သူတို့သုံးယောက်မှာ မတူညီသော အရပ်မျက်နှာသုံးခုဆီသို့ ခွဲထွက်သွားကြ၏။ ကျိုးရိဖန်မှာ ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် အစွမ်းကုန်ထုတ်လိုက်သဖြင့် ပျစ်ခဲနေသော သွေးချီများမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ လည်ပတ်နေသကဲ့သို့ပင်။ သူ၏ နောက်တွင်ရှိနေသော သူ၏ ယခင်ဘဝမှ ဝိညာဉ်ပုံရိပ်ကြီးမှာလည်း သူ့အား ကူညီထောက်ပံ့ပေးထားသောကြောင့် သူသည် အံ့ဩမှင်တက်စရာကောင်းလောက်အောင် မြန်ဆန်နေတော့သည်။
တချိန်တည်းမှာပင် သူ့ခြေထောက်နှစ်ဖက်၏ ပတ်ပတ်လည်တွင် တိမ်တိုက်တစ်ခု ရစ်ဝဲနေသည်ကို ခပ်ရေးရေးခန့် မြင်နိုင်၏။ ၎င်းမှာ ကောင်းကင်တိမ်လွှာစွမ်းရည်၏ တတိယအဆင့်မန္တန်ဖြစ်သော တိမ်လွှာမြူခိုးခြေလှမ်း ဖြစ်သည်။
တိမ်လွှာမြူခိုးခြေလှမ်းမှာ အချိန်တိုလေးအတွင်း ကျင့်ကြံသူတစ်ယောက်၏ အမြန်နှုန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်၏။ သူသည် လျှပ်စီးလောက် မမြန်ပါသော်လည်း တိမ်လွှာမြူခိုးခြေလှမ်းနှင့် သူ၏မိသားစုထဲတွင် မျိုးရိုးအဆက်ဆက် လက်ဆင့်ကမ်းခဲ့သော မန္တန်များကို ပေါင်းစည်းလိုက်သောအခါ ကျိုးရိဖန်မှာ အလွန်အင်မတန်မှ လျင်မြန်သွားပြီး သစ်တောထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ကျောက်ယမုန့်၏ ဘေးတွင်မူ မှုန်ဝါးဝါးဖြစ်နေပြီး လက်သီးဆုပ် အရွယ်အစားရှိသည့် ကြယ်များစွာ ရှိနေပြီး ကြယ်အလင်းရောင်များမှာ သူမ၏ ခန္ဓာကိုယ်ထဲမှနေ၍ ထွက်ပေါ်နေ၏။ ထို့ကြောင့် သူမကို မည်သူကမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ သူမကမူ ရှေ့တွင်ရှိနေသမျှ အရာအားလုံးကို လျစ်လျူရှုကာ သစ်ပင်များကြားထဲသို့ ဝင်ရောက်သွားပြီး အဝေးသို့ ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း ရင်သပ်ရှုမောဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ရွေ့လျားနေ၏။ သူသည် ကျိုးရိဖန်ကဲ့သို့ တိမ်လွှာမြူခိုးခြေလှမ်းအား ထုတ်သုံးခြင်းမရှိသလို ကျောက်ယမုန့်ကဲ့သို့ မန္တန်အစီအရင်များကိုလည်း ကျွမ်းကျင်တတ်မြောက်ထားခြင်း မရှိပေ။ သို့သော် သူတို့သုံးယောက်ထဲတွင် သူ၏ အပြင်ခန္ဓာကိုယ်မှာ အသန်မာဆုံးဖြစ်သည်။
ထိုကဲ့သို့ သန်မာသော အပြင်ခန္ဓာကိုယ်ကြောင့် သူသည် အမြန်နှုန်းကို မြှင့်တင်နိုင်ရန်အတွက် သူ၏ ကျင့်ကြံခြင်းကို အသုံးပြုနေစရာ မလိုအပ်တော့ပေ။ သူသည် လျှပ်စီးကဲ့သို့ပင် မြန်ဆန်နေပြီ မဟုတ်ပါလော။ ထို့ကြောင့် သူသည် ရေကန်ထဲရှိ ဘဲတစ်ကောင်ကဲ့သို့ သစ်တောထဲသို့ ပြေးဝင်သွားလိုက်၏။ သစ်တောထဲသို့ ရောက်သွားသောအခါတွင်လည်း သူသည် လျင်မြန်ဖျက်လက်စွာ ရွေ့လျားနေဆဲပင်။
သူတို့၏ နောက်တွင်မူ ရုပ်သေးရုပ်ကျင့်ကြံသူ ရာပေါင်းများစွာမှာ လူစုခွဲ၍ သူတို့နောက်သို့ လိုက်လာကြပြီဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ရေစက်ပုံစံ သင်္ဘောပျံကြီးကို ဖျက်ဆီးခဲ့သော သစ်ပင်ကိုင်းများမှာ မိုးကောင်းကင်ဆီသို့ ဆန့်တန်းသွားပြီး နေရာအနှံ့တွင် တပ်ဆင်ထားသော အချုပ်အနှောင်များကို တည်ငြိမ်သွားအောင်လုပ်လိုက်သည်။ ထို့ကြောင့် အပြင်ဘက်မှ ကြည့်လိုက်ပါက ထိုနေရာကြီး တစ်ခုလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများ အဝေးသို့ ပြေးထွက်သွားသောအခါ ထိုဧရာမသစ်ပင်ကြီး၏ ထိပ်တွင် မျက်လုံးတစ်စုံ ပေါ်လာ၏။ ထိုမျက်လုံးများ၏ သူငယ်အိမ်များမှာ ကြက်ခြေခတ်ပုံစံရှိနေပြီး ၎င်း၏ အညိုရောင် မျက်ဝန်းများထဲမှ အေးစက်စက်နှင့် ချောက်ချားဖွယ်ရာကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေ၏။
ထို သူငယ်အိမ်များထဲတွင် နတ်ဆိုးအလင်းရောင်များ တဖျတ်ဖျတ် လက်နေပြီး ထိုကဲ့သို့ လင်းလက်သွားသည့် အချိန်တိုင်း ၎င်း၏ ကိုယ်ထည်မှ အလင်းတန်းများ တောက်ပလာ၏။ အကယ်၍ ထိုသစ်ပင်ကြီးအနားသို့ ကပ်သွားလိုက်မည်ဆိုပါက ၎င်းဆီမှ စကားသံများ ပေါ်ထွက်နေသည်ကို ကြားနိုင်မည်ဖြစ်သည်။
” အရာအားလုံးက ပုံမှန်ပါပဲ ”
” အခု အဆင်ပြေသွားပါပြီ။ စိတ်ချပါ အစ်ကိုကြီး ”
” အကုန်အဆင်ပြေတယ်။ ငါ နောက် သုံးရက်၊ လေးရက်လောက်နေရင် ပြန်ရောက်လောက်တယ် ”
” ငါ အဆင်ပြေပါတယ်။ ငါ့အတွက် စိတ်ပူနေစရာမလိုဘူး…. ”
ထိုစကားသံအမျိုးမျိုးမှာ သစ်ပင်ကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသော လူများအသွင် ဟန်ဆောင်ကာ သူတို့မှာ ဘေးကင်းစွာရှိနေကြောင်း သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တာအိုကျောင်းများဆီသို့ သတင်းပေးပို့နေကြသည့် ပုံပင်။ သို့မှသာ မည်သူကမှ သူတို့ သေဆုံးသွားပြီဖြစ်ကြောင်း သံသယဝင်ကြမည်မဟုတ်ပေ။
ထို ဧရာမသစ်ပင်ကြီး ချောက်ချားဖွယ်ကောင်းလောက်အောင် လင်းလက်တောက်ပနေချိန်တွင် ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ အလွန် မြန်ဆန်သော အမြန်နှုန်းများဖြင့် ပြေးလွှားလှုပ်ရှားကာ ကူးလောင်ချိုင့်ဝှမ်း၏ အပြင်ဘက်ရှိ သစ်တောထဲတွင် ထွက်ပြေးလွတ်မြောက်နိုင်မည့် လမ်းကြောင်းကို ရှာဖွေနေကြသည်။
ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ဖြင့် ယှဉ်လိုက်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ သစ်တောထဲ၌ ထွက်ပြေးလွတ်မြောက်နိုင်မည့် လမ်းကြောင်းတစ်ခု ရှာဖွေရသည်ကို ကျွမ်းကျင်နေပြီသား ဖြစ်သည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသောသစ်ပင်များထံမှ ပေါ်ထွက်လာသည့် သူနှင့် ရင်းနှီးနေသော ရနံ့များကြောင့် ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနှင့် မိုးသစ်တောထဲသို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။ သူ၏နောက်မှ လိုက်လာသော လူများနှင့် ဧရာမသစ်ပင်ကြီး၏ အန္တရာယ်တို့ကြောင့် သူ၏ အသိစိတ်များမှာ နိုးနိုးကြားကြား ရှိနေပြီး သူ၏ ဦးနှောက်မှာလည်း မရပ်မနား လည်ပတ်နေ၏။
” အဲဒီ ဧရာမသစ်ပင်ကြီးက ဘာကြီးလဲဟ ”
ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ တွေးလိုက်၏။ ထို့နောက် သူသည် သစ်ပင်တစ်ပင်၏ ထိပ်မှ ရှေ့သို့ခုန်ထွက်သွားပြီး နောက်မှလိုက်လာသူများကို မျက်ခြည်ဖြတ်လိုက်၏။ သူသည် မြေပြင်ပေါ်သို့ ပြန်ရောက်လာသောအခါ ချက်ချင်းပင် ကျင်းတစ်ကျင်း တူးလိုက်ပြီး ထိုကျင်းထဲတွင် သူ့ကိုယ်သူ မြှုပ်နေလိုက်၏။ ထို့နောက် သူ၏ အငွေ့အသက်များကိုပါ ဖျောက်လိုက်ပြီး ထိုကျင်းထဲတွင် ပုန်းနေလိုက်တော့သည်။ သူသည် ထိုသို့ပုန်းကွယ်နေရင်း ရင်တထိတ်ထိတ်နှင့် အလောတကြီး ဖြစ်နေရပြီး သူ၏နှလုံးသားထဲတွင် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ခံစားချက်များဖြင့် ပြည့်နှက်နေ၏။
” သစ်ပင်တွေ ဒီလိုမျိုး ပြောင်းလဲနိုင်တယ်ဆိုတာ အရင်တုန်းက ငါ တစ်ခါမှ မကြားဖူးပါဘူး။ ပြည်ထောင်စုကြီးရဲ့ သားရဲမှတ်တမ်းတွေထဲမှာ တိရိစ္ဆာန်တွေပဲ ပါတာပါဟ ”
သို့သော် ယခုတွင်မူ အပင်များနှင့်ပါ ရင်ဆိုင်နေရပြီ ဖြစ်သည်။ ၎င်းမှာ ကြီးမားသော ကိစ္စရပ်ကြီးတစ်ခုပင် ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ပုံမှန်နှင့်မတူသော အန္တရာယ်များကို ခံစားနေရဆဲပင်။ ဤ ဖြစ်ရပ်ကြီး၏ နောက်ကွယ်မှ အကြောင်းအရင်းများမှာ မကြာသေးမီကမှ တည်ငြိမ်စပြုလာသော ပြည်ထောင်စုကြီးအား အကြီးအကျယ် ပြောင်းလဲသွားစေနိုင်လိမ့်မည်ဟုပင် သူက ခံစားနေရ၏။
ဧရာမသစ်ပင်ကြီးမှာ ကျင့်ကြံသူများကို ဝါးမျိုကာ ရှေးဟောင်းသိုင်းအဆင့်သာရှိသော လူများကို အာနာပါနအဆင့်သို့ ရောက်ရှိသွားအောင် လုပ်နိုင်ကြောင်း တွေးမိလိုက်သောအခါ သူသည် အလွန်အင်မတန်မှ ကြောက်ရွံ့တုန်လှုပ်သွားရတော့သည်။
” အစတုန်းက ဒီသစ်ပင်ကြီးက ငါတို့ကို တိုက်ခိုက်ဖို့ အစီအစဉ်မရှိဘူး။ ငါတို့တွေ တာအိုကျောင်းကို သတင်းပြန်ပို့ဖို့ ကြိုးစားနေမှန်း သိသွားတဲ့အချိန်ရောက်မှ သူက ငါတို့ကို စပြီးတော့ တားဆီးတာ။ အဲဒီတော့ ဒီနေရာမှာ တခြားလူတွေ ရှာတွေ့သွားလို့ မဖြစ်တဲ့ လျှို့ဝှက်ချက် အကြီးကြီးတွေ ရှိနေလောက်တယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောနေရင်း ရုတ်တရက်ဆိုသလို သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူတူးထားသော ကျင်းထဲမှ ချက်ချင်းပင် ခုန်ထွက်လိုက်၏။
ထိုအခါ တစ်ပြိုင်နက်တည်း ဆိုသလိုပင် သူ၏ရှေ့တွင် ရှိနေသော သစ်ပင်ကြီးတစ်ပင်မှာ ရုတ်တရက်ဆိုသလို ရှုံ့တွပုံပျက်သွား၏။ ထို့နောက် ၎င်းထဲမှ ရုပ်သေးရုပ် ကျင့်ကြံသူတစ်ယောက်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အမူအရာဖြင့် ထွက်လာပြီး ဝမ်ပေါင်လဲ့ ပုန်းကွယ်နေခဲ့သည့် ကျင်းကြီးရှိရာဘက်သို့ အားပါပါ ထိုးနှက်လိုက်သည်။
အကယ်၍ ဝမ်ပေါင်လဲ့သာ ၎င်းအား ချက်ချင်းအာရုံမခံမိခဲ့ပါက ထိုလက်သီးချက်ကြီးမှာ သူ့ပေါ်သို့ ကျရောက်သွားမည်သာ ဖြစ်သည်။
” ဒီလှည့်ကွက်က အသုံးမဝင်ဘူးပဲ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးပြူးကြီးများဖြင့် ထွက်ပြေးသွားချိန်တွင် သူ၏ ပတ်ပတ်လည်ရှိ သစ်ပင်များထဲမှ ရုပ်သေးရုပ်ကျင့်ကြံသူများ ခုန်ထွက်လာကြသည်ကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည် စဉ်းစားတွေးတောနေရန် အချိန်သိပ်မရှိတော့သောကြောင့် ချက်ချင်းပင် လက်မြှောက်လိုက်ပြီး အလင်းကွေးမန္တန်အား ထုတ်လွှတ်လိုက်တော့သည်။
ထိုအခါ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး မိုးကြိုးသွားလေးမှာ ဘေးပတ်ပတ်လည်ရှိ ရုပ်သေးရုပ်ကျင့်ကြံသူများဆီသို့ ဦးတည်သွား၏။ ထို မိုးကြိုးသွားလေး သူတို့အား ထိုးခွင်းသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ လမ်းကြောင်းပြောင်းကာ ရှေ့သို့ဆက်သွားလိုက်တော့သည်။ ထို့နောက် သူ ထွက်မသွားခင် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး အလိုလို ပေါက်ကွဲတတ်သော ပုတီးစေ့များကို လက်တစ်ဆုပ်စာခန့် ပစ်လွှတ်လိုက်၏။
ထိုအခါ ထိုအလိုအလျောက် ပေါက်ကွဲတတ်သော ပုတီးစေ့များမှာ ရုပ်သေးရုပ်ကျင့်ကြံသူများဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်သွားကြ၏။ ထို့နောက် ၎င်းတို့ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ပေါက်ကွဲသွားကြတော့သည်။
သစ်တောကြီးထဲ၌ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားချိန်တွင် ဝမ်ပေါင်လဲ့မှာ အဝေးကြီးသို့ ရောက်နေပြီဖြစ်သည်။ သူသည် ရူးသွပ်လုမတတ် ဖြစ်နေရ၏။ မိုးသစ်တောထဲတွင် ရှိခဲ့စဉ်တုန်းက ရန်သူဘက်၌ ခြေရာခံ ဓမ္မအဆောင်တစ်ခု ရှိနေခဲ့သောကြောင့် သူ၏ နည်းဗျူဟာမှာ အလုပ်မဖြစ်ခဲ့သလို ယခုတွင်လည်း အလုပ်မဖြစ်သေးပေ။ ထို့ကြောင့် သူသည် အားမလိုအားမရဖြစ်သွားရပြီး ရှေ့သို့ ဆက်ပြေးသွားတော့သည်။
ထိုသို့ဖြင့် သူသည် ငါးမိနစ်တိတိ ခြေဦးတည့်ရာ လျှောက်သွားနေတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ထွက်ပြေးနေရင်း ဆေးလုံးများကို သောက်သုံးခဲ့သည့် တိုင်အောင် ကုန်ဆုံးသွားသော ဝိညာဉ်ချီများကို ပြန်လည်ဖြည့်တင်းရန် လုံလောက်မှုမရှိသေးပေ။ ထိုကဲ့သို့ အသက်တမျှ အရေးကြီးသောအချိန်တွင် သူ၏ နတ်ဘုရားရတနာများမှာ အံ့အားသင့်စရာကောင်းလောက်အောင် အစွမ်းထက်လာကြတော့သည်။
ရုပ်သေးရုပ် ကျင့်ကြံသူများမှာ နောက်မှ ဆက်လိုက်လာကြပြီး ဝမ်ပေါင်လဲ့အား ပိတ်ဆို့တားဆီးရန် ကြိုးစားနေကြပါသော်လည်း ဝမ်ပေါင်လဲ့၏ အလိုအလျောက်ပေါက်ကွဲတတ်သော ပုတီးစေ့များ ပေါက်ကွဲသွားရာမှ ပေါ်ထွက်လာသော အသံကျယ်ကြီးများမှာ ပဲ့တင်ထပ်သွားပြီး ဓားပျံပေါင်း များစွာဖြင့် ဖွဲ့စည်းထားကာ သံလိုက်အား၏ ထိန်းချုပ်ခြင်းကို ခံထားရသော ဓားမိုးများ ရွာချလာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့နောက်သို့ ပြေးလိုက်လာကြသော ရုပ်သေးရုပ်များမှာ ဆက်တိုက်ဆိုသလို ပိတ်ပင်တားဆီးကာ ဖျက်ဆီးခံနေရတော့သည်။
ဝမ်ပေါင်လဲ့ရှိနေသော နေရာတစ်ခုတည်းတွင်သာ ထိုကဲ့သို့ ဖြစ်နေခြင်း မဟုတ်ပေ။ အခြားအရပ်မျက်နှာ နှစ်ဘက်တွင်လည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားနေကြ၏။
သစ်တောကြီးထဲရှိ အရပ်မျက်နှာသုံးဖက်မှနေ၍ အသံကျယ်ကြီးများ အဆက်မပြတ် ပေါ်ထွက်လာနေကြသည်။ ဝမ်ပေါင်လဲ့ရှိနေသော နေရာအပြင် အခြားနေရာ နှစ်ခုမှာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ ရှိနေသော နေရာနှစ်ခုပင် ဖြစ်သည်။
သို့သော် တဖြည်းဖြည်းနှင့် ထိုနေရာနှစ်ခုထဲရှိ တစ်ခုဘက်မှလာသော အသံများမှာ ပျောက်ကွယ်သွား၏။
” သူတို့နှစ်ယောက်ထဲက ဘယ်သူကများ အန္တရာယ်နဲ့ ကြုံနေရတာပါလိမ့် ”
သစ်တောထဲတွင် ရှေ့သို့ပြေးလွှားနေသော ဝမ်ပေါင်လဲ့မှာ ဆံပင်များ ရှုပ်ပွနေ၏။ သူ၏ ပါးစပ်ထောင့်တွင်လည်း သွေးစိမ်းများ စီးကျနေသေးသည်။ ထွက်ပြေးနေရင်းနှင့် ရုပ်သေးရုပ် ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ သူတို့မှာ အစပိုင်းတွင် ဖျက်ဆီးခံလိုက်ရလျှင်တောင် ချက်ချင်းဆိုသလိုပင် ယခင်အတိုင်း ပြန်ဖြစ်သွားကြသည် မဟုတ်ပါလော။
ထိုကဲ့သို့ အဆုံးမရှိလောက်အောင် လိုက်ဖမ်းခံနေရသောကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်များဖိစီးကာ အလွန်အင်မတန်မှ ခံပြင်းလာတော့သည်။ ထို့ကြောင့် သူသည် ညာလက်ကိုမြှောက်၍ ဝှေ့ရမ်းလိုက်သောအခါ မီးမုန်တိုင်းက ဖန်တီးပေးထားသော မီးပင်လယ်တစ်စင်း ချက်ချင်းပင်ထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည်ရှိ သစ်ပင်များကို မီးလောင်တိုက်သွင်းလိုက်တော့သည်။
ထိုနေရာမှာ မိုးသစ်တောမဟုတ်သောကြောင့် ထိုသစ်ပင်များကို မီးလောင်တိုက်သွင်း၍ ရပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထွက်ပြေးလာသည့်လမ်းတလျှောက်လုံးတွင် သစ်ပင်များကို မီးမြှိုက်ခဲ့၏။ သူ၏ အတွေးထဲတွင် သူ့ကိုယ်သူပြန်လည်ကယ်တင်နိုင်မည့် နည်းလမ်းမှာ ထိုတစ်ခုသာ ရှိတော့သည်။
” ပြာကျပြီး သေကြစမ်း ”
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူသည် အော်ဟစ်မြည်တမ်းကာ လေပေါ်သို့ခုန်တက်လိုက်ပြီး သစ်ပင်များကို မီးမြိုက်ပြီးသွားမှသာ ဆက်လက် ထွက်ပြေးသွားတော့သည်။ သို့သော် သူ၏ကျင့်ကြံခြင်းအဆင့်မှာ အာနာပါနအဆင့်တွင်သာ ရှိသေးသောကြောင့် သစ်ပင်များပေါ်တွင် မီးစွဲနေသည့်တိုင်အောင် ပျံ့နှံ့သွားခြင်း မရှိပေ။ ထို့အပြင် မီးမြှိုက်ခံလိုက်ရသော သစ်ပင်များမှာ ချက်ချင်းဆိုသလိုပင် အကောင်းပတိပြန်ဖြစ်လာသောကြောင့် ထိုနေရာကြီးတစ်ခုလုံးမှာ အလွန်အင်မတန်မှ ထူးဆန်းနေတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိုးထိတ်သွားရပြီး ခိုကိုးရာမဲ့သလို ခံစားလိုက်ရ၏။ ထို့အပြင် အရပ်မျက်နှာတစ်ဘက်တွင် မည်သည့်အသံမှ ဆက်လက်ပေါ်ထွက်မလာတော့သည်ကိုလည်း သူက သတိထားမိသွားတော့သည်။ ထိုအချိန်တွင် သူ၏ရှေ့တွင်ရှိသော သစ်တောထဲမှ ရုပ်သေးရုပ်ကျင့်ကြံသူများစွာ ချက်ချင်းပင် ပေါ်ထွက်လာကြပြီး သူ့အား ဝိုင်းထားလိုက်ကြ၏။
ဝမ်ပေါင်လဲ့၏ အသက်ရှူသံများမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွားတော့သည်။ ထိုလူအုပ်ကြီး သူ့ဆီသို့ ချဉ်းကပ်လာသောအခါ သူသည် သူ၏ ညာလက်အား ရုတ်တရက်ဆိုသလို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ရုပ်သေးရုပ် နတ်ဘုရားရတနာများ ချက်ချင်းပင်ပေါ်ထွက်လာပြီး ၎င်းတို့မှာ ရုပ်သေးရုပ်ကျင့်ကြံသူများဆီသို့ ဦးတည်သွား၏။ ဝမ်ပေါင်လဲ့ကမူ အော်ဟစ်အမိန့်ပေးလိုက်သည်။
” သူတို့ကို ချုပ်ထားလိုက် ”
ဝမ်ပေါင်လဲ့ထိုကဲ့သို့ အမိန့်ပေးလိုက်သောအခါ သူ၏ရုပ်သေးရုပ်များမှာ ချက်ချင်းပင် ရှေ့သို့ ပြေးထွက်သွားကြပြီး တစ်ရုပ်ချင်းစီတိုင်းမှာ ကျင့်ကြံသူ တစ်ယောက်ချင်းစီတိုင်းကို ပြေးဖက်လိုက်ကြ၏။ ထိုကျင့်ကြံသူများမှာ မည်မျှပင် တိုက်ခိုက်စေကာမူ ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်များမှာ လွှတ်ပေးခြင်းမရှိပေ။
တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ လက်ထဲ၌ ကြေးမုံတစ်ချပ်ပေါ်လာ၏။ ထိုကြေးမုံမှာ လင်းလက်စွာတောက်ပနေပြီး ဝမ်ပေါင်လဲ့၏ဘေးတွင် သူနှင့်တစ်ထေရာတည်းတူသော ပုံရိပ်တစ်ခုကို ဖန်တီးပေးလိုက်သည်။
ထိုကြေးမုံမှာ လင်းတျန်ဟောက်၏ မိသားစုက ဝမ်ပေါင်လဲ့အား နစ်နာကြေးအဖြစ် ပေးထားသော လက်ဆောင်ဖြစ်သည်။ ၎င်းမှာ မှုန်ဝါးဝါး ပုံရိပ်တစ်ခုကို ဖန်တီးပေးနိုင်၏။ ထိုအခိုက်အတန့်တွင် ထိုပုံရိပ်နှင့် ဝမ်ပေါင်လဲ့အစစ်မှာ ချက်ချင်းပင် နေရာချင်း လဲသွား၏။ အကယ်၍ အသေးစိတ် အာရုံစိုက်နေလျှင်တောင် သူတို့နှစ်ယောက်ကို ခွဲခြားနိုင်ရန်မှာ ခဲယဉ်းနေမည်ဖြစ်သည်။ ထိုသို့ဖြင့် ထိုဝမ်ပေါင်လဲ့ နှစ်ယောက်မှာ မတူညီသော အရပ်မျက်နှာနှစ်ခုဆီသို့ ပြေးထွက်သွား၏။
စိတ်မကောင်းစရာအချက်မှာမူ ထိုဗျူဟာမှာ ထိုသစ်တောထဲတွင် အသုံးမဝင်ခြင်းပင် ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်များ၏ ပွေ့ပိုက်ခြင်းကို မခံထားရသော ရုပ်သေးရုပ် ကျင့်ကြံသူများမှာ ယာယီမျှသာ ဆွံ့အသွားကြ၏။ သူတို့မှာ အလိုအလျောက် လူစုခွဲ၍ ဝမ်ပေါင်လဲ့နှစ်ယောက်၏ နောက်သို့ ခွဲလိုက်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့ မကြားနိုင်သော စကားသံတစ်သံ သူတို့၏အသိစိတ်များထဲတွင် ပဲ့တင်ထပ်သွားတော့သည်။ ထိုအခါ ထိုကျင့်ကြံသူများမှာ ရပ်တန့်သွားကြပြီး ဝမ်ပေါင်လဲ့အစစ် ထွက်ပြေးသွားသော အရပ်မျက်နှာဘက်သို့ လှည့်ကြည့်ကာ ထိုဘက်သို့ ပြေးလိုက်သွားကြတော့သည်။
” မင်းတို့က မျှတမှုလည်း မရှိဘူး ”
ဝမ်ပေါင်လဲ့မှာ မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ ခံပြင်းနေရတော့သည်။ သူသည် ရူးသွပ်လုမတတ် ဖြစ်နေရပြီး အသက်ရှူသံများ လေးလံလာပြီဖြစ်သည်။ သူ့တွင် နတ်ဘုရားရတနာများ မည်မျှအထိ ရှိနေစေကာမူ ၎င်းတို့မှာ နောက်ဆုံးတွေ ကုန်ခမ်းသွားမည်သာ ဖြစ်သည်။ သိပ်မကြာခင် ဒုတိယမြောက် အရပ်မျက်နှာဘက်မှ တိုက်ပွဲသံများမှာလည်း ပျောက်ကွယ်သွားပြီး ထပ်၍မကြားရတော့သောကြောင့် ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရတော့သည်။
” သူတို့နှစ်ယောက်စလုံး ဒုက္ခရောက်နေကြပြီလားဟ ”
ဝမ်ပေါင်လဲ့ ထိုသို့တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် သစ်ပင်များနှင့် မြေကြီးထဲမှ အသက်မဲ့နေသော အမူအရာများနှင့် ကျင့်ကြံသူများ ထွက်ပေါ်လာပြီး သူ့အား တစ်ယောက်ပြီးတစ်ယောက် ဝိုင်းထားလိုက်ကြတော့သည်။ သူတို့၏ ချောက်ချားဖွယ်ရာ အကြည့်များနှင့် အငွေ့အသက်များကြောင့် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်လာပြီး တွေဝေတုံ့ဆိုင်းမနေတော့ဘဲ စတင်တိုက်ခိုက်လိုက်တော့သည်။
ယခုအကြိမ်တွင်မူ သူသည် အလိုအလျောက်ပေါက်ကွဲတတ်သော ပုတီးစေ့များကိုသာမက လက်နက်သဲများဖြင့် အသွင်ပြောင်းထားသော ဓမ္မအဆောင်များကိုပါ ထုတ်ယူလိုက်တော့သည်။ အစတုန်းက သူသည် ထိုပစ္စည်းများကို အသုံးပြုရန် ဆန္ဒမရှိခဲ့ပေ…