ဝမ်ပေါင်လဲ့၏ ရင်ဝမ်းခြား ကြွက်သားနားတွင် ရှိနေသော ဝါးမျိုခြင်းသစ်စေ့ထဲ၌ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေသော ဝိညာဉ်ချီများကို လောဘတက်လာသည့် အရိပ်အယောင်များ စတင်ပေါ်ထွက်လာ၏။ ၎င်းမှာ ထိုဝိညာဉ်ချီများကို အာရုံစိုက်၍ စောင့်ကြည့်နေခဲ့သည်မှာ အချိန်အနည်းငယ်ခန့် ကြာမြင့်သွားပြီဖြစ်သည်။ ထို ဝိညာဉ်ချီအားလုံး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသောအခါ ထိုဝါးမျိုခြင်းသစ်စေ့မှာ အထိန်းအကွပ်မဲ့သွားပြီး လောဘတက်နေသည့် ပုံစံဖြင့် ဖြည်းဖြည်းချင်း စတင်လည်ပတ်လာတော့သည်။
သို့သော် သူ၏ ခန္ဓာကိုယ်ထဲသို့ ဆန္ဒအလျောက်ဝင်လာခဲ့သော ဝိညာဉ်ချီများ ကြောက်လန့်တကြားဖြစ်ကာ ထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် ၎င်းမှာ အမြန်ကြီး မလည်ပတ်ရဲသေးပေ။
ထို ဝါးမျိုခြင်းသစ်စေ့မှာ လောဘတကြီး လည်ပတ်နေရုံမျှသာဆိုလျှင် ကိစ္စကြီးကြီးမားမား မဟုတ်ပါသော်လည်း ၎င်းမှာ လည်ပတ်နေရင်း ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစည်းသွားသည့်ပုံ ပေါက်နေ၏။ ထို့နောက် သာမန်အခြေအနေများတွင်ဆိုလျှင် ပေါ်ထွက်လာမည်မဟုတ်သော လျှို့ဝှက်ဆန်းကြယ်သည့် အရာများမှာ သူ၏ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းအားလုံးမှ စိမ့်ထွက်လာ၏။
နောက်ဆုံးတွင် ၎င်းတို့မှာ အတူတကွ စုဝေးသွားကြပြီး အနက်ရောင်လျှပ်စီးကြောင်းတစ်ခုအသွင် ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ထဲ၌ ဖြည်းညင်းစွာ လည်ပတ်နေတော့သည်။ ၎င်းတွင် မျက်လုံးများသာ ရှိနေမည်ဆိုပါက ထိုမျက်လုံးများမှာ ၎င်းအား သတိထားမိခြင်းမရှိသေးသော ဧရာမသစ်ပင်ကြီးကို အထူးတဆန်းနှင့် စိတ်ဝင်တစား ကြည့်နေမည်သာ ဖြစ်သည်။
တချိန်တည်းမှာပင် သတိမေ့မြောကာ မျက်လုံးများမှိတ်ထားသော ဝမ်ပေါင်လဲ့၏ မျက်ခွံများ၏ အောက်၌ရှိနေသည့် အသက်မဲ့နေသော သူငယ်အိမ်များထဲတွင် ခရမ်းရောင် အလင်းတန်းတစ်ခု တဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သော ဝိညာဉ်ချီများမှာ စွဲမက်စရာကောင်းလွန်းနေသောကြောင့် ထိုအလင်းတန်းမှာ မထိန်းနိုင်တော့ဘဲ ဖြာထွက်ချင်နေသကဲ့သို့ ဖြစ်နေ၏။ သို့သော် ၎င်းမှာ အနက်ရောင်လျှပ်စီးကြောင်းနှင့် ဝါးမျိုခြင်းသစ်စေ့တို့ကို ကြောက်ရွံ့သောကြောင့် ချီတုံချတုံဖြစ်နေ၏။ ထို့ကြောင့် ၎င်းမှာ အကဲစမ်းလိုသည့် ပုံစံဖြင့် သတိကြီးကြီးထားကာ ဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်။
အနက်ရောင်လျှပ်စီးကြောင်းနှင့် ဝါးမျိုခြင်းသစ်စေ့တို့မှာ ထိုကဲ့သို့ ပျံ့နှံ့လာသော ခရမ်းရောင်ကျောက်စာများကို လျစ်လျူရှုထား၏။ ၎င်းတို့မှာ သူတို့ကိုသတိမထားမိသေးသော ဧရာမသစ်ပင်ကြီးနှင့် ဝိညာဉ်ချီများကိုသာ အာရုံအပြည့်စိုက်ထားကြသည်။
ထို့ကြောင့် ထိုခရမ်းရောင်ကျောက်စာများမှာ အကဲစမ်းကြည့်လိုက်ပြီးနောက် နေရာအများစုသို့ ပျံ့နှံ့သွားတော့သည်။ သို့သော် ၎င်းမှာလည်း အနက်ရောင်လျှပ်စီးကြောင်းနှင့် ဝါးမျိုခြင်းသစ်စေ့တို့ကဲ့သို့ပင် တိတ်တိတ်ကလေး ပုန်းအောင်းရင်း ဝိညာဉ်ချီများကို အကဲခတ်ကာ ဧရာမသစ်ပင်ကြီး၏ အသိစိတ်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။
ဧရာမသစ်ပင်ကြီး၏ အသိစိတ်မှာမူ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ရှိနေသော အင်အားသုံးမျိုးကို လုံးဝသတိမထားမိသေးပေ။ ထို့ကြောင့် ၎င်းမှာ ဝိညာဉ်ချီများအား ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ဆက်လက်စီးဝင်စေလိုက်ပြီး သူ့အား ဝါးမျိုကာ သူ၏ အသိစိတ်များကို ဖျောက်ဖျက်ပစ်နိုင်ရန် ကြိုးပမ်းနေ၏။
အကယ်၍ ဝမ်ပေါင်လဲ့သာ သတိရှိနေမည်ဆိုပါက သူ့အား လုံးဝအသိမပေးဘဲ သူ၏ခန္ဓာကိုယ်ထဲတွင် အခြေချနေထိုင်နေခဲ့သည့် ရှုပ်ယှက်ခတ်နေသော အင်အားစုများ ပေါ်ထွက်လာမှုကြောင့် အသိစိတ်ပျောက်လုမတတ် ရူးသွပ်သွားရမည်မှာ မလွဲဧကန်ပင်။
ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ ကုန်လွန်သွားပြီး ထိုအင်အားစု သုံးစုမှာ ဝိညာဉ်ချီများပေါ်တွင် အာရုံအပြည့်အစိုက်ထားကြ၏။ ဧရာမသစ်ပင်ကြီး၏ အသိစိတ်နှင့် ဝိညာဉ်ချီများအားလုံး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ အပြီးတိုင် ဝင်ရောက်သွားကာ ဝမ်ပေါင်လဲ့မှာ အသိစိတ်အားလုံးနီးပါး ဖျက်ဆီးခံလိုက်ရပြီး ဝါးမျိုခံရတော့မည့် အရိပ်အယောင်များ ပေါ်လာသောအချိန်သို့ ရောက်မှသာ ခရမ်းရောင်ကျောက်စာများမှာ မနေနိုင်တော့ဘဲ ရုတ်တရက် ပြေးထွက်လာကြတော့သည်။
၎င်း၏ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာမှုကြောင့် တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းလောက်အောင် အားပြင်းသော ခရမ်းရောင်ပင်လယ်တစ်စင်း ထွက်ပေါ်လာသည်။ ထို့နောက် ထိုခရမ်းရောင်ကျောက်စာများမှာ မကြာသေးမီကပင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သော ဧရာမသစ်ပင်ကြီး၏ အသိစိတ်ဆီသို့ ချက်ချင်းပင် ချဉ်းကပ်သွား၏။ ထိုခရမ်းရောင်ကျောက်စာများမှာ ဧရာမသစ်ပင်ကြီး၏ အသိစိတ်ကို ရပ်တန့်သွားအောင် လုပ်နိုင်စွမ်းရှိနေသည့်ပုံ ပေါက်နေပြီး ခရမ်းရောင်ပင်လယ်ကြီးမှာလည်း ထိုအသိစိတ်များ သတိမထားနိုင်ခင်မှာပင် ဝိညာဉ်ချီများကို ဝါးမျိုလိုက်၏။
၎င်းမှာ ဝိညာဉ်ချီများ၏ ဆယ်ရာခိုင်နှုန်းနီးပါး ဝါးမျိုနိုင်လိုက်၏။ ထိုခရမ်းရောင်ပင်လယ်ကြီးမှာ ဆက်လက် ဝါးမျိုချင်ပါသော်လည်း အနက်ရောင်လျှပ်စီးကြောင်း ရောက်ရှိလာသောအခါ ထိုပင်လယ်ကြီးမှာ ချက်ချင်းပင် နောက်သို့ပြန်ဆုတ်သွားပြီး ၎င်း၏အနားသို့ မချဉ်းကပ်ရဲတော့ပေ။
အနက်ရောင်လျှပ်စီးကြောင်းမှာ အလွန်အင်မတန်မှမြန်ဆန်ပြီး ဗိုလ်ကျလွန်းနေ၏။ ၎င်းမှာ ဝိညာဉ်ချီများဆီသို့ တစ်ခဏလေးအတွင်း ချဥ်းကပ်သွားလိုက်ပြီး ၎င်းတို့ကို အားရပါးရ စုပ်ယူလိုက်သဖြင့် ချက်ချင်းဆိုသလိုပင် ငါးဆယ်ရာခိုင်နှုန်းကျော်အထိ ကုန်ဆုံးသွားတော့သည်။ ထို့နောက် ၎င်းမှာ အားရကျေနပ်သွားသည့် ပုံစံဖြင့် လွင့်ပါးပျောက်ကွယ်သွားတော့သည်။
ခရမ်းရောင်ပင်လယ်နှင့် အနက်ရောင်လျှပ်စီးကြောင်းတို့ ဝိညာဉ်ချီများအား စုပ်ယူသွားသည့် ဖြစ်စဉ်မှာ လျှက်တစ်ပြက်အတွင်း ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ခရမ်းရောင်ပင်လယ်ကြောင့် ထုံထိုင်းနေရဆဲဖြစ်သော ဧရာမသစ်ပင်ကြီး၏ အသိစိတ်မှာ ၎င်း၏ ဝိညာဉ်ချီများ စုပ်ယူခံလိုက်ရသည်ကို သတိပင် မထားမိလိုက်ပေ။
ထိုကဲ့သို့ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာခဲ့သော ဝိညာဉ်ချီအများစု စုပ်ယူခံလိုက်ရသောအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲတွင်ရှိသော ဝါးမျိုခြင်းသစ်စေ့မှာ စတင်လှုပ်ရှားလာတော့သည်။ ၎င်းမှာ အစပိုင်းတွင် ဖြည်းဖြည်းချင်း လည်ပတ်နေခဲ့ပါသော်လည်း တဖြည်းဖြည်းနှင့် အရှိန်ပြင်းလာပြီး ကြောက်မက်ဖွယ်ကောင်းသော စုပ်အားတစ်မျိုးကို ဖန်တီးပေးလိုက်၏။ ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း ထိုစုပ်အားမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ပျံ့နှံ့လာပြီး ဝိညာဉ်ချီများကို စုပ်ယူလိုက်ရုံတင်မကဘဲ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကိုပါ ဧရာမ အာကာသတွင်းနက်ကြီးတစ်ခုအသွင် ပြောင်းလဲပေးလိုက်၏။ ထိုအာကာသတွင်းနက်ကြီးမှာ ပြင်ပကမ္ဘာတွင် ရှိနေသော အကျိအချွဲများအပြင် ဧရာမသစ်ပင်ကြီးတစ်ပင်လုံးကိုပါ အရူးအမူး စုပ်ယူလိုက်တော့သည်။
ထိုအခါ အသံကျယ်ကြီးများ ချက်ချင်းပင်ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့အား ပိတ်လှောင်ထားသော သစ်သီးမှာ သိသိသာသာ ခြောက်သွေ့သွား၏။ ထိုသစ်သီးထဲတွင်ရှိနေသော ကပ်စေးကပ်စေးဖြစ်နေသည့် အရည်များမှာလည်း ရေငွေ့ပျံသွားသဖြင့် ၎င်းတို့၏ ဖွဲ့စည်းတည်ဆောက်ပုံများမှာလည်း ပြောင်းလဲသွားတော့သည်။ ထို့နောက် ထိုအရည်များမှာ အဟာရဓာတ်များအဖြစ် ပြောင်းလဲသွားကြပြီး ဝမ်ပေါင်လဲ့ ခန္ဓာကိုယ်၏ စုပ်ယူခြင်းကို ချက်ချင်းပင် ခံလိုက်ရသည်။
ထိုစုပ်ယူခြင်းကို ဝါးမျိုခြင်းသစ်စေ့က ဆောင်ရွက်နေခြင်း ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ ပိုမိုအားကောင်းလာတော့သည်။ သူ၏အသွေးအသားများမှာ ပြောင်းလဲသွားသလို သူ၏ အရိုးများမှာ ပိုမိုသန်မာလာပြီး သူ၏ ခွန်အားမှာလည်း သိသိသာသာတိုးတက်လာ၏။
တချိန်တည်းမှာပင် ထိုစုပ်အားကြောင့် သူ၏ နဖူးတည့်တည့်သို့ ချွန်ထက်သော စူးတစ်ချောင်း ဖောက်ဝင်သွားသကဲ့သို့ ဖြစ်သွား၏။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွားပြီး သူသည် မျက်လုံးများပွင့်တော့သည်။
ဝမ်ပေါင်လဲ့မှာ မျက်လုံးများဖွင့်လာသောအခါ တစ်ခဏမျှ ဆွံ့အသွားရ၏။ ထို့နောက် သူ၏နောက်ဆုံးမှတ်ဉာဏ်များမှာ သူ၏ခေါင်းထဲ၌ ချက်ခြင်းပင် ပြန်၍ပေါ်လာတော့သည်။ သူသည် ဧရာမသစ်ပင်လက်ကြီး၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသောကြောင့် ခုခံရုန်းကန်နေရင်း သတိမေ့သွားရခြင်းဖြစ်ကြောင်း ပြန်၍အမှတ်ရသွားသည်။
” ငါ ဘယ်ရောက်နေတာလဲ ”
ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ ကဆုန်ပေါက်နေ၏။ ထို့နောက် သူ၏ပတ်ပတ်လည်ရှိ ဝိညာဉ်ချီများနှင့် သူ၏ခြေထောက်တွင် ရှိနေသော အလျင်အမြန် ကုန်ခမ်းစပြုနေသည့် ကပ်စေးကပ်စေး အရည်များကို သတိထားမိလိုက်သဖြင့် သူသည် ရီဝေဝေ ဖြစ်သွားရတော့သည်။
သို့သော် သူသည် ထို အခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ထဲရှိ ဝါးမျိုခြင်းသစ်စေ့၏ ရူးသွပ်ဖွယ်ကောင်းလောက်အောင် ပြင်းထန်နေသော စုပ်အားကို သတိထားမိလိုက်တော့သည်။
” ဘာတွေဖြစ်နေတာလဲဟ ”
ထိုသို့ သူ အံ့ဩတုန်လှုပ်နေစဉ်မှာပင် သူ၏နဖူးကိုထိုးဖောက်၍ သူ၏ ဦးနှောက်ထဲအထိ ရောက်နေသော သစ်ကိုင်းကြီးမှာ စတင်ခြောက်သွေ့လာပြီး အပိုင်းပိုင်း ကျိုးသွားတော့သည်။
သူ၏ခေါင်းပေါ်မှ ပြုတ်ကျလာသော သစ်ကိုင်းခြောက် အကျိုးများကိုကြည့်၍ ဝမ်ပေါင်လဲ့မှာ ဇဝေဇဝါဖြစ်သွားရ၏။ ထို့အပြင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး အားအင်အပြည့်ဖြစ်နေပြီး သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း သိသိသာသာ တိုးတက်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရပြန်သည်။ ထို့ကြောင့် သူသည် ခေါင်းတကုတ်ကုတ်နှင့် ဖြစ်ပျက်သွားခဲ့သော အရာအားလုံးကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။
” ဧရာမသစ်ပင်ကြီးက ငါ့ကိုဝါးမျိုဖို့ ကြိုးစားပေမယ့် ငါ့ရဲ့ ဝါးမျိုခြင်းသစ်စေ့က သူ့ကို ပြန်ပြီးတော့ စုပ်ယူသွားတာများလား ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်ပြီး ချက်ချင်းပင် နိုးနိုးကြားကြား ဖြစ်သွား၏။ သို့သော် ဝိညာဉ်ချီများနှင့် ကပ်စေးကပ်စေး အရည်များအားလုံး ပျောက်ကွယ်သွားသည့် အချိန်အထိ စောင့်ဆိုင်းပြီးသွားသောအခါ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံးမှာ ခြောက်သွေ့သွားသည့်အလား အက်ကွဲကြောင်းများ ပေါ်လာသည်ကို သတိထားမိလိုက်၏။ ထိုသို့ဖြစ်နေသည့်တိုင်အောင် မည်သူကမှ ပေါ်မလာသေးပေ။
ဧရာမသစ်ပင်ကြီးမှာ ထိုအချိန်အထိ ဖြစ်ပျက်နေခဲ့သော အပြောင်းအလဲများ အားလုံးကို သတိထားမိခြင်း မရှိသေးသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အံအားသင့်သွားရပြီး တစ်ပြိုင်နက်တည်းမှာပင် သူ၏မျက်ဝန်းများထဲ၌ တောက်ပသော အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားတော့သည်။
” ဧရာမသစ်ပင်ကြီးကိုယ်တိုင်ကိုက ပြဿနာတစ်ခုခုတက်နေတာများ ဖြစ်နိုင်မလား ”
ဝမ်ပေါင်လဲ့မှာ သူ့အား ဝန်းရံထားသော ခြောက်သွေ့နေသည့် သစ်သီးနံရံကို မယုံသင်္ကာနှင့် ဖယ်ရှားလိုက်ပြီး အပေါက်တစ်ပေါက် ဖောက်လိုက်၏။ သို့သော် သူသည် ချက်ချင်းထွက်ခွာမသွားဘဲ သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်ထဲမှ ခြင်တစ်ကောင်ကို ဆင့်ခေါ်ကာ ပြင်ပကမ္ဘာကြီးအား အကဲခတ်ခိုင်းလိုက်သည်။
အပြင်ဘက်တွင်ရှိနေသော အရာများကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွားရတော့သည်။ သူသည် ထိုခြင်၏ အမြင်အာရုံမှတစ်ဆင့် ပြင်ပကမ္ဘာထဲတွင် သစ်ပင်ခေါင်းပေါက်ကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ထိုအခေါင်းပေါက်ကြီး၏ ပတ်ပတ်လည်တွင် သစ်သီးအမြောက်အမြားမှာ ပြွတ်သိပ်နေပြီး သူသည် ထိုသစ်သီးများထဲမှ တစ်လုံးထဲတွင် ရောက်နေ၏။
” ငါထင်တာ အမှန်ပဲ။ ဒီသစ်ပင်ကြီးက ငါ့ကို ဝါးမျိုဖို့ ကြိုးစားနေတာပဲကွ ”
ဝမ်ပေါင်လဲ့၏ နှလုံးသားထဲတွင် အကြောက်တရားများ ကြီးစိုးသွားပြီး သူသည် သစ်သီးနံရံများကို ထပ်၍ ဖယ်ရှားပစ်လိုက်၏။ ထို့နောက် သူသည် ခန္ဓာကိုယ်အား လူးလွန့်ကာ ထိုသစ်သီးထဲမှထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။ သူသည် ခြင်၏ အမြင်အာရုံမှတစ်ဆင့် အပြင်ဘက်တွင်ရှိနေသော အရာများကို မြင်ဖူးထားပြီး ဖြစ်ပါသော်လည်း သူကိုယ်တိုင် မြင်လိုက်ရချိန်တွင် ထပ်၍ အံ့ဩတုန်လှုပ်သွားရဆဲပင်။
” ကျိုးရိဖန်နဲ့ ကျောက်ယမုန့်တို့လည်း ဒီနေရာမှာ ရှိနေနိုင်တယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်လာပြီး အလျင်စလို ရှာဖွေလိုက်တော့သည်။ သိပ်မကြာခင် သူသည် ကျောက်ယမုန့်အား ရှာတွေ့သွားပြီး သစ်သီးထဲတွင် ရှိနေသော သူမ၏မျက်နှာမှာ အစိမ်းရောင်သန်းနေသည်ကို မြင်လိုက်ရသည်။ ထို့အပြင် သစ်ကြောများကိုပါ ခပ်ရေးရေးခန့် မြင်နေရပြီဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိုးထိတ်သွားရတော့သည်။ ထို့ကြောင့် သူသည် ကျိုးရိဖန်ကိုပင် မရှာနိုင်တော့ဘဲ အော်ဟစ်မြည်တမ်းကာ သူ၏ကျင့်ကြံခြင်းကို လည်ပတ်စေလိုက်ပြီး လက်ဝါးထဲမှ စွမ်းအားများထုတ်၍ ထိုသစ်သီးကို ဆုတ်ဖြဲပစ်ရန် ကြိုးစားကြည့်လိုက်၏။
သို့သော် ကျောက်ယမုန့်၏ သစ်သီးထဲတွင် ဝိညာဉ်ချီများမှာ အလွန်အင်မတန်မှ ထူထဲသိပ်သည်းနေသောကြောင့် ၎င်း၏ သစ်သီးနံရံများမှာ အလွန်အင်မတန်မှ မာကျောလွန်းနေ၏။ ဝိညာဉ်ချီများကို အရင်ဆုံး ကုန်ခမ်းသွားအောင် မလုပ်ဘဲ သစ်သီးနံရံအား ဖွင့်နိုင်ရန်မှာ အင်မတန်မှ ခဲယဥ်းနေမည်ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအချင်းအရာကို မြင်လိုက်ရသောအခါ အံကြိတ်မိသွားတော့သည်။
” တောက်ကွာ။ အစွမ်းကုန် ထုတ်ရတော့မှာပဲ။ စုပ်ယူရုံပဲမဟုတ်လား။ ငါ့ဆီမှာ ဝါးမျိုခြင်းသစ်စေ့ ရှိနေသရွေ့ မင်းကို မကြောက်ဘူးဟေ့ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆုံးဖြတ်လိုက်ပြီး ထိုသစ်သီးအား တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သဖြင့် သူ၏ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ ချက်ချင်းပင် ပွင့်ထွက်သွားတော့သည်။
၎င်း ပွင့်ထွက်သွားသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှနေ၍ အားပြင်းသော စုပ်ယူအားတစ်ခု ချက်ချင်းပင်ထွက်ပေါ်လာပြီး သစ်သီးထဲသို့ စီးဝင်သွား၏။ သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ သူ့အား ကူညီပေးနေသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာလည်း ချက်ချင်းပင်စိတ်လှုပ်ရှားသွား၏။ ထိုသို့ဖြင့် ဝိညာဉ်ချီ အမြောက်အမြား သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြသောကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်မှာ သိသိသာသာ တိုးတက်လာတော့သည်။
သူ၏စိတ်လှုပ်ရှားမှုများနှင့် စိုးထိတ်မှုများကြောင့် ဝမ်ပေါင်လဲ့မှာ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် ရင်ဖိုနေရပြီး အလွန်အင်မတန်မှ စိတ်ဓာတ်တက်ကြွသွား၏။ ထို့ကြောင့် သူသည် စုပ်ယူအားကို မြှင့်တင်ရန် ပြင်လိုက်စဉ်မှာပင်…..
သူ၏ သူငယ်အိမ်များထဲတွင် ပုန်းအောင်းနေခဲ့သော ခရမ်းရောင်ပင်လယ်ကြီးမှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ ထို့ကြောင့် ၎င်းမှာ အရှိန်အဟုန်ဖြင့် ပေါ်ထွက်လာကာ သစ်သီးထဲရှိ ဝိညာဉ်ချီများဆီသို့ ဦးတည်သွားလိုက်ပြီး ၎င်းတို့ကို စုပ်ယူနေလိုက်တော့သည်။
” ဘာကြီးလဲဟ ”
ထိုခရမ်းရောင်ပင်လယ်ကြီး ပေါ်ထွက်လာမှုကြောင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရ၏။ သူသည် တစ်ခုခုလွဲနေပြီဖြစ်ကြောင်း ချက်ချင်းပင် ရိပ်မိလိုက်သော်လည်း သေသေချာချာ မစစ်ဆေးနိုင်ခင်မှာပင် သူ၏ခန္ဓာကိုယ်ထဲမှ အနက်ရောင်လျှပ်စီးကြောင်းမှာလည်း အရှုံးမပေးလိုသောကြောင့် အရှိန်အဟုန်ဖြင့် ထိုးထွက်လာပြန်သည်။
” အဲဒါကရော ဘာလဲဟ…. ”
ဝမ်ပေါင်လဲ့မှာ လိပ်ပြာလွင့်လုမတတ် ဖြစ်သွားရ၏။ သူသည် အလွန်အမင်း အံ့ဩတုန်လှုပ်ကာ ဇဝေဇဝါ ဖြစ်နေရပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အခြားမဟုတ်ဘဲ သူ၏ ခန္ဓာကိုယ်ထဲတွင် မည်သည့် အရာများ ရှိနေမှန်း မသိနိုင်လောက်အောင် ဖြစ်နေရခြင်း ဖြစ်သည်။
good