Switch Mode

အခန်း ( ၁၉၄ )

တစ်ဘဝလုံး ကလိမ်ကကျစ်ကျခဲ့သူ

ထိုစကားလုံးများမှာ အမိန့်ဥပဒေများကဲ့သို့ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို အမိန့်ချမှတ်လိုက်သည့်အလားပင်။

အဆောင်မှူးမှာ အားအင်များ ကုန်ခန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏မျက်နှာမှာ ဖြူဆုတ်သွားပြီး သူသည် ရိုသေလေးစားမှုအပြည့်ဖြင့် ချက်ချင်းပင် ခေါင်းငုံ့လိုက်၏။ အခြား လက်ထောက်အဆောင်မှူးများမှာလည်း ထိုနည်းတူပင်။

ဤကိစ္စရပ်ကြီးတစ်ခုလုံးမှာ သူတို့နှင့် မဆိုင်ပါသော်လည်း ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီးသည် သေးဖွဲ့သိမ်နုပ်သော လူတစ်ယောက်ဖြစ်သည့် ဝမ်ပေါင်လဲ့မှာ ငြိမ်ခံမနေဘဲ သူ ရသင့်ရထိုက်သော အခွင့်အရေးများအား ရအောင်ပြန်ယူခဲ့သည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ ထို့ကြောင့်သူတို့အားလုံးမှာ စိတ်ဓာတ်များတက်ကြွလာကြပြီး သူ၏ အောင်မြင်မှုများကိုပါ မျှဝေခံစားနေရသကဲ့သို့ စိတ်ထဲတွင် ခံစားလိုက်ရ၏။ ထို့နောက် သူတို့မှာ မိုးကောင်းကင်ကြီးအား ‌နောက်ထပ်တစ်ကြိမ်ထပ်၍ ဦးညွှတ်လိုက်ကြပြန်သည်။

လင်းတျန်ဟောက်မှာမူ အသက်ရှင်သန်ချင်စိတ်များ ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားသကဲ့သို့ ခံစားနေရ၏။ သူ၏ နှလုံးသားထဲမှ နာကြည်းမှုများမှာ သမုဒ္ဒရာတစ်စင်းကဲ့သို့ ကျယ်ပြောနေတော့သည်။ သူသည် ဘေးပတ်ပတ်လည်ရှိ ဆူညံပွက်လောရိုက်နေသော အသံများကို မကြားနိုင်တော့ဘဲ မိန်းမောတွေဝေစွာဖြင့် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကြည့်ရင်း စိတ်ထဲတွင် ခိုကိုးရာမဲ့နေသည့် ခံစားချက်တစ်ခု ပေါ်လာတော့သည်။

သူ၏ မျက်ဝန်းများထဲတွင်လည်း ပုံရိပ်ပေါင်းများစွာ ပေါ်ပေါက်လာ၏။ သူသည် ဝမ်ပေါင်လဲ့နှင့် ပထမဆုံးအကြိမ်အဖြစ် စတင်ကြုံတွေ့ခဲ့စဉ်ကတည်းက သူနှင့် ထပ်ကာတလဲလဲ ရင်ဆိုင်တိုက်ခိုက်ခဲ့ပါသော်လည်း အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရသည်သာဖြစ်သည်။ ထို့ကြောင့် တဖြည်းဖြည်းနှင့် သူ၏ခေါင်းထဲတွင် ထူးဆန်းသောအတွေးတစ်ခု ပေါ်လာတော့သည်။

” ငါ့ရဲ့ တစ်ဘဝလုံး ငါက ကလိမ်ကကျစ် ကျခဲ့တာ။ ဒါပေမဲ့ အဲဒါတောင်မှ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်ကို ငါက မယှဥ်နိုင်သေးဘူး။ သူလည်း ငါ့လိုပဲ ကလိမ်ကကျစ်ကျထားတာ ဖြစ်ရမယ်။ သူ့ကို ရန်စမိလို့မဖြစ်ဘူး။ ရန်စမိလို့မဖြစ်ဘူး ”
လင်းတျန်ဟောက်မှာ ပူဆွေးသောကများကြောင့် နာကြည်းကာ စိတ်ပျက်လက်ပျက်ဖြစ်နေရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ နှလုံးသားထဲတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် ချက်ချင်းပင် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ကောင်းကင်ကြီးအား ဦးညွှတ်ပြလိုက်ပြီး ကျယ်လောင်စွာ ဆိုလိုက်၏။
” ကျေးဇူးတင်ပါတယ် ဂိုဏ်းစောင့်အကြီးအကဲကြီးခင်ဗျား။ ဂိုဏ်းစောင့်အကြီးအကဲကြီးက တရားမျှတပါပေတယ်။ အမှန်တရားကို သိလို့ အမှန်အတိုင်းပဲ ပြောတာမလို့ အကြီးအကဲကြီးရဲ့ စကား‌တွေထဲမှာ ချို့ယွင်းချက် လုံးဝမရှိနိုင်ပါဘူး ”

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ဦးညွှတ်နေစဉ် ကောင်းကင်ယံထဲရှိ မျက်နှာကြီးမှာ ဝမ်ပေါင်လဲ့အား ဖျတ်ခနဲကြည့်လိုက်၏။ ထို့နောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ခပ်ရေးရေးခန့် ပေါ်လာသည့်ပုံပင်။ နောက်ဆုံးတွင် ထိုမျက်နှာကြီးမှာ တဖြည်းဖြည်းနှင့် မှုန်ဝါးသွားကာ တိမ်တိုက်များအသွင် ပြန်လည်ပြောင်းလဲသွားပြီးနောက် လွင့်စင်ပျောက်ကွယ်သွားတော့သည်။

ကောင်းကင်ယံထဲရှိ ဖိနှိပ်အားကောင်းသော အ‌ငွေ့အသက်ကြီးမှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားသောကြောင့် အဆင့်မြင့်ကျွန်းမှာ သာမန်အတိုင်း ပြန်ဖြစ်လာ၏။ စိတ်ဓာတ်များတက်ကြွနေသော ဝမ်ပေါင်လဲ့မှာမူ အဆောင်မှူးအား ချက်ချင်းပင် လှမ်းကြည့်လိုက်၏။

” အဆောင်မှူး။ အဆင့်သတ်မှတ်ချက် အသစ်တွေကို မြန်မြန်လေး ကြေညာလိုက်တော့လေ ”

သူတို့နှစ်ယောက်မှာ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံနေလည်း မထူးတော့သည့် အခြေအနေသို့ ရောက်နေပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ရင်ကြားစေ့ရန် ဆန္ဒမရှိတော့သလို ရိုသေလေးစားချင်ယောင်လည်း ဆောင်မနေတော့ပေ။ သူ၏ စကားသံများကို ကြားလိုက်ရသောအခါ အဆောင်မှူး၏ မျက်နှာအမူအရာမှာ အင်မတန်မှ အကျည်းတန်သွား၏။ သူသည် ခေတ္တမျှ ဆိတ်ငြိမ်သွားပြီးနောက် အသက်ပြင်းပြင်းရှူကာ ကြေညာလိုက်ရတော့သည်။

” ဒီ ဓမ္မလက်နက်စစ်သည်စာမေးပွဲမှာ…. ဝမ်ပေါင်လဲ့အဆင့်တစ် ရပါတယ် ”
သူသည် ထိုသို့ကြေညာလိုက်ပြီးနောက် ရှံု့မဲ့နေသော မျက်နှာထားဖြင့် ချက်ချင်းပင် ထွက်ခွာသွားတော့သည်။ လက်ထောက်အဆောင်မှူးများမှာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ကြ၏။ ထို့နောက် သူတို့မှာ‌ ခေါင်းယမ်းကာ သက်ပြင်းများချလိုက်ကြပြီးနောက် သူ့အား ခေါင်းညိတ်ပြလိုက်ကြသည်။ သူတို့၏အမူအရာမှာ တောင်းပန်လိုပြီး သူ့အား ချစ်ကြည်မှု ပြသသည့်ပုံ ပေါက်နေ၏။ ထို့နောက် သူတို့မှာ ထွက်ခွာသွားကြတော့သည်။

အဆောင်မှူးနှင့် လက်ထောက်အဆောင်မှူးများ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ချန်းယွီထုံမှာ ရှေ့သို့ထွက်လာပြီး ဝမ်းသာကြောင်း စကားများနှင့် ဂုဏ်ပြုစကားများ ဆိုလိုက်၏။ ဝမ်ပေါင်လဲ့မှာမူ အသံအကျယ်ကြီးဖြင့် ရယ်မောကာ သူ၏ပတ်ပတ်လည်မှ လူများကို နှုတ်ဆက်ကာ ကျေးဇူးတင်စကားများ ဆိုလိုက်ပြီး ပျော်ရွှင်ရယ်မောရင်း စကားစမြည် ပြောဆိုနေလိုက်တော့သည်။ သူသည် လူရည်လည်သူတစ်ယောက်ဖြစ်ရာ သိပ်မကြာခင် ရှိသမျှလူတိုင်းနှင့်အတူ ရယ်မောကာ ဟာသများ ပြောဆိုနေကြတော့သည်။ အာလာပသလ္လာပစကားများကို ပြောဆိုလိုက်ပြီးနောက် သူသည် ရင်ပြင်ထဲမှ ထွက်ခွာလာပြီး သူ၏ နတ်ဝိဇ္ဇာဂူဆီသို့ ပြန်သွားလိုက်တော့သည်။

တချိန်လုံးတွင် သူသည် လင်းတျန်ဟောက်အား တစ်ချက်ကလေးပင် မကြည့်ခဲ့ပေ။ လင်းတျန်ဟောက်ကလည်း အကြောင်းသိနေသည့်ပုံပင်။ သူသည် ဖြစ်ကြောင်းကုန်စင်ကို ကြိတ်မှိတ်လက်ခံထားသည့် အမူအရာဖြင့် တိတ်တိတ်ကလေး ထွက်ခွာသွားပြီဖြစ်သည်။

ထိုသို့ဖြင့် အချိန်များကုန်လွန်သွားပြီး ရက်ပေါင်းများစွာ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့၏ ရာထူးချမှတ်ရာ၌ ဦးစားပေးခံရမည့် ရပိုင်ခွင့်ကို သူ၏ ဖိုင်တွဲများထဲတွင် မှတ်တမ်းတင်ပြီးသွားပြီဖြစ်သည်။ ထို့နောက် ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူးရာထူး အပြောင်းအရွှေ့နှင့် ခန့်အပ်မှုများကို ကြေညာလိုက်၏။

လက်ရှိအဆောင်မှူးလေးယောက်ထဲမှ တစ်ယောက်မှာ ကျောင်းအပြင်ဘက်တွင် တာဝန်ကျပြီး ပြည်ထောင်စုကြီးထဲတွင် တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်။ တစ်ပြိုင်နက်တည်းမှာပင် ချန်းယွီထုံမှာ ရာထူးတက်သွားပြီး လက်ထောက်အဆောင်မှူးတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။

သူ့ကြောင့်လစ်လပ်သွားသည့် ကျောင်းစီမံရေးဌာန၏ ခေါင်းဆောင်ရာထူးအတွက်မူ အတွေ့အကြုံရင့်သန်ပြီး တာဝန်သက်တမ်း ရှည်ကြာနေပြီဖြစ်သော ဓမ္မလက်နက်စစ်သည်များစွာမှာ နဂိုကတည်းက ယှဉ်ပြိုင်နေခဲ့ကြ၏။ ထို့ကြောင့် ထိုရာထူးအတွက် ပြင်းထန်သော ပြိုင်ဆိုင်မှုများ ပေါ်ပေါက်လာမည်မှာ မလွဲမသွေပင်။ အကယ်၍ ထိုပြိုင်ဆိုင်မှုများကသာ ရှည်ကြာနေမည်ဆိုပါက ထိုရာထူးမှာ အချိန်အတော်အတန်ကြာအောင် လစ်လပ်နေနိုင်ပေသည်။ သို့သော် ဝမ်ပေါင်လဲ့၏ စံနမူနာထားထိုက်သော စွမ်းဆောင်ချက်နှင့် သူ၏ ရာထူးချမှတ်ရာ၌ ဦးစားပေးခံရမည့် ရပိုင်ခွင့်တို့ကြောင့် ချန်းယွီထုံ၏ ဆရာဖြစ်သူနှင့် မဟာသခင်ကြီးတို့မှာ ပြိုင်ဘက်အားလုံးကို ချုပ်တည်းနိုင်ခဲ့၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျောင်းစီမံရေးဌာန၏ အမြင့်ဆုံးရာထူးသို့ အခက်အခဲသိပ်မရှိဘဲ ရောက်ရှိသွားတော့သည်။

သူတို့၏ မျိုးနွယ်အတွက် အခွင့်အရေးနှစ်ခု ပြိုင်တူရလိုက်သကဲ့သို့ပင်။ ဓမ္မလက်နက်အဆောင်၏ မဟာအကြီးအကဲ ရာထူးအတွက် ယှဉ်ပြိုင်မှုများ ရှိနေဆဲဖြစ်ပါသော်လည်း လျာထားခံရသူ အရေအတွက်မှာ သုံးယောက်သာ ကျန်ရစ်တော့သည်ဖြစ်ပြီး တာအိုကျောင်း၏ အမြင့်ပိုင်းရာထူးများနှင့် သက်ဆိုင်သော အသေးစိတ်အချက်အလက်များကို သိရှိနားလည်နိုင်သူများမှာ သိပ်မရှိပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကူညီပေးရန် ဆန္ဒရှိလျှင်တောင် ကူညီနိုင်မည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ချန်းယွီထုံနှင့်အတူ အောင်ပွဲခံလိုက်ပြီးနောက် ကျောင်းစီမံရေးဌာနထဲသို့ တရားဝင် ရောက်ရှိသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုရာထူးကို ရရှိလိုက်သည့် ပထမဆုံးနေ့တွင် သူ၏ နတ်ဝိဇ္ဇာဂူအား ရှင်းလင်းလိုက်၏။ ထို့နောက် သူသည် မှန်ထဲရှိ စစ်သည်ဝတ်ရုံများကို ဆင်မြန်းထားသော သူ၏ပုံရိပ်အား ရှုထောင့်အမျိုးမျိုးမှနေ၍ ကြည့်ရှုနေ၏။ နောက်ဆုံးတွင် သူသည် နောင်တရနေသည့် အမူအရာဖြင့် သက်ပြင်းချလိုက်တော့သည်။

” ငါလေးက ပြီးပြည့်စုံလွန်းလှပါလား… ”

ဝမ်ပေါင်လဲ့မှာ နောင်တကြီးစွာ ရနေဆဲပင်။ ထို့နောက် သူသည် နတ်ဝိဇ္ဇာဂူထဲမှ ထွက်ခွာလာပြီး စိတ်ဓာတ်တက်ကြွစွာဖြင့် ကျောင်းစီမံရေးဌာနဆီသို့ ဦးတည်သွားလိုက်၏။ သူ ထိုဌာနအနီးသို့ ရောက်ရှိသွားသောအခါ ကျောင်းစီမံရေးဌာန၏ တံခါးရှေ့တွင် မတ်တတ်ရပ်နေကြသော ချောမောလှပသည့် ကျောင်းသူဆယ်ယောက်ကျော်ကို လှမ်းမြင်လိုက်ရသည်။ သူတို့မှာ ဝမ်းမြောက်ကြောင်း ဖော်ပြလိုသောကြောင့် ရောက်ရှိလာကြခြင်းဖြစ်ပြီး ဝမ်ပေါင်လဲ့အား ချီးကျူးဂုဏ်ပြုသော စာလုံးများကို ရိုက်နှိပ်ထားသည့် အောင်လံတံခွန်တစ်ခုကိုလည်း ယူဆောင်လာကြသေးသည်။

ကျောင်းစီမံရေးဌာန၏ အဓိကအဖွဲ့ခေါင်းဆောင် လေးယောက်မှာ အစောကြီး ကြိုရောက်နေကြပြီး တံခါးရှေ့၌ စောင့်ဆိုင်းနေကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ ကျိုးဖုန်းဟိုင်မှာ ထိပ်ဆုံးမှနေ၍ သူ့ဆီသို့ ချဉ်းကပ်သွားလိုက်၏။ ကျန်သုံးယောက်မှာလည်း သူ့နောက်မှ လိုက်လာကြပြီး တရိုတသေနှင့် နှုတ်ခွန်းဆက်သလိုက်ကြသည်။

” မင်္ဂလာပါ ဓမ္မလက်နက်စစ်သည် ”

ထိုအဓိကအဖွဲ့ခေါင်းဆောင်လေးယောက်မှာ ဝမ်ပေါင်လဲ့နှင့် သူစိမ်းများမဟုတ်ကြပေ။ ဝမ်ပေါင်လဲ့ကမူ ပြုံးကာ သူတို့အား ခေါင်းညိတ်ပြလိုက်ပြီး ကျောင်းသူများကို လှမ်းကြည့်ကာ သူတို့ ကိုင်ဆောင်လာသော အောင်လံတံခွန်ကြီးကို မော့ကြည့်လိုက်၏။ သူသည် စိတ်ထဲတွင် ကျေနပ်အားရသွားပါသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ ခက်ထန်သွား၏။

” မင်းတို့တွေကွာ… နောက်ကျရင် ဒီလိုမျိုးတွေ မလုပ်နဲ့ ”
ဝမ်ပေါင်လဲ့က ဆူပူကြိမ်းမောင်းလိုက်၏။

ထိုအခါ ကျိုးဖုန်းဟိုင်မှာ ချက်ချင်းပင် သဘောတူလိုက်ပြီး ကျန် အဓိကအဖွဲ့ခေါင်းဆောင် သုံးယောက်မှာလည်း သူတို့ကိုယ်သူတို့ ပြန်၍သုံးသပ်လိုက်ကြသည်။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် စုဝေးကာ စကားစမြည်းများပြောဆိုရင်း ပင်မခန်းမကြီးထဲသို့ လျှောက်လှမ်းသွားကြတော့သည်။ လမ်းတစ်လျှောက်တွင် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသည့် ကျောင်းစီမံရေးဌာနမှ ကျောင်းသားတိုင်းမှာ သူ့အား တရိုတသေဖြင့် နှုတ်ဆက်နေကြတော့သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ပင်မခန်းမဆီသို့ ရောက်ရှိလာ၏။ သူ ထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် ကျိုးဖုန်းဟိုင်မှာ ဝမ်ပေါင်လဲ့အတွက် လက်ဖက်ရည်ဖျော်ပေးလိုက်ပြီး သူ့ရှေ့သို့ ယူဆောင်လာသည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ ဘေးတွင်ရပ်ကာ လေသံတိုးတိုးဖြင့် ကျောင်းစီမံရေးဌာန တစ်ခုလုံး လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများကို အစီရင်ခံလိုက်၏။

ဝမ်ပေါင်လဲ့မှာ ခေါင်းတညိတ်ညိတ်နှင့် ကျိုးဖုန်းဟိုင်၏ အစီရင်ခံမှုများကို နားထောင်နေ၏။ သူသည် အဆုံးထိ နားထောင်လိုက်ပြီးနောက် နောက်ဆုံးတွင် သူ၏ လက်ဖက်ရည်ခွက်ကို ‌မြှောက်လိုက်၏။ ထိုအခါ ကျိုးဖုန်းဟိုင်မှာ ချက်ချင်းပင် ခေါင်းငုံ့လိုက်ပြီးနောက် ထွက်ခွာသွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ သူ၏လက်ဖက်ရည်ခွက်ကို ချက်ချင်းပြန်ချကာ စူးရှတောက်ပနေသော မျက်ဝန်းများဖြင့် မတ်တတ်ထလာ၏။ ထို့နောက် သူသည် ပင်မခန်းမကြီးကို ကြည့်ရှုစစ်ဆေးကာ ဟိုဟိုသည်သည် တို့လိုက်ထိလိုက်လုပ်ရင်း အလွန်အင်မတန်မှ စိတ်ကျေနပ်နေတော့သည်။

” ငါ့ရဲ့ ရာထူးအဆင့်အတန်းက ပြောင်းလဲသွားပေမယ့် ကျင့်ကြံမှုအပိုင်းနဲ့ နတ်ဘုရားရတနာတွေ သန့်စင်တဲ့အပိုင်းမှာ ပိုပြီးတော့ ကြိုးစားဖို့ လိုသေးတယ် ”
ဝမ်ပေါင်လဲ့မှာ ကျေနပ်အားရစွာဖြင့် သက်တောင့်သက်သာရှိသော ထိုင်ခုံဆီသို့ ပြန်သွားလိုက်ပြီး မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူကာ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေလိုက်တော့သည်။ သူသည် ထိုသို့မုန့်စားနေရင်း ရှေ့ဆက်လျှောက်ရမည့်လမ်းကို တွေးတောသုံးသပ်နေ၏။

” ငါက အာနာပါန စတုတ္ထအဆင့်မှာ ရောက်နေပြီ။ အခုကစပြီးတော့ အာနာပါန ထိပ်ဆုံးအဆင့်ထိ ရောက်အောင်လို့ ပိုပြီးတော့ကြိုးစားမှဖြစ်မယ်။ အဲ့အဆင့်အထိ ရောက်ပြီးရင် အခြေတည်အဆင့်အတွက် ပြင်ဆင်နိုင်ပြီ ”
ဝမ်ပေါင်လဲ့မှာ ခံတပ်ထဲရှိ တိုက်ပွဲကြီးထဲတွင် အခြေတည်အဆင့်ကျင့်ကြံသူများ ထုတ်ပြခဲ့သော အစွမ်းများ အကြောင်းကို ပြန်၍တွေးမိလိုက်‌သောအခါ သူ၏ နှလုံးသားထဲတွင် လိုအင်ဆန္ဒများဖြင့် ပြည့်နှက်သွား၏။

” ငါ နတ်ဘုရားရတနာတွေ သန့်စင်တာကိုလည်း မေ့ထားလို့မဖြစ်ဘူး။ စတုတ္ထအဆင့် နတ်ဘုရားရတနာ‌တွေနဲ့ ပတ်သက်ပြီးတော့ လေ့လာဖို့လိုတယ် ”

” ပြီးတော့ ငါ့မှာ နဂါးသွားကို ဖန်တီးဖို့အတွက် လိုအပ်တဲ့ပစ္စည်း အလုံအလောက် ရှိလောက်ပြီ။ အဲ့နဂါးသွားကို ဖန်တီးပြီးလို့ စတုတ္ထအဆင့် နတ်ဘုရားရတနာအဆင့်ထိ ရောက်သွားမယ်ဆိုရင် သူ့ရဲ့ အစွမ်းက တော်တော်လေးကို ထက်လာမှာ။ ပြီးတော့ ဗိုလ်ချုပ်ကြီးကျိုး ငါ့ကို လက်ဆောင်ပေးမယ်လို့ ကတိပေးထားတဲ့ အမြုတေအဆင့် သားရဲကြီးရဲ့ သွားလည်း ရှိသေးတယ်။ အခုထိတော့ ငါ့ဆီ ရောက်မလာသေးဘူး။ သူ မေ့များမေ့သွားတာလား ”
ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို သတိရသွားသောအခါ ချက်ချင်းပင် ခါးမတ်သွား၏။ ထို့နောက် သူသည် လှမ်း၍ သတိပေးသင့်သလား၊ မပေးသင့်သလား တွေးတောကာ ဝေခွဲမရဖြစ်နေတော့သည်။

” ထားလိုက်ပါတော့ကွာ။ ဒီလိုကိစ္စတွေကို အလောတကြီးလုပ်တာ မကောင်းဘူး။ နည်းနည်းလေးထပ်ပြီးတော့ စောင့်လိုက်တာပေါ့။ အဲဒီလိုစောင့်ပြီးတော့မှ ဘာမှရောက်မလာဘူးဆိုရင် ခံတပ်ကို သွားလည်ဖို့ ဆင်ခြေတစ်ခုခု ရှာလိုက်မယ် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် အဓိကအဖွဲ့ခေါင်းဆောင် လေးယောက်ကို ထပ်၍ စုဝေးခိုင်းလိုက်၏။ ထို့နောက် သူတို့အား ရိုးရှင်းသော ညွှန်ကြားချက်အချို့ ပေးလိုက်ပြီး ကျောင်းစီမံရေးဌာနမှ ထွက်ခွာလာ‌တော့သည်။ သူသည် သူ၏ နတ်ဝိဇ္ဇာဂူထဲသို့ ပြန်ရောက်သွားသောအခါ ကျင့်ကြံခြင်းကို စတင်လိုက်၏။

အချိန်များ တရွေ့ရွေ့နှင့် ကုန်ဆုံးသွားပြီး အရာအားလုံးမှာ ချောချောမွေမွေ့နှင့် ပြီးဆုံးသွား၏။ နှစ်ပတ်အကြာတွင် ဝမ်ပေါင်လဲ့မှာ နဂါးသွားကို အောင်မြင်စွာ ဖန်တီးနိုင်သွား၏။

သူသည် သူ၏ရှေ့တွင်ရှိနေသော တောင်ဝှေးနှင့်တူသည့် နတ်ဘုရားရတနာကို အကဲခတ်လေ့လာနေ၏။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ကျောင်းမှထွက်ခွာလာပြီး ထိုနတ်ဘုရားရတနာအား တောနက်ကြီးထဲတွင် စမ်းသပ်ကြည့်လိုက်သည်။ သူသည် ထို နတ်ဘုရားရတနာအား အသုံးပြုလိုက်ချိန်တွင် ထွက်ပေါ်လာသော ဝိညာဉ်အင်အားနှင့် အဖျက်စွမ်းအားတို့ကို အသေးစိတ် လေ့လာလိုက်သည်။ သူ့တွင် သားရဲဘုရင်တစ်ကောင်၏ သွားတစ်ချောင်း မရှိသည်မှာ နှမြောစရာ ကောင်းပါသော်လည်း ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ကျေနပ်နေဆဲပင်။

” သားရဲဘုရင်ရဲ့ သွား ငါ့ဆီ ရောက်လာတဲ့ အချိန်ကျမှ နည်းနည်းလေးထပ်ပြီးတော့ သန့်စင်လိုက်မယ်။ အဲဒါဆိုရင် ဒီရတနာရဲ့ အစွမ်းက သိသိသာသာ တက်လာလောက်တယ် ”

သူသည် ထိုနဂါးသွားကို ပျော်ရွှင်စွာ သိမ်းဆည်းလိုက်ပြီး သူ၏ ရေစက်ပုံစံ သင်္ဘောပျံကြီးပေါ်သို့ ပြန်တက်ကာ အဆင့်မြင့်ကျွန်းဆီသို့ ပြန်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့ အဆင့်မြင့်ကျွန်းထဲသို့ ပြန်ရောက်လာပြီး ဓမ္မလက်နက်အဆောင်အနီးသို့ ရောက်ရှိလာသောအခါ သူ့အား မြင်လိုက်ရသည့် လူတိုင်းနီးပါးမှာ သူ့အပေါ် အာရုံစိုက်လိုက်ကြပြီး အများစုမှာဆိုလျှင် လှမ်း၍ပင် နှုတ်ဆက်လိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာလည်း ပြုံးပြကာ ခေါင်းညိတ်ပြလိုက်ပြီး သူတို့အား ပြန်၍ နှုတ်ဆက်ရင်း စိတ်နှလုံး လှုပ်ရှားသွားရ၏။

သူ ကျောင်းစီမံရေးဌာနအောက်ရှိ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာခဲ့ပြီးနောက် သူ၏ ရာထူးအဆင့်အတန်းနှင့် လူအများ၏ သူ့အပေါ် ဆက်ဆံပုံမှာ ပြောင်းလဲသွားခဲ့သောကြောင့် သူသည် ပျော်ရွှင်ကျေနပ်နေရ၏။ အထူးသဖြင့် ကျောင်းသူများ၏ မျက်ဝန်းများထဲတွင်ဆိုလျှင် ညုတုတုအကြည့်များကို အတိုင်းသား မြင်နိုင်ပေသည်။

” ငါ အဆင့်နိမ့်ကျွန်းမှာတုန်းက လူတွေရဲ့ အာရုံစိုက်ခြင်းကိုခံခဲ့ရတဲ့ ခံစားချက်မျိုး ပြန်ရလာပြီပဲ။ ကျောင်းသူတွေကိုတော့ ငါ နားလည်ပါတယ်။ ငါ့လို ငယ်ရွယ်ချမ်းသာပြီး ရုပ်ရည်ချောမောတဲ့အပြင် ကြီးမားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေကိုပါ ပိုင်ဆိုင်ထားတဲ့ လူမျိုးက ရှာမှရှားပဲကိုးကွ ”

” တခြားတစ်ယောက်ယောက်သာဆိုရင် ဒေါင်းအမြီး ဖြန့်ပြနေသလိုမျိုး ဖြစ်နေမှာသေချာတယ်။ ငါ့လိုမျိုး လုံ့လဝီရိယ မရှိတဲ့အပြင် မောက်မာကြွားဝါနေမှာ အမှန်ပဲ ”
ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ဆိုလိုက်၏။ သူသည် သူ၏ နောက်ထပ် အားသာချက်တစ်ခုမှာ သူ့ကိုယ်သူ နှိမ့်ချနိုင်စွမ်းဖြစ်ကြောင်း သိလိုက်ရ၏။

သူသည် ထိုအတွေးများထဲတွင် နစ်မျောနေရင်း အရှိန်မြှင့်တင်ကာ နတ်ဝိဇ္ဇာဂူသို့ ပြန်ရန် ပြင်လိုက်စဉ်တွင် ခပ်လှမ်းလှမ်းရှိ ကောင်းကင်ယံထဲမှ သူ မှတ်မိနေဆဲဖြစ်သော မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးကို ရုတ်တရက်ဆိုသလို ကြားလိုက်ရသည်။ ထိုအော်သံကြီးကြောင့် သူသည် မျက်နှာအမူအရာ ပြောင်းလဲသွားရပြီး ခပ်လှမ်းလှမ်းမှနေ၍ သူ ရင်းရင်းနှီးနှီး သိနေသော အရိပ်ကြီးတစ်ခု သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာသည်ကို မြင်လိုက်ရ၏။

ထိုအရိပ်ကြီးမှာ စိန်လူဝံကြီးပင် ဖြစ်သည်။

၎င်းမှာ ဝမ်ပေါင်လဲ့အား အချိန်အတော်အတန်ကြာအောင် တိတ်တိတ်ကလေး ချောင်းနေခဲ့သည့်ပုံပင်။ ထို့ကြောင့် သူသည် သင်္ဘောပျံအား အသစ်လဲပြီးသွားသည့်တိုင်အောင် ထို စိန်လူဝံကြီးမှာ ဝမ်ပေါင်လဲ့အား ချက်ချင်းမှတ်မိနေဆဲပင်။ ၎င်းမှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ လက်ဝါးဖြင့် ထိုသင်္ဘောပျံကြီးအား လှမ်းရိုက်လိုက်၏။

” နောက်ထပ် ချုံခိုတိုက်ခိုက်မှုတစ်ခုပဲ ”
ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့သွားရသလို တစ်ပြိုင်နက်တည်းမှာပင် အမျက်ချောင်းချောင်းထွက်သွားရ၏။ ကံကောင်းစွာဖြင့် သူသည် စိန်လူဝံကြီး၏ ချုံခိုတိုက်ခိုက်မှု အကြိမ်ရေအနည်းငယ်ခန့်ကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ သူ၏ ပတ်ဝန်းကျင်ကို အမြဲတမ်း မျက်ခြည်မပြတ် အကဲခတ်နေတတ်သည့် အကျင့်ကောင်းတစ်ခုကို မွေးထားပြီးပြီ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အာနာပါန စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် သူ၏ တုံ့ပြန်နိုင်စွမ်းများမှာလည်း ပို၍ မြန်ဆန်လာပြီဖြစ်သည်။ စိန်လူဝံကြီး ဆန့်ထုတ်လိုက်သော လက်ဝါးမှာ သင်္ဘောပျံကြီး၏ ဘေးဘက်ကို ရှပ်ထိသွားပါသော်လည်း ဝမ်ပေါင်လဲ့မှာ အချိန်မီ ထိန်းချုပ်နိုင်လိုက်သဖြင့် ကြိမ်ဖန်များစွာ ဒလိမ့်ကောက်ကွေး ဖြစ်သွားရမည့် ကံမှ လွတ်မြောက်စွာ ရှောင်တိမ်းသွားနိုင်လိုက်သည်။ ဝမ်ပေါင်လဲ့မှာ ခက်ခက်ခဲခဲနှင့် သင်္ဘောပျံကြီးအား မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီးနောက် အပြင်သို့ပြေးထွက်လာပြီး ဒေါသထွက်နေသည့် အမူအရာဖြင့် ကောင်းကင်ပေါ်သို့ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။

ကောင်းကင်ယံထဲတွင်မူ စိန်လူဝံကြီးမှာ ဝမ်ပေါင်လဲ့၏ မြန်ဆန်သော တုံ့ပြန်မှုများကို မြင်လိုက်ရသဖြင့် အလွန်အင်မတန်မှ မကျေမချမ်းဖြစ်သွား၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား သွားဖြဲပြလိုက်ပြီး နောက်သို့လှည့်ကာ တင်ပါးများကို လှုပ်ယမ်းပြလိုက်၏။ ထို့နောက် ၎င်းမှာ အထင်သေးသော အမူအရာဖြင့် သားရဲမွေးမြူရေးအဆောင်ဆီသို့ ပျံသန်းသွားတော့သည်။

ဓမ္မလက်နက် ကျောင်းသားများစွာမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရ၏။ သူတို့၏ အထူးတဆန်းဖြစ်နေသော မျက်နှာအမူအရာများပေါ်တွင် လှောင်ပြောင်လိုသော အရိပ်အယောင်များကို ခပ်ရေးရေးခန့် မြင်နိုင်ပေသည်။ ထိုအကြောင်းကို မည်သူကမှ ပေါ်ပေါ်ထင်ထင် ဆွေးနွေးငြင်းခုံနေကြခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့နှင့် စိန်လူဝံကြီးကြားရှိ ဇာတ်လမ်းကို လူများစွာက မှတ်မိနေဆဲပင်။

ဝမ်ပေါင်လဲ့မှာ စိန်လူဝံကြီး သူ့အား အထင်သေးသော အကြည့်ဖြင့် ကြည့်သွားသည့် မျက်ဝန်းများကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်ပြီးနောက် သူ၏ ရှက်စရာကောင်းသော အဖြစ်အပျက်ကြီးကို ဘေးပတ်ပတ်လည်ရှိ လူများအားလုံးက မြင်သွားပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် ယခုလေးတင် အရှက်ခွဲခံလိုက်ရသည့် ဖြစ်ရပ်ကြီးနှင့် ယခင်တုန်းက အနိုင်ကျင့်ခံခဲ့ရသော ကိစ္စများကို ပြန်တွေးမိသွားသဖြင့် မျက်လုံးများ မှေးသွားတော့သည်။

” အရှက်မရှိတဲ့ မျောက်ကြီး။ ငါ့ရဲ့ အစွမ်းအစ အစစ်အမှန်ကို မင်း မြည်းစမ်းရမယ့်အချိန် ရောက်လာပြီကွ “

Comment

  1. Nuki Hiyaki says:

    ဒီဟာလဲတူတူပဲ

Leave a Reply

Options

not work with dark mode
Reset