Switch Mode

အခန်း ( ၂၀၃ )

သတ္တဝါဆန်းကြီးဆိုတာ ဘာကောင်လဲ

ဝမ်ပေါင်လဲ့ ပထမဆုံးထုတ်ယူလိုက်သော ဓမ္မအဆောင်မှာ ထူးဆန်းသော ယင်မောင်းယပ်တောင်ကြီးပင် ဖြစ်သည်။

ထို ယင်မောင်းယပ်တောင်ကို ထုတ်ယူလိုက်သည်နှင့် ၎င်း၏ အံ့ဩဖွယ်ရာကောင်းသော အငွေ့အသက်များမှာ ချက်ချင်းပင်ပေါ်ထွက်လာသည်။ ထို့နောက် ၎င်းမှာ ရှေ့တွင်ရှိနေသော ရုပ်သေးရုပ်ကျင့်ကြံသူတစ်ယောက်ဆီသို့ တည့်မတ်စွာ ဦးတည်သွားကာ ၎င်း၏ ယပ်တောင်မွှေးများမှာ ထောင်မတ်မာကျောသွားပြီးနောက် ရှေ့သို့ ထိုးခွင်းသွားတော့သည်။

ထို့ကြောင့် အသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ထိုကျင့်ကြံသူမှာ သစ်ရွက်ပုံစံရှိသော သူ၏ မန္တန်များကို မည်မျှပင်အသုံးပြုစေကာမူ ယင်မောင်းယပ်တောင်ကြီးမှာ ၎င်းတို့အား လျစ်လျူရှုလိုက်သောကြောင့် အချည်းနှီး ဖြစ်နေရတော့သည်။ ထို့နောက် ထိုယင်မောင်းယပ်တောင်မှာ ထိုကျင့်ကြံသူ၏ ရင်ဘတ်အား ထုတ်ချင်းဖောက်သွားပြီး သူ့အား သစ်ပင်တစ်ပင်၌ စွဲကပ်နေအောင် စိုက်ထားလိုက်တော့သည်။ ထို့နောင် ၎င်း၏ ယပ်တောင်မွှေးများမှာ ဖြာထွက်ကာ ဆန့်ထွက်လာပြီး အခြားရုပ်သေးရုပ်များဆီသို့ ဦးတည်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း ရုပ်သေးရုပ် ဒါဇင်ပေါင်းများစွာ ယင်မောင်းယပ်တောင်ကြီးကြောင့် သစ်ပင်များတွင် စိုက်နေရတော့သည်။

ထို ဓမ္မအဆောင်မှာ အလုပ်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ အံ့အားသင့်ကာ ပျော်ရွှင်ကျေနပ်သွားရ၏။ သို့သော် ထိုကဲ့သို့ အံ့အားသင့်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ရူးသွပ်လုမတတ် ဖြစ်သွားရပြန်သည်။ မကြာသေးမီကပင် အလွန်အင်မတန်မှ မာကျောခိုင်ခံ့နေခဲ့သော ယင်မောင်းယပ်တောင်ကြီးမှာ တစ်ခဏအတွင်း ပြန်၍ ပျော့ခွေသွားခြင်း ဖြစ်သည်။ ၎င်း၏ စွမ်းအားပင်လျှင် သိသိသာသာ လျော့ကျသွား၏။

ထို့ကြောင့် သစ်ပင်များ၌ စိုက်နေသော ကျင့်ကြံသူအားလုံးမှာ ပြန်လည်လွတ်မြောက်လာရန် အခွင့်အရေးတစ်ခု ရရှိသွားကြသည်။ သို့သော် သူတို့အားလုံးမှာ အောင်မြင်စွာ ရုန်းထွက်လာနိုင်ခြင်းတော့မရှိပေ။ အမျိုးသမီးကျင့်ကြံသူ ရှစ်ယောက်လောက်မှာ မည်မျှပင် ရုန်းကန်စေကာမူ လွတ်မြောက်လာခြင်းမရှိပေ။ သူတို့ပေါ်တွင် စိုက်နေသော ယင်မောင်းယပ်တောင်မွှေးများမှာလည်း ပျော့ခွေသွားခြင်း မရှိသည့်အပြင် ပို၍ပင်မာကျောလာ၏။

” ယင်မောင်းယပ်တောင်က နှာဗူးကြီးပါလား ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောနေစဉ်မှာပင် ပျော့ခွေသွားသော ယင်မောင်းယပ်တောင်မွှေးများမှာ အမျိုးသားကျင့်ကြံသူများဆီမှ ဆုတ်ခွာလာပြီး နောက်ထပ်တစ်ကြိမ်ပြန်၍ ဖြာထွက်သွားကာ ဘေးပတ်ပတ်လည်တွင် ရပ်နေသော အမျိုးသမီးကျင့်ကြံသူများဆီသို့ ဦးတည်သွားတော့သည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် အနည်းဆုံး အမျိုးသမီးကျင့်ကြံသူ အယောက်သုံးဆယ်လောက်မှာ ထိုယင်မောင်းယပ်တောင်မွှေးများကြောင့် သစ်ပင်များတွင် စိုက်သွားတော့သည်။ ထို ယင်မောင်းယပ်တောင်ကြီးမှာ ၎င်း၏ အမွှေးများကို ထပ်၍ ဆန့်ထုတ်ချင်ပါသော်လည်း မည်မျှပင်ကြိုးစားစေကာမူ ဆက်၍ မဆန့်ထုတ်နိုင်တော့ပေ။

ထိုအဖြစ်အပျက်များကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ အသက်အန္တရာယ်နှင့် ကြုံနေရသည့်အတိုင်းအောင် ထို ယင်မောင်းယပ်တောင်ကြီးကို ရွံရှာစက်ဆုပ်သွား၏။ သို့သော် ထိုယင်မောင်းယပ်တောင်ကြီး၏ အစွမ်းမှာ သူ့အတွက် အင်မတန်မှ အထောက်ကူပြုနေ၏။ ထိုအချိန်တွင် ဘေးပတ်ပတ်လည်မှ ရုပ်သေးရုပ်များမှာ အော်ဟစ်မြည်တမ်းရင်း သူ၏အနားသို့ချဉ်းကပ်လာပြီး သူ့အားတိုက်ခိုက်ရန် ပြင်လိုက်ကြသောကြောင့် ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကာ မန္တန်များထုတ်သုံး၍ ၎င်းတို့အား ခုခံတားဆီးလိုက်၏။ ထို့နောက် သူသည် နောက်သို့ဆုတ်ခွာရင်း ဆက်လက်တိုက်ခိုက်နေတော့သည်။

ထိုသို့ဖြင့် အသံအကျယ်ကြီးများ ပဲ့တင်ထပ်ကာ ဝမ်ပေါင်လဲ့၏ အလင်းကွေး၊ မီးမုန်တိုင်းနှင့် တိမ်လွှာလက်ချောင်းတို့မှာ အဆက်မပြတ် ပေါ်ထွက်လာနေကြတော့သည်။ ထို့အပြင် သူသည် အင်မတန်မှ မြန်ဆန်နေသေးသည်ဖြစ်ရာ ဘေးပတ်ပတ်လည်တွင် ဆူညံသံများဖြင့် ပဲ့တင်ထပ်နေပြီး လက်ရှိတွင် ရုပ်သေးရုပ်များမှာ ဝမ်ပေါင်လဲ့အား ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။

တစ်ဖက်တွင် ဝမ်ပေါင်လဲ့၏ အပြင်ခန္ဓာကိုယ်မှာ သန်မာနေသလို အခြားတစ်ဖက်တွင်လည်း သူ၏လက်ဝယ်၌ မန္တန်မြောက်မြားစွာ ရှိနေသေးသည်လည်းဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာမူ သူ အဆက်မပြတ် ပစ်လွှတ်နေသော ဓမ္မရတနာများမှာ ကုန်ဆုံးသွားခြင်း မရှိမည့်ပုံပင်။ ထိုရတနာများထဲတွင် သာမန်ထီးတစ်ချောင်းနှင့်တူသော ရတနာတစ်ခု ပါဝင်ပြီး ၎င်းမှာ မြန်ဆန်ရုံသာမက အလွန်အင်မတန်မှလည်း ရက်စက်ကြမ်းကြုတ်နေ၏။ ၎င်းမှာ သူ၏ လမ်းတစ်လျှောင်ရှိ တွေ့မြင်သမျှ လူတိုင်းကို လိုက်လံ ထိုးဖောက်နေ၏။

ထို့အပြင် အပြင်သို့ ပျံထွက်လာသည်နှင့် တစ်ပြိုင်နက် သွေးရူးသွေးတန်း ဖြစ်သော ဓားပျံတစ်လက်လည်း ရှိသေးသည်။ ၎င်းမှာ တွေ့မြင်သမျှလူတိုင်းကို ခုတ်ထစ်ရန် ကြိုးစားနေ၏။ အကယ်၍ ဝမ်ပေါင်လဲ့၏ တုံ့ပြန်နှုန်းများမှာ နှေးကွေးနေပါက သူသည်လည်း ထိုဓားပျံကို ထုတ်လိုက်သည့် အခိုက်အတန့်မှာပင် တိုက်ခိုက်ခံလိုက်ရမည်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ အမျိုးသမီးရုပ်သေးရုပ်ကျင့်ကြံသူများမှာ မရပ်မနား ရုန်းကန်‌နေခဲ့သောကြောင့် ယင်မောင်းယပ်တောင်ကြီးထံမှ လွတ်မြောက်လာကြသည်။ ထိုအခါ ယင်မောင်းယပ်တောင်ကြီးမှာ ဝမ်ပေါင်လဲ့ဆီသို့ အလျင်အမြန်ပင် ပြန်ရောက်လာ၏။ သူသည် ၎င်းအား လှမ်း၍ဖမ်းဆုပ်လိုက်ပြီး သူ၏ ပတ်ပတ်လည်၌ ဝှေ့ယမ်းလိုက်၏။

၎င်းမှာ အမျိုးသားကျင့်ကြံသူများအပေါ် အကျိုးသက်ရောက်မှု မရှိပေ။ ၎င်း၏ နူးညံ့ပျော့ခွေနေသော ယပ်တောင်မွှေးများမှာ ထိုအမျိုးသား ကျင့်ကြံသူများအား စိတ်မပါလက်မပါနှင့်သာ ပွတ်တိုက်သွား၏။ သို့သော် အမျိုးသမီးကျင့်ကြံသူများဆီသို့ ရောက်လာသောအခါ ယပ်တောင်‌မွှေးအားလုံးမှာ အံ့ဩမှင်တက်စရာကောင်းလောက်အောင် တောင့်တင်းလာကြပြီး သာမန် ဓမ္မအဆောင်တစ်ခုထက် ပို၍ အစွမ်းထက်သော အင်အားတစ်ခုကို ထုတ်လွှတ်နေတော့သည်။ ထိုယပ်တောင်မွှေးများ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များအား ရိုက်ခတ်သွားသည့် ပြင်းအားကြောင့် ဝမ်ပေါင်လဲ့ပင်လျှင် ကြောက်ရွံ့တုန်လှုပ်နေရတော့သည်။

သို့သော် ၎င်းမှာ ဝမ်ပေါင်လဲ့အတွက် အထူး‌ဆန်းဆုံးအချက် မဟုတ်သေးပေ။ သူ့အား ပို၍အံ့အားသင့်သွားအောင် လုပ်နိုင်ခဲ့သည့်အရာမှာ တံဆိပ်တော်ကြီးပင် ဖြစ်သည်။

ထို တံဆိပ်တော်ကြီးမှာ ဝမ်ပေါင်လဲ့ လက်နက်သဲအား အသုံးပြုကာ အဆင့်မြှင့်တင်ခဲ့ပြီးနောက် တမူထူးခြားသွား၏။ သို့သော် ၎င်းမှာ ပစ်လွှတ်လိုက်သောအချိန်တွင် စပရင်တစ်ခုကဲ့သို့ ဖြစ်သွားပြီး တစ်ခုခုနှင့် ထိမိလိုက်သည်နှင့် တစ်ပြိုင်နက် ပြန်၍ခုန်ထွက်လာ၏။

ဝမ်ပေါင်လဲ့ ၎င်းအား ပစ်လွှတ်လိုက်သောအခါတွင်လည်း ထိုနည်းတူပင်။ ၎င်းမှာ အခြားသူများ၏ ထိုးနှက်ခြင်းကို ခံလိုက်ရသောအခါ ချက်ချင်းပင် လွင့်ထွက်သွားပြီး ပျောက်ကွယ်သွားတော့သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ အခြားရုပ်သေးရုပ်ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နေရင်း သူ၏ အားပါသော လက်သီးချက်ကြောင့် သူ၏ပြိုင်ဘက်ဖြစ်သူ နောက်သို့ တွန်းထုတ်ခံလိုက်ရချိန်တွင် ထိုတံဆိပ်တော်ကြီးမှာ ရုတ်တရက်ဆိုသလို ကောင်းကင်ပေါ်မှ ကျဆင်းလာ၏။ ၎င်းမှာ ထိုကျင့်ကြံသူပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျလာသောကြောင့် အသံအကျယ်ကြီးထွက်ပေါ်လာပြီး ထိုကျင့်ကြံသူမှာ ချက်ချင်းပင် စိစိညက်ညက်ကြေမွသွား၏။ ထို့နောက် ထိုတံဆိပ်တော်ကြီးမှာ ကောင်းကင်ပေါ်သို့ ပြန်၍ခုန်တက်သွားတော့သည်။

၎င်းမှာ ကိုယ်ပိုင်အသိစိတ်တစ်ခု ရှိနေသည့်အလား ထိုကဲ့သို့ ဆက်တိုက်ပြုမူနေ‌၏။ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ပြိုင်ဘက်အား ချေမှုန်းရန် ပြင်နေသည်ကို အာရုံခံမိလိုက်တိုင်း ထိုတံဆိပ်တော်ကြီးမှာ အလျင်စလို ရောက်ရှိလာပြီး သူ၏ ရန်သူအား တစ်စစီ ခြေမွပစ်သည်သာ ဖြစ်သည်။

” ဒီ တံဆိပ်ကြီးက ကြီးနိုင်ငယ်ညှင်းဝါဒကို လက်ကိုင်ထားပြီးတော့ ရန်သူတွေကို သေချာရွေးပြီးမှ ပစ်မှတ်ထားတာပါလား ”
ဝမ်ပေါင်လဲ့မှာ သူ၏မျက်စိရှေ့တွင် မြင်နေရသော မြင်ကွင်းများကြောင့် အံ့ဩတုန်လှုပ်နေရတော့သည်။ သူသည် နာကြည်းစွာ ရယ်မောလိုက်ပြီး တချိန်တည်းမှာပင် သူ၏ပြိုင်ဘက်များအားလုံး ရုပ်သေးရုပ်ကျင့်ကြံသူများ ဖြစ်နေကြောင်း ပြန်၍ အမှတ်ရသွားသဖြင့် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်၏။ အကယ်၍ သူတို့မှာ ရုပ်သေးရုပ်များမဟုတ်ဘဲ အတိုင်းအတာတစ်ခုအထိ အသိစိတ်ရှိနေမည်ဆိုလျှင် သူ၏ ဓမ္မရတနာများကို ကြောက်ရွံ့နေကြမည်မှာ မလွဲဧကန်ပင်။

သို့သော် ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ သူ၏ ဓမ္မရတနာများအပေါ် အားသာချက်ကိုအသုံးပြုကာ သစ်တောကြီး၏ အစွန်းပိုင်းနားသို့ ချဉ်းကပ်လာစဉ်မှာပင် နားစည်များပင် ကွဲအက်သွားစေနိုင်လောက်အောင် ကျယ်လောင်သော အသံကြီးတစ်သံ ရုတ်တရက်ဆိုသလို ပေါ်ထွက်လာ၏။

ထိုဆူညံသံကြီး ပျံ့နှံ့လာသောအခါ မြေပြင်ကြီးတစ်ခုလုံးမှာလည်း အပြင်းအထန် တုန်ခါသွား၏။ ကောင်းကင်ကြီးမှာလည်း တုန်ရီသွားပြီး အနက်ရောင် တိမ်တိုက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ ကျုံ့ဝင်သွားကြ၏။ ဝမ်ပေါင်လဲ့မှာလည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။ ထို့နောက် သူ၏ ခြေထောက်အောက်မှ မြေပြင်ကြီးမှာ အောက်သို့ကျွံဝင်သွားပြီး သူ၏ အောက်ဘက်မှနေ၍ သစ်ပင်လက်ကြီးတစ်ဖက် ပေါ်ထွက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ငယ်သံပါအောင် အော်ဟစ်ကာ လေပေါ်သို့ခုန်တက်လိုက်၏။ လက်ရှိတွင် သူ၏ အန္တရာယ်ကို အာရုံခံနိုင်စွမ်းမှာ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိနေပြီဖြစ်သည်။ ထိုသစ်ပင်လက်ကြီးမှာ သူ၏ သင်္ဘောပျံကြီးအား ဖျက်ဆီးခဲ့သော လက်ကြီးနှင့် ယှဉ်လိုက်မည်ဆိုလျှင် သေးငယ်ပါသော်လည်း ၎င်းမှာ ပေတစ်ရာကျော် မြင့်မားနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့အတွက်မူ အင်မတန်မှ ကြီးမားနေဆဲပင်။ ၎င်းမှာ မြေကြီးထဲမှထိုးထွက်လာကာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာပြီး သူ့အား ဖမ်းဆုပ်ရန်ပြင်လိုက်၏။

၎င်းမှာ အလွန်အင်မတန်မှ လျင်မြန်နေသလို တချိန်တည်းမှာပင် ၎င်းဆီမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာကောင်းသော ဖိအားတစ်မျိုးလည်း ပေါ်ထွက်နေသေးသည်။ ထိုဖိနှိပ်အားမှာ မျက်လုံးဖြင့်မမြင်နိုင်သော လေမုန်တိုင်းတစ်ခုကဲ့သို့ ဝမ်ပေါင်လဲ့၏ အသိစိတ်များကို ရိုက်ခတ်သွား၏။ ထိုသို့ဖြင့် အသံကျယ်ကြီးတစ်သံ မြည်ဟီးသွားပြီး လှိုင်းလုံးကြီးတစ်ခုထဲသို့ ရောက်သွားသည့်အလား ခံစားလိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ ခေါင်းများထူပူသွားပြီး နာကြည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။

သူ၏ခန္ဓာကိုယ်မှာ အချိန်တိုလေးအတွင်း မခံမရပ်နိုင်လောက်အောင် ကျယ်လောင်သော ဆူညံသံကြီးတစ်ခုကို ခံစားလိုက်ရသကဲ့သို့ပင်။ သူ၏နားထဲမှ အရိုးများမှာ တစ်စစီကြေမွလုမတတ် ဖြစ်သွားကြပြီး သူ၏ နားစည်များမှာလည်း ကွဲထွက်လုမတတ် ဖြစ်နေကြပြီ ဖြစ်သည်။ ထို့နောက် သူ၏ ဒွါရ အပေါက်များမှ သွေးများစီးကျလာပြီး သူ၏ အသိစိတ်မှာလည်း အတင်းအကြပ် ဖိနှိပ်ချုပ်တည်းခံလိုက်ရသဖြင့် သူသည် ချက်ချင်းပင် သတိမေ့မျောသွားတော့သည်။

လေပေါ်သို့မြောက်တက်သွားသော သူ၏အပြင်ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မှုကင်းမဲ့သွားပြီး မြေကြီးထဲမှ ထွက်ပေါ်လာသော လက်ကြီး၏ တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်းကို ခံလိုက်ရသည်။

ထိုလက်ကြီးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ဆုပ်ကိုင်ထားပါသော်လည်း ၎င်းအား ဖိခြေလိုက်ခြင်း မရှိပေ။ ၎င်းမှာ ဝမ်ပေါင်လဲ့အား ချက်ချင်းပင် အုပ်မိုးသွားပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဝန်းရံသွား၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း ၎င်းမှာ လက်ကြီးနှင့်ချိတ်ဆက်နေသော ပိုးအိမ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး မြေကြီးထဲသို့ ပြန်ဝင်သွားတော့သည်။

သူ့အားဝိုင်းထားကြသော အသက်မဲ့နေသည့် အမူအရာများနှင့် ရုပ်သေးရုပ်ကျင့်ကြံသူများမှာ ထိုအဖြစ်အပျက်များကို မလှုပ်မယှက် ရပ်ကြည့်နေကြ၏။ ထိုပိုးအိမ်ကြီး ပျောက်ကွယ်သွားမှသာ သူတို့မှာ ခေါင်းများလှည့်လာကြ၏။ ထို့နောက် သူတို့၏ပုံစံမှာ အမိန့်များ နားထောင်နေသည့်အလား ဖြစ်သွားကြပြီး ခဏအကြာတွင် သူတို့အားလုံး နောက်သို့လှည့်၍ ကူးလောင်ချိုင့်ဝှမ်းဆီသို့ ပြေးသွားကြတော့သည်။

ထိုကျင့်ကြံသူများ ထွက်ခွာသွားသောအခါ ထိုနေရာကြီးတစ်ခုလုံးမှာ ပြန်၍ တည်ငြိမ်အေးချမ်းသွား၏။ ကောင်းကင်ယံကြီးအား ထောက်ပံ့ပေးထားသော သစ်ပင်လက်ကြီးမှာလည်း တဖြည်းဖြည်းနှင့် အောက်သို့ပြန်ကျလာပြီး မြေကြီးထဲသို့ ပြန်၍ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။ ၎င်း ပျောက်ကွယ်သွားသောအခါ ဘေးပတ်ပတ်လည်တွင်ရှိနေသော အနက်ရောင် တိမ်လွှားမြူခိုးများမှာလည်း တဖြည်းဖြည်းနှင့် ပါးလာပြီး အသက်ရှူကြိမ် အနည်းငယ်အတွင်း အပြီးတိုင် လွင့်စင်ပျောက်ကွယ်သွားကြတော့သည်။

နေရာအများစုတွင် အချုပ်အနှောင်ကြီး၏ ဖိနှိပ်အားများမှာ ရှိမနေတော့ပေ။ ထို့နောက် ပြင်ပကမ္ဘာမှ နေရောင်ခြည်အလင်းတန်းများ ဖြာကျလာသဖြင့် အရာအားလုံးမှာ ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။

ကူးလောင်ချိုင့်ဝှမ်းထဲရှိ နက်ရှိုင်းသောနေရာတစ်ခုတွင်သာ အနက်ရောင်မြူခိုးများ အနည်းငယ်ခန့် ကျန်ရှိတော့သည်။ ၎င်းမှာ အချုပ်အနှောင်ကြီး အချိန်တိုင်းရှိနေသော ဗဟိုချက် ဖြစ်နေသည့်ပုံပင်။

ထို မြူခိုးအချုပ်အနှောင်ထဲတွင် အရွယ်အစားမျိုးစုံရှိသော အကိုင်းအခက်များပေါက်နေသည့် သစ်ပင်ငယ်လေး၏ ပတ်ပတ်လည်တွင် ပင်စည်တုတ်ခိုင်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည့် ဧရာမသစ်ပင်ကြီးများမှာ ရာဂဏန်းအထိ ပေါက်ရောက်နေ၏။ ထို သစ်ပင်ငယ်လေးမှာ အပြင်းအထန် ဒဏ်ရာရရှိထားပြီး သေဆုံးတော့မည့်ဆဲဆဲ ဖြစ်နေသည့်အလားပင်။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများဖြင့်ပြည့်နှက်နေပြီး ၎င်း၏ အကိုင်းအခတ်များပေါ်တွင်လည်း သစ်ရွက်စိမ်း တစ်ရွက်တလေပင် ပေါက်နေခြင်းမရှိပေ။ ၎င်း၏ သက်တမ်းမှာ ကုန်ဆုံးတော့မည့်ပုံပင်။

သို့သော် တန်ခိုးကြီးသော လူတစ်ယောက်သာပေါ်လာပြီး မြေပြင်ကြီးကို လှမ်းကြည့်လိုက်မည်ဆိုပါက ထိုသစ်ပင်ငယ်လေး၏ မြေအောက်မြစ်များမှာ အလွန်အင်မတန်မှ ရှည်လျားကာ ပေတစ်သောင်းကျော်အထိ ဝင်္ကပါကြီးတစ်ခုကဲ့သို့ ပျံ့နှံ့နေသည်ကို မြင်နိုင်မည် ဖြစ်သည်။

ထို ပေတစ်သောင်းကျော်အထိ ရှည်လျားနေသော အမြစ်များထဲတွင် ထောင်ပေါင်းများစွာသော အရွယ်အစားသေးငယ်သည့် အမြစ်ခွဲလေးများလည်း ရှိနေသေးသည်။ ၎င်းတို့၏ လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်မည်ဆိုပါက ထိုအမြစ်များမှာ မြေကြီးများထဲမှ ထိုးထွက်ကာ မိုးထိုးလုမတတ်မြင့်မားနေသော ဧရာမသစ်ပင်ပေါင်း မြောက်မြားစွာအဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်းကို တွေ့မြင်နိုင်မည်ဖြစ်သည်။

ထိုနေရာကြီးတစ်ခုလုံးကို အပေါ်စီးမှနေ၍ ကြည့်လိုက်မည်ဆိုပါက ကူးလောင်ချိုင့်ဝှမ်း၏ အလယ်ဗဟိုရှိ သစ်ပင်များအားလုံးမှာ ထိုသစ်ပင်ငယ်လေး၏ အမြစ်များမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း မြင်နိုင်မည် ဖြစ်သည်။

ပြည်ထောင်စုကြီးအား စတင်တည်ထောင်ခဲ့သည့် အချိန်ကတည်းက မှတ်တမ်းများထဲတွင် ထို အံ့ဩမှင်တက်ဖွယ်ရာကောင်းလောက်အောင် ကြီးမားနေသော ဧရာမသစ်ပင်ကြီးများကို မှတ်တမ်းတင်ထားခြင်းမရှိပေ။

မြေအောက်မြစ်များကြောင့် ဖြစ်ပေါ်နေသော ဝင်္ကပါကြီး၏ အလယ်ရှိ အမြစ်များဖြင့် ဖန်တီးထားသော မြေကွက်လပ်တစ်ခုထဲတွင် သစ်သီးများနှင့်တူသည့် ပိုးအိမ် ရာပေါင်းများစွာ ရှိနေ၏။ ထို ပိုးအိမ် တစ်ခုချင်းစီတိုင်း၏ဗြက်မှာ ဆယ်ပေကျော်ရှိပြီး ၎င်းတို့မှာ သစ်ပင်များ၏ ဘေးဘက်နံရံများကို ထူထဲစွာ အုပ်မိုးထားကြ၏။

သစ်သီးသုံးလုံးမှာဆိုလျှင် ဖြည်းဖြည်းချင်း လူးလွန့်နေပြီး အခြားသစ်သီးများမှာ မလှုပ်မယှက် ငြိမ်နေသည်ကိုပင် မြင်နိုင်၏။

ထို လူးလွန့်နေသော သစ်သီးသုံးလုံးထဲတွင် ဝမ်ပေါင်လဲ့၊ ကျောက်ယမုန့်နှင့် ကျိုးရိဖန်တို့ ရှိနေကြသည်။ သူတို့မှာ ဖမ်းဆီးခံခဲ့ရသည့် အချိန်တုန်းက ဖြစ်နေသည့် အမူအရာအတိုင်း သူတို့၏ သက်ဆိုင်ရာသစ်သီးများထဲတွင် ရှိနေကြ၏။ သူတို့၏ ပစ္စည်းများပင်လျှင် ကိုယ်နှင့်မကွာ ရှိနေကြသည်။ သူတို့မှာ သတိမေ့မြောနေသည့်ပုံ ပေါက်နေပြီး မျက်လုံးများမှိတ်ကာ မလှုပ်မယှက် ငြိမ်နေကြ၏။

သူတို့၏ ပတ်ပတ်လည်တွင် ကပ်စေးကပ်စေး ဖြစ်နေသော အကျိအချွဲများ ရှိနေသဖြင့် သူတို့ တစ်ကိုယ်လုံးမှာလည်း စိုရွှဲနေ၏။ ထို့အပြင် ဧရာမသစ်ပင်ကြီးထဲမှ ထူထဲသိပ်သည်းသော ဝိညာဉ်ချီများ ထွက်ပေါ်လာကာ သူ့တို့ဆီသို့ ပျံ့လွင့်သွားပြီး သူတို့၏ ခန္ဓာကိုယ်များထဲသို့ အဆက်မပြတ် စီးဆင်းဝင်ရောက်နေသေးသည်။

၎င်းမှာ ထိုနည်းလမ်းဖြင့် သူတို့အား ဝါးမျိုရန် ကြိုးပမ်းနေသည့်ပုံပင်။ သစ်သီးတစ်လုံးချင်းစီထဲတွင် အသွားထက်သော လှံများနှင့်တူသည့် အကိုင်းအခက်များစွာ ပေါက်ရောက်နေပြီး သူတို့၏ ဦးခေါင်းများထဲသို့ ထိုးဖောက်ဝင်ရောက်ကာ သူတို့ သုံးယောက်အား ချိတ်ဆက်ပေးထား၏။

ထူးဆန်းသော သက်ရှိတစ်မျိုးမှာ သူတို့၏ အပြင်ခန္ဓာကိုယ်များကို ဝါးမျိုကာ သူတို့၏ အသိစိတ်များကို ဖျောက်ဖျက်ပစ်ရန် ကြိုးပမ်းနေသည့်ပုံပင်။

အချိန်များမှာ မည်မျှမှန်း မသိနိုင်အောင် တရွေ့ရွေ့နှင့် ကုန်လွန်သွားကာ သူတို့သုံးယောက်မှာ အဆက်မပြတ် ဝါးမျိုခံနေရပြီး သူတို့၏ အသိစိတ်များမှာလည်း ဖျက်ဆီးခံနေရ၏။ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ အစကတည်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသကဲ့သို့ ဖြစ်နေကြပြီး လုံးဝတုံ့ပြန်မှု မရှိတော့ပေ။ သို့သော် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာမူ အကြိမ်အနည်းငယ်ခန့် တုန်ခါနေ၏။ သူသည် သတိရလာခြင်း မရှိပါသော်လည်း ထူးဆန်းသောအရာတစ်ခု သူ၏ခန္ဓာကိုယ်ထဲ၌ နိုးထလာသည့်ပုံပင်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်နေသော ဝိညာဉ်ချီများမှာ လောဘတက်နေသည့် အရိပ်အယောင်များ ပေါ်လာကြတော့သည်။

အခြားတစ်ဖက်တွင်မူ ဧရာမသစ်ပင်ကြီးမှာ ၎င်း ဝါးမျိုးရန်ကြိုးစားနေသည့် ထူးဆန်းသော သတ္တဝါကြီး၏ အကြောင်းကို မသိသေးသည့်ပုံပင်။

Comment

Leave a Reply

Options

not work with dark mode
Reset