်။

ရှောင်ရှန်း ရယ်မောလိုက်သည်။ “ရှုံးမယ့်လူက နောက်ဆုံးတော့ ရှုံးမှာပါပဲ”

“အတိတ်ကို ပြန်တွေးပြီး ပျော်မွေ့နေတာက လုံးဝ အကျိုးမဲ့တာပါပဲ”

သူ့ ကြယ်တာရာချီ တုန်ခါသွားသည်။ ထို့နောက် ပရိသတ်များ မြင်လိုက်ရသည်ကား နေသူတော်စင်ရုပ်သေးရုပ်၏ လက်နှစ်ဖက်စလုံးမှာ လူကြီးမင်းဒေါင်ရုပ်သေးရုပ်၏ သေကွင်းသေကွက်နေရာဖြစ်သော ရင်ဘတ်သို့  တန်းတန်းမတ်မတ် ဝင်ရောက်နေပြီ ဖြစ်သည်။

“အာ……” ထိုမြင်ကွင်းကို ကြည့်ပြီး ရန်ကျောက်ကဲ၏မျက်လုံးထဲ၌ အေးစက်သောအလင်းတစ်ချက် အရောင်လက်သွားသည်။

ထိုအချိန်တွင် လူကြီးမင်းဒေါင်ရုပ်သေးရုပ်၏ခန္ဓာကိုယ်တစ်ခုလုံး ရုတ်ချည်း တွန့်လိမ်သွားသည်။ သူ့လက်ကောက်ဝတ်က ရုတ်တရက် လှုပ်ရှားသွားသည်။

သစ်သားဓားတိုကို ပြန်ခေါ်လိုက်ပြီး သစ်သားရုပ်၏လက်ထဲသို့ ပြန်ရောက်သွားသည်။

ထိုအခိုက်တွင် ဓားတိုသည် သူ၏ထက်မြမှုကို အပြည့်အဝ ဖော်ထုတ်နိုင်သော နေရာသို့ ပြန်လည်ရောက်ရှိသွားလေပြီ။ ၎င်းသည် ဓားအိမ်ထဲ ပြန်ရောက်သွားသော ဓားတစ်ချောင်းကဲ့သို့၊ ကောင်းကင်ကိုးခုသို့ ပျံတက်သွားပြီး တိမ်များကြားတွင် ပျော်မွေ့နေသော နဂါးတစ်ကောင်ကဲ့သို့ နေရာမှန်သို့ ပြန်ရောက်သွားပြီဖြစ်သည်။

အင်္ကျီလက်အိုးထဲမှ မိုးပြာရောင်နဂါး၊ ကိုယ်ပျောက် တိမ်နဂါးဓား နည်းစနစ်……

ရှောင်ရှန်း၏အပြုံး တောင့်တင်းသွားသည်။ စိတ်ထဲတွင် မသက်မသာနိုင်သော ခံစားမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။

စိတ်ထဲ ထင့်နေသော၊ စိတ်မအေးနိုင်သော၊ နောက်ကျောတွင် အန္တရာယ်တစ်ခု ရှိနေသကဲ့သို့ပင်…..။

ရန်ကျောက်ကဲက လူကြီးမင်းဒေါင်ကို ထိန်းချုပ်ပြီး ကိုယ်ပျောက်ဓားနည်းစနစ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ထိုအခိုက်တွင် ရှောင်ရှန်းသည် ရန်သူက သူ့ရှေ့မှ လုံးဝ ပျောက်ကွယ်သွားသလို ခံစားရသည်။

သူ့ရုပ်သေးရုပ်၏ လက်ဝါးချက်က လေကိုသာ ရိုက်မိသွားသည်။ သူ့ရုပ်သေးရုပ်၏ ပွဲသိမ်း လက်ဝါးချက်က လုံးဝ လွဲချော်သွားခဲ့လေပြီ။

“ကလေးကလား လှည့်ကွက်ကလေးတွေ၊ ဟာသ တစ်ခုထက် မပိုဘူး” ရှောင်ရှန်း ဒေါသထွက်သွားသည်။ သူ၏ကြမ်းတမ်းသော အသံက  ယခင်ကထက် ပိုမို ရှတတနိုင်နေသည်။

ရှောင်ရှန်းသည် နေသူတော်စင် ရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး ရုပ်သေးရုပ်၏လက်ဝါးချက် အရှိန်အဟုန်ကို အတင်းအကျပ် ရပ်တန့်လိုက်သည်။  ထိုလက်ဝါးချက်၏ စွမ်းအားကို ဆက်လက် ထိန်းသိမ်းထားရင်း သူ့ပြိုင်ဘက်၏ တည်နေရာကို ဂရုတစိုက် အာရုံခံနေသည်။

လှုပ်ရှားမှု အရိပ်အယောင် ရေးရေးလေးကို စတင် ခံစားမိစဉ် လူကြီးမင်းဒေါင် ရုပ်သေးရုပ်က နေသူတော်စင် ရုပ်သေးရုပ် ရှေ့၌  ရုတ်တရက် ပေါ်လာသည်။

အေးစက်ချွန်မြသော ဓားအလင်းတန်း တစ်ခု ပေါ်ထွက်လာသည်။ တိမ်စိုင်များကြားသို့ လျှပ်စီး ထိမှန်သလို ထိုဓားအလင်းတန်းက နေသူတော်စင်ရုပ်သေးရုပ်ဆီသို့ တရှိန်ထိုး ဦးတည်လာသည်။

တိမ်များကြားတွင် ငုတ်လျှိုးနေသော နဂါးက သူ၏ ဧရာမ ဦးခေါင်းကို ရုတ်တရက် ထောင်လိုက်သည့်အလားပင်။

လူလောကစစ်ပွဲများတွင် တိုက်ပွဲမှ  ပြန်ဆုတ်ချင်ယောင်ဆောင်ကာ ရန်သူ မာန်တက်နေစဉ် အငိုက်ဖမ်း၍ တန်ပြန်တိုက်ခိုက်ပြီး ရန်သူများကို မည်သို့မျှ တုံပြန်ခွင့်မပေးဘဲ တစ်ချက်တည်း အသေသတ်သကဲ့သို့ ဖြစ်သည်။

ရှောင်ရှန်းက အကျဉ်းတန်စွာ ရယ်မောလိုက်သည်။ အစောပိုင်းက ချုပ်ထိန်းထားသော သူ့ရုပ်သေးရုပ်၏လက်ဝါးမှ စွမ်းအားကို ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ရန် လွှတ်ပေးလိုက်သည်။

“မိပြီကွ”

သူ ထိုသို့ တွေးနေစဉ်မှာပင် ရန်ကျောက်ကဲကို ကြည့်လိုက်သည်။ အရှိန်အဟုန်နဲ့ ဝင်ရောက်လာသော ဓားအလင်းတန်းက အရိပ်အယောင်မျှ မကျန်အောင် ပျောက်ကွယ်သွားသည်။

မှန်သည်။ ထိုကိုယ်ပျောက်ဓားနည်းစနစ်ပင် ဖြစ်သည်။

ကိုယ်ပျောက်တိမ်နဂါးဓားနည်းစနစ်။  ထိုနည်းစနစ်တွင် အတုအယောင်နှင့် အစစ်အမှန် ရောနှောနေသည်။ လှုပ်ရှားမှုနှင့် ငြိမ်သက်မှု အတူ ယှဉ်တွဲ တည်ရှိနေသည်။ ၎င်းသည် တိမ်စိုင်များထဲတွင် အရိပ်အယောင်မတွေ့အောင် ပုန်းအောင်နေသော ကောင်းကင်နဂါးက ကြိုတင် သတိပေးခြင်းမရှိဘဲ ရုတ်တရက် ခုန်အုပ်တိုက်ခိုက်သည်နှင့်ဆင်တူလေသည်။

ရှောင်ရှန်း၏ ဆည်းဆာတစ်ထောင် ပုံရိပ်ယောင်လက်ဝါးများက လုံးဝ လွဲချော်သွားပြန်သည်။
တစ်ဆက်တည်းမှာပင် မဟာကောင်းကင်တစ်ခွင်လုံးကို တိုက်ခိုက်ရှင်းလင်းပြီး ညကောင်းကင်ကို နှစ်ခြမ်းခွဲကာ လောကကို အလင်းဆောင်နိုင်သည့် မိုးပြာရောင်ဓားအလင်းတန်းက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။

“နေဝင်ပြီးရင် နေပြန်ထွက်လာတာ ဓမ္မတာပဲ၊ တိမ်တွေက မြင်ကွင်းကို ခဏလောက်တော့ ကွယ်နိုင်ပေမယ့် လွင့်ပြယ်သွားရင်တော့ နေ့အလင်းရောင်ကို ပြန်မြင်ကမှာပါ”

ရန်ကျောက်ကဲက တဟားဟား ရယ်မောလိုက်သည်။ ဓားအလင်းတန်းနေရာတွင် လူကြီးမင်းဒေါင်၏သစ်သားဓားတိုက အစားထိုး ဝင်ရောက်လာပြီး နေသူတော်စင်၏ရင်ဘတ်ကို တိတိကျကျ ထိုးသွင်းလိုက်သည်။

ရှောင်ရှန်း၏သူငယ်အိမ်များ ကျုံ့သွားသည်။ သို့သော် နေသူတော်စင်ရုပ်သေးရုပ်ကို ထိုဓားချက်မှ ရှောင်တိမ်းနိုင်ရန် ထိန်းချုပ်ဖို့ နောက်ကျသွားပြီဖြစ်သည်။

နေသူတော်စင်ရုပ်သေးရုပ်၏တစ်ကိုယ်လုံးတွင် တောက်ပနေသော သတ္တရောင်ဖျော့ဖျော့က ချက်ချင်း ပြိုးပြိုးပြက်ပြက် လင်းလက်လာသည်။
ကြယ်တာရာချီ အကာအကွယ်အလွှာကို တတ်နိုင်သမျှ အမြင့်ဆုံးအထိ တိုးမြှင့်လိုက်ပြီး  လူကြီးမင်းဒေါင်၏တိုက်ခိုက်မှုကို သူ့စွမ်းအား အကုန်စု၍ ခုခံရန် ပြင်ဆင်လိုက်သည်။

သို့သော် လူကြီးမင်းဒေါင်၏ သစ်သားဓားသည်လည်း သတ္ထုရောင် တောက်ပနေပြီး  ၎င်းကို မိုးပြာရောင်အလင်းက လွှမ်းခြုံထားသည်။

ထိုအခိုက်တွင် ထိုသစ်သားဓားတိုက တကယ့် သံမဏိဓားတစ်ချောင်းနှင့် ဆင်တူလာပြီး ပြိုင်ဘက်၏ ကြယ်တာရာချီ အကာအကွယ်အလွှာကို အားအင်အပြည့်ဖြင့် ဖျက်စီးကာ နေသူတော်စင်ရုပ်သေးရုပ်၏ရင်ဘတ်သို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

“ဟမ့်”

ရှောင်ရှန်းက အေးစက်စွာ နှာခေါင်းရှုံ့၍ လက်ခုပ်တီးလိုက်သည်။ နေသူတော်စင်ရုပ်သေးရုပ်၏ ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာချီက ရုတ်တရက် အကြီးအကျယ် ဖောင်းပွလာသည်။

နေသူတော်စင်ရုပ်သေးရုပ် ပေါက်ကွဲသွားပြီး ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဝင်သွားသော သစ်သားဓားတိုသည်လည်း အပိုင်းပိုင်း ကြေမွသွားသည်။

ထိုအင်အားလှိုင်းသည် သစ်သားဓားမှ တဆင့် လူကြီးမင်းဒေါင်ရုပ်သေးရုပ်၏ခန္ဓာကိုယ်သို့ ရိုက်ခတ်လာပြီး လူကြီးမင်းဒေါင်ရုပ်သေးရုပ်သည်လည်း ချက်ချင်းပင်  တစ်စစီ ကျိုးပဲ့သွားသည်။

ရန်ကျောက်ကဲ၏အမူအရာ မပြောင်းလဲပါ။ သူ့လက်ကို ရုတ်လိုက်သည်။ လက်နှစ်ဖက်လုံးကို နောက်ပစ်၍ ရှောင်ရှန်းအား အေးအေးလူလူ ကြည့်နေလေ၏။

ရှောင်ရှန်းက ရန်ကျောက်ကဲကို စူးစူးရဲရဲ ကြည့်နေသည်။ သူ့မျက်လုံးများက နှမ်းစေ့သဖွယ် ကျဉ်းမြောင်းသွားပြီး ထိုမျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုပ်သော  အငွေ့အသက်များ ထွက်ပေါ်နေသည်။

သူ့မေးစေ့အောက်ရှိ ကြီးမားသော မုတ်ဆိတ်အုံကြီးက ကြမ်းတမ်းသော အသက်ရှုသံနှင့်အတူ အဆက်မပြတ် လှုပ်ရမ်းနေသည်။

ဂုဏ်သိက္ခာမကျန်တော့လောက်အောင် အတွင်းခံပဲ ကျန်ခဲ့လောက်သည်အထိ ရှုံးနိမ့်ခဲ့သော ချောင်ယွမ်လုံနှင့် မတူပေ။ သည်ခဏတွင် ရှောင်ရှန်း၏အရှက်ရမှုက ဒေါသအဖြစ် ပြောင်းလဲသွားပြီး သူ့မျက်နှာတစ်ခုလုံး နီရဲနေသည်။

ယှဉ်ပြိုင်သည့် နည်းလမ်းကို သူကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အဆုံးမှာတော့ သူ ချမှတ်သော စည်းမျဉ်းများကို သူကသာ ပြန်ချိုးဖောက်ခဲ့ခြင်း ဖြစ်၏။ ၎င်းမှာ ကိုယ့်ပါး ကိုယ်ရိုက်သည်နှင့် ဆင်တူပေသည်။

နှစ်ဖက်စလုံး၏ရုပ်သေးရုပ်များ ပျက်စီးသွားသဖြင့် သရေ ဟု ထင်ရသော်လည်း တကယ်တမ်း ရှုံးနိမ့်တော့မည့်သူမှာ သူ၊ ရှောင်ရှန်းသာ ဖြစ်၏။

ရန်ကျောက်ကဲက ရှောင်ရှန်းကို မျက်လုံးစောင်းကြည့်လိုက်ပြီး ပုခုံးတွန့်လိုက်သည်။ “တကယ်တော့…. ခင်ဗျားပြောတာ လက်ခံပါတယ်၊ လူတွေက အတိတ်မှာပဲ ဆက်မနေသင့်ဘူး”

“လက်ရှိ ရောက်နေတဲ့နေရာကိုပဲ ခိုင်မာအောင် ကြိုးစားရင်း အနာဂတ်မှာ ဘယ်လိုဖြစ်လာနိုင်လဲ အာရုံစိုက်နေသင့်တယ်၊ ဒါမှ တကယ့် လမ်းမှန်ပဲ”

သူ့စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို ရှောင်ရှန်းက အဘယ်သို့ နားမလည်ဘဲ နေမည်နည်း။

ရှောင်ရှန်းက ရန်ကျောက်ကဲကို စိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်သည်။ “ရန်ကျောက်ကဲ၊ မင်းက လူတော်ပဲ”

“အရင်တုန်းက မင်းကို အထင်သေးခဲ့မိတယ်ဆိုတာ ငါ ဝန်ခံတယ်၊ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး၊ ရှေ့မှာ နောက်ထပ် ထပ်တွေ့နိုင်တဲ့ အကြိမ်တွေ၊ ရက်တွေ၊ လတွေ၊ နှစ်တွေ အများကြီး ကျန်သေးလို့ပဲ”

ထိုသို့ ပြောပြီးနောက် ရှောင်ရှန်း လှည့်ထွက်သွားခဲ့သည်။

ရန်ကျောက်ကဲ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ “အချိန်တွေ ပိုကြာလာလေ၊ ခင်ဗျား အဲ့လိုတွေးတာ နည်းလာလေပါပဲ”

Comment

Leave a Reply

Options

not work with dark mode
Reset