Switch Mode

အခန်း ( ၂၀၅ )

ဦးဆောင်သူ ဖြစ်လာခြင်း

ဝမ်ပေါင်လဲ့မှာ ဝါးမျိုခြင်းသစ်စေ့၏ မူလဇာစ်မြစ်အကြောင်းကို သိထားပြီးသားဖြစ်သည်။ ၎င်းမှာ သူ အနက်ရောင်မျက်နှာဖုံးထဲရှိ မမလေးပေးခဲ့သော ကျင့်ကြံခြင်းပညာရပ်ကို လေ့ကျင့်ခဲ့စဉ်တုန်းက ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ သူသည် ၎င်းအား အခြားမည်သည့်အကူအညီမှ မပါဘဲ အစမှနေ၍ ဖန်တီးထားသည်ဟုပင် ဆိုနိုင်သည်။

အနက်ရောင်လျှပ်စီးကြောင်းကိုမူ ဝမ်ပေါင်လဲ့မှာ ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်ပါသော်လည်း ၎င်းနှင့် ရင်းနှီးနေသလို ခံစားနေရ၏။ ထိုအချိန်တွင် သူ ရွှေရောင်ခန္ဓာဟု အမည်ရသော ပညာရပ်ကို ကျင့်ကြံခဲ့စဉ်တုန်းက အနက်ရောင်မျက်နှာဖုံးထဲရှိ မမလေး သူ့အား ဓာတ်လိုက်အောင် လုပ်ခဲ့သည့် အခိုက်အတန့်များကို ချက်ချင်းပင်အမှတ်ရသွားသည်။ ထိုစဉ်တုန်းက လျှက်စီးတန်းများမှာလည်း ယခု အနက်ရောင်လျှပ်စီးကြောင်းနှင့် ဆင်တူနေ၏။

” တောက်ကွာ…. ”
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းများကိုတွေးတောရင်း ကျိန်ဆဲနေမိတော့သည်။ သူ မည်မျှပင် ခွဲခြမ်းစိတ်ဖြာ သုံးသပ်စေကာမူ အရာအားလုံးမှာ အနက်ရောင်မျက်နှာဖုံးထဲရှိ မမလေးနှင့် သက်ဆိုင်နေသည့်ပုံပင်။ ထို့ကြောင့် သူသည် စိတ်ဓာတ်များကျသွားသလို အလွန်အင်မတန်မှလည်း စိတ်ဆိုးသွားရတော့သည်။

ထို့နောက် ဝမ်ပေါင်လဲ့မှာ သူ၏ ဘဝတစ်လျှောက်လုံးရှိ အတွေ့အကြုံအားလုံးကို ပြန်လည်တွေးတော သုံးသပ်ကြည့်လိုက်သောအခါ နောက်ဆုံးတွင် ခရမ်းရောင်ပင်လယ်ကြီး၏ မူလဇာစ်မြစ်ကိုလည်း သိရှိသွားတော့သည်။

” အဲဒီ ခရမ်းရောင် အလင်းရောင်က ငါ့ကို ဝိညာဉ်အမြစ်ရွာမှာတုန်းက စုပ်ယူဖို့ ကြိုးစားခဲ့တဲ့ အလင်းရောင်ကြီးမလား ”

ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့သောအရာများအကြောင်းကို တွေးတောရင်း ရယ်ရအခက် ငိုရအခက် ဖြစ်သွားရတော့သည်။ သူသည် ဒေါသထွက်နေပါသော်လည်း ထိုဒေါသစိတ်များကို မဖြေဖျောက်နိုင်ဘဲ ဖြစ်နေရသည်။ ထို့ကြောင့် သူ၏ရှေ့တွင်ရှေ့နေသော သစ်သီးကိုသာ အာရုံအပြည့်အစိုက်ထားလိုက်တော့သည်။

သူ၏ အသိစိတ်များ တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်သွားသောအခါ သူ၏ခန္ဓာကိုယ်ထဲရှိ အင်အားစုများစွာမှာ တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားကြသောကြောင့် စုပ်အားမှာလည်း အဆမတန် မြင့်တက်လာ၏။ ကျောက်ယမုန့် ရှိနေသော သစ်သီးမှာ လျင်မြန်စွာ ခြောက်သွေ့ညှိုးနွမ်းလာ၏။ ထို စုပ်ယူခြင်းဖြစ်စဉ်ကြီးတစ်ခုလုံးမှာ အနည်းငယ်မျှသာ ကြာမြင့်လိုက်ပြီးနောက် သစ်သီးထဲရှိ ဝိညာဉ်ချီအားလုံးနှင့် ဇီဝဓာတ်များမှာ ကုန်ခမ်းသွားတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ တုန်ရီသွား၏။ ထိုအချိန်တိုလေးအတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်မှာ သိသိသာသာမြင့်တက်သွားသဖြင့် သူသည် အာနာပါန စတုတ္ထအဆင့်ထဲမှ ဖောက်ထွက်နိုင်ရန် သိပ်မလိုတော့ကြောင်း ခံစားလိုက်ရသည်။ ထို့အပြင် ဝါးမျိုခြင်းသစ်စေ့၊ အနက်ရောင်လျှပ်စီးကြောင်းနှင့် ခရမ်းရောင်ပင်လယ်တို့အားလုံးမှာ ၎င်းတို့အားလုံးစုပ်ယူထားသော ဝိညာဉ်ချီများထဲမှ အချို့အဝက်ကို ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထုတ်လွှတ်ပေးလိုက်၏။

ထို ဝိညာဉ်ချီများကို အာရုံခံမိလိုက်သောအခါ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် စိတ်ဆိုးပြီသွားပြီး မကျေမချမ်းနှင့် ပြောလိုက်၏။
” မင်းတို့ဆီမှာ အသိစိတ်လေးတော့ ရှိသေးသားပဲ… ”

ဝမ်ပေါင်လဲ့မှာ အနည်းငယ် စိတ်ဆိုးနေသေးပါသော်လည်း ထို အရာသုံးခု၏ မူလဇာစ်မြစ်များအကြောင်းကို တွေးတောနေရန် အချိန်မရှိသေးပေ။ ထို့ကြောင့် သူသည် ကျောက်ယမုန့်ရှိနေသော သစ်သီးအား အလျင်အမြန် ဆွဲဖွင့်လိုက်၏။ ထိုအခါ အက်ကွဲသံများ ထွက်ပေါ်လာပြီး ထိုသစ်သီး ပွင့်ထွက်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ လက်မောင်းကိုဆွဲ၍ သူမ၏ စိုရွှဲနေသော ခန္ဓာကိုယ်အား သစ်သီးထဲမှ ဆွဲထုတ်လိုက်တော့သည်။

ကျောက်ယမုန့်၏ ခန္ဓာကိုယ်ပေါ်တွင် ချပ်ချပ်ရပ်ရပ် ကပ်နေသော ပိတ်ချောဖြင့် ရက်လုပ်ထားသည့် ဝတ်စုံအရှည်မှာ အသားကပ်ဝတ်စုံတစ်ခုကဲ့သို့ ဖြစ်သွားသောကြောင့် ကျောက်ယမုန့်၏ ကောက်ကြောင်းအလှများမှာ ဝမ်ပေါင်လဲ့၏ရှေ့တွင် ရှင်းလင်းထင်ရှားစွာပေါ်လာ၏။ ထို့ကြောင့် သူသည် သူမအား ဖျတ်ခနဲ ကြည့်မိလိုက်ပြီး အနည်းငယ်ခန့် အံ့အားသင့်သွားရ၏။

” ပုံမှန်ဆိုရင် မသိသာပေမယ့် ကျောက်ယမုန့်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း မဆိုးဘူးပဲ… ”

တချိန်တည်းမှာပင် သူမသည် ဧရာမသစ်ပင်ကြီး၏ အသိစိတ်၏ ဝါးမျိုခြင်းကို မခံရသေးသောကြောင့် ဝမ်ပေါင်လဲ့၏ ကယ်ထုတ်ခြင်းကို ခံလိုက်ရပြီးနောက် အသားများတုန်ရီသွားပြီး သတိရစပြုလာတော့သည်။ အကယ်၍ သစ်ပင်ကြီးကသာ ကျောက်ယမုန့်အား အောင်မြင်စွာ ဝါးမျိုသွားနိုင်ခဲ့ပြီဆိုပါက သူကယ်ထုတ်လိုက်သောလူမှာ ရန်သူတစ်ယောက် ဖြစ်နေနိုင်ကြောင်း တွေးမိလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် သတိပြန်ကပ်သွား၏။ ထို့ကြောင့် သူသည် ညာလက်ကိုမြှောက်ကာ ဓားပျံတစ်လက်ကို ထုတ်လိုက်ပြီး ကျောက်ယမုန့် သတိရလာသောအခါ သူမ၏ လက်မောင်းကို ဓားဖြင့်တစ်ချက် မွှန်းလိုက်၏။

ထိုနာကျင်မှုကြောင့် ကျောက်ယမုန့်မှာ လျင်မြန်စွာ သတိပြန်ရလာပြီး ချက်ချင်းပင် မျက်လုံးများ ပွင့်လာတော့သည်။ သူမ သတိပြန်ရလာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ အသက်ပြင်းပြင်းရှူလိုက်၏။ သူမ၏ မျက်နှာမှာ ဖြူဆုတ်နေပါသော်လည်း ခံစားချက်များမှာ တည်ငြိမ်နေပြီဖြစ်သည်။ သူမသည် ဘေးဘီဝဲယာအား အလျင်အမြန် အကဲခတ်ကာ သူမ၏လက်မောင်းပေါ်ရှိ ဒဏ်ရာကို ငုံ့ကြည့်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ပြန်၍မော့ကြည့်လိုက်သည်။

” ဒီဒဏ်ရာကိုကြည့်ရင် ငါ ဝါးမျိုမခံရသေးဘူးဆိုတာ သေချာပါတယ် ”
ကျောက်ယမုန့်မှာ ထိုသို့ဆိုလိုက်ပြီး သူမ၏ အသံလွှင့် ကျောက်စိမ်းပေလွှာကို ထုတ်ယူကာ တာအိုကျောင်းအား ဆက်သွယ်နိုင်ရန် ကြိုးစားလိုက်၏။

ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်၏ ဒဏ်ရာ ပြန်လည်ကောင်းမွန်လာခြင်းမရှိကြောင်း သိလိုက်ရသောအခါမှသာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်၏။ သို့သော် ကျောက်ယမုန့်၏ စကားများကိုကြားလိုက်ရသောအခါ သူသည် အနည်းငယ်ခန့် ကသိကအောက်ဖြစ်သွားရသည်။

” ငါ ကျိုးရိဖန်ကို သွားကယ်လိုက်ဦးမယ် ”
ဝမ်ပေါင်လဲ့မှာ ချက်ချင်းပင် ထိုသို့ဆိုလိုက်ပြီး နောက်သို့လှည့်ကာ ကျိုးရိဖန်အား ရှာဖွေလိုက်တော့သည်။ ကျောက်ယမုန့်မှာလည်း အသံလွှင့် အကြောင်းကြားစာများကို ပေးပို့နိုင်ခြင်း မရှိသေးကြောင်း သိလိုက်ရသဖြင့် ကြိုးစားပမ်းစားနှင့် မတ်တတ်ထလာပြီး ကျိုးရိဖန်အား ရှာဖွေရာတွင် ကူညီပေးလိုက်၏။ သိပ်မကြာခင် သူတို့နှစ်ယောက်မှာ ကျိုးရိဖန် ပိတ်မိနေသော သစ်သီးအား ရှာတွေ့သွားတော့သည်။

ကြည်လင်နေသော သစ်သီးနံရံကို ဖြတ်၍ ကြည့်လိုက်မည်ဆိုပါက ကျိုးရိဖန်၏ တုန်လှုပ်ချောက်ချားနေသော မျက်နှာအမူအရာကို မြင်နိုင်ပေသည်။ သူ၏မျက်နှာပေါ်ရှိ နေရာအနှံ့အပြားတွင် အစိမ်းရောင်သွေးကြောကြီးများ ထောင်မတ်နေသောကြောင့် မြောက်မြားစွာသော အသေးစား သစ်ကိုင်းလေးများက လူးလွန့်တွန့်လိမ်နေသည့်သကဲ့သို့ပင် ဖြစ်နေကြ၏။

ထိုမြင်ကွင်းကြောင့် သူတို့နှစ်ယောက်မှာ အံ့သြတုန်လှုပ်သွားရသည်။ ဝမ်ပေါင်လဲ့မှာ စိုးထိတ်သွားရပြီး ကျောက်ယမုန့်မှာဆိုလျှင် မလှုပ်မယှက်နှင့် ကြက်သေသေနေတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ထွက်လာပြီး ကျိုးရိဖန်အား ပိတ်လှောင်ထားသော သစ်သီးကို တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ပြီး အသံအကျယ်ကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ မယုံကြည်နိုင်လောက်အောင် အားပြင်းသော စုပ်အားတစ်မျိုး ထွက်ပေါ်လာ၏။ ကျိုးရိဖန်အား ပိတ်လှောင်ထားသည့် သစ်သီးမှာလည်း ချက်ချင်းပင် ခြောက်သွေ့ညှိုးသွား၏။ ကျောက်ယမုန့်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ လှပသော မျက်လုံးလေးမှာ ပြူးကျယ်သွားပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။

အကယ်၍ အခြားအခြေအနေ တစ်ခုခုတွင်သာဆိုပါက ဝမ်ပေါင်လဲ့မှာ ဂုဏ်ယူဝင့်ကြွားစွာ ကြွားဝါနေဦးမည် ဖြစ်ပါသော်လည်း ယခုတွင်မူ သူသည် ကြွားဝါလိုစိတ် မရှိတော့ပေ။ ကျိုးရိဖန်အား လှောင်ပိတ်ထားခဲ့သည့် သစ်သီး ခြောက်သွေ့ညှိုးနွမ်းသွားသောအခါ သူသည် ထိုသစ်သီးနံအား ချက်ချင်းပင် ဆုတ်ဖြဲပစ်လိုက်ပြီး ကျိုးရိဖန်အား ချက်ချင်းပင်ဆွဲထုတ်လိုက်တော့သည်။

ကျိုးရိဖန် မြေကြီးပေါ်သို့ ပြုတ်ကျလာသောအခါ ဝမ်ပေါင်လဲ့ ဘာမှမလုပ်နိုင်ခင်မှာပင် ကျောက်ယမုန့်မှာ သူမဓားပျံကို ထုတ်ထားပြီးသား ဖြစ်နေပြီး ကျိုးရိဖန်၏ ပေါင်အား ဓားဖြင့် မွှန်းလိုက်ပြန်သည်။

ထိုအခါ ထိုဒဏ်ရာထဲမှ သွေးစိမ်းများပန်းထွက်လာပြီး ၎င်းမှာ ဝါးမျိုခံလိုက်ရသည့် အခြားကျင့်ကြံသူများ၏ ဒဏ်ရာများကဲ့သို့ ချက်ချင်း ပြန်လည်ကောင်းမွန်လာခြင်း မရှိပေ။ ထို့ကြောင့် ထိုနှစ်ယောက်မှာ စိတ်သက်သာရာရသွားကာ သက်ပြင်းချမိလိုက်ပြီး ကျိုးရိဖန်မှာလည်း ထိုနာကျင်မှုကြောင့် သတိပြန်ရလာတော့သည်။ သူသည် မျက်လုံးများပွင့်လာပြီး အစပိုင်းတွင် မှုန်ဝါးဝါးသာ မြင်နိုင်သေးပါသော်လည်း ခဏအကြာတွင် အသိစိတ်ပြန်ဝင်လာ၏။ ထိုအခါ သူသည် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့အပြင် သူ၏ဘေးပတ်ဝန်းကျင်ကိုပါ မြင်လိုက်ရသဖြင့် မှင်တက်သွားရတော့သည်။

” မင်းတို့ နှစ်ယောက်စလုံး….. ဒီနေရာကြီးက … ”

” ငါတို့က ငါတို့ကို အရှင်လတ်လတ် ဖမ်းသွားတဲ့ ဧရာမသစ်ပင်ကြီးထဲမှာ ရှိနေတာ ဖြစ်လောက်တယ်။ အချုပ်အနှောင်ရဲ့ စွမ်းအားတွေက ရှိနေတုန်းပဲဆိုတော့ အသံလွှင့်အကြောင်းကြားစာတွေကို ပို့လို့မရသေးဘူး။ ဝမ်ပေါင်လဲ့ကြောင့်သာ မဟုတ်ရင် ငါတို့သုံးယောက်စလုံး သေသွားပြီးတော့ ဧရာမသစ်ပင်ကြီးရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရလို့ ရုပ်သေးရုပ်တွေဖြစ်နေလောက်ပြီ ”
ကျောက်ယမုန့်မှာ အသက်ပြင်းပြင်းရှူကာ သူမ၏စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ရှင်းပြလိုက်၏။

” အခုက အဲ့အကြောင်းတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူး။ ငါတို့တွေ ထွက်ပေါက်ကို မြန်မြန်လေး ရှာတွေ့ဖို့လိုတယ် ”
ဝမ်ပေါင်လဲ့မှာ အရပ်မျက်နှာအနှံ့သို့ အလျင်အမြန် ဝေ့ဝိုက်ကြည့်ရှုကာ ထွက်ပြေးလွတ်‌မြောက်နိုင်မည့် လမ်းကြောင်းကို ရှာဖွေနေတော့သည်။ သူ ထိုသို့ဆိုလိုက်သောအခါ မေးခွန်းများ ဆက်မေးရန်ပြင်နေသော ကျိုးရိဖန်မှာလည်း ချက်ချင်းပင် သူ၏စကားကို နားထောင်လိုက်၏။ ကျောက်ယမုန့်မှာလည်း ထိုနည်းတူပင်။

သူတို့နှစ်ယောက်မှာ သတိမထားမိသေးပါသော်လည်း ဝမ်ပေါင်လဲ့၏ ကယ်တင်ခြင်းကို ခံလိုက်ရပြီး ယခုလို ထူးဆန်းကာ အန္တရာယ်များသော နေရာကြီးတစ်ခုထဲသို့ ရောက်ရှိလာပြီးနောက် ဝမ်ပေါင်လဲ့ထံမှ ပုံမှန်မဟုတ်သော စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်တစ်ခု ပေါ်ထွက်နေသည့်ပုံ ပေါက်နေ၏။

ထိုစိတ်ဓာတ်ပြတ်သားမှုနှင့် စိတ်ဓာတ်ခိုင်မာမှုတို့ကြောင့်လည်း ထိုနှစ်ယောက်မှာ ဝမ်ပေါင်လဲ့၏ စကားကို သဘောတူလိုက်ကြခြင်းဖြစ်သည်။ သူတို့မှာ အားအင်ချည့်နဲ့ကာ မောပန်းနွမ်းနယ်နေကြပါသော်လည်း အံကြိတ်၍ အတူတကွ ပူးပေါင်းဆောင်ရွက်လိုက်၏။ ထိုသို့ဖြင့် သူတို့သုံးယောက်မှာ သစ်သီးများဖြင့် ပြည့်နှက်နေသော သစ်ပင်ခေါင်းပေါက်ကြီးထဲတွင် စတင်ရှာဖွေလိုက်ကြတော့သည်။

သို့သော် သူတို့မည်မျှပင် ကြိုးစား၍ ရှာဖွေစေကာမူ ထိုနေရာကြီးတစ်ခုလုံးမှာ အလုံပိတ်ဖြစ်နေ၏။ ထို့ကြောင့် သူတို့မှာ ထွက်ပေါက်တစ်ပေါက်ကိုပင် ရှာမတွေ့နိုင်ပေ။ အကယ်၍ သူတို့မှာ သစ်ပင်နံရံများကို ဖျက်ဆီးရန် ကြိုးစားလျှင်တောင် ၎င်းတို့အား ထိုးဖောက်နိုင်မည်မဟုတ်ပေ။ ထိုသို့ဖြင့် နာရီဝက်ခန့် ကုန်ဆုံးသွားပြီးနောက် ကျိုးရိဖန်မှာ နာကြည်းနေသော အမူအရာဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်တော့သည်။

” ပေါင်လဲ့ရေ။ ထွက်ပေါက်လုံးဝမရှိဘူးကွ…. ”

ကျောက်ယမုန့်မှာမူ ဆိတ်ငြိမ်နေ၏။ သူမမှာ စကားတစ်ခွန်းမှ မပြောပါသော်လည်း ကျိုးရိဖန်ကဲ့သို့ပင် ဝမ်ပေါင်လဲ့အား ကြည့်နေ၏။

ဝမ်ပေါင်လဲ့မှာ သူသည် သူတို့သုံးယောက်အဖွဲ့၏ ခေါင်းဆောင်နေရာသို့ ရောက်မှန်းမသိ ရောက်သွားရတော့သည်။ ကျောက်ယမုန့်နှင့် ကျိုးရိဖန်တို့မှာ သူ့အားစိုက်ကြည့်နေကြသဖြင့် သူသည် အားမလိုအားမရနှင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ သူ၏ဓားကို သစ်ပင်နံရံထဲသို့ ထိုးစိုက်လိုက်၏။

ထိုအခါ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ဓားပျံမှာ နောက်သို့ပြန်ကန်ထွက်လာ၏။ သို့သော် သစ်ပင်နံရံပေါ်တွင် ခြစ်ရာကလေးပင် မထင်သောကြောင့် ဝမ်ပေါင်လဲ့မှာ ခံပြင်းသွားပြီး စိတ်သောကရောက်သွားရတော့သည်။ သို့သော် သူ၏အသိစိတ်ထဲတွင် အတွေးမျိုးစုံပေါ်လာသဖြင့် သူ၏မျက်ဝန်းများမှာ အရောင်လက်သွား၏။ သူ၏ စိတ်ထဲတွင် အစကတည်းက သိချင်နေခဲ့သည့် မေးခွန်းတစ်ခုရှိပေသည်။ အဘယ့်ကြောင့် ဤသစ်ပင်ကြီးမှာ သူတို့သုံးယောက် သစ်သီးများထဲမှ ထွက်လာသည့်အချက်နှင့် သူ ဝိညာဉ်ချီ အမြောက်အများ စုပ်ယူလိုက်သည့် အချက်တို့ကို သတိမထားမိသေးဘဲ ရှိနေရပါသနည်း။

ဝမ်ပေါင်လဲ့ဆီ၌ ထိုမေးခွန်းအတွက် အဖြေမရှိပေ။ သစ်ပင်ကြီးမှာ တစ်ခုခု ဖြစ်သွားသောကြောင့် အိပ်မောကျသွားခြင်း ဖြစ်နိုင်သလို သူ၏ခန္ဓာကိုယ်ထဲရှိ ထူးဆန်းရှုပ်ထွေးသော အရာများက ထိုသစ်ပင်ကြီး၏ အသိစိတ်ကို နှောင့်ယှက်‌လိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။

ထို့အပြင် ထိုအချက်နှစ်ချက်စလုံးကြောင့်လည်း ဖြစ်နေနိုင်ပေသည်။ ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ သစ်ပင်ကြီးထဲ၌ ဆက်လက်စောင့်ဆိုင်းနေပါက ပို၍ဘေးကင်းနိုင်ပါသော်လည်း အန္တရာယ်ကြီးတစ်ခုခုနှင့်လည်း မလွဲဧကန် ကြုံရနိုင်သည်ဖြစ်ကြောင်း ရိပ်မိသွား၏။ ထိုဧရာမသစ်ပင်ကြီးမှာ အသံလွှင့်အကြောင်းကြားစာအတုများကို ပေးပို့နိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။ တာအိုကျောင်းက တစ်ခုခုလွဲနေသည်ကို သတိထားမိသွားပြီးမှ အကူအညီများ စေလွှတ်မည့်အချိန်ကို မျှော်လင့်စောင့်စားနေမည်ဆိုပါက အလွန်အင်မတန်မှ ကြာမြင့်သွားမည်သာဖြစ်သည်။

တချိန်တည်းမှာပင် အန္တရာယ်ကြီး တစ်ခုခုမှာလည်း အချိန်မရွေး ပေါ်ပေါက်လာနိုင်သေးသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ဘာမှမလုပ်ဘဲ အကူအညီကိုသာ ထိုင်စောင့်နေတတ်သည့် လူစားမျိုးမဟုတ်ပေ။ ထို့ကြောင့် သူ၏မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ပေါ်ထွက်လာပြီး အမိန့်ပေးလိုက်၏။

” ရိဖန်၊ ယမုန့်။ ငါ့ကို စောင့်ရှောက်ပေးထား ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သစ်ပင်အမြစ်နှင့် ဆင်တူသော သစ်ပင်နံရံကြီးဆီသို့ ချက်ချင်းပင် ပြေးသွားလိုက်ပြီး ၎င်းကို တင်းကျပ်စွာ ပွေ့ဖက်၍ အော်ဟစ်လိုက်တော့သည်။
” စုပ်ယူစမ်း ”

သူ ထိုသို့အော်ဟစ်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းသစ်စေ့၊ အနက်ရောင်လျှပ်စီးကြောင်းနှင့် ခရမ်းရောင်ပင်လယ်တို့မှာ ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အံ့သြဖွယ်ရာကောင်းသော စုပ်အားတစ်မျိုး ပေါ်ထွက်လာကာ သစ်ပင်နံရံကြီးတစ်လျှောက် စီးဆင်းသွားပြီး သစ်ပင်ခေါင်းပေါက်ကြီး တစ်ခုလုံးထဲ၌ ပျံ့နှံ့သွားရင်း လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အငမ်းမရ စုပ်ယူဝါးမျိုပစ်လိုက်တော့သည်။

” ထွက်ပေါက်တစ်ပေါက်မှ မရှိမှတော့ ဒီနေရာကြီး တစ်ခုလုံးကို ဧရာမသစ်သီးကြီးတစ်လုံးလို သဘောထားရတာပေါ့။ ဒီထဲမှာရှိတဲ့ အရာအားလုံးကို စုပ်ယူလိုက်မယ်ဆိုရင် ဘေးပတ်ပတ်လည်မှာရှိတဲ့ သစ်ပင်နံရံတွေက ခြောက်ကပ်လာပြီးတော့ အက်ကွဲသွားမှာပဲ။ အဲ့အချိန်ရောက်ရင် ငါ သေချာပေါက် လွတ်မြောက်နိုင်မှာပဲကွ ”
ဝမ်ပေါင်လဲ့မှာ အစွမ်းကုန်ထုတ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ အရာများကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ ပွေ့ဖက်ထားသော သစ်ပင်ကြီးမှာ အပြင်းအထန် တုန်ရီသွား၏။ ထို့နောက် အလွန်အင်မတန်မှ အားပြင်းသော ဝိညာဉ်ချီလှိုင်းများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ဆီသို့ အလျင်အမြန် စီးဆင်းလာကြတော့သည်။

ဝိညာဉ်ချီ အမြောက်အမြား ရှိနေသည့်အပြင် ၎င်းတို့ထဲတွင် ဇီဝဓာတ်များပါ ပါဝင်နေသည်ဖြစ်ရာ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြသောအခါ ဝါးမျိုခြင်းသစ်စေ့၊ အနက်ရောင်လျှပ်စီးကြောင်းနှင့် ခရမ်းရောင်ပင်လယ်တို့မှာ စိတ်လှုပ်ရှားစပြုလာတော့သည်။ ၎င်းတို့မှာ အချိန်အတော်အတန်ကြာအောင် ရေငတ်နေခဲ့ပြီးမှ ရေဓာတ်များ ပြန်လည်ပြည့်ဝသွားသကဲ့သို့ပင်။ ထိုသို့ဖြင့် ၎င်းတို့မှာ ဝိညာဉ်ချီများကို အငမ်းမရ ဝါးမျိုနေကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset