“ ပေါင်လဲ့၊ ဒီနှစ်ယောက်က ငါ သိုင်းပညာအဆောင်မှာ ရင်းနှီးခဲ့တဲ့ ညီလေးနှစ်ယောက်ပဲ။ ငါတို့အားလုံး တစ်နေရာတည်း သွားကြမှာဆိုတော့ သူတို့က ငါတို့နဲ့လိုက်ဖို့ တွေးမိလို့။ မင်း ဘယ်လို…”
ကျိုးရိဖန်မှာ ဝမ်ပေါင်လဲ့ တစ်ကိုယ်တည်း ကျေနပ်ပီတိဖြာနေခြင်းကို နှောင့်ယှက်ကာ ဖြတ်ပြောလိုက်သည်။
ကျိုးရိဖန်နောက်မှ ဂိုဏ်းသားနှစ်ယောက်မှာ သာမန် ရုပ်ရည်မျိုး ဖြစ်ကြပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အာနာပါန ဒုတိယအဆင့် ရောက်နေကြသည်။ သူတို့က ရှေ့တိုးကာ လက်ချင်းဆုပ်ပြီး ဝမ်ပေါင်လဲ့ကို ချက်ချင်း နှုတ်ဆက်လိုက်ကြသည်။
“ အစ်ကိုဝမ်ကို နှုတ်ဆက်ပါတယ်”
ကျိုးရိဖန်မှာ ဤနေရာသို့ မလာမီ ဝမ်ပေါင်လဲ့အကြောင်း သူတို့နှစ်ယောက်အား ပြောပြထားဟန်တူသည်။ ထို့ပြင် ဝမ်ပေါင်လဲ့၏ အမည်မှာ အဆင့်မြင့်ကျောင်းကျွန်းတစ်ခွင် မသိသူ မရှိလောက်အောင် ကျော်ကြားပျံ့နှံ့နေပြီ ဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့နှစ်ယောက်မှာ ဝမ်ပေါင်လဲ့အား အလွန် လေးစားရိုသေကြလေသည်။
“ ကိစ္စမရှိပါဘူး။ ငါတို့အားလုံးက ကျောင်းတစ်ခုတည်းကပဲ။ ရီဖန်ရဲ့ သူငယ်ချင်းတွေကလည်း ငါ့သူငယ်ချင်းတွေပါပဲ။ ငါတို့ အတူတူ သွားကြတာပေါ့ ”
ဝမ်ပေါင်လဲ့မှာ တဟားဟား ရယ်မောလိုက်ပြီး သူတို့၏ တောင်းဆိုချက်ကို သဘောတူလိုက်သည်။ ထို့နောက် သူက ရေစက်ပုံစံ အဆင့်မြင့် သင်္ဘောပျံအား ထုတ်ယူလိုက်ပြီး ခုန်တက်လိုက်သည်။
“ လာတက်ကြ၊ သွားကြရအောင်”
ကျိုးရိဖန်မှာ ပြုံး၍ ခေါင်းယမ်းလိုက်သည်။ သူက တစ်ဖက်တွင် ရပ်နေသည့် ကျောက်ယမုန့်အား အရင် တက်ရန် ညွှန်ပြလိုက်သည်။
ကျောက်ယမုန့်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ အေးဆေးတည်ငြိမ်သော အမူအရာမျိုးဖြင့် သင်္ဘောပျံပေါ်သို့ တက်ကာ ထိုင်လိုက်သည်။ ကျိုးရိဖန်နှင့် သိုင်းပညာအဆောင်မှ ညီလေးနှစ်ယောက်ကလည်း နောက်မှ လိုက်ကာ သင်္ဘောပျံပေါ်သို့ တက်ကြသည်။
ဝမ်ပေါင်လဲ့၏ ယခင်သင်္ဘောပျံမှာ ဤမျှ လူအများကြီး မဆန့်ပေ။ သို့သော် လက်ရှိသူ့သင်္ဘောပျံမှာ လက်ထောက်အဆောင်မှူး သို့မဟုတ် သူတို့နှင့် အဆင့်တူသူများကိုသာ ပေးအပ်သည့် သင်္ဘောပျံဖြစ်သည်။ သူတို့ ငါးယောက်လုံး တက်လိုက်သည့်တိုင် နေရာကျယ်နေသေးသည်။
ဝမ်ပေါင်လဲ့၏ ထိန်းချုပ်မှုအောက်တွင် သင်္ဘောပျံမှာ မကြာမီ ကောင်းကင်ထက်သို့ တဟုန်ထိုး ပျံသန်းသွားသည်။ တိမ်များအကြား ထိုးခွင်းကာ ဝေးကွာသည့် ကောင်းကင်ယံဆီသို့ ဦးတည်သွားသည်။ ၎င်း၏ အရှိန်မှာ သာမန် သင်္ဘောပျံများထက် များစွာ သာလွန်နေသည်။
ဝမ်ပေါင်လဲ့၏ မောင်းနှင်သည့် အရှိန်နှုန်းအရ သူတို့သည် ပြည်ထောင်စု မြို့တော်သို့ ရောက်ရှိရန် ခန့်မှန်းခြေ နာရီနှစ်ဆယ်မျှသာ ကြာမြင့်မည် ဖြစ်သည်။ သူတို့သည် မြို့တော်ကို လှည့်ပတ်ကြည့်ရှုကာ နေရာသစ်နှင့် အသားတကျဖြစ်စေရန် ရည်ရွယ်၍ စောစောထွက်လာကြသည်။ ဝမ်ပေါင်လဲ့သာမက ကျိုးရိဖန်ပါ မြို့တော်သို့ မရောက်ဖူးသေးပေ။
သင်္ဘောပျံက လျင်မြန်စွာ ပျံသန်းနေစဉ် ဝမ်ပေါင်လဲ့က အရူးတစ်ယောက်ကဲ့သို့ ရပ်မနေတော့ပေ။ သူက ထိုင်ချပြီး ကျိုးရိဖန်နှင့် ကျောက်ယမုန့်ကို ကြည့်ကာ ရင်ထဲမှ ခံစားချက်များ ကြွတက်လာသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အမှန်တကယ် လျင်မြန်စွာ တိုးတက်ခဲ့သည်ဟု ထင်ခဲ့သည်။ ကျောက်ယမုန့်သည်လည်း လုံးဝ မနှေးကြောင်း သူ မထင်မှတ်ထားခဲ့ပေ။ သူမသည် အာနာပါန စတုတ္ထအဆင့် ရောက်နေသည့်ပုံပေါ်သည်။
ကျိုးရိဖန်မှာ အနည်းငယ် နှေးသော်လည်း အာနာပါန တတိယအဆင့် ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်သည်။ မကြာမီ နောက်တစ်ဆင့်သို့ ဖောက်ထွက်နိုင်လိမ့်မည်ဟုလည်း ခံစားရသည်။
“ အားလုံးက လျှို့ဝှက်ချက် ကိုယ်စီ ရှိကြတာပဲ။ ကျိုးရိဖန်ဖြစ်ဖြစ်၊ ကျောက်ယမုန့်ဖြစ်ဖြစ် သူတို့မှာ သူများမသိအောင် ဝှက်ထားတဲ့ ပစ္စည်းရှိရမယ်”
ထိုသို့ သဘောပေါက်သွားပြီးနောက် ဝမ်ပေါင်လဲ့က သူတို့နှင့် စကားပြောတော့သည်။
“ မင်းတို့နှစ်ယောက်လုံး အဆောင်အသီးသီးရဲ့ မန္တန်အစီအရင်စစ်သည်၊ သိုင်းစစ်သည်တွေ ဖြစ်နေကြပြီလား”
“ မင်းတို့ ကြားကြလား။ လာမဲ့ ပြည်ထောင်စုရဲ့ လက်ရွေးစင်တစ်ရာ အစီအစဉ်က ရက်စက်ကြမ်းတမ်းတဲ့အဆင့်ထိ ရောက်မှာတဲ့။ ဒါက တစ်သန်းမှာ တစ်ယောက်ပဲ ရနိုင်မဲ့ အခွင့်အရေးပဲ။ မင်းတို့မှာ အရည်အချင်းရှိဖို့တင်မကဘူး။ အင်မတန် ကံကောင်းဖို့ပါ လိုသေးတာ။ ရုပ်ရည်ချောမောရမယ်ဆိုတဲ့ ကန့်သတ်ချက်ကလည်း တင်းကြပ်တယ်လို့ ပြောတယ်။ အရည်အချင်း ပြည့်မှီတဲ့သူက နည်းနည်းပဲ ရှိတယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါကတော့ ပြဿနာမရှိလောက်ဘူး။ မင်းတို့ရော အောင်မယ်လို့ ယုံကြည်ချက် ရှိလား”
ဝမ်ပေါင်လဲ့က စိတ်ထဲမှ ကျေနပ်နေကာ ပြောလိုက်သည်။ သို့သော် မကြာမီ သူသည် စိတ်ဓါတ်ကျဆင်းလာရသည်။
ကျောက်ယမုန့်မှာ အလွန် အေးဆေးတည်ငြိမ်ကာ စကားပြောခြင်းထက် နားထောင်ခြင်းကို ပိုအားသန်သူဖြစ်သည်။ ကျိုးရိဖန်မှာလည်း ကျောင်း၌ ခက်ခဲသည့် ကျင့်ကြံခြင်းကို ကြုံတွေ့ပြီးနောက် ယခင်ထက် ပိုစကားနည်းလာသည့် အကျင့်မျိုး ရှိလာသည်။ ရလာဒ်အနေဖြင့် ဝမ်ပေါင်လဲ့မှာ အချိန်ကြာမြင့်စွာ စကားပြောပြီးနောက် သူ့ကို မျက်လုံးဝိုင်းများဖြင့် စိုက်ကြည့်နေသူ၊ မျက်နှာသေဖြင့် စိုက်ကြည့်နေသူတို့အား ပြန်ကြည့်နေမိသည်။ တဖြည်းဖြည်းနှင့် သူသည် စကားဆက်မပြောနိုင်တော့ပေ။
ဝမ်ပေါင်လဲ့မှာ သူ့နဖူးသူ ရိုက်လိုက်ပြီး ထူးဆန်းသည့် အမူအရာများ ရှိနေသည့် သိုင်းပညာအဆောင် ဂိုဏ်းသားနှစ်ယောက်ဆီသို့ လှည့်သွားသည်။ သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ မင်းတို့က ဘယ်သွားကြမှာလဲ”
ဤမျှ အရှိန်မြင့်သည့် သင်္ဘောပျံကို သူတို့ ပထမဆုံး စီးဖူးခြင်းဖြစ်ကြောင်း သိသာနေသည်။ ယခု သင်္ဘောပျံမှာ သူတို့ကိုယ်ပိုင်များထက် များစွာ လျင်မြန်နေသည်။ သူတို့သည် ဤကဲ့သို့ သင်္ဘောပျံတစ်စင်း ပိုင်ဆိုင်ထားသည့် ဝမ်ပေါင်လဲ့ကို လေးစားရိုသေကြပြီး အံ့အားသင့်နေကြသည်။ သူ့မေးခွန်းကို ကြားသောအခါ သူတို့ထဲမှ တစ်ယောက်က ချက်ချင်း ဖြေလိုက်သည်။
“ ကျွန်တော်တို့က ကူးလောင်ချိုင့်ဝှမ်းကို ဦးတည်သွားနေကြတာပါ”
ထိုသို့ ပြောပြီးနောက် သူ့ဘေးမှ အခြားတစ်ယောက်က ဆက်ပြောလိုက်သည်။
“ အဆင့်နိမ့်ကျွန်း၊ မှော်ဆေးရည်ဌာနက ကျောင်းသားတစ်ယောက်က လွန်ခဲ့တဲ့ တစ်ပတ်တုန်းက အိမ်ပြန်ဖို့ ခွင့်တိုင်သွားတာ။ လွန်ခဲ့တဲ့ ခြောက်နာရီလောက်က သူက အဆင့်နိမ့်ကျွန်းကနေ အကူအညီတောင်းလို့၊ သူက ကူးလောင်ချိုင့်ဝှမ်းကို ဖြတ်သွားနေရင်းနဲ့ သားရဲတွေနဲ့ ကြုံရလို့၊ သူက ချိုင့်ဝှမ်းထဲမှာ ပိတ်မိနေပေမဲ့ အသက်အန္တရာယ် ထိခိုက်လောက်အောင်တော့ မဟုတ်ဘူး ”
“ အဆင့်နိမ့်ကျွန်းက ကူးလောင်ချိုင့်ဝှမ်း အနီးအနားမှာ ရှိတဲ့ တာအိုကျောင်းလေးတွေကိုတော့ ဆက်သွယ်ပြီး ညတွင်းချင်း ကယ်ဆယ်ရေး အကူအညီ စေလွှတ်ပေးပါလို့ တောင်းဆိုထားတယ်။ တချိန်တည်းမှာပဲ အဆင့်နိမ့်ကျွန်းက သိုင်းပညာအဆောင်ကို တောင်းဆိုချက်တာဝန်တစ်ခု ပေးပို့ထားတယ်။ ကျွန်တော်တို့ နှစ်ယောက်က ကယ်ဆယ်ရေးတာဝန်ကို ထောက်ပံ့ပြီး ပြဿနာ၊ မတော်တဆမှုတွေ ဖြစ်မလာအောင် ကာကွယ်ဖို့ သွားကြမှာ”
ကောင်းကင်တာအိုကျောင်းမှာ ခပ်ဆင်ဆင် တာဝန်အများအပြား လက်ခံနေရသဖြင့် ထိုသို့ တာဝန်များအတွက် လျှို့ဝှက်ထားရန် မလိုအပ်ပေ။ ဝမ်ပေါင်လဲ့ ပထမဆုံးအကြိမ် အိမ်ပြန်စဉ်က သင်္ဘောပျံပေါ်တွင် လိုက်ပါလာသူများမှာ တာဝန်ပေးအပ်ခြင်း ခံရသည့် အဆင့်မြင့်ကျွန်း ဂိုဏ်းသားများ ဖြစ်ကြသည်။
သာမန်အားဖြင့် အဆင့်နိမ့်ကျွန်းမှ ကျောင်းသားများ ဒုက္ခတွေ့သည့် အချိန်မျိုး၌ အဆင့်နိမ့်ကျွန်းမှ ထိုပြဿနာ၏ ပြင်းထန်မှုကို အကဲဖြတ်ပြီးမှ အဆင့်မြင့်ကျောင်းကျွန်းသို့ တောင်းဆိုခြင်း ဖြစ်သည်။ ထိုမှတဆင့် အဆင့်မြင့်ကျွန်းက ပြဿနာဖြေရှင်းရန် ကျောင်းသားများ စီစဉ်ပေးသည်။ သိုင်းပညာအဆောင် ဂိုဏ်းသားများမှာ ထိုတာဝန်များအား ထမ်းဆောင်သည့် အဓိက တပ်ဖွဲ့ဖြစ်သည်။
ထိုနှစ်ယောက်မှာ ဘာကိုမျှ ဖုံးကွယ်မထားဘဲ အသေးစိတ် အချက်များကိုပါ အမှန်အတိုင်း ပြောပြနေသည်။ ဝမ်ပေါင်လဲ့မှာ သူကိုယ်တိုင် တိမ်ရေကန် မိုးသစ်တောထဲ၌ ပိတ်မိနေစဉ် အချိန်များအား ပြန်တွေးမိသွားသည်။ သူက စိတ်ပူကာ မေးခွန်းအနည်းငယ် ထပ်မေးလိုက်ရာ ကူးလောင်ချိုင့်ဝှမ်းထဲမှ အစွမ်းအထက်ဆုံး သားရဲများမှာ အာနာပါနအဆင့်မျှသာ ရှိကြောင်း သိရှိသွားသည်။ ပိတ်မိနေသည့် ဂိုဏ်းသားမှာ လက်ရှိတွင် အန္တရာယ်ကင်းသည့် နေရာတစ်ခု၌ ပုန်းအောင်းလျက်ရှိသည်။ သို့ရာတွင် သူ၏ တည်နေရာကို အကောင်ကြီးများ ဝန်းရံထားသောကြောင့် ၎င်းတို့ကို တစ်ကောင်ပြီးတစ်ကောင် သုတ်သင်ရန် လိုအပ်နေသည်။ ထိုသို့ဖြင့် ကယ်ဆယ်ခြင်း လုပ်ငန်းစဉ်များမှာ လုပ်ဆောင်နေဆဲ ဖြစ်သည်။ ထိုစကားကို ကြားပြီးနောက် သူက စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။
သူက အချိန်မှာ အသက်ဖြစ်ကြောင်း နားလည်နေသဖြင့် ဝိညာဉ်ချီကို ထုတ်လွှတ်ကာ သင်္ဘောပျံ အရှိန်ကို တိုးမြှင့်လိုက်သည်။ သင်္ဘောပျံမှာ မြေပုံတွင် ဖော်ပြထားသည့် ကူးလောင်ချိုင့်ဝှမ်း တည်နေရာသို့ ဦးတည်သွားသည်။ ထိုနေရာမှာ သူတို့ မြို့တော်ဆီအသွား လမ်းကြောင်းအလယ်တည့်တည့်၌ ရှိနေသည်။
သူတို့ ခရီးမှာ တိုလည်းမတို၊ ရှည်လည်း မရှည်ပေ။ ဝမ်ပေါင်လဲ့က အဆက်မပြတ် စကားပြောနေရာ ခြောက်နာရီကာလက လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မကြာမကြာ ကျိုးရိဖန်က တစ်ခွန်း၊ နှစ်ခွန်း ပြန်ဖြေသည်။ သိုင်းပညာအဆောင် ဂိုဏ်းသားနှစ်ယောက်ကလည်း ဝင်ပြောကြသည်။ သူတို့က အသံလွှင့်လက်စွပ်များကို ထုတ်ကာ ပိတ်မိနေသည့် အဆင့်နိမ့်ကျွန်းမှ ကျောင်းသားနှင့် မကြာခဏ ဆက်သွယ်ကာ သူ၏တည်နေရာနှင့် အန္တရာယ်ကင်းစွာ ရှိနေကြောင်းကို အတည်ပြုရသည်။
တစ်နာရီကြာမြင့်သွားသည်။ ထိုမျှမက ကြာမြင့်မည့် ခရီးတစ်ခုမှာ ဝမ်ပေါင်လဲ့၏ အထူးသင်္ဘောပျံနှင့် အရှိန်မြှင့်တင်ထားခြင်းကြောင့် လျင်မြန်စွာ ရောက်ရှိလာသည်။
သင်္ဘောပျံ၏ အောက်ဘက်တွင် အစိမ်းရောင် လွင်ပြင်ကျယ်ကြီး ရှိနေသည်။ ဤသည်မှာ ချိုင့်ဝှမ်းကျယ်ကြီးတစ်ခုဖြစ်ပြီး သစ်ပင်များ ထူထပ်သိပ်သည်းစွာ ပေါက်ရောက်နေပြီး ထိုနေရာတစ်ခုလုံးမှာ ရွှံ့ညွန်တောကြီး အသွင်ပေါက်နေသည်။
ထိုသို့ ပထဝီဝင် အနေအထားမျိုးမှာ ပြည်ထောင်စုအတွင်း နယ်မြေ အတော်များများကို ဖုံးလွှမ်းနေသည်။
ထိုအခိုက်အတန့်တွင် ဂိုဏ်းသားနှစ်ယောက်တို့မှာ အသံလွှင့်အကြောင်းကြားချက်တစ်ခုကို လက်ခံရရှိသည်။ သူတို့မျက်နှာတွင် ပျော်ရွှင်သည့် အရိပ်အယောင်များ ပေါ်လာပြီး ခေါင်းမော့ကာ ပြောလိုက်ကြသည်။
“ အဲ့ကောင်လေးကို ကယ်ပြီးသွားပြီတဲ့။ သူက နည်းနည်း ကြောက်နေတာကလွဲရင် အန္တရာယ်ကင်းတယ်လို့ ပြောတယ်”
“ ကျွန်တော်တို့ အစ်ကိုတို့နဲ့ အစ်မကို မနှောင့်ယှက်တော့ဘူး။ ကျွန်တော်တို့ ဒီနေရာမှာ သင်္ဘောပျံပေါ်က ဆင်းပြီး ကျွန်တော်တို့ ဦးတည်ရာကို ဆက်သွားတော့မယ်”
နှစ်ယောက်သား မတ်တတ်ရပ်ကာ ဝမ်ပေါင်လဲ့၊ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့အား လက်ချင်း ဆုပ်ကာ အရိုအသေပြုလိုက်ကြသည်။
သင်္ဘောပျံမှာ ရပ်တန့်သွားပြီး နှစ်ယောက်မှာ နှုတ်ဆက်ထွက်ခွာသွားကြသည်။
ဝမ်ပေါင်လဲ့သည် ထွက်ခွာသွားသည့် ကျောပြင်များကို ငေးကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူက ချိုင့်ဝှမ်းမှ ဝေးရာသို့ ဦးတည်ရာ ပြောင်းလိုက်ပြီး ကျိုးရိဖန်ကို ကြည့်လိုက်သည်။
“ မင်းတို့ သိုင်းပညာအဆောင်က ဒီလိုဆင်ဆင်တူတဲ့ တာဝန်တွေ အများကြီး လက်ခံရမှာပဲနော်”
“ သိုင်းပညာအဆောင်က ရာချီ၊ တစ်ခါတစ်လေ ထောင်ချီတဲ့ တာဝန်တွေကို နေ့စဉ် လက်ခံနေရတယ်။ အဲဒီ တာဝန်တွေကို ဂိုဏ်းသားတွေက ပြီးဆုံးအောင် ထမ်းဆောင်ရမှာ။ တစ်ခါတစလေ ပုံမှန်ထက် တာဝန်တွေ ပိုများနေတာလည်း ရှိတတ်တယ်။ အဲဒါကြောင့်မလို့ ပုံမှန်ဆို အဆင့်မြင့်ကျွန်းက သိုင်းပညာအဆောင် ဂိုဏ်းသား သိပ်မရှိတာ”
“ မင်းရော ဘယ်လိုလဲ၊ မင်း ဘယ်နှစ်ခု ပြီးခဲ့ပြီလဲ”
ဝမ်ပေါင်လဲ့မှာ သိချင်နေသည်။
“ ရေကြည့်ရမယ်ဆို ငါ အဆင့်မြင့်ကျွန်းကို ဝင်ကတည်းက တာဝန် ခုနစ်ဆယ့်သုံးခု ပြီးဆုံးအောင် ထမ်းဆောင်ခဲ့တယ်”
အခြားသူများဆိုပါက ကျိုးရိဖန်မှာ ထိုမျှအထိ အသေးစိတ် ဖြေကြားမည် မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့က မေးနေသောကြောင့် အလိုအလျောက် ရိုးသားစွာ ဖြေကြားနေခြင်း ဖြစ်သည်။
“ သေဆုံးနှုန်းကရော ဘယ်လောက်လဲ။ ငါကြားဖူးတာ တစ်ယောက်တည်း ပြီးဆုံးအောင် လုပ်ရမယ့် အထူးတာဝန်တွေကလွဲရင် တခြား တာဝန်တွေကို ကျောင်းကနေ ပူးတွဲစနစ်သုံးတယ်လို့ သိရတယ်။ နောက်တစ်ခု ကြားဖူးတာတစ်ခုက စေလွှတ်တဲ့သူတွေက လိုအပ်တာထက် ကျင့်ကြံခြင်းအဆင့် သုံးဆမြင့်ရမယ်”
စကားများများမဟဘဲ တစ်ဖက်တွင် ကပ်ထိုင်နေသည့် ကျောက်ယမုန့်မှာ ကျိုးရိဖန် ပြောစကားကို ကြားပြီးနောက် ရုတ်တရက် မေးလိုက်သည်။
ဝမ်ပေါင်လဲ့မှာ ကျောင်းပြင်ပ တာဝန်များကို ရှာဖွေစုံစမ်းရန် မကြိုးစားဖူးပေ။ သူက ကြားလိုက်သောအခါ စိတ်ဝင်စားလာသည်။
“ ပူးတွဲစနစ်။ လိုအပ်တဲ့ ကျင့်ကြံခြင်းအဆင့်ထက် သုံးဆင့် မြင့်ရမယ်”
“ သုံးဆင့်မြင့်ရမယ်ဆိုတာက ရှင်းရှင်းပြောမယ်ကွာ၊ ဥပမာတစ်ခု ပေးမယ်။ တကယ်လို့ ခန္ဓာအချုပ်အနှောင်အဆင့် ဂိုဏ်းသားတစ်ယောက် ဒုက္ခတွေ့မယ်ဆိုရင် အာနာပါန ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ကို ကူညီဖို့ စေလွှတ်တယ်။ အာနာပါန တတိယအဆင့် ကျင့်ကြံသူတစ်ယောက် အခက်အခဲ တွေ့တယ်ဆိုရင်တော့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ကို စေလွှတ်မယ်။ ပူးတွဲစနစ်ဆိုတာကတော့_ တာဝန်ရဲ့ ခက်ခဲမှုပေါ်မူတည်ပြီး ထမ်းဆောင်နိုင်မဲ့ တစ်ယောက်တည်းကို စေလွှတ်မဲ့အစား သူတို့က အရည်အချင်းတူ နှစ်ယောက်ကို စေလွှတ်လေ့ရှိတယ်”
“ အဲဒီလို အစီအစဉ်မျိုးက မတော်တဆ ဖြစ်တာတွေ၊ သေဆုံးနှုန်းတွေကို သိသိသာသာ လျှော့ချပေးတယ်။ ဒါပေမဲ့ အဲဒီလို စီစဉ်တာတောင် ဂိုဏ်းသားတွေရဲ့ ဆယ်ပုံတစ်ပုံနီးပါးက နှစ်တိုင်း ဒဏ်ရာရတာ ဒါမှမဟုတ် အသတ်ခံရတာမျိုး ရှိနေဆဲပဲ”
ကျောက်ယမုန့်က မျက်မှောင်ကြုတ်ကာ အတွေးနက်နေဟန် ရှိသည်။ ဝမ်ပေါင်လဲ့မှာ ဆက်မေးတော့မည့် ဟန်ပြင်နေဆဲ ကျိုးရိဖန်၏ ရှင်းလင်းချက်ကို ကြားလိုက်ရသည်။
ထိုစဉ် ကျောက်ယမုန့်မှာ ရုတ်တရက် ထရပ်လိုက်ပြီး မျက်မှောင်ကြုတ်နေသည်မှာ ပို၍ ရှုံ့မဲ့လာသည်။ သူမက သင်္ဘောပျံပေါ်တွင် ရပ်နေရင်း ခေါင်းငုံ့ကာ အဝေးဆီမှ ကူးလောင်ချိုင့်ဝှမ်းဆီ ငေးကြည့်လိုက်သည်။ သူမက တိတ်ဆိတ် ညင်သာစွာ ပြောလိုက်သည်။
“ ဒီချိုင့်ဝှမ်းက နည်းနည်း တိတ်ဆိတ်လွန်းနေတယ်လို့ မထင်ဘူးလား။ ငါတို့ ဒီနားနီးလာကတည်းက ထွက်လာတဲ့အချိန်ထိ သားရဲတစ်ကောင်မှ မတွေ့ရဘူး။ ငှက်တစ်ကောင်တစ်လေတောင် မတွေ့ရဘူးနော် ”
ဝမ်ပေါင်လဲ့မျက်လုံးထဲ၌ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး သင်္ဘောပျံအား လေထဲတွင် ရုတ်တရက် ရပ်တန့်လိုက်သည်။ ကျိုးရိဖန်မှာ ခေတ္တမျှ ကြက်သေသေသွားပြီး သူ့မျက်နှာပေါ်တွင် လေးနက်သည့် အမူအရာများ အစားထိုးသွားသည်။ သူတို့နှစ်ယောက်မှာ ခပ်ဝေးဝေးမှ ချိုင့်ဝှမ်းကို လှမ်းကြည့်လိုက်သည်။ သို့ရာတွင် ဝေးလွန်းနေပြီး မျက်လုံးထဲ မြင်သာသည့် အရာမျိုး မရှိပေ။
“ ရိဖန်၊ မင်းရဲ့ ညီလေးနှစ်ယောက်ကို အသံလွှင့်ချက် ပို့ပြီး အန္တရာယ်ကင်းလား စစ်ဆေးလိုက်ဦး ”
ဝမ်ပေါင်လဲ့က ချက်ချင်းပြောလိုက်သည်။
ကျိုးရိဖန်က ဝမ်ပေါင်လဲ့ စကားပြောလိုက်သည်နှင့်တပြိုင်နက် သူ့အသံလွှင့်လက်စွပ်ကို ဆွဲထုတ်လိုက်သည်။ သူက သိုင်းပညာအဆောင် ဂိုဏ်းသားနှစ်ယောက်အား အမြန်ဆက်သွယ်လိုက်ပြီး ဗီဒီယိုခေါ်ဆိုခြင်းပါ ဖွင့်လိုက်သည်။ သူသည် ဂိုဏ်းသားနှစ်ယောက်နှင့် ရှာတွေ့ထားသည့် ကျောင်းသားကိုပါ မြင်နေရပြီး သူတို့ သုံးယောက်လုံးမှာ အကောင်းအတိုင်း ဖြစ်သည်။ အသံလွှင့်ချက် ပြီးဆုံးသွားလေပြီ။ သို့သော် တခဏမျှ ကြာသွားပြီးနောက် ကျိုးရိဖန်၏မျက်နှာမှာ အလွန်အမင်း လေးနက်သွားသည်။ ကျိုးရိဖန်က ကျောက်ယမုန့်နှင့် ဝမ်ပေါင်လဲ့တို့ကို စိုက်ကြည့်လိုက်သည်။
“ သူတို့က ပုံမှန်အတိုင်းပဲ ပြီးတော့၊ အဆင့်နိမ့်ကျောင်းကျွန်းက ကျောင်းသားတစ်ယောက်ကို ကြားဖြတ်ခေါ်ထားကြတယ်။ သူတို့အားလုံးက အန္တရာယ်ကင်းတဲ့ နေရာကို ရွှေ့ပြီး မနက်ဖြန် ပြန်လာကြမှာ။ သူတို့ လေသံနဲ့က ဘာမှထူးဆန်းတာ မရှိဘူး။ ဒါပေမဲ့ ငါတို့ သိုင်းပညာအဆောင်တွေ တာဝန်ထမ်းဆောင်ရင် သုံးရတဲ့ လျှို့ဝှက်စကားလုံးကို မသုံးကြဘူး။ ဒီလို အမှားမျိုးက လက်ခံသင့်တာမျိုး မဟုတ်ဘဲ အကြီးကြီး လွဲနေပြီလို့ သိုင်းပညာအဆောင်က သတ်မှတ်ထားတယ် ”
ကျိုးရိဖန်၏ စကားကို ကြားပြီးနောက် ဝမ်ပေါင်လဲ့နှင့် ကျောက်ယမုန့်တို့၏ မျက်နှာ အမူအရာမှာ ပြောင်းလဲသွားကြသည်။
“ တစ်ခုခုတော့ မှားနေပြီ ”
ကျိုးရိဖန်က အသက်ကို ဝဝ ရှိုက်လိုက်သည်။ သူက ကူးလောင်ချိုင့်ဝှမ်းဆီသို့ ရက်စက်ကြမ်းကြုတ်ခြင်းများ လွှမ်းနေသည့် မျက်လုံးမျိုးဖြင့် ငေးကြည့်လိုက်သည်။