ဝမ်ပေါင်လဲ့မှာ စိန်လူဝံကြီး ထွက်ခွာသွားပြီး သားရဲမွေးမြူရေးအဆောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မျက်နှာမဲ့သွား၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ လျှောက်လှမ်းသွား၏။ သူ၏ ဦးနှောက်မှာ စတင်အလုပ်လုပ်နေပြီဖြစ်ပြီး သူ၏အတွေးထဲတွင် အကြံမျိုးစုံဖြင့် ပြည့်နှက်နေပြီဖြစ်သည်။
” ပေါက်ကွဲစေတဲ့ ပုတီးစေ့တွေကို အဲ့မျောက်ကြီးဆီ လှမ်းပစ်လိုက်ရမလား။ မဖြစ်သေးဘူး။ အဲ့လိုဆိုရင် အရမ်းသိသာလွန်းနေမှာ ”
” ခြင်တွေကို သူ့ကို ကိုက်ခိုင်းလိုက်ရမလား။ အဲ့အကြံတော့ မဆိုးဘူး။ ဒါပေမဲ့ အဲဒီမျောက်ကြီး သောင်းကျန်းလို့ သားရဲမွေးမြူရေးအဆောင်က စုံစမ်းစစ်ဆေးရေးတွေ လုပ်လိုက်မယ်ဆိုရင် တရားခံက ငါဆိုတာ တန်းပေါ်သွားမှာ ”
” တခြားတစ်ယောက်ယောက်နဲ့ ရန်တိုက်ပေးရမလား။ အဲ့မျောက်ကြီးနဲ့ သားရဲမွေးမြူရေးအဆောင်က အကြီးအကဲကြီးကို သွေးခွဲလိုက်ရမလား။ အဲ့လိုမျိုးလုပ်နိုင်ဖို့က တော်တော်လေးကို ရှုပ်တယ်။ ငါ့လို ပါးနပ်တဲ့ လူမျိုးက အဲ့လိုမျိုး မလုပ်သင့်ဘူး… ”
” ငါ ဘယ်လိုလုပ်ရပါ့ ”
ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ တွေးတောနေ၏။ သူသည် ငယ်စဉ်ဘဝတုန်းက ကြုံတွေခဲ့ရသော အဖြစ်အပျက်များစွာကို ပြန်ပြောင်းစဉ်းစားရင်း အတွေးထဲ၌ ပေါ်လာသော အကြံတစ်ခုချင်းစီကို မေ့ထားလိုက်၏။ သူ နတ်ဝိဇ္ဇာဂူထဲသို့ ရောက်သွားသောအခါ သူ၏ခြေလှမ်းများမှာ ရပ်တန့်သွား၏။
” အဲဒီ စိန်လူဝံကြီးက အထီးလား၊ အစ်မလား ”
ဝမ်ပေါင်လဲ့မှာ သိချင်သွား၏။ ထို့ကြောင့် သူသည် သေသေချာချာ ပြန်စဉ်းစားကြည့်ရင်း တဖြည်းဖြည်းနှင့် မကျေမချမ်း ဖြစ်လာပြန်သည်။ နောက်ဆုံးတွင် ထိုစိန်လူဝံကြီးမှာ အထီးဖြစ်ကြောင်း သူက သေချာသွား၏။
” အခြေတည်အဆင့် သားရဲကြီးတစ်ကောင် ဖြစ်ရဲ့သားနဲ့ အဲဒီမျောက်ကြီးက အဝတ်အစားတွေ မဝတ်တဲ့အပြင် လူမြင်ကွင်းရှေ့မှာ ကိုယ်တုံးလုံးကြီးနဲ့ နေနေတာ။ သူ့ရဲ့ ဖော်ချွတ်ပြချင်စိတ်က တော်တော်လေးကို လွန်လွန်းတာပဲကွ ”
ဝမ်ပေါင်လဲ့မှာ နှာမှုတ်လိုက်၏။ ထိုမျောက်ကြီး ကျူးလွန်ခဲ့သော အပြစ်များမှာ အမှန်တကယ်ပင် ဆိုးရွားကြောင်း သူက ဆုံးဖြတ်လိုက်၏။
” ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက အမြဲတမ်း သဘောထားကြီးခဲ့ပြီးတော့ ခွင့်လွှတ်တတ်တဲ့ လူတစ်ယောက် ဖြစ်ခဲ့တာ။ ဘယ်တုန်းကမှလည်း အငြှိုးအတေးတွေ မထားခဲ့ဖူးဘူး။ ဒါပေမဲ့ ဒီမျောက်ကြီးက တော်တော်ကို အရှက်မရှိတာ။ ပြီးတော့ သူ့ကိုယ်သူ ဖော်ချွတ်ပြရတာကိုလည်း သဘောတွေ့နေသေးတယ်။ ကျောင်းမှာရှိတဲ့ ကျောင်းသူတွေက ဒီလိုမျိုး အရှက်မရှိတဲ့လုပ်ရပ်ကို ဘယ်လိုမျက်နှာမျိုးနဲ့ ကြည့်ရမှာလဲကွ။ ဒါ အများပြည်သူကို သက်သက်မဲ့ စော်ကားတာပဲ။ ကျောင်းကိုဒုက္ခပေးနေတဲ့ ဒီအကျင့်ပျက်မျောက်ကြီးကို ငါ စည်းကမ်းကြပ်မတ်ပေးမှ ဖြစ်မယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီး ရုတ်တရက်ဆိုသလို စိတ်နှလုံး တည်ငြိမ်သွား၏။ သူသည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် လိုအပ်ကြောင်း ခံစားလိုက်ရပြီး သူ၏အတွေးထဲတွင် အစီအစဉ်တစ်ခု ချက်ချင်းပင် ပေါ်လာတော့သည်။
” ဒီမျောက်ကြီးက အထီးဆိုတော့ ငါ လုပ်ရမယ့် နည်းလမ်းက တစ်ခုပဲရှိတယ်။ သူ့အတွက် မျောက်မ ရုပ်သေးရုပ်တစ်ခုကို ဖန်တီးပေးဖို့ပဲ… ”
ဝမ်ပေါင်လဲ့မှာ ထိုအစီအစဉ်ကို သူ၏အတွေးထဲတွင် ပုံဖော်ကြည့်လိုက်ပြီးနောက် အောင်မြင်နိုင်မည်ဟု ယုံကြည်သွား၏။ သူသည် ထိုအစီအစဉ်ကို စိတ်ထဲတွင် ပုံဖော်နေရင်း ရယ်မောနေမိတော့သည်။ ထို့နောက် သူသည် စိတ်လှုပ်ရှားသွားကာ မျှော်လင့်ချက်များ ကြီးထွားလာပြီး သူ၏ မျက်ဝန်းများမှာ စူးရှတောက်ပလာတော့သည်။ နောက်ဆုံးတွင် သူသည် နောက်သို့လှည့်ကာ အရည်ကြိုမီးဖိုဆီသို့ ပြေးသွားလိုက်ပြီး ကုန်ကြမ်းပစ္စည်းများကို ထုတ်ယူကာ စတင်ဖန်တီးလိုက်တော့သည်။
တချိန်တည်းမှာပင် သူသည် ဝိညာဉ်ကွန်ရက်ပေါ်သို့ တက်၍ အချက်အလက်မျိုးစုံကို ရှာဖွေဖတ်ရှုနေတော့သည်။
ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွား၏။ သုံးရက်အကြာတွင် ဝမ်ပေါင်လဲ့မှာ အရည်ကြိုမီးဖိုအခန်းထဲမှ ပြန်ထွက်လာ၏။ သူ၏နောက်တွင် အသေးစား စိန်လူဝံကြီးတစ်ကောင် လိုက်လာသည်။
ထိုစိန်လူဝံကြီးမှာ တစ်ကိုယ်လုံး ပန်းရောင်သန်းကာ ကြီးမားသော မျက်လုံးများနှင့် ချယ်ရီသီးကဲ့သို့ သေးငယ်သော ပါးစပ်ကို ပိုင်ဆိုင်ထားပြီး ၎င်း၏ ကိုယ်လုံးကိုယ်ပေါက်မှာ အချိုးအစား လှပလွန်းနေ၏။ ၎င်းဆီမှ ထွက်ပေါ်နေသော ဝိညာဉ်ချီမှာလည်း အံ့ဩဖွယ်ရာကောင်းလှပေသည်။ ထို နတ်ဘုရားရတနာ၏ အရည်အသွေးမှာ တတိယအဆင့်ရှိသော နတ်ဘုရားရတနာတစ်ပါး ဖြစ်၏။
၎င်း၏ မာကျောမှုအတွက် ဝမ်ပေါင်လဲ့မှာ ဦးနှောက်ခြောက်ခံ၍ စဉ်းစားတွေးတောကာ သူ တတ်မြောက်ထားသော ခုခံမှု ကမ္ဗည်းစာလုံး အားလုံးနီးပါးကို စုပေါင်း၍ ဝိညာဉ်အမြုတေထဲတွင် ရေးထိုးထား၏။ ထို့အပြင် သူသည် ကုန်ကြမ်းပစ္စည်းများကိုလည်း လျှော့ပေါ့သုံးထားခြင်း မရှိပေ။ ထို့ကြောင့် နောက်ဆုံးတွင် ပေါ်ထွက်လာသော ထို အသေးစားစိန်လူဝံကြီးကို ဖျက်ဆီးရန်မှာ လုံးဝနီးပါးမဖြစ်နိုင်ပေ။
ထို ရုပ်သေးရုပ်ထဲတွင် အလိုလို ပျက်စီးပေါက်ကွဲနိုင်သော စနစ်တစ်ခုပါဝင်ပြီး အဆင့်မြင့်ကျွန်း တစ်ကျွန်းလုံးပေါ်တွင် ဝမ်ပေါင်လဲ့တစ်ယောက်သာ ထိုစနစ်ကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
၎င်း၏ အပြင်ပိုင်း ပုံပန်းသွင်ပြင်ကိုမူ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကွန်ရက်ပေါ်တွင် မျောက်မများ၏ ရုပ်ပုံ ထောင်သောင်းများစွာကို ရှာဖွေကာ ၎င်းတို့အားလုံးကို အတူတကွ ပေါင်းစည်းလိုက်ပြီးမှ ဖန်တီးထားခြင်းဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင် ဉာဏ်ကွန့်၍ ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် စိန်လူဝံကြီး၏ မျက်လုံးထဲ၌ အလွန်အင်မတန်မှ ချစ်စရာကောင်းပြီး စွဲဆောင်မှု အပြည့်ရှိနေမည်ဟု သူယုံကြည်ထားသော ရုပ်သေးရုပ်တစ်ခု ပေါ်ထွက်လာတော့သည်။
” ဒီ ရုပ်သေးရုပ်ပေါ်လာတာနဲ့ အဲ့မျောက်စုတ်ကြီးက ချက်ချင်းကို စွဲလမ်းသွားမှာ သေချာတယ် ”
ဝမ်ပေါင်လဲ့မှာ ယုံကြည်မှုအပြည့်ရှိနေ၏။ ထို့နောက် သူသည် အင်မတန်မှ စိတ်ကျေနပ်သွားပြီး အော်ဟစ်ရယ်မောလိုက်တော့သည်။ ခဏကြာတွင် သူသည် စိတ်ဓာတ်တက်ကြွစွာဖြင့် ထို လူဝံရုပ်သေးရုပ်အား နတ်ဝိဇ္ဇာဂူ အပြင်ဘက်သို့ ခေါ်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဝိဇ္ဇာဂူအပြင်ဘက်သို့ ထွက်လာပြီးနောက် လက်ဖျောက်တီးလိုက်သောအခါ သူ၏နောက်တွင်လိုက်လာသော လူဝံရုပ်သေးရုပ်ကြီးထဲမှ အသံများ ဆက်တိုက်ပေါ်ထွက်လာ၏။ ၎င်း၏ ခန္ဓာကိုယ်အရွယ်အစားမှာလည်း နှစ်ဆတိတိ ပို၍ ကြီးမားလာ၏။ ၎င်းမှာ တောင်ပုလေးတစ်လုံးလောက် မကြီးပါသော်လည်း မြင်သာထင်သာ ရှိလောက်အောင် ကြီးမားနေပြီဖြစ်သည်။ ၎င်း၏ အရွယ်အစားမှာ စိန်လူဝံကြီးနှင့် ယှဉ်လိုက်ပါက သင့်တော်မှုရှိသည်ဟု ဝမ်ပေါင်လဲ့က ဆုံးဖြတ်လိုက်၏။
သူသည် ထို ရုပ်သေးရုပ်နှင့်အတူ ဓမ္မလက်နက်အဆောင်ထဲတွင် ဟိတ်ဟန်အပြည့်ဖြင့် လမ်းလျှောက်နေတော့သည်။ လမ်းတစ်လျှောက်တွင် သူ့အားမြင်လိုက်ရသည့် လူတိုင်း ဆွံ့အမှင်တက်သွားကြ၏။ သူတို့မှာ မျက်နှာအမူအရာများ ထူးဆန်းသွားကြပြီး ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ်အား စိုက်ကြည့်နေကြတော့သည်။
” အဲဒါ… ရုပ်သေးရုပ်ကြီးလားဟ ”
” ဝမ်ပေါင်လဲ့က ဘာတုန်းဟ။ စိန်လူဝံ ရုပ်သေးရုပ်တစ်ခုကို တကယ်ကြီး ဖန်တီးထားတာလား ”
” အဲဒီ ရုပ်သေးရုပ်ရဲ့ပုံစံက နည်းနည်းလေး ကပိုကရို ဖြစ်နေတယ်လို့ မင်းတို့မထင်ဘူးလား ”
ဝမ်ပေါင်လဲ့မှာ ဘေးပတ်ပတ်လည်မှ ဆွေးနွေးငြင်းခုန်သံများကို ကြားလိုက်ရပြီး လူတိုင်း၏ မျက်နှာအမူအရာများကို သတိထားမိလိုက်သောအခါ ပို၍ပင် စိတ်ကျေနပ်သွားပြီး သူ၏ အစီအစဉ်ကို ပို၍ ယုံကြည်သွားတော့သည်။
” ဒီ ရုပ်သေးရုပ်ကြီးက ယုံမှားဖွယ်ရာမရှိလောက်အောင် ပြောင်မြောက်တဲ့ အနုပညာ လက်ရာတစ်ခုပဲ ”
ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်၍ စိတ်ကျေနပ်မှု အပြည့်ဖြင့် ထိုလူဝံရုပ်သေးရုပ်ကြီးအား လှမ်းကြည့်လိုက်သည်။ သို့သော် ၎င်းအား ဖန်တီးထားရသည့် အကြောင်းအရင်းကို ပြန်၍အမှတ်ရသွားသောအခါ သူသည် သက်ပြင်းသာ ချမိသွား၏။ သူသည် တမူထူးခြားသော ရုပ်သေးရုပ်များကို ဖန်တီးနေခဲ့သည့် သူ၏ မူလလမ်းစဉ်ပေါ်မှ သွေဖီသွားပြီး မကောင်းသော လမ်းစဉ်တစ်ခုပေါ်သို့ တဖြည်းဖြည်းနှင့် ရောက်သွားပြီဖြစ်ကြောင်း ခံစားနေရ၏။
” အများပြည်သူကို ဒေါသထွက်အောင်လုပ်ခဲ့တဲ့ ဒီမျောက်စုတ်ကြီးကို အပြစ်ပေးဖို့အတွက် ငါက အများကြီး ပေးဆပ်ထားရတာ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဒါ ငါ့ရဲ့ ကံကြမ္မာပါပဲ။ ငါ့ရဲ့ တစ်ဘဝလုံးမှာ ငါက အငြှိုးအတေးတွေ မထားဘဲ သူများတွေကိုကူညီပေးဖို့ ကံပါလာတာလေ ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ သူ၏ သင်္ဘောပျံကြီးကို ထုတ်ယူလိုက်ပြီး ရုပ်သေးရုပ်ကြီးနှင့်အတူ ၎င်းပေါ်သို့ ခုန်တက်လိုက်၏။
သူသည် ထို သင်္ဘောပျံကြီးနှင့် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အဆင့်မြင့်ကျွန်းအား တစ်ပတ်ပတ်လိုက်၏။ သားရဲမွေးမြူရေးအဆောင်နားသို့ ရောက်သွားသောအခါ သူသည် အရှိန်လျှော့လိုက်၏။ အချိန်မှာ နေမွန်းတည့်ချိန်သို့ ရောက်နေပြီဖြစ်သည်။ ထို့ကြောင့် အဝေးမှကြည့်လိုက်ပါက နေရောင်အောက်တွင် ပန်းရောင်ရုပ်သေးရုပ်ကြီးမှာ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ညှို့ယူအား ကောင်းနေတော့သည်။ ၎င်းမှာ ဆူးခြုံများကြားမှ နှင်းဆီပန်းတစ်ပွင့်ကဲ့သို့ ဖြစ်နေသောကြောင့် လူအများ၏အာရုံကို ဖမ်းစားနိုင်သွား၏။ တချိန်တည်းမှာပင် သားရဲမွေးမြူရေးအဆောင်ထဲမှ တောင်ထိပ်တစ်ခုပေါ်ရှိ နတ်ဝိဇ္ဇာဂူတစ်လုံးထဲမှ မျက်ဝန်းတစ်စုံမှာ ထိုရုပ်သေးရုပ်ကြီးအား စိုက်ကြည့်နေတော့သည်။
ထို မျက်လုံးများမှာ ဝမ်ပေါင်လဲ့၏ သင်္ဘောပျံကြီးပေါ်သို့ ချက်ချင်းပင် ကျရောက်လာပြီးနောက် မှေးသွား၏။ ထို့နောက် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးတစ်သံ ပေါ်ထွက်လာတော့သည်။ ထိုအသံကြီး ပေါ်ထွက်လာပြီးနောက် စိန်လူဝံကြီးမှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိသည့်အပြင် အနည်းငယ်ခန့်ပင် စိတ်လှုပ်ရှားနေသည့် အမူအရာဖြင့် ၎င်း၏ နတ်ဝိဇ္ဇာဂူထဲမှ ပြေးထွက်လာပြီး ဝမ်ပေါင်လဲ့ဆီသို့ တည့်မတ်စွာ ဦးတည်လာတော့သည်။
” လာနေပြီဟေ့ ”
ဝမ်ပေါင်လဲ့မှာ သူနှင့် ရင်းနှီးနေပြီးသားဖြစ်သော ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် စိတ်လှုပ်ရှားသွား၏။ သူသည် ရုပ်သေးရုပ်ကြီးအား ချက်ချင်းပင် ထိန်းချုပ်လိုက်ပြီး စိန်လူဝံကြီး၏ အာရုံကို ဖမ်းစားနိုင်ရန်အတွက် ၎င်းအား သင်္ဘောပျံကြီး၏ အပြင်ဘက်သို့ ပျံထွက်သွားစေလိုက်၏။
သို့သော် ထို စိန်လူဝံကြီးမှာ အော်ဟစ်မြည်တမ်းကာ အနားသို့ရောက်လာသည်နှင့် တစ်ပြိုင်နက် ထို လူဝံရုပ်သေးရုပ်ကို တစ်ချက်ကလေးပင် မကြည့်ဘဲ ၎င်းအား အဝေးသို့ လွင့်ထွက်သွားအောင် လက်ဝါးဖြင့် ရိုက်လိုက်၏။ ထို့နောက် စိန်လူဝံကြီးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ သူ့ဆီသို့ ပြေးလာတော့သည်။ ဝမ်ပေါင်လဲ့ကသာ သူ၏ အာရုံအား ဖမ်းစားထားသကဲ့သို့ပင်။
” ဘာလဲဟ။ သူက အဲ့အရုပ်ကို မကြိုက်ဘူးလား ”
ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး ကတုန်ကယင်နှင့် သင်္ဘောပျံကြီးကို ချက်ချင်း ထိန်းချုပ်ကာ ရှောင်တိမ်းလိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ စိန်လူဝံကြီးမှာ အနားသို့ရောက်လာပြီး သွားများဖြဲကာ သင်္ဘောပျံကြီးအား လှမ်းရိုက်လိုက်တော့သည်။
ထို့ကြောင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်ကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ထို့နောက် သူသည် သင်္ဘောပျံကြီးအား ခက်ခက်ခဲခဲနှင့် ထိန်းချုပ်၍ စိန်လူဝံကြီး၏ ဒုတိယမြောက်တိုက်ကွက်ကို ရှောင်တိမ်းလိုက်ပြီး မြေပြင်ပေါ်သို့ဆင်းသက်ကာ သင်္ဘောပျံကြီးထဲမှ အလောတကောနှင့် ထွက်လာတော့သည်။ ထို့နောက် သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ ဒေါသတကြီးနှင့် စိုက်ကြည့်နေလိုက်တော့သည်။
လေထဲတွင်မူ ပြုံးဖြဲဖြလုပ်နေသော စိန်လူဝံကြီး၏ ပါးစပ်မှာ ပို၍ပင် ပြဲလာ၏။ ၎င်းမှာ ယခင်ကထက်ပင် သူ့အား ပို၍ အထင်သေးနေသည့်ပုံပင်။ ထို့နောက် ထိုလူဝံကြီးမှာ လှောင်ပြောင်နေသည့်အမူအရာဖြင့် ၎င်း၏ ရင်ဘတ်အား တဒုန်းဒုန်းမြည်အောင် ထုနှက်ပြလိုက်ပြီးနောက် ဟိတ်ဟန်အပြည့်ဖြင့် ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုလူဝံကြီး ထွက်ခွာသွားသည်ကိုကြည့်ရင်း အသက်ရှူသံများမြန်လာပြီး ဒေါသတကြီးနှင့် အံကြိတ်လိုက်၏။
” ဒါ ငါ့ဘက်က ဆုံးဖြတ်ချက် မှားတာမဟုတ်ဘူး။ ဒီမျောက်စုတ်ကြီးရဲ့ အကြိုက်က ထူးဆန်းနေလို့ပဲ ဖြစ်ရမယ်။ အဲ့လိုပဲ ဖြစ်မှာပါ ”
ဝမ်ပေါင်လဲ့မှာ သူ၏ဘေးတွင်ရှိနေသော လူဝံရုပ်သေးရုပ်ကြီးအား ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ကြည့်လိုက်၏။ ထို့နောက် သူသည် ထိုရုပ်သေးရုပ်ကို သိမ်းဆည်းလိုက်ပြီး သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်ကာ အရည်ကြိုမီးဖိုအခန်းထဲသို့ ဝင်သွားလိုက်ပြီး ထို လူဝံရုပ်သေးရုပ်ကြီး၏ ပုံပန်းသွင်ပြင်များကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လိုက်တော့သည်။
နောက်တစ်ရက်တွင် ထိုပြုပြင်ပြောင်းလဲမှုများမှာ ပြီးစီးသွား၏။ ယခုအကြိမ်တွင် ဝမ်ပေါင်လဲ့မှာ ထိုရုပ်သေးရုပ်၏ ခန္ဓာကိုယ်အား အဓိကထား၍ ပြင်ဆင်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ သူသည် စိန်လူဝံကြီးမှာ အင်မတန်မှ အားသန်သောကြောင့် ဗလတောင့်တင်းသော ခန္ဓာကိုယ်များကို ပို၍နှစ်ခြိုက်လောက်မည်ဖြစ်ကြောင်း ခန့်မှန်းကြည့်လိုက်၏။ ထို့ကြောင့် ပြုပြင်မွမ်းမံထားသော လူဝံရုပ်သေးရုပ်ကြီးမှာ ဗလအပြည့်နှင့် ဖြစ်နေ၏။
ထိုပြုပြင်ပြောင်းလဲမှုများမှာ အကျိုးသက်ရောက်မှု တစ်ခုတော့ ရှိသည့်ပုံပင်။ စိန်လူဝံကြီးမှာ ထိုရုပ်သေးရုပ်အား အကြိမ်ရေ အနည်းငယ်ခန့် အကဲခတ်ကြည့်ရှုခဲ့၏။ သို့သော် နောက်ဆုံးတွင်မူ ၎င်းမှာ ဝမ်ပေါင်လဲ့၏ သင်္ဘောပျံကြီးဆီသို့သာ ပြေးလာဆဲပင်။ သို့ရာတွင် ၎င်း၏ သင်္ဘောပျံကြီးအား လှမ်းရိုက်လိုက်သည့် ပြင်းအားမှာ ယခင်ကထက် အနည်းငယ်ခန့်ပို၍ ပျော့သွားသည့်ပုံပင်။
” အကျိုးသက်ရောက်မှုရှိတယ်ကွ ”
ဝမ်ပေါင်လဲ့မှာ စိတ်လှုပ်ရှားသွားပြီး ပြုပြင်မွမ်းမံမှုများကို ဆက်လုပ်နေလိုက်တော့သည်။ အကြိမ်အနည်းငယ်ခန့် စမ်းသပ်လိုက်ပြီးနောက် နောက်ဆုံးတွင် သူသည် စိန်လူဝံကြီး၏ အကြိုက်ကို ကောင်းကောင်းကြီး နားလည်သွားတော့သည်။ ထို့ကြောင့် သူသည် သေးငယ်သော မျက်ဝန်းများ၊ ထူထဲသော နှုတ်ခမ်းတစ်စုံနှင့် ရွှံ့ဝါရောင် အမွေးများဖြင့် ဖုံးအုပ်နေပြီး ဗလတောင့်တင်းနေသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသည့် လူဝံရုပ်သေးရုပ်တစ်ခုကို ဖန်တီးလိုက်တော့သည်။
ထိုလူဝံရုပ်သေးရုပ်မှာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အစွမ်းပြလိုက်၏။ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာနေသော စိန်လူဝံကြီးမှာ ချက်ချင်းပင် အာရုံဖမ်းစားခံလိုက်ရ၏။ ၎င်း၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး အသက်ရှူသံများမှာလည်း လေးလံလာတော့သည်။ ထို့နောက် စိန်လူဝံကြီးမှာ ဝမ်ပေါင်လဲ့ဆီမှ ချက်ချင်းပင် အကြည့်လွှဲသွားတော့သည်။ လူဝံရုပ်သေးရုပ်အား စိုက်ကြည့်နေသော ၎င်း၏ မျက်ဝန်းများထဲတွင် ဆန္ဒမီးလျှံများ တောက်လောက်နေသည်ကို ဝမ်ပေါင်လဲ့က အထင်းသားမြင်နေရသည်။
” ငါးစာကိုတော့ ဆွဲနေပြီဟေ့ ”
ဝမ်ပေါင်လဲ့မှာ စိန်လူဝံကြီး သူ၏ လူဝံရုပ်သေးရုပ်ဆီသို့ ပြေးသွားသည်ကို စိုက်ကြည့်နေလိုက်ပြီး ထိုရုပ်သေးရုပ်အား ချက်ချင်းပင် အဝေးသို့ စေလွှတ်လိုက်၏။ သို့သော် ၎င်းမှာ နှေးကွေးလွန်းနေသောကြောင့် ခဏအကြာတွင် စိန်လူဝံကြီးမှာ ၎င်းအား လိုက်မီသွား၏။ ထို့နောက် ထိုလူဝံကြီးမှာ ရုပ်သေးရုပ်အား လှမ်းဆွဲကာ ရင်ခွင်ထဲ၌ ပွေ့ပိုက်လိုက်ပြီး ၎င်း၏ နတ်ဝိဇ္ဇာဂူဆီသို့ အလောတကောနှင့် ပြန်သွားလိုက်တော့သည်။
” အရှက်မရှိတဲ့ မျောက်ကြီးကတော့ကွာ။ ကောင်းကင်ဘုံကနေ ငရဲအထိ ဇောက်ထိုးကျရတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲဆိုတာကို မင်း မြည်းစမ်းရတော့မှာပါ ”
ဝမ်ပေါင်လဲ့က ရန်ငြိုးကြီးစွာဖြင့် ကြိမ်းဝါးလိုက်၏။ ထို့နောက် သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ပြန်ကာ ကုန်ဆုံးသွားသော အချိန်များကို တွက်ချက်လိုက်ပြီးနောက် အလိုအလျောက် ပေါက်ကွဲပျက်စီးသည့် စနစ်ကို ချက်ချင်းပင် ဖွင့်လိုက်တော့သည်။
ထို စနစ်အား ဖွင့်လိုက်ပြီး သိပ်မကြာခင် သားရဲမွေးမြူရေးအဆောင်ဘက်မှ အံ့ဩတုန်လှုပ်မှုများနှင့် ဆန္ဒမပြည့်မြောက်ကြောင့် ပေါ်ထွက်လာသည့် ဒေါသစိတ်များဖြင့် ပြည့်နှက်နေသော ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာပြီး လေထုထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအသံအား ကြားလိုက်ရသောအခါ ဝမ်းသာအားရ ဖြစ်သွား၏။
” အရှက်ရမရှိတဲ့ မျောက်စုတ်။ ဘယ်လိုလဲကွ။ အံ့အားသင့်သွားတယ်မလား။ ဒါ အခုမှ အစပဲရှိသေးတယ်။ အဆိုးရွားဆုံး နာကျင်မှုက ကိုယ်မပိုင်ဆိုင်နိုင်တဲ့အရာကို ချစ်မြတ်နိုးရတာပဲဆိုတာ သိပ်မကြာခင် မင်း သိသွားစေရမယ် ”
ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ ဒဿနပညာရှင် တစ်ယောက်ကဲ့သို့ ခံစားနေရပြီး သူ၏နှုတ်မှထွက်လာသော စကားလုံးတိုင်းမှာ အဓိပ္ပါယ်လေးနက်ကာ ဒဿနများနှင့် ပြည့်နှက်နေတော့သည်။
သူ၏အစီအစဉ်ကို သုံးဆင့်ခွဲထား၏။ ပထမအဆင့်မှာ စိန်လူဝံကြီးအား ဆွဲဆောင်၍ ၎င်းအား မျှားခေါ်ထားရန်ဖြစ်သည်။ ဒုတိယအဆင့်မှာ ၎င်းအား ရုပ်သေးရုပ်ကို ခေတ္တမျှ ပိုင်ဆိုင်ခွင့် ပေးလိုက်ပြီး ၎င်းအား စွဲမက်သွားအောင် ပြုစားလိုက်ရန်ဖြစ်သည်။ နောက်ဆုံး တတိယအဆင့်မှာမူ….
စိန်လူဝံကြီးအား ထိုရုပ်သေးရုပ်ကို တစ်ခဏလေးပင် ပိုင်ဆိုင်ခွင့်မပေးတော့ရန် ဖြစ်သည်။
ထိုကဲ့သို့ ” ပေးလိုက် ပြန်ယူလိုက် ” နည်းဗျူဟာကို ဝမ်ပေါင်လဲ့မှာ စိန်လူဝံကြီးအတွက် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။
ထိုဗျူဟာမှာ အခြားလူများပေါ်တွင် အလုပ်မဖြစ်နိုင်ပါသော်လည်း သားရဲကြီးတစ်ကောင်ပေါ်တွင်ဆိုလျှင်မူ အောင်မြင်နိုင်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က ယုံကြည်ထား၏။
သူသည် စိတ်ကျေနပ်ကာ အားရသွားသောကြောင့် ချက်ချင်းပင် အရည်ကြိုမီးဖိုခန်းထဲသို့ သွားလိုက်ပြီး ပုံစံတူ လူဝံရုပ်သေးရုပ်တစ်ခုကို ဖန်တီးသန့်စင်လိုက်၏။ နောက်နေ့တွင် သူသည် ထိုရုပ်သေးရုပ်အား အပြင်သို့ထုတ်လာ၏။
ထို့နောက် ယခင်အကြိမ်တုန်းအတိုင်း တစ်ထေရာတည်း ထပ်၍ ဖြစ်သွားပြန်သည်။ စိန်လူဝံကြီးမှာ လူဝံရုပ်သေးရုပ်ကြီးကို ချက်ချင်းပင် ဖမ်းဆုပ်သွားလိုက်ပြီးနောက် ထိုရုပ်သေးရုပ်မှာ အလိုလို ပျက်စီးပေါက်ကွဲသွားသဖြင့် လူဝံကြီး၏ အမျက်ချောင်းချောင်းထွက်ကာ ရူးသွပ်လုမတတ်ဖြစ်နေသော အော်ဟစ်သံများ ပြန်လည်ထွက်ပေါ်လာနေတော့သည်။
ဝမ်ပေါင်လဲ့မှာ သားရဲမွေးမြူရေးအဆောင်က ပြန်လည်တုံ့ပြန်နိုင်သည့် အချက်ကိုလည်း ထည့်တွက်ထားသောကြောင့် ထိုကဲ့သို့ အကြိမ်အများကြီး မလုပ်ခဲ့ပေ။ သုံးကြိမ်တိတိ ပြီးဆုံးသွားပြီးနောက် သူသည် လူဝံရုပ်သေးရုပ်များကို ထပ်၍ အပြင်သို့ ထုတ်မလာတော့ဘဲ နတ်ဝိဇ္ဇာဂူထဲတွင်သာ စောင့်ဆိုင်းနေလိုက်တော့သည်။
နောက်ဆုံးတွင် ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် မနက်ခင်းတစ်ခုသို့ ရောက်သော် အနီရောင် မျက်လုံးကြီးများနှင့် စိန်လူဝံကြီးတစ်ကောင်မှာ ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူရှေ့တွင် ပေါ်လာပြီး တံခါးရှေ့တွင် ဟိန်းဟောက်လိုက်၏။
အလွန်အင်မတန်မှ ပျော်ရွှင်စရာကောင်းသော အရုပ်တစ်ရုပ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းအား အကြိမ်ရေအနည်းခန့်သာ ကစားရသေးပါသော်လည်း ဆုံးရှုံးလိုက်ရသည့် ခံစားချက်ကြောင့် စိန်လူဝံကြီး၏ နှလုံးသားမှာ လစ်ဟာသွားရ၏။ ယခုတွင် ထို လူဝံကြီးမှာ ဝမ်ပေါင်လဲ့၏ နတ်ဝိဇ္ဇာဂူရှေ့၌ အော်ဟစ်မြည်တမ်းကာ ဝမ်ပေါင်လဲ့အား အပြင်သို့ထွက်လာအောင် အော်ခေါ်ရင်း ကျောက်တုံးနံရံများကို ထုနှက်နေပြီဖြစ်သည်။
နတ်ဝိဇ္ဇာဂူထဲတွင်မူ ဝမ်ပေါင်လဲ့မှာ ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းမော့နေ၏။ သူသည် သူ၏ အဝတ်အစားများကို ဖြည်းဖြည်းချင်း ဆွဲဆန့်လိုက်ပြီး တံခါးပေါက်အား ဟရုံလောက်သာ ဖွင့်လိုက်၏။ ထို့နောက် ထိုအပေါက်ထဲမှနေ၍ မျက်လုံးတစ်ဖက်ဖြင့် အပြင်ဘက်တွင် ရပ်နေသော အမျက်ချောင်းချောင်းထွက်နေသည့် စိန်လူဝံကြီးအား လှမ်းကြည့်လိုက်သည်။
” ဘာတွေအော်နေတာလဲကွ။ စကားတစ်လုံးမှကို နားမလည်ဘူး။ မင်းပြောစရာရှိရင် ပြောလေကွာ ”
” ဝေါင်းးး ”
စိန်လူဝံကြီးမှာ ထိုအပေါက်မှတစ်ဆင့် ဝမ်ပေါင်လဲ့၏ မျက်လုံးများကိုမြင်လိုက်ရသောကြောင့် ချက်ချင်းပင် ဟိန်းဟောက်ပြလိုက်၏။
” ဘာမှကို နားမလည်ဘူးလို့။ ဘာလို့ စကားတစ်ခွန်းမှ မပြောတာလဲကွ ”
ဝမ်ပေါင်လဲ့က ချောင်းဟန့်ကာ ထပ်ပြောလိုက်သည်။
” ဝေါင်းးးး ”
” အော်ချင်သလောက်သာ အော်တော့ကွာ။ မင်း စကားပြောမှာလား မပြောဘူးလား။ မပြောဘူးဆိုရင် ငါ ပြန်အိပ်တော့မယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီး ဟရုံမျှသာ ဟထားသော အပေါက်ကို ပြန်ပိတ်လိုက်တော့သည်။