Switch Mode

အခန်း ( ၇ )

မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည် ( ၁ )

ရွှီချင်းသည် လှည့်ကြည့်လိုက်သည်နှင့် သူ့နောက်ဘက်ရှိ အခြေအနေကို အကဲခတ်မိလိုက်သည်။

ခုနစ်ကျန့်၊ ရှစ်ကျန့်ခန့် အကွာအဝေး၌ လူခုနစ်ယောက်က အရပ်မျက်နှာအသီးသီးမှ သူ့ထံ ချဉ်းကပ်လာနေသည်။

ထိုလူခုနစ်ယောက်အုပ်စုတွင် အရွယ်ရောက်ပြီးသူများ၊ ယောက်ျားများ၊ မိန်းမများ အစုံအလင် ပါဝင်သည်။ သူတို့သည် မီးခိုးရောင်သားရေအင်္ကျီများကို ဝတ်ဆင်ထားကြပြီး သူတို့ခါးတွင် သားရေအိတ်ရှုံ့ကလေးများ ချည်ထားသည်။

သူတို့သည် လက်နက်များလည်း ပိုင်ဆိုင်ထားကြပြီး လူဖြန့်ကာ လာနေကြသည်။

သူတို့ထဲမှ သုံးယောက်၌ ‘ လေး ’ များရှိကြပြီး နှစ်ယောက်က ဓားများ ကိုင်ဆောင်ထားကြသည်။ သို့ပေမည့် စိုးရိမ်ပူပန်စရာ တစ်ခုခု ရှိနေသည့်အလား သူတို့သည် တစ်ယောက်ကိုတစ်ယောက် သတိထားနေကြဟန်တူသည်။

လက်အိပ်များစွပ်ထားသော နောက်ထပ်လူတစ်ယောက်လည်း ရှိသည်။ သူသည် အလယ်မှနေ၍ တစ်ကိုယ်တည်း လျှောက်လာနေသည်။

ရှေးမဆွက ထူးဆန်းသော လေသံဖြင့် ဆိုခဲ့သည့်လူမှာ အရပ်ရှည်ကာ ကိုယ်လုံးကိုယ်ထည် ကြံ့ခိုင်တောင့်တင်းသည်။

ထိုလူသည် ပုဆိန်ကြီးတစ်လက်ကို သယ်ဆောင်လာပြီး ရွှီချင်းနှင့် အနီးဆုံးတွင် ရှိနေသည်။

သူသည် လူထွားကြီးတစ်ဦးဖြစ်ပြီး မျက်နှာပေါ်တွင် အရုပ်ဆိုးဆိုး အမာရွတ်တစ်ခုနှင့် မုတ်ဆိတ်ရှည်များ ရှိသည်။ ထိုအခိုက် သူ၏အကြည့်က ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များဖြင့် စူးရှတောက်ပနေသည်။ သူသည် ကောက်ကျစ်စွာပြုံး၍ ရွှီချင်းထံ ခြေလှမ်းကျဲကြီးများဖြင့် လာနေလေသည်။

ရွှီချင်းက တစ်ချက်ဝေ့ကြည့်လိုက်သည်နှင့် ထိုအခြင်းအရာအားလုံးကို မြင်တွေ့လိုက်ရသည်။

သူ၏မျက်လုံးများ မှေးသွားပြီး ထိုလူများက တစ်သွေးတသားတည်း ရှိနေကြသည် မဟုတ်ကြောင်း စိတ်ထဲမှ ချက်ချင်း ကောက်ချက်ချမိလိုက်သည်။ သူတို့ အုပ်စုဖွဲ့လိုက်သည်မှာ မကြာသေးဟန်တူသည်။

သူတို့ ရပ်နေသည့်နေရာများနှင့် တစ်ယောက်နှင့်တစ်ယောက် သံသယစိတ်ဝင်နေကြသည်ကို ကြည့်၍ ထိုအချက်ကို သူ ကောင်းစွာ ပြောနိုင်သည်။

ယင်းအပြင် ထိုလူများက မည်သူမည်ဝါများဖြစ်ကြောင်း ရွှီချင်း ခန့်မှန်းမိလိုက်သည်။ သူတို့အားလုံးမှာ ရတနာမုဆိုးများပင်။

နန်းဟွမ်ဒေသကြီးတွင် ရတနာမုဆိုးများ ပေါများလှသည်။ အများစုက ရက်စက်ကြမ်းကြုတ်ကြပြီး စည်းမျဉ်းများ မရှိကြဘဲ တောတွင်းဥပေဒသာ ရှိသည်။

ယခု တားမြစ်နယ်မြေ၌ သွေးမိုးများ ရပ်တန့်သွားပြီး နယ်နိမိတ်စည်းမျဉ်း ပွင့်လာသောအခါ ဘေးပတ်ဝန်းကျင်ရှိ ရတနာမုဆိုးများအားလုံး ရောက်လာကြသည်။

သူတို့အတွက်မူ တားမြစ်နယ်မြေမှာ အန္တရာယ်များပါသော်ငြား သူတို့၏အသက်များက ဓားဖျားပေါ်တွင် မေးတင်ထားရပြီးသား ဖြစ်နေသည်။ သို့ဖြစ်၍ လူမရှိတော့သော မြို့ပျက်ကြီးထဲရှိ ရင်းမြစ်ပစ္စည်းများစွာက သူတို့၏မျက်ဝန်းများကို လိုချင်တပ်မက်စိတ်များဖြင့် ဝင်းလက်သွားစေရန် လုံလောက်သည်။

တချို့ပစ္စည်းများက အမည်းစက်စွန်းထင်းသွားခဲ့ပါသော်လည်း တခြားအသုံးဝင်သည့်နေရာများ ရှိနေသေးသည်။

ရွှီချင်း၏အတွေးစများက သူ့ခေါင်းထဲ အလျင်အမြန် ပေါ်လာပြီး သူ့ခန္ဓာကိုယ် လှုပ်ရှားသွားကာ ဘေးသို့ ခုန်ရန် ပြင်လိုက်သည်။

သို့သော် ရွှီချင်းနှင့် နီးကပ်လာနေသော လူထွားကြီးသည် ရွှီချင်း ထွက်ပြေးချင်နေသည်ကို မြင်သောအခါ တဟုန်ထိုး ပြေးဝင်သွားသည်။ သူ့မျက်ဝန်းများထဲရှိ ရက်စက်ကြမ်းကြုတ်မှုများက သိသိသာသာ ပေါ်လွင်နေပြီး သူ၏ ကောက်ကျစ်သောအပြုံးတွင် သွေးဆာနေသော အရိပ်အငွေ့များ ထင်ဟပ်နေသည်။

“ ထွက်ပြေးချင်နေတယ်ပေါ့။ မင်းလိုကောင်လေးတွေကို အနိုင်ကျင့်ပြီး သတ်ဖြတ်ရတာ ငါ သဘောအကျဆုံးပဲကွ။ မင်းရဲ့ သားရေအိတ်ရှုံ့ထဲမှာ ပစ္စည်းတွေ အများကြီး ရှိနေတယ်မလား။ ခေါင်းဆောင်လဲ့ ဒီကလေးကို ကျုပ် ကိုင်တွယ်လိုက်မယ် ”

လူထွားကြီး၏မျက်ဝန်းများတွင် ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ ဝင်းလက်သွားသည်။ ယင်းအရိပ်အယောင်များကို မြင်လိုက်ရခြင်းက ကြောက်စရာကောင်းလှသည်။ သူ၏မြင့်မားပြီး ကြံ့ခိုင်တောင့်တင်းသော ရုပ်ရည်သွင်ပြင်နှင့် သူ့တိုက်ပွဲဝင်ပုဆိန်ကြီးကို ပေါင်းစပ်ကြည့်လိုက်ပါက သူသည် ကြောက်ခမန်းလိလိ သန်မာဟန်တူသည်။

ထိုစဉ် သူက ခြေလှမ်းကျဲကြီးများဖြင့် ပြေးလာပြီး ရွှီချင်းထံ ခုန်ဝင်ကာ ပုဆိန်ကြီးအား လွှဲယမ်းလိုက်သည်။

ဝှစ်ခနဲ လေတိုးသံနှင့်အတူ ပုဆိန်ကြီးက လေကိုခွင်း၍ ၎င်း၏ပစ်မှတ်ထံ တဟုန်ထိုး ချဉ်းကပ်သွားလေသည်။

လူထွားကြီးသည် အားကောင်းပြီး သူ့လှုပ်ရှားမှုများသည်လည်း နှေးကွေးမနေပေ။ သို့သော် ရွှီချင်းက ပို၍ မြန်ဆန်နေသေးသည်။ တိုက်ပွဲဝင်ပုဆိန်ကြီး ရောက်လာသည့်အခိုက် ရွှီချင်းက ဘေးသို့ လှစ်ခနဲ ခုန်ရှောင်လိုက်သည်။

တိုက်ပွဲဝင်ပုဆိန်ကြီးက ရွှီချင်း၏ဘေးကို အတားအဆီးမဲ့စွာ ကျဆင်းသွားသည်။

ပုဆိန်ကျဆင်းရာမှ တိုက်ခတ်လာသည့် လေအဟုန်ကြောင့် ရွှီချင်း၏ ဖွာလန်ကြဲနေသော ဆံပင်များ မဆိုစလောက် လွင့်သွားကာ သူ့ဆံပင်များအောက်ရှိ ဝံပုလွေတစ်ကောင်ပမာ အေးစက်တင်းမာသော အကြည့်စူးစူး ပေါ်ထွက်လာသည်။

ထိုအခိုက် ရွှီချင်း၏ခန္ဓာကိုယ်က ရှောင်လိုက်သည့်အဟုန်ကို အားယူကာ မြေပြင်ပေါ်တွင် လိမ့်သွားသည်။ သူသည် ထွက်မပြေးဘဲ လူထွားကြီးအနီးသို့ ချဉ်းကပ်သွားကာ သူ့ညာလက်ကို မြှောက်လိုက်ရာ မည်းနက်တောက်ပြောင်နေသော သံတုတ်တစ်ချောင်း ပေါ်လာသည်။

ရွှီချင်းသည် လူထွားကြီးထက် အရပ်ပုနေသည့်အချက်ကို အသုံးချကာ ဒေါသတကြီး ခုန်လိုက်ပြီး သူ့လက်ထဲရှိ သံတုတ်မှာ လူထွားကြီး၏ မေးရိုးထံ ဦးတည်သွားလေသည်။

အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ရွှီချင်း၏ ပိန်ပိန်ပါးပါးခန္ဓာကိုယ်နှင့် အစောပိုင်းက ထွက်ပြေးရန် ပြင်လိုက်သည့်လုပ်ရပ်တို့မှာ သူ၏ တိုက်ခိုက်ရန် ရည်ရွယ်ချက်ကို မှန်းဆမရအောင် ဖြစ်သွားစေခဲ့သည်။ လူထွားကြီးသည်လည်း သေရေးရှင်ရေး အခြေအနေကို ရုတ်ခြည်း ရိပ်စားမိလိုက်သည်။

သူသည် လွန်စွာ အတွေ့အကြုံ ရင့်ကျက်သူ တစ်ဦးဖြစ်၍ သိသိသာသာ မျက်နှာပျက်သွားကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ဆတ်ခနဲ နောက်လှန်ချလိုက်သည်။ သူက သံတုတ်ကို ပွတ်ကာသီကာ ရှောင်တိမ်းလိုက်သော်လည်း သူ့မေးရိုးတွင် ဒဏ်ရာတစ်ခု ရသွားခဲ့သေးသည်။

လူထွားကြီး၏ ခန္ဓာကိုယ်အပေါ်ပိုင်းက နောက်လှန်ကျသွားသည်ဖြစ်၍ ရွှီချင်းက လူထွားကြီး၏ ညာခြေထောက်ထိပ်ကို ဓားမြှောင်ဖြင့် ဆတ်ခနဲ ထိုးထည့်လိုက်သည်။

ဇွတ်ခနဲ တိုးဝင်သံ လွင့်ပျံသွားပြီး ဓားမြှောင်က ကောက်ရိုးဖိနပ်မှတစ်ဆင့် အသားများကို ထိုးဖောက်သွားကာ လူထွားကြီး၏ခြေထောက်မှာ မြေကြီးနှင့် ကုပ်တွယ်ထားသည့်အလား ဖြစ်သွားသည်။

လူထွားကြီး၏မျက်နှာ ရှုံ့မဲ့သွားပြီး ပြင်းထန်သော နာကျင်မှုက သူ့ခန္ဓာကိုယ်တစ်လျှောက် ဆောင့်တက်သွားကာ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူသည် ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း ရွှီချင်းက မြန်ဆန်သွက်လက်လွန်းနေသည်။ ရွှီချင်းသည် တိုက်ခိုက်ပြီးနောက် အကာအကွယ်ယူရန် ပျက်စီးနေသော ကတုတ်ကျင်းထဲသို့ ပြေးဝင်သွားသည်။ သူသည် ကျဉ်းထဲတွင် ဝပ်ကာ ထပ်မံတိုက်ခိုက်ရန် အဆင်သင့်ပြင်ထား၏။

သူ့မျက်နှာပေါ်တွင် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များဖြင့် ဝင်းလက်နေပြီး သူ့တစ်ကိုယ်လုံးကို ဝိုးတဝါးဖြစ်သွားစေသည့်အလားပင်။ ဝံပုလွေကဲ့သို့ အကြည့်စူးစူးသည်သာ ထိုမီးတောက်များ ဖုံးကွယ်ရန် မစွမ်းသာသော အရာတစ်ခုဖြစ်သည်။ ယင်းမီးတောက်များထဲတွင် စိုးရိမ်ပူပန်စိတ်များ၊ ရက်စက်ကြမ်းကြုတ်စိတ်များဖြင့် ပြည့်နှက်နေပြီး သူက ရတနာမုဆိုးများကို စူးစိုက်ကြည့်နေသည်။

ထိုအခြင်းအရာအားလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ရွှီချင်း၏ အသက်အရွယ်နှင့် ပိန်ပိန်ပါးပါးအသွင်အပြင်က ရတနာမုဆိုးအများစုကို စိတ်ရှုပ်ထွေးသွားစေခဲ့ပြီး သတိလက်လွတ်ဖြစ်သွားစေခဲ့သည်။ ထို့ကြောင့် သူတို့ ချက်ချင်း တုန့်ပြန်ရန် ခဲယဉ်းသွားခဲ့ရခြင်း ဖြစ်သည်။

ထိုအခိုက် လူအားလုံး၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းတမ်းသော အလင်းတန်းများဖြင့် ဝင်းလက်သွားသည်။ အထူးသဖြင့် “ လေး ” များဖြင့် လူသုံးယောက်၏ အကြည့်များက ပို၍ပင် စူးရှလာသည်။

ကတုတ်ကျင်းနောက်တွင် ပုန်းနေသော ရွှီချင်းသည် ခြေထောက်မှ ဓားမြှောင်အား နာကျင်စွာ အော်ဟစ်မြည်တမ်း၍ ဆွဲနှုတ်နေသော လူထွားကြီးကို ကြည့်မနေတော့သည်။ လေးသမားသုံးဦးနှင့် အလယ်ရှိ လက်အိတ်နှင့်လူကိုသာ အာရုံစိုက်ထား၏။

ထိုလူက အဘိုးအိုတစ်ဦးဖြစ်သည်။ သူ့အဝတ်အစားများက တခြားလူများနှင့် ဆင်တူပါသော်လည်း သူ့အကြည့်က ပို၍ စူးရှနေသည်။ ထိုအဘိုးအို၏ခန္ဓာကိုယ်မှ လွင့်ပျံနေသော ဝိညာဉ်စွမ်းအားများကိုလည်း ရွှီချင်း အာရုံခံမိနေသည်။

အဘိုးအို၏အနေအထားနှင့် တခြားလူများ၏အကြည့်က အဘိုးအိုထံ ရောက်ရှိနေသည်ကို ကြည့်၍ ရွှီချင်း၏ရင်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေသည်။

ယင်းအဘိုးအိုမှာ ထိုရတနာမုဆိုးများ၏ ယာယီခေါင်းဆောင် ဖြစ်ရပေမည်။

ရွှီချင်းက အဘိုးအိုကို အကဲခတ်နေစဉ် အဘိုးအိုသည်လည်း သူ့ကို ကြည့်နေသည်။ အဘိုးအို၏ အကြည့်ထဲတွင် နားလည်ရခက်သော အရိပ်အယောင်များ ရှိနေဟန်တူသည်။

မကြာခင် အဘိုးအိုက အကြည့်လွှဲလိုက်ပြီး အဝေးတစ်နေရာရှိ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များကိုသာ ကြည့်၍ တိတ်ဆိတ်ငြိမ်သက်နေသည်။

ထိုစဉ် ဓားမြှောင်အား ဆွဲနှုတ်ပြီးသွားပြီဖြစ်သော လူထွားကြီး၏ မျက်ဝန်းများထဲတွင် ဒေါသမီးတောက်များဖြင့် ပြည့်နေသည်။ သူက ကျယ်ကျယ်လောင်လောင် အော်ဟစ်၍ ရွှီချင်းထံ ပြေးလာရန် ပြင်လိုက်သည်။

“ ခွေးကောင်လေး၊ ငါ မင်းကို ဘယ်လိုသတ်မလဲ ကြည့်ထား ”

ရွှီချင်း၏မျက်လုံးများ မှေးသွားပြီး စူးရှပြတ်သားသော အရိပ်အယောင်များဖြင့် တဖိတ်ဖိတ် တောက်ပလာသည်။ သူသည် လှုပ်ရှားရန် ပြင်လိုက်စဉ် အိုမင်းရင့်ရော်သော အသံတစ်သံ လွင့်ပျံလာသည်။

ဘာသာပြန်သူမှတ်စု။ တစ်ကျန့်ကို ( ၃.၃၃၃၃ ) မီတာ ရှိပါတယ်။

***

Comment

  1. Austin says:

    👍👍👍

Leave a Reply

Options

not work with dark mode
Reset