ဆဋ္ဌမမြောက် ဗုံသံကြီး မြည်ဟည်းသွား၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ စုဝေးနေသော တုန်ခါနေသည့် စွမ်းအင်များမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍ မရနိုင်သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် သူ၏ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာ၏။
ထိုသွေးများမှာ အနက်ရောင်ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့သော အဆိပ်အတောက်များဖြင့် ပြည့်နှက်နေသည့်ပုံပင်။ ဝမ်ပေါင်လဲ့မှာ သွေးများအန်ထွက်လာပြီးနောက် တစ်ကိုယ်လုံး ပျော့ခွေသွားတော့မည့်အလား ခံစားလိုက်ရပြီး သူ၏အမြင်အာရုံထဲမှ အနက်ရောင် အစက်အပြောက်များမှာလည်း ပို၍ အရွယ်အစား ကြီးမားလာတော့သည်။
” ငါက သတိလစ်တဲ့အထိ ဗုံကိုတီးနေတာလားဟ ”
ဝမ်ပေါင်လဲ့မှာ နားများအူနေပြီး အသိစိတ် လုံးဝမရှိတော့သည့် အလားပင်။ သူ၏ ခေါင်းထဲ၌ ထိုအတွေးပေါ်လာသောအခါ သူ၏ခြေထောက်များမှာ အားအင်များကုန်ခမ်းကာ ပျော့ခွေသွားသဖြင့် ဒူးထောက်ကျသွားတော့သည်။ သူသည် သတိမေ့မြောသွားတော့မည့်အလား ဖြစ်နေ၏။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ထဲ၌ တစ်စုံတစ်ခု ကွဲအက်နေသည့်အသံကို ကြားလိုက်ရသည်ဟု ခံစားလိုက်ရတော့သည်။
သူ ထိုအသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် အာကောင်းသော ဝိညာဉ်ချီတစ်မျိုး ပေါ်ထွက်လာပြီး သူ၏ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွား၏။ ခန္ဓာကိုယ် အပြင်ဘက်တွင် တုန်ခါမှုများ ရှိနေဆဲဖြစ်ပြီး ခန္ဓာကိုယ်ထဲရှိ ထို ဝိညာဉ်ချီများမှာမူ ဝမ်ပေါင်လဲ့၏ ဝိညာဥ်သွေးကြောများဖြင့် တစ်သားတည်း ပေါင်းစည်းသွား၏။ ထိုအခိုက်အတန့်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ချက်ချင်းဆိုသလိုပင် သိသိသာသာ ထိုးတက်သွားတော့သည်။
ထိုကဲ့သို့ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားခြင်းကြောင့် သူသည် ယုံကြည်မှုများ ပြန်လည်ရှင်သန်လာ၏။ ထို့နောက် သူ၏ခန္ဓာကိုယ်အား ခါယမ်းလိုက်ပြီးနောက် အသိစိတ်ပြန်ဝင်လာအောင် ကြိုးစားလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ထဲ၌ ရှိနေသော သလင်းကျောက်မှာ တုန်ရီနေသောစွမ်းအင်များကို စုပ်ယူလိုက်ပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထို သလင်းကျောက်ပေါ်တွင် အက်ကွဲကြောင်းများပေါ်လာပြီး ၎င်းထဲမှ ဝိညာဥ်ချီ မရပ်မနား လွတ်ထွက်လာ၏။ အသက်ရှူကြိမ် အနည်းငယ်အတွင်း သူ၏ကျင့်ကြံခြင်းအဆင့်မှာ အာနာပါန တတိယအဆင့်၏ အောက်ဆုံးအဆင့်မှနေ၍ အများကြီးပို၍ မြင့်တက်သွားတော့သည်။
” ဒီလိုအကွက်မျိုးလည်း ရှိသေးတာပါလားဟ ”
ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး အသက်ရှူသံများ မြန်လာတော့သည်။ ဘေးပတ်ပတ်လည်မှ လူအုပ်ကြီးမှာမူ အုတ်အော်သောင်းနင်း ဖြစ်နေကြပြီဖြစ်သည်။
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က တော်တော်လေးကို ရက်စက်တာပဲဟ။ သွေးတွေအန်ထွက်လာတဲ့အထိကို ဗုံကိုတီးနေတာပဲလား ”
” ခြောက်ချက်တောင်…. ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ ဒါပေမဲ့ နောက်ဆုံးနှစ်ချက်မှာတုန်းက ဝမ်ပေါင်လဲ့ရဲ့ပုံစံက အရမ်းကြီးထူးဆန်းနေတယ်လို့ ဘာလို့ ငါက ခံစားနေရတာပါလိမ့် ”
” သူက မျက်လုံးတွေ မှိတ်ထားတဲ့အပြင် ဒူးထောက်ကျခါနီးအထိပါ ဖြစ်သွားတာလေ။ သူ သတိလစ်သွားခဲ့တယ်လို့ ဘာလို့ ငါက ထင်နေရတာလဲ ”
လူအုပ်မှာ ဆူညံပွက်လောရိုက်အောင် ဆွေးနွေးငြင်းခုံနေကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့် သိသိသာသာ မြင့်တက်သွားသည့်အချက်ကိုပါ သိလိုက်ရသောအခါ ထိုဆွေးနွေးငြင်းခုန်သံများမှာ လေမုန်တိုင်းကြီးတစ်ခုကဲ့သို့ ပို၍ပင် ကျယ်လောင်လာတော့သည်။
” ဘုရားရေ ”
” သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က တိုးတက်သွားတာလား။ သူ့ဆီကနေ ထွက်ပေါ်နေတဲ့ စွမ်းအင်တွေက ပုံမှန်နဲ့မတူတော့ဘူး ”
” ငါလည်း ခံစားမိတယ်။ ဝမ်ပေါင်လဲ့ရဲ့ ကျင့်ကြံခြင်းအဆင့်က စောစောတုန်းကနဲ့ ယှဉ်လိုက်မယ်ဆိုရင် ပိုမြင့်သွားပြီ ”
အပြင်အလှန် ဆွေးနွေးငြင်းခုံနေကြသည့် စကားသံများနှင့် အံ့ဩတုန်လှုပ်နေကြသည့် စကားသံများမှာ ကျယ်လာလိုက်၊ တိုးသွားလိုက်ဖြစ်နေ၏။ လင်းတျန်ဟောက်၊ အဆောင်မှူးနှင့် သူ့လက်ထောက်များ၏ အသက်ရှူနှုန်းများမှာလည်း မြန်ဆန်လာပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာမူ ပိုမိုဝင်းလက်လာ၏။ သူသည် မလုပ်မယှက် ရပ်နေရင်း သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားသည်ကို အာရုံခံမိလိုက်သောကြောင့် သူ၏ မျက်ဝန်းများမှာ စူးရှတောက်ပလာတော့သည်။
” ဝမ်ပေါင်လဲ့ဆိုတဲ့ ငါက ငါ့ဘဝတစ်လျှောက်လုံးမှာ ကလိမ်ကကျစ်ကျတာကို အမုန်းဆုံးပဲ။ ငါက ငါ့ရဲ့ စွမ်းအင်တွေကို အသုံးပြုပြီးတော့ ဗုံတီးနေတာကွ ”
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ကျိတ်၍ သူ့ကိုယ်သူ ကျေနပ်အားရနေ၏။ ငါးချက်တီးနိုင်ပါက မဟာအကြီးအကဲကြီးကို ဆင့်ခေါ်နိုင်သည်ဖြစ်ရာ ခြောက်ချက်ဆိုလျှင် မည်သူ့ကို ဆင့်ခေါ်နိုင်ပါမည်နည်း။ သို့သော် သူသည် ဘေးကင်းကင်းဆောင်ရွက်ရန် လိုအပ်ပေသည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ စတင်လည်ပတ်သွားပြီး သူ၏ခန္ဓာကိုယ်အား ထိန်းချုပ်၍ ဗုံတီးတုတ်ချောင်းကို ထပ်၍မြှောက်ကာ အကြီးအကဲဆင့်ခေါ်ဗုံကို ရိုက်ခတ်လိုက်ပြန်သည်။
သတ္တမမြောက် အချက်ပင်ဖြစ်သည်။
အုန်း… အသံအကျယ်ကြီးထွက်ပေါ်လာပါသော်လည်း ဘာမှဆက်ဖြစ်မသွားခဲ့ပေ။
” ကြည့်ရတာ ဒီလောက်နဲ့ မလောက်သေးဘူးထင်တယ် ”
ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ ခန္ဓာကိုယ်အတွင်းပိုင်းသာမက အပြင်ပိုင်းပါ တဆတ်ဆတ်တုန်ခါနေရပြီ ဖြစ်သည်။သို့သော် ထို တုန်ခါမှုများကို သလင်းကျောက်က စုပ်ယူလိုက်၏။ သူသည် မသေချာမရေရာဖြစ်ကာ စိုးရိမ်နေဆဲဖြစ်သောကြောင့် ဗုံကြီးကို ထပ်၍ တီးခတ်လိုက်ပြန်သည်။
အဋ္ဌမမြောက် အချက်ပင်ဖြစ်သည်။
” ဒီလောက်ဆိုရင် လုံလောက်ပြီထင်တယ်။ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကပါ ဖောက်ထွက်သွားနိုင်လောက်တယ် ”
ဝမ်ပေါင်လဲ့မှာ သူ၏ သလင်းကျောက်ထဲတွင် ရှိနေသော အက်ကွဲကြောင်းများမှာ ပို၍များပြားလာပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူသည် အချိန်အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များဖြင့် တောက်ပသွား၏။ ထို့ကြောင့် သူသည် မည်သူမည်ဝါအား ဆင့်ခေါ်နိုင်မည်ကို တွေးတောမနေတော့ဘဲ ထိုဗုံကြီးကိုထပ်၍ တီးခတ်လိုက်ပြန်သည်။
နဝမမြောက် အချက်….
ဒဿမမြောက်အချက်….
ဗုံသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။ လူအုပ်ထဲရှိ လူတိုင်းမှာလည်း ထိုမြင်ကွင်းကိုကြည့်ရင်း ဆွံ့အနေကြတော့သည်။ ဆွေးနွေးငြင်းခုန်သံများကိုလည်း မကြားရတော့ပေ။ ထိုအခိုက်အတန့်တွင် ရင်ပြင်ပေါ်ရှိ လူများအားလုံးမှာ တအံ့တဩနှင့်သာ စောင့်ကြည့်နေကြ၏။ လင်းတျန်ဟောက်ဖြစ်စေ၊ လက်ထောင်အဆောင်မှူးများဖြစ်စေ၊ အဆောင်မူးကိုယ်တိုင်ပင်ဖြစ်စေ သူတို့အားလုံးမှာ ကြက်သေသေနေကြပြီး ကယောင်ချောက်ချား ဖြစ်နေကြတော့သည်။
ဝမ်ပေါင်လဲ့ ဗုံကြီးကို တီးခတ်နိုင်ခဲ့သော အချက်ရေ ပမာဏမှာ စံချိန်အသစ်ဖြစ်သည်။ အထူးသဖြင့် သူသည် နောက်ဆုံးအချက်ရေအနည်းငယ်ကို ဆက်တိုက် တီးခတ်ခဲ့ခြင်းဖြစ်၏။ သူ၏ ခန္ဓာကိုယ် အနေအထားမှာမူ ထူးဆန်းနေ၏။ မည်သို့ပင်ဆိုစေကာမူ ဗုံသံများမှာ လေထဲတွင် ရှင်းလင်းပြတ်သားစွာ ပဲ့တင်ထပ်နေပြီဖြစ်သည်။
ထို့အပြင် ထိုမျှလောက်နှင့် ရပ်မသွားသေးပေ။
ဆယ့်တစ်ချက်မြောက်၊ ဆယ့်နှစ်ချက်မြောက်၊ ဆယ့်သုံးချက်မြောက် မြည်သံများမှာ ဆက်တိုက် ပေါ်ထွက်လာပြန်သည်။
လူတိုင်း အံ့ဩတုန်လှုပ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ဗုံကြီးအား ဆယ့်ခုနစ်ချက်မြောက်အထိ ရိုက်ခတ်လိုက်၏။ သူသည် ဆက်တီးချင်သေးပါသော်လည်း ဗုံတီးတုတ်ချောင်းမှာ မခံနိုင်တော့သောကြောင့် တစ်စစီ ကြေမွသွားတော့သည်။
ထိုမြင်ကွင်းကြောင့် ဆွံ့အနေကြသော လူအုပ်ကြီးထဲမှ လူပေါင်းများစွာမှာ လေသံတိုးတိုးနှင့် ရေရွှတ်လိုက်ရတော့သည်။
” တစ်စစီ ကြေမွသွားတာပါလား။ ဗုံတီးတုတ်ချောင်းတောင်မှ တစ်စစီ ကြေမွသွားတာပါလားဟ ”
” ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က လူဟန်ဆောင်ထားတဲ့ သားရဲကြီးတစ်ကောင်များ ဖြစ်နေမလား ”
လူအုပ်ကြီးမှာ ထိုကဲ့သို့ ဆွံ့အမှင်တက်နေကြစဉ် တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသော ဖြစ်ရပ်ကြီးတစ်ခု ထပ်၍ ဖြစ်သွားပြန်သည်။ ဗုံတီးတုတ်ချောင်း တစ်စစီကြေမွသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်ထဲရှိ သလင်းကျောက်၏ အပြင်လွှာ ကွဲအက်သွားသည်ကို အာရုံခံမိလိုက်၏။ ထို့ကြောင့် ဝိညာဉ်ချီအမြောက်အမြား ထိုးထွက်လာပြီး သူ၏ ခန္ဓာကိုယ်တခုလုံးထဲ၌ ပြည့်နှက်သွားတော့သည်။ ထို ဝိညာဉ်ချီများ သူ၏ ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားချိန်တွင် သူ၏ကျင့်ကြံခြင်းအဆင့်မှာလည်း ချက်ချင်းပင် ထိုးတက်သွားပြီး အာနာပါန တတိယအဆင့်မှ စတုတ္ထအဆင့်အထိ ဖောက်ထွက်သွားတော့သည်။
” ဘယ်လိုများတောင်…. သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဖောက်ထွက်သွားတာလားဟ ”
” ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲကွ ”
” ဝမ်ပေါင်လဲ့ ဖောက်ထွက်သွားတာကို ငါ စိတ်မဝင်စားဘူး။ ငါ သိချင်တာက ဗုံသံဆယ့်ခုနစ်ချက်က ဘယ်သူ့ကို ဆင့်ခေါ်မလဲဆိုတာကိုပဲ။ ဂြိုဟ်သားတစ်ကောင်ကိုများလား ”
လူအုပ်ကြီးမှာ အံ့ဩမှင်တက်နေရာမှ တဖြည်းဖြည်းနှင့် အသိစိတ်ပြန်ဝင်လာကြသဖြင့် ဆိတ်ငြိမ်မှုကြီးမှာ ပျောက်ကွယ်သွားပြီး ဆူညံပွက်လောရိုက်ကာ စကားသံမျိုးစုံ ပေါ်ထွက်လာကြတော့သည်။ လင်းတျန်ဟောက်မှာမူ မျက်နှာများ ဖြူဆုတ်နေပြီး အမြင်အာရုံများဝေဝါးကာ မြေကြီးပေါ်သို့ လဲမကျသွားအောင် မာန်တင်းထားရ၏။
အဆောင်မှူးနှင့် သူ၏လက်ထောက်များမှာဆိုလျှင် အသက်ပင် မှန်မှန် မရှူနိုင်တော့ပေ။ အထူးသဖြင့် အဆောင်မှူးမှာဆိုလျှင် ဝမ်ပေါင်လဲ့အား သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ စိုက်ကြည့်ကာ ဆွံ့အနေတော့သည်။ ဝမ်ပေါင်လဲ့မှာ ယခုလောက်အထိ လွန်လွန်ကျူးကျူး လုပ်လိုက်လိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ…
အကယ်၍ ယခုလို ဖြစ်သွားမည်ကိုသာ ကြိုသိထားပါက ဝမ်ပေါင်လဲ့အား နှိပ်ကွပ်လိုသော အတွေးများမှာ သူ၏ခေါင်းထဲ၌ လုံးဝပေါ်လာခဲ့မည်မဟုတ်ပေ။
” ဆယ့်ခုနစ်ချက်တောင်…. ဘယ်သူများ ရောက်လာမှာပါလိမ့် ”
အဆောင်မှူးမှာ နာကြည်းနေရပြီး စိတ်တထင့်ထင့်နှင့် ရေရွတ်မိလိုက်၏။
လူအုပ်ကြီးမှာ တအံ့တဩနှင့် ပင့်သက်များ ရှိုက်နေကြစဉ် ဝမ်ပေါင်လဲ့မှာ ကြေမွသွားသော ဗုံတီးတုတ်ချောင်းများကို နောင်တကြီးစွာကြည့်နေ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ သလင်းကျောက်မှာ အပြီးတိုင် ပျောက်ကွယ်သွားခြင်း မရှိသေးကြောင်းကို သူက အာရုံခံမိနေသည်။ ၎င်း၏ အပြင်ဘက်ဆုံးရှိ အလွှာတစ်ခုသာ ကွဲအက်သွားခဲ့ခြင်းဖြစ်သည်။ ထို သလင်းကျောက်လေးမှာ ကြက်ဥတစ်လုံး အရွယ်အစားမှ ငုံးဥတစ်လုံး အရွယ်အစားအထိ သေးငယ်သွားပြီ ဖြစ်သည်။
” ငါ ဆယ့်ခုနစ်ချက်အထိ တီးခဲ့တာဆိုတော့ တော်တော်လေးကို အရေးပါအရာရောက်တဲ့ လူတယောက်ကို ဆင့်ခေါ်နိုင်မှာပါ ”
ဝမ်ပေါင်လဲ့မှာ မျက်တောင်တဖျတ်ဖျတ် ခပ်ကာ တွေးလိုက်၏။ ထို့နောက် လူအုပ်ကြီးမှာ ကြက်သေသေနေရာမှ တဖြည်းဖြည်းနှင့် အသိစိတ်ပြန်ဝင်လာကြသည်ကို သူက သတိထားမိလိုက်သည်။ သူတို့၏ မျှော်လင့်တကြီးဖြစ်နေသော မျက်နှာမူအရာများမှာ သူ့ထက်ပင် ပို၍ စိတ်အားထက်သန်နေသည့်ပုံ ပေါက်နေသည်။
ထို့အပြင် သူသည် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသော လင်းတျန်ဟောက်နှင့် အဆောင်မှူးကိုလည်း မြင်လိုက်ရသောအခါ ပျော်ရွှင်သွားပြီး သူ၏ နှလုံးသားထဲတွင် ကျေနပ်အားရမှုများဖြင့် ပြည့်နှက်သွားတော့သည်။ တချိန်တည်းမှာပင် သူ၏ နှလုံးသားထဲ၌ သိချင်ဇောများဖြင့်လည်း ပြည့်နှက်နေ၏။
ထိုအချိန်တွင် ဓမ္မလက်နက်အဆောင်၏ အထက်ရှိ ကောင်းကင်ယံ၌ ရုတ်တရက်ဆိုသလို တိမ်တိုက်များ တလိပ်လိပ်ထလာပြီး မိုးကောင်းကင်ပေါ်မှနေ၍ ဖိအားပြင်းသော အငွေ့အသက်တစ်ခု မျက်စိတစ်မှိတ်အတွင်း ဆင်းသက်လာ၏။
ထိုအငွေ့အသက်မှာ အလွန်အင်မတန်မှ အားကောင်းပြီး အဆင့်မြင့်ကျွန်းတစ်ခုလုံးကို အုပ်မိုးသွား၏။ ၎င်းမှာ မိုးကောင်းကင်ကြီးကို ပြောင်းလဲပစ်နိုင်လောက်သည့် အဆင့်အထိ မရှိပါသော်လည်း ကျွန်းကြီးတစ်ကျွန်းလုံးကို တုန်ရီသွားစေ၏။ ထို့ကြောင့် အဆောင်အသီးသီးတွင် ရှိနေကြသော ကျောင်းသားများမှာ လိပ်ပြာလွင့်လုမတတ် အံ့အားသင့်သွားကြပြီး ခေါင်းများ မော့ကြည့်လိုက်ကြတော့သည်။
အထူးသဖြင့် ဓမ္မလက်နက်အဆောင်၏ အလယ်တောင်ထိပ်ရှိ လူအုပ်ကြီးမှာဆိုလျှင် အသက်ပြင်းပြင်းရှူလိုက်ကြပြီး ကောင်းကင်ကြီးအား စိုက်ကြည့်နေကြ၏။ လင်းတျန်ဟောက်မှာလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသော အမူအရာဖြင့် ခေါင်းမော့ကြည့်မိလိုက်၏။
လူအုပ်ထဲတွင်ရှိနေသည့် ချန်းယွီထုံကဲ့သို့သော လူအချို့မှာမူ မည်သူမည်ဝါ ပေါ်ထွက်လာနိုင်ကြောင်း ခန့်မှန်းထားပြီးသားဖြစ်သည်။ သူတို့မှာ ရင်တထိတ်ထိတ်နှင့် အသက်ရှူနေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်လောက်အောင်ဖြစ်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။ လက်ထောက်အဆောင်မှူးများကဲ့သို့ပင် သူတို့မှာလည်း တစ်စုံတစ်ခုကို တွေးမိလိုက်သည့်ပုံဖြင့် ခေါင်းမော့ကြည့်လိုက်ကြပြီးနောက် အသားများ တုန်ရီသွားကြတော့သည်။
အဆောင်မှူးမှာ မည်သူမည်ဝါ ရောက်ရှိလာကြောင်းကို ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။ သူသည် ခံစားချက်များ ရှုပ်ထွေးနေပြီး ချက်ချင်းပင် မျက်နှာဖြူဆုတ်သွား၏။ ကောင်ကင်ယံထဲရှိ တိမ်တိုက်များမှာ ချက်ချင်းပင်စုဝေးလာပြီး အဆင့်မြင့်ကျွန်းတစ်ကျွန်းလုံး ဆွံ့အမှင်တက်နေကြစဉ် ထိုတိမ်တိုက်များမှာ ဧရာမ မျက်နှာကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။
ထိုမျက်နာကြီးမှာ ကောင်းကင်ယံကြီး၏ တစ်ဝက်တိတိကို အုပ်မိုးထားပြီး ကြီးမားကျယ်ပြောလွန်းနေ၏။ ၎င်းမှာ ဖိနှိပ်အားကောင်းသော အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသောကြောင့် ၎င်းအား မြင်လိုက်ရသူတိုင်း အံ့ဩတုန်လှုပ်သွားကြပြီး ခံစားချက်မျိုးစုံဖြင့် ယောက်ယက်ခတ်သွားရသည်သာ ဖြစ်သည်။
ထိုဧရာမ မျက်နှာကြီးမှာ ၎င်း၏ရှေ့တွင်ရှိနေသော မြေပြင်ကြီးကို ကြည့်ရှုစစ်ဆေးနေသည့်အလား ဓမ္မလက်နက်အဆောင်ထဲရှိ အလယ်တောင်ထိပ်ပေါ်တွင် ရှိနေသော ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။
” ဂိုဏ်းစောင့်အကြီးအကဲကြီးကို ဂါရဝ ပြုပါတယ် ”
အဆောင်မှူးနှင့် သူ၏လက်ထောက်များမှာ ကြောက်ဒူးတုန်နေကြပြီး ဂိုဏ်းစောင့်အကြီးအကဲကြီးအား ရိုသေလေးစားမှုအပြည့်ဖြင့် နှုတ်ခွန်းဆက်သလိုက်ကြသည်။ ချန်းယွီထုံနှင့် အခြားသူများမှာလည်း မနည်းကြိုးစားကာ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ကြပြီး နှုတ်ခွန်းဆက်သလိုက်ကြ၏။
သူတို့၏ စကားသံများကို ဘေးပတ်ပတ်လည်တွေရှိနေသော ကျောင်းသားများက ကြားလိုက်ရ၏။ ထိုအခါ ဂိုဏ်းစောင့်အကြီးအကဲကြီးအကြောင်းကို ကြားသာကြားဖူးပြီး သူ့အား မမြင်ဖူးသော ကျောင်းသားများ၏ အမူအရာများမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။ သူတို့မှာ ချစ်ကြောက်ရိုသေမှုအပြည့်ဖြင့် တအံ့တြ နှုတ်ခွန်းဆက်သလိုက်ကြ၏။
ဓမ္မလက်နက်အဆောင် တစ်ခုတည်းသာ ထိုကဲ့သို့ ဖြစ်နေသည်မဟုတ်ပေ။ အဆင့်မြင့်ကျွန်း ပေါ်ရှိ အခြားအဆောင်များတွင်လည်း နှုတ်ခွန်းဆက်သသံများမှာ ဆူနာမီလှိုင်းလုံးကြီး တစ်ခုကဲ့သို့ လေးဘက်လေးတန်သို့ ရုတ်တရက်ဆိုသလို ပျံ့နှံ့သွားတော့သည်။
ကောင်းကင်လမ်းကျွမ်းပေါ်တွင်လည်း လူရိပ်အချို့ပေါ်လာ၏။ သူတို့မှာ အဆင့်မြင့်ကျွန်းအား လှမ်း၍ ငေးကြည့်နေကြသည်။ သူတို့ထဲတွင် အနီရောင်ဝတ်ရုံနှင့် လက်ထောက်ဂိုဏ်းချုပ်လည်း ပါ၏။ သူ၏ဘေးတွင်ရပ်နေသူမှာ သူနှင့် အသက်အတူတူဖြစ်ပြီး အဖြူရောင်ဝတ်ရုံရှည်တစ်ခုကို ဆင်မြန်းထားကာ နူးညံ့သိမ်မွေ့သော အငွေ့အသက်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ခပ်ရေးရေးခန့် မြင်နိုင်၏။
သူတို့နှစ်ယောက် ရပ်နေသည့်ပုံကိုကြည့်လျှင် အဖြူရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားသော သက်လတ်ပိုင်းလူကြီးမှာ ပို၍ရာထူးကြီးသည်ကို အထင်အရှား သိနိုင်ပေသည်။
” အဲဒါ ဟို ဝမ်ပေါင်လဲ့ဆိုတဲ့ ကောင်လေးပဲလား။ သူက တော်တော်ကိုကောင်းတဲ့ အခွင့်အရေးတွေကို ပိုင်ဆိုင်ထားတဲ့ပုံပဲကွ။ ဟို ဝိညာဉ်သွေးစက်ကြောင့် သူ ဗုံကို အချက်ရေ အများကြီး တီးနိုင်ပြီးတော့ ဂိုဏ်းစောင့်အကြီးအကဲကြီးကို ဆင့်ခေါ်နိုင်တာပဲ ဖြစ်ရမယ် ”
အဖြူရောင် ဝတ်ရုံရှည်နှင့် သက်လတ်ပိုင်းလူကြီးက ရယ်မောကာဆိုလိုက်၏။ သူ၏ဘေးတွင်ရှိနေသော အနီရောင်ဝတ်ရုံနှင့် ဒုဂိုဏ်းချုပ်ကလည်း ခေါင်းညိတ်လိုက်ပြီး ပြုံးကာ ဆိုလိုက်ပြန်သည်။
” ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်က မှန်လောက်တယ်။ အဲ့ဖက်တီးလေးက စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ ကျုပ်တောင် သူ့ကို တော်တော်သဘောကျနေတာ ”
ထို အဖြူရောင် ဝတ်ရုံရှည်နှင့် သက်လတ်ပိုင်းလူကြီးမှာ ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ဖြစ်သည်။ သူတို့နှစ်ယောက်မှာ ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေကြစဉ် ဓမ္မလက်နက်အဆောင်ထဲတွင်မူ ဝမ်ပေါင်လဲ့မှာ မျက်လုံးပြူးကြီးများဖြင့် ကောင်းကင်ကြီးကို စိုက်ကြည့်နေ၏။ သူသည် အလွန်အင်မတန်မှ အံ့ဩတုန်လှုပ်နေပြီ ဖြစ်သည်။
ကောင်းကင်ယံထဲရှိမျက်နှာကြီးမှာ သူ့အား မိုးကောင်းကင်ကြီး၏ တန်ခိုးအင်အားများနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားရအောင် လုပ်နေ၏။ သူသည် ကောင်းကင်ယံတွင် မိမိ၏မျက်နှာကို ဖန်တီးနိုင်စွမ်းရှိသော မန္တန်အမျိုးအစားကို အထင်ကြီးအံ့သြသွားရသလို အားကျစိတ်များဖြင့်လည်း ပြည့်နှက်သွား၏။
တချိန်တည်းမှာပင် သူသည် အနည်းငယ်ခန့် စိုးထိတ်သွားရ၏။ သူသည် ယခင်တုန်းက ဂိုဏ်းစောင့် အကြီးအကဲကြီး၏ တပည့်ဖြစ်သူအား သင်ခန်းစာပေးခဲ့သည်ကို ပြန်၍အမှတ်ရသွားသည်။ သူသည် ထိုကဲ့သို့ စိုးရိမ်တကြီး ဖြစ်နေသဖြင့် အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် အရဲစွန့်ကာ ရှေ့သို့လှမ်း၍ ညာလက်သီးပေါ် ဘယ်လက်သီးတင်လိုက်ပြီး နှုတ်ခွန်းဆက်သလိုက်တော့သည်။
” ဂိုဏ်းစောင့်အကြီးအကဲကြီးကို ကျနော်မျိုး နှုတ်ခွန်းဆက်သပါတယ် ”
” ဒါ ကျနော်မျိုးကိုယ်တိုင် ဒီဇိုင်းရေးဆွဲထားပြီးတော့ တီထွင်ဖန်တီးထားတဲ့ ပေါင်လဲ့အမြောက်ပါ။ ကျနော်မျိုးက ခံတပ်တွေမှာ တပ်ဆင်ထားတဲ့ မီးနတ်ဘုရားအမြောက်ကို ဉာဏ်ကွန့်ပြီးတော့ ဒါကို ဖန်တီးထားတာပါ။ ဓမ္မလက်နက်အဆောင်ရဲ့ အဆောင်မှူးက ဒီနတ်ဘုရားရတနာကို အသိအမှတ်မပြုတဲ့အပြင် သုံးစားလို့ပါ မရဘူးဆိုပြီး မှတ်ချက်ပေးခဲ့သေးတာပါ။ ကျနော်မျိုး အဲ့သုံးသပ်ချက်ကို လက်မခံနိုင်ပါဘူး… ”
” အဲဒီတော့ ဂိုဏ်းစောင့်အကြီးအကဲကြီးကိုယ်တိုင် ကျနော်မျိုးရဲ့ အမြောက်ကို စစ်ဆေးပြီးတော့ အကဲဖြတ်ပေးဖို့ တောင်းဆိုပါတယ် ”
ဝမ်ပေါင်လဲ့မှာ ပေါင်လဲ့အမြောက်အား လက်ညှိုးထိုးကာ ဝေ့လည်ကြောင်ပတ် လုပ်မနေဘဲ အသံအကျယ်ကြီးဖြင့် အလျင်အမြန် ရှင်ပြလိုက်၏။ သူ ထိုသို့ရှင်းပြပြီးသွားသောအခါ နောက်ထပ်တစ်ကြိမ် ညာလက်သီးပေါ် ဘယ်လက်ဝါး ပြန်တင်လိုက်ပြီး တရိုတသေ ဦးညွှတ်လိုက်ပြန်သည်။
ဝမ်ပေါင်လဲ့မှာ မည်မျှပင် စိုးရိမ်တကြီး ဖြစ်နေစေကာမူ အခွင့်အရေးရလျှင် လက်တုံ့ပြန်ရန် ဆုံးဖြတ်ထား၏။ ယခုမှာ လက်တုံ့ပြန်ဖို့အတွက် အသင့်တော်ဆုံးအချိန် ဖြစ်သည်။
ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးမှာ ဝမ်ပေါင်လဲ့၏ စကားများကြောင့် ကျိန်ဆဲမိလုနီးပါးဖြစ်သွား၏။ သူသည် မည်သည့်အချိန်တုန်းက ထိုအမြောက်အား သုံးစား၍မရဟု ပြောခဲ့ပါသနည်း။ ဝမ်ပေါင်လဲ့မှာ ရုပ်တည်ကြီးဖြင့် လိမ်ညာနေခြင်းဖြစ်ပေသည်။ သူ့အား အသရေဖျက်နေခြင်းသာ ဖြစ်သည်။
သူသည် ဝမ်ပေါင်လဲ့၏ တိုင်ကြားမှုကြောင့် အလွန်အင်မတန်မှ စိုးထိတ်သွားရ၏။ ထို့ကြောင့် သူသည် အရဲစွန့်၍ ရှင်းပြရန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ကောင်းကင်ယံထဲရှိ မျက်နှာကြီးမှာ လူအုပ်ကြီးထဲသို့ စူးရှစွာ ဝေ့ဝိုက်ကြည့်လိုက်သဖြင့် အဆောင်မှူးမှာ အသံထွက်မလာနိုင်တော့ပေ။ နောက်ဆုံးတွင် ထိုမျက်နှာကြီးမှာ ဝမ်ပေါင်လဲ့ ဖန်တီးသန့်စင်ထားသော ပေါင်လဲ့အမြောက်အား စိုက်ကြည့်နေလိုက်တော့သည်။
ထိုအခါ ဓမ္မလက်နက်အဆောင်တစ်ခုလုံး ရုတ်တရက်ဆိုသလို ငြိမ်ကျသွား၏။ လူတိုင်းမှာ အသက်ရှူရမည်ကိုေမ့ကာ တရိုတသေ စောင့်ကြည့်နေကြ၏။ အဆောင်မှူးနှင့် လက်ထောက်အဆောင်မှူးများမှာ စိုးရိမ်စိတ်များကြီးထွားလာသလို လင်းတျန်ဟောက်မှာလည်း မျက်နှာများ ဖြူဆုတ်နေပြီဖြစ်သည်။
ကောင်းကင်ယံထဲရှိ မျက်လုံးများမှာ ပေါင်လဲ့မြောက်ကို ထိုးဖောက်မြင်နိုင်စွမ်း ရှိကာ အမြောက်ကြီး၏ အတွင်းပိုင်း တည်ဆောက်ပုံများနှင့် ကမ္ဗည်းစာလုံးများကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်စွမ်းရှိနေသည့်ပုံပင်။ ထိုမျက်လုံးများမှာ ဝင်းလက်သွားပြီး အံ့အားသင့်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။ ထိုမျက်နှာကြီးမှာ ထိုအမြောက်အား အကဲခတ်ကာ ပို၍ အာရုံစိုက်ကာ ကြည့်ရှုလေ့လာလိုက်ပြီးနောက် အကြည့်လွှဲလိုက်၏။ ထို့နောက် ဂုဏ်သရေကြီးမြင့်ပြီး ဩဇာအပြည့်ပါသော အသံကြီးတစ်သံ အဆင့်မြင့်ကျွန်းတစ်ကျွန်းလုံးပေါ်တွင် ပဲ့တင်ထပ်သွားတော့သည်။
” သိပ်တော်တယ် “
ဒါကောပဲ
Everything is for the best