Switch Mode

အခန်း ( ၂၀၀ )

ကသောင်းကနင်း ဖြစ်ခြင်း

“ အဲဒီလို ကိစ္စတွေကို ချက်ချင်း ကျောင်းကို သတင်းပြန်ပို့ရမယ်။ ငါတို့ ကိုယ့်ဘာသာကိုယ် လှုပ်ရှားခွင့်မရှိဘူး။ ကျောင်းက အမိန့်ပေးတဲ့အတိုင်း ဘာဖြစ်ဖြစ် လုပ်ရမှာ”
ကျိုးရိဖန်က ပင့်သက်ရှိုက်လိုက်သည်။ သိုင်းပညာအဆောင်ဂိုဏ်းသားတစ်ဦး အနေဖြင့် တာဝန်ပေါင်း ဒါဇင်ချီ ထမ်းဆောင်ခဲ့ပြီး ထိုသို့ မထင်မှတ်ထားသည့် အရာများ ဖြစ်ပျက်သွားခြင်းကို ကိုင်တွယ် ဖြေရှင်းရာ၌ အတွေ့အကြုံပိုများသည်။ သူက ပြောရင်း အသံလွှင့်လက်စွပ်ကို ဖွင့်လိုက်ပြီး ကျောင်းကို သတင်းစကား ပို့လိုက်သည်။

ဝမ်ပေါင်လဲ့မျက်နှာမှာ တည်တံ့နေပြီး ကျောက်ယမုန့်မှာလည်း အလားတူ လေးနက်စွာ ရှိနေသည်။ သို့ရာတွင် ကျိုးရိဖန်က အသံလွှင့်ခြင်းကို စတင်လိုက်သည်နှင့် မိုးခြိမ်းသံအလား အသံနက်ကြီးက အဝေးရှိ ကောင်းကင်ယံထက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

အုန်း၊
ထိုအသံမှာ အဘက်ဘက်သို့ ပျံ့ထွက်သွားသည့် မျက်စိဖြင့် မမြင်ရသော အသံလှိုင်းများအဖြစ် အသွင်ပြောင်းကာ သင်္ဘောပျံအား လှုပ်ခါသွားစေသည်။ တခဏမျှ ဝမ်ပေါင်လဲ့နှင့် အခြားနှစ်ယောက်၏ အသက်ရှူသံများ ရပ်တန့်သွားသည်။ လျှပ်စီးတန်းတစ်ခုက ကောင်းကင်ယံထက် ဖြတ်ပြေးကာ လင်းထိန်သွားစေပြီး ကောင်းကင်ကို နှစ်ခြမ်းခွဲလိုက်သည်။ တချိန်တည်းမှာပင် ၎င်းအလင်းတန်းက အသံလွှင့်အချက်ပြခြင်းကို ဖျက်ဆီးလိုက်ပုံပေါ်သည်။ ထိုအခိုက်အတန့်မှာပင် ကျိုးရိဖန်၏ အသံလွှင့်လက်စွပ်မှာ ပေါက်ကွဲကာ အပိုင်းပိုင်းအစစ ဖြစ်သွားသည်။

အသံလွှင့်လက်စွပ်မှာ အပိုင်းပိုင်း ပေါက်ကွဲထွက်သွားသည်။ ဤသည်မှာ လျှပ်စီးတန်းက အချက်ပြခြင်းကို ဖျက်ဆီးပစ်ရုံမက ၎င်းအသံလှိုင်းအားများက အသံလွှင့်လက်စွပ်တစ်လျှောက် ဖြတ်သန်းစီးဆင်းသွားကြောင်း ဖော်ပြနေသည်။ အသံလွှင့်လက်စွပ်မှာ ထိုသို့ အင်အားကြီး လှိုင်းများကို ခံနိုင်ရည်မရှိသောကြောင့် တမုဟုတ်ချင်း ကြေကွဲသွားသည်။

ထိုမြင်ကွင်းကြောင့် သူတို့မှာ ခေါင်းထဲ၌ တဝီဝီမြည်သံများ ကြားနေရပြီး ချာချာလည်သွားသည်။

အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ကျိုးရိဖန်၏ အသံလွှင့်လက်စွပ် ပျက်စီးသွားခြင်းမှစ၍ ကျယ်လောင်လှသည့် မိုးခြိမ်းသံများအပါအဝင်၊ ရုတ်တရက် ထွက်လာသည့် လျှပ်စီးတန်းများနှင့်အတူ ကျိုးရိဖန်၏ အသံလွှင့်လက်စွပ် ကွဲကြေသွားခြင်းအဆုံး၊ ဤအဖြစ်အပျက်အားလုံးမှာ လက်ဖျောက်တစ်ချက်တီးစာအချိန်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

ကျောက်ယမုန့်၏ မျက်နှာမှာလည်း အမူအရာပြောင်းသွားပြီး ကျိုးရိဖန်မှာ မယုံနိုင်လောက်သည်အထိ အံ့အားသင့်နေမိသည်။ ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး သူ့မျက်နှာမှ အကြည့်မှာလည်း ပျက်ယွင်းလာသည်။ စိတ်ခံစားချက်လှိုင်းများ သူ့ခန္ဓာကိုယ်ထဲ၌ ဆူပွက်လာသည်။ သို့ရာတွင် သူသည် အမြန်ဆုံး တုံံ့ပြန်နိုင်ခဲ့သည်။ ချက်ချင်း သင်္ဘောပျံကို ထိန်းချုပ်လိုက်ပြီး ကျယ်လောင်စွာ ထွက်ပေါ်နေသည့် မိုးခြိမ်းသံများဆီသို့ ဦးတည်လိုက်သည်။

ကျောက်ယမုန့်၊ ကျိုးရိဖန်တို့မှာ သာမန်ပုဂ္ဂိုလ်များ မဟုတ်ကြပေ။ သူတို့မှာ အံ့ဩထိတ်လန့်သွားသည့်တိုင် သင်္ဘောပျံဆီသို့ ဝိညာဉ်ချီများ အမြန် ပို့လွှတ်ကြသည်။ သင်္ဘောပျံ၏ အရှိန်မှာ တဟုန်ထိုး မြင့်တက်သွားပြီး သက်တန့်တစ်စင်း၏ မျဉ်းကွေးပုံစံ ဆောင့်ထွက်သွားသည်။

ကျောက်ယမုန့်မှာ သူမ၏ အသံလွှင့်လက်စွပ်ကို ဖွင့်လိုက်ပြီး ကျောင်းကို နောက်တစ်ကြိမ် ဆက်သွယ်ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် မကြာမီ သူမမျက်နှာမှာ ဖြူဖတ်သွားသည်။ အသံလွှင့်လက်စွပ်မှာ အလုပ်မလုပ်တော့ပြီ။

သင်္ဘောပျံ ရှေ့ဆက်တိုးနေစဉ် တိမ်တိုက်များက တလိပ်လိပ်တက်လာပြီး ကောင်းကင်တွင် ပြည့်နှက်လာသည်။ ရုတ်တရက် မိုးမည်းမှောင်ကျလာပြီး ကောင်းကင်တခွင် မိုးကြိုးတိမ်တိုက်များ ကျယ်ပြန့်စွာ ပေါ်ထွက်လာသည်။ ၎င်းတိမ်တိုက်များက အပြင်ဘက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားပြီး သင်္ဘောပျံ၏ အရှိန်ကိုပင် ကျော်တက်သွားကာ တခဏအတွင်း မှီလာသည်။ သင်္ဘောပျံကိုပင် လွှမ်းခြုံအုပ်မိုးသွားတော့သည်။

ဝေးဝေးမှ ကြည့်လျှင် ထိုမြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းပြီး အံ့ဩစရာလည်း ကောင်းပေသည်။ သင်္ဘောပျံက လေထဲတွင် ပျံသန်းလျက် ရှိနေပြီး ၎င်းအပေါ်တွင် တိမ်တိုက်မည်းများက လိမ့်တက်လာပြီး ကောင်းကင်ပြာထက် လျင်မြန်စွာ နေရာယူသွားသည်။ သင်္ဘောပျံကိုပါ ကျော်လွန်ဖုံးလွှမ်းသွားပြီး ကောင်းကင်ယံအောက်မှ အရာအားလုံးကို အုပ်မိုးသွားသည်။

၎င်းတိမ်တိုက်၏ အရိပ်မှာ ကြီးမားလွန်းလှသဖြင့် ကူးလောင်ချိုင့်ဝှမ်းတစ်ခုလုံးကိုသာမက ဘေးပတ်လည်မှ လွင်ပြင်ကျယ်များကိုပါ လွှမ်းခြုံသွားသည်။ မြေပြင်မှ အနက်ရောင် မြူခိုးများ စတင်ထွက်ပေါ်လာပြီး ကောင်းကင်မှ တိမ်တိုက်များနှင့် မြေပြင်မှ မြူခိုးများက မြန်ဆန်စွာ ရွေ့လျားကာ အလယ်တွင် တွေ့ဆုံသွားကြသည်။

၎င်းမှာ ကမ္ဘာမြေကို ချုပ်နှောင်ပိတ်ဆို့လိုက်သည့်အလား လူသားကင်းမဲ့နယ်မြေအဖြစ် ပြောင်းလဲသွားစေသည်။

လူသားကင်းမဲ့နယ်မြေမှာ ငရဲအလား ကောင်းကင်နှင့် ဓါးနေမင်းတို့ကို ဖုံးကွယ်သွားပြီး ကောင်းကင်မှ လျှပ်စီးတန်းများ လင်းလက်လာပြီး မိုးခြိမ်းသံများအလား ပေါက်ကွဲကုန်ကြသည်။

ဝမ်ပေါင်လဲ့နှင့် ကျန်နှစ်ယောက်မှာ ကြောက်နေချိန်မရှိသကဲ့သို့ ဤမျှ ကြောက်မက်ဖွယ် ဖြစ်ရပ်၏ အကြောင်းရင်းကိုလည်း မစဉ်းစားအားပေ။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအား တစ်ခုလုံးအား သင်္ဘောပျံထဲသို့ ပေါင်းစည်းစေပြီး အရှိန်ကို အမြင့်ဆုံးအထိ တွန်းပို့ထားသည်။ သင်္ဘောပျံမှာ အသံအတားအဆီးကို ဖောက်ထွက်ကာ ခေါင်းပေါ်မှ မိုးကြိုး၊လျှပ်စီးများအလယ် ရှေ့သို့ ဆက်သွားနေသည်။

သူတို့ရှေ့တွင် တိမ်တိုက်များက ကောင်းကင်မှ နိမ့်ဆင်းလာနေပြီး မြေပြင်မှ မြူခိုးများက လျင်မြန်စွာ မြင့်တက်လာပြီး နှစ်ခုဆုံသွားကြသည်။ ထိုနှစ်ခုကို ခွဲခြားထားသည့် နေရာလွတ်လေးမှာ အပေါက်ကျဉ်းတစ်ပေါက်စာသာ ကျန်တော့သည်အထိ ကျုံ့လာသည်။ ထိုအပေါက်လေးမှာ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည်။

“ ငါတို့ မြန်မြန်သွားဖို့လိုတယ်”
ဝမ်ပေါင်လဲ့က နဖူးများ သွေးကြောများ ထောင်လာသည်အထိ အော်ဟစ်လိုက်သည်။ ကျောက်ယမုန့်မှာလည်း ဖြူဖျော့နေကာ ကျောက်ရိဖန်၏ နဖူးထက်တွင်လည်း ချွေးသီးချွေး‌ပေါက်များ ပေါ်လာသည်။ သူတို့သုံးယောက်သည် ကျင့်ကြံခြင်းအဆင့်အပြည့်အဝကို ထုတ်လွှတ်လိုက်ကြသည်။ သင်္ဘောပျံမှာ အလွန်ကောင်းမွန်စွာ တည်ဆောက်ထားသည်ဖြစ်ရာ သူတို့သုံးယောက် ထုတ်လွှတ်သည့် စွမ်းအားကြောင့် မြန်သထက် မြန်လာသည်။

ဝေးဝေးမှ ကြည့်လျှင် ဝမ်ပေါင်လဲ့၏ သင်္ဘောပျံ ပတ်လည်တွင် တိမ်တိုက်မည်းများ ဝန်းရံနေသည်ကို တွေ့နိုင်သည်။ သူတို့ရှေ့တွင် လျင်မြန်စွာ ကျုံ့ဝင်နေသည့် အပေါက်ကျဉ်းလေး တစ်ခု ရှိသည်။

ထိုအ‌ပေါက်လေးမှ နေ၍ အဖြူရောင်တိမ်တိုက်များနှင့် အပြာရောင်ကောင်းကင်ကို လှမ်းမြင်ရသည်။

ထိုအခိုက် တိမ်တိုက်နှင့် မြူခိုးတို့ အပေါက်ကို လုံးဝ ပိတ်ဆို့ခါနီးဆဲဆဲတွင် သင်္ဘောပျံမှာ နောက်ဆုံး အရှိန်ပြည့်တင်ကာ နီးကပ်လာသည်။ ပိတ်နေဆဲ အပေါက်နားသို့ လျင်မြန်စွာ ရောက်ရှိလာပြီး လွတ်ထွက်တော့မည်ဖြစ်သည်။

ထိုအချိန်၌ ရုတ်တရက် တစ်စုံတစ်ခု ဖြစ်ပျက်သွားပြန်သည်။

မြေပြင်မှ ကွဲအက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကူးလောင်ချိုင့်ဝှမ်းမှာ လေထဲသို့ ဒါဇင်ပေါင်းများစွာ မြင့်တက်လာသည်။ ဤသည်မှာ မြေအောက်တွင် ဧရာမမြွေကြီးတစ်ကောင် မျဉ်းဖြောင့်အတိုင်း အမြန် သွားနေရာမှ ဟိန်းဟောက်အော်ဟစ်ကာ အောက်မှ ရုတ်တရက် ဆောင့်ထိုးတက်လိုက်သည့်အလား ထင်ရသည်။

သုံးယောက်သားမှာ တိုက်ကွက်၏ အရှိန်ကြောင့် ရင်ထဲထဲမှ ကြောက်ရွံ့သွားကြသည်။ သင်္ဘောပျံမှာ အပေါက်လေးမှ လွတ်ထွက်ကာ သေမင်းလက်ထဲမှ လွတ်မြောက်လုဆဲဆဲ နားကွဲ‌လောက်သည့် မိုးကြိုးပစ်သံထက် ကျယ်လောင်သော အသံတစ်သံက မြေပြင်မှ ထွက်လာသည်။

ထိုအသံထွက်လာစဉ် ကမ္ဘာမြေကြီးမှာ ပြိုလဲကျသွားပြီး ဧရာမ သတ္တဝါတစ်ကောင် ပေါ်ထွက်လာသည်။ ဤသည်မှာ ဧရာမမြွေကြီးတစ်ကောင်မဟုတ်ဘဲ ကြီးမားအံ့ဩဖွယ်ကောင်းသည့် သစ်ပင်မှ ဖြစ်ပေါ်လာသော လက်ကြီးတစ်ဖက်ဖြစ်သည်။

ထိုသစ်ပင်လက်ကြီးမှာ မိုးထိုးနေပြီး ကောင်းကင်ကို ထိုးဖောက်တော့မည့်အသွင် ရှိသည့် သစ်ပင်တစ်ပင် ဖြစ်သည်။ ၎င်းအပင်မှ ရာချီသည့် ပိုးအိမ်လေးများ ထိုးထွက်နေသည်။ လက်ကြီးက လှမ်းလိုက်ချိန်တွင် မြေကြီးနှင့် ရွှံ့အများအပြား လွင့်စင်ထွက်သွားသည်။ မရေမတွက်နိုင်အောင် များပြားလှသည့် ကျောက်တုံးအကြီး၊ အသေးများ၊ မြက်ပင်များ၊ သစ်ပင်များမှာ မြေပြင်မှ ဆွဲနှုတ်ခံရပြီး လေထဲသို့ လွင့်ထွက်သွားပြီး ပြန်ပြုတ်ကျလာသည်။

ဧရာမလက်ကြီးမှာ မရပ်မနား ရွေ့လျားလာပြီး ကမ္ဘာမြေ ကွဲအက်စေသည့် အားမျိုးဖြင့် ဝမ်ပေါင်လဲ့နှင့် ကျန်နှစ်ယောက်ရှိနေသည့် လေထဲမှ သင်္ဘောပျံဆီသို့ ရောက်လာပြီး တစ်ချက်တည်းနှင့် သူတို့ကို ဖမ်းဆုပ်ပစ်လိုက်သည်။

၎င်းတိုက်ကွက်မှာ မြန်ဆန်လွန်းလှသည်။ သင်္ဘောပျံမှာ အမြင့်ဆုံးအရှိန်နှင့် သွားနေသည့်တိုင် လွတ်အောင် မရှောင်နိုင်ပေ။ ၎င်းမှာ တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပေ။ ဧရာမ သစ်ပင်လက်ကြီးက သူတို့ သင်္ဘောကို ဖမ်းဆုပ်လိုက်စဉ် ဝမ်ပေါင်လဲ့နှင့် သူငယ်ချင်းများက ကြောက်ရွံ့ထိတ်လန့်မှုကြောင့် တုန်ယင်နေကြသည်။

သင်္ဘောပျံမှာ ကြမ်းတမ်းစွာ ခါယမ်းသွားပြီး သူတို့နှုတ်ခမ်းမှ သွေးများစီးကျလာသည်။ သူတို့မှာ ကြောင်အကာ ရပ်နေမိသည်။

“ ထွက်ပြေးကြ”
ဝမ်ပေါင်လဲ့က အော်ပြောလိုက်ပြီး သင်္ဘောပျံပေါ်မှ တွေဝေခြင်းမရှိ ခုန်ဆင်းလိုက်သည်။ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ကလည်း ဝမ်ပေါင်လဲ့နှင့် တချိန်တည်းနီးပါး ခုန်ဆင်းလိုက်ကြသည်။ သူတို့မှာ ဆုံးဖြတ်ချက် ခိုင်မာသူများ ဖြစ်ကြပြီး အရေးကြီးဆုံးအချိန်၌ သင်္ဘောပျံကို ချက်ချင်း စွန့်ခွာရန် ရွေးချယ်ခဲ့ကြသည်။ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ သူတို့ကိုယ်ပိုင် သင်္ဘောပျံများအား လေထဲတွင် ဆင့်ခေါ်လိုက်ကြပြီး ဝမ်ပေါင်လဲ့မှာလည်း ဓမ္မလက်နက်စစ်သည်အဖြစ် ရာထူးတိုးပြီးနောက် ကျောင်းမှ ပေးအပ်ထားသည့် ပုံမှန်သင်္ဘောပျံကို အမြန်ထုတ်ယူလိုက်သည်။

သူတို့အားလုံးက ရှိသမျှ အစွမ်းကုန် ထုတ်သုံးကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်နေရန် အချိန်မရှိပေ။ သို့သော် အားလုံးက ချက်ချင်းပင် သူတို့ရှေ့မှ အပေါက်ကျဉ်းလေးဆီ ချက်ချင်း အရှိန်မြှင့်တင်သွားကြသည်။

သို့ရာတွင် နှောင့်ယှက်ခံလိုက်ရသည့် အချိန်တိုလေးအတွင်း သူတို့ရှေ့မှ အပေါက်ကျဉ်းလေးမှာ မျက်စိရှေ့မှာပင် ပိတ်သွားပြီဖြစ်သည်။ တိမ်တိုက်များနှင့် မြူခိုးများက လှိုင်းလုံးသဖွယ် တလိပ်လိပ် တက်လာပြီး တစ်ခုတည်းပေါင်းသွားကာ မြေပြင်ကို လုံးဝ ပိတ်ဆို့လိုက်ကြသည်။

အခြေအနေမှာ ချောက်ချားဖွယ် ကောင်းလှသည်။ မြူခိုးများက လက်ချောင်းသဏ္ဌာန် အမျှင်တန်းများ ထုတ်နေဟန် ရှိသည်။ သူတို့မှာ ကြည့်ရုံနှင့်ပင် ကြောက်စရာ ကောင်းလှသည်။ အနားကပ်သွားလျှင် ထိုလူမှာ အန္တရာယ်ကြုံရမည် မလွဲပေ။

သုံးယောက်သား မျက်နှာများ ပျက်ယွင်းသွားချိန် ဧရာမ သစ်ပင်လက်ကြီးမှာ မြေပြင်မှ မြင့်တက်လာပြီး ရေစက်ပုံ သင်္ဘောပျံကို ဖမ်းဆုပ်လိုက်ရာ ရုတ်တရက် ကွဲအက်သံတစ်ခု လွင့်ပျံလာသည်။ ၎င်းလက်ကြီး၏ အပေါ်ယံမှ ထိုးထွက်နေသည့် ရာချီသော ပိုးအိမ်လေးများမှာ ရုတ်တရက် ကွဲထွက်သွားသည်။

၎င်းတို့ထဲမှ ထွက်လာသည်များမှာ လူသားခန္ဓာကိုယ်များ ဖြစ်ကြသည်။

သူတို့ထဲမှ အများစုမှာ ကျင့်ကြံသူများ မဟုတ်ကြသေးပေ။ အများစုမှာ ရှေးဟောင်းသိုင်းအဆင့် ဖြစ်ကြပြီး မတူညီသည့် ဝတ်ရုံများ ဝတ်ဆင်ထားကြသည်။ ထင်ရှားသည့် အဖွဲ့အစည်းတစ်ခုမှ ဖြစ်ကြောင်းသိသာသည့် ဝတ်ရုံဆင်တူ ဝတ်ဆင်ထားသော အဖွဲ့ကြီးတစ်ဖွဲ့လည်း ရှိသည်။ ကျန်လူများမှာမူ မတူကွဲပြားစွာ ဝတ်ဆင်ထားကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ အဆင့်နိမ့်ကျွန်း၏ ကျောင်းသားဝတ်ရုံများ ဝတ်ဆင်ထားသည်။

နောက်နှစ်ယောက်မှာ ဝမ်ပေါင်လဲ့တို့နှင့် လိုက်ပါလာသည့် သိုင်းပညာအဆောင်မှ ဂိုဏ်းသားများ ဖြစ်ကြသည်။

သူတို့သည် မျက်လုံးများ မှိတ်ထားကြကာ ရင်ဘတ်က ဖောင်းလိုက်ပိန်လိုက် ဖြစ်နေကြပြီး အလောင်းများ မဟုတ်သည်မှာ သေချာသည်။ သူတို့ဆီမှ ထုတ်လွှတ်နေသည့် အငွေ့အသက်များမှာ ပုံမှန်အတိုင်းဖြစ်ပြီး သူတို့ဆီမှ ထူးဆန်းနေသည့် အရာကို ရှာမရချေ။ သူတို့မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည့်အလား ထင်ရသည်။

ဝမ်ပေါင်လဲ့မှာ သူ့ရှေ့မှ မြင်ကွင်းကြောင့် နောက်တစ်ကြိမ် တုန်လှုပ်သွားရပြန်သည်။ သူသည် မယုံနိုင်စွာ ကျင့်ကြံသူများကို စိုက်ကြည့်နေရင်း သူ့မျက်နှာမှ စိုးရိမ်လေးနက်သည့် အမူအရာမှာ တိုင်းတာခန့်မှန်းရန် မဖြစ်နိုင်တော့ပေ။

“ သူတို့က….”
ကျိုးရိဖန်မှာလည်း အလားတူ အံ့အားသင့်သွားလေသည်။ ကျောက်ယမုန့်မှာ အသက်ရှူသံများ မြန်လာပြီး မျက်လုံးများမှာ ထိတ်လန့်နေကြောင်း ဖော်ပြနေသည်။ သူတို့မှာ ကြာကြာစဉ်းစားရန် မလိုဘဲ ချက်ချင်း သဘောပေါက်သွားကြသည်။

သိုင်းပညာအဆောင် ကျောင်းသားများနှင့် ဆက်သွယ်ရရှိခဲ့သည့် အသံနှင့် ဗီဒီယိုထုတ်လွှင့်မှုများမှာ အတုများ ဖြစ်သည်။ သူတို့ မကြားဖူးသည့် မန္တန်တစ်မျိုးနှင့် ဖန်တီးထားခြင်း ဖြစ်ပေမည်။ သိုင်းပညာအဆောင် ဂိုဏ်းသားများ သင်္ဘောပျံပေါ်တွင် လက်ခံရရှိခဲ့သည့် ပိတ်မိနေသော ကျောင်းသား၏ အန္တရာယ်ကင်းကြောင်း အသံလွှင့်တင်ပြချက်များမှာလည်း အတု ဖြစ်ရပေမည်။

ထိုသို့ သဘောပေါက်သွားပြီးနောက် အသံလွှင့်ချက်များကို ပြန်လည် လေ့လာကြည့်ပြီးလျှင် ဤဖြစ်ရပ်များနောက်ကွယ်မှ ပဲ့ကိုင်ရှင်မှာ ပြဿနာ ကြီးကျယ်သွားစေရန် မရည်ရွယ်ကြောင်း ထင်ရှားနေသည်။ သူသည် မူလက သူတို့ကို တိုက်ခိုက်ရန် ရည်ရွယ်ထားဟန် မတူပေ။

သို့ရာတွင် ကျိုးရိဖန်၏ ကျောင်းသို့ အသံလွှင့်တင်ပြချက်မှာမူ သူ ဖုံးကွယ်ထားသည့် အရာများ ပေါ်သွားစေနိုင်သည်။ ထို့ကြောင့် သူတို့ကို နှုတ်ပိတ်ရန် သူ့ကိုယ်သူ ဖော်ပြကာ တိုက်ခိုက်ခြင်းဖြစ်သည်။

သုံးယောက်သားမှာ ကြောင်နေကြစဉ် ပိုးအိမ်များထဲမှ မျက်လုံးပိတ်ထားကြသည့် လူများမှာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ကြသည်။ သူတို့၏ အကြည့်များမှာ တည်ငြိမ်နေကြပြီး အသိစိတ်ခိုးယူခံထားရသည့် လက္ခဏာ မရှိပေ။ သူတို့မှာ တိတ်ဆိတ်နေသော်လည်း မျက်လုံးထဲ၌ လူသတ်လိုသည့် ဆန္ဒများ ထင်ဟပ်နေသည်။ သူတို့က တရှိန်ထိုး ထွက်လာကြပြီး ဝမ်ပေါင်လဲ့နှင့် သူငယ်ချင်းနှစ်ယောက်ဆီ တည့်တည့် ဝင်လာကြသည်။

သူတို့ ပြေးဝင်လာစဉ် မူလက ရှေးဟောင်းသိုင်းအဆင့်မျှသာ ရှိသူများက အာနာပါနအဆင့် စွမ်းအင်လှိုင်းများကို ရုတ်တရက် သူတို့ ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်ကြသည်။

ပိုမိုထိတ်လန့်ဖွယ်ကောင်းသည်မှာ သူတို့သည် ဤနေရာတွင် ပျံသန်းနေနိုင်ခြင်း ဖြစ်သည်။ သူတို့သာ ပိုင်ဆိုင်သည့် စွမ်းအားတစ်မျိုးက ကျင့်ကြံခြင်းကို တိုးမြှင့်ပေးပြီး တချိန်တည်း၌ ထိုစွမ်းအားကြောင့်ပင် လေထဲ၌ ပျံသန်းနေနိုင်ခြင်း ဖြစ်သည်။

“ ဝိညာဥ်နှုတ်ခံလိုက်ရတာလား ”
ကျောက်ယမုန့်၏မျက်နှာမှာ ဖျော့တော့နေပြီး သူမ၏စကားသံတွင် မသေချာ၊ မရေရာမှုများ ရောယှက်နေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset