Switch Mode

အခန်း ( ၁၉၆ )

ဓားနေမင်းစစ်ဆင်ရေး

” ဝေါင်းးး ”
စိန်လူဝံကြီးမှာ ဝမ်ပေါင်လဲ့တစ်ယောက် နတ်ဝိဇ္ဇာဂူတံခါးအား ပိတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏။ ၎င်းမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ယမ်းပုံမီးကျပေါက်ကွဲကာ အော်ဟစ်မြည်တမ်းရန် ပြင်လိုက်ပြန်သည်။ ထို့နောက် ၎င်း၏လက်ဖြင့် နတ်ဝိဇ္ဇာဂူကြီး၏ တံခါးကို တဒုန်းဒုန်း ထုနှက်နေသဖြင့် ထိုနေရာတစ်ဝိုက်ရှိ လူများစွာ သတိထားမိသွားကြ၏။

” စိန်လူဝံကြီးပါလား ”

” ဘာလို့ သူက ဒီကိုရောက်လာတာလဲဟ ”

” ဒါ … ဝမ်ပေါင်လဲ့ရဲ့ နတ်ဝိဇ္ဇာဂူမလား။ တံခါးတွေကလည်း ပိတ်လို့ပါလား ”

ဓမ္မလက်နက်အဆောင်ထဲရှိ ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျောင်းသားများအားလုံးမှာ ထိတ်လန့်သွားကြပြီး ပင့်သက်ရှိုက်မိလိုက်ကြ၏။ သို့သော် သူတို့မှာ ကြောက်ဒူးတုန်နေသည့်အထိတော့ ကြောက်ရွံ့နေကြခြင်း မရှိဘဲ သူတို့၏ရှေ့တွင် စိတ်ဝင်စားစရာ ကိစ္စတစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း ရိပ်မိသွားကြ၏။ သို့သော် အမျက်ချောင်းချောင်းထွက်နေသော စိန်လူဝံကြီးကို မြင်လိုက်ရသောအခါ မည်သူကမှ အနားသို့ မကပ်ရဲကြတော့ပေ။ သူတို့အားလုံးမှာ ခပ်လှမ်းလှမ်းမှနေ၍သာ စောင့်ကြည့်နေကြတော့သည်။

စိန်လူဝံကြီး၏ ထုနှက်မှုကြောင့် သူ၏ နတ်ဝိဇ္ဇာဂူမှာ တုန်ရီနေရသဖြင့် ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ တံခါးကို ဟရုံမျှ ဖွင့်လိုက်ပြီး စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ မေးလိုက်၏။

” မင်းက ဘာလိုချင်တာလဲကွ ”

” ဝေါင်းးး ”

” ငါ မင်းပြောနေတဲ့ စကားတစ်ခွန်းမှကို နားမလည်ဘူးကွ ”
ဝမ်ပေါင်လဲ့မှာ မျက်တောင် တဖျတ်ဖျတ်ခပ်ကာ ဆိုလိုက်၏။ စိန်လူဝံကြီးမှာ သွက်သွက်ခါအောင် ရူးနေပြီဖြစ်သည်။ ၎င်းမှာ နတ်ဝိဇ္ဇာဂူ အပြင်ဘက်တွင် ခုန်ပေါက်ကာ ၎င်း၏ ရင်ဘတ်အား တဒုန်းဒုန်းမြည်အောင် ထုနှက်လိုက်ပြီး နောက်သို့လှည့်ပြလိုက်၏။ ၎င်းမှာ အစွမ်းကုန်ကြိုးစားနေသည့်ပုံပင်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော လူတိုင်း ခေါင်းထဲတွင် မိုးကြိုးပစ်သံများ ကြားလိုက်ရသကဲ့သို့ ဖြစ်သွား၏။

” ဘုရားရေ။ ဇီဝိန်ချုပ်ကွက်ပဲဟ ”

” အကျိုးတော့နည်းပြီဟေ့။ မြန်မြန်။ ထွက်ပြေးကြစို့ ”

ဝမ်ပေါင်လဲ့မှာလည်း ဦးရေခွံများ စပ်ဖျဉ်းဖျဉ်း ဖြစ်နေပြီ ဖြစ်သည်။ သူသည် အလွန်အကျွံလုပ်၍ မဖြစ်ကြောင်း သိထားသောကြောင့် အလောတကောနှင့် ဆိုလိုက်သည်။

” ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ မင်းပြောချင်တာကို ငါနားလည်ပါတယ် ”

သူ၏နှုတ်မှ ထိုစကားများ ထွက်လာသောအခါ စိန်လူဝံကြီးမှာ ချက်ချင်းပင် နောက်သို့ ချာခနဲလှည့်လာ၏။ ထို့နောက် ၎င်းမှာ နတ်ဝိဇ္ဇာဂူတံခါးပေါက်အား ဟရုံမျှဖွင့်ထားသည့် အပေါက်ကျဉ်းလေးထဲမှ ဝမ်ပေါင်လဲ့အား စိတ်လှုပ်တရှားနှင့် စိုက်ကြည့်နေလိုက်တော့သည်။

” ဒါပေမဲ့ မင်း ဒီလို အော်ဟစ်နေလို့လည်း ဘာမှမှမထူးတာ။ ငါ့ဆီမှာ မင်းလိုချင်တာမရှိဘူးလေ။ မင်း အစွမ်းထက်တိုက်ကွက်တစ်ခုကို ထုတ်သုံးရင်တောင် ငါက တံခါးပိတ်လိုက်ရုံပဲ။ ဘယ်သူက ပိုမြန်မလဲဆိုတာ ကြည့်ကြတာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး စိန်လူဝံကြီးအား ဖျတ်ခနဲ ခိုးကြည့်လိုက်၏။

ဝမ်ပေါင်လဲ့၏ သူ့ဆီတွင် သူရှာဖွေနေသော ပစ္စည်းမရှိ ဟူသောစကားကို ကြားလိုက်ရသောအခါ စိန်လူဝံကြီး၏ ခန္ဓာကိုယ်မှာ စတင်တုန်ရီလာတော့သည်။ ၎င်းမှာ ထပ်၍ အော်ဟစ်မြည်တမ်းလိုက်ပြီး ဘေးပတ်ပတ်လည်ရှိ အရာအားလုံးကို ထိုးနှက်နေသောကြောင့် မြေပြင်ကြီးမှာ တုန်ခါလာပြီး ကျောက်တုံးများမှာလည်း တုန်ရီလာရတော့သည်။ ၎င်းမှာ သူရှာနေသော ပစ္စည်းမရမချင်း ရပ်တန့်မည့်ပုံ မပေါ်ပေ။

ထိုမြင်ကွင်းကို သတိထားမိလာသည့် လူအရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် များလာ၏။ ဝမ်ပေါင်လဲ့မှာ ဆောက်တည်ရာမရဖြစ်နေသော စိန်လူဝံကြီးအား မြင်လိုက်ရသောအခါ စိတ်အနှောင့်အယှက် ဖြစ်နေသည့် အမူအရာနှင့် သက်ပြင်းချလိုက်ပြီး တံခါးကြားထဲမှနေ၍ စိန်လူဝံကြီး၏ သွားကို စိုက်ကြည့်နေလိုက်တော့သည်။

” ထားပါတော့ ထားပါတော့။ ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ကြင်နာသနားတတ်တဲ့ လူတစ်ယောက်ပါ။ ဒီလိုလုပ်ကွာ။ ငါ့ကို မင်းရဲ့ အံသွားတစ်ချောင်းပေးရင် မင်းရှာနေတဲ့ပစ္စည်းကို ငါပြန်ပေးမယ်။ ဘယ်လိုလဲ ”
ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ရသောအခါ စိန်လူဝံကြီးမှာ မျက်လုံးများပြူးသွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား ဒေါသတကြီးနှင့် စိုက်ကြည့်ကာ ပို၍ပင် ‌ဒေါသထွက်လာပြီး ခေါင်းကို မာန်ပါပါယမ်း၍ ငြင်းဆန်လိုက်၏။

” အဲဒါဆိုလည်း ဘာမှ မတတ်နိုင်ဘူး။ ငါက မင်းကို ဘယ်လိုလုပ်လုပ် ဘယ်တော့မှမပျက်စီးသွားမဲ့ သားရဲရုပ်သေးရုပ်တစ်ခု လက်ဆောင်ပေးချင်တာကွ… အဲ…. ငါ ဘာပြောချင်တာလဲဆိုတာ မင်းသိပါတယ် ”
ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ တဖြည်းဖြည်းနှင့် သူ့ဘက်ပါလာအောင် သိမ်းသွင်းလိုက်၏။

ထိုရုပ်သေးရုပ်မှာ ဘယ်တော့မှ ပျက်စီးမည်မဟုတ်ကြောင်း ကြားလိုက်ရသောအခါ စိန်လူဝံကြီးမှာ ဝေခွဲမရ ဖြစ်သွားရ၏။ ၎င်းမှာ နတ်ဝိဇ္ဇာဂူ အပြင်ဘက်တွင် အဆက်မပြတ် အော်ဟစ်မြည်တမ်းကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ချင့်ချိန်သုံးသပ်နေတော့သည်။

အချိန်ကောင်းသို့ ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ ဝင်းလက်သွား၏။ သူ၏ ရည်မှန်းချက်ပန်းတိုင်မှာ စိန်လူဝံကြီးအား ရန်သူအဖြစ် သတ်မှတ်ရန် မဟုတ်သလို သူ၏သွားကို ရယူနိုင်ရန်လည်း မဟုတ်ပေ။ ထိုသားရဲကြီးကို သိုင်းပညာအဆောင်မှ အကြီးအကဲကြီးက ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူသာ ၎င်း၏သွားကို နှုတ်လိုက်မည်ဆိုပါက သားရဲမွေးမြူရေးအဆောင်မှာ သူနှင့် ချက်ချင်းပင် စာရင်းလာရှင်းမည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ အစီအစဉ် တစ်ခုချင်းစီ၏ ရည်မှန်းချက်ပန်းတိုင်အားလုံးမှာ သူ၏ ပြိုင်ဘက်ကို သင်ခန်းစာပေးရန်သာဖြစ်သည်။ ထို့အပြင် သူသည် ထိုသားရဲကြီး၏ ပိုင်ရှင်နှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခုကို တည်ဆောက်လို၏။

သားရဲမွေးမြူရေးအဆောင်က သားရဲများအား မည်ကဲ့သို့ ထိန်းကျောင်းသည်ကို သူက မသိပါသော်လည်း အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲမှ အခြေခံသဘောတရားတစ်ခုကို နားလည်ထား၏။ ၎င်းမှာ ပေးလိုက် ပြန်ယူလိုက် လုပ်ပြီးနောက် ထပ်၍ ပေးရမည်ဟူသော သဘောတရားပင် ဖြစ်သည်။ ထိုသဘောတရားကို လိုက်လံကျင့်သုံးမည်ဆိုပါက အခြားလူများမှာ မိမိအား အတိုင်းမသိ ကျေးဇူးတင်သွားမည်သာ ဖြစ်သည်။

” ထားပါတော့ကွာ။ ရှောင်ကျင့်ရာ။ ငါမင်းရဲ့ သွားကိုလည်း မယူတော့ပါဘူး။ ရော့ ဒီ သားရဲရုပ်သေးရုပ်ကို ယူလိုက်။ စိတ်မပူပါနဲ့။ အဲဒီအရုပ်က ပျက်စီးမှာ မဟုတ်ပါဘူး ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး သူ၏ ဓားအိမ်ကို အသုံးပြုလိုက်ပြီး ခြင်ကိုးကောင်အား ထိုနေရာတစ်ဝိုက်တွင် တိတ်တိတ်ကလေး ပျံဝဲစေလိုက်၏။ ထိုသို့ ပြင်ဆင်ပြီးမှသာ သူသည် နတ်ဝိဇ္ဇာဂူတံခါးကို ပြတ်ပြတ်သားသား ဖွင့်လိုက်ပြီး အပြီးထိ ပြုပြင်မွမ်းမံထားပြီးသော လူဝံရုပ်သေးရုပ်တစ်ရုပ်ကို ထုတ်ကာ စိန်လူဝံကြီး၏ရှေ့တွင် ချထားလိုက်၏။

စိန်လူဝံကြီးမှာ ဝမ်ပေါင်လဲ့၏ စကားကို ကြားလိုက်ပြီး လူဝံရုပ်သေးရုပ်အား မြင်လိုက်ရသောအခါ ခေတ္တမျှ ကြက်သေသေသွား၏။ ထို့နောက် ၎င်းမှာ ရှေ့သို့ပြေးလာပြီး ထိုရုပ်သေးရုပ်အား ရင်ခွင်ထဲ၌ ပွေ့ဖက်ထားလိုက်တော့သည်။ သို့သော် လူဝံကြီးမှာ ဝမ်ပေါင်လဲ့အား မယုံသင်္ကာနှင့် ကြည့်နေဆဲပင်။ အရာအားလုံးမှာ ယခုလို ဖြစ်ပျက်သွားလိမ့်မည်ဟု ၎င်းက ထင်မှတ်မထားသည့်ပုံပင်။ ထို့အပြင် ၎င်းမှာ သွားကို ကိုယ်တိုင်ဆွဲနှုတ်ရန်ပင် အဆင်သင့်ဖြစ်နေခဲ့၏။

သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ သွားကို မလိုချင်သလို သူ့အား ရုပ်သေးရုပ်ကိုပေးရန် ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် အနည်းငယ်ခန့် ဆင်ခြင် တွေးတောနိုင်စွမ်းရှိသော စိန်လူဝံကြီးမှာ မည်သို့မည်ဖုံ ပြန်လည် တုံ့ပြန်ရမှန်းမသိ ဖြစ်သွားတော့သည်။

” ဒါပေမဲ့ မင်းလည်း ငါ့ကို ဆက်ပြီးတော့ အနိုင်မကျင့်သင့်တော့ဘူး။ စိတ်မပူပါနဲ့။ မင်း ဒီအရုပ်ကို ကြိုက်တယ်ဆိုတာ ငါသိပါတယ်။ အဲဒီေတာ့ အလိုအလျောက် ပျက်စီးပေါက်ကွဲနိုင်တဲ့ စနစ်ကို ငါ ဖယ်ထားပြီးပြီ ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ဆိုလိုက်၏။ သူသည် ရှေ့သို့ပင်လှမ်းလာပြီး စိန်လူဝံကြီးအား ဖွဖွကလေး ပုတ်လိုက်၏။

ထိုအခါ စိန်လူဝံကြီး၏ ခန္ဓာကိုယ်မှာ တုန်ရီသွားကာ လက်သီးဖြင့် ထိုးနှက်ပစ်ချင်စိတ်များ ပေါက်လာ၏။ ၎င်း၏ သခင်နှင့် ၎င်းနှင့် ခင်မင်ရင်းနှီးသော လူအနည်းငယ်မှ လွဲ၍ အခြားသူစိမ်းများ၏ ထိ‌တွေ့မှုများကို သူက မနှစ်မြို့ပေ။

သို့သော် ဝမ်ပေါင်လဲ့မှာ သူ့အား အရုပ်တစ်ရုပ်ပေးခဲ့သည်ကို ပြန်တွေးမိလိုက်သောအခါ သူသည် ချီတုံချတုံ ဖြစ်သွားရ၏။ အကယ်၍ သူ၏သွားတစ်ချောင်းကိုသာ ဆုံးရှုံးရနိုင်ကြောင်း ထည့်မတွေးမိထားပါက သူ၏ ရိုးအသော ဉာဏ်ရည်နှင့်ဆိုလျှင် များများစားစား ဆင်ခြင်တွေးတောနေမည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူ၏သွားအကြောင်းကိုပါ ထည့်သွင်းစဉ်းစားမိနေပြီဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့အား ရီဝေဝေနှင့် စိုက်ကြည့်နေပြီး အကြမ်းမဖက်သင့်ကြောင်း ဆုံးဖြတ်လိုက်၏။

ထိုဖြစ်စဉ်ကြီးတစ်ခုလုံးကို ဘေးပတ်ပတ်လည်ရှိ ဓမ္မလက်နက်အဆောင်မှ ကျောင်းသားများအားလုံးက မြင်လိုက်ရ၏။ ထို့ကြောင့် သူတို့မှာ မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်သွားကြပြီး လေသံတိုးတိုးဖြင့် တအံ့တဩ ဆွေးနွေးငြင်းခုံနေကြတော့သည်။

” စိန်လူဝံကြီးရဲ့ သူ့ကို ဆက်ဆံပုံက သိမ်မွေ့လှပါလားဟ ”

” ဘယ်လိုကြီးလဲ။ စိန်လူဝံကြီးကို လက်ဆောင်တွေပေးပြီး ချော့ပေါင်းလို့ရတာလား။ တခြားလူတွေလည်း အဲ့လိုမျိုး လုပ်ခဲ့ဖူးပေမယ့် ဘယ်တုန်းကမှ အလုပ်မဖြစ်ခဲ့ဖူးလေ ”

ဓမ္မလက်နက်အဆောင်မှ ကျောင်းသားများသာ ထိုကဲ့သို့ အံ့အားသင့်နေရခြင်း မဟုတ်ပေ။ လက်ရှိတွင် လေထဲ၌ သင်္ဘောပျံများစွာ ဝဲပျံနေပြီဖြစ်သည်။ ထို သင်္ဘောပျံများပေါ်တွင် သားရဲမွေးမြူရေးအဆောင်မှ ကျောင်းသားများ ရှိနေကြ၏။ စိန်လူဝံကြီးမှာ နေ့တစ်ဝက်လုံးနီးပါး သောင်းကျန်းနေခဲ့သည်ဖြစ်၍ သူတို့မှာ တာဝန်အရ ၎င်း၏နောက်သို့ လိုက်လာကြပြီး ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းစစ်ဆေးနေကြခြင်းဖြစ်သည်။

သူတို့မှာ ဖြစ်ပျက်နေသောအရာများကို မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားကြပြီး သူတို့၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံဖြင့် ဗြောင်းဆန်သွားကြတော့သည်။

” စိန်လူဝံကြီးက တကယ်ပဲ သူ့ကို ထိခွင့်ပေးလိုက်တာလား ”

” ငါ အမြင်တွေများ မှားနေတာလားဟ ”

လူအုပ်ကြီးမှာ ထိုကဲ့သို့ ဆွံ့အမှင်တက်ရင်း ငေးကြည့်နေကြစဉ်တွင် ဝမ်ပေါင်လဲ့မှာမူ စိတ်ထဲတွင်ကျိတ်၍ ကျေနပ်နေတော့သည်။ ထို့ကြောင့် သူသည် စိန်လူဝံကြီးအား နောက်ထပ် အကြိမ်ရေအနည်းငယ်ခန့် ထပ်ပုတ်လိုက်ပြီး ရယ်မောကာ ဆိုလိုက်၏။
” အိမ်ပြန်တော့ ကျင့်လေး။ ငါ အားရင် မင်းအတွက် အရုပ်တွေထပ်ပြီးတော့ လုပ်ပေးထားမယ်။ အခုတော့ အိမ်ပြန်လိုက်တော့ ”
ဝမ်ပေါင်လဲ့မှာ လက်နှစ်ဖက်နောက်ပစ်ကာ ပြုံး၍ စိန်လူဝံကြီးအား စိုက်ကြည့်နေလိုက်၏။

စိန်လူဝံကြီးမှာမူ ရီဝေဝေ ဖြစ်နေရဆဲပင်။ သို့သော် ၎င်းမှာ ဝမ်ပေါင်လဲ့အား ပြန်လှည့်ကြည့်လိုက်သောအချိန်တွင် ၎င်း၏မျက်ဝန်းများထဲ၌ သိမ်မွေ့မှုအရိပ်အယောင်များကို ခပ်ရေးရေးခန့် မြင်နိုင်ပေသည်။ ၎င်းမှာ လူဝံရုပ်သေးရုပ်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ဝမ်ပေါင်လဲ့အား ခေါင်းညိတ်ပြလိုက်ပြီး နောက်သို့လှည့်ကာ သားရဲမွေးမြူရေးအဆောင်ဆီသို့ တန်းတန်းမတ်မတ် ပြေးသွားတော့သည်။

ထိုလူဝံကြီး ထွက်ခွာသွားသောအခါ ဘေးပတ်ပတ်လည်ရှိလူအုပ်ကြီးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။

” ဒီဗျူဟာက အံ့သြဖို့ကောင်းလိုက်တာ ”

” သူက ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်နေတာ မထူးဆန်းပါဘူး။ အဲ့ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ဒီကို စရောက်လာတဲ့ အချိန်ကတည်းက အကြံအစည်တွေ ချပြီးတော့ ကျောင်းစီမံရေးဌာနရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့အချိန်အထိ အပြင်းအထန် ကြိုးစားခဲ့တာလေ။ ငါက သူ ကံကောင်းနေလို့ ဒီအဆင့်ထိ ရောက်လာတယ်လို့ပဲ ထင်နေခဲ့တာ။ အခုမှပဲ သူ့ရဲ့ ‌နည်းဗျူဟာတွေက လက်ဖျားခါလောက်အောင် ကောင်းနေတယ်ဆိုတာ သိလိုက်ရပြီ ”

ဖြစ်ကြောင်းကုန်စင်ကို မြင်လိုက်ရသော ကျောင်းသားတိုင်း လိပ်ပြာလွင့်လုမတတ် အံ့ဩတုန်လှုပ်နေကြပြီး အားကျစိတ်များ တဖွားဖွား ပေါ်လာကြတော့သည်။ လူအချို့မှာဆိုလျှင် သူ့အတိုင်းလိုက်လုပ်ရန် ဆန္ဒများ ပြင်းပြနေကြပါသော်လည်း စိန်လူဝံကြီး၏ ရက်စက်ယုတ်မာမှုမှာ အမည်ဆိုးဖြင့် ကျော်ကြားသောကြောင့် မည်သူကမှ ၎င်းအား ဒေါသထွက်အောင် မလုပ်ရဲကြပေ။

ဝမ်ပေါင်လဲ့မှာ သူ၏ပတ်ပတ်လည်ရှိ ဆွေးနွေးငြင်းခုံသံများကို နားထောင်ရင်း ပျော်ရွှင်မြူးကြွလာ၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ လူအုပ်ကြီးအား နှုတ်ဆက်လိုက်ပြီး လေတချွန်ချွန်နှင့် သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်သွားလိုက်တော့သည်။ အထဲသို့ရောက်သောအခါ သူသည် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး မုန့်ထုပ်များကို ထုတ်ယူလိုက်၏။ မုန့် အနည်းငယ်ခန့် စားသုံးလိုက်ပြီးနောက် ထိုဖြစ်စဉ်ကြီးတစ်ခုလုံးကို သူ၏အတွေးထဲတွင် အစအဆုံး ပြန်လည်ပုံဖော်ရင်း စိတ်ကျေနပ်သွားတော့သည်။

သူသည် ထိုကိစ္စကြီးတစ်ခုလုံးကို အမှားအယွင်းမရှိ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြောင်း မှတ်ယူလိုက်၏။ သူသည် သားရဲမွေးမြူရေးအဆောင်အား အမျက်ထွက်အောင် မလုပ်ခဲ့သလို စိန်လူဝံကြီး၏ သူ့အပေါ်ထားရှိသော ရန်ငြှိုးရန်စများကိုလည်း ဖျောက်ဖျက်နိုင်ခဲ့၏။ ထို့အပြင် အနာဂတ်တွင် ထို စိန်လူဝံကြီးမှာ သူ့အား ယခင်ကထက် ပို၍ သိမ်သိမ်မွေ့မွေ့ ဆက်ဆံလာအောင်လည်း လုပ်နိုင်ခဲ့သည်။

ထိုမျှသာမက သူသည် ပုံစံအနည်းငယ်ခန့် ကွဲပြားသော လူဝံအရုပ်များကို ဖန်တီးပေးနေသရွေ့ စိန်လူဝံကြီးမှာ သူ့အပေါ် ပို၍ အမြင်ကြည်လာမည်သာ ဖြစ်သည်။ ထို့ကြောင့် အချိန်တစ်ခုသို့ ရောက်ပါက သူ မကျေနပ်သော လူတစ်ယောက်ယောက်နှင့် ကြုံရသည့်အချိန်တိုင်း စိန်လူဝံကြီးအား စကားအနည်းငယ်ခန့် ပြောလိုက်ရုံဖြင့် ကိစ္စအဝဝကို တလွယ်တကူ ဖြေရှင်းနိုင်မည်သာဖြစ်သည်။

” ဒါပေမဲ့ အဲ့လို ဆက်ဆံရေးမျိုးကို တည်ဆောက်ဖို့အတွက် အချိန်လိုတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီး စိတ်ကျေနပ်နေတော့သည်။ ရက်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးနောက် သူ သင်္ဘောပျံကြီးထဲမှ ထွက်လာချိန်တွင် စိန်လူဝံကြီးနှင့် ကြုံလိုက်ရသည်။ စိန်လူဝံကြီးမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ ပြုံးဖြဲဖြဲနှင့် သူ့ဆီတို့ ပြေးလာ၏။

ယခုအချိန်တွင်မူ ၎င်းမှာ သူ့အား လှမ်းရိုက်ခြင်း မရှိတော့ဘဲ သူ၏ ဘေးသို့ ရောက်လာ၏။ ထို့နောက် ၎င်းမှာ ပြုံးဖြဲဖြဲနှင့် သွားများဖြဲပြလိုက်ပြီး သူ့အား နှုတ်ဆက်နေသည့်အလား ရင်ဘက်ကို တဒုန်းဒုန်း ထုနှက်ကာ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အတိုင်းမသိ ဝမ်းသာပျော်ရွှင်သွားရတော့သည်။ သူ၏ ဘဝမှာ ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွားပြီဖြစ်ပြီး သူ၏ကျင့်ကြံခြင်းနှင့် အဆောင်ဖန်တီးခြင်းပညာရပ်များမှာလည်း ဖြေးဖြေးနှင့် မှန်မှန် တိုးတက်လာနေပြီဖြစ်သည်။ ထိုသို့ဖြင့် တစ်လတိတိ ကုန်လွန်သွား၏။

ထိုအချိန်တွင် သတင်းတစ်ခုကို ကြေညာလိုက်သည်။ ထိုကြေညာချက်မှာ ရေကန်ထဲသို့ကျသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ ထောင်ပေါင်းများစွာသော လှိုင်းတွန့်များကို ထသွားစေ၏။ အဆင့်မြင့်ကျွန်းပေါ်ရှိ အဆောင်တိုင်းမှ ကျောင်းသားအားလုံးမှာ ထိုကြေညာချက်ကို အာရုံအပြည့် စိုက်ထားကြတော့သည်။

မကြာသေးမီက ရင်ဆိုင်ခဲ့ရသည့် သားရဲလှိုင်းကြီးကြောင့် ပြည်ထောင်စုကြီးမှာ ချုံခိုတိုက်ခိုက်ခဲ့ပြီး သားရဲဘုရင် မြောက်မြားစွာကို အောင်မြင်စွာသတ်ဖြတ်နိုင်ခဲ့၏။ ထို့ကြောင့် သူတို့မှာ အနှစ်နှစ်ဆယ်တိတိ ငြိမ်းချမ်းစွာနေထိုင်နိုင်တော့မည်ဖြစ်သည်။ ထို ဆယ်စုနှစ်နှစ်စုစာ ပိုင်ဆိုင်ထားမည့် ငြိမ်းချမ်းမှုနှင့် ကြီးကျယ်ခမ်းနားသော နိုင်ပွဲကြီးကို အခြေပြုကာ နောက်ပိုင်းတွင် အကောင်အထည်ဖော်မည့် စီမံကိန်းတစ်ခုကို အကြံပြုတင်သွင်းခဲ့ရာ ယခုတွင် ထောက်ခံချက်ရရှိသွားပြီဖြစ်သည်။

ထို စီမံကိန်း၏ အမည်မှာ ဓားနေမင်းစစ်ဆင်ရေး ဖြစ်သည်။

ဓားနေမင်းစစ်ဆေးရေး၏ တာဝန်မှာ ရှေးဟောင်း ကြေးညိုရောင်ဓားကြီးပေါ်သို့ ဆင်းသက်ရန်ဖြစ်သည်။

ထို ဓားကြီးပေါ်သို့ ဆင်းသက်ပြီးလျှင် နယ်မြေတစ်ခုကို သိမ်းပိုက်ကာ လက်အောက်ခံပြည်နယ်တစ်ခုအဖြစ် ပြောင်းလဲရန်ဖြစ်သည်။

ထိုကိစ္စကြီးမှာ အလွန်အင်မတန်မှ ကြီးမားသောကြောင့် နိုင်ငံရေးအင်အားစုအားလုံး အံ့ဩတုန်လှုပ်သွားကြ၏။ ကောင်းကင်တာအိုကျောင်းမှ ကျောင်းသားများမှာလည်း လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားသွားကြသည်။ ၎င်းမှာ ကျင့်ကြံသူတိုင်း၏ အိပ်မက်တစ်ခုပင်ဖြစ်သည်။ ယခင်တုန်းကဆိုလျှင် ပြည်တွင်းရေး ပဋိပက္ခများအပြင် ပြည်ပမှ နှောင့်ယှက်မှုများပါ ရှိခဲ့သောကြောင့် ထိုကဲ့သို့ ဆောင်ရွက်နိုင်ရန်မှာ အင်မတန်မှ ခက်ခဲခဲ့၏။

သို့သော် ယခုတွင်မူ ပြည်ပမှ နှောင့်ယှက်မှုများကို ယာယီခန့် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သောကြောင့် ပြည်ထောင်စုကြီးမှာ ပြည်တွင်းထဲရှိ နိုင်ငံရေးအင်အားစုများအား အာရုံလွှဲနိုင်မည့် ပစ်မှတ်တစ်ခုကို ရှာဖွေနေ၏။ ထို့ကြောင့် ဓားနေမင်းစစ်‌ဆင်းရေးကို ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

ထိုစစ်ဆင်ရေးမှာ အင်မတန်မှ ကြီမားသော ကိစ္စကြီးတစ်ခုဖြစ်၏။ အာနာပါနအဆင့်ကျင့်ကြံသူများမှာ ထိုစစ်ဆေးရေးထဲတွင် ပါဝင်ခွင့်ရှိမည်မဟုတ်ပေ။ သို့သော် ဓားနေမင်းစစ်ဆင်းရေးထဲတွင် အာနာပါနအဆင့်ကျင့်ကြံသူများနှင့်ပတ်သက်သော အခန်းကဏ္ဍတစ်ခု ပါဝင်၏။ ၎င်းမှာ ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာ အစီအစဉ်ပင် ဖြစ်သည်။

ပြည်ထောင်စုကြီးထဲရှိ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစု အသီးသီးထဲမှ အာနာပါနအဆင့် ပါရမီရှင် အယောက်တစ်ရာကို ရွေးချယ်၍ သေသေချာချာ ပြုစုပျိုးထောင်ပေးမည့် အစီအစဉ်ပင် ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset