Switch Mode

အခန်း ( ၁၉၈ )

ရှက်ကြောပြတ်နေတာလား

ပေါင်လဲ့အမြောက်အား စစ်တပ်မှ စမ်းသပ်ခြင်းသည် ချက်ချင်းလက်ငင်း မပြီးဆုံးသွားပေ။ ပြီးပြည့်စုံသော စမ်းသပ်ချက်တစ်ခုကို ဆောင်ရွက်နေကြစဉ် အချိန်က တရွေ့‌ရွေ့ကုန်ဆုံးသွားသည်။

သတင်းဌာနကြီးများက ဓါးနေမင်းစစ်ဆင်ရေးအကြောင်း ထုတ်လွှင့်နေသောကြောင့် မကြာမီ ပြည်ထောင်စုထဲ၌ လူပြောများသည့် သတင်းတစ်ပုဒ် ဖြစ်လာသည်။ ရုတ်ရုတ်သဲသဲ ဆွေးနွေးငြင်းခုန်မှုများ ဖြစ်ပေါ်စေပြီး အာရုံအစိုက်ခံရဆုံး အကြောင်းအရာတစ်ခု ဖြစ်လာသည်။ ထိုအချိန်အတွင်း ကောင်းကင်တာအိုကျောင်းမှလည်း အဆင့်မြင့်ကျွန်းဂိုဏ်းသားအားလုံးအတွက် ပြည်‌ထောင်စု လက်ရွေးစင်လူသစ် အယောက်တစ်ရာ ရွေးချယ်မည့်အကြောင်းကို တရားဝင် ထုတ်ပြန်လိုက်သည်။

ဓါးနေမင်းစစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသအနေဖြင့် ပြည်ထောင်စု လက်ရွေးစင်တစ်ရာကို မြို့စားအားလုံးနှင့် ပြည်ထောင်စုထဲမှ နိုင်ငံရေးအဖွဲ့အစည်း အားလုံးက အဆိုပြု တင်သွင်းရမည် ဖြစ်သည်။ ထိုသို့ အဆိုပြုတင်သွင်းထားသူများက ပြည်ထောင်စုသို့ သတင်းပို့ပြီး ပဏာမ ရွေးချယ်ခြင်းအဆင့်ကို ကျော်ဖြတ်ရမည် ဖြစ်သည်။

ပထမအဆင့် ရွေးချယ်မှု အောင်မြင်သွားသူများမှာ ပြည်ထောင်စု မြို့တော်သို့ လာရောက်ပြီး ဒုတိယအဆင့် ရွေးချယ်ခံရမည် ဖြစ်သည်။ နောက်ဆုံးအယောက်တစ်ရာအား အဆင့် ခွဲခြား သတ်မှတ်ခြင်း မရှိဘဲ ပြည်ထောင်စု၏ လက်ရွေးစင်လူသစ်များ ဖြစ်လာကြမည် ဖြစ်သည်။ သူတို့သည် အချို့သော အခွင့်ထူးများ ခံစားရမည့်အပြင် တချိန်တည်းမှာပင် အထူးလေ့ကျင့် သင်ကြားခံကြရမည် ဖြစ်သည်။

ကောင်းကင်တာအိုကျောင်းမှ လူသုံးရာ အဆိုပြုတင်သွင်းထားသော်လည်း အဆင့်ဆင့် ထုတ်ပယ်ခြင်းများ အပြီး၌ နောက်ဆုံးအယောက်တစ်ရာထဲတွင် မည်မျှ ကျန်နေမည်ကို မည်သူမျှ မသိချေ။

ထိုအဆိုပြုထားသည့် လူသုံးရာမှာ အဆောင်အသီးသီးမှ ဖြစ်ကာ သက်ဆိုင်ရာ အဆောင်များက သူတို့ထောက်ခံသူများကို ကျောင်းသို့ စဉ်းစားရွေးချယ်နိုင်ရန် တင်ပြရမည် ဖြစ်သည်။ ဓမ္မလက်နက်အဆောင်မှ တင်သွင်းလာသည့် ဆယ်ယောက်ကျော် နာမည်များထဲ၌ ဝမ်ပေါင်လဲ့၏ အမည်မှာ ထင်ရှားသိသာနေသည်။

ဓမ္မလက်နက်အဆောင်မှူးနှင့် ဝမ်ပေါင်လဲ့ကြားမှ အဆင်မပြေမှုများ ရှိနေပြီး မဟာအကြီးအကဲ ရာထူးမှာ လစ်လပ်နေကာ ဆက်ခံသူ မရှိသေးဘဲ ရာထူးကို အကြိတ်အနယ် လုနေကြသည့်တိုင် ရှေ့တွင် ဖြစ်ပျက်ခဲ့သည်များကြောင့် အဆောင်မှူးမှာ ဝမ်ပေါင်လဲ့အား ချိုးနှိမ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ မလုပ်နိုင်တော့ပေ။

အမှန်တွင် ဝမ်ပေါင်လဲ့မှာ ခြိမ်းခြောက်၍ ရသည့် လူစားမျိုး မဟုတ်ပေ။

သတ္တမမြောက်ခံတပ်၌ ရှိစဉ်က စွမ်းဆောင်မှုကြောင့်ဖြစ်စေ၊ ဝိညာဉ်အမြစ်ရွာမှ အောင်မြင်မှုများကြောင့် ဖြစ်စေ ဝမ်ပေါင်လဲ့၏ အမည်မှာ လူသိများနေပြီးသား ဖြစ်သည်။ တာအိုကျောင်းလေးကျောင်း၌သာမက စစ်တပ်ထဲမှာပင် သူ့ကို သိသူ အများအပြား ရှိသည်။ တရားဝင် ရာထူးတစ်ခု မရှိသေးသော်လည်း ကျော်ကြားမှု သာလွန်နေသည့် ဂိုဏ်းသားတစ်ယောက်အတွက် တည်ရှိနေသည့် အဖြစ်ကပင် သက်ဆိုင်ရာ နိုင်ငံရေးအင်အားစု၏ ဂုဏ်ယူစရာ ဖြစ်နေလေပြီ။

ထို့ပြင် ဝမ်ပေါင်လဲ့၏ ဓမ္မလက်နက်စွမ်းရည်များမှာလည်း အံ့ဩစရာ ကောင်းလှသည်။ သူ့အောင်မြင်မှုများမှာ သာမန် ဓမ္မစစ်သည်တစ်ယောက်ထက် ကျော်လွန်နေသည်။ သူကိုယ်တိုင် ဖန်တီးထားသည့် ဓမ္မစစ်သည်များအား တုန်လှုပ်သွားစေခဲ့သော နတ်ဘုရားရတနာမှစ၍ အကြီးအကဲဆင့်ခေါ် ဗုံကြီးရှေ့မှ သူ၏ လုပ်ဆောင်များအပါအဝင် နောက်ဆုံး၊ ဂိုဏ်း‌စောင့်အကြီးအကဲ၏ အကဲဖြတ်ချက်ဖြစ်သော ‘ တော်တယ် ’ ဆိုသည်အထိ သူများထက် မသာသည့် နေရာမရှိခဲ့ပေ။

အကင်းမပါးသူများက ထိုစကားလုံးနှစ်လုံးကို ကြားပြီးနောက် ၎င်းတို့မှာ ဂိုဏ်းစောင့်အကြီးအကဲက ဝမ်‌ပေါင်လဲ့၏ နတ်ဘုရားရတနာအား အကဲဖြတ်၊ ချီးကျုးခြင်း ဖြစ်သည်ဟု ထင်နိုင်စရာ ရှိသည်။ သို့သော် အလွန် လျင်ကာ ပါးနပ်သူများမှာမူ ထို “ တော်တယ် ” ဟူသည့် စကားလုံးမှာ နတ်ဘုရား ရတနာကိုသာ ရည်ညွှန်းခြင်းမဟုတ်ဘဲ ဝမ်ပေါင်လဲ့ကိုယ်တိုင်အား ချီးကျူးခြင်းဖြစ်ကြောင်း သိကြသည်။

“ တော်တယ် ”

ထိုအခြေအနေများတွင် ဝမ်ပေါင်လဲ့အမည်မှာ အဆင့်စာရင်း ထိပ်ဆုံး၌ ရောက်နေခြင်းသည် အံ့ဩဖွယ်အဖြစ်အပျက်တစ်ခု မဟုတ်တော့ပေ။

တစ်ပတ်ကြာပြီးနောက် အဆောင်အသီးသီးမှ အဆိုပြုတင်သွင်းချက်များကို အဆုံးသတ်လိုက်ကြသည်။ စာရင်းထွက်လာသောအခါ အဆင့်မြင့်ကျွန်း၌ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ အဆိုတင်သွင်းခံရသူ အယောက်သုံးရာမှာ ရုတ်တရက် အဆင့်မြင့်ကျွန်းတစ်ခုလုံးမှ သိန်းချီသော လူများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။

“ ငါ ကျိုးရိဖန်ကိုလည်း စာရင်းထဲမှာ တွေ့လိုက်တယ်။ သူက သိုင်းပညာအဆောင်ရဲ့ အဆိုတင်သွင်းသူထဲက တစ်ယောက် ဖြစ်မယ်လို့ ငါထင်ခဲ့တာ။ ဘာပဲ ပြောပြော သူက သိုင်းပညာအဆောင်ပြိုင်ပွဲတုန်းက အာနာပါနအဆင့်မှာ အဆင့်တစ်ရခဲ့တဲ့သူလေ”

“ ရင်းနှီးပြီးသား နာမည်တွေ စာရင်းထဲမှာ အများကြီးပဲ။ မန္တန်အစီအရင်အဆောင်က ကျောက်ယမုန့်တောင် ပါသေးတယ်။ သူကလည်း ဝမ်ပေါင်လဲ့နဲ့ တစ်သုတ်တည်းလေ။ သူက မန္တန်အစီအရင်အဆောင်မှာ သိုသိုသိပ်သိပ်ပဲ နေတယ်လို့ ကြားတယ်။ ဒါပေမဲ့လည်း မန္တန်အစီအရင် အဆောင်မှူးက သူ့ကို တော်တော်လေး အရေးပေးနေတုန်းပဲ”

ဂိုဏ်းသားများမှာ အသည်းအသန် ဝေဖန်ဆွေးနွေးနေကြစဉ် ကောင်းကင်တာအိုကျောင်းမှ ပြည်ထောင်စု လက်ရွေးစင်တစ်ရာနှင့် ပတ်သက်သည့် နောက်ထပ် သတိပေးစာ‌တစ်စောင်ကို ထုတ်ပြန်လိုက်သည်။ ထိုစာထဲ၌ ကျောင်းမှ အဆိုပြုထားသည့် လူသုံးရာကို အဓိကထား ပြောကြားထားသည်။

ရွေးချယ်ခံထားရသူများမှာ အံ့အားသင့်သွားကြပြီး ပျော်ရွှင်မြူးတူးသွားကြသည်။

အထူးသဖြင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပေါက်ထွက်တော့မတတ် ပြူးထွက်လာသည်။ ကျောင်းမှ ထုတ်ပြန်ချက်အရ ပြည်ထောင်စု လက်ရွေးစင်တစ်ရာထဲ ပါဝင်နိုင်သူများအားလုံးကို ကျောင်းမှ ဆုလာဒ်များ ပေးအပ်မည့်အပြင် ကန့်သတ်ချက်မရှိ ရာထူးတိုး ခန့်အပ်မည် ဖြစ်သည်။

ဥပမာ ဝမ်‌ပေါင်လဲ့သည် လတ်တလော ကျောင်းစီမံရေး ဌာနမှူးဖြစ်သည်။ သူသာ ပြည်ထောင်စု လက်ရွေးစင်ထဲ အောင်မြင်စွာ ပါဝင်သွားခဲ့လျှင် သူ့ကို ဓမ္မလက်နက်အ‌ဆောင်၏ လက်ထောက်အဆောင်မှူးအဖြစ် တိုက်ရိုက် ရာထူးတိုးပေးမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်လှုပ်ရှားခြင်းအား မထိန်းချုပ်နိုင်တော့ပေ။ သူသည် ကျောင်းစီမံရေးဌာနမှူး ဖြစ်ပြီးနောက် ရာထူး၊ တစ်ဆင့်နှင့်တစ်ဆင့် အကြီးအကျယ် ကွာခြားချက်များကို ခံစားမိနေသည်။ သူသာ လက်ထောက်အဆောင်မှူး အဖြစ် ရာထူးတိုးသွားပါက….

ထိုသို့ဆိုလျှင် အတိုင်းအတာ တစ်ခုအထိ အရေးကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေမည်။

ထိုသို့ ဆွဲဆောင်မှုမျိုးကြောင့် ဝမ်ပေါင်လဲ့အပါအဝင် ရွေးချယ်ခံ အယောက်သုံးရာတို့မှာ အရူးအမူးဖြစ်ကာ ပြည်ထောင်စု လက်ရွေးစင် ဖြစ်လိုသည့် စိတ်အားထက်သန်မှုများ ပိုမို ပြင်းပြလာသည်။ သူတို့သည် လဝက်အတွင်း ပြည်ထောင်စု မြို့တော်သို့ သွားရောက်ကြမည် ဖြစ်ပြီး သတ်မှတ်ထားသည့် ရက်တွင် သတင်းပို့ကာ ဒုတိယအကြိမ် ရွေးချယ်ခံကြရမည် ဖြစ်သည်။ အာနာပါနအဆင့် ကျင့်ကြံသူများအကြားတွင် ထိုလူသုံးရာမှာ ထိပ်ခေါင့်တကာ ထိပ်ခေါင်များ ဖြစ်ကြပြီး သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ လေးစားဖွယ် ဖြစ်ကာ ကိုယ်ပိုင် သင်္ဘောပျံများ ရှိကြသည်။

သို့ဖြစ်ရာ သူတို့သည် အတူတကွ မသွားကြဘဲ မိမိ ကြိုက်သည့်အချိန်တွင် သီးသန့်သွားကြမည် ဖြစ်သည်။ အများစုက သင်္ဘောပျံများဖြင့် ထွက်ခွာသွားကြပြီး ပြည်ထောင်စု မြို့တော်သို့ နောက်တစ်နေ့၌ ဆိုက်ရောက်ကြသည်။

ဝမ်ပေါင်လဲ့မှာလည်း ပြင်ဆင်ပြီး ဖြစ်သည်။ သူက ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ကို ဆက်သွယ်ကာ အတူသွားရန် ပြောလိုက်သည်။ သူတို့သည် ဝိညာဉ်အမြစ်ရွာ၌ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွားကြသော်လည်း အဆင့်မြင့်ကျွန်း ရောက်လာပြီး၌ သိပ်မတွေ့ဖြစ်ဘဲ အသံလွှင့်ပြောကြားချက်ဖြင့်သာ ပုံမှန် ဆက်သွယ်ကြသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့ အကြံပေးချက်ကို ကျိုးရိဖန်က ချက်ချင်း လက်ခံလိုက်ခြင်း ဖြစ်သည်။ တစ်ဖက်တွင် ကျောက်ယမုန့်မှာ ပို၍ တည်ငြိမ်ကာ ဣန္ဒြေကြီးသည်။ သူမသည် တိတ်ဆိတ် ငြိမ်သက်ခြင်းကိုသာ ပိုမို နှစ်ခြိုက်ပြီး တစ်ယောက်တည်း သွားရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် ဝမ်ပေါင်လဲ့၏ အသံလွှင့် ပြောကြားချက်ကို လက်ခံရရှိပြီးနောက် သူမက ဝိညာဉ်အမြစ်ရွာထဲမှ အဖြစ်အပျက်များအား ပြန်ပြောင်းစဉ်းစားမိပြီး နောက်ဆုံးတွင် အတူသွားရန် သဘောတူလိုက်သည်။

သူတို့သုံးယောက်မှာ နောက်နှစ်ရက်အကြာတွင် ထွက်ခွာရန် သတ်မှတ်ထားကြပြီး ခရီးအတွက် စတင်ပြင်ဆင်ကြတော့သည်။ သူတို့သည် မြို့တော်သို့ ရောက်ပြီးနောက် ဒုတိယအချီ ရွေးချယ်ခြင်းကို ကျော်ဖြတ်ရမည် ဖြစ်သည်။ ထိုအဆင့်အပြီး ပါဝင်ယှဉ်ပြိုင်သူ ထောင်ချီ အဖြုတ်ခံရပြီးနောက် ကျန်နေမှသာ ပြည်ထောင်စု လက်ရွေးစင်ထဲမှ တစ်ယောက် ဖြစ်လာနိုင်ပေမည်။

ဝမ်ပေါင်လဲ့မှာ ရိုးရိုးရှင်းရှင်း ပြင်ဆင်မှုများ အပြီး သပ်သပ်ရပ်ရပ် ဖြစ်အောင် ရှင်းလင်းလိုက်သည်။ သူတို့မထွက်ခွာမီည၌ မြို့တော်မှာ ကျင်းပမည့် ဒုတိယအချီ စစ်ဆေးပွဲတွင် အခက်အခဲမရှိစေရန် နတ်ဘုရား ရတနာများအား စစ်ဆေးနေစဉ် သတ္တမမြောက် အဓိကခံတပ်ရှိ ဗိုလ်ချုပ်ကြီးကျိုးထံမှ အသံလွှင့်ချက်တစ်ခု လက်ခံရရှိသည်။

ဗိုလ်ချုပ်ကြီးကျိုး၏ အသံမှာ စိတ်လှုပ်ရှားမှုနှင့် ဖော်ရွေရင်းနှီးမှုများ ပျော်ဝင်နေသည်။ သူတို့သည် ပေါင်လဲ့အမြောက်အား အသေးစိတ် အဘက်ဘက်မှ စမ်းသပ်မှုများ ဆောင်ရွက်ပြီးနောက် ထိုအမြောက်ပေါ် ထားရှိသည့် သူ့အမြင်မှာ ခန့်မှန်းမရနိုင်သည့် အတိုင်းအတာတစ်ခုအထိ တရှိန်ထိုး မြင့်တက်သွားခဲ့သည်။

ထို့ကြောင့်ပင် သူက အသံလွှင့်ပြောကြားစဉ်၌ စကားလုံးများကို ဝေ့ဝိုက်မနေဘဲ သူ့တောင်းဆိုချက်အား တိုက်ရိုက် ပြောလိုက်သည်။

“ ဝမ်ပေါင်လဲ့၊ ငါတို့ မင်းဖန်တီးထားတဲ့ ပေါင်လဲ့အမြောက်ကို တော်တော် သဘောကျတယ်။ ငါတို့ အနည်းဆုံး အခုရေ တစ်သန်းလောက် လိုချင်တယ်။ အဲ့လောက်အများကြီး ဖန်တီးသန့်စင်ဖို့က မင်းအတွက် မဖြစ်နိုင်သလောက်ပဲ။ အဲဒီတော့ အသေးစိတ်ပုံစံ၊ ဖန်တီးပုံကို ငါတို့ကို ရောင်းဖို့ သဘောတူမလား”

“ ဈေးနှုန်းအနေနဲ့ကတော့ အကြောင်းကြောင်းကြောင့်၊ တစ်ခါတည်း ပေးဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါတို့ အရစ်ကျ ပေးနိုင်တယ်။ မင်း နှစ်တိုင်းနှစ်တိုင်း ပေးငွေ ရစေရမယ်လို့ ငါ အာမခံတယ်။ နောက်ပြီး ဆယ်နှစ်အတွင်း မင်း တန်ဖိုးငွေ အပြည့်ရစေရမယ် ”

“ နောက်ပြီး ဓါးနေမင်း စစ်‌ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပြည်ထောင်စု လက်ရွေးစင် အစီအစဉ်အတွက်လည်း…. ငါတို့ မင်း အောင်မြင်စေရမယ်လို့ အာမခံတယ်။ မင်း မြို့တော်ရောက်ရင် နည်းနည်း အလိုက်သင့်သာ နေလိုက်၊ ငါတို့ မင်းအတွက် နောက်ဆုံး တစ်ရာထဲမှာ တစ်နေရာစာ နေရာဦးပေးထားတယ်”

ဗိုလ်ချုပ်ကြီးမှာ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် မဟုတ်ပေ။ သူသည် ကိစ္စတစ်ခုကို လှည့်ကွက်များ သုံးရန် စိတ်မရှည်ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့်ပင် သူက စစ်တပ်မှ ပေးလိုသည့် ဈေးနှုန်းအား ဝမ်ပေါင်လဲ့ကို မခြွင်းမချန် ပြောပြီး ဆုံးဖြတ်ခိုင်းခြင်း ဖြစ်သည်။

သူသည် အမြောက်ကို တန်ဖိုးထားသော်လည်း ဝမ်ပေါင်လဲ့ကို ပိုမို တန်ဖိုးထားသည်။

ဝမ်ပေါင်လဲ့မှာ ဗိုလ်ချုပ်ကြီး ပြောကြားသည့် စကားကို ကြားသောအခါ အသက်ရှူရန် ခေတ္တမေ့လျော့သွားပြီး မျက်လုံးပြူးသွားသည်။ ဗိုလ်ချုပ်ကြီးမှာ ပေးလိုသည့် အရာများကို တစ်ခါတည်း အရှည်ကြီး ပြောသွားရာ တခဏမျှ မင်သက်မိသည်။ သို့သော် ရုတ်တရက် သူ၏ ပေါင်လဲ့အမြောက်မှာ တချို့သော နေရာများတွင် သူမျှော်လင့်ထားသည်ထက်ပင် ပိုမို သာလွန်နိုင်ကြောင်း သဘောပေါက်သွားသည်။

သူသည် အလွန် စိတ်လှုပ်ရှားသွားသည်။ အခြားသူဆိုပါက သူက ဈေးကို ညှိနှိုင်းကာ သူ့အတွက် ပို‌တောင်းမည် ဖြစ်သည်။ သို့သော် သတ္တမမြောက် အဓိက ခံတပ်နှင့် စကားကို ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သည့် ဗိုလ်ချုပ်ကြီးကျိုးကို ရင်ဆိုင်ရသောအခါ ထိုသို့ ဈေးမဆစ်ရန် ဆုံးဖြတ်လိုက်သည်။ သူက တွေဝေနေခြင်း မရှိ ပြန်ဖြေလိုက်သည်။
“ ကျွန်တော် ငြင်းစရာ မရှိပါဘူး။ ဗိုလ်ချုပ်ကြီး အဆင်ပြေသလို ဈေးပြောလို့ရပါတယ်။ တကယ်ဆို ကျင့်ကြံခြင်းနဲ့ နတ်ဘုရား ရတနာတွေ ဖန်တီးရတာ အကုန်အကျ မများဘူးဆိုရင် အလကားပေးဖို့တောင် ကျွန်တော်က ဝန်မ‌လေးပါဘူး”

ဝမ်ပေါင်လဲ့၏ အဖြေစကားကို ကြားပြီးနောက် ဗိုလ်ချုပ်ကြီးကျိုးက တဟားဟား ရယ်လိုက်သည်။ သူ၏ရယ်သံထဲတွင် လေးစားသဘောကျသည့် အရိပ်အယောင်များ ရောယှက်နေပြီး ဗိုလ်ချုပ်ကြီးမှာ ဝမ်ပေါင်လဲ့ အဖြေကို သဘောကျကြောင်း သိသာသည်။ သူက ဝမ်ပေါင်လဲ့နှင့် အသေးစိတ် အချက်အလက်များ ဆွေးနွေးပြီးနောက် အသံလွှင့်ချက်ကို အဆုံးသတ်လိုက်သည်။

ဝမ်‌ပေါင်လဲ့မှာ အသံလွှင့်လက်စွပ်အား နေရာတကျ ပြန်ချထားလိုက်ရင်း မြူးကြွပျော်ရွှင်စိတ်များ ထိန်းမရတော့ပေ။ သူ့မျက်လုံးများက တောက်ပနေသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် လက်များကို ဝှေ့ရမ်းလိုက်ပြီး မတ်တတ်ထရပ်ကာ အခန်းထဲ၌ လှည့်ပတ် ခုန်နေသည်။ ဝိညာဉ်ရေခဲရေ ပုလင်းကြီးအား ထုတ်လိုက်ပြီးနောက် တချိုးတည်း မော့ချလိုက်သည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် ထကချင်နေသည်။

“ ဦးထားတဲ့ လက်ရွေးစင်နေရာတစ်နေရာ၊ ဟားဟား၊ အဆောင်မှူး ရာထူးက ငါ့အတွက်ပဲ ”
နေရာတစ်နေရာ အာမခံချက်ရှိနေသည့် ခံစားချက်မှာ သူ့တစ်ကိုယ်လုံး ပေါ့ပါးသွားစေသည်။ သူ၏ စိတ်လှုပ်ရှားမှုမှာ နံနက် အရုဏ်တက်ချိန်အထိ ရှိနေပြီး ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ကို တွေ့ရမည့် အချိန်ထိပင် မပျောက်သွားသေးပေ။

ဝမ်ပေါင်လဲ့သည် စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် သတ်မှတ်ထားသည့် စုရပ်သို့ ထွက်ခွာလာခဲ့သည်။ မကြာမီ ချောမောသည့် အသွင်ဖြင့် တည်ကြည်ကာ ဝတ်ရုံများ ဝတ်ဆင်ထားသော ကျိုးရိဖန်နှင့် သူမတူအောင် လှပသည့် ကျက်သရေ၊ ဣန္ဒြေအပြည့်ဖြင့် ကျောက်ယမုန့်မှာ ရှည်လျားပျော့နွဲ့သည့် ဆံကေသာများ လေညင်းကြောင့် တဖျပ်ဖျပ် လှုပ်ကာ နတ်သမီးအလား ဖျော့တော့သည့် အပြုံးမျိုးဖြင့် ပေါ်လာသည်။

ကျိုးရိဖန်မှာ တစ်ယောက်တည်း မဟုတ်ပေ။ သူ့နောက်မှ လိုက်လာသူများမှာ သိုင်းပညာအဆောင်မှ ဂိုဏ်းသားနှစ်ယောက် ဖြစ်သည်။ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ ရှိနေခြင်းကြောင့် ထိုနှစ်ယောက် ရှိနေခြင်းမှာ အရေးမပါသည့်အလား မထင်မရှား ဖြစ်နေသည်။

ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ ရောက်ရှိလာခြင်းက နတ်ဖက်သည့် စုံတွဲဝင်ရောက်လာသည့်အလား ထင်ရသည်။ သူတို့မှာ တစ်ကမ္ဘာလုံး ချောမောခြင်းများကို နမူနာယူထားသည့်အလား ပတ်ဝန်းကျင်မှ ဂိုဏ်းသားများက အားကျသည့် အကြည့်များဖြင့် ကြည့်နေကြသည်။ လူအုပ်ထဲမှ မိန်းကလေးများက ကျိုးရိဖန်ကို လေးစားချစ်ခင်သည့် မျက်လုံးများဖြင့် ကြည့်နေကြပြီး ယောက်ျားလေးအများစုကမူ ကျောက်ယမုန့်ကို စိုက်ကြည့်နေကြသည်။ ကျောက်ယမုန့်ရှိနေလျှင် သူတို့မှာ သူမကို ကာကွယ်စောင့်ရှောက်လိုစိတ်များ ထိန်းမရပေ။ သူမကို အနည်းငယ်လေးမျှ နာမည်ဖျက်၊ စနောက်လိုခြင်းများ မရှိပေ။

ဝမ်ပေါင်လဲ့မှာမူ မည်သို့မျှ မခံစားရပေ။ သူတို့နှစ်ယောက်ကို တွေ့သောအခါ အော်ဟစ်ရယ်မောလိုက်ပြီး သူတို့ရှိရာ လျှောက်သွားလိုက်သည်။ ကျိုးရိဖန်ကို မတုံ့မဆိုင်း ဆွဲဖက်လိုက်သည်။ ထို့နောက် ဝမ်ပေါင်လဲ့က ကျောက်ယမုန့်ကို ဆွဲဖက်လိုက်ရာ ယောက်ျားလေး ဂိုဏ်းသား အများအပြား ကြည့်နေရင်း ဒေါသတထောင်းထောင်း ထွက်လာကြသည်။

ကျိုးရိဖန်က ချောင်းဟန့်လိုက်သည်။ သူသည် ဝမ်ပေါင်လဲ့နှင့် တွေ့တိုင်း စိတ်ကုန်ကာ မည်သို့မျှ မတတ်နိုင်သည့် ခံစားချက်မျိုး ရနေသည်။ သို့သော် ဝိညာဉ်အမြစ်ရွာမှ ထွက်လာပြီးနောက် ဝမ်ပေါင်လဲ့ကို ကျေးဇူးတင်မိပြီး ချင်ခင်စိတ် ဖြစ်လာခဲ့သည်။

ကျောက်ယမုန့်မှာမူ မျက်နှာအမူအရာ ပြောင်းမသွားပေ။ သူမသည် မျက်နှာပေါ်တွင် နူးညံ့၍ကျက်သရေရှိသည့် အပြုံးတစ်ခုကို ဆင်မြန်းထားကာ သူမ၏အကြည့်မှာ တည်ငြိမ်နေသည်။

“ ငါ မင်းတို့ကို တွေ့ရတာ စိတ်ချမ်းသာသွားပြီကွ။ ငါတို့ သုံးယောက် အတူတူဆိုရင် ပြီးပြည့်စုံတဲ့ အဖွဲ့လေး ဖြစ်သွားမှာ။ ရုပ်ရည်အရကြည့်မယ်ဆိုရင်လဲ ငါတို့က တစ်ဖွဲ့တည်းပဲလေ၊၊ ငါ မင်းတို့ကို တွေ့တိုင်း ကိုယ့်ဟာကိုယ် မှန်ထဲ ပြန်ကြည့်နေရသလို ခံစားရတာ”
ဝမ်ပေါင်လဲ့မှာ သူ့ဗိုက်ကို ရိုက်လိုက်ပြီး စိတ်ကျေနပ်နေသည့် လေသံဖြင့် ပြောလိုက်သည်။

ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့မှာ မည်သို့မျှ မနေသော်လည်း ကြည့်နေကြသည့် လူအုပ်ထဲမှ လူတိုင်း ကသိကအောက် ဖြစ်သွားကြသည်။ သူတို့မှာ တူညီသော မေးခွန်းတစ်ခုကို စိတ်ထဲမှ တိတ်တခိုး မေးခွန်းထုတ်နေကြသည်။
ဒီကောင် ရှက်ကြောပြတ်နေတာလား …

Comment

Leave a Reply

Options

not work with dark mode
Reset