အကြီးအကဲဆင့်ခေါ်ဗုံ၊
စည်းမျဉ်းစည်းကမ်းများအရဆိုလျှင် ဓမ္မလက်နက်စစ်သည်များသာ ထိုဗုံကို တီးခတ်ခွင့်ရှိသည်။ ဝမ်ပေါင်လဲ့မှာ ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်နေပြီဖြစ်ရာ ထိုဗုံကို တီးခတ်ခွင့် ရှိပေသည်။
အမှန်တွင် ထိုဗုံကို ဓမ္မလက်နက်စစ်သည်များသာ တီးခတ်ခွင့်ရှိသည့် အကြောင်းအရင်းမှာ ထိုဗုံအား တီးခတ်ရမည့် တုတ်ချောင်းကို ထိုနေရာ၌ပင် ဖန်တီးရမည်ဖြစ်ပြီး ထိုတုတ်ချောင်းမှာ တတိယအဆင့် နတ်ဘုရားရတနာတစ်ခု ဖြစ်နေသောကြောင့်ပင်။
ဝမ်ပေါင်လဲ့သည်လည်း ထိုအရည်အချင်းများကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။
လူအုပ်ကြီးမှာ ဝမ်ပေါင်လဲ့တစ်ယောက် အကြီးအကဲဆင့်ခေါ်ဗုံဆီသို့ ပြေးသွားသည်ကို စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူတို့မှာ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး မျက်လုံးများပြူးကျယ်သွားကာ အံ့ဩမှင်တက်သွားကြတော့သည်။
” အကြီးအကဲဆင့်ခေါ်ဗုံဆီ သွားနေတာပါလား။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ဒီလောက်တောင် ယုံကြည်ချက် အပြည့် ရှိနေတာလား ”
” ဓမ္မလက်နက်စစ်သည်တိုင်းက ဘဝမှာ တစ်ကြိမ်ပဲ အဲ့ဗုံကို တီးခတ်ခွင့်ရှိတာလေ။ သူက သူဌေးဖြစ် ခွေးဖြစ် ပုံအောနေတာပဲဟ ”
” အကြီးအကဲဆင့်ခေါ်ဗုံကို တီးတဲ့လူမရှိတာ နှစ်ပေါင်းအနည်းငယ်တောင် ကြာသွားပြီ ”
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲနှင့် ဆွေးနွေးငြင်းခုံနေကြစဉ် အခြားစာမေးပွဲဖြေဆိုသူများမှာ ဆွံ့အနေကြပြီ ဖြစ်သည်။ လင်းတျန်ဟောက်မှာမူ ပင့်သက်ရှိုက်မိသွားပြီး စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။ သူ၏ စိတ်ထဲတွင်မူ ဝမ်ပေါင်လဲ့၏ နတ်ဘုရားရတနာမှာ သူ၏ နတ်ဘုရားရတနာထက် ပို၍သာလွန်နေကြောင်းကို သိထားပြီးသားဖြစ်သည်။
သို့သော် အဆောင်မှူးမှာ အမူအရာမပျက် ရှိနေသည်ကို မြင်လိုက်ရသဖြင့် သူသည် အံ့အားသင့်သွားရ၏။
ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးမှာ အမှန်တကယ်ပင် တည်ငြိမ်နေ၏။ ဝမ်ပေါင်လဲ့တစ်ယောက် အကြီးအကဲဆင့်ခေါ်ဗုံဆီသို့ ပြေးသွားသည်ကို သူသည် မတုန်မလှုပ် ကြည့်ရင်း စိတ်ထဲတွင်ကျိတ်၍ လှောင်ပြောင်နေလိုက်တော့သည်။
” ကလေးကလားတွေကွာ။ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ဗုံကို တီးနိုင်ရင်တောင် အကြီးအကဲကြီးတစ်ယောက်ကိုပဲ ဆင့်ခေါ်လို့ရမှာ။ ဓမ္မလက်နက်အဆောင်မှာ ရှိတဲ့ အကြီးအကဲကြီးလေးယောက်က တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး ရှိကြတဲ့ပုံ ပေါ်ပေမဲ့ တကယ်တမ်း သူတို့တွေအကုန်လုံးက မဟာအကြီးအကဲကြီးဆိုတဲ့ ရာထူးအတွက် ယှဉ်ပြိုင်နေကြတာ။ တစ်ယောက်ယောက်က ဒီအခွင့်အရေးကို သူတို့ကိုယ်ကျိုးအတွက်ပဲသုံးမှာ သေချာတယ် ‘
” သူက မဟာအကြီးအကဲကြီးကို ဆင့်ခေါ်နိုင်ရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ အခုလက်ရှိမှာက ဓမ္မလက်နက်အဆောင်မှာ မဟာအကြီးအကဲကြီးမှ မရှိဘဲကွ ”
အဆောင်မှူးမှာ လက်နှစ်ဖက်ကိုနောက်ပစ်ကာ ဝမ်ပေါင်လဲ့ အကြီးအကဲဆင့်ခေါ်ဗုံဆီသို့ ဦးတည်သွားသည်ကို တည်ငြိမ်စွာ စိုက်ကြည့်နေလိုက်တော့သည်။
ဝမ်ပေါင်လဲ့၏ နှလုံးသားထဲတွင်မူ အမုန်းမီးတောက်များ လောင်းကျွမ်းနေပြီဖြစ်သည်။ အဆောင်မှူးမှာ သူ့အား မကောင်းကြံနေခြင်းဖြစ်ကြောင်း သူက ယုံကြည်နေ၏။ သူတို့မှာ ယဉ်ယဉ်ကျေးကျေး ပြောဆိုဆက်ဆံနေ၍ မရတော့ကြောင်း သူက သိလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူသည် အဆင့်တစ်နေရာ မယူဘဲ လျှော့ပေးလျှင် လျှော့ပေး သို့မဟုတ် အဆောင်မှူး၏ နောက်ဆုံး ဆုံးဖြတ်ချက်ကို ဖျောက်ဖျက်နိုင်လောက်အောင် ရာထူးအာဏာကြီးမားသည့် လူတစ်ယောက်ကို ဆင့်ခေါ်ရန် လိုအပ်ပေသည်။
လူအုပ်ကြီးမှာ အကြီးအကဲဆင့်ခေါ်ဗုံရှေ့တွင် ရပ်နေသော ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။ သူသည် အသက်ပြင်းပြင်းရှူကာ အံကြိတ်လိုက်ပြီး ညာဘက်လက်ကိုမြှောက်၍ ဗုံပေါ်သို့ ဖိလိုက်၏။
ထိုအခါ အသံကျယ်ကြီးတစ်သံ မြည်ဟည်းသွားကာ မန္တန်လှိုင်းတစ်ခု ပျံ့ထွက်လာပြီးနောက် အကြီးအကဲဆင့်ခေါ်ဗုံကြီးမှာ ဖိနှိပ်အားကောင်းသော အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ဗုံကြီးထဲမှနေ၍ ပစ္စည်းများ ပျံထွက်လာပြီး ဝမ်ပေါင်လဲ့၏ရှေ့တွင် မျောလွင့်နေတော့သည်။
ထိုပစ္စည်းများထဲတွင် ဝိညာဉ်ကျောက်တုံးများ၊ ကမ္ဗည်းစားလုံးများနှင့် ဖန်တီးနိုင်မည့် နည်းလမ်းတို့ကို မှတ်တမ်းတင်ထားသော ကျောက်စိမ်းပေလွှာတစ်ခုအပြင် ကုန်ကြမ်းပစ္စည်းအမြောက်အမြားလည်း ပါဝင်နေ၏။
ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများမှာ အရောင်လက်သွားပြီး သူသည် ထိုကျောက်စိမ်းပေလွှာကိုကိုင်၍ ဝိညာဉ်ချီများ ထည့်သွင်းလိုက်သောအခါ သန့်စင်ခြင်းနည်းလမ်းမှာ သူ၏အတွေးထဲ၌ ချက်ချင်းပင်ပေါ်လာ၏။ ထို့နောက် သူသည် ညာဘက်ကို ဝှေ့ယမ်း၍ ဝိညာဉ်ကျောက်တုံးများကို လှမ်းယူလိုက်ပြီး ကမ္ဗည်းစာလုံးများကို စတင်ရေးထိုးလိုက်တော့သည်။
ဗုံတီးရမည့် တုတ်ချောင်းထဲတွင် ကမ္ဗည်းစာလုံးတစ်သိန်းခန့် ပါဝင်နေ၏။ ၎င်းမှာ နတ်ဘုရားရတနာတစ်ခု ဖြစ်ရာ ၎င်းအား ဖန်တီးနိုင်ရန်မှာ လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့အတွက်မူ ၎င်းမှာ ပါမွှားအဆင့်လောက်သာ ရှိပေသည်။ သူသည် လက်နှစ်ဖက်စလုံး အသုံးပြု၍ အလုပ်လုပ်နေပြီး သူ၏အတွေးထဲတွင် ပုံသေနည်းတွက်ချက်မှုများကိုပြုလုပ်ကာ ကမ္ဗည်းစာလုံးများကို ဝိညာဉ်ကျောက်တုံးပေါ်သို့ တစ်လုံးပြီးတစ်လုံး လျင်မြန်စွာ ရေးထိုးနေတော့သည်။
မန္တန်နှင့် ဝိညာဉ်ချီလှိုင်းများမှာ ဝမ်ပေါင်လဲ့အား ဝန်းရံထားကြပြီး ၎င်းတို့၏ကြားတွင် အလင်းကွက်များနှင့် အမှောင်ကွက်များဖြင့် ပြည့်နှက်နေကြ၏။ ထို့နောက် ကြည်လင်နေသော ကမ္ဗည်းစာလုံးများ ဖျတ်ခနဲ ပေါ်ပေါက်လာကြပြီး နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံးများနှင့် တစ်သားတည်း ပေါင်းစည်းသွားတော့သည်။
လူတိုင်းမှာ သူတို့၏ရှေ့မှ မြင်ကွင်းကို အာရုံအပြည့်စိုက်ထားကြ၏။ ဆွေးနွေးငြင်းခုံနေကြသော အသံများမှာ တိတ်ဆိတ်သွားကြပြီဖြစ်ပြီး လူအများစုမှာဆိုလျှင် ဝိညာဉ်ကွန်ရက်ပေါ်၌ ထိုအကြောင်းများကို ရေးသားနေကြပြီဖြစ်သည်။
” ဝမ်ပေါင်လဲ့က အကြီးအကဲဆင့်ခေါ်ဗုံ တုတ်ချောင်းကို ဖန်တီးနေတာဟာ ”
” အလယ်တောင်ထိပ်ကို မြန်မြန်လာကြဟေ့။ ပွဲကတော့ ကောင်းနေပြီ။ ဝမ်ပေါင်လဲ့နဲ့ အဆောင်မှူးတို့က ထိပ်တိုက်တွေ့နေကြတာ။ သူက အကြီးအကဲဆင့်ခေါ်ဗုံကို တီးတော့မှာကွ ”
ထိုသတင်းများမှာ တောမီးများကဲ့သို့ ပျံ့နှံ့သွားပြီး ထိုအကြောင်းကို ကြားလိုက်ရသူတိုင်း မယုံကြည်နိုင်လောက်အောင် အံ့ဩမှင်တက်သွားကြ၏။ ကျောင်းစီမံရေးဌာန၌ စီမံခန့်ခွဲရေး တာဝန်အချို့ကို ဆောင်ရွက်နေသော ချန်းယွီထုံမှာ ထိုကိစ္စကို အရင်ဆုံး သိရှိခဲ့သူများထဲမှ တစ်ယောက် ဖြစ်သည်။ သူသည် ချက်ချင်းပင် အလန့်တကြားဖြစ်သွားပြီး အလယ်တောင်ထိပ်သို့ ပြေးသွားလိုက်တော့သည်။
သူ့ကဲ့သို့ပင် ဓမ္မလက်နက်အဆောင်၏ အရပ်မျက်နှာ လေးဘက်စလုံးမှနေ၍ အလယ်တောင်ထိပ်ဆီသို့ ပြေးလာကြသည့် လူပေါင်းများစွာ ရှိနေပြီဖြစ်သည်။ ခဏအကြာတွင် သူတို့မှာ အလယ်တောင်ထိပ်သို့ ရောက်လာကြပြီး အကြီးအကဲဆင့်ခေါ်ဗုံရှေ့တွင် မတ်တတ်ရပ်နေသော ဝမ်ပေါင်လဲ့အား မြင်လိုက်ရ၏။ သူသည် ကမ္ဗည်းစာလုံးများကို အောင်မြင်ပြီးစီးစွာ ရေးထိုးလိုက်ပြီးနောက် ညာလက်ကို လေထဲသို့မြှောက်လိုက်သောအခါ သူ၏ လက်ဖဝါးထဲ၌ မီးတောက်တစ်ခု ပေါ်ပေါက်လာ၏။
ဝမ်ပေါင်လဲ့မှာ မီးမုန်တိုင်း လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကိုအသုံးပြုကာ ထိုပစ္စည်းများကိုပေါင်းစည်း၍ တုတ်ချောင်းကို ချက်ချင်းဖန်တီးတော့မည်ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်နေရသည့် ကျောင်းသားတိုင်းမှာ စိတ်နှလုံး တုန်လှုပ်ချောက်ချားနေရပြီ ဖြစ်သည်။ တအံ့တသြ ပင့်သက်ရှိုက်သံများနှင့် အားကျနေသော သက်ပြင်းချသံများမှာ လေထဲတွင် ပဲ့တင်ထပ်နေတော့သည်။
” မီးမုန်တိုင်းပါလား။ အဲဒါ သိပ်မကြာခင်တုန်းက ကျောင်းက ဝမ်ပေါင်လဲ့ကို ဆုချခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ပဲ ”
” အဲဒီ လျှို့ဝှက်ဆန်းကြယ် ပညာရပ်က အသက်အန္တရာယ်ပြုနိုင်စွမ်း ရှိတဲ့အပြင် ဓမ္မလက်နက် ကျင့်ကြံသူတွေနဲ့လည်း အရမ်းလိုက်ဖက်တယ်။ အဲဒီ ပညာရပ်နဲ့ဆိုရင် ဓမ္မလက်နက် ကျင့်ကြံသူတွေက အရည်ကျိုမီးဖိုမပါဘဲ အဆောင်တွေကို ဖန်တီးသန့်စင်နိုင်စွမ်း ရှိသွားမှာ ”
” ဘုရားရေ။ တော်တော်လေးကို မိုက်လှပါလားကွ ”
ဖန်တီးမှုလုပ်ငန်းစဉ်တစ်ခုလုံးမှာ အခက်အခဲမရှိ ချောချောမွေ့မွေ့ ပြီးဆုံးသွား၏။ ၎င်းမှာ ပြီးပြည့်စုံနေသလို အမှားအယွင်းလည်း လုံးဝမရှိပေ။ ဗုံတီးတုတ်ချောင်းအား ဖန်တီးမှုမှာ အနုပညာဖျော်ဖြေပွဲတစ်ခုကဲ့သို့ပင်။
လူအုပ်ကြီးမှာ ထိုမြင်ကွင်းကိုကြည့်နေရင်း ကြက်သေသေနေကြပြီဖြစ်သည်။ လင်းတျန်ဟောက်၏ မျက်လုံးများထဲတွင် မနာလိုစိတ်များ ထင်ဟပ်လာပြီး သူ၏အသက်ရှူနှုန်းများမှာလည်း ပုံမှန်အနေအထားတွင် ရှိမနေတော့ပေ။ အဆောင်မှူးမှာမူ သူငယ်အိမ်များ အနည်းငယ်ခန့် ကျဉ်းမြောင်းသွားရပါသော်လည်း သူ၏အမူအရာမှာ တည်ကြည်နေဆဲပင်။
လူအုပ်ကြီးမှာ လေသံတိုးတိုးဖြင့် ဆွေးနွေးငြင်းခုံနေကြစဉ် ခပ်လှမ်းလှမ်းမှနေ၍ လူများစွာ ပြေးလာကြ၏။ အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားပြီးနောက် တစ်နာရီတိတိ ကြာမြင့်သွားသောအခါ ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏လက်ဖဝါးထဲတွင်ရှိနေသော မီးတောက်များမှာ ပျံ့ထွက်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွား၏။ ထို့နောက် အစိမ်းရောင် ဗုံတီးတုတ်ချောင်းတစ်ချောင်း လူတိုင်း၏မျက်စိရှေ့တွင် ပေါ်လာတော့သည်။
ထို ဗုံတီးတုတ်ချောင်း၏ ပတ်ပတ်လည်တွင် ကြက်သွေးရောင် အမျှင်အတန်းများ ရစ်ပတ်နေဆဲဖြစ်ပါသော်လည်း ၎င်းတို့မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ၎င်းမှာ ယခုမှ အသစ်စက်စက် ဖန်တီးထားခြင်းဖြစ်ရာ ချစ်ချစ်တောက်ပူနေဆဲ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ထိုပူလောင်မှုကို လျစ်လျှူရှုလိုက်၏။ မီးမုန်တိုင်း လျှို့ဝှက်ဆန်းကြယ်ပညာရပ်မှာ သူ၏ အပူဒဏ်ခံနိုင်မှုကို မြှင့်တင်ပေးထားသည်။ သူသည် သူ၏ညာလက်ကို မြှောက်ကာ ထိုဗုံတီးတုတ်ချောင်းကို ဆုပ်ကိုင်၍ နောက်သို့လှည့်လာပြီး အဆောင်မှူးအား အေးစက်စက် စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် အကြည့်လွှဲလိုက်ပြီး ဗုံတီးတုတ်ချောင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အကြီးအကဲဆင့်ခေါ်ဗုံကြီးအား တီးခတ်လိုက်တော့သည်။
အုန်း….
ထိုဖြစ်စဉ်ကြီးတစ်ခုလုံးကို စောင့်ကြည့်နေသော လူအုပ်ကြီးမှာ ထိုအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သို့သော်လည်း ထို စစ်ပွဲသုံးဗုံကြီး မြည်ဟည်းသွားသောအခါ သူတို့အားလုံးမှာ လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားသွားကြ၏။ ဆူညံပွက်လောရိုက်နေသော ဆွေးနွေးငြင်းခုံသံများမှာလည်း ပျောက်ကွယ်သွားပြီး လူတိုင်း နားများ အူသွားရတော့သည်။
ထိုအသံကြီးမှာ ကျယ်လောင်လွန်းသောကြောင့် အလယ်တောင်ထိပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်ကာ ဓမ္မလက်နက်အဆောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေတော့သည်။
ထိုအသံထဲတွင် ဝမ်ပေါင်လဲ့၏ မကျေနပ်ချက်များနှင့် ဒေါသစိတ်များ ကိန်းအောင်းနေသည်ဟုပင် ထင်ရသည်။ သူသည် သူ၏ အမျက်ဒေါသအားလုံးကို ထို ရိုက်ချက်ထဲသို့ စုပြုံထည့်သွင်းလိုက်သကဲ့သို့ပင်။ ဓမ္မလက်နက်အဆောင် တစ်ခုလုံးမှာ တုန်ရီသွားရသဖြင့် ထိုအကြောင်းကို မသိသေးသော သူများမှာ သွေးပြတ်လုမတတ် တုန်လှုပ်ချောက်ချားသွားကြတော့သည်။
” ဘာတွေဖြစ်နေတာလဲ ”
” အဲဒါ ဘာအသံကြီးလဲဟ ”
ရုတ်တရက်ဆိုသလို လူရိပ်များစွာ ပြေးထွက်လာကြ၏။ သူတို့မှာ အနည်းငယ်ခန့် လိုက်လံမေးမြန်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့မှာ အကြီးအကဲဆင့်ခေါ်ဗုံကို တီးခတ်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့ ထိုကိစ္စနှင့်ပတ်သက်၍ ဆက်လက်မတွေးတောနိုင်ခင်မှာပင် ဒုတိယမြောက် ဗုံသံကြီး ထွက်ပေါ်လာပြန်သည်။
အုန်း…
ထို အသံကြီးမှာ ပထမဆုံး အသံထက်ပင် ပို၍ကျယ်လောင်နေ၏။ ၎င်း အရပ်မျက်နှာ အနှံ့သို့ ပျံ့နှံ့သွားသောအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ စတင်တုန်ရီလာပြီး သူ၏ အသက်ရှုနှုန်းများမှာလည်း မြန်ဆန်လာ၏။ နောက်ဆုံးတွင် သူသည် ထို အကြီးအကဲဆင့်ခေါ်ဗုံကြီးအား ငါးချက်ထက်ပို၍ တီးခတ်နိုင်ခဲ့သည့်သူ မရှိရသည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။ လူအများစုမှာ သုံးချက်လောက်သာ တီးခတ်နိုင်၏။
အကြီးအကဲဆင့်ခေါ်ဗုံကို တီးခတ်ရန်လိုအပ်သော နတ်ဘုရားရတနာအဆင့် ဗုံတီးတုတ်ချောင်းကို ဖန်တီးရန်မှာ ခက်ခဲပါသော်လည်း ၎င်းမှာ အခက်အခဲဆုံးအချက် မဟုတ်ပေ။ သဘောတရားအရဆိုလျှင် ဗုံတီးတုတ်ချောင်းကို ဖန်တီးနိုင်သည့်လူတိုင်း ဗုံကို ဆန္ဒရှိသလောက် တီးခတ်ခွင့် ရှိပေသည်။ လက်တွေ့တွင်မူ ထိုကဲ့သို့ တီးခတ်နိုင်သည့် အချက်ရေ ပမာဏမှာ မိမိ ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ပထမဆုံးအချက်ကို ရိုက်ခတ်လိုက်ပြီးနောက် ပြင်းထန်သော တန်ပြန်အားတစ်ခုကို ခံစားလိုက်ရ၏။ ၎င်းမှာ သူ၏ ဗုံတီးတုတ်ချောင်းများမှတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ခန္ဓာကိုယ်အနှံ့အပြားသို့ စီးဆင်းသွားသောကြောင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူသည် သူ၏အတွင်းကလီစာများကို ဖိညှစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အရိုးအဆစ်များ တုန်ရီကာ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်သွား၏။ သူ ထိုကဲ့သို့ တုန်ရီနေရင်း ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များ တစ်စစီ ကြေမွပျက်စီးသွားသည်ဟုပင် ခံစားလိုက်ရသည်။
ဒုတိယမြောက် ရိုက်ချက်မှ ထွက်ပေါ်လာသော တန်ပြန်အားမှာ ပို၍ပင်ပြင်းထန်နေ၏။ ၎င်းမှာ သူ့အား ပြန်ရိုက်ခတ်သွားချိန်တွင် ကြေမွပျက်စီးသွားခဲ့သော အဆိပ်အတောက်များမှာ သူ၏ ချွေးပေါက်များထဲမှ ထွက်လာ၏။
ထိုကဲ့သို့ ခန္ဓာကိုယ်အား သန့်စင်ပေးသည့် တုန်ခါမှုမျိုးမှာ ကျင့်ကြံသူတစ်ယောက်အတွက် အလွန်အင်မတန်မှ အကျိုးရှိပေသည်။ သို့သော် ခံစားရသော နာကျင်မှုမှာလည်း အလွန်တရာ ကြီးမား၏။ ဗုံကြီးကို ရိုက်ခတ်ပြီးတိုင်း ပြန်ထွက်လာသော တန်ပြန်အားမှာ ပို၍ အားကောင်းလာသည်သာ ဖြစ်သည်။ လူအများစုမှာဆိုလျှင် ထိုပြင်းအားကို တောင့်ခံနိုင်မည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ ထိုဗုံကြီးအား တတိယအကြိမ်မြောက် တီးခတ်လိုက်သဖြင့် သူ၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီသွား၏။ သူ၏ အမြင်အာရုံထဲတွင် အနက်ရောင် အစက်အပြောက်များ ပေါ်လာပြီး အားအင်များကုန်ခမ်းသွားသည့်အလား ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တုန်ခါလှိုင်းများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသောကြောင့် သူသည် စိတ်ရော ကိုယ်ပါ ဆက်၍ မတောင့်ခံနိုင်တော့သည့် အဆင့်သို့ ရောက်ရှိသွားတော့သည်။
” သုံးချက်နဲ့ဆိုရင် အကြီးအကဲကြီးတစ်ယောက်ကို ဆင့်ခေါ်လို့ရတယ်။ ဒါပေမဲ့ အဲ့လောက်နဲ့ မလောက်သေးဘူး။ ငါ ငါးချက်တိတိ ရိုက်ခတ်နိုင်လို့ မဟာအကြီးအကဲကြီးကို ဆင့်ခေါ်နိုင်ရင်တောင် လုံလောက်ဦးမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လက်ရှိမှာ ဓမ္မလက်နက်အဆောင်ရဲ့ မဟာအကြီးအကဲရာထူးက လစ်လပ်နေတာလေ။ အဲဒီတော့ ပိုပြီးအဆင့်မြင့်တဲ့လူကို ခေါ်နိုင်အောင် ဗုံကို ဆက်တီးနေဖို့လိုတယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ လေးလံနေ၏။ သူသည် လေသံတိုးတိုးဖြင့် အော်ဟစ်ညည်းတွားလိုက်ပြီး အစွမ်းကုန်ထုတ်ကာ ဗုံကြီးကို စတုတ္ထကြိမ်မြောက် ရိုက်ခတ်လိုက်တော့သည်။
အုန်း….
ထို စစ်ပွဲသုံဗုံကြီးမှာ တုန်ရီသွားပြီး ဗုံတီးတုတ်ချောင်းများမှာလည်း သူ၏လက်ထဲမှ လွတ်ကျလုနီးပါး ဖြစ်သွား၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာလည်း တုန်ရီသွားပြီး တွန့်လိမ်ကွေးကောက်သွား၏။ သူ၏မျက်နှာမှာလည်း ဖြူဆုတ်နေပြီ ဖြစ်သလို သူ၏ ခန္ဓာကိုယ်ထဲရှိ တုန်ခါမှုများမှာလည်း အဆပေါင်းများစွာ ပို၍ ပြင်းထန်နေပြီ ဖြစ်သည်။ သူသည် သူ၏ အရိုးများ၊ ဝိညာဉ်သွေးကြောများ၊ အသားများနှင့် သွေးများမှာ လေမုန်တိုင်းတစ်ခု၏ သန့်စင်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ထို့နောက် သူသည် မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်မှာလည်း ပြိုလဲကျလုမတတ် ဖြစ်နေပြီ ဖြစ်သည်။
လူအုပ်ကြီးမှာမူ အသက်အောင့်ထားကြ၏။ လူတိုင်း အံ့ဩမှင်တက်နေကြပြီး ပင့်သက်များရှိုက်နေကြတော့သည်။
” အဲဒါ စတုတ္ထမြောက် ရိုက်ချက်ပဲ။ နောက်တစ်ချက်သာဆိုရင် စံချိန်တင် ရိုက်ချက်ဖြစ်တဲ့ ပဉ္စမမြောက်ရိုက်ချက် ဖြစ်သွားတော့မှာ ”
လင်းတျန်ဟောက်မှာ ရင်တထိတ်ထိတ်နှင့် လေအေးများကို ရှူသွင်းလိုက်၏။ အဆောင်မှူးနှင့် သူ့လက်ထောက်များ၏ မျက်နှာအမူအရာများမှာလည်း ပုံစံအမျိုးမျိုးဖြင့် အံ့သြတုန်လှုပ်နေကြပြီဖြစ်သည်။ အထူးသဖြင့် ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးဆိုလျှင် မျက်မှောင်ကြုတ်နေ၏။ သူ၏မျက်ဝန်းများထဲတွင် အံ့အားသင့်နေသော အရိပ်အယောင်များကိုပင် ခပ်ရေးရေးခန့် မြင်နိုင်ပေသည်။
သို့သော် ဝမ်ပေါင်လဲ့မှာ ဂိတ်ဆုံးအနေအထားသို့ ရောက်နေပြီဖြစ်သည်။ သူသည် တဆက်ဆက် တုန်ရီနေသော လက်များမှာ ဗုံတီးတုတ်ချောင်းများ၏ အလေးချိန်ကိုပင် မနိုင်တော့ပေ။
” ငါ ဒီလောက်ပဲ ရတာလား။ ငါးချက်အထိ တီးနိုင်ခဲ့တဲ့လူက ဘယ်လိုများ လုပ်ခဲ့တာပါလိမ့်… ငါ သူ့ကို မရှုံးစေရဘူးကွာ ”
ဝမ်ပေါင်လဲ့မှာ အံကြိတ်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ ရုတ်တရက်ဆိုသလို အသက်ဝင်လာပြီး ၎င်း၏ စုပ်အားဖြင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ထိန်းချုပ်ကာ မဖြစ်နိုင်သော အရာကို ဆောင်ရွက်လိုက်တော့သည်။ သူ၏လက်မှာ ဗုံတီးတုတ်ချောင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍ စစ်ပွဲသုံးဗုံကြီးဆီသို့ လွှဲလိုက်ပြီး ၎င်းအား ထပ်၍ ရိုက်ခတ်လိုက်ပြန်သည်။
သူသည် ရုပ်သေးရုပ်တစ်ရုပ်နှင့် တူနေပြီး ဝါးမျိုခြင်းသစ်စေ့၏ စုပ်အားများမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဆွဲငင်ထားသော မျက်လုံးဖြင့်မမြင်ရသည့် ကြိုးများကဲ့သို့ပင်။ ထိုသို့ဖြင့် ပဉ္စမမြောက် ရိုက်ချက်ကြီး ဗုံပေါ်သို့ ကျဆင်းလာသဖြင့် အုန်းခနဲမြည်သံကြီး ထွက်ပေါ်လာတော့သည်။ ထိုအချိန်တွင် ကိုယ်ပျောက်ကြိုးများကဲ့သို့ ဖြစ်နေသော စုပ်အားများမှာ သူ၏ ခန္ဓာကိုယ်အား ထပ်၍ အားပါပါ ဆွဲငင်လိုက်သဖြင့် သူ၏အမြင်အာရုံများမှာ ဝေဝါးသွားရတော့သည်။ သူသည် ရီဝေဝေဖြစ်လာပြီး သတိမေ့မျောလုနီးပါး အနေအထားသို့ ရောက်နေပြီဖြစ်သည်။ ထိုအချိန်တွင် စုပ်အားများမှာ ရုန်းကန်ကာ ထပ်၍ ဆွဲငင်လိုက်သဖြင့် ဆဋ္ဌမမြောက် ရိုက်ချက်ကြီးမှာ ဗုံပေါ်သို့ ကျရောက်သွားတော့သည်။
ထိုဗုံသံကြီး မိုးကောင်းကင်ထဲ၌ ပဲ့တင်ထပ်သွားသောအခါ လူအုပ်ကြီးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားရတော့သည်။ လင်းတျန်ဟောက်မှာဆိုလျှင် နားထဲတွင် တဝီဝီမြည်သံများ မြည်နေသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာများဖြူဆုတ်ကာ နောက်ဘက်သို့ ဒယိမ်းဒယိုင် ဖြစ်သွား၏။
အဆောင်မှူးကြီး၏ မျက်နှာအမူအရာမှာမူ တစ်ခါမှ မမြင်ဖူးလောက်အောင် သုန်မှုန်နေပြီ ဖြစ်သည်။
Good
ဒါလဲဖတ်မရ ဝယ်တဲ့ခလုတ်လဲရှာမတွေ့