Switch Mode

အခန်း ( ၂၀၁ )

အန္တရာယ်နယ်မြေ

အကယ်၍ သူတို့မှာ ရှေးဟောင်းသိုင်းအဆင့်မှ လူများသာ ဖြစ်ပါက ထိုသုံးယောက်မှာ သူတို့၏ ကျင့်ကြံခြင်းအဆင့်များဖြင့် ထိုလူများကို အလွယ်တကူ ချုပ်တည်းနိုင်စွမ်းရှိသောကြောင့် သူတို့ကို လစ်လျူရှုလိုက်မည်သာ ဖြစ်သည်။

သို့သော် ထိုရှေးဟောင်းသိုင်းအဆင့်သာ ရှိသော လူရာပေါင်းများစွာကို ဧရာမသစ်ပင်ကြီးက ဝါးမျိုပြီးသွားသောအခါ သူတို့ဆီမှ အာနာပါနအဆင့် ကျင့်ကြံခြင်းအဆင့်များ ပေါ်ထွက်လာ၏။ ထို့ကြောင့် ထိုသုံးယောက်မှာ ဆွံ့အသွားရပြီး သူတို့၏ နှလုံးသားများမှာ တုန်ရီနေရတော့သည်။

” ဧရာမသစ်ပင်ကြီးရဲ့ ကျင့်ကြံခြင်းအဆင့်ကို ခွဲဝေပြီးတော့ ဒီ ရာဂဏန်းလောက်ရှိတဲ့ လူတွေဆီ ဝေမျှပေးလိုက်လို့ သူတို့က အာနာပါနအဆင့် စွမ်းအားတွေကို ထုတ်သုံးနိုင်စွမ်း ရှိသွားတာပဲ။ အဲဒါဆိုရင်…. ဧရာမသစ်ပင်ကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်အဆင့်ထိများ ရှိနေမလဲမသိဘူး ”
ကျိုးရိဖန်မှာ အံ့သြတုန်လှုပ်ကာ သူ၏မျက်နှာပေါ်တွင် အံ့အားသင့်နေသည့် အရိပ်အယောင်များ ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာမူ အသက်ရှူသံများ မြန်လာပြီး သူ၏မျက်လုံးများမှာ အေးစက်စွာ တောက်ပသွား၏။ ထို့နောက် သူသည် ချက်ချင်းပင် သုံးသပ်ပြလိုက်၏။

” သူတို့မှာ ဒီလိုမျိုးကျင့်ကြံခြင်းအဆင့် ရှိရဲ့သားနဲ့ ရုပ်သေးရုပ်တွေကိုပဲ အသုံးပြုပြီးတော့ ငါတို့ကို အုပ်စုဖွဲ့တိုက်ခိုက်နေတာ။ ဒီတော့ အဲဒီ ဧရာမသစ်ပင်ကြီးက သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအင်အများစုကို တိမ်လွှာမြူခိုးအချုပ်အနှောင်ကို အဆင့်မြှင့်ဖို့အတွက် အသုံးပြုနေတာပဲဖြစ်ရမယ်။ ဒါ ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ… ”
ဝမ်ပေါင်လဲ့၏ သုံးသပ်ချက်ကြောင့် ကျောက်ယမုန့်နှင့် ကျိုးရိဖန်တို့၏ အသိစိတ်များထဲတွင် အတွေးစများပေါ်လာ၏။ သို့သော် သူတို့မှာ ထိုအချက်နှင့်ပတ်သတ်၍ သေသေချာချာ မစဉ်းစားနိုင်ခင်မှာပင် ရုပ်သေးရုပ်များက သူတို့ဆီသို့ ပြေးလာကြသောကြောင့် ချက်ချင်းပင် နောက်သို့ဆုတ်ခွာလိုက်ရ၏။

သူတို့မှာ သင်္ဘောပျံများကိုသာ အသုံးပြု၍ ရွေ့လျားနိုင်ပါသော်လည်း ရုပ်သေးရုပ်များမှာမူ သူတို့ကဲ့သို့မဟုတ်ပေ။ သို့ဖြစ်ရာ ဝေဟင်ထဲတွင် တိုက်ပွဲဖြစ်မည်ဆိုပါက သူတို့ သုံးယောက်အတွက် လုံးဝ အခွင့်သာမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သုံးယောက်မှာ နောက်သို့ဆုတ်ခွာသွားကြပြီး တောအုပ်ကြီးဆီသို့ တညီတညာတည်း ဦးတည်သွားကြတော့သည်။

မျက်စိတစ်မှိတ်အတွင်း သူတို့မှာ မြေပြင်ပေါ်သို့ဆင်းသက်သွား၏။ ရာပေါင်းများစွာသော အသက်မဲ့နေသည့် အမူအရာများနှင့် ရုပ်သေးရုပ်များမှာလည်း သူတို့၏ အနားသို့ ရောက်လာကြပြီဖြစ်သည်။

သူတို့မှာ အလွန်အင်မတန်မှ လျင်မြန်နေသောကြောင့် လေထဲတွင် တရွှီရွှီမြည်သံများပင် မြည်ဟည်းသွားစေပြီး သူတို့ သုံးယောက်အား ချက်ချင်းပင် လိုက်မီသွား၏။

ထို့နောက် ထိုရုပ်သေးရုပ်များမှာ ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများကို ချက်ချင်းပင် တိုက်ခိုက်လိုက်ကြသဖြင့် အသံအကျယ်ကြီးများ ထွက်ပေါ်လာတော့သည်။ သိုင်းပညာအဆောင်မှဖြစ်သော ကျိုးရိဖန်မှာ အံ့သြဖွယ်ကောင်းသော တိုက်ကွက်တစ်ကွက်ကို ထိုသုံးလိုက်၏။ သူသည် မန္တန်လက်ကွက်များဖော်ကာ သူ၏ မန္တန်များဖြင့် ရပ်သူများကို တွန်းလှန်တိုက်ခိုက်နေ၏။

သို့သော် ထိုမန္တန်များမှာ သူ၏ အဓိက တန်ပြန်တိုက်ကွက်များ မဟုတ်ပေ။ သူသည် သိုင်းပညာအဆောင်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ပြိုင်ဘက်များအား အနီးကပ်တိုက်ခိုက်ရသည်ကို ပို၍ နှစ်ခြိုက်၏။ ထိုမန္တန်များ အဘက်ဘက်သို့ ပျံ့နှံ့သွားချိန်တွင် သူ၏မျက်လုံးများထဲ၌ တိုက်ခိုက်လိုစိတ်များ ဖျတ်ခနဲလက်သွားပြီး လေပေါ်သို့ ခုန်တက်ကာ ခရမ်းရောင် ဓားကြီးတစ်လက်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ထူးဆန်းစွာ တောက်ပသွားပြီး သူ၏နောက်တွင် မှုန်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာ၏။ သူသည် သူ၏ ယခင်ဘဝမှ ဝိညာဉ်ကို ပြန်ဆင့်ခေါ်ကာ သူနှင့် တစ်သားတည်း ပေါင်းစည်းသွားအောင် အမိန့်ပေးနိုင်လိုက်သည့်ပုံပင်။ သူသည် သိုင်းနတ်ဘုရားတစ်ပါးအသွင် ပြောင်းလဲသွားပြီး မာန်ပါပါ ဟိန်းဟောက်ရင်း သူတို့ဆီသို့ ပြေးဝင်သွား၏။

သူ၏ ဓားကြီးဖြင့် ခုတ်ထစ်လိုက်သောအခါ သူ၏ရှေ့တွင်ရှိနေသော ရုပ်သေးရုပ်သုံးရုပ်မှာ အပြင်းအထန် တုန်ရီသွားပြီး အပိုင်းပိုင်း ပြတ်သွား၏။ သို့သော် ကျိုးရိဖန်မှာ ရပ်တန့်သွားခြင်းမရှိသေးဘဲ မန္တန်လက်ကွက်များ ထုတ်ဖော်လိုက်သဖြင့် ချက်ချင်းဆိုသလိုပင် လေဓားများ ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ထို့နောက် သူသည် ဓားကြီးကိုမြှောက်ကာ ရှေ့သို့ပြေးထွက်သွားပြန်သည်။

အံ့သြစရာကောင်းသည့် အချက်မှာ ထို အာနာပါနအဆင့် ရုပ်သေးရုပ်အားလုံးက သူ၏တိုက်ကွက်ကို ခုခံနိုင်စွမ်း လုံးဝမရှိသည့် အချက်ပင်ဖြစ်သည်။ သူတို့မှာ ထွက်ပြေးသူကထွက်ပြေး၊ သေဆုံးသူများက သေဆုံးသွားကြ၏။

မျက်စိတစ်မှိတ်အတွင်း ကျိုးရိဖန်မှာ တိုက်ပွဲသုံး ယာဉ်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏ သက်တူရွယ်တူများထက် များစွာပို၍ သာလွန်နေသည့် အံ့ဩမှင်တက်ဖွယ်ရာ တိုက်ရည်ခိုက်ရည်များကို ထုတ်ပြနေသည့်အလား ဖြစ်နေတော့သည်။

ကျောက်ယမုန့်မှာ အံ့ဩတုန်လုပ်မှုများကြောင့် မျက်နှာဖြူဆုတ်နေဆဲ ဖြစ်ပါသော်လည်း သူမသည် မန္တန်အစီအရင်များနှင့် ပတ်သက်လာလျှင် ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသည် မဟုတ်ပါလော။ ထို့ကြောင့် သူမ၏လက်များကို ဝှေ့ယမ်းလိုက်သောအခါ ချက်ချင်းဆိုသလိုပင် လေထဲ၌ မန္တန်အစီအရင်များ ပေါ်လာပြီး ထိုနေရာကြီး တစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွား၏။ ဝမ်ပေါင်လဲ့နှင့် ကျိုးရိဖန်တို့မှာ သူမအား ကူညီပေးလိုက်ပြီး သူမကမူ သူတို့ဆီသို့ ပြေးဝင်လာသော ရန်သူများအားလုံး၏ စွမ်းအားများကို လျှော့ချပေးလိုက်၏။

ထိုမျှလောက်နှင့် သူမ၏ အရည်အချင်းအစစ်အမှန်ကို ပြသရုံဖြင့် မလုံလောက်သေးပေ။ ထို့ကြောင့် သူမက လက်များကို ထပ်၍ အလျင်အမြန် ဝှေ့ယမ်းလိုက်၏။ ထိုအခါ လေထဲ၌ မန္တန်အစီအရင်များမှာလည်း တစ်ခုပြီးတစ်ခု ထပ်၍ ပေါ်ပေါက်လာကြပြန်သည်။

မျက်စိတစ်မှိတ်အတွင်း အရွယ်အစားမျိုးစုံရှိပြီး အမျိုးအစားမတူညီသော မန္တန်အစီအရင် တစ်ရာကျော် နေရာအနှံ့တွင် ပေါ်လာကြတော့သည်။ ၎င်းတို့မှာ တစ်ခုချင်းစီ သီးသန့်ဖြစ်နေသည့်ပုံ ပေါ်နေပါသော်လည်း လက်တွေ့တွင်မူ ၎င်းတို့အားလုံးမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေ၏။ ၎င်းတို့မှာ စုဝေးကာ ဧရာမ မန္တန်အစီအရင်ကြီးတစ်ခုကို ဖန်တီးထားသကဲ့သို့ပင်။

သူမမှာ အချိန်တိုလေးအတွင်း ဧရာမ မန္တန်အစီအရင်ကြီးတစ်ခုကို ခင်းကျင်းနိုင်ခဲ့သည် မဟုတ်ပါလော။ ကျောက်ယမုန့်ကဲ့သို့ ထူးချွန်သောသူများကို တာအိုကျောင်းလေးကျောင်းရှိ အာနာပါနအဆင့် ကျင့်ကြံသူများထဲမှာပင် ရှာတွေ့နိုင်ရန် ခဲယဉ်းနေမည် ဖြစ်သည်။

သူမသည် မွေးရာပါဝိညာဉ်ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည်မဟုတ်ပါလော။

” မန္တန်၊ လည်စေ ”
ကျောက်ယမုန့်က ထိုကဲ့သို့အမိန့်ပေးလိုက်သောအခါ မန္တန်အစီအရင်အားလုံးမှာ ချက်ချင်းပင် လည်သွား၏။ မန္တန်အစီအရင်နှစ်ခု တစ်ခုပေါ်တစ်ခု ထပ်သွားသည့် အချိန်တိုင်း ထိုနေရာတွင် ရပ်နေသော ရုပ်သေးရုပ် ကျင့်ကြံသူများမှာ အပြင်းအထန် တုန်ရီသွားရ၏။

အဝေးမှကြည့်လိုက်ပါက ထိုမန္တန်အစီအရင်များမှာ အရောင်တောက်နေသဖြင့် အလင်းတန်းပေါင်း မြောက်မြားစွာ အရပ်မျက်နှာအနှံ့တွင် တောက်ပနေသည့်အလား ဖြစ်နေ၏။ အကယ်၍ ထိုအလင်းတန်းများထဲမှ နှစ်ခုမှာ တစ်ခုပေါ်တစ်ခု ဖြတ်သွားပါက အလွန်အင်မတန်မှအစွမ်းထက်ပြီး သတ်ဖြတ်နိုင်စွမ်းရှိသော အားတစ်မျိုးအသွင် ပြောင်းလဲသွားကြမည် ဖြစ်သည်။

ကျောက်ယမုန့်၏ မန္တန်အစီအရင်များကြောင့် ချက်ချင်းသေဆုံးသွားခြင်းမရှိသော ရုပ်သေးရုပ်အချို့ ရှိပါသော်လည်း သူမသည် ထိုရုပ်သေးရုပ်များကို ရပ်တန့်သွားအောင် လုပ်နိုင်လိုက်သဖြင့် စစ်မြေပြင်တစ်ခုလုံး၏ အရှိန်အဟုန်ကို ထိန်းချုပ်နိုင်စွမ်းရှိသွား၏။ ထို့ကြောင့် သူမသည် ကျိုးရိဖန်၏ ဓားကြီးနှင့် မန္တန်များဖြင့် အချိတ်အဆက်မိသွားသဖြင့် သူတို့ဆီသို့ပြေးဝင်လာသည့် ရာပေါင်းများစွာသော ရုပ်သေးရုပ်များမှာ ရောက်ရာအရပ်တွင် ရပ်တန့်သွားကြတော့သည်။

သူတို့နှစ်ယောက်မှာ ယခုမှ ပထမဆုံးအကြိမ်အဖြစ် တွဲ၍ တိုက်ခိုက်ဖူးသောကြောင့် သူတို့၏ တိုက်ကွက်များကို ကြိုတင်၍ အတူတူ လေ့ကျင့်ထားခဲ့ခြင်း မဖြစ်နိုင်ပေ။ သို့သော် ထိုသို့ လေ့ကျင့်မထားသည့်တိုင်အောင် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အင်မတန်မှ အချိတ်အဆက်မိနေ၏။

ကျောက်ယမုန့်၏ မန္တန်အစီအရင်များမှာ ရန်သူများကို ချုပ်နှောင်ကာ သတ်ဖြတ်နိုင်သလို ၎င်းတို့အား အားနည်းသွားအောင် လုပ်နိုင်စွမ်းလည်း ရှိနေသည်။ ထို မန္တန်အစီအရင်များကြောင့် စူးရှထက်မြက်သော တိုက်ကွက်များနှင့် အံ့ဩမှင်တက်ဖွယ်ရာ သတ်ဖြတ်နိုင်စွမ်းများကို ပိုင်ဆိုင်ထားသော ကျိုးရိဖန်မှာ ပို၍ပင် အဆင်ပြေနေတော့သည်။

တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားသော အရိပ်အယောင်များ ထင်ဟပ်လာ၏။ သူသည် ရှေ့သို့ ထွက်လာပြီး သူ၏ ညာလက်ကို အားပါပါဝှေ့ယမ်းကာ အော်ဟစ်လိုက်၏။

” အလင်းကွေး ”
ထိုသို့အော်ဟစ်လိုက်သောအခါ သူ၏ လက်ဖဝါးထဲ၌ ချက်ချင်းဆိုသလိုပင် မိုးကြိုးသွားတစ်ခု ပေါ်ပေါက်လာ၏။

ထို မိုးကြိုးသွား ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် မျက်စိကျိန်းစရာကောင်းသော အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် ကျင့်ကြံသူ တစ်ယောက်၏ နဖူးထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထို ကျင့်ကြံသူ၏ နဖူးအား ထုတ်ချင်းပေါက် ထိုးဖောက်ပြီးသွားသောအခါ ၎င်းမှာ အပြင်သို့ခုန်ထွက်လာပြီး ကျိုးရိဖန်ထက်ပင် ပို၍လျင်မြန်သော အမြန်နှုန်းဖြင့် နောက်ထပ်ကျင့်ကြံသူတစ်ယောက်ဆီသို့ ဦးတည်သွားပြန်သည်။ ထို့နောက် ၎င်းမှာ ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။ ဝမ်ပေါင်လဲ့ပါ တိုက်ပွဲထဲတွင် ပါဝင်လာပြီဖြစ်ရာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့၏ ခုခံတွန်းလှန်နိုင်စွမ်းများမှာလည်း ချက်ချင်းပင် သိသိသာသာ မြင့်တက်သွား၏။

ပို၍ လက်ဖျားခါစရာကောင်းသော အချက်မှာ ထိုမိုးကြိုးသွားလေးမှာ ရပ်တန့်သွားခြင်းမရှိသည့် အချက်ပင်ဖြစ်သည်။ ၎င်းမှာ အဆက်မပြတ် ထွန်းလင်းတောက်ပကာ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်စပြုလာ၏။ အစတွင် မိုးကြိုးသွားတစ်ခုသာ ရှိခဲ့ပါသော်လည်း ခဏအကြာတွင် အလားတူ မိုးကြိုးသွား ဆယ်ခုကျော် ထွက်ပေါ်လာတော့သည်။ ထို့ကြောင့် မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပနေသော မိုးကြိုးသွားများမှာ စစ်မြေပြင်ပေါ်တွင် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေတော့သည်။

ထိုသို့ဖြင့် စစ်မြေပြင်တစ်ခွင်လုံးတွင် ကျယ်လောက်သော အသံမျိုးစုံဖြင့် ပဲ့တင်ထပ်နေ၏။

ဝမ်ပေါင်လဲ့၏ တိုက်ကွက်များမှာ ပြီးဆုံးသွားခြင်းမရှိသေးပေ။ သူသည် အန္တရာယ်နှင့် ကြုံလိုက်ရချိန်တွင် သူ၏ အသက်ရှူနှုန်းကို တည်ငြိမ်အောင်ထားလိုက်ပြီး မန္တန်လက်ကွက်များ ထုတ်ဖော်ကာ သူ၏လက်များကို မြှောက်လိုက်ပြန်သည်။

” မီးမုန်တိုင်း ”
သူ၏ စကားသံ ပဲ့တင်ထပ်သွားသောအခါ ချက်ချင်းဆိုသလိုပင် သူ၏ရှေ့၌ မီးပင်လယ်ကြီးတစ်စင်း ထွက်ပေါ်လာ၏။ ၎င်းမှာ စီးဆင်းသွားသော နေရာတစ်လျှောက်တွင် မီးနံရံကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ရှေ့သို့ပြိုကျလာသောကြောင့် ရုပ်သေးရုပ်ကျင့်ကြံသူအားလုံး တုန်ရီသွားရပြီး အလုအယက်နှင့် နောက်သို့ဆုတ်ခွာသွားကြတော့သည်။

မိုးကြိုးသွားလေးကို ပစ်မှတ်တစ်ခုတည်းအား တိုက်ခိုက်သည့် တိုက်ကွက်တစ်ခုဟု သတ်မှတ်မည်ဆိုလျှင် မီးမုန်တိုင်းကိုမူ နေရာတစ်ခုလုံးကို ပစ်မှတ်ထားတိုက်ခိုက်သော တိုက်ကွက်တစ်ခုဟု သတ်မှတ်ရပေမည်။

ဝမ်ပေါင်လဲ့နှင့် အပေါင်းအပါများမှာ တန်ပြန်တိုက်ခိုက်နေကြပါသော်လည်း အချိန်အကြာကြီး တိုက်ခိုက်ပြီးသည့်တိုင်အောင် ရာပေါင်းများစွာသော ရုပ်သေးရုပ်ကျင့်ကြံသူများမှာ ရှုံးနိမ့်သွားခြင်းမရှိသေးပေ။ ထိုအချိန်တွင် သူတို့၏ မျက်လုံးများထဲ၌ အစိမ်းရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွား၏။ ထိုအလင်းတန်းမှာ မန္တန်များဖြင့် ဖန်တီးထားသော သစ်ရွက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ‌ဓားပျံတစ်လက်ကဲ့သို့ သူတို့ သုံးယောက်ဆီသို့ ဦးတည်လာ၏။

” ဓမ်မရတနာလားဟ ”
ဝမ်ပေါင်လဲ့မှာ ထိုသစ်ရွက်နှင့်တူသော ဓားပျံကြီးကိုကြည့်ကာ မျက်လုံးများပြူးသွား၏။ သူသည် ဓမ္မလက်နက်အဆောင်၏ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်သောကြောင့် ဓမ္မရတနာအမြောက်အမြားကို ပိုင်ဆိုင်ထား၏။

” နတ်ဘုရားရတနာတွေ ”
သူ ထိုကဲ့သို့ အော်ဟစ်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် လေထဲ၌ နတ်ဘုရားရတနာ ဒါဇင်ပေါင်းများစွာဖြင့် ပြည့်နှက်သွားတော့သည်။ ထိုရတနာများထဲတွင် ဧရာမတံဆိပ်တော်များ၊ ကြိုးများ၊ ကြေးမုံများနှင့် ဓားပျံများကဲ့သို့သော ပစ္စည်းမျိုးစုံ ပါဝင်နေသည်။ ထိုပစ္စည်းများအားလုံးမှာ သူ၏ပတ်ပတ်လည်တွင် လေမုန်တိုင်းတစ်ခုအသွင် စုဝေးသွားကြပြီး သစ်ရွက်ပုံစံ ဓားပျံများကို ပိတ်ဆို့တားဆီးလိုက်သဖြင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။

ထိုသုံးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် စည်းချက်ညီညီ ပူးပေါင်းတိုက်ခိုက်နေကြသောကြောင့် အံ့ဩဖွယ်ရာကောင်းသော စွမ်းအားတစ်မျိုး ပေါ်ထွက်လာတော့သည်။ ဘေးမှကြည့်နေသူများ ရှိနေပါက သူတို့၏ ပူးပေါင်းတိုက်ကွက်မှာ အပြစ်ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံနေသည်ဟု ယုံကြည်သွားကြမည်သာ ဖြစ်သည်။

ကျောက်ယမုန့်မှာ ကျင့်ကြံသူများကို ချုပ်နှောင်ပြီး ကျိုးရိဖန်က သူတို့အား သတ်ဖြတ်နေ၏။ အခြားတစ်ဖက်တွင်မူ ဝမ်ပေါင်လဲ့မှာ မှော်ဆရာတစ်ယောက်ကဲ့သို့ပင်။ သူ၏ မန္တန်များမှာ ကျိုးရိဖန်၏ မန္တန်များထက် ပို၍အစွမ်းထက်နေ၏။ ထို သုံးယောက်မှာ စစ်မြေပြင်ကြီးအား အတိုင်းအတာတစ်ခုအထိ အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ ခွဲခြားထားသည်ဟုပင် ဆိုနိုင်သည်။

အပြင်ပိုင်းတွင် ဝမ်ပေါင်လဲ့၏ မန္တန်များမှာ အစွမ်းထက်လွန်းနေသောကြောင့် ရန်သူများမှာ အနီးသို့ မချဉ်းကပ်လာနိုင်ကြတော့ပေ။ အတွင်းပိုင်းတွင်မူ စူးရှထက်မြက်ပြီး တိကျသောတိုက်ကွက်များကို ပိုင်ဆိုင်ထားသည့် ကျိုးရိဖန်မှာ အနားသို့ရောက်လာသော ပြိုင်ဘက်တိုင်းကို သတ်ဖြတ်နေ၏။ ကျောက်ယမုန့်၏ မန္တန်အစီအရင်များမှာမူ အတွင်းပိုင်းရော အပြင်ပိုင်းတွင်ပါ ရှိနေပြီး အခြားနှစ်ယောက်နှင့် အဆက်မပြတ် ပူပေါင်းဆောင်ရွက်ကာ သူတို့အား ကူညီထောက်ပံ့ပေးနေ၏။ သူတို့သုံးယောက်စလုံး၏ ပူးပေါင်းဆောင်ရွက်မှုများမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် ချိန်သားကိုက်နေသောကြောင့် သူတို့၏ တိုက်ခိုက်မှုများမှာ အောင်မြင်နေကြသည်။

သူတို့သုံးယောက်မှာ သူတို့ရှေ့တွင် ‌ဖြစ်ပျက်နေသော အရာများကြောင့် အံ့အားသင့်နေရပါသော်လည်း အလွန်အကျွံတော့မဟုတ်ပေ။ ၎င်းမှာ ကောင်းကင်တာအိုကျောင်း၏ အားသာချက်ဖြစ်သလို ကောင်းကင်တာအိုကျောင်း၏ မူဝါဒလည်းဖြစ်သည်။ သူတို့မှာ သူရဲကောင်းတစ်ယောက်ချင်းစီ သီးခြားပေါ်ထွက်လာစေရန် ကြိုးစားကြခြင်းမဟုတ်ဘဲ အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်ကိုသာ အလေးထားကြခြင်း ဖြစ်သည်။ အဆင့်နိမ့်ကျွန်းတွင်ဖြစ်စေ၊ အဆင့်မြင့်ကျွန်းတွင်ဖြစ်စေ ကျောင်းသားများကို တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းဆောင်ရွက်တတ်ရန် သင်ကြားပေးကြ၏။ သို့မှသာ သူတို့တိုက်ခိုက်ရာတွင် သူတို့၏ စုပေါင်းစွမ်းအားများမှာ သိသိသာသာ ပို၍ အစွမ်းထက်လာကြမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ဓမ္မရတနာ အမြောက်အမြားကို ထုတ်ယူကာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ဆီသို့ လှမ်းပစ်ပေးလိုက်ပြီး ဆက်လက်တိုက်ခိုက်နေ၏။ ထို ဓမ္မရတနာများမှာ သူတို့နှစ်ယောက်၏ ဘေးတွင် လေမုန်တိုင်းများအသွင် ပြောင်းလဲသွားကြသည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးမှာလည်း စတင်တုန်ရီလာ၏။ ထို့နောက် ခြင်ကိုးကောင်မှာ တစ်ကောင်ပြီးတစ်ကောင် ပျံထွက်လာကြပြီး စစ်မြေပြင်ပေါ်တွင် သတ်ဖြတ်နိုင်စွမ်းတစ်ခုအဖြစ် ပြောင်းလဲသွားကြသလို ဝမ်ပေါင်လဲ့အား စစ်မြေပြင်တစ်ခုလုံးကို ခြုံငုံမြင်နိုင်သည့် အမြင်အာရုံတစ်ခုနှင့်လည်း ကူညီထောက်ပံ့ပေးလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင် ဖန်တီးထားသော ပေါင်လဲ့အမြောက်ကို ထုတ်ယူလိုက်တော့သည်။

သူသည် ထိုအမြောက်အား ပခုံးပေါ်တွင်ထမ်း၍ ချက်ချင်းပင် ပစ်ခတ်လိုက်၏။ ထိုအခါ နားစည်များပင် ကွဲအက်သွားစေနိုင်သော ပစ်ခတ်သံကြီး လေထဲ၌ ပဲ့တင်ထပ်သွားပြီး သူတို့သုံးယောက်မှာ နောက်သို့ဆုတ်ခွာရင်း တိုက်ခိုက်နေကြတော့သည်။ သူတို့တွင် ထွက်ပြေးလွတ်မြောက်နိုင်ခွင့် မရှိတော့ပါသော်လည်း နောက်ဆုံးအချိန်သို့ မရောက်မချင်း မည်သူကမှ အရှုံးပေးကြမည် မဟုတ်ပေ။

” သူတို့က ကောင်းကင်တာအိုကျောင်းက ကျောင်းသားတွေနဲ့ ကျင့်ကြံသူတွေကို တိုက်ခိုက်ခဲ့တာမလို့ သေကိုသေသင့်တယ်။ ငါတို့လုပ်ရမှာက သူတို့ရဲ့ အပြင်ခန္ဓာကိုယ်တွေကို ဖျက်ဆီးပစ်ဖို့ပဲ ”
ဝမ်ပေါင်လဲ့မှာ နောက်သို့ဆုတ်ခွာရင်း အော်ပြောလိုက်၏။

ကျိုးရိဖန်ကမူ ဆိတ်ငြိမ်နေဆဲပင်။ ၎င်းမှာ သူတို့အား ကယ်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သူက နားလည်ထားသည်။ ဤဖြစ်ရပ်ကြီးအား နောက်မှနေ၍ ကြိုးကိုင်နေသူမှာ ထိုအကြောင်းများ ပြင်ပကမ္ဘာသို့ ပျံ့နှံ့သွားမည်ကို လိုလားမည်မဟုတ်ပေ။ ထို့ကြောင့် ထိုကြိုးကိုင်သူမှာ သူတို့သုံးယောက်ကို ဝါးမျိုပစ်ရန် ကြံရွယ်ထားမည်မှာ အသေအချာပင် ဖြစ်သည်။ ထို ကြိုးကိုင်သူကြီးမှာ ထို ဝါးမျိုမှုများအကြောင်းကို ပြင်ပကမ္ဘာမှလူများ မသိနိုင်စေရန် သေချာပေါက် စီစဉ်ထားမည်သာဖြစ်သည်။ သို့မှသာ ကိစ္စအားလုံး ပြီးဆုံးသွားချိန်တွင် သူတို့သုံးယောက်မှာ ယခင်ကအတိုင်း လုံးဝပြန်ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့တစ်ယောက် ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများနှင့် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များကို ဖျက်ဆီးပစ်ရန် အကြံပေးရသည်မှာ သူတို့အား ကျောင်းသို့ အချိန်မီပြန်မရောက်နိုင်အောင် တားဆီးရန်ဖြစ်သည်။ ထိုသို့သာ တားဆီးနိုင်မည်ဆိုလျှင် တာအိုကျောင်းမှာ ဤကိစ္စကို သတိထားမိသွားမည်ဖြစ်သည်။

ကျိုးရိဖန်မှာ ထိုအချက်ကို နားလည်ပါသော်လည်း အမှန်တကယ် တိုက်ခိုက်ရာတွင်မူ တွေဝေတုံ့ဆိုင်းနေရဆဲပင်။ သို့သော် ကျောက်ယမုန့်မှာမူ မျက်လုံးများ ဖျတ်ခနဲလက်သွားပြီး စိတ်ဓာတ်ပြတ်သားမှုအပြည့်ဖြင့် တိုက်ခိုက်လိုက်၏။ သူမ၏ ပစ်မှတ်မှာ အဆင့်နိမ့်ကျွန်းမှ ကျောင်းသားများနှင့် သိုင်းပညာအဆောင်မှ ကျင့်ကြံသူနှစ်ယောက်ဖြစ်သည်။

သို့သော် သူတို့သုံးယောက်မှာ သိပ်မကြာခင် အံ့အားသင့်သွားရပြန်သည်။ သူတို့၏ တိုက်ကွက်များမှာ ရက်စက်ကြမ်းကြုတ်နေပါသော်လည်း သူတို့မှာ နောက်သို့ဆုတ်ခွာနိုင်ရန်သာ အာရုံစိုက်ထားကြ၏။ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားသုံးယောက်နှင့် ကျင့်ကြံသူများအပြင် အခြား ရုပ်သေးရုပ်ကျင့်ကြံသူများမှာ ဒဏ်ရာအသီးသီး ရထားကြပြီဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်များမှာ ပျက်စီးစ ပြုနေပြီဖြစ်သည်။ ထိုသို့ဖြစ်နေသည့်တိုင်အောင် သူတို့၏ ခန္ဓာကိုယ်များထဲမှ ချက်ချင်းဆိုသလိုပင် အကိုင်းအခတ်များ ထွက်ပေါ်လာပြီး သူတို့၏ အသွေးအသားများကို ပြန်လည်ချိတ်ဆက်ပေးလိုက်၏။

ထို့ကြောင့် သူတို့၏ဒဏ်ရာများမှာ ချက်ချင်းဆိုသလိုပင် ပျောက်ကင်းသွားကြတော့သည်။ သူတို့မှာ ဒဏ်များမရှိတော့သောကြောင့် ရှေ့သို့ ဆက်၍ ပြေးလွှားလာကြပြန်သည်။

ထို‌နေရာကြီးတစ်ခုလုံးကို အလုံပိတ်ထားသည်ဖြစ်ရာ သူတို့သုံးယောက်မှာ မည်မျှပင် နောက်သို့ ဆုတ်ခွာစေကာမူ အသုံးဝင်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့မှာ စိုးရိမ်စိတ်များကြီးထွားလာကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသောအခါ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။

” လူစုခွဲပြီး ထွက်ပြေးကြစို့။ တကယ်လို့ တစ်ယောက်ယောက်က ဒီထဲကနေ လွတ်မြောက်နိုင်မယ်ဆိုရင် တာအိုကျောင်းဆီကို အကူအညီသွားတောင်း ”
ကျောက်ယမုန့်က ထိုကဲ့သို့ ပြတ်ပြတ်သားသားဆိုလိုက်ပြီး ရှေ့သို့ခုန်ထွက်ကာ သစ်တောကြီးဆီသို့ ပြေးသွားလိုက်တော့သည်။ ကျိုးရိဖန်မှာလည်း အံကြိတ်ကာ ဝေးသို့ ပြေးထွက်သွား၏။

ဝမ်ပေါင်လဲ့မှာလည်း ရင်ခုန်နှုန်းများ မြန်နေရပြီဖြစ်သည်။ သူသည် သေရေးရှင်ရေး အခြေအနေတစ်ခုနှင့် ကြုံနေရသည်မဟုတ်ပါလော။ ကျောက်ယမုန့်၏ စကားကို ကြားလိုက်ရသောအခါ သူ၏အမြန်နှုန်းကို ဂိတ်ဆုံးအဆင့်ထိ တင်လိုက်၏။ ထို့နောက် သူသည် လေပေါ်တွင် ဝဲပျံနေသော အသားလုံးကြီး တစ်လုံးကဲ့သို့ သစ်တောကြီးဆီသို့ ချက်ချင်းပင် ပြေးသွားလိုက်တော့သည်။

သူတို့လူစုခွဲသွားသည်နှင့် တစ်ပြိုင်နက် ဧရာမသစ်ပင်ကိုင်းကြီးမှာ အပြင်းအထန်တုန်ရီသွား၏။ ထိုအခါ ရုပ်သေးရုပ် ကျင့်ကြံသူများမှာလည်း ဧရာမသစ်ပင်ကြီးဆီမှ အမိန့်များကို ရရှိလိုက်သည့်အလား တုန်ရီသွားကြသည်။ ထို့နောက် သူတို့မှာ အကြည့်များ အေးစက်သွားပြီး အဖွဲ့သုံးဖွဲ့ခွဲကာ သူတို့သုံးယောက်နောက်သို့ လိုက်သွားကြတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset