ထိုအမြောက် ပေါ်လာသောအခါ ၎င်း၏ ထူးဆန်းသောပုံပန်းသွင်ပြင်၊ မည်းနက်နေသော ကိုယ်ထည်နှင့် ချောက်ချားဖွယ်ရာ အငွေ့အသက်များကြောင့် လူအုပ်ကြီးမှာ အံ့ဩမှင်တက်သွားရပြီး မျက်စိများ ပြူးသွားကြတော့သည်။
ဓမ္မလက်နက်စစ်သည်စာမေးပွဲထဲတွင် မိမိကိုယ်တိုင် ဖန်တီးထားသော နတ်ဘုရားရတနာတစ်ခု ပေါ်မလာခဲ့သည်မှာ အင်မတန်မှ ကြာမြင့်နေပြီဖြစ်သည်။
နတ်ဘုရားရတနာအသစ်တစ်ခုကို တီထွင်ဖန်တီးရသည်မှာ အင်မတန်မှ ခက်ခဲ၏။ ထိုတီထွင်မှုအတွက် မှီငြမ်းကိုးကားစရာ လုံးဝမရှိသည် မဟုတ်ပါလော။ ထို့ကြောင့် မိမိကိုယ်ကိုယ် ယုံကြည်ချက် အပြည့်အဝမရှိပါက စာမေးပွဲထဲတွင် မိမိကိုယ်တိုင်ဖန်တီးထားသော နတ်ဘုရားရတနာကို ပြသရဲကြမည်မဟုတ်ပေ။
အဓိက စာမေးပွဲအတွက်ဖြစ်စေ၊ အသေးစား စာမေးပွဲအတွက်ဖြစ်စေ ယခင်က တင်ပြခဲ့ကြသော နတ်ဘုရားရတနာအားလုံးမှာ နတ်ဘုရားရတနာစာရင်းထဲတွင် စာရင်းပြုစုထားသည့် ရတနာများသာ ဖြစ်ကြသည်။ ၎င်းတို့၏ အခက်အခဲ အဆင့်အတန်းများကို ထိုစာရင်းထဲတွင် တိတိကျကျ ဖော်ပြထားပြီးသားဖြစ်သည်။ ဤ စာမေးပွဲအား လာရောက်ကြည့်ရှုကြသူများမှာ အဆောင်မှူးနှင့် လက်ထောက်အဆောင်မှူးတို့၏ မေးခွန်းများကို သိရှိလိုသောကြောင့် ဖြစ်သည်။ ထိုမေးခွန်း ဤစာမေးပွဲ၏ စိတ်ဝင်စားစရာအကောင်းဆုံး အခန်းကဏ္ဍဖြစ်ပြီး တိုင်းတာ၍မရနိုင်လောက်အောင် တန်ဖိုးကြီးမား၏။
ကံကောင်းပါက စာမေးပွဲဖြေဆိုသူများအနေဖြင့် သူတို့၏ ရတနာများအား ကိုယ်တိုင်ဖန်တီးပြသည်ကိုပင် တွေ့မြင်နိုင်သေးသည်။ ၎င်းမှာ သူတို့အတွက် ပိုမိုကြီးမားကောင်းမွန်သော အခွင့်အရေးကြီးတစ်ခုပင် ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့ ထုတ်ပြလိုက်သည့် နတ်ဘုရားရတနာမှာ ကိုယ်တိုင် ဖန်တီးထားသော ရတနာတစ်ခု ဖြစ်နေ၏။ ထိုကဲ့သို့သော ရတနာမျိုး၏ တန်ဖိုးနှင့် ၎င်း ကိုယ်စားပြုသော အဓိပ္ပါယ်မှာ အခြားရတနာများနှင့် အဆင့်အတန်း လုံးဝမတူတော့ပေ။
” သူကိုယ်တိုင် ဖန်တီးထားတဲ့လားဟ။ ဘယ်လိုတောင်လား….. ငါ မှတ်မိသလောက်ဆိုရင် လွန်ခဲ့တဲ့ဆယ်နှစ် အတွင်းမှာ ဒီစာမေးပွဲအတွက် ဖန်တီးမှုအသစ်တွေကို တင်ပြခဲ့တဲ့လူ တစ်ယောက်မှမရှိဘူး ”
” မဟာ့မဟာ ပေါင်လဲ့အမြောက်ဆိုပါလား။ နာမည်ကြီးက ထူးဆန်းလိုက်တာ။ ဒါပေမဲ့ အဲဒီ နတ်ဘုရားရတနာကြီးက ကြောက်ဖို့ကောင်းမယ့် ပုံပဲကွ ”
လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး စိတ်လှုပ်တရှားနှင့် မျှော်လင့်စောင့်ဆိုင်းနေချိန်တွင် လင်းတျန်ဟောက်နှင့် အခြားကျောင်းသားများမှာလည်း အံ့ဩတုန်လှုပ်သွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားရတနာကို အကဲခတ်နေကြတော့သည်။ အထူးသဖြင့် လင်းတျန်ဟောက်ဆိုလျှင် ရေခဲရေပုံးတစ်ပုံးဖြင့် လောင်းချထားခံလိုင်ရသည့်လား ဖြစ်သွားပြီး ခေါင်းထဲတွင် ထူပူသွားတော့သည်။
” နဂါးသွား မဟုတ်တာ ငါ မယုံနိုင်လောက်အောင်ပဲ ”
လင်းတျန်ဟောက်မှာ နာကျည်းမုန်းတီးစွာဖြင့် အံကြိတ်နေတော့သည်။ သူသည် ဝမ်ပေါင်လဲ့၏အမြောက်ကို စိုက်ကြည့်ရင်း အသက်ရှူသံများ မူမမှန်တော့ဘဲ ရင်ထဲတွင် စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ့အား လူတိုင်းက စိုက်ကြည့်နေကြကြောင်း သိလိုက်သဖြင့် ပေါင်လဲ့အမြောက်၏ အစွမ်းကို ကျေနပ်အားရသွားတော့သည်။ ထို့နောက် သူသည် ထိုခံစားချက်များကို လျစ်လျှူရှုထားလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အဆောင်မှူးအား အရိုအသေပေးလိုက်ပြီး ပေါင်လဲ့အမြောက်အား သူ၏ရှေ့သို့ တွန်းပို့လိုက်၏။
အဆောင်မှူးနှင့် သူ၏နောက်တွင်ရှိနေသော လက်ထောက်အဆောင်မှူး လေးယောက်စလုံး၏ မျက်နှာအမူအရာများမှာ တည်ကြည်ကာ အာရုံအပြည့်စိုက်ထားသည့်ပုံ ပေါက်နေကြသည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား စေ့စေ့စပ်စပ် ကြည့်ရှုအကဲခတ်နေကြ၏။ ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးမှာ ရှေ့သို့လှမ်းလာပြီး သူ၏ ဝိညာဉ်ချီများကို ထုတ်လွှတ်ကာ ပေါင်လဲ့အမြောက်အား ကြည့်ရှုစစ်ဆေးလိုက်၏။ သူ၏အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပါသော်လည်း သူ၏ နှလုံးသားထဲတွင်မူ ခံစားချက်မျိုးစုံ ထွက်ပေါ်လာပြီဖြစ်သည်။
သူ၏ ဓမ္မလက်နက်များနှင့် ပတ်သက်သော ကျွမ်းကျင်မှု အဆင့်အတန်းအရဆိုလျှင် တစ်ချက်မျှ ကြည့်လိုက်ရုံဖြင့် ထို နတ်ဘုရားရတနာမှာ မည်မျှခန့် တမူထူးခြားပြီး အံသြဖွယ်ရာကောင်းသည်ကို သိရှိနိုင်ပေသည်။ အကယ်၍ အခြား အခြေအနေတစ်ခုခုတွင်သာ ဆိုပါက သူသည် ဆက်လက်တွေးတောနေရန်ပင် လိုတော့မည်မဟုတ်ပေ။ မတူညီသော ရှုထောင့်တစ်ခုမှ ကြည့်လိုက်မည်ဆိုလျှင် ထို နတ်ဘုရားရတနာမှာ တတိယအဆင့်ကိုပင် ကျော်လွန်နေပြီဖြစ်ပြီး စတုတ္ထအဆင့် ရတနာတစ်ခုနှင့် ယှဉ်ပြိုင်နိုင်စွမ်းပင် ရှိနေပြီဖြစ်သည်။ ၎င်းမှာ ဤစာမေးပွဲထဲတွင် အခြားလူများ ပြသခဲ့သော နတ်ဘုရားရတနာအားလုံးထက် အဆပေါင်းများစွာ သာလွန်နေပြီဖြစ်သည်။
ဂြိုလ်တုပုလင်းပင်လျှင် ၎င်းအား ယှဉ်နိုင်မည်မဟုတ်ပေ။ ကမ္ဗည်းစာလုံး ရှုပ်ထွေးမှုအပိုင်းတွေဖြစ်စေ၊ ဆန်းသစ်တီထွင်နိုင်မှု အပိုင်းတွင်ဖြစ်စေ ထိုရတနာနှစ်ခုမှာ မတူညီသော အဆင့်အတန်းနှစ်ခုတွင် ရှိနေပြီဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ၎င်းကို သူကိုယ်တိုင် တီထွင်ဖန်တီးခဲ့သည် မဟုတ်ပါလော။
” နှစ်စဉ်နှစ်တိုင်းမှာ အဆင့်တစ် ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာရင် ရာထူးတိုးဖို့ပဲ ဦးစားပေးခံရတာ မဟုတ်ဘူး။ အနာဂတ်မှာ လက်ထောက်အဆောင်မှူးတစ်ယောက် ဖြစ်လာဖို့အတွက် အကဲဖြတ်ရတဲ့ အချိန်ကျရင် အဲ့အချက်ကို ထည့်သွင်းစဉ်းစားပေးဦးမှာ… ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်က ချန်းယွီထုံနဲ့ ရင်းနှီးနေတဲ့အပြင် သူတို့နှစ်ယောက်က စွန်းရိဖုန်းရဲ့ မျိုးနွယ်ထဲမှာ ရှိနေတာ အသေအချာပဲ။ အခုလက်ရှိမှာ စွန်းရိဖုန်းက မဟာအကြီးအကဲ ရာထူးအတွက် အကြီးအကဲလီနဲ့ ယှဉ်ပြိုင်နေတာ.. ”
ဓမ္မလက်နက်အဆောင်၏ အဆောင်မှူးမှာ မျက်လုံးများ မှေးသွား၏။ သူနှင့် စွန်းရိဖုန်းတို့မှာ မျိုးနွယ်မတူပေ။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် သူသည် အကြီးအကဲလီနှင့် မျိုးနွယ်အတူတူထဲတွင် ရှိနေသည်ဟု ဆိုနိုင်ပေသည်။
မဟာမအကြီးအကဲ ရာထူးကို အကြီးအကဲလီ ပိုင်ဆိုင်နိုင်မှသာ သူ့အတွက် အကျိုးအရှိဆုံးဖြစ်မည် ဖြစ်သည်။ စွန်းရိဖုန်း၏ တပည့်ဖြစ်သူ ချန်းယွီထုံမှာလည်း လက်ထောက်အဆောင်မှူးအဖြစ် ရာထူးတိုးရန် သေချာသလောက်ရှိနေပြီဖြစ်ရာ အကယ်၍ စွန်းရိဖုန်းသာ ဆက်၍ တန်ခိုးအာဏာ ကြီးထွားလာမည်ဆိုပါက သူသည် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရနိုင်ပေသည်။
ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား ဓမ္မလက်နက်စစ်သည်တစ်ယောက် ဖြစ်လာခွင့် ပေးနိုင်ပါသော်လည်း စွန်းရိဖုန်း၏ အုပ်စုထဲတွင် အဆင့်တစ် ဓမ္မလက်နက်စစ်သည်တစ်ယောက် ပေါ်ထွန်းလာခွင့် လုံးဝ မပေးနိုင်ပေ။
” ပြီးတော့ ဒီ ဝမ်ပေါင်လဲ့ဆိုတဲ့ကောင်ရဲ့ ဓမ္မလက်နက်စစ်သည်စာမေးပွဲ ရလဒ်တွေက တမူထူးခြားနေပြီးသား ဖြစ်နေတဲ့အပြင် သူ့ရဲ့မှတ်တမ်းမှတ်ရာတွေကလည်း အပြစ်ပြောစရာမရှိလောက်အောင် ကောင်းမွန်နေတာ။ တကယ်လို့ သူသာ အဆင့်တစ် ဓမ္မလက်နက်စစ်သည်ရာထူးကို ရသွားမယ်ဆိုရင် အနာဂတ်မှာ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အဆင့်တစ်ခုအထိရောက်သွားပြီး ဓမ္မလက်နက်ပညာရပ်တွေကိုလည်း အဆင့်အတန်းတစ်ခုအထိ ကျွမ်းကျင်တတ်မြောက်သွားတဲ့ အချိန်ကျရင် သူ့ရထားတဲ့ ဆုတံဆိပ်တွေနဲ့ အောင်မြင်မှုတွေကြောင့် သူက သေချာပေါက် လက်ထောက်အဆောင်မှူးတစ်ယောက် ဖြစ်လာမှာပဲ ”
ထို ဖြစ်ရပ်၏ နောက်တွင်လိုက်လာမည့် အကျိုးဆက်များမှာ ခရမ်းရောင် ဝတ်ရုံနှင့် သက်လတ်ပိုင်းလူကြီးဖြစ်သော အဆောင်မှူး၏ အတွေးထဲတွင် ပေါ်လာသဖြင့် သူ၏မျက်လုံးများမှာ ဖျတ်ခနဲလက်သွားရတော့သည်။ သူသည် ဝမ်ပေါင်လဲ့အား တတ်နိုင်သလောက် နှိပ်ကွပ်ထားမှ ရတော့မည် ဖြစ်သည်။
ဤ ကိစ္စကို သူစိတ်ကြိုက် စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိနေသည်မဟုတ်ပါလော။ ကကယ်၍ အပြင်လူ တစ်ယောက်ယောက်က တစ်ခုခုလွဲမှားနေကြောင်း သိနေလျှင်တောင် ဝင်ရောက်စွက်ဖက်ခွင့် ရှိမည်မဟုတ်ပေ။ လက်ရှိတွင် မဟာအကြီးအကဲကြီး၏ ရာထူးမှာ လစ်လပ်နေသေးသည် မဟုတ်ပါလော။
ထို့အပြင် သူသည် အဆောင်မှူးတစ်ယောက် ဖြစ်သောကြောင့် လုပ်ပိုင်ခွင့်အာဏာများကို အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားပေသည်။ အနာဂတ်တွင် တစ်ယောက်ယောက်က ဤကိစ္စအကြောင်း ထုတ်ပြောလျှင်တောင် ၎င်းမှာ အတိတ်တွင် ကျန်ရစ်ခဲ့သော ကိစ္စတစ်ခုသာ ဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့် ဘာမှဆက်လုပ်၍ ရမည်မဟုတ်ပေ။
အဆောင်မှူးမှာ ထိုသို့ ဆုံးဖြတ်ချက်ချပြီးလိုက်သည်နှင့် တစ်ပြိုင်နက် အမြောက်ကို ကြည့်ရှုစစ်ဆေးနေသော သူ၏ ဝိညာဉ်ချီများကို ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူသည် စကားတစ်ခွန်းမှမပြောဘဲ ထိုအမြောက်အား လက်ထောက်အဆောင်မှူးများဆီသို့ လှမ်းပေးလိုက်၏။
ထို လက်ထောက်အဆောင်မှူးလေးယောက်မှာလည်း တစ်ယောက်ပြီးတစ်ယောက် ကြည့်ရှုစစ်ဆေးလိုက်ကြသောအခါ သူတို့အားလုံး၏ မျက်နှာများပေါ်တွင် အံ့အားသင့်ကာ အံ့ဩတုန်လှုပ်သွားကြသည့် အရိပ်အယောင်များ ပေါ်ပေါက်လာကြသည်။ သူတို့မှာ အဆောင်မှူးနှင့် ဆွေးနွေးလိုက်ကြပြီးနောက် အဆောင်မှူးမှာ ဝမ်ပေါင်လဲ့အား ချက်ချင်းပင် စိုက်ကြည့်လိုက်၏။
” ဒီရတနာကို မင်းကိုယ်တိုင် တီထွင်ထားတာဆိုတော့ ဘာမေးခွန်းမှ ထပ်မေးနေဖို့မလိုပါဘူး။ ဝမ်ပေါင်လဲ့။ အခုချက်ချင်း ထပ်ပြီးတော့ ဖန်တီးပြပါ ”
ဝမ်ပေါင်လဲ့မှာ အဆောင်မှူးနှင့် လက်ထောက်အဆောင်မှူးများကို တချိန်လုံး အကဲခတ်နေခဲ့ပါသော်လည်း မည်သည့် အချက်ကိုမှ ကောက်ချက်မချနိုင်ခဲ့ပေ။ ယခုတွင် သူတို့၏ တောင်းဆိုချက်ကို ကြားလိုက်ရသော အခါတွင်လည်း သူတို့၏ အတွေးအမြင်များကို တပ်အပ် မပြောနိုင်သေးပေ။
ထိုကဲ့သို့သော တောင်းဆိုချက်မျိုးမှာ ကျိုးကြောင်းဆီလျော်မှု ရှိသည်မဟုတ်ပါလော။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခေါင်းညိတ်လိုက်ပြီး အသက်ရှူနှုန်းကို တည်ငြိမ်သွားအောင် ထိန်းသိမ်းလိုက်၏။ ထို့နောက် သူသည် အာရုံစူးစိုက်လိုက်ပြီး သူ၏ ဝိညာဉ်ကျောက်တုံးများကို ထုတ်ကာ သူတို့၏ရှေ့တွင် ချက်ချင်း ဖန်တီးသန့်စင်ပြလိုက်တော့သည်။ သူသည် ယခုလို ဖြစ်ရပ်မျိုးအတွက် ပြင်ဆင်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူသည် လျင်မြန်သွက်လက်စွာ ဖန်တီးနေရင်း အချိန်များ တရွေ့ရွေ့နှင့် ကုန်လွန်သွားပြီး နှစ်နာရီတိတိ ကုန်ဆုံးသွားတော့သည်။ မျက်ခြည်မပြတ် စောင့်ကြည့်နေကြပြီး တအံ့တဩ အော်ဟစ်နေကြသော လူအုပ်ကြီး၏ရှေ့တွင် ဝမ်ပေါင်လဲ့မှာ နတ်ဘုရားရတနာ တစ်ခုပြီးတစ်ခု ဖန်တီးနေတော့သည်။
နောက်ဆုံးတွင် သူသည် သူ၏လက်နှစ်ဖက်ဖြင့် ထို နတ်ဘုရားရတနာများကို အတူတကွ တပ်ဆင်လိုက်သောအခါ ဒုတိယမြောက် ပေါင်လဲ့အမြောက် ထွက်ပေါ်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ အသစ်စက်စက် ဖန်တီးထားသော ထို ပေါင်လဲ့အမြောက်ကို မြေကြီးပေါ်သို့ ချလိုက်သဖြင့် အသံအကျယ်ကြီး မြည်သွား၏။ ထို့နောက် သူသည် ခေါင်းမော့ကာ အဆောင်မှူးနှင့် လက်ထောက်အဆောင်မှူးတို့ကို ကြည့်လိုက်၏။ သူ၏ ပတ်ပတ်လည်တွင်မူ ပင့်သက်ရှိုက်သံများဖြင့် ပဲ့တင်ထပ်နေပြီဖြစ်သည်။ အဆောင်မှူးကမူ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါသော မျက်ဝန်းများဖြင့် အချိန်အကြာကြီး စိုက်ကြည့်နေလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
” မင်း ဓမ္မလက်နက်စစ်သည်စာမေးပွဲကို အောင်သွားပြီ။ မင်းရဲ့အဆင့်ကိုတော့ နောက်ဆုံးကျရင် ဆုံးဖြတ်ပေးမယ် ”
ဝမ်ပေါင်လဲ့မှာ သူ၏စကားများကို ကြားလိုက်ရသောအခါ စိတ်အေးသွားရပြီး သက်ပြင်းချကာ စိတ်လှုပ်တရှားနှင့် နောက်သို့ဆုတ်သွားတော့သည်။ သူသည် ဤစာမေးပွဲတွင် ပထမရနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။
လင်းတျန်ဟောက်၏ မျက်နှာအမူအရာမှာမူ အရုပ်ဆိုးနေပြီဖြစ်သည်။ သူသည် လက်သီးများကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး နှလုံးသားထဲတွင် မနာလိုစိတ်များနှင့် နာကျည်းမှုများဖြင့် ပြည့်နှက်နေတော့သည်။ ထို့နောက် ရီဝေဝေဖြစ်နေသည့် မျက်နှာထားဖြင့် မလှုပ်မယှက် ရပ်နေ၏။
ကျန်ရှိနေသေးသော စာမေးပွဲဖြေဆိုသူ အနည်းငယ်မှာလည်း သူတို့၏ နတ်ဘုရားရတနာများကို တစ်ယောက်ပြီးတစ်ယောက် လျင်မြန်စွာ ပြသလိုက်ကြပြီး အဆောင်မှူးနှင့် လက်ထောက်အဆောင်မှူးတို့ကလည်း ကြည့်ရှုစစ်ဆေးလိုက်ကြ၏။ နောက်ဆုံးတွင် သူတို့မှာ ဓမ္မလက်နက်စစ်သည်စာမေးပွဲ၏ နောက်ဆုံးအဆင့်ဖြစ်သော စိတ်ဝင်စားစရာအကောင်းဆုံးအခိုက်အတန့်သို့ ရောက်ရှိလာတော့သည်။ လူတိုင်းမှာ အဆောင်မှူးအား စိုက်ကြည့်နေကြပြီး ကြေညာချက်ကို စောင့်ဆိုင်းနေကြ၏။
ဝမ်ပေါင်လဲ့၊ လင်းတျန်ဟောက်နှင့် အခြား စာမေးပွဲဖြေဆိုသူများကလည်း ရင်တထိတ်ထိတ်နှင့် လှမ်းကြည့်နေကြ၏။ ဝမ်ပေါင်လဲ့မှာ ယုံကြည်ချက်အပြည့် ရှိနေသည့်တိုင်အောင် အဆင့်တစ်ရာထူးက သူ၏ လက်ချောင်းများကြားမှ လွတ်ထွက်သွားမည်ကို စိုးရိမ်နေဆဲပင်။
လူအုပ်ကြီးက ထိုကဲ့သို့ စိတ်လှုပ်တရှား စောင့်ကြည့်နေကြစဉ် အဆောင်မှူးမှာ လက်ထောက်အဆောင်မှူး လေးယောက်နှင့် တီးတိုးစကားပြောနေ၏။ လူအုပ်ကြီးမှာ သူတို့၏စကားသံများကို မကြားနိုင်ပါသော်လည်း အသက်ကြီးပိုင်း လက်ထောက်အဆောင်မှူးကြီးက စကားတစ်ခွန်းကို ကြားလိုက်ရပြီးနောက် ဒေါသထွက်သွားသည့် မြင်ကွင်းကို မြင်လိုက်ရသည်။ သူ၏ပုံစံမှာ မကျေမချမ်းဖြစ်နေသည့်ပုံ ပေါက်နေ၏။ အဆောင်မှူး၏ စိုက်ကြည့်ခြင်းကို ခံနေရသော အခြား လက်ထောက်အဆောင်မှူးမှာမူ လေသံတိုးတိုးဖြင့် ရေရွတ်နေကြ၏။ အနည်းငယ်ခန့် ကြာပြီးနောက် သူတို့မှာ သဘောတူညီချက်တစ်ခု ချမှတ်ပြီးသွားသည့်အလား ခေါင်းညိတ်လိုက်ကြ၏။
အသက်ကြီးပိုင်း လက်ထောက်အဆောင်မှူးမှာမူ သူ၏ အင်္ကျီလက်ကို ခါယမ်းလိုက်ပြီးနောက် အေးစက်စက် ကြိမ်းဝါးလိုက်၏။
” ဒီအဆင့်သတ်မှတ်ချက်တွေထဲမှာ ငါ့ရဲ့ သုံးသပ်ချက်တွေ မပါဘူး ”
သူသည် ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား တောင်းပန်သည့်အကြည့်ဖြင့် အကြာကြီး စိုက်ကြည့်ကာ နောက်သို့လှည့်၍ ထွက်ခွာသွားတော့သည်။
ထိုမြင်ကွင်းကြောင့် ပရိသတ်များမှာ အံ့ဩတုန်လှုပ်သွားရပြီး ဝမ်ပေါင်လဲ့မှာလည်း ခေတ္တမျှ နှလုံးခုန် ရပ်တန့်သွားရ၏။ တစ်ခုခု လွဲနေပြီဖြစ်ကြောင်း သူက ရိပ်မိလိုက်တော့သည်။ ထိုအကြီးအကဲကြီး၏ အကြည့်မှာ ခိုကိုးရာမဲ့ဖြစ်ကာ တောင်းပန်လိုသည့်ပုံ ပေါက်နေ၏။
ထို့ကြောင့် သူသည် ကြက်သီးမွေးညင်းများ ထသွားရတော့သည်။
” ဘာတွေဖြစ်နေတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ စိုးထိတ်သွား၏။ ထိုအချိန်တွင် အဆောင်မှူးမှာ စာမေးပွဲအဆင့်များကို ရင်ပြင်တစ်ခုလုံးထဲ၌ ပဲ့တင်ထပ်သွားအောင် အသံအကျယ်ကြီးဖြင့် ကြေညာလိုက်တော့သည်။
” ဒီ စာမေးပွဲမှာ လင်းတျန်ဟောက်က အဆင့်တစ် ရရှိသွားတယ်လို့ ဓမ္မလက်နက်အဆောင်က ဆုံးဖြတ်လိုက်ပါတယ် ”
” စာမေးပွဲကြီးပြီးဆုံးသွားပြီ ”
အဆောင်မှူးမှာ တည်ကြည်စွာ ဆိုလိုက်၏။ သူသည် ဝမ်ပေါင်လဲ့ကို တစ်ချက်ပင် မကြည့်ဘဲ ထိုသို့ကြေညာလိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။ လူအုပ်ကြီးမှာမူ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ ဆူညံပွက်လော ရိုက်သွားကြတော့သည်။
” တကယ်ကြီး လင်းတျန်ဟောက်က အဆင့်တစ် ရသွားတာလားဟ ”
” မဟုတ်သေးပါဘူး။ ဝမ်ပေါင်လဲ့ရဲ့ နတ်ဘုရားရတနာက သူ့ရဲ့ကိုယ်ပိုင် တီထွင်ဖန်တီးမှုလေ။ အဲဒါက ပိုသာရမှာကို ”
လူအုပ်ကြီးမှာ ဒေါသတကြီး ဆွေးနွေးငြင်းခုန်နေကြစဉ်တွင် လင်းတျန်ဟောက်မှာ ရုတ်တရက်ဆိုသလို အသားများတုန်ရီသွားပြီး သူ၏ မျက်ဝန်းများထဲတွင် အံ့အားသင့်ကာ ပျော်ရွှင်နေသော အရိပ်အယောင်များ ဖျတ်ခနဲလက်သွား၏။ သူသည် မျှော်လင့်ချက်အားလုံး စွန့်လွှတ်ခဲ့ပြီး ဖြစ်ပါသော်လည်း ပထမအဆင့် ရရှိသွားသည် မဟုတ်ပါလော။ ထိုအခိုက်တန့်တွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးထဲ၌ လျှပ်စီးကြောင်းတစ်ခု စီးဆင်းသွားသလို ခံစားလိုက်ရ၏။ သူ၏ ခေါင်းထဲ၌ ပထမဆုံးပေါ်လာသောအတွေးမှာ သူ၏ ဖခင်က နောက်ကွယ်၌ လှုပ်ရှားလိုက်ခြင်း ဖြစ်ရပေမည်ဟူသော အတွေးပင်ဖြစ်သည်။
” အဲ့လိုပဲဖြစ်ရမယ် ”
လင်းတျန်ဟောက်မှာ ရူးမတတ် ပျော်ရွှင်နေပြီး စိတ်ဓာတ်များတက်ကြွသွား၏။ ထို့ကြောင့် သူသည် ရှေ့သို့လှမ်းလာပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အော်ပြောလိုက်တော့သည်။
” ကျေးဇူးတင်ပါတယ် အဆောင်မှူး ”
လင်းတျန်ဟောက်မှာ ထိုကဲ့သို့ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား ခိုးကြည့်မိလိုက်၏။ သူသည် ဝမ်ပေါင်လဲ့၏ ရှံု့မဲ့နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ အတိုင်းမသိ ပျော်ရွှင်ကျေနပ်သွားသဖြင့် အသံအကျယ်ကြီး အော်ရယ်လုမတတ် ဖြစ်သွားရ၏။
ဝမ်ပေါင်လဲ့၏ မျက်နှာမှာ ချက်ချင်းပင် ရှုံ့မဲ့နေသည်။ သူသည် တစ်ယောက်တည်း ကျေနပ်နေသော လင်းတျန်ဟောက်အား လျစ်လျူရှုလိုက်ပြီး အဆောင်မှူးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူ၏မျက်လုံးများမှာ အေးစက်စွာ တောက်ပသွား၏။ အကယ်၍ အခြားတစ်ယောက်ယောက်သာဆိုလျှင် အဆောင်မှူး၏ ဆုံးဖြတ်ချက်ကို မကျေမနပ်နှင့် လက်ခံလိုက်မည်သာဖြစ်ပြီး ကိစ္စအားလုံး ပြီးဆုံးသွားသောအခါမှ အဖြေရှာရန် ကြိုးစားကြမည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ပုံမှန်အတိုင်းဆိုလျှင် ရွှင်ပြုံးနေသော မျက်နှာထားနှင့် ပျော်ပျော်ရွှင်ရွှင် ရှိနေတတ်ပါသော်လည်း အမှန်တွင်မူ သူသည် အင်မတန်မှ စိတ်ဆက်သူတစ်ယောက် ဖြစ်သည်။
သူ၏ ကူညီထောက်ပံ့မှုများနှင့် သူနှင့် အချိတ်အဆက်ရှိသော မိတ်ဆွေများအကြောင်းကို တွေးမိလိုက်တော့အခါ ပို၍ပင် ဆိုးသွား၏။ ထို့ကြောင့် သူသည် ‘ ခင်ဗျားက အဆောင်မှူးဆိုတော့ရော ကျုပ်က ဘာဂရုစိုက်ရမှာလဲ ‘ ဆိုသည့် အကြည့်မျိုးဖြင့် စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ ရှေ့သို့လှမ်းလာပြီး အသံအကျယ်ကြီး အော်ပြောလိုက်တော့သည်။
” အဆောင်မှူးရဲ့ သုံးသပ်ချက်က မျှတမှုမရှိပါဘူး ”
သူသည် ထိုသို့ဆိုလိုက်ပြီးနောက် လူအုပ်ကြီးဘက်သို့လှည့်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အရိုအသေပေးလိုက်၏။
” ဓမ္မလက်နက် မိတ်ဆွေရောင်းရင်းတို့ခင်ဗျား။ ကျနော်တို့အားလုံးက ဓမ္မအဆောင်တွေကို ကြိုက်နှစ်သက်ကြပြီးတော့ ကိုယ်ပိုင် ဓမ္မအဆောင်တွေကိုလည်း ဆန်းသစ်တီထွင်ဖူးကြမှာပါ။ ကျနော်တို့က အချိန်ကုန် လူပင်ပန်းခံပြီးတော့ ကြိုးစားခဲ့ကြရတယ်။ ကျင့်ကြံခြင်းကို တိုးတက်အောင်လုပ်နိုင်တဲ့ ဆေးလုံးတွေကိုဝယ်ရမယ့် ငွေတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ ပါဝင်ပစ္စည်းတွေကို ဝယ်ကြရတယ်။ တခြားဌာနက ကျောင်းသားတွေ လေ့ကျင့်ပြီးတော့ ကျင့်ကြံနေတဲ့အချိန်မှာ ကျနော်တို့က နတ်ဘုရားရတနာအသစ်တွေကို လေ့လာဖန်တီးကြရတယ်။ ကျနော်တို့တွေက ပင်ပန်းကြီးစွာအလုပ်လုပ်ပြီး နာကျင်မှုတွေကိုလည်း တောင့်ခံရသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တဲ့ နတ်ဘုရားရတနာတွေကို အဆောင်မှူးက ဂရုတောင်မစိုက်ဘဲ လျစ်လျူရှုလိုက်ရတယ်လို့ဗျာ။ ဒီနေ့ချက်ချင်း ရှင်းပြချက် ကောင်းကောင်းတစ်ခု မပေးနိုင်ဘူးဆိုရင် ဝမ်ပေါင်လဲ့ဆိုတဲ့ ကျနော်က အသက်ပဲ အသေခံလိုက်တော့မယ် ”
ဝမ်ပေါင်လဲ့၏ စကားလုံးများမှာ လူအုပ်ကြီး၏ နှလုံးသားများကို ချက်ချင်းပင်ရိုက်ခတ်သွား၏။ အစတုန်းက တီးတိုးပြောဆိုနေကြသော ဆွေးနွေးငြင်းခုန်သံများမှာ တဖြည်းဖြည်းနှင့် ကျယ်လောင်လာကြတော့သည်။
အဆောင်မှူးမှာ မျက်နှာအမူအရာ ပျက်သွား၏။ အကယ်၍ ဝမ်ပေါင်လဲ့မှာ အကဲဖြတ်မှုရလဒ်ကို လက်မခံကြောင်းသာ ဆိုခဲ့မည်ဆိုပါက သူသည် ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်မည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ယခုကဲ့သို့သော ကိစ္စများနှင့်ပတ်သတ်လာလျှင် အတွေ့အကြုံ ရင့်သန်နေပြီဖြစ်သည်။ သူသည် တရားမျှတမှုမရှိကြောင်း ကန့်ကွက်လိုက်ရုံသာမက လူအုပ်ကြီးကိုပါ ဒေါသထွက်အောင် ဆွပေးလိုက်နိုင်၏။ ထို့ကြောင့် အဆောင်မှူးမှာ ဖြေရှင်းချက်မထုတ်ဘဲ ထွက်ခွာသွားရန် မဖြစ်နိုင်တော့ပေ။
သူကိုယ်တိုင်ကလည်း အဆောင်မှူးရာထူးအထိ တက်လှမ်းနိုင်ခဲ့သူတစ်ယောက်ဖြစ်ရာ စဉ်းစားဉာဏ်မရှိသော လူတစ်ယောက်တော့ မဖြစ်နိုင်ပေ။ သူသည် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်ရာ ထိုကဲ့သို့ ချမှတ်ရဲရသည့် အကြောင်းပြချက်ရှိရပေမည်။ ထို့ကြောင့် သူသည် ခေါင်းလှည့်ကြည့်ကာ တည်ကြည်စွာ ဆိုလိုက်၏။
” မင်းကိုယ်တိုင်တီထွင်းထားတဲ့ ဒီ နတ်ဘုရားရတနာရဲ့ ကမ္ဗည်းစာလုံးတွေနဲ့ တည်ဆောက်ပုံတွေကို အကဲဖြတ်ပေးဖို့ ငါတို့ဆီမှာ ကိုးကားစရာ မရှိဘူး။ ပြီးတော့ ဒီ နတ်ဘုရားရတနာက သက်တမ်းလည်း ရင့်သေးတာ မဟုတ်ဘူးလေ။ ဒီတော့ ဒီအမြောက်က တမူထူးခြားတဲ့ ရတနာတစ်ခု ဖြစ်နေနိုင်သလို ကြီးမားတဲ့ အပြစ်အနာအဆာတွေလည်း ရှိရင်ရှိနေနိုင်တယ်။ အဲဒါကြောင့် တိတိကျကျ အကဲဖြတ်ပေးဖို့က ခက်တယ်ကွ ”
” အဆောင်မှူးတစ်ယောက်အနေနဲ့ ငါ့ရဲ့လုပ်ရပ်တွေက ချို့ယွင်းချက် ကင်းနေမှဖြစ်မယ်လေ။ မင်းကို ဓမ္မလက်နက်စစ်သည်စာမေးပွဲ အောင်ခွင့် ပေးနိုင်ပေမယ့် အဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်ရင်ကတော့ လင်းတျန်ဟောက်ရဲ့ ဂြိုလ်တုပုလင်းက ပိုပြီးတော့ ယုံကြည်ရတဲ့ ရတနာတစ်ခုဖြစ်ပြီး ပိုပြီးတော့ ဘေးကင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်တယ်လို့ ငါထင်တယ်။ ဒါကြောင့် သူက အဆင့်တစ် ရတာပဲ ”
” ဝမ်ပေါင်လဲ့။ ငါ မင်း ဖန်တီးသန့်စင်ထားတဲ့ နတ်ဘုရားရတနာကို စမ်းသပ်ခိုင်းထားမယ်။ ဓမ္မလက်နက်အဆောင်က အဲ့အမြောက်ထဲမှာ အပြစ်အနာအဆာ တစ်ခုမှမတွေ့ဘူးဆိုရင် ပြန်ပြီးတော့ အကဲဖြတ်ခိုင်းဖို့ ငါ့ကို တောင်းဆိုလို့ရတယ် ”
အဆောင်မှူး၏ စကားများမှာ လူအချို့အတွက် မျှတမူရှိနေ၏။ ထို့ကြောင့် လူအုပ်ကြီးမှာ ပြန်၍ ငြိမ်ကျသွားပြီး တဖြည်းဖြည်းနှင့် နှစ်ဖွဲ့ကွဲသွားတော့သည်။
ဝမ်ပေါင်လဲ့မှာမူ အဆောင်မှူး၏ စကားကိုကြားလိုက်ရသောအခါ ဒေါသထောင်းခနဲထွက်သွားတော့သည်။ သူ၏စကားများမှာ ရုံးဆန်သော အသုံးအနှုန်းများ ဖြစ်နေ၏။ သူ ပြောသော စမ်းသပ်မှုများဆိုသည်မှာ ရက်ပေါင်းများစွာ၊ လပေါင်းများစွာတင် မဟုတ်ဘဲ နှစ်နှင့်ချီ၍ပါ ကြာမြင့်နိုင်သည် မဟုတ်ပါလော။ အချိန်အတိအကျကို ဆုံးဖြတ်နိုင်ရန်မှာ မဖြစ်နိုင်ပေ။
” ခင်ဗျားကြီးရဲ့ လုပ်ရပ်တွေက ချို့ယွင်းချက်ကင်းမှရမယ်ပေါ့ ဟုတ်လား။ ကောင်းပြီလေ။ အဲဒါဆိုလည်း ခင်ဗျားကို ချို့ယွင်းချက်ကင်းတဲ့ အဖြေတစ်ခုပေးဖို့ ကျုပ်က အခုချက်ချင်း စမ်းသပ်ပြရတာပေါ့။ လူတိုင်း ရှင်းရှင်းလင်းလင်း သိသွားအောင် ပြလိုက်ကြတာပေါ့ဗျာ ”
ဝမ်ပေါင်လဲ့မှာ ဒေါသစိတ်များဖြင့် ရယ်မောလိုက်ပြီး သူ၏မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွားတော့သည်။ ထို့နောက် သူသည် အော်ဟစ်လိုက်ပြီး နောက်သို့ချာကနဲလှည့်ကာ လူအုပ်ကြီး၏ရှေ့တွင် အကြီးအကဲဆင့်ခေါ်ဗုံဆီသို့ ပြေးသွားလိုက်တော့သည်။
ဖတ်မရပါဘူး ဝယ်ရမှာလား?