Switch Mode

အခန်း ( ၁၉၇ )

မင်း အဲဒီလောက် သိနေရင် စမ်းကြည့်လိုက်

ထိုကိစ္စထဲတွင် ပြည်ထောင်စုကြီးတစ်ခုလုံးနှင့် ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နေ၏။ ကောင်းကင်တာအိုကျောင်းမှာ အဓိကတာအိုကျောင်းကြီး လေးကျောင်းထဲမှ တစ်ကျောင်းဖြစ်သောကြောင့် ကျောင်းမှ ဘွဲ့ရသွားပြီး ပြည်ထောင်စုကြီးထဲတွင် ရာထူးအမျိုးမျိုး ပိုင်ဆိုင်ထားကြသည့် ကျောင်းသားများစွာကို ပိုင်ဆိုင်ထားသည်။ ထိုကျောင်းသားတစ်ဦးချင်းစီ၏ နောက်ခံအင်အားများမှာ တူညီမှုမရှိသလို သူတို့နှင့် ပြည်ထောင်စုကြီး၏ ကြားတွင်ရှိသော ဆက်ဆံရေးများမှာလည်း ရှုပ်ထွေးကာ နက်နဲလွန်းနေ၏။

ထို့ကြောင့် ထို ဓားနေမင်းစစ်ဆင်ရေးကို အကန့်အကွက်မရှိ ထောက်ခံကာ အများပြည်သူသိအောင် မကြေညာရသေးခင်မှာပင် ထိုသတင်းများမှာ အဆင့်မြင့်ကျွန်း‌ဆီသို့ ချက်ချင်းရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ကျောင်း၏ ဝိညာဉ်ကွန်ရက်ပေါ်တွင် ဆွေးနွေးငြင်းခုံနေကြသည့် စကားသံများနှင့် စိတ်လှုပ်တရှား ဖြစ်နေကြသော စကားဝိုင်းများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

” မင်း ဓားနေမင်းစစ်ဆင်ရေးအကြောင်းကို ကြားပြီးပြီလား။ ရှေးဟောင်း ကြေးညိုရောင်ဓားကြီးပေါ်ကို ဆင်းသက်ရမဲ့ စစ်‌ဆင်ရေးလေ။ အဲ့ဓားကြီးပေါ်မှာ နတ်ဘုရားလက်နက်တွေ ရှိနေလောက်တယ် ”

” ငါကတော့ ရှေးဟောင်း ကြေးညိုရောင်ဓားကြီးရဲ့ အားကောင်းတဲ့ ဝိညာဉ်ချီတွေနဲ့ အဲ့ပေါ်မှာ ရှိနေမယ့် မရေမတွက်နိုင်လောက်အောင်များပြားတဲ့ ရှားပါးပစ္စည်းတွေနဲ့ ရတနာတွေထက်စာရင် ရှေးဟောင်း ဓားသိုင်းပညာရပ်ကို ကျင့်ကြံတဲ့ အမျိုးသမီးတွေ သက်ရှိထင်ရှား ရှိနေနိုင်မလားဆိုတဲ့အချက်ကို ပိုစိတ်ဝင်စားတယ်။ သူတို့ရဲ့ဇီဝကမ္မစနစ်တွေနဲ့ တွေးခေါ်ပုံတွေက ငါတို့နဲ့များ ဆင်နေမလားမသိဘူး။ တကယ်လို့ အခွင့်အရေးသာရမယ်ဆိုရင် ပညာရေးအတွက် ကြိုးစားအားထုတ်တဲ့အနေနဲ့ သူတို့ထဲက တစ်ယောက်ယောက်နဲ့များ ချစ်ခင်စုံမက်နိုင်မလားဆိုတာကို လေ့လာချင်မိပါရဲ့ ”

” ဘာကိစ္စနဲ့ ကျောင်းသူတွေ အကြောင်းကိုပဲ ပြောနေရတာလဲဟ… ငါ့အပေါ်က စာရေးထားတဲ့ကောင်က မကောင်းကြံဖို့ ကြိုးစားနေတာပဲ။ ငါလည်း အဲဒီ လေ့လာရေးအဖွဲ့ထဲမှာ ပါချင်တယ်ဟေ့ ”

” နင်တို့တွေက တော်တော်ကိုအရှက်မရှိတာပဲဟ။ နင်တို့ယောက်ျားတွေ စိတ်ကူးယဥ်တဲ့ပုံကို ကြည့်ရင် နင်တို့တွေ ဘယ်လောက်အထိ အောက်တန်းကျသလဲဆိုတာ ပေါ်လွင်နေတာပဲ ”

ထိုကဲ့သို့ စိတ်လှုပ်တရှားနှင့် စနောက်နေကြသော စကားဝိုင်းများမှာ ဝိညာဉ်ကွန်ရက်ပေါ်တွင် တောမီးကဲ့သို့ ပျံ့နှံ့နေတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း သူတို့နည်းတူ စိတ်လှုပ်ရှားနေ၏။ သူသည် တစ်ရက်တွင် ထိုရှေးဟောင်း ကြေးညိုရောင်ဓားကြီးပေါ်သို့ ခြေချကာ သူ၏ ပြည်ထောင်စုဥက္ကဋ္ဌအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည့် အခမ်းအနားကို ထိုဓားကြီးပေါ်တွင် ကျင်းပနိုင်ရမည်ဟု စိတ်ကူးယဉ်နေမိတော့သည်။ သူ၏နောက်တွင် ရှေးဟောင်းဓားသိုင်းပညာရပ် ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားသော ကိုယ်ရံတော်တပ်ဖွဲ့တစ်ဖွဲ့ ရှိနေမည်ဖြစ်သည်။ သူသည် သူ၏အတွေးထဲတွင် ထိုပုံရိပ်များကို ပုံဖော်ရင်း မျက်လုံးများ ဝင်းလက်လာတော့သည်။

နောက်ဆုံးတွင် သူ့ကိုယ်သူ မထိမ်းနိုင်တော့သဖြင့် ဝိညာဉ်ကွန်ရက်ပေါ်၌ အမည်ဖော်ပြခြင်းမရှိဘဲ စာရေးတင်လိုက်တော့သည်။

” မင်းတို့လို ဘဝရည်မှန်းချက်မရှိဘဲ ဦးနှောက်ထဲမှာ အမျိုးသမီး ကျင့်ကြံသူတွေနဲ့ပဲ ပြည့်နေတဲ့ ကောင်‌တွေကို ငါ မလေးစားနိုင်ဘူးကွာ။ ငါတို့လို ကျင့်ကြံသူတွေက ဘာကြောင့် ဒီလိုမျိုး ပြုမူနေရမှာလဲကွ။ ငါ မင်းတို့အားလုံးကို ပြောထားမယ်။ သေချာမှတ်ထားကြ။ ဂြိုဟ်သားတွေနဲ့ အချစ်အကြောင်း စူးစမ်းလေ့လာမယ်ဆိုရင် ငါ့ကိုသာခေါ်လိုက်။ ငါက အဲ့အပိုင်းမှာ ဆရာကြီးကွ ”

သူရေးထားသောစာများကို အခြားသူများက လှောင်ပြောင်နေကြ၏။ ကျောင်းသားတိုင်းမှာ ထိုကဲ့သို့ တက်တက်ကြွကြွနှင့် စနောက်နေကြရင်း ထိုစစ်ဆင်ရေးကြီးကို စောင့်မျှော်နေကြတော့သည်။ သူတို့ပြောခဲ့သော စကားအကုန်လုံးမှာ ပြက်လုံးများသာ ဖြစ်ကြသည်။ လက်တွေ့တွင်မူ ကျောင်းသားတိုင်း၏ ထို ရှေးဟောင်း ကြေးညိုရောင်ဓားကြီးပေါ် ထားရှိသော ခံစားချက်များကို စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်ပေ။ ကမ္ဘာကြီးပေါ်ရှိ တာအိုလူ့အဖွဲ့အစည်းမှာ ထိုရှေးဟောင်းဓားကြီး ပေါ်ပေါက်လာမှုကြောင့် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ မူလဇာတ်ကြောင်းများနှင့် ပတ်သတ်၍ ထင်မြင်ယူဆချက် အမျိုးမျိုးရှိကြသလို တချိန်တည်းမှာပင် လူများမှာ ထို ရှေးဟောင်းဓားကြီးကို ချစ်ကြောက်ရိုသေကြသည်။

ဓားနေမင်းစစ်ဆင်ရေးအကြောင်း ပြောဆိုနေကြသော လူများမှာ တဖြည်းဖြည်းနှင့် ပိုများလာ၏။ ပြည်ထောင်စုကြီးထဲရှိ ရေပန်းစားသော သတင်းပြန်ကြားရေး ဌာနအချို့ဆိုလျှင် ထိုစစ်ဆင်ရေးနှင့် ပတ်သတ်သည့် အကြောင်းအရာများကို ထုတ်လွှင့်ပြသနေကြပြီဖြစ်သည်။ တစ်ရက်တွင် ဝမ်ပေါင်လဲ့မှာမူ သူ၏ မု့န်များကို တဂျွတ်ဂျွတ်မြည်အောင် ဝါးစားပြီး ဝိညာဉ်ကွန်ရက်ပေါ်ရှိ စာများကို ဖတ်ရှုရင်း သူ၏ အမည်ဖော်ပြထားခြင်း မရှိသော အကောင့်ဖြင့် စာရေးတင်ရန် ပြင်နေချိန်တွင် သတ္တမမြောက် ပထမအဆင့်ခံတပ်မှ ဗိုလ်ချုပ်ကြီးကျိုး၏ အသံလွှင့်အကြောင်းကြားစာတစ်ခုကို လက်ခံရရှိလိုက်သည်။

” ဝမ်ပေါင်လဲ့ရေ။ ငါ မင်းကိုပေးမယ်လို့ ကတိပေးထားတဲ့ သားရဲဘုရင်ကြီးရဲ့ သွားကို လူတစ်ယောက်နဲ့ ပို့ခိုင်းလိုက်ပြီ။ ဒီနေ့လောက်ဆို မင်း အဲ့သွားကို ရလောက်တယ် ”

ဗိုလ်ချုပ်ကြီးကျိုး၏ ခပ်ဩဩအသံမှာ ပုံမှန်အတိုင်း တည်ကြည်နေဆဲဖြစ်ပြီး ဝမ်ပေါင်လဲ့၏ နားထဲသို့ ရောက်သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ နိုးနိုးကြားကြား ဖြစ်သွားပြီး စိတ်ဓာတ်များတက်ကြွကာ အားအင်များ ပြန်ပြည့်လာ၏။ ထို့ကြောင့် သူသည် စားလက်စ မုန့်များကို အလောတကောနှင့် ဘေးသို့ ဖယ်ထားလိုက်ပြီး အသံလွှင့်စက် ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။

” ကျေးဇူးအများကြီးတင်ပါတယ် ဗိုလ်ချုပ်ကြီးကျိုးခင်ဗျား ”

ဝမ်ပေါင်လဲ့၏ နှလုံးသားထဲတွင် မီးတောက်တစ်ခု တောက်လောင်လာတော့သည်။ သူသည် ထိုသွားကို ရရှိရန် အချိန်အတော်အတန်ကြာအောင် စောင့်ဆိုင်းနေခဲ့ရသည် မဟုတ်ပါလော။ သူသည် ထို အမြုတေအဆင့် သားရဲဧကရာဇ်ကြီး၏ သွားကိုသာ ရရှိပိုင်ဆိုင်လိုက်မည်ဆိုပါက သူ၏ နတ်ဘုရားရတနာဖြစ်သော နဂါးသွားကို အဆင့်မြှင့်တင်နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ အမြုတေအဆင့် သားရဲကြီး၏ သွားနှင့် သာဆိုလျှင် သူ၏ နဂါးသွားမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်သော အစွမ်းများကို ထုတ်လွှတ်ပေးနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

ကျိုးသဲ့ရှီမှာ ဝမ်ပေါင်လဲ့၏ အသံလွှင့် အကြောင်းပြန်စာထဲမှ သူ၏စိတ်လှုပ်ရှားနေသော အသံကို အတိုင်းသားကြားလိုက်ရ၏။ သူ၏ အမူအရာမှာမူ တည်ငြိမ်နေဆဲပင်။ သူသည် ဝမ်ပေါင်လဲ့နှင့် တစ်ခဏမျှ စကားစမြည် ပြောဆိုလိုက်ပြီးနောက် သူ၏လေသံကိုပြောင်းကာ ရုတ်တရက်ဆိုသလို ဆိုလိုက်၏။
“ကောင်စုတ်လေး ဝမ်ပေါင်လဲ့။ မင်းက ကောင်းကင်တာအိုကျောင်းရဲ့ ဓမ္မလက်နက်စစ်သည်စာမေးပွဲမှာ ပြိုင်ပွဲဝင်တွေ အားလုံးကို ချေမှုန်းခဲ့တဲ့အပြင် အကြီးအကဲ ဆင့်ခေါ်ဗုံကို တီးပြီး မင်းတို့ကျောင်းရဲ့ ဂိုဏ်းစောင့် အကြီးအကဲကြီးကိုပါ ဆင့်ခေါ်ပြီးတော့ မင်းရဲ့ နတ်ဘုရားရတနာကို အကဲဖြတ်ခိုင်းခဲ့တာဆို။ အဲဒီအကြောင်းတွေ အကုန်လုံး ငါတို့တွေ ပြန်ကြားတယ် ”

” အဲဒီ မင်းရဲ့ ပေါင်လဲ့အမြောက်ဆိုတာကို ငါ စိတ်ဝင်စားတယ်။ ငါ့ဆီ တစ်ခုလောက် ငှားလိုက်။ တကယ်တိုက်ပွဲအစစ်ထဲမှာ အဲ့အမြောက်က ဘယ်လောက်အထိ အစွမ်းထက်မလဲဆိုတာ ငါ စမ်းကြည့်ခိုင်းထားမယ် ”

ဝမ်ပေါင်လဲ့မှာ ဗိုလ်ချုပ်ကြီးကျိုး၏ တောင်းဆိုမှုကို တွေ‌ဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သဘောတူလိုက်၏။ သူသည် မီးနတ်ဘုရားအမြောက်အား အတုယူ၍ သူ၏ကိုယ်ပိုင်အမြောက်ကို ဖန်တီးတီထွင်ခဲ့သည် မဟုတ်ပါလော။ ထို့အပြင် သူသည် သတ္တမမြောက် ပထမအဆင့်ခံတပ်နှင့် တမူထူးခြားသော ခင်မင်ရင်းနှီးမှု တစ်ခုကို ပိုင်ဆိုင်ထားသည်လည်းဖြစ်သည်။ ထိုအမြောက်အား သတ္တမမြောက် ပထမအဆင့်ခံတပ်တွင် အသုံးပြုနိုင်မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ပို၍ပင် ပျော်ရွှင်သွားရမည်ဖြစ်သည်။ သူသည် ဗိုလ်ချုပ်ကြီးကျိုးနှင့် အတွေးချင်း ဆင်တူနေ၏။

ဝမ်ပေါင်လဲ့၏ မြန်ဆန်ပြီး ပြတ်သားသော သဘောတူညီချက်ကြောင့် ကျိုးသဲ့ရှီမှာ စိတ်အေးသွားရ၏။ သူသည် စကားအနည်းငယ်ခန့် ထပ်ပြောလိုက်ပြီး သူတို့နှစ်ယောက်ကြားမှ စကားဝိုင်းကို အဆုံးသတ်လိုက်၏။ သိပ်မကြာခင် နေဝင်ရီတရောအချိန်သို့ ရောက်လာသည့်အချိန်၌ သတ္တမမြောက် ပထမအဆင့်ခံတပ်မှရောက်ရှိလာသော သင်္ဘောပျံတစ်စင်းမှာ ကောင်းကင်တာအိုကျောင်းထဲသို့ ဆင်းသက်လာ၏။

ထိုကဲ့သို့ ရောက်ရှိလာသူမှာ ကျိုးလုဖြစ်သည်။ ကျိုးလုမှာ ကောင်းကင်တာအိုကျောင်းနှင့် ချိတ်ဆက်လိုက်ပြီးနောက် ဝမ်ပေါင်လဲ့ရှေ့သို့ ရောက်ရှိလာသည်။ သူမသည် နတ်ဝိဇ္ဇာဂူ အပြင်ဘက်တွင်ရပ်ရင်း အပြင်သို့ထွက်လာသော ဝမ်ပေါင်လဲ့အား ကြည့်နေ၏။ ဝမ်ပေါင်လဲ့မှာ သတ္တမမြောက် ပထမအဆင့်ခံတပ်အတွက် အများကြီး အကျိုးပြုနိုင်ခဲ့ပါသော်လည်း သူ့အပေါ်ထားရှိသော သူမ၏ ခံစားချက်များမှာ ရှုပ်ထွေးနေဆဲပင်။ သူတို့နှစ်ယောက်ကြားရှိ မနှစ်မြို့စရာကောင်းသော အတိတ်တုန်းက ပဋိပက္ခများကြောင့် သူမမှာ သူ့အား သဘောမကျနိုင်ဘဲ ဖြစ်နေရသည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ သူ၏ နတ်ဘုရားရတနာကို အမည်ပေးထားပုံမှာလည်း စိတ်ဖောက်ပြန်နေသည့်ပုံ ပေါက်နေသည်ဟု ထင်မှတ်နေ၏။ ထိုအချက်များကြောင့် သူမမှာ သူ့အား စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ သူမ၏ ညာလက်အား စိတ်မရှည်သည့် အမူအရာဖြင့် ဆန့်ထုတ်လိုက်၏။
” နင့်ရဲ့ နတ်ဘုရားရတနာကို ပေး ”

ဝမ်ပေါင်လဲ့မှာ သူ့ဆီသို့ ချဉ်းကပ်လာနေသော ကျိုးလုကို မြင်လိုက်ရသည့်အချိန်တွင် ရွှင်ပြုံးနေပြီး ပေါင်လဲ့အမြောက်အား သူမဆီသို့ ပေးရန် စိတ်ကူးထားပါသော်လည်း သူမ၏ လေသံကို ကြားလိုက်ရသောအခါ ဒေါသထွက်သွား၏။ ထို့ကြောင့် သူသည် မျက်လုံးများပင့်ကာ ရပ်တန့်သွားပြီး ကျောက်နံရံပေါ်တွင် မှီနေလိုက်တော့သည်။ ထို့နောက် သူသည် လက်ပိုက်၍ ကျိုးလုအား လှမ်းကြည့်ကာ မေးလိုက်၏။

” ဘာလဲဟ။ နင်က ရုပ်ချောတဲ့ကောင်လေးတွေ တွေ့တိုင်း လက်ဆောင်တောင်းတတ်တာလား ”

” ငါ့ကို ရွံသွားအောင် မလုပ်စမ်းနဲ့။ ခုချက်ချင်း မြန်မြန်ပေးစမ်း ”
ကျိုးလုမှာ ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ” ရုပ်ချောတဲ့ကောင်လေး ” ဟု သုံးနှုန်းလိုက်သည်ကို ကြားလိုက်ရသောအခါ သူမ၏ စိတ်ထဲမှ စက်ဆုပ်ရွံရှာမှုများကို မထိန်းနိုင်တော့ပေ။ ထို့ကြောင့် သူမမှာ မျက်မှောင်ကြုတ်ကာ နှာမှုတ်လိုက်၏။

ဝမ်ပေါင်လဲ့မှာ ကျိုးလု၏ သူ့အား ဆက်ဆံပုံကို မြင်လိုက်ရသောအခါ ဒေါသထွက်သွား၏။ သူသည် သူ၏ဘဝတလျှောက်လုံးတွင် တုမင်မှလွဲ၍ သူနှင့်စကားယှဉ်ပြောနိုင်သည့် လူတစ်ယောက်တလေကိုပင် မကြုံဖူးခဲ့ပေ။ ထို့ကြောင့် သူသည် မျက်ခုံးတစ်ဖက်ပင့်ကာ ထပ်မေးလိုက်၏။

” ငါ့ဆီမှာ နတ်ဘုရားရတနာ‌တွေ အများကြီးရှိတာ။ နင်က ဘာကို လိုချင်တာလဲ ”

” နင်…. ”
ကျိုးလု၏ ရင်ဘတ်မှ နိမ့်ချည်မြင့်ချည် ဖြစ်နေရပြီ ဖြစ်သည်။ သူမမှာ ရင်သက်ရှုမောဖွယ်ရာ ခန္ဓာကိုယ် အချိုးအစားများကို ပိုင်ဆိုင်ထားကာ ကိုယ်လုံးကိုယ်ပေါက် လှပပြီး အနက်ရောင် အသားကပ် တူညီဝတ်စုံတစ်ခုကို ဆင်မြန်းထား၏။ ထို့ကြောင့် သူမမှာ စိတ်လှုပ်တရှား ဖြစ်လာသောအခါ ထိုတူညီဝတ်စုံမှာ အချိန်မရွေး ပေါက်ကွဲထွက်သွားတော့မည့်ပုံပင် ပေါ်နေတော့သည်။

အနည်းငယ်ခန့် ကြာမြင့်သွားပြီးနောက် သူမမှာ အံကြိတ်လိုက်ပြီး တစ်လုံးချင်းစီ ထုတ်ပြောလိုက်တော့သည်။

” ပေါင်.. လဲ့.. အ.. မြောက် ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး သူသည် နာမည်ပေးရာ၌ ပါရမီပါကြောင်း တွေးမိလိုက်၏။ သူသည် အခြားတစ်ယောက်ယောက်ကိုသာဆိုလျှင် ယခုလို ဆက်ဆံနေမည်မဟုတ်ပါသော်လည်း ကျိုးလု၏ လေသံမှာ ဖော်ရွေမှု လုံးဝမရှိသည် မဟုတ်ပါလော။ ထို့အပြင် သူမ၏ သူ့အားကြည့်သော မျက်ဝန်းများထဲတွင် စက်ဆုပ်ရွံရှာမှုများကို မြင်နိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူမအား မည်မျှပင် ဩဇာအာဏာ ပြစေကာမူ သူ့ဘက်က လုံးဝမမှားကြောင်း မှတ်ယူထား၏။

သို့သော် ကျိုးလုမှာ ဗိုလ်ချုပ်ကြီးကျိုး၏ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်နေနိုင်သည့်အချက်ကို ဝမ်ပေါင်လဲ့က ထည့်သွင်းစဉ်းစားထား၏။ ထိုကဲ့သို့ မဟုတ်ရင်တောင် သူတို့၏ မျိုးရိုးနာမည်မှာ အတူတူ ဖြစ်နေသဖြင့် သူတို့မှာ ဆွေမျိုးများ ဖြစ်နေနိုင်ပေသည်။ ထို့ကြောင့် သူသည် သူ့ကိုယ်သူ သူမအဆင့်အထိ နှိမ့်ချကာ ဆက်၍ ရန်ဖြစ်နေရန် မလိုအပ်ကြောင်း ဆုံးဖြတ်လိုက်၏။

ထို ဆုံးဖြတ်ချက်မှာ ဗိုလ်ချုပ်ကြီးကျိုးအတွက်လည်း မျက်နှာရစရာဖြစ်သည်ဟု ဝမ်ပေါင်လဲ့က တွေးလိုက်၏။ ထို့ကြောင့် သူသည် သူ၏ညာလက်ကို ဝှေ့ယမ်းကာ ပေါင်လဲ့အမြောက်တစ်လက်ကို လှမ်းပစ်ပေးလိုက်၏။

ကျိုးလုမှာ ထိုနတ်ဘုရားရတနာအား လှမ်းဖမ်းလိုက်ပြီးနောက် နှာမှုတ်လိုက်၏။ ထို့နောက် သူမသည် သိုလှောင်လက်ကောက်တစ်ခုအား ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်ပြီး ထွက်ခွာသွားတော့သည်။ သူမ၏ အဝတ်အစားများမှာ အသားနှင့် ကပ်နေသောကြောင့် သူ့အား ကျောပေး၍ ထွက်ခွာသွားသောအခါ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ လှမ်း၍ ကြည့်မိလိုက်၏။

” မက်မွန်သီးပုံစံလေးတွေတောင် ပြန်ဖြစ်သွားပြီပဲ…. ”
သူက သက်ပြင်းချကာ ရေရွတ်လိုက်၏။ ထို့နောက် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ အဝေးသို့ထွက်ခွာသွားသော ကျိုးလုအား လှမ်း‌၍ အော်မေးလိုက်တော့သည်။
” ကျိုးလု။ မှန်မှန်ပြောစမ်း။ နင် ငါ့ကို ကျိတ်ပြီးတော့ ကြိုက်နေတာမလား ”

ကိုက်အနည်းငယ် အကွာအဝေးသို့ ရောက်နေပြီဖြစ်သော ကျိုးလုမှာ ဝမ်ပေါင်လဲ့၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဒယိမ်းဒယိုင် ဖြစ်သွားပြီး လဲကျလုမတတ် ဖြစ်သွားတော့သည်။ ထို့နောက် သူမမှာ အမျက်ချောင်းချောင်းထွက်က ပေါက်ကွဲလုမတတ်ဖြစ်နေသော အမူအရာဖြင့် နောက်သို့ ချာခနဲ လှည့်လာပြီး ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်တော့သည်။

” အဲ့လိုမဟုတ်ဘူးဆိုရင် ဘာလို့ နင်ဝတ်နေကျထက် တစ်ဆိုဒ်ပိုသေးတဲ့ အဝတ်အစားတွေ ဝတ်ပြီးတော့ ငါ့ကို လာ‌တွေ့ရတာလဲ။ ကျိုးလု … လက်လျှော့လိုက်ဖို့ပဲ ငါ နင့်ကို အကြံပေးပါရစေ။ ငါတို့နှစ်ယောက်က…. လိုက်ဖက်ညီမှာ မဟုတ်ဘူး ”
ဝမ်ပေါင်လဲ့မှာ အသံအကျယ်ကြီးဖြင့် သက်ပြင်းချကာ ဆိုလိုက်၏။ ထို့နောက် သူသည် ကျိုးလုအား စကားပြန်ပြောခွင့်ပင် မပေးဘဲ နောက်သို့လှည့်ကာ သူ၏ နတ်ဝိဇ္ဇာဂူထဲသို့ ချက်ခြင်းပင် ပြန်ဝင်သွားလိုက်တော့သည်။ နတ်ဝိဇ္ဇာဂူ၏ တံခါးများမှာလည်း အုန်းခနဲ အသံအကျယ်ကြီးမြည်ကာ ပြန်ပိတ်သွား၏။

နတ်ဝိဇ္ဇာဂူအပြင်ဘက်တွင်မူ ကျိုးလုမှာ ယမ်းပုံမီးကျ ဒေါသထွက်ကာ ကျန်ရစ်နေခဲ့၏။ သူမ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး သူမမှာ ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတော့သည်။ အနည်းငယ်ခန့် ကြာမြင့်သွားပြီးနောက် နောက်ဆုံးတွင် သူမ၏ ဒေါသစိတ်များကို ချုပ်တည်းနိုင်သွား၏။ ထိုအခါမှ သူမသည် အံကြိတ်ကာ နောက်သို့လှည့်၍ သူမ၏ သင်္ဘောပျံပေါ်သို့ ပြန်တက်သွားပြီး ထွက်ခွာသွားတော့သည်။

” ဖက်တီးစုတ်။ အရှက်မရှိတဲ့ ကြွက်စုတ်ကြွက်နာ။ ကျိုးလုဆိုတဲ့ ငါက နင့်ကို ကြိုက်မဲ့အစား သားရဲတစ်ကောင်ကိုပဲ သွားကြိုက်လိုက်မယ် ” သင်္ဘောပျံပေါ်တွင် ကျိုးလုတစ်ယောက်မှာ ဒေါသတကြီးနှင့် စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။

ကျိုးလုအမှန်တကယ် ထွက်ခွာသွားကြောင်း သေချာသွားသောအခါမှသာ နတ်ဝိဇ္ဇာဂူထဲတွင် တင်ပျဉ်ခွေထိုင်နေသော ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်မြူးထူးစွာ လေချွန်လိုက်၏။ ထို့နောက် သူသည် သိုလှောင်လက်ကောက်ကို ဖွင့်လိုက်ပြီး ၎င်းထဲမှ လက်မောင်းအရွယ်အစားခန့်ရှိသော အနက်ရောင်သွားတစ်ချောင်းကို ထုတ်ယူလိုက်သည်။

ထိုသွားမှာ ချွန်ထက်ပြီး အလွန်အင်မတန်မှ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။ ထိုသွားကြီး အပြင်သို့ရောက်လာသောအခါ ပတ်ပတ်လည်ရှိ အခန်းအပူချိန်မှာ သိသိသာသာ ကျဆင်းသွား၏။ ဝမ်ပေါင်လဲ့မှာလည်း တဆတ်ဆတ် တုန်ရီသွားပြီး သူ၏အသက်ရှူနှုန်းကို အာရုံစိုက်ကာ တည်ကြည်သွား၏။ သူသည် သူ့အပေါ်သို့ ဖိနှိပ်အားတစ်ခု သက်ရောက်နေသည်ကို အာရုံခံမိနေ၏။

ထို့အပြင် ထိုသွားကြီးထဲမှ အံသြဖွယ်ရာကောင်းပြီး ခံ့ညားထည်ဝါသော အငွေ့အသက်တစ်ခုလည်း ပေါ်ထွက်နေသေးသည်။ ထိုအငွေ့အသက်မှာ ဝမ်ပေါင်လဲ့ ကျင့်ကြံခြင်း၏ တည်ငြိမ်မှုကို စမ်းသပ်နေ၏။ အချိန်အနည်းငယ်ခန့် ကြာပြီးမှသာ ဝမ်ပေါင်လဲ့မှာ ထိုအငွေ့အသက်အား ကျင့်သားရသွားအောင် ခက်ခက်ခဲခဲနှင့် ကြိုးစားလိုက်ရ၏။ ထို့နောက် သူ၏မျက်လုံးများမှာ ဝင်းလက်တောက်ပလာတော့သည်။

” ဒါ ပစ္စည်းကောင်းတစ်ခုပဲ ”
ဝမ်ပေါင်လဲ့မှာ အရောင်လက်နေသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်၏။ သူသည် ထပ်၍ မစောင့်နိုင်တော့ပေ။ ထို့ကြောင့် သူသည် သားရဲကြီး၏ သွားကိုကိုင်၍ အရည်ကြိုမီးဖိုခန်းထဲသို့ ပြေးဝင်သွားလိုက်ပြီး နဂါးသွားကို ထုတ်ယူကာ စတင်သန့်စင်လိုက်တော့သည်။

ထိုအချိန်တွင် ကျိုးလုမှာ သတ္တမမြောက် ပထမအဆင့်ခံတပ်သို့ ပြန်ရောက်သွားပြီး ပေါင်လဲ့အမြောက်အား ဗိုလ်ချုပ်ကြီးကျိုးဆီသို့ လွှဲပြောင်းပေးလိုက်၏။ သူသည် ၎င်းအား အကြမ်းဖျင်းခန့် စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ချက်ချင်းပင် သူ၏ စစ်သည်တစ်ယောက်အား ထိုအမြောက်ကို ဖမ်းဆီးရမိထားသော သားရဲကြီးတစ်ကောင်ပေါ်တွင် စမ်းသပ်ခိုင်းလိုက်၏။

ထိုအခါ လေထဲတွင် မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်သံ ပဲ့တင်ထက်သွား၏။ ပေါင်လဲ့အမြောက်၏ ပစ်ချက်မှာ သားရဲကြီးအား ထိုးခွင်းသွားပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်တိတိကို ပျက်စီးသွားစေ၏။ ထိုသားရဲကြီးမှာ အာနာပါန ပထမဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော သားရဲကြီးတစ်ကောင်ဖြစ်သည်။

ထိုပစ်ချက်၏ ပြင်းအားမှာ စမ်းသပ်မှုအား အကဲခတ်ကြည့်ရှုနေသည့် ဘေးပတ်ပတ်လည်မှ စစ်သည်များကို အံ့အားသင့်သွားအောင် မလုပ်နိုင်ခဲ့ပေ။ ၎င်းမှာ မီးနတ်ဘုရားအမြောက်ထက် ပို၍အားပျော့နေသည် မဟုတ်ပါလော။ ၎င်းမှာ အာနာပါနအဆင့် သားရဲတစ်ကောင်ကို သတ်ဖြတ်နိုင်စွမ်းရှိပါသော်လည်း သူတို့တွင် အလားတူ နတ်ဘုရားရတနာများ ရှိနေပြီးသားဖြစ်သည်။

” ဆက်လုပ် ”
ဗိုလ်ချုပ်ကြီးကျိုးက တည်ကြည်စွာ ဆိုလိုက်၏။ ထိုအခါ အမြောက်ကို ကိုင်ဆောင်ထားသော စစ်သည်တော်မှာလည်း ဆက်၍ ပစ်ခတ်လိုက်ပြန်သည်။ ခဏအကြာတွင် သူပစ်ခတ်ပြီးသည့် အချက်ရေ အရေအတွက်မှာ ရှစ်ဆယ်၊ တစ်ရာ့ခြောက်ဆယ်၊ သုံးရာ့ငါးဆယ်၊ ငါးရာ့သုံးဆယ် အစရှိသဖြင့် မြင့်တက်လာ၏။

ထို စစ်သည်တော်မှာ စိတ်လှုပ်ရှားလာပြီး သူ၏ အသက်ရှူနှုန်းမှာ တဖြည်းဖြည်းနှင့် မြန်ဆန်လာတော့သည်။ ထိုစမ်းသပ်မှုကို ကြည့်ရှုနေကြသူများမှာလည် စိတ်ကို တည်တည်ငြိမ်ငြိမ် မထားနိုင်တော့ပေ။ သူတို့မှာ မျက်လုံးများပြူးကာ အံ့ဩမှင်တက်၍ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြတော့သည်။

ဘေးနားတွင်ရပ်နေသော ကျိုးလုမှာလည်း ရီဝေဝေ ဖြစ်နေရပြီဖြစ်သည်။

ဗိုလ်ချုပ်ကြီးကျိုးမှာလည်း အသက်ရှူသံများ မြန်နေရပြီဖြစ်သည်။

ပေါင်လဲ့အမြောက်မှာ ယုံကြည်နိုင်စရာမကောင်းလောက်အောင် တည်ငြိမ်လွန်းနေ၏။ ၎င်းနှင့် အဖျက်စွမ်းအားဆင်တူသော နတ်ဘုရားရတနာ အမြောက်အမြား ရှိပါသော်လည်း ထိုရတနာများအား များများစားစား အသုံးမပြုကြသည့် ပထမ အကြောင်းအရင်းမှာ ၎င်းတို့ကို တီထွင်ဖန်တီးရသည်မှာ ငွေကုန်ကြေးကျများပြီး ဒုတိယ အကြောင်းအရင်းမှာ ၎င်းတို့မှာ တည်ငြိမ်မှု လုံးဝမရှိသောကြောင့် ဖြစ်သည်။

စစ်ပွဲဆိုသောအရာမှာ အပျော်တမ်းစိန်ခေါ်မှုတစ်ခုနှင့် လုံးဝမတူညီဘဲ ကွဲပြားနေသည်မဟုတ်ပါလော။ အပျော်တမ်း စိန်ခေါ်ပွဲများထဲတွင် မိမိတို့၏ နတ်ဘုရားရတနာများကို စိတ်ကြိုက်လဲလှယ်ခွင့် ရှိပေသည်။ နတ်ဘုရားရတနာတစ်ခုမှာ ပုံမှန်ဆိုလျှင် အချက်ရေအနည်းငယ်ခန့်သာ ပစ်ခတ်၍ ရမည်ဖြစ်ပြီး အများဆုံးဆိုလျှင် အချက်ရေ ဒါဇင်အနည်းငယ် သို့မဟုတ် အချက်ရေ တစ်ရာဝန်းကျင်ခန့်သာ ပစ်ခတ်နိုင်မည် ဖြစ်သည်။ သို့သော် စစ်ပွဲထဲတွင်မူ နတ်ဘုရားရတနာတစ်ခုကို အချက်ရေ ရာဂဏန်းအနည်းငယ် သို့မဟုတ် ထောင်ဂဏန်းအနည်းငယ်အထိ ပစ်ခတ်ရတတ်သည် မဟုတ်ပါလော။

ပေါင်လဲ့အမြောက်မှာ အချက်ရေ စုစုပေါင်း တစ်ထောင့်နှစ်ရာတိတိ ပစ်ခတ်ပြီးမှ မတည်ငြိမ်သော အရိပ်အယောင်များ ပေါ်ထွက်လာသည်။ စမ်းသပ်မှုကြီး ပြီးဆုံးသွားချိန်တွင် အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ လူတိုင်းမှာ မျက်လုံးပြူးကြီးများဖြင့် အသက်များ အောင့်ထားကြသည်။ သူတို့မှာ ပေါင်လဲ့အမြောက်အား ကြည့်မိလိုက်သောအခါ သူတို့၏အတွေးထဲတွင် တိုက်ပွဲပုံရိပ်တစ်ခု ပေါ်ပေါက်လာတော့သည်။

ထိုပုံရိပ်ထဲတွင် ပေါင်လဲ့အမြောက်ကို အမြောက်အမြား ထုတ်လုပ်ထား၏။ မီးနတ်ဘုရားအမြောက်များကို ပစ်ခတ်ပြီးနောက် ပေါင်လဲ့အမြောက်အား အချက်ရေပေါင်း သောင်းဂဏန်း သိန်းဂဏန်းအထိသာမက တစ်သန်းအထိ ပစ်ခတ်လိုက်မည် ဖြစ်သည်။ သူတို့မှာ ထိုမြင်ကွင်းကို ပုံဖော်ရင်း လိပ်ပြာလွင့်လုမတတ် အံ့ဩတုန်လှုပ်သွားကြတော့သည်။

” ကောင်းကင်တာအိုကျောင်းက ဒီအမြောက်နဲ့ပတ်သက်တဲ့သတင်းကို မဖြန့်ဘဲ လျှိုထားပြီး စစ်တပ်ကို တိတ်တိတ်ကလေး ဆက်သွယ်ထားတာ မထူးဆန်းပါဘူး။ ဝမ်ပေါင်လဲ့ကိုယ်တိုင်တောင် ဒီအမြောက်ရဲ့ တန်ဖိုးအစစ်အမှန်ကို သိလိမ့်မယ်လို့ ငါ မထင်ဘူး… ”
ဗိုလ်ချုပ်ကြီးကျိုးမှာ တစ်ယောက်တည်း ရေရွတ်လိုက်၏။

သူ၏ဘေးတွင်ရှိနေသော ကျိုးလုမှာမူ လက်မခံနိုင်သေးသောကြောင့် တိုးတိုးလေး ဆိုလိုက်၏။
” သမီး အပြန်လမ်းမှာတုန်းက အဲဒီအမြောက်ကို စစ်ဆေးကြည့်ခဲ့သေးတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကို အပြည့်အဝ နားမလည်ပေမယ့် ဒီအမြောက်က အရမ်းကြီး ရှုပ်ထွေးတဲ့ နတ်ဘုရားရတနာတစ်ခု မဟုတ်ဘူးဆိုတာ သမီးသိတယ်။ တချို့ ကမ္ဗည်းစာလုံးတွေကို ပြောင်းထားတာလောက်ပဲ။ ပြည်ထောင်စုထဲမှာ ဓမ္မလက်နက် ကျင့်ကြံသူတွေ ဒီလောက်အများကြီးရှိတာကို ဘာဖြစ်လို့ အရင်တုန်းက ဘယ်သူကမှ ဒီအကြံကို မစဉ်းစားမိရတာလဲ ”

ဗိုလ်ချုပ်ကြီးကျိုးမှာ ကျိုးလုအား တည်ကြည်စွာကြည့်လိုက်၏။ ကျိုးလုတစ်ယောက် မသေချာမရေရာသည့် အမူအရာဖြင့် ခေါင်းငုံ့သွားသောအခါမှ သူက တည်ကြည်စွာ ရှင်းပြလိုက်သည်။
” မီးနတ်ဘုရားအမြောက်ကို စတင်တီထွင်ခဲ့တဲ့အချိန်တုန်းက အဲဒီလိုမျိုး တွေးခဲ့တဲ့လူတွေ အများကြီးပဲ။ အမှန်အတိုင်းပြောရရင် တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုခုကို ပထမဆုံးအကြိမ်အဖြစ် ဖန်တီးလိုက်ပြီးတိုင်း သမီးလို တွေးတဲ့လူတွေ အများကြီးရှိတယ် ”

” တချို့ ကမ္ဗည်းစာလုံးတွေကို ပြောင်းထားရုံလောက်ပဲလို့ သမီးပြောတာနော်။ အဲဒါဆို သမီးကိုယ်တိုင် တစ်လုံးလောက်ပဲ ပြောင်းကြည့်‌ဦး။ လာပါ။ သမီး အဲ့လောက်တတ်နေရင် စမ်းလုပ်ကြည့်လိုက်ပါ “

Comment

Leave a Reply

Options

not work with dark mode
Reset